အခန်း (၆၁-၆၂)
Vol. 6 Ch. 61-62
အခန်း (၆၁) - သိုင်းလောကထဲ ရောက်မှ ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်တော့ပြီ။
ဆိုင်ဝန်ထမ်း။
ဟုန်ရှောင်ပေါင်သည် တစ်ချက်ကြောင်အမ်းသွားပြီးမှ ခေါင်းကို တဆတ်ဆတ် ညိတ်လိုက်မိသည်။
ဟုတ်ပေသည်။ သူ တကယ်တမ်း ဈေးရောင်းစားချင်နေခြင်း မဟုတ်ချေ။ ဤအလုပ်များ အားလုံးမှာ သူ၏ ခန္ဓာကိုယ်ထဲမှ လောဘအိုးကြီး ဆာလောင်ဝံပုလွေအတွက် ဝိညာဉ်ကျောက်တုံးများ ရှာဖွေပေးနေရခြင်းသာ ဖြစ်၏။ ထို့ကြောင့် ဆိုင်စောင့်ရန် လူတစ်ယောက်လောက်တော့ ငှားရပေလိမ့်မည်။
ထို့နောက် သူ၏ အစီအစဉ်အတိုင်း ဒယ်အိုးလုပ်ပြီး ခြင်္သေ့ခေါင်း ဟင်းပွဲကို ချက်စားရမည်။ ထို့နောက် စားသောက်ဆိုင် ဖွင့်ရန် အစီအစဉ်ဆွဲရဦးမည် မဟုတ်ပါလား။ အဘိုး ပြောပြချက်အရ ဆိုလျှင် ဆေးဘက်ဝင် အစားအစာ ဆိုသည်မှာ ငွေတွင်းကြီး တစ်ခု ဖြစ်လာမည်မှာ သေချာသလောက်ပင်။
မအိပ်ခင်အချိန်အထိ ရှောင်ပေါင် တစ်ယောက် စိတ်ကူးယဉ်လို့ ကောင်းနေဆဲ ဖြစ်၏။ ဆိုင်က တိတ်ဆိတ် ခြောက်ကပ်နေသော်လည်း ယနေ့ ဝိညာဉ်ကျောက်တုံးများ အများကြီး ရထားသောကြောင့် စိတ်ချမ်းသာနေမိသည်။
ဝုန်း။
ရုတ်တရက် ဆိုင်တံခါးက ကန်ဖွင့်ခံလိုက်ရပြီး လူတစ်ယောက် ဒေါသတကြီး ဝင်ရောက်လာသည်။ အခြားသူ မဟုတ်၊ ဖုန်းလင်းလုံ ပင် ဖြစ်ပေ၏။
ဟုန်ရှောင်ပေါင် မျက်မှောင်ကြုတ်သွားမိသည်။ ဤအမျိုးသမီး သူ့ကို လာရောက် ပြဿနာရှာသည်မှာ ယခုတစ်ကြိမ်နှင့် ဆိုလျှင် သုံးကြိမ်ပင် ရှိနေချေပြီ။
“ဟုန်ရှောင်ပေါင်... ရှင် ဘာကိစ္စ ဟိုအမှိုက်ကောင် ကျန့်လျူရှင်းကို ကုပေးရတာလဲ။”
ဖုန်းလင်းလုံက ဒေါသတကြီး အော်ဟစ်လိုက်သည်။
“သူ့ကို ဘာလို့ ကယ်ရတာလဲ... သေပါစေတော့လား။ အဲဒီလို အမှိုက်ကောင်ကို ကယ်တာက ရှင့်ရဲ့ ဆေးပညာ ကျင့်ဝတ်လား။”
ဟုန်ရှောင်ပေါင် မျက်ခုံးပင့်လိုက်မိ၏။ ထို့နောက် တည်ငြိမ်စွာဖြင့် ပြန်ပြောလိုက်၏။
“မိန်းကလေးဖုန်း... ဒီနေရာက ဟုန်မိသားစုရဲ့ ကုန်စုံဆိုင်ပါ။ ဒီဆိုင်ရှင်က သစ်ပင်ပန်းမန်ကို ကယ်ချင်ကယ်မယ်၊ နတ်ဒေဝါကို ကယ်ချင်ကယ်မယ်၊ အမှိုက်သရိုက်ကို ကယ်ချင်ကယ်မယ်၊ တိရစ္ဆာန်ကို ကယ်ချင်ကယ်မယ်... အားလုံးက ကျုပ်သဘောပါပဲ။”
ရှောင်ပေါင်က ပြောရင်းဆိုရင်း တိမ်တိုက်ကြားက လူသားတစ်ယောက်လို အမူအရာဖြင့် အေးအေးလူလူ လက်နှစ်ဖက် နောက်ပစ်ပြီး ဖုန်းလင်းလုံကို ကြည့်လိုက်သည်။
“ရှင်... ရှင် တော်တော် ရဲတင်းပါလား။”
ဖုန်းလင်းလုံသည် ဒေါသထွက်လွန်းသောကြောင့် တစ်ကိုယ်လုံးတုန်ယင်နေပြီး ဟုန်ရှောင်ပေါင်ကို လက်ညှိုးထိုးကာ အော်ဟစ်တော့၏။
“လင်းလုံ။”
ထိုစဉ် နောက်ထပ် ခြေသံတစ်သံနှင့်အတူ ချောမောလှပသော အမျိုးသမီးတစ်ဦးက ဆိုင်ထဲသို့ ဝင်ရောက်လာသည်။ ချောင်ဝမ် ပင် ဖြစ်၏။ သူမက ဒေါသကြောင့် ပေါက်ကွဲလုမတတ် ဖြစ်နေသော ဖုန်းလင်းလုံ ကို ကြည့်ပြီး နှစ်ယောက်ကြားထဲသို့ ဝင်ရပ်လိုက်သည်။
“လင်းလုံ... ပြဿနာ မရှာပါနဲ့လား... လာ... ငါတို့ ပြန်ကြစို့။”
“မပြန်ဘူး... မပြန်နိုင်ဘူး။ ဒီနေ့ ဟိုအမှိုက်ကောင်ကို မကုပေးပါဘူးလို့ ကတိမပေးမချင်း ငါ လုံးဝ မပြန်ဘူး။”
ပြောရင်းဆိုရင်း ဖုန်းလင်းလုံ၏ မျက်ဝန်းအိမ်မှ မျက်ရည်များ စီးကျလာ၏။
“ရှင်... ရှင် အဲဒီလူယုတ်မာကို မကယ်ရဘူး။”
ဟုန်ရှောင်ပေါင် ဆိုသည့်ကောင်က ပျော့လျှင် မာတတ်ပြီး မာလျှင် ပြန်ချတတ်သည့် ကောင်မျိုး ဖြစ်သည်။ ဖုန်းလင်းလုံသာ ဆက်ပြီး မာကျောနေမည်ဆိုလျှင် ရှောင်ပေါင်ကလည်း ဂရုစိုက်မည့်ပုံ မပေါ်ပေ။ ဘာလဲ... ရန်ဖြစ်ချင်တာလား... လာလေ... ဘယ်သူက ဘယ်သူ့ကို ကြောက်နေလို့လဲ ဆိုသည့်ဟန်မျိုးပင်။
သို့ပေမည့် ဟုန်ရှောင်ပေါင် ကြောက်သည်က နှစ်မျိုးရှိ၏။ တစ်ခုက သွေး၊ နောက်တစ်ခုက မိန်းမတို့၏ မျက်ရည်ပင်။
စိတ်ညစ်စရာ ကောင်းလိုက်တာ ဟု တွေးတောမိသည်။ ကျန့်လျူရှင်း ဆိုသည့်ကောင်က သူ၏ အနက်ရောင် သံမဏိ ဒယ်အိုးကြီးနှင့် ပတ်သက်နေသည် မဟုတ်ပါလား။ လက်လွှတ်ခံလို့ ဘယ်ဖြစ်ပါမည်နည်း။ သို့သော်လည်း ဤ ဖုန်းလင်းလုံ ကလည်း တော်တော် ဂျီကျသည့် အမျိုးသမီး ဖြစ်နေပြန်၏။
အဆိုးဆုံးမှာ သူမသည် ချိုင်ရှောင်လေး၏ သူငယ်ချင်း ဖြစ်နေခြင်းပင်။ ဤသည်မှာ သူ့အတွက် သေကွင်းသေကွက်ပင်။ ဟုန်ရှောင်ပေါင် ခေါင်းကိုက်သွားရသည်။
ချောင်ဝမ်က ဖုန်းလင်းလုံကို နှစ်သိမ့်နေချိန်တွင် ဟုန်ရှောင်ပေါင် အနားသို့ တိုးကပ်လာပြီး တိုးတိုးလေး ရှင်းပြသည်။
“အစ်ကိုဟုန်... ကျွန်မ ရှင့်ကို လင်းလုံနဲ့ ကျန့်လျူရှင်း ကြားက ဇာတ်လမ်းကို ပြောပြမယ်။”
ဇာတ်လမ်းက ရှင်းရှင်းလေးသာ ဖြစ်၏။ ရှင်းလွန်းလှသောကြောင့်ပင် ရယ်ချင်စရာ ကောင်းလှပသည်။ ကျန့်လျူရှင်းက ဖုန်းလင်းလုံကို အသေအလဲ လိုက်သည်။ အချိန်အတိုင်းအတာတစ်ခု ကြာသည့်အခါ ဖုန်းလင်းလုံကို ပစ်သွားသည်။ ဒါပါပဲ။
ဖိုမကိစ္စများ ဆိုသည်မှာ မည်သူက မှန်သည်၊ မည်သူက မှားသည်ဟု ပြောနိုင်ပါမည်နည်း။ ဟုန်ရှောင်ပေါင် ပြောစရာ စကားမဲ့သွားရသည်။ ကောင်လေးက အမှိုက်ကောင် ဟုတ်ချင်ဟုတ်ပေလိမ့်မည်။ သို့ပေမည့် သူတို့နှစ်ယောက် သဘောတူခဲ့ကြသည် မဟုတ်ပါလား။ ပုံမှန်ဆိုလျှင် ဤလိုကိစ္စမျိုးကို ရှောင်ပေါင် လုံးဝ ဝင်ပါမည် မဟုတ်ချေ။ သို့ပေမည့် ကံဆိုးချင်တော့ တစ်ဖက်က ကိုယ့်ချစ်သူ၏ သူငယ်ချင်း၊ တစ်ဖက်က ကိုယ့် ငွေထုတ်စက် ဖြစ်နေသည်။
စိတ်ရှုပ်လိုက်တာကွာ။
ဟုန်ရှောင်ပေါင် ဆံပင်များကို ဆွဲဖွလိုက်ရင်း ရုတ်တရက် အကြံတစ်ခု ရသွားသည်။ ဖုန်းလင်းလုံ ဘေးနား ဝင်ထိုင်လိုက်ပြီး သက်ပြင်းချလိုက်၏။
ဟူး။
ဖုန်းလင်းလုံ ကြောင်သွားပြီး မျက်နှာလွှဲထားလိုက်သည်။
“ကျန့်မိသားစုရဲ့ အင်အားက ဘယ်လိုလဲ။”
ဟုန်ရှောင်ပေါင် မေးလိုက်၏။
“လိပ်မျိုးတွေ... အကုန်လုံး လိပ်မျိုးတွေချည်းပဲ။ ဘာ ကျန့်မိသားစုလဲ... လိပ်အသိုက်၊ လိပ်အုံကြီး။”
ဖုန်းလင်းလုံက ဒေါသတကြီး ပြန်ဖြေသည်။
သောက်ကျိုးနည်း... မေးတာက တစ်မျိုး၊ ဖြေတာက တစ်မျိုး။ ငါ ဘယ်လို ဆက်ပြောရမလဲ။
ရှောင်ပေါင် စိတ်ထဲက ကျိန်ဆဲလိုက်မိသည်။ တော်သေးသည်၊ ချောင်ဝမ်က ဝင်ကယ်လိုက်သောကြောင့်ပင်။
“ကျန့်မိသားစု ဆိုတာ လေယင်မြို့မှာ ထိပ်သီး အင်အားစု တစ်ခုပဲ မောင်လေးဟုန်။”
ဖုန်းလင်းလုံက နှာခေါင်းတစ်ချက် ရှုံ့လိုက်ပေမည့် ဤအချက်ကိုတော့ မငြင်းချေ။
“ကျန့်လျူရှင်းက ကျန့်မိသားစု အတွက် အရေးပါလား။” ဟုန်ရှောင်ပေါင် သက်ပြင်းချရင်း ထပ်မေးလိုက်သည်။
“အဲဒီ လိပ်ကောင်ကို သူ့လိပ်အဖေကြီးကပဲ အရေးလုပ်တာ... မဟုတ်ရင် အဲဒီကောင်က အလကားကောင်။”
“ဟုတ်ပါပြီ... အလကားကောင်ပဲ ထားပါတော့။”
ဟုန်ရှောင်ပေါင် စိတ်ရှည်လက်ရှည် ရှင်းပြလိုက်၏။ “ဒါပေမဲ့ သူ့နောက်မှာ သူ့အဘိုး လိပ်ကြီး ရှိနေတယ်လေ။ တကယ်လို့ ကျုပ်သာ မကုပေးရင် အဲဒီ လိပ်ကြီးက သူ့သား လိပ်ကလေးကို ဒီအတိုင်း သေခိုင်းပါ့မလား။”
ဖုန်းလင်းလုံ ကြောင်သွားသည်။ ရှောင်ပေါင် ပြောချင်သည်ကို သူမ ရိပ်မိသွားသလို ရှိပေမည့် ခဏနေတော့ ပြန်အော်ပြန်သည်။
“မရဘူး... မရဘူး။ သူများတွေ ကုချင်ကုပါစေ၊ ရှင်ကတော့ ကုပေးလို့ မရဘူး။ ရှင်က ချိုင်ရှောင်ရဲ့ ယောက်ျား လေ... ရှင်က သူစိမ်းဘက် ပါလို့ မဖြစ်ဘူး။”
ချိုင်ရှောင်ရဲ့ ယောက်ျား။
အိုး... ဤစကားတစ်ခွန်းက ဟုန်ရှောင်ပေါင်အတွက်တော့ ပျားရည်တစ်ပိဿာလောက် မော့သောက်လိုက်ရသလို ချိုမြိန်သွားစေသည်။ ဖုန်းလင်းလုံ သူ့ကို သုံးခါလောက် ရန်စခဲ့သည်ကိုပင် ချက်ချင်း မေ့ပျောက်သွားပြီး အသံက ချက်ချင်း နူးညံ့သွား၏။
“ညီမလေး လင်းလုံ... စိတ်မမြန်ပါနဲ့... အစ်ကိုကြီး ရှင်းပြမယ်။”
ဟုန်ရှောင်ပေါင် ပြုံးဖြဲဖြဲဖြင့် ပြောလိုက်၏။
“အစ်ကိုကြီးသာ ကျန့်လျူရှင်းကို မကုပေးရင် ကျန့်မိသားစုက တခြား သမားတော် ရှာပြီး ကုမှာပဲ။ အဲဒီအစား အစ်ကိုကြီးကပဲ ကုပေးလိုက်တော့ အခြေအနေကို ထိန်းချုပ်လို့ ရတာပေါ့။”
ဖုန်းလင်းလုံက ဒေါသမျက်လုံးများဖြင့် ကြည့်နေဆဲ ဖြစ်သောကြောင့် ဟုန်ရှောင်ပေါင် ဆက်ပြောလိုက်သည်။
“စဉ်းစားကြည့်လေ... သူများကုရင် ပုံမှန်ပဲ ကုမှာ။ အစ်ကိုကြီး ကုရင်တော့ တစ်ချက်ထိုးရမယ့် နေရာကို ဆယ်ချက်လောက် ဆောင့်ထိုးပစ်လိုက်မယ်။ ပါးပါးလေး ခွဲရမယ့် နေရာကို အသားတစ်တုံးလောက် လှီးထုတ်ပစ်လိုက်မယ်။ ကုတော့ ကုပေးရမှာပဲ။ ဒါပေမဲ့ ညီမလေး လင်းလုံရဲ့ မျက်နှာကို ထောက်ပြီး သူ အိပ်မက်ဆိုးတွေ မက်သွားအောင်ကို ကုပေးလိုက်မယ်... ဘယ်လိုလဲ။”
“ဟာ... ဟုတ်သားပဲ။”
ဖုန်းလင်းလုံ ဉာဏ်အလင်းပွင့်သွားသည်။ လက်ခုပ်တီးပြီး ဝမ်းသာအားရ အော်လိုက်၏။
“ကောင်းတယ် ရှောင်ပေါင်... ရှင် တော်တော် ဉာဏ်ကောင်းတာပဲ။”
ပြောပြောဆိုဆို ဖုန်းလင်းလုံက ဟုန်ရှောင်ပေါင်၏ ပခုံးကို အားပါပါ ရိုက်ချလိုက်ရာ ရှောင်ပေါင်ခမျာ လန့်သွားရသည်။ ဒီမိန်းမ... ရုပ်လေးကတော့ လှပါရဲ့၊ အားကလည်း ကျွဲကောင်လောက် ရှိပါလား။
ဖုန်းလင်းလုံကတော့ သူမ၏ ရန်သူတော်ကြီး ခံရမည့် အဖြစ်ကို တွေးပြီး တဟိဟိ သဘောကျနေသည်။ ထိုရယ်သံကြီးက ဟုန်ရှောင်ပေါင်နှင့် ချောင်ဝမ်ကို ကြက်သီးထစေ၏။
“ကောင်းပြီ... ဒီအတိုင်းပဲ လုပ်ကြတာပေါ့။ အစ်ကိုဟုန်... ရှင် ကျွန်မကို ကူညီတယ်လို့ပဲ သဘောထားလိုက်မယ်။ ကျွန်မ ရှင့်ကို အကြွေးတစ်ခု တင်သွားပြီ။ တောင်းဆိုချက်က တစ်ခုတည်းပဲ... အဲဒီကောင်ကို သေချာ ပြုစု ပေးလိုက်။ ဆယ်ရက် ၊ တစ်လခွဲလောက် အိပ်ရာထဲက မထနိုင်အောင် လုပ်ပစ်လိုက်။”
ဟုန်ရှောင်ပေါင် သက်ပြင်းချလိုက်မိသည်။ စိတ်ထဲတွင်တော့ ကျန့်လျူရှင်းကို တိတ်တိတ်လေး တောင်းပန်လိုက်၏။ အစ်ကိုကြီး ကျန့်ရေ... ကျုပ်ကိုတော့ အပြစ်မတင်ပါနဲ့။ သိုင်းလောကထဲ ရောက်နေမှတော့ ကိုယ့်ကိုယ်ကိုယ်တောင် မပိုင်တော့ဘူး ဆိုတာ ခင်ဗျားလည်း သိမှာပါ။
အခန်း (၆၂) - ဩဇာတိက္ကမ ရှိခြင်း၏ အကျိုးကျေးဇူး။
ဟုန်ရှောင်ပေါင်သည် သူ့ကျင့်ကြံမှု အဆင့်တက်ရန် လိုအပ်သည့် ဆေးပင်များ၊ ကျန့်လျူရှင်းကို ကုသရန် လိုအပ်သည့် ဆေးပင်များနှင့် ကြေးအဆင့် ဒဏ်ရာကု ဆေးမှုန့် ဖော်စပ်ရန် လိုအပ်သည့် ဆေးပင်များကို သစ်သားပြားပေါ်တွင် စာရင်းရေးမှတ်ပြီး ချိတ်ဆွဲထားလိုက်သည်။
ရတနာသိုက် ဆိုင်၏ ပေါက်ဈေး ခုနစ်ဆယ် ရာခိုင်နှုန်းဖြင့် ဝယ်ယူမည် ဆိုခြင်းက အလွန် ရက်ရောသော ကမ်းလှမ်းမှုပင် ဖြစ်သည်။ သို့ပေမည့် ဤကဲ့သို့ ဗြောင်ကျကျ ဆေးဝယ်ယူခြင်းက အခြား ကုန်သည်များ၏ စီးပွားရေးကို လုသလို ဖြစ်နေနိုင်ပေ၏။ သို့သော်လည်း ကုန်သွယ်မှု သဘောတရားအရ ဝယ်သူက ဈေးသက်သာသည်ကို ကြိုက်သလို ရောင်းသူကလည်း ဈေးများများ ပေးသူကိုသာ ရှာကြသည် မဟုတ်ပါလား။ထိုအရာက သဘာဝကျ၏။
သို့ပေမည့်လည်း ဟုန်ရှောင်ပေါင်က လူပါးလေး မဟုတ်ပါလား။ လုပ်ဖော်ကိုင်ဖက် အချင်းချင်း မျက်နှာမပျက်ရလေအောင် သစ်သားပြား၏ အောက်ဆုံးနားတွင် စာတစ်ကြောင်း ရေးထည့်ထားလိုက်သေးသည်။
ဆေးတစ်ခွက် ဖော်စပ်ရန် အရေးတကြီး လိုအပ်နေပါသောကြောင့် လုပ်ဖော်ကိုင်ဖက်များ ခွင့်လွှတ်ပေးကြပါ။ ဤတစ်ကြိမ်သာ ဖြစ်သည်။ ဟူသော စာသားပင်။
ဤစာကြောင်းကို မြင်လိုက်ရတော့မှ အခြားကုန်သည်များ၏ မျက်နှာတွင်ရှိနေသော မကျေမနပ် ဖြစ်နေမှုများ ပျောက်ကွယ်သွားကြသည်။ တချို့ဆိုလျှင် စပ်စုချင်စိတ်ဖြင့် ဟုန်ရှောင်ပေါင်၏ ဆိုင်နားသို့ ကပ်လာကြ၏။
“သူဌေးလေးဟုန်... ခင်ဗျားက ကြေးအဆင့် ဒဏ်ရာကု ဆေးမှုန့် ဖော်ဖို့ လိုနေတာမလား။”
လာပြန်ပြီ... ဆေးနည်း လာခိုးချင်သည့် လူများ။ ရှောင်ပေါင်ဆိုတာ ဘယ်လောက်ပါးနပ်သည့်ကောင်လဲ။ သူတို့ကို အလွယ်တကူ အချောင်နှိုက်ခွင့် ပေးလိုက်မယ်တဲ့လား။ ဟမ့် ….။
“ဟားဟား... ဒီဆေးပင်တွေက ဆေးနှစ်မျိုး ဖော်ဖို့ပါ။ တစ်မျိုးကတော့ ကြေးဆေးမှုန့်ပေါ့ဗျာ။ နောက်တစ်မျိုးက ဘာလဲဆိုတာ ခင်ဗျားတို့ ခန့်မှန်းကြည့်ကြပါလား။”
ဟုန်ရှောင်ပေါင်က ပြုံးပြုံးလေး ပြန်ပြောလိုက်သည်။
“ခုနစ်လွှာ ကြာပန်းနက်။”
လူတစ်ယောက်က ရေရွတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ စဉ်းစားခန်း ဝင်သွား၏။
“သူဌေးလေးဟုန်... ဒီဆေးပင်က ဒုတိယအဆင့် ဆေးပင်တွေထဲမှာ ထိပ်တန်းပဲ။ ဈေးကလည်း မသေးဘူး။ ခင်ဗျားက ဒီလောက် ဈေးကြီးတဲ့ ဆေးပင်ကို သုံးပြီး ဘာဆေး ဖော်မလို့လဲ။”
“ဪ... ဒီလိုဗျ။ ကျုပ်ရဲ့ ဆရာသခင် ပေးခဲ့တဲ့ ဆေးနည်းတွေထဲမှာ နောက်ထပ် ဒဏ်ရာကု ဆေးနည်း တစ်မျိုး ရှိသေးတယ်။ တကယ်လို့များ အဲဒီဆေးကို အောင်မြင်အောင် ဖော်စပ်နိုင်ခဲ့ရင် သူ့ရဲ့ အာနိသင်က ကြေးဆေးမှုန့်ထက် ဆယ်ဆလောက် ပိုစွမ်းလိမ့်မယ်။ အဲဒီဆေးနည်းရဲ့ အဓိက ပါဝင်ပစ္စည်းက ခုနစ်လွှာ ကြာပန်းနက်လေ။”
“ဘာ... ဆယ်ဆ။”
ထိုလူ လန့်အော်လိုက်မိသည်။ သူသည် မနေ့က ဟုန်ရှောင်ပေါင် ဆိုင်မှ ကြေးဆေးမှုန့် ဝယ်သွားသူများထဲမှ တစ်ဦးဖြစ်သည်။ အိမ်ရောက်တော့ စိတ်မချသောကြောင့် ဆေးကို စမ်းသပ်ကြည့်ရာ ရလဒ်က သူ့ကို တုန်လှုပ်သွားစေခဲ့၏။
သူ့တစ်သက် မြင်ဖူးသမျှ ဒဏ်ရာကုဆေးတွေထဲမှာ အကောင်းဆုံးတွေထဲက တစ်ခုပင်။ ပုံမှန်ဆိုလျှင် ဒီလောက် ကောင်းမွန်သည့် ဆေးမျိုးက လေလံပွဲတွေမှာမှ ရနိုင်သည့် ရှားပါး ပစ္စည်းမျိုးဖြစ်သည်။ ထိုတင်မက ဟုန်ရှောင်ပေါင်က အစုလိုက် အပြုံလိုက် ထုတ်လုပ် ရောင်းချနေခြင်း ဖြစ်သည်။ ယခု ကြေးဆေး ထက် ဆယ်ဆ ပိုစွမ်းသည့် ဆေးနည်း ရှိသေးသည်လား။
“ဒါ... ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။”
“သူဌေးဟုန်... ခင်ဗျား နောက်နေတာမလား။”
ဘေးနားက လူတွေပါ အံ့အားသင့်ကုန်ကြသည်။ ပုံမှန် ဈေးကွက်ထဲတွင် အမြောက်အမြား ထုတ်လုပ်သည့် ဆေးဝါး နှင့် ရှားပါးဆေးဝါး ယှဉ်၍ မရသည်မှာ အမှန်ပင်။ သို့ပေမည့် ကြေး ကဲ့သို့ အမြောက်အမြား ထုတ်လုပ်သည့် ဆေးကပင် ဤမျှ စွမ်းဆောင်ရည် ကောင်းမွန်နေပြီ ဖြစ်ရာ ထိုထက် ဆယ်ဆ စွမ်းသည့် ဆေးဆိုသည်မှာ တွေးကြည့်ရုံနှင့်ပင် ကျောချမ်းစရာ ကောင်းနေပေသည်။
“ဟားဟား... ကျုပ်လည်း သေချာတော့ မသိဘူးဗျ။”
ဟုန်ရှောင်ပေါင်က ဟန်မပျက်ပင် ပြုံးလိုက်သည်။ “ဘာပဲဖြစ်ဖြစ် ဆရာသခင် ပြောထားတာ ဆိုတော့လည်း... ကျုပ်ကတော့ စမ်းကြည့်ရမှာပေါ့။”
ရှောင်ပေါင်က ဝေ့လည်ကြောင်ပတ် လုပ်လေလေ လူတွေက သူ့ကို ပိုပြီး အထင်ကြီးလေလေ ဖြစ်လာသည်။ မနေ့က ဖြစ်ပျက်ခဲ့သည့် ကိစ္စများကြောင့် ဟုန်ရှောင်ပေါင်၏ လျှို့ဝှက်ဆန်းကြယ်သော ဆရာသခင် ဆိုသူကို လူတိုင်းက ရိုသေလေးစားနေကြပြီ ဖြစ်၏။ ထို ပုဂ္ဂိုလ်ကြီး၏ စကားဆိုလျှင် ဖြစ်နိုင်ခြေ ရှိသည်ဟု ယူဆကြသည်။ သို့ပေမည့် ဆယ်ဆ ဆိုသည့် ပမာဏကတော့ နည်းနည်း များလွန်းသည်ဟု ထင်ကြ၏။
ဟုန်ရှောင်ပေါင်ကတော့ စိတ်ထဲကနေ ခိုးရယ်နေမိသည်။ ကြေး ပြီးလျှင် ငွေမြေခွေး ဆေးမှုန့် ထုတ်ဖို့ အစီအစဉ် ရှိသော်လည်း ယခုထိ လက်တွေ့ မစမ်းသပ်ရသေးချေ။ သို့ပေမည့် ကြိုတင် ကြော်ငြာဝင်ထားလိုက်ခြင်းက ကောင်းကျိုးသာ ရှိမည် မဟုတ်ပါလား။
လူတွေကတော့ ရှောင်ပေါင်၏ ဆေးနည်းကို ခန့်မှန်းရင်း အလုပ်ရှုပ်နေကြသည်။
“ချယ်စမ်း ဆေးမြစ်ရဲ့ အာနိသင်က ရိုးရှင်းတယ်... အသားနု တက်စေတာပဲ။ ဒါကြောင့် ကြေး ဆေးမှုန့်ထဲမှာ ဒါ ပါကို ပါရမယ်။ ဒါပေမဲ့ ပမာဏ ဘယ်လောက် ထည့်မလဲ ဆိုတာကတော့...။”
“နေပါအုံး ... မနေ့ညက ငါ စမ်းကြည့်တာတော့ သွေးတိတ်ပြီး အနာဖေး တက်တာ အရမ်း မြန်တယ်။ တကယ်လို့ ချယ်စမ်း ဆေးမြစ် သုံးထားတာဆိုရင် ဒီလောက် မြန်စရာ အကြောင်း မရှိဘူး။”
သူတို့ ဘာပြောပြော ဟုန်ရှောင်ပေါင်ကတော့ ပြုံးပြုံးလေးသာ နားထောင်နေသည်။ ဆေးနည်းအကြောင်း မေးလာလျှင်တော့ ပါးစပ်ပိတ်ထားလိုက်၏။
ထိုအချိန်တွင် တောထဲမှ ပြန်လာသည့် ပထမဆုံး လူအုပ်စု ရောက်ရှိလာကြသည်။ ဟုန်ရှောင်ပေါင်၏ ထူးခြားသော ဆိုင်းဘုတ်ကို မြင်ချိန်မှာတော့ စိတ်ဝင်စားသွားကြသည်။ များသောအားဖြင့် ကုန်သည်များသည် ရတနာ ပေါက်ဈေး၏ လေးဆယ်၊ ငါးဆယ် ရာခိုင်နှုန်းလောက်သာ ပေးလေ့ရှိကြ၏။ သိမ်းဆည်းရ ခက်ခဲသော ပစ္စည်းများဆိုလျှင် ဆယ်ရာခိုင်နှုန်း၊ နှစ်ဆယ်ရာခိုင်နှုန်းလောက်သာ ရတတ်သည်။ ထို့ကြောင့် ဟုန်ရှောင်ပေါင်၏ ခုနစ်ဆယ် ရာခိုင်နှုန်း ကမ်းလှမ်းချက်က အလွန် မက်လောက်စရာ ဖြစ်နေပေသည်။
“သူဌေးလေး... ကျုပ်မှာ ပိုင်လု ဆေးပင် ရှိတယ်... လိုချင်လား။”
ဟုန်ရှောင်ပေါင် ခေါင်းခါပြလိုက်၏။
ထိုလူ စိတ်ပျက်လက်ပျက်ဖြင့် ထွက်ခွာသွား၏။ ခဏအကြာတွင် နောက်ထပ် လူအုပ်စုများ ရောက်လာကြသည်။ ရှောင်ပေါင်က လမ်းသွားလမ်းလာများ မြင်သာအောင် နေရာဖယ်ပေးထားလိုက်သည်။
“ဟေ့... ကွက်တိပဲကွ။ ငါ့မှာ ချယ်စမ်း ဆေးမြစ် တစ်ပင် ရထားတယ်။ သူဌေးလေး... တကယ်ပဲ ခုနစ်ဆယ် ရာခိုင်နှုန်း ပေးမှာလား။”
“ဒါပေါ့ဗျ။”
ရှောင်ပေါင် ပြုံးလိုက်သည်။
“သွေးအရိုး ဆေးပင်... ရွှေငွေပန်း။ ဟေ့ကောင် လောရန်... မင်းမှာ ရွှေငွေပန်း ပါတယ်မလား... ဒီမှာ လာရောင်းလေကွာ။”
“သူဌေးလေး... အိမ်မှာ အနက်ရောင် သံမဏိ တစ်တုံး ရှိတယ်... တော်တော် ကြီးတယ်ဗျ။ လေးပိဿာလောက် ရှိမယ်... ဈေး နည်းနည်း ပိုပေးလို့ ရမလား။”
“ဟားဟား... ဒီဈေးက အမြင့်ဆုံး ဖြစ်နေပါပြီ... လူတိုင်းကို ဒီဈေးပဲ ပေးတာပါ။”
“ကောင်းပါပြီလေ... ခဏစောင့်နော်... အခုပဲ သွားယူလိုက်မယ်။”
ဤနည်းလမ်းက တကယ် အလုပ်ဖြစ်သည်။ မနက်ခင်း တစ်ပိုင်းအတွင်းမှာတင် ဟုန်ရှောင်ပေါင် လိုချင်သည့် ဆေးပင် အများစုကို ရရှိခဲ့သည်။ သို့ပေမည့် သံမဏိကတော့ ဆယ့်နှစ်ပိဿာလောက်သာ ရသေး၏။ ကြည့်ရသည်မှာ ကျန်တာတွေကို ပစ္စည်းဆိုင်မှာ သွားဝယ်မှ ရမည့်ပုံ ရှိသည်။
နေ့လည်ခင်း ကျော်လျှင် လူအသွားအလာ ပါးသွားသည်။ ဟုန်ရှောင်ပေါင်က သစ်သားပြားအောက်တွင် ဆက်လက် ရောင်းချလိုပါက လူနေရပ်ကွက်၊ အရှေ့ဖက်လမ်း၊ ဟုန်မိသားစု ကုန်စုံဆိုင် သို့ လာရောက်နိုင်ပါသည် ဟု ရေးသားပြီး ဆိုင်သို့ ပြန်လာခဲ့၏။
ဆိုင်ရောက်တော့ လူလတ်ပိုင်းအရွယ် အမျိုးသားနှင့် ကျန့်လျူရှင်းတို့ ရောက်နှင့်နေပြီ ဖြစ်သည်။ မနေ့ကနှင့် မတူတော့ဘဲ ထိုလူကြီး၏ မျက်နှာထားက အနည်းငယ် ရိုသေမှုများ ပါဝင်လာသည်။
“မိတ်ဆွေလေးဟုန်။”
“နောင်တော်ကြီး... သခင်လေးကျန့်။”
ဟုန်ရှောင်ပေါင် ပြန်လည် နှုတ်ဆက်လိုက်သည်။ ရှောင်ပေါင် ပုံမှန်အတိုင်း ရှိနေသည်ကို မြင်တော့မှ လူကြီး စိတ်အေးသွားသည်။ မနေ့ညက ကိစ္စကြောင့် ဤကောင်လေး စိတ်ဓာတ်ကျသွားမှာကို သူ အစိုးရိမ်ဆုံးပင်။
ဟုန်ရှောင်ပေါင်၏ ကျောပေါ်ရှိ လွယ်အိတ်ကြီးထဲမှ ဆေးနံ့သင်းသင်းလေး ထွက်ပေါ်နေသည်ကို သတိထားမိပြီး မေးမြန်းလိုက်သည်။ “မိတ်ဆွေလေး... ကျောပေါ်က ဆေးတွေက...။”
“ဪ... ဒါတွေက သခင်လေးကျန့်ရဲ့ သတ္တုစား အဆိပ်ကို ဖြေဖို့ ဆေးပင်တွေပါ။ တစ်မနက်လုံး လိုက်စုနေတာတောင် မစုံသေးဘူးဗျာ။”
“ဟင်။”
လူကြီး မျက်မှောင်ကြုတ်သွားသည်။ ကျန့်မိသားစုက ဝိညာဉ်ကျောက်တုံး သုံးထောင်တောင် ပေးထားသည်။ ဆိုင်ကြီးတွေမှာ တန်းဝယ်လိုက်လျှင် ပြီးနေမည့်ကိစ္စကို အဘယ့်ကြောင့် ဤမျှ လက်ဝင်ခံပြီး လိုက်စုနေရသနည်း။ အချိန်ကြာလေ ပြဿနာ တက်နိုင်လေ မဟုတ်ပါလား။
ဟုန်ရှောင်ပေါင်က ထိုလူကြီး တွေးနေသည်ကို ရိပ်မိသည်။ နည်းနည်းတော့ ရှက်စရာ ကောင်းပေမည့် ဘာတတ်နိုင်မည်နည်း။ အခုအချိန်တွင် သူက ငွေလိုနေသည်။ နည်းနည်းလေး သက်သာလျှင်တောင် အမြတ်ပဲ ဖြစ်သည်။ သို့ပေမည့် ပါးစပ်ကတော့ တစ်မျိုး ပြောလိုက်၏။
“ဟားဟား... နောင်တော်ကြီး မသိလို့ပါ။ ဒီဆေးနည်းထဲက ဆေးပင်တစ်မျိုးကို မီးအေးအေးနဲ့ သုံးရက် သုံးညတိတိ ကြိုချက်ထားမှ သုံးလို့ရမှာ... ဒါကြောင့် ဆေးပင်တွေ အကုန်စုံရင်တောင် နောက်ထပ် သုံးရက်လောက် စောင့်ရအုံးမှာ။”
“ဪ... ဒီလိုကိုး။ ကျုပ် စိတ်လောသွားမိတာ ခွင့်လွှတ်ပါ”
လူကြီးက ခေါင်းညိတ်လိုက်သည်။ “ဒါဆို သခင်လေးနဲ့ ကျုပ် နောက်ထပ် သုံးရက်နေမှ ပြန်လာခဲ့ပါမယ်။”
သူတို့ ထွက်သွားသည်ကို ကြည့်ရင်း ဟုန်ရှောင်ပေါင် တဟိဟိနှင့် သဘောကျနေ၏။
ဩဇာတိက္ကမ ရှိခြင်း၏ အကျိုးကျေးဇူးကို သူ ကောင်းကောင်းကြီး နားလည်သွားပြီ ဖြစ်၏။ ကိုယ့်ကိုယ်ကိုယ် ဆရာတစ်ဆူ အဖြစ် တည်ဆောက်ထားနိုင်လျှင် ကိုယ်လွှတ်လိုက်သည့် အီးပေါက်သံကအစ တရားဓမ္မ ဖြစ်သွားတတ်သည် မဟုတ်ပါလား။
နောက်ဆိုရင် မဟာပညာကျော် ဆိုတဲ့ ဂုဏ်ပုဒ်ကို ကောင်းကောင်းကြီး အသုံးချမှ ဖြစ်မယ်... ဟိဟိ... ဒီအကွက်က တော်တော် စားလို့ ကောင်းမယ့်ပုံပဲ။