အခန်း (၅၇-၅၈)
Vol. 6 Ch. 57-58
အပိုင်း (၅၇) ဝိညာဉ်ကျောက်တုံး ၅ တုံး။
ကျန်လျူရှင်းသည်လည်း အလွန် စိတ်လှုပ်ရှားနေပြီ ဖြစ်သည်။
"ဒါဆိုရင်... ဒါဆိုရင် ဘယ်လို လုပ်ကြမလဲ။"
"ဆရာသခင် အဘိုးကြီးဆီက ခွင့်ပြုချက် တောင်းခံဖို့ပဲ ရှိတော့တာပေါ့။"
ဟုန်ရှောင်ပေါင်က ပြောလိုက်သည်။ "မဟုတ်ရင် ဆရာသခင်က ကျုပ်ခြေထောက်ကို တကယ် ရိုက်ချိုးပစ်လိမ့်မယ်။"
"ဆရာကြီးရဲ့ ဆရာသခင်ဆီက အကြောင်းပြန်ကြားချက် ရဖို့ ဘယ်လောက် ကြာမလဲ။"
ကျန်လျူရှင်းက ထပ်မေးလိုက်၏။ "ပြီးတော့... ခရစ်ပတန် ရွှေရောင် အဆိပ် အပြည့်အဝ ပျံ့နှံ့ဖို့ကရော ဘယ်လောက် လိုသေးလဲ။"
"အမြန်ဆုံး စာပို့သိမ်းငှက် နဲ့ ဆက်သွယ်ရင်တောင် အသွားအပြန် ခရီးက နှစ်လလောက် ကြာလိမ့်မယ်။"
ဟုန်ရှောင်ပေါင်က အားနာသလို မျက်နှာထားဖြင့် ပြောလိုက်သည်။ "အဲ... ခရစ်ပတန် အဆိပ် ပျံ့နှံ့ဖို့ကလည်း နှစ်လလောက်ပဲ လိုတော့တာ..."
"ဘာ... "
ကျန်လျူရှင်း မျက်နှာ ပျက်သွား၏။ အသွားအပြန် နှစ်လ ဆိုသည်မှာ အချိန်ပို လုံးဝ မရှိတော့သည့် သဘောပင်။ စာပို့သိမ်းငှက် ဆိုလျှင် သူ့ဖခင်အား အကောင်းဆုံးသော လေမိုးကြိုး ငှက် ကို အသုံးပြုခိုင်းနိုင်သည်။ ထိုသို့ဆိုလျှင် ရက် ၄၀ ခန့်နှင့် ပြီးစီးနိုင်သည်။
သို့သော်လည်း ဆေးမြစ် ရှာဖွေရမည့် အချိန်၊ ဆေးဖော်ရမည့် အချိန်များကို ပေါင်းထည့်လိုက်လျှင်... အချိန်က လောက်ငတော့မည် မဟုတ်ချေ။ ထို့အပြင် တတိယအဆင့် ဆေးမြစ် ဆိုသည်မှာ ဝယ်ယူရန် မလွယ်ကူပေ။ ဘဏ္ဍာတိုက်တွင် ရှိချင်မှ ရှိမည်။ မြို့ကြီးများသို့ သွားရောက် ရှာဖွေရဦးမည်။ ဆေးမဖော်လိုက်ရခင် သူ အသက်ထွက်သွားနိုင်သည် မဟုတ်ပါလား။
"လေမိုးကြိုးငှက် ကို သုံးရင် အသွားအပြန် ရက် ၂၀ လောက်ပဲ ကြာမယ်။ ဒါပေမဲ့ ဆေးမြစ်တွေ... မဖြစ်ဘူး... မဖြစ်ဘူး... အချိန် မလောက်တော့ဘူး "
ကျန်လျူရှင်းသည် ဂယောက်ဂယက် ဖြစ်နေပြီး တစ်ယောက်တည်း ရေရွတ်နေသည်။ ခဏကအြာမှ မျက်နှာ ဖြူလျော်လျော်ဖြင့် မေးလိုက်သည်။
"ဆရာကြီး... မရဘူးဗျ။ အချိန်က တကယ် မလောက်တော့ဘူး။ ဆရာကြီး အနေနဲ့ စည်းမျဉ်းလေး နည်းနည်းလောက် လျှော့ပေါ့ပြီး... ဆေးအရင် ဖော်ပေးလို့ မရဘူးလား။ ပြီးမှ ဆရာသခင်ကို ပြန်တင်ပြလိုက်ပါလားဗျာ။"
"မဖြစ်ဘူး "
ဟုန်ရှောင်ပေါင် မျက်နှာတွင် ကြောက်ရွံ့မှုများ ပေါ်လာသည်။ "ကျုပ် သေရင် သေပါစေ... ဆရာသခင်ရဲ့ ဆန္ဒကိုတော့ ဘယ်တော့မှ မလွန်ဆန်ရဲဘူး။"
"ဒါဆို ဘယ်လိုလုပ်မလဲ... ဘယ်လိုလုပ်မလဲ..." ကျန်လျူရှင်း ပိုမို ထိတ်လန့်လာပြီး မျက်နှာထားများပင် ရှုံ့မဲ့နေလေပြီ။
"ကျုပ်ဆီမှာ... ဆရာသခင် ပေးထားတဲ့ အသံလွှင့် ကျောက်စိမ်းပြား တစ်ခုတော့ ရှိတယ်။ မိုင်ပေါင်း ဆယ်ချီ၊ ရာချီ ဝေးတဲ့ နေရာကို စကားလှမ်းပြောလို့ ရတယ်။ ဒါပေမဲ့ တစ်ကြိမ်ပဲ သုံးလို့ ရမှာ။ ပြီးတော့ ဆရာသခင်က မှာထားတယ်... အဲဒါက အချိန်မရွေး ကျုပ်အသက်ကို ကယ်တင်နိုင်တယ် တဲ့..."
ဟုန်ရှောင်ပေါင်က အခက်တွေ့နေသောပုံစံဖြင့် ပြောလိုက်သည်။ "ဒါပေမဲ့ ဒီပစ္စည်းက ဆရာသခင်က အသက်ကယ်ဖို့ ပေးထားတာလေဗျာ..."
"အသံလွှင့် ကျောက်စိမ်းပြား ဟုတ်လား။ အသက်ကယ်နိုင်တယ် ဆိုတာ... ဖြစ်နိုင်ပါ့မလား။"
"အဲဒါ ဘာပစ္စည်းလဲ။"
"ငါတော့ ကြားဖူးသလိုပဲ။ စကားပြောလို့ ရတာတော့ သိတယ်။ ဒါပေမဲ့ ဒီအစ်ကိုကြီး ပြောတဲ့ အသက်ကယ်တယ် ဆိုတာ ဘာသဘောလဲ မသိဘူး။"
"ဒီဆိုင်ရှင်ရဲ့ ဆရာသခင်က နောက်ခံ အကြီးကြီး ဖြစ်ပုံရတယ်။ ကြည့်ရတာ ဒီတပည့်ကို သိပ်အထင်မကြီးပေမဲ့ တပည့်ရင်း ဖြစ်နေတော့ အသက်ကယ် ပစ္စည်းလောက်တော့ ပေးထားမှာပေါ့။ မဆန်းပါဘူး။"
သာမန်အချိန်ဆိုလျှင် ရုတ်တရက် ပေါ်ထွက်လာသော ဤလူငယ်လေးကို မည်သူမျှ ယုံကြည်မည် မဟုတ်ချေ။ သို့သော်လည်း ယနေ့ ဟုန်ရှောင်ပေါင်သည် လူနှစ်ယောက်၏ ရောဂါကို သူတို့ကိုယ်တိုင်ထက်ပင် ပိုမို တိကျစွာ ရောဂါရှာဖွေပြခဲ့သည် မဟုတ်ပါလား။
ဤဗဟုသုတများသည် ပထမအဆင့် သွေးလေအဆင့် သိုင်းသမား တစ်ယောက် သိရှိနိုင်သော အရာများ မဟုတ်ချေ။ ထို့ကြောင့် လူအများသည် ဟုန်ရှောင်ပေါင်၏ စကားကို ယုံကြည်နေကြပြီ ဖြစ်သည်။
ကျန်လျူရှင်း၏ မျက်နှာထား တည်ငြိမ်လေးနက်သွားသည်။ ခဏတာ တွေးတောပြီးနောက် ပြောလိုက်၏။
"ကောင်းပါပြီ... ကျုပ် နားလည်ပါပြီ။ ဒီကိစ္စကို အဖေနဲ့ တိုင်ပင်ပြီး ဆရာကြီးဆီ အမြန်ဆုံး အကြောင်းပြန်ပါ့မယ်။"
အသံလွှင့် ကျောက်စိမ်းပြား၏ တန်ဖိုးကို သူ အသိဆုံး ဖြစ်သည်။ ထို့အပြင် အသက်ကယ်နိုင်သည် ဆိုသော စွမ်းရည်ပါ ပါဝင်နေသည်ဆိုလျှင် တန်ဖိုး ဖြတ်၍ပင် ရမည် မဟုတ်ချေ။ တစ်ဖက်လူက သူ့ကို အလကား ပေးလိမ့်မည် မဟုတ်ကြောင်း သူ နားလည်သည်။ ထို့ကြောင့် ရိုသေစွာ နှုတ်ဆက်ပြီး ပြန်လည် ထွက်ခွာသွားလိုက်သည်။
ဟုန်ရှောင်ပေါင် စိတ်ထဲတွင် ကြိတ်ရယ်လိုက်သည်။ ဟုန်ဝမ်ချင်းသည် ဟုန်ရှောင်ပေါင်ကို အလွန် ချစ်ခင်သူ ဖြစ်သဖြင့် နန်းတော်ထဲတွင် ဟုန်ရှောင်ပေါင် မသိသော လျှို့ဝှက်ချက်ဟူ၍ မရှိသလောက်ပင်။ အသံလွှင့် ကျောက်စိမ်းပြား အကြောင်းကိုလည်း ဖခင်ဖြစ်သူထံမှ သိရှိခဲ့ခြင်း ဖြစ်၏။
နန်းတော်ထဲတွင် ထိုကျောက်စိမ်းပြားတစ်ခု ရှိပြီး ဟုန်မိသားစု အန္တရာယ် ကြုံတွေ့လာပါက ညှစ်ခွဲလိုက်ရုံဖြင့် တစ်ကြိမ် ကယ်တင်ပေးနိုင်သည် ဟူ၏။ မည်သည့်ခေတ်တည်းက လက်ဆင့်ကမ်းလာခဲ့သည်ကို မသိရသော်လည်း ဧကရာဇ် အဆက်ဆက်က အဖိုးတန် ရတနာတစ်ပါး အဖြစ် ထိန်းသိမ်းလာခဲ့ကြသည်။
သာမန် သိုင်းသမားများအနေဖြင့် ဗဟုသုတ နည်းပါးသဖြင့် မသိရှိကြသော်လည်း ကျန်လျူရှင်းသည် နောက်ခံ ကောင်းမွန်သူ ဖြစ်သဖြင့် ထိုပစ္စည်းကို သိရှိနေခြင်း ဖြစ်သည်။ ထို့ကြောင့် ဟုန်ရှောင်ပေါင်၏ စကားကို သံသယ မဖြစ်ဘဲ လေးလံသော စိတ်ဖြင့် ထွက်ခွာသွားခြင်း ဖြစ်၏။
သူ ထွက်သွားသည်နှင့် လူအုပ်ကြီးသည် ပြန်လည်ဆူညံလာပြီး ဟုန်ရှောင်ပေါင်ကို ဝိုင်းဝန်း မေးမြန်းကြတော့သည်။
ဟုန်ရှောင်ပေါင်၏ ဉာဏ်ရည်ဖြင့် သူတို့ကို ကိုင်တွယ်ရန်မှာ မခဲယဉ်းလှချေ။ ကိစ္စပြီးပြီ ဖြစ်ကြောင်း သေချာသောအခါ ချက်ချင်း ပြောလိုက်၏။
"အချိန်လည်း မစောတော့ဘူး။ အားလုံးကလည်း အလုပ်ရှုပ်တဲ့ လူတွေဆိုတော့... သွားကြစို့။ ဒဏ်ရာပျောက်ဆေး လိုချင်တဲ့ မိတ်ဆွေတွေ ကျုပ်နောက် လိုက်ခဲ့ကြပါ။"
လူအများက တခဲနက် သဘောတူလိုက်ကြသည်။ တောင်ပေါ် မတက်သော ကုန်သည်များကလည်း ဤမျှ စွမ်းသော ဆေးကို အိမ်တွင် အရေးပေါ် ဆေးဝါးအဖြစ် ဆောင်ထားချင်ကြသည်။
ဆေးဆိုင် ပိုင်ရှင် တချို့ကလည်း ဝယ်ယူပြီး ပြန်လည် လေ့လာချင်ကြ၏။
ထို့နောက် လူအုပ်ကြီးသည် ဟုန်ရှောင်ပေါင်၏ နောက်သို့ လိုက်ပါပြီး ဟုန် မိသားစု ကုန်စုံဆိုင်ဆီသို့ ချီတက်လာကြလေသည်။
"ဟေ... ဒါ အဘိုးကြီးလင်းရဲ့ ဆိုင် မဟုတ်ဘူးလား။"
"ဒီဆိုင်က အမြဲတမ်း ရှုံးနေတာလေ။ အဘိုးကြီးလင်း က ဆိုင် လက်လွှဲ ချင်နေတာ ကြာပြီ။ ဟုန်ဆိုင်ရှင် ဆီ ရောက်သွားတာကိုး။"
"ဟုန်ဆိုင်ရှင်ရဲ့ ဆေးပညာနဲ့ ဆိုရင်တော့ ဒီဆိုင်က သေချာပေါက် စီးပွားဖြစ်မှာပါ။ ဒါပေမဲ့... ဘာလို့ ကုန်စုံဆိုင် လို့ နာမည်ပေးထားတာလဲ။"
"ဟုတ်တယ်... ဟုန် ဆေးခန်း လို့ ပေးလိုက်ရင် ပိုမကောင်းဘူးလား။"
"ဟဲဟဲ... မိတ်ဆွေတို့ မသိပါဘူး။ ကျုပ် က လက်စွမ်းလက်စ များတယ်။ နောက်ပိုင်း တခြား ဘေးပန်း အလုပ်တွေပါ လုပ်အုံးမှာမို့ပါ။" ဟုန်ရှောင်ပေါင်က ရယ်မောကာ ဖြေလိုက်သည်။
"မလုပ်ပါနဲ့ ညီလေးရာ အစ်ကိုကြီး စကား နားထောင်စမ်းပါ။ ဘာပဲလုပ်လုပ် တစ်ခုတည်းကို ကျွမ်းကျင်အောင် လုပ်တာက ပိုကောင်းတယ်။ တန်ဖိုးရှိတာက အရေအတွက် မဟုတ်ဘူး၊ အရည်အသွေး ပဲလေ။"
ဝဖြိုးဖြိုး ဦးလေးကြီး တစ်ယောက်က ဝင်ရောက် ဆုံးမလိုက်၏။ "ညီလေးရဲ့ ဆေးပညာနဲ့ ဆိုရင် ဒီနေရာမှာ ဆေးခန်း ဖွင့်လိုက်တာက ရွှေတွင်းတူးသလို ဝင်ငွေကောင်းမှာ သေချာတယ်။ လောဘ မကြီးပါနဲ့ကွာ။"
"ဟုတ်တယ်... ဟိုဟာလည်း လုပ်ချင်၊ ဒီဟာလည်း လုပ်ချင်နဲ့ နောက်ဆုံးကျတော့ ဘာမှ မယ်မယ်ရရ မဖြစ်ဘဲ နေပါ့မယ်။" လူအများက ဝိုင်းဝန်း အကြံပေးကြသည်။
ဟုန်ရှောင်ပေါင် ပြောစရာ စကား မရှိတော့ချေ။ သူ၏နောက်ကွယ်တွင် ယင်းကျိုယို ရှိနေသည်ကို ထိုသူတို့မှ မသိကြဘဲလေ။ သူ၏ကုန်စုံဆိုင်က အရေအတွက် များရုံတင် မကဘူး၊ အရည်အသွေးပါ ထိပ်တန်း ဖြစ်လာမည်။ သို့သော်လည်း ယခုအချိန်မှာ ရှင်းပြနေ၍လည်း မထူးတော့သဖြင့် ပြောလိုက်၏။ "ထားလိုက်ပါတော့ဗျာ... အထဲဝင်ကြပါ။"
ဆိုင်ခန်းအတွင်းပိုင်းကတော့ ပြောပလောက်စရာ မရှိချေ။ အသစ်ဖွင့်ခါစ ဖြစ်သဖြင့် ဟာလာဟင်းလင်း ဖြစ်နေပြီး ပစ္စည်းဟူ၍ ကြေးနီရောင် ဒဏ်ရာပျောက်ဆေး တစ်မျိုးတည်းသာ ရှိသည်။
"ဒါပဲ … ဒီဆေးပဲ "
လူတစ်ယောက်က မျက်လုံး အရောင်တောက်သွားပြီး ဆေးပုလင်းနှစ်လုံးကို ကောက်ကိုင်လိုက်၏။ "ဆိုင်ရှင်ဟုန်... ကျုပ် နှစ်ပုလင်း ယူမယ် "
"ကျုပ်ကိုလည်း တစ်ပုလင်း ပေးပါ "
"ရပါတယ်... ရပါတယ်။"
ဟုန်ရှောင်ပေါင်က ပြုံးရွှင်စွာ ပြောလိုက်သည်။ "ဈေးနှုန်းက ခုနက ပြောတဲ့အတိုင်းပါပဲ... တစ်ပုလင်းကို ဝိညာဉ်ကျောက်တုံး ၅ တုံး။"
ရှေ့ဆုံးမှ လူအနည်းငယ်က ချက်ချင်း ပိုက်ဆံရှင်းလိုက်ကြသည်။ နောက်က လူများကလည်း ဆေးပုလင်း အလုံအလောက် ရှိသည်ကို မြင်မှ စိတ်အေးသွားပြီး အလှည့်ကျ စောင့်ဆိုင်းနေကြ၏။
ဝိညာဉ်ကျောက်တုံး ၅ တုံး။
ဝိညာဉ်ကျောက်တုံး ၅ တုံး။
ဝိညာဉ်ကျောက်တုံး ၅ တုံး...။
"ဟားဟား ကောင်းတယ်ဟေ့ "
ဟုန်ရှောင်ပေါင် စိတ်ထဲတွင် ပျော်ရွှင်လွန်းသဖြင့် ကခုန်ချင်နေပြီ ဖြစ်သော်လည်း မျက်နှာတွင်တော့ အပြုံးလေးဖြင့်သာ ထိန်းထားလိုက်သည်။ ရှိနေသူ အားလုံး အယောက် ၂၀ ခန့် ရှိပြီး တစ်ယောက်လျှင် တစ်ပုလင်း၊ နှစ်ပုလင်း ဝယ်ယူကြသည်။
ဤနေရာမှာ ကွာခြားချက်ကို မြင်တွေ့လိုက်ရသည်။ သိုင်းသမားများက ငွေကြေး မပြည့်စုံသဖြင့် တစ်ပုလင်းလောက်သာ ဝယ်နိုင်ကြသော်လည်း ကုန်သည်များကမူ ငွေကြေး ချမ်းသာကြသည်။ အများဆုံး ဝယ်သူ တစ်ယောက်ဆိုလျှင် ပုလင်း ၂၀ တောင် ဝယ်သွားသေး၏။
အားလုံး ပြန်သွားသောအခါ ဟုန်ရှောင်ပေါင် ပိုက်ဆံ ရေတွက်ကြည့်လိုက်ရာ ပျော်လွန်းသဖြင့် မူးမေ့လဲချင်သလို ဖြစ်သွားရသည်။
ဝိညာဉ်ကျောက်တုံး ၃၇၅ တုံး တိတိ။
ခဏလေး အတွင်းမှာတင် ကြေးနီရောင် ဒဏ်ရာပျောက်ဆေး ၇၅ ပုလင်း ရောင်းလိုက်ရသည်။ ဤနှုန်းအတိုင်းသာ ဆက်သွားပါက နောက်ထပ် ၁၀ ရက်ခန့် နေလျှင် ဒယ်အိုးလုပ်ရန် လိုအပ်သော ဝိညာဉ်ကျောက်တုံးများ ပြည့်မီတော့မည်။
အပိုင်း (၅၈) ရှားပါးအဆင့် ဆေးမြစ်။
လက်ကျန် ဒဏ်ရာပျောက်ဆေး ၂၂ ပုလင်းကို ကြည့်ပြီး ရှောင်ပေါင် ကျေနပ်သွားလ၏။ ယခုဆိုလျှင် ဟုန်မိသားစုဆိုင် ကြေးနီရောင် ဒဏ်ရာပျောက်ဆေး၏ ဂုဏ်သတင်းသည် ပျံ့နှံ့သွားပြီ ဖြစ်သည်။ နောက်ထပ် ဆေးမြစ်ကုန်ကြမ်းများ ရှာဖွေပြီး ထပ်မံ ဖော်စပ်ရဦးမည်။
သို့သော်လည်း ထုတ်လုပ်မှု ပမာဏကိုတော့ ထိန်းချုပ်ထားမှ ဖြစ်ပေမည်။ တစ်ဖက်က ကြည့်လျှင် ပစ္စည်းပြတ်လပ်မှုကို ဖန်တီးပြီး ဈေးကွက်တင်ခြင်းသည် လူများကို ပိုမို စိတ်ဝင်စားစေသည်။ အခြားတစ်ဖက်က ကြည့်လျှင်လည်း ပမာဏ အများကြီး ထွက်ပေါ်လာပါက လူအများ သံသယ ဝင်လာနိုင်သည် မဟုတ်ပါလား။ ထို့ကြောင့် ပမာဏ မည်မျှ သတ်မှတ်ရမည် ဆိုသည်ကို သေချာ စဉ်းစားရပေဦးမည်။
"အဆင့်တက်ဖို့ လိုအပ်တဲ့ ပစ္စည်းတွေ စပြီး ပြင်ဆင်လို့ ရပြီ။"
ယင်းကျိုယို၏ အသံ ရုတ်တရက် ထွက်ပေါ်လာသည်။ သူက ရှောင်ပေါင်ကို တုန်လှုပ်သွားစေသည့် သတင်းကောင်း တစ်ခု ပေးလိုက်လေ၏။
"အဆင့်... အဆင့်တက်တော့မယ် ဟုတ်လား။"
ရှောင်ပေါင် အံ့သြသွားပြီး ချက်ချင်းပင် မျက်နှာ ဝင်းပသွားသည်။ "ဟားဟား ကောင်းတယ်ဟေ့ နောက်ဆုံးတော့ အဆင့်တက်လို့ ရပြီပေါ့။"
"ကြက်သားပြားကြော် စားတုန်းက မင်းသာ အကုန်စားလိုက်ရင် အဲဒီထဲက ဝိညာဉ်စွမ်းအင်တွေနဲ့တင် အဆင့်တက်ဖို့ လုံလောက်နေပြီ..."
ယင်းကျိုယို က ခေါင်းခါလိုက်၏။ "ဒါပေမဲ့ အဲဒီလို တက်လိုက်ရင် သာမန် အဆင့်တက်ခြင်း ပဲ ဖြစ်သွားမှာပေါ့။ ငါ လိုချင်တာက အထွတ်အထိပ် အဆင့်ပဲ။ ပြီးပြည့်စုံတဲ့ အနေအထားနဲ့ ဒုတိယအဆင့်ကို တက်လှမ်းရမယ်။"
ရှောင်ပေါင် သဘောပေါက်သွားသည်။ ထိုစဉ်က ယင်းကျိုယို သည် သူ့အား ကြက်သား တစ်ဝက်ကို ဖုန်းလင်းလုံ အား ပေးလိုက်ရန် အဘယ်ကြောင့် ပြောခဲ့သနည်း ဆိုသည်ကို ယခုမှ နားလည်သွားတော့သည်။
"မီးပုံအစီအရင် ကို ငါ လေ့လာပြီးသလောက် ရှိပြီ။ ရှန်သံ ဒယ်အိုး ၊ သံချို ဝက် ၊ ပြီးတော့ ဒုတိယအဆင့် ရှားပါး ဆေးမြစ်တွေ ဖြစ်တဲ့ ခုနစ်လွှာ ကြာနက် ၊ သွေးအရိုး သစ်ခွ ... အဲဒါတွေ အပြင် တခြား ဆေးမြစ်တွေနဲ့ ပေါင်းစပ်လိုက်ရင် မင်းကို ရှေးယခင်က ဘယ်သူမှ မရောက်ဖူးတဲ့ ပြီးပြည့်စုံတဲ့ အနေအထားနဲ့ ဒုတိယအဆင့်ကို ပို့ဆောင်ပေးနိုင်လိမ့်မယ်။"
ယင်းကျိုယို က ရယ်မောရင်း ပြောလိုက်သည်။ သူ၏ အသံထဲတွင် ဂုဏ်ယူဝင့်ကြွားမှုများ ပါဝင်နေ၏။
ရှောင်ပေါင် ကြောင်အသွားသည်။ ဤရက်ပိုင်း ယင်းကျိုယို တစ်ယောက်တည်း တိတ်ဆိတ်နေသည်မှာ သူ့အတွက် အဆင့်တက်မည့် ဟင်းပွဲ ကို စီစဉ်နေခြင်း ဖြစ်ကြောင်း ရိပ်မိလိုက်သည်။
"ဟားဟား... အဘိုးရာ... ဒီလို လုပ်ပေးတော့ ကျုပ် နည်းနည်းတောင် စိတ်လှုပ်ရှားသွားပြီ။"
"တော်စမ်းပါ... မင်း မြန်မြန် စွမ်းအားကြီးလာမှ ငါ့ကို ဒီနေရာကနေ လွတ်မြောက်အောင် ကူညီပေးနိုင်မှာ။ ကျေးဇူးတင်တယ် ဆိုတာတွေ လာပြောမနေနဲ့... ငါ မကြိုက်ဘူး။" ယင်းကျိုယို က ဖြတ်ပြောလိုက်၏။
"အဲ..."
ရှောင်ပေါင် ခေါင်းကုတ်လိုက်ပြီး ရိုးသားစွာ ပြောလိုက်၏။ "ကျုပ်လည်း ကျေးဇူးတင်တယ်လို့ မပြောမိပါဘူး။"
"သွားစမ်း "
"ဟားဟားဟား... စိတ်မဆိုးပါနဲ့။ အဘိုး ကြားချင်တယ်ဆိုရင် ချီးကျူးတဲ့ စကားတွေကို ၃ ရက် ၃ ည မရိုးအောင် ပြောပြလို့ ရပါတယ်။"
ရှောင်ပေါင်က ရယ်မောရင်း ယင်းကျိုယို ဆဲဆိုခြင်း မပြုမီ အမြန် မေးလိုက်သည်။ "ဒါနဲ့... ဘာဆေးမြစ်တွေ လိုမလဲ။"
ယင်းကျိုယိုသည် အသေးအဖွဲ ကိစ္စများကို အာရုံမစိုက်တတ်သူ ဖြစ်သဖြင့် လေးနက်စွာ ပြန်ဖြေလိုက်၏။
"မင်းအတွက် အခက်ခဲဆုံးက ရှန်သံ ဒယ်အိုး မဟုတ်ဘူး... ခုနစ်လွှာ ကြာနက် ပဲ။ ဒီဆေးမြစ်က ဒုတိယအဆင့် ဆိုပေမဲ့ အရမ်း ရှားပါးတယ်။ ရှားပါးအဆင့် လို့တောင် သတ်မှတ်လို့ ရတယ်။ ပြီးတော့ သွေးအရိုး သစ်ခွ၊ အထပ်ထပ် စင် ၊ ရွှေငွေ ပန်းပွင့်၊ ပိုင်ကျူ ၊ ချယ်စန်း ... ဒီ ၅ မျိုးကို များများ ရှာထားရမယ်။ ကျန်တာတွေကတော့ ငရုတ်ကောင်းတို့၊ တောချင်းတို့လို သာမန် ပစ္စည်းတွေပါပဲ။"
ခုနစ်လွှာ ကြာနက် အကြောင်း ကြားလိုက်ရသောအခါ ရှောင်ပေါင် မျက်မှောင်ကြုတ်လိုက်မိသည်။
ဤဆေးမြစ်သည် ဒုတိယအဆင့် ဆေးမြစ်များထဲတွင် ထိပ်ဆုံး ၃ မျိုး စာရင်းဝင်ပြီး လေလံပွဲများတွင်သာ တွေ့ရတတ်သည်။ လေလံပွဲ ရောက်ပြီ ဆိုတည်းက ဈေးနှုန်းက မိုးထိအောင် မြင့်တက်သွားတတ်သည် မဟုတ်ပါလား။
သို့သော်လည်း ဟုန်ရှောင်ပေါင်၏ ဦးနှောက်ထဲတွင် အကြံတစ်ခု ပေါ်လာ၏။
ဟို ကျန်လျူရှင်း ဆိုတဲ့ကောင်က နောက်ခံ တော်တော် တောင့်တင်းပုံ ရတယ်။ တကယ်လို့များ သူ့ရဲ့ ခရစ်ပတန် ရွှေရောင် အဆိပ် ကို ကုသဖို့ ခုနစ်လွှာ ကြာနက် လိုအပ်တယ်လို့ ပြောလိုက်ရင်...
ဟဲဟဲဟဲဟဲ...
"ဒါနဲ့ အဘိုး... အသံလွှင့် ကျောက်စိမ်းပြား သုံးလိုက်ပြီ ဆိုတာကို ဘယ်လို လုပ်ကြမလဲ။" ဟုန်ရှောင်ပေါင် မေးလိုက်သည်။ ကျောက်စိမ်းပြား သုံးလိုက်ပြီဟု ပါးစပ်က ပြောရုံနှင့် မပြီးချေ။ တစ်ခုခု ပြသမှ ယုံကြည်ကြမည် မဟုတ်ပါလား။
"ငါ့မှာ နည်းလမ်း ရှိပါတယ်။"
ယင်းကျိုယို၏ စကားကို ကြားမှ ရှောင်ပေါင် စိတ်အေးသွားသည်။ ယခုအချိန်တွင် သူသည် ယင်းကျိုယို ကို မျက်စိစုံမှိတ် ယုံကြည်နေပြီ ဖြစ်သည်။
"ဟုန်မိသားစု ကုန်စုံဆိုင်... ဟေ... မဟုတ်သေးပါဘူး..."
ရုတ်တရက် အပြင်ဘက်မှ ရင်းနှီးနေသော အသံတစ်သံ ထွက်ပေါ်လာ၏။
"ဟုန်ဆိုင် အသားကင်ဆိုင် က ဘယ်ရောက်သွားတာလဲ။ ဒီနေရာပဲ မှတ်မိပါတယ်။"
ဟုန်ဆိုင် အသားကင်ဆိုင် ဟူသော အသံကို ကြားလိုက်ရသည်နှင့် အသံပိုင်ရှင်မှာ မည်သူ ဖြစ်ကြောင်း ရှောင်ပေါင် တန်းသိလိုက်သည်။ ယမန်နေ့ညက သူ၏ ကြက်သားပြားကြော် တစ်ဝက်ကို လုယူ စားသောက်သွားသော မိန်းကလေး ဖုန်းလင်းလုံ ပင် ဖြစ်သည်။ သူမသည် ယမန်နေ့ညက မူးနေသဖြင့် ကုန်စုံဆိုင် ကို အသားကင်ဆိုင် ဟု မြင်သွားခဲ့ခြင်း ဖြစ်မည်။ ကြည့်ရတာ ဤမိန်းကလေးကလည်း နောက်ခံ အကြီးကြီး ရှိမည့်ပုံပင်။
သို့သော်လည်း ဂုဏ်ဒြပ် ဆိုသည်ကို ရှောင်ပေါင်က ဂရုမစိုက်ချေ။ တခြားဟာ မပြောနှင့်... သူကိုယ်တိုင်က တကယ့် မင်းသားစစ်စစ် ဖြစ်သည် မဟုတ်ပါလား။ လောကီကမ္ဘာမှ မင်းသားနှင့် သိုင်းလောကမှ မိသားစုကြီးများ ကွာခြားသည် ဆိုသော်လည်း... သူ့ကို လာထိပါက အလွယ်တကူ လွှတ်ပေးမည့်အထဲတွင် သူ မပါဝင်ချေ။
"ဟောဗျာ... ဆိုင်ရှင်... ကျွန်မ မှတ်မိတာတော့ ဒီနေရာမှာ အသားကင်ဆိုင် ရှိတာပါ... ရှင် သိ..."
ဖုန်းလင်းလုံသည် စကားပြောရင်း ဆိုင်ထဲ ဝင်လာရာ ရှောင်ပေါင်ကို တွေ့လိုက်ရသဖြင့် ကြောင်သွားလေ၏။ "ရှင်လား "
သူမသည် ဆိုင်ပြင်သို့ ပြန်ထွက်သွားပြီး ဆိုင်းဘုတ်ကို မော့ကြည့်လိုက်သည်။ ပြီးမှ ဆိုင်ထဲ ပြန်ဝင်လာပြီး... "ရှင် အသားကင်ဆိုင်ကို ဘယ်တုန်းက ပြောင်းလိုက်တာလဲ။"
"...... မိန်းကလေး... ဒီဆိုင်က နာမည် တစ်ခါမှ မပြောင်းဖူးပါဘူး။" ရှောင်ပေါင် စိတ်ပျက်လက်ပျက် ပြောလိုက်သည်။
ဖုန်းလင်းလုံ ကြောင်အသွားသည်။ ချက်ချင်းပင် တစ်စုံတစ်ခုကို သဘောပေါက်သွား၏။ သူမ ယမန်နေ့ညက မူးနေခဲ့သည်... ကုန်စုံဆိုင် ကို အသားကင်ဆိုင် ဟု မြင်ခဲ့သည် ဆိုတော့... သူမ မည်မျှလောက်တောင် အစားသရဲ ဖြစ်နေသနည်း ဆိုတာ ပေါ်လွင်နေလေပြီ။
ထိုအချက်ကို တွေးမိပြီး သူမ၏ မျက်နှာလေး ရဲတက်လာသည်။
"အဟမ်း... အဟမ်း..."
သူမ ချောင်းဟန့်လိုက်ပြီး ရှက်ရွံ့စွာ ပြောလိုက်၏။ "အဲ... ဟုန်ဆိုင်ရှင်... ဒီလိုပါ... မနေ့ညက ရှင် ချက်ကျွေးတဲ့ ဟင်းပွဲက ဘာနဲ့ လုပ်ထားတာလဲ မသိဘူး။ ကျွန်မ ပြန်ရောက်တော့ အကြာကြီး ရပ်တန့်နေတဲ့ ကျင့်ကြံမှုအဆင့် က လှုပ်ရှားလာသလို ခံစားရတယ်။ အဲဒါကြောင့်... နောက်ထပ် တစ်ပွဲလောက် ထပ်ဝယ်ချင်လို့ပါ။"
"မိန်းကလေးဖုန်း... မနေ့ညက ဟင်းပွဲကို ပြင်ဆင်ဖို့ အချိန် ဘယ်လောက် ကြာလဲ ဆိုတာ သိရဲ့လား။ ကုန်ကြမ်းပစ္စည်း ဘယ်လောက် လိုလဲ ဆိုတာရော သိရဲ့လား။"
ရှောင်ပေါင်က ခေါင်းကို ဖြည်းဖြည်းချင်း ခါယမ်းပြီး သက်ပြင်းချလိုက်သည်။ "ကျုပ်က ပါရမီ နည်းပါးတော့... အဆင့်တက်ဖို့ အတွက် ဆရာသခင်ဆီက ဒီဟင်းပွဲ ဆေးနည်းကို မနည်း တောင်းထားရတာ။ ပြင်ဆင်တာတောင် နှစ်ဝက်လောက် ကြာတယ်။ အဆင့်တက်ဖို့ ကြိုးစားမလို့ လုပ်တုန်း... ခင်ဗျားက တစ်ဝက် လုစားသွားတာလေ..."
ယမန်နေ့ညက ဟင်းပွဲ၏ အံ့မခန်း အာနိသင်နှင့် အရသာကို ပြန်တွေးမိပြီး ဖုန်းလင်းလုံ ယုံကြည်သွား၏။ ကျင့်ကြံခြင်းအဆင့်ကို တိုးတက်စေသော ဟင်းပွဲ ဆိုသည်မှာ အလွယ်တကူ ဖန်တီး၍ ရသော အရာ မဟုတ်ချေ။ သူမ၏ အစ်ကိုကြီး အဆင့်တက်စဉ်က မိသားစုတစ်ခုလုံး အလုပ်ရှုပ်ပြီး ဆေးမြစ်များ တောင်ပုံရာပုံ ပြင်ဆင်ပေးခဲ့ရသည်ကို ပြန်မြင်ယောင်မိသည်။
ချက်ချင်းပင် သူမ မျက်နှာ နီရဲသွားပြီး ဗလုံးဗထွေး တောင်းပန်လိုက်၏။
"အဲ... အဲဒါ... ဟုန်ဆိုင်ရှင်... တကယ် တောင်းပန်ပါတယ်... တကယ် တောင်းပန်ပါတယ်။"
သူမ နေမထိထိုင်မသာ ဖြစ်နေပြီးမှ အကြံရသွားသည်။ "ဒီလိုလုပ်ပါလား ဟုန်ဆိုင်ရှင်... ရှင် လိုအပ်တဲ့ ပါဝင်ပစ္စည်း စာရင်းကို ပြောပြပါ။ ကျွန်မ သွားရှာပေးမယ်။ နှစ်ပွဲစာ... မဟုတ်ဘူး... သုံးပွဲစာ ရှာပေးမယ် တစ်ပွဲစာက ကျွန်မ အတွက်... ကျန်တဲ့ နှစ်ပွဲစာက ရှင့်ကို လျော်ကြေးပေးတဲ့ အနေနဲ့ ပေါ့... ဘယ်လိုလဲ။"
ဟုန်ရှောင်ပေါင်၏ မျက်နှာထားကို ကြည့်ပြီး သူမ ထပ်ပြောလိုက်၏။
"အဲ... ရှင် စိတ်မချရင် ဆေးမြစ်တွေကို ပိုပြောလိုက်လေ။ ဒါဆိုရင် ကျွန်မက ဆေးဖော်နည်း အမှန်ကို မသိနိုင်တော့ဘူးပေါ့။ ဒါမှမဟုတ်... ရှင် ပိုက်ဆံလိုချင်ရင် ဝိညာဉ်ကျောက်တုံး နဲ့ ဝယ်မယ်လေ။ ကြိုက်သလောက် ပြောပါ။"
"ဟင်..."
ဟုန်ရှောင်ပေါင် စိတ်ထဲတွင် ပျော်ရွှင်သွားသည်။ ဤ ဖုန်းလင်းလုံ က သူ့ဆီ အလကား လာပေးသော ဝဖြိုးဖြိုးသိုးလေး ဖြစ်နေပါရောလား။ မိန်းကလေး တစ်ယောက်ကို လှည့်စားရသည်မှာ သိပ်မကောင်းသော်လည်း... ကြက်သားပြားကြော်၏ တန်ဖိုးသည် ဖုန်းလင်းလုံအတွက် အဖိုးမဖြတ်နိုင်မှန်း သူ သိသည်။ သူမ၏ မိသားစုက ချမ်းသာပုံ ရသဖြင့် မည်မျှ ဈေးကြီးကြီး ဝယ်ယူမည်မှာ သေချာသည်။
စဉ်းစားရင်းနှင့်... ဟုန်ရှောင်ပေါင်သည် သူ၏ချစ်လှစွာသော စေ့စပ်ထားသူလေး ယွင်ချိုင်ရှောင် ကို သတိရသွားသည်။
'ညီမလေးချိုင်ရှောင် လေ့ကျင့်ရာက ထွက်လာလို့ ဒီဟင်းပွဲကို ကျွေးလိုက်ရင် သူ့အတွက် အများကြီး အထောက်အကူ ဖြစ်မှာပဲ... ဖုန်းလင်းလုံကိုပဲ ချိုင်ရှောင် အတွက်ပါ ပစ္စည်း ရှာခိုင်းလိုက်ရင် မကောင်းဘူးလား။'
ထိုအချက်ကို တွေးမိပြီး ဟုန်ရှောင်ပေါင် ပြုံးလိုက်၏။
"ကောင်းပြီလေ... ဒါပေမဲ့ အာနိသင် ပိုကောင်းအောင် ဆေးဖော်နည်းကို နည်းနည်း ပြုပြင်လိုက်မယ်။"