ကောင်းကင်ဒေသမှ ထိပ်သီးအင်အားစုနှစ်စု၏ ပျောက်ကွယ်သွားမှု
Vol. 182 Ch. 2599
မိုကလန်ခေါင်းဆောင် သေဆုံးသွားသောအခါ ကောင်းကင်အာဏာစက်မြို့အထက်ရှိ အာကာပြင်သည် ပြန်၍တည်ငြိမ်အေးချမ်းသွားသည်။ လူအားလုံးကို ဖိနှိပ်ထားသော ကြောက်မက်ဖွယ်အရှိန်အဝါမှာလည်း ပျောက်ကွယ်သွားသည်။ ထိုနေရာတွင် မည်သည့်ကိစ္စမှ မဖြစ်ခဲ့သလိုပင်။
ကောင်းကင်အာဏာစက်မြို့တော်မှ ကျင့်ကြံသူများသာ အစောပိုင်းက ထိုနေရာတွင် ပြင်းထန်သောတိုက်ပွဲတစ်ခု ဖြစ်ပွားခဲ့သည်ကို သိရှိကြပေသည်။
ရီဖူရှင်းက ရှေးဦးစွာ နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ ဆရာသခင်ကို သတ်ပစ်လိုက်သည်။ ထို့နောက်တွင် သူက ကောင်းကင်ဒေသမှ ကျင့်ကြံသူများကို ဆက်၍သတ်ပစ်ခဲ့သည်။ နောက်ဆုံးတွင် သူက သခင်ချန်နှင့် ပူးပေါင်း၍ မိုကလန်ခေါင်းဆောင်ကို သတ်ပစ်ခဲ့သည်။
ကောင်းကင်အာဏာစက်ဘုံသို့ ကျုးကျော်ဝင်ရောက်လာသော ကောင်းကင်ဒေသမှ ကျင့်ကြံသူအားလုံးသည် ထိုတိုက်ပွဲတွင် သေဆုံးပျောက်ကွယ်သွားခဲ့လေသည်။ ထိုနေရာတွင် စွမ်းအားကြီးထိပ်သီးနှစ်ဦးလည်း သေဆုံးခဲ့လေသည်။
ကောင်းကင်အာဏာစက်ဘုံတွင် မဆိုထားနှင့် ကောင်းကင်ဒေသတွင်ပင် ထိပ်သီးနှစ်ဦး တစ်နေ့တည်းသေဆုံးသွားသည့် အဖြစ်မျိုး မရှိတော့သည်မှာ အလွန်ကြာခဲ့ပြီဖြစ်သည်။
သို့သော် ယနေ့တွင် ထိုကဲ့သို့ အဖြစ်အပျက်သည် ကောင်းကင်အာဏာစက်ဘုံတွင် ဖြစ်ပျက်ခဲ့ပေသည်။
ကောင်းကင်အာဏာစက်မြို့ထဲတွင် လူအားလုံးသည် ကောင်းကင်ထက်ရှိ ငွေဖြူရောင်ဆံပင်နှင့် လူငယ်ကို ချစ်ခင်လေးစားစွာ မော့ကြည့်လိုက်သည်။ သူ၏ ဟန်ပန်သည် အတုမဲ့ပေသည်။ ထိုဘုံရှိ အသက်အရွယ်ကြီးသူများသည် ယခင်ကလည်း တိုက်ပွဲပေါင်းများစွာကို တွေ့ကြုံဖူးပေသည်။ ကောင်းကင်ဒေသမှ ကျင့်ကြံသူများ ကောင်းကင်အာဏာစက်ဘုံကို ကျူးကျော်ခဲ့သည်မှာ ယခုသည် ပထမဆုံးအကြိမ်မဟုတ်ပေ။ သူတို့သည် ယခင်ကလည်း ကောင်းကင်အာဏာစက်ဘုံကို ဝိုင်းရံခဲ့ဖူးလေသည်။
ထို့အပြင် ကောင်းကင်အာဏာစက်ဘုံသည် ရှန်ကလန်၊ ထိုက်ချူတော်ဝင်မြေနှင့် ဘုံကိုးခုမှ ထိပ်သီးအင်အားစုများ၏ ပူးပေါင်းတိုက်ခိုက်မှုကိုလည်း ခံခဲ့ဖူးပေသည်။
ဤဘုံအသေးလေးသည် အခက်အခဲများစွာကို ရင်ဆိုင်ခဲ့ရသည်။ ဤဘုံသည် အကြိမ်ပေါင်းများစွာ ဖျက်ဆီးခံရပြီးနောက်တွင် ပြန်လည်တည်ဆောက်ပြုပြင်မှု အနည်းငယ် လုပ်ခဲ့သည်။ ယခင်က အဖက်ဖက်မှ အင်အားစုအားလုံးသည် ဤဘုံကို ကျူးကျော်ခဲ့ဖူးပေသည်။ မည်သို့ပင်ဖြစ်စေ အကြိမ်များစွာ တိုက်ခိုက်ခံခဲ့ရသော ကောင်းကင်အာဏာစက်ကျောင်းတော်သည် ယခုအထိ မားမားမတ်မတ် ရပ်တည်နေနိုင်ဆဲဖြစ်သည်။
ထိုခံစားချက်ကို ဖော်ပြ၍မရပေ။
ကောင်းကင်အာဏာစက်ကျောင်းတော်၏ အဖွဲ့ဝင်ဟောင်း အနည်းငယ်သည် ယခုတွင် အသက်လတ်ပိုင်းအရွယ် သို့မဟုတ် အိုမင်းသောအရွယ်သို့ ရောက်နေကြပြီဖြစ်သည်။ သူတို့သည် ကောင်းကင်ထက်ရှိ ဩဇာတိက္ကမနှင့် ပြည့်စုံသော လူကို ခံစားချက်များအပြည့်ဖြင့် ကြည့်နေကြလေသည်။ တိတ်ဆိတ်နေမှုအတွင်း၌ သူတို့သည် တီးတိုးပြောလိုက်ကြသည်။
“ကောင်းကင်အာဏာစက်ဘုံ စည်ပင်ဝပြောပါစေ”
“ကေင်းကင်အာဏာစက်ဘုံ စည်ပင်ဝပြောပါစေ”
လူများသည် ထိုကဲ့သို့ လိုက်၍တီးတိုးပြောလိုက်ကြသည်။ သူတို့ထဲမှအချို့သည် လွန်စွာပီတိဖြစ်နေသဖြင့် မြေပေါ်တွင် ဒူးထောက်ကာ ရီဖူရှင်းရှေ့တွင် ဝမ်းလျားမှောက်၍ အရိုအသေပေးလိုက်လေသည်။
သူတို့သည် ဤအဖြစ်အပျက်ပြီးနောက်တွင် ကောင်းကင်အာဏာစက်ဘုံသည် ထိုကဲ့သို့ အခက်အခဲများကို ထပ်၍မကြုံတွေ့ရတော့စေရန် စိတ်အားထက်သန်စွာ မျှော်လင့်နေကြသည်။
ယနေ့တွင် နတ်ဘုရားရီသည် ကောင်းကင်အာဏာစက်ဘုံထဲတွင် စွမ်းအားကြီးထိပ်သီးနှစ်ဦးနှင့် ကပ်ဘေးအဆင့်ကျင့်ကြံသူများစွာကို သတ်ပစ်ခဲ့သည်။ ယနေ့မှစ၍ ကောင်းကင်ဒေသမှ လူမည်မျှသည် သူတို့၏ဘုံကို တိုက်ခိုက်ဝံ့တော့မည်နည်း။
သခင်ချန်သည် ထိုကျင့်ကြံသူများ၏ အလောင်းများကို ရှင်းလင်းပြီးသွားပေပြီ။ သူ့ရင်ထဲတွင် အားကောင်းသော ခံစားချက်လှိုင်းတစ်ခု လိမ့်တက်လာ၏။ ထိုမတိုင်ခင်က မည်သူမှ ရီဖူရှင်း၏စွမ်းရည်ကို မသိခဲ့ပေ။ ရီဖူရှင်းသည် စွမ်းအားကြီးထိပ်သီးတစ်ဦးနှင့် ယှဉ်နိုင်လိမ့်မည်ဟု သခင်ချန်က သုံးသပ်ထားသော်လည်း ရီဖူရှင်းသည် ဒုတိယကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ပစ်နိုင်လိမ့်မည်ဟု သူမထင်ထားခဲ့ပေ။
သူက ခေါင်းငုံ့၍ ကောင်းကင်အာဏာစက်မြို့ထဲတွင် အရိုအသေးပေးကန်တော့နေသော လူများစွာကို ကြည့်လိုက်သည်။ ထို့နောက် သူက ခေါင်းမော့၍ ကောင်းကင်ထက်တွင် ဝံ့ကြွားစွာ ရပ်နေသော ငွေဖြူရောင်ဆံပင်နှင့်လူငယ်ကို ကြည့်လိုက်သည်။
ရီဖူရှင်းသည် အနိုင်ပွဲများစွာ ရှိထားပြီးသော်လည်း ယနေ့တွင် ထိုတိုက်ပွဲတစ်ခုတည်းဖြင့်ပင် သူသည် ကျော်ကြားသွားနိုင်သည်။
ထိုတိုက်ပွဲ၏အရေးပါမှုသည် ယခင်ကတိုက်ပွဲများနှင့်နှိုင်းယှဉ်လျှင် ကွဲပြားပေသည်။ ဤတိုက်ပွဲသည် ရီဖူရှင်းကို အမှန်ပင် နာမည်တစ်လုံးတွင်သွားစေမည့် တိုက်ပွဲတစ်ပွဲ ဖြစ်လေသည်။ သူက ဒုတိယကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးကို သတ်ပစ်ခဲ့ပေသည်။ ယနေ့မှစ၍ သူသည် ထိပ်ဆုံးအထိ လျှောက်လှမ်းတော့မည်ဖြစ်သည်။ သူသည် မဟာအင်ပါယာအဆင့်ထက် တစ်ဆင့်သာ နိမ့်ပေတော့သည်။
သတ်ဖြတ်ခြင်းနှင့် တိုက်ပွဲဆင်နွှဲခြင်းသည် ကွဲပြားသောကိစ္စနှစ်ခု ဖြစ်ပေသည်။
သူသည် မဟာအင်ပါယာစီဝေ့၏ ဆက်ခံသူဖြစ်သဖြင့် စီဝေ့ကြယ်ကောင်းကင်ကို တောက်ပသောအနာဂတ်သို့ ဦးဆောင်သွားမည်ဖြစ်သည်။ သူက မူလဘုံအတွက် ရွှေခေတ်သစ်တစ်ခေတ်ကိုလည်း ဖော်ဆောင်နိုင်လောက်ပေသည်။
အနာဂတ်တွင် မဟာအင်ပါယာများသာ ဝင်မပါခဲ့ပါက မူလဘုံသည် ကောင်းကင်ဒေသ၊ နတ္တိအင်ပါယာဘုံနှင့် မှော်နက်လောကတို့ကဲ့သို့ အမှီအခိုကင်းသည့် ထိပ်တန်းဘုံတစ်ခု ဖြစ်လာနိုင်သည်။ သို့သော် ရီဖူရှင်းသည် အင်ပါယာဟူသော ဂုဏ်ပုဒ်ကို ရယူနိုင်မှာသာ စီဝေ့ကြယ်ကောင်းကင်သည် ကောင်းကင်ဒေသနှင့် အခြားအင်အားစုများကဲ့သို့ အင်ပါယာအဆင့် အင်အားစုတစ်စု ဖြစ်လာမည်ဖြစ်သည်။
ထိုနေ့ရက်သည် ဝေးကွာဦးမည်လော။
လောက၏ အပြောင်းအလဲများသည် မူလဘုံမှ အစပြုပေလိမ့်မည်။
ထိုရှေ့ဖြစ်ဟောကိန်းသည် ရီဖူရှင်းမှနေ၍ မှန်ကန်လာမည်လော။
ထျန်းယန်မြို့မှ ဝမ်ရှောင်အပါအဝင် ကောင်းကင်ဒေသမှ ကျင့်ကြံသူအားလုံးသည် ဤပရမ်းပတာလောကကြီး၏ သူရဲကောင်းဖြစ်လာလိုကြသည်။ သူတို့သည် ဤခေတ်တွင် ပြောင်းလဲမှုများ ယူဆောင်လာပေးမည့် ဇာတ်လိုက်ကျော် ဖြစ်လိုနေကြသည်။ သို့သော် အဓိကဇာတ်လိုက်သည် တစ်ဦးတည်းသာ ရှိပေသည်။
ဤခေတ်ကို မည်သူပိုင်ဆိုင်မည်နည်း။
*****
ကောင်းကင်ဒေသမှ မိုကလန်သည် ရှေးကျသော သမိုင်းကြောင်းရှိပြီး တစ်ချိန်က ဂုဏ်ရှိန်ပြောင်ခဲ့သော ကလန်တစ်ခုဖြစ်သည်။ သူတို့ကလန်တွင် ကျင့်ကြံသူများ မရေမတွက်နိုင်အောင် ရှိခဲ့သည်။
မိုကလန်၏ ပင်မနန်းတော်တွင် အကြီးအကဲတစ်စုသည် သူတို့ရှေ့ရှိ ကွဲအက်နေသော သလင်းကျောက်ကို အံ့အားသင့်သော မျက်နှာထားများဖြင့် ကြည့်နေကြသည်။ သူတို့ရင်ထဲတွင် ကြေက်ရွံ့မှုများ ပြည့်တက်လာပြီး ရင်ခုန်သံမှာလည်း မထိန်းချုပ်နိုင်အောင် မြန်လာလေတော့သည်။ သူတို့သည် သူတို့မြင်တွေ့ခဲ့သောအရာကို မယုံနိုင်ဖြစ်နေကြသည်။
“ကလန်ခေါင်းဆောင်သေသွားပြီ...”
အသံတစ်သံက လေးလေးပင်ပင် ပြောလိုက်သည်။
သေဆုံးသွားသူမှာ ကလန်ခေါင်းဆောင်တစ်ဦးတည်းသာ မဟုတ်ပေ။ ကလန်ခေါင်းဆောင် ခေါ်ဆောင်သွားသော ကျင့်ကြံသူအားလုံးမှာလည်း သေဆုံးသွားခဲ့လေသည်။
မိုကလန်သည် အဆုံးသတ်သွားပေပြီ။ သူတို့တွင် ထိပ်သီးအင်အားစုတစ်စု မဟုတ်တော့ပေ။
ယခုတွင် မိုကလန်မှ အခြားကျင့်ကြံသူများသည် ထိုအကြောင်းကို မသိကြသေးပေ။ သူတို့သည် သူတို့၏ကျင့်ကြံခြင်းဖြင့် အလုပ်ရှုပ်နေကြလေသည်။
ဒေါင်...
ထိုအခိုက်တွင် ခေါင်းလောင်ထိုးသံ တစ်သံထွက်ပေါ်လာ၏။ ထိုခေါင်းလောင်းသံသည် အဆုံးသတ်နေ့ရက်များ၏ အသုဘခေါင်းလောင်းထိုးသံကဲ့သို့ပင် ထင်ရလေသည်။
မိုကလန်မှ ကျင့်ကြံသူအားလုံးသည် တိမ်တိုက်များအထိရောက်အောင် မြင့်မားသော နန်းတော်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့သည် အပြင်းအထန် ရင်တုန်သွားကြသည်။ မည်သည့်ကိစ္စ ဖြစ်ပျက်ခဲ့ခြင်းနည်း။
ဒေါင်...ဒေါင်...ဒေါင်...
ခေါင်းလောင်းသံ အဆက်မပြတ် ထွက်ပေါ်လာ၏။ လူအားလုံးသည် သူတို့လုပ်လက်စများကို ရပ်တန့်လိုက်ကြပြီး ခေါင်းလောင်းရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။
ခေါင်းလောင်းသံ ကိုးချက် အဆက်မပြတ်ထွက်ပေါ်လာခဲ့သည်။ ထိုခေါင်းလောင်းထိုးသံသည် အသုဘခေါင်းလောင်းထိုးသံပင်။
မည်သည့်ကိစ္စ ဖြစ်ပွားခဲ့ခြင်းနည်း။
နန်းတော်အထက်ရှိ ကောင်းကင်ထဲတွင် အကြီးအကဲတစ်စု ပေါ်ထွက်လာ၏။ သူတို့အားလုံးသည် မိုကလန်၏ မျိုးဆက်ဟောင်းမှ ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့သည် သူတို့ကလန်၏ နယ်မြေများကို ကြည့်လိုက်သည်။
ထိုတစ်နေရာလုံး တိတ်ဆိတ်နေသည်။ မည်သူမှ စကားမပြောကြပေ။ ကလေးများပင် ဆူညံသံများ မပြုကြပေ။
“ကလန်ခေါင်းဆောင် သေဆုံးသွားပြီ”
အကြီးအကဲတစ်ဦးက ပြောလိုက်သည်။
ထိုသတင်းကြောင့် အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။ မိုကလန်တစ်ခွင်လုံးရှိ ကျင့်ကြံသူအားလုံးသည် ရင်တုန်နေကြသည်။
ကလန်ခေါင်းဆောင် သေဆုံးသွားခဲ့ပေပြီ။
မည်သည့် ကိစ္စဖြစ်ပျက်ခဲ့သောကြောင့်နည်း။
ကလန်ခေါင်းဆောင်နှင့် ကောင်းကင်ဒေသမှ ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုသည် စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးရန်နှင့် ရီဖူရှင်းကို သတ်ဖြတ်မည့် တိုက်ပွဲတွင် ပါဝင်ရန် မူလဘုံသို့ သွားခဲ့လေသည်။ ယခုတွင် ကလန်ခေါင်းဆောင်သေဆုံးသွားခဲ့ပေပြီ။ ထိုသတင်းသည် မည်သည့်အဓိပ္ပာယ်နည်း။
“ဒါက မဖြစ်နိုင်ဘူး...”
ကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။ သူတို့ထဲမှ အချို့သည် ထိုသတင်းသည် အမှန်ဖြစ်သည်ဟု မယုံနိုင်ကြပေ။ သူတို့သည် အကြီးအကဲ၏ စကားကို သံသယဖြစ်နေကြသည်။
အကြီးအကဲတစ်ဦးက ကျယ်လောင်သောအသံဖြင့် ပြောလိုက်၏။
“ကလန်ခေါင်းဆောင်နဲ့ နတ်ဘုရားမာန်ဟုန်တောင်ကုန်းရဲ့ တောင်ကုန်းဆရာသခင်တို့က ကောင်းကင်အာဏာစက်ဘုံကို တိုက်ခိုက်ဖို့ သွားခဲ့ကြတယ်။ သူတို့က ရီဖူရှင်း အလစ်ဝင်တိုက်တာကို ခံလိုက်ရတယ်။ ကလန်ခေါင်းဆောင်မသေခင်တုန်းက အကြီးအကဲတစ်ဦးက သတင်းလှမ်းပို့လိုက်တာပဲ... ရီဖူရှင်းက ဒုတိယကပ်ဘေးအဆင့်ကျင့်ကြံသူတွေကိုတောင် သတ်နိုင်နေပြီ။ သူတို့က ကောင်းကင်အာဏာစက်ဘုံမှာပဲ သေသွားနိုင်လောက်တယ်တဲ့။ တကယ်လို့ ကလန်ခေါင်းဆောင်သာ သေဆုံးသွားခဲ့ရင် ကျုပ်တို့ရဲ့ ကလန်ကို ဖျက်သိမ်းလိုက်ဖို့ အဲဒီအကြီးအကဲက ငါတို့ကို အမိန့်ပေးခဲ့တယ်”
ထိုသတင်းသည် လုံးဝမထင်မှတ်ထားသော သတင်းဖြစ်သည်။ အားလုံးသည် အံ့ဩတုန်လှုပ်ကာ မှင်တက်နေကြပြီး သူတို့ရပ်နေသည့်နေရာတွင်သာ မျက်နှာသေများဖြင့် မလှုပ်မယှက်ရပ်နေကြလေသည်။
ကလန်ခေါင်းဆောင်နှင့် အကြီးအကဲများသည် ရီဖူရှင်းကို သတ်ရန်အတွက် ကောင်းကင်အာဏာစက်ဘုံသို့ သွားခဲ့ကြသည်။ သို့သော် သူတို့ကသာ အလစ်တိုက်ခိုက်ခံလိုက်ရပြီး သတ်ဖြတ်ခံလိုက်ရသည်။
ယခုတွင် မိုကလန်ကို ဖျက်သိမ်းရပေတော့မည်။
“ကျုပ် ကန့်ကွက်တယ်...”
တစ်စုံတစ်ယောက်က အော်ပြောလိုက်သည်။ ထိုကိစ္စကို ရုတ်တရက်ကြီး လက်ခံနိုင်ရန် ခက်ခဲပေသည်။ ကောင်းကင်ဒေသတစ်ခွင်လုံးတွင် ကျော်ကြားသော ထိပ်တန်းအဆင့်ကလန်တစ်ခုသည် ထိုကဲ့သို့ ဖျက်သိမ်းရမည်လော။
နန်းတော်အထက်ရှိ ကောင်းကင်ထဲတွင် ရပ်နေသော အကြီးအကဲတစ်ဦးသည် ထိုလူကို ကြည့်၍ ဆက်ပြောလိုက်သည်။
“ကလန်ခေါင်းဆောင်က အသတ်ခံလိုက်ရပြီ... အဲဒါက ရီဖူရှင်းရဲ့စွမ်းရည်က ပြိုင်ဘက်ကင်းနေပြီဆိုတဲ့ သဘောပဲ။ တကယ်လို့ ငါတို့သာ လက်စားချေဖို့ ကြိုးစားမယ်ဆိုရင် ကလန်က ဖျက်ဆီးခံလိုက်ရမှာပဲ။ ငါတို့ရဲ့ လုံခြုံရေးအတွက် ကလန်ကို ဖျက်သိမ်းဖို့ပဲ လုပ်ရတော့မှာပဲ။ အကြီးအကဲက ဒီသတင်းစကားကို အရပို့ခဲ့တာက မိုကလန်ရဲ့ လုံခြုံရေးအတွက်ပဲ”
အကြီးအကဲက ဆက်ပြောလိုက်သည်။
“အရင်တုန်းက မူလဘုံကို ကျူးကျော်ပြီး ရီဖူရှင်းကို ဖမ်းဖို့လုပ်ခဲ့တာက ငါတို့ကလန် လုပ်ခဲ့မိတဲ့ သေလောက်တဲ့အမှားကြီးတစ်ခုပဲ။ ငါတို့က အဲဒီအမှားကို ဆက်လုပ်ခဲ့ပေမယ့် အနာဂတ်ပြဿနာတွေကို ကာကွယ်နိုင်ဖို့ သူ့ကို အချိန်မီမသတ်နိုင်ခဲ့ဘူး။ အခြေအနေတွေက ဒီလိုဖြစ်လာခဲ့ပြီဆိုမှာတော့ မိုကလန်က ကျူးလွန်ခဲ့တဲ့ အမှားတွေအတွက် တန်ကြေးပြန်ပေးရမှာပေါ့”
အကြီးအကဲ၏လေသံထဲတွင် လွန်စွာဝမ်းနည်းပူဆွေးမှုများ ပါဝင်နေပေသည်။
ယနေ့မှာစ၍ မိုကလန်သည် ကောင်းကင်ဒေသတွင် သမိုင်းတစ်ခုသာ ဖြစ်လာပေတော့မည်။
သူထိုသို့ပြောပြီးနောက်တွင် မိုကလန်မှ ကျင့်ကြံသူများစွာသည် ဒူးထောက်လိုက်ကြသည်။ သူတို့သည် အဆုံးမဲ့ ဝမ်းနည်းမှုလှိုင်းတစ်ခုကို ခံစားလိုက်ရလေသည်။
*****
နတ်ဘုရားမာန်ဟုန်တောင်ကုန်းသည် အကန့်အသတ်မဲ့ကုန်းမြေ၏ နတ်တောင်ကုန်းတစ်ခုဖြစ်သည်။ သို့သော် ၎င်းသည် ဖျက်ဆီးခံလိုက်ရပြီဖြစ်သည်။ တောင်ကုန်းထိပ်တွင် ဆံပင်ဖြူများနှင့် အဘိုးအိုကြီးတစ်ဦးသာ ရပ်၍ ကျန်ရစ်ခဲ့လေသည်။
ထိုအဘိုးအိုသည် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ နောက်ဆုံးကျန်ရှိသည့် ကျင့်ကြံသူအနည်းငယ်နှင့် ဆက်နွယ်နေသည့် သတ္တကျောက်စိမ်းပေလိပ်ကို စောင့်ကြပ်နေခြင်းပင်။ သူက ထိုကျောက်စိမ်းပေလိပ် အစိတ်စိတ်အမွှာမွှာ ကွဲအက်သွားသည်ကို မြင်လိုက်ရသောအခါ မြေပေါ်တွင် ဒူးထောက်ချလိုက်ပြီး မျက်ရည်များ လိမ့်ဆင်းလာလေတော့သည်။ သူက ငိုရှိုက်၍ ပြောလိုက်သည်။
“နတ်ဘုရားမာန်ဟုန်တောင်က လုံးဝပျက်သုဉ်းသွားပြီပဲ...”
ဤနေ့မှစ၍ နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏အမည်သည် ကောင်းကင်ဒေသမှ ဖယ်ထုတ်ခြင်းခံလိုက်ရပေပြီ။ ၎င်းသည် အမှန်ပင် ပျောက်ကွယ်သွားပေပြီ။ ယခုတွင် ၎င်းသည် သမိုင်းတစ်ခုသာ ဖြစ်သွားပြီဖြစ်သည်။
သူတို့ ပြန်၍ ဦးမော့လာနိုင်ရန် မျှော်လင့်ချက်မရှိတော့ပေ။
အဘိုးအိုသည် မြေပြင်ပေါ်တွင် တင်ပျဉ်ခွေထိုင်၍ မျက်လုံးမှိတ်လိုက်သည်။ တောင်ကုန်းထိပ်တွင် နှင်းများ ညင်သာစွာ ကျဆင်းလာ၏။ အဘိုးအို၏ အသက်ရှူသံသည် ဖြည်းညင်းစွာ ရပ်တန့်သွားပြီး သူ၏အသက်လက္ခဏာများ ပျောက်ဆုံးသွားလေတော့သည်။ အချိန်သည် ဤနေရာတွင် ရပ်တန့်သွားသကဲ့သို့ပင်။
ကောင်းကင်ဒေသ၏ နတ်ဘုရားမာန်ဟုန်တောင်ကုန်းသည် သမိုင်းတစ်ခု ဖြစ်သွားပေပြီ။
*****
ထိပ်သီးအင်အားစုနှစ်စု ပျက်သုဉ်းသွားသည့်သတင်းသည် ကောင်းကင်ဒေသတွင် ပျံ့နှံ့သွားသည်။ လူအားလုံးသည် ထိုသတင်းကြောင့် အံ့အားသင့်တုန်လှုပ်သွားကြသည်။
ရီဖူရှင်း၏အမည်သည် ကောင်းကင်ဒေသတစ်ခွင်တွင် ထပ်မံ ကျော်ကြားသွားသည်။ ငွေဖြူရောင်ဆံပင်နှင့်လူငယ်သည် မရှုံးနိုင်သော အကျော်ဇေယျတစ်ဦး ဖြစ်ပုံပေါ်လေသည်။
သို့ဆိုလျှင် သူသည် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးခဲ့သော ကျင့်ကြံသူများကိုပင် သတ်ဖြတ်နိုင်နေပြီလော။
မူလဘုံရှိ စီဝေ့ကြယ်ကောင်းကင်အပြင်ဘက်တွင် စခန်းချထားသော အဓိကရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှာလည်း ထိုသတင်းကို ရရှိထားပြီဖြစ်သည်။ သူတို့သည် ထိုသတင်းကို ကြားလိုက်သောအခါ မှင်တက်ဆွံ့အသွားကြသည်။
ရီဖူရှင်းသည် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ ဆရာသခင်နှင့် မိုကလန်ခေါင်းဆောင်ကို သတ်ပစ်ခဲ့လေသည်။ သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို ဝိုင်းရံထားသည်ကိုပင် သူက စွမ်းအားကြီးထိပ်သီးနှစ်ဦးကို သတ်ပစ်နိုင်ခဲ့သေးသည်။
ထိုသတင်းသည် သူတို့၏အစီအစဉ်အားလုံးကို နှောင့်နှေးသွားစေပြီး သူတို့၏ ယုံကြည်မှုကို ဖျက်ဆီးပစ်လိုက်လေသည်။
သူတို့၏ အစီအစဉ်အားလုံးသည် ရုတ်ခြည်းရပ်တန့်သွားပေသည်။ သူတို့သည် ကောင်းကင်ရဲတိုက်ကို ဆက်၍မတည်ဆောက်ကြတော့ပေ။ အဓိက ရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုမှ ကလန်ခေါင်းဆောင်များသည် ကျဆုံးသွားခဲ့သော ထိုစွမ်းအားကြီးထိပ်သီးနှစ်ဦးထက် သန်မာပေသည်။ ထို့အပြင် သူတို့သည် ဤတစ်ကြိမ်တွင် သေချာပြင်ဆင်၍လာခဲ့ခြင်းပင်။ သို့သော် ရီဖူရှင်းသည် စွမ်းအားကြီးထိပ်သီးတစ်ဦးကို သတ်နိုင်သည့် စွမ်းရည်ပိုင်ဆိုင်ကြောင်း သိလိုက်ရသောအခါ အခြေအနေများသည် ပြောင်းလဲသွားပေပြီ။
သူတို့သည် ဤနေရာတွင် ဆက်နေလျှင် လုံခြုံတော့မည်မဟုတ်ပေ။
ထျန်းယန်မြို့သခင်သည် ထိုသတင်းကို ကြားပြီးနောက်တွင် တုံဏိဘာဝေသာ နေခဲ့သည်။ ဒဏ်ရာများ မပျောက်သေးသော ဝမ်ရှောင်မှာလည်း ထိုသတင်းကို သဲ့သဲ့ကြားလိုက်ရသည်။ ရီဖူရှင်းသည် စွမ်းအားကြီးထိပ်သီးများကိုပင် သတ်နိုင်နေပြီဖြစ်ကြောင်း ဝမ်ရှောင်ကြားလိုက်ရသောအခါ သူသည် လူသေတစ်ယောက်ကဲ့သို့ တိတ်ဆိတ်ဆွံ့အသွားလေသည်။
သူ ဝမ်ရှောင်သည် ပြိုင်ဘက်ကင်း ဟုတ်ပါလေသလော။
ရီဖူရှင်းသည် နောက်တစ်ကြိမ် သူ့ထက် ခြေတစ်လှမ်းသာသွားပြန်ပေပြီ။ သူတို့အားလုံးသည် ဝမ်ရှောင်တစ်ယောက် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသွားနောက်တွင် မဟာအင်ပါယာအဆင့်လက်နက်များကို အသုံးပြုခဲ့ပါက စီဝေ့ကြယ်ကောင်းကင်ကို ဖျက်ဆီးနိုင်လိမ့်မည်ဟူသော မျှော်လင့်ချက်နှင့် ဆက်၍စခန်းချဝိုင်းရံထားကြခြင်းဖြစ်သည်။ သို့သော် ယခုတွင် ရီဖူရှင်းသည် ဒုတိယကပ်ဘေးအဆင့် ကျင့်ကြံသူများကို သတ်ပစ်ခဲ့ပေပြီ။ အကယ်၍ ဝမ်ရှောင်သည် နောက်တစ်ဆင့်သို့ တက်နိုင်ခဲ့လျှင်လည်း စီဝေ့ကြယ်ကောင်းကင်၏ ခံစစ်ကို ဖောက်ထွင်းရန် သူ့တွင် မည်သည့်အားသာချက်ရှိပါမည်နည်း။
ဝမ်ရှောင်သည် လက်နှစ်ဖက် နောက်ပစ်၍ ရပ်နေသည်။ သူက သူ့ရှေ့ရှိ နက်ရှိုင်းကျယ်ပြောသောအာကာပြင်ကိုကြည့်ကာ မှင်တက်နေပေသည်။
သူ့ထံတွင် အင်အားကောင်းသော ကျောထောက်နောက်ခံရှိပေသည်။ ထို့အပြင် သူက မဟာအင်ပါယာတစ်ပါး၏ အမွေအနှစ်ကို ဆက်ခံရရှိခဲ့သည်။ သူက မဟာအင်ပါယာအဆင့်လက်နက်များနှင့် ဆက်သွယ်နိုင်ပြီး ပြိုင်ဘက်ကင်း ပါရမီရှိပေသည်။ သို့သော် ဤခေတ်တွင် သူသည် ရီဖူရှင်းနှင့် တွေ့ဆုံခဲ့ရပေသည်။
ယခင်က ဝမ်ရှောင်သည် သူ၏ကျင့်ကြံခြင်းအဆင့်ဖြင့်ပင် ရီဖူရှင်းကို ရှုံးနိမ့်ခဲ့သည်။ သူ နောက်တစ်ဆင့်သို့ တက်လှမ်းနိုင်ခဲ့လျှင်လည်း သူက လက်ရှိရီဖူရှင်းကို ယှဉ်နိုင်ပါမည်လော။
ဝမ်ရှောင်သည် သူထိုသို့လုပ်နိုင်လိမ့်မည်ဟု မျှောင်လင့်ချက်မရှိပေ။ သူသည် ယခင်ကနှင့် မတူတော့ပေ။ သူ၏ ယုံကြည်မှုကို ရီဖူရှင်းက အကြိမ်ကြိမ် ဖျက်ဆီးပစ်ခဲ့သည် မဟုတ်ပါလား။
ဝမ်ရှောင်သည် ပြိုင်ဘက်ကင်းတစ်ဦး ဖြစ်လေသလော။
ယခုတွင် ထိုအကြောင်းကို ကြားရသောအခါ သူသည်ပင် ထိုအခေါ်အဝေါ်သည် လှောင်ပြောင်ခြင်းဖြစ်သည်ဟု ခံစားနေရသည်။
သူ့မျက်စိရှေ့တွင် သူ မည်သည့်အခါမှ ကျော်ဖြတ်နိုင်မည့်မဟုတ်သည့် လူတစ်ယောက် ရှိနေပေသည်။
ထျန်းယန်မြို့သခင်သည် ဝမ်ရှောင်၏ အနောက်မှ လျှောက်လာ၏။ သူက ဝမ်ရှောင်၏ အထီးကျန်ပုံရိပ်ကိုကြည့်၍ ရင်ထဲမှ သက်ပြင်းချလိုက်သည်။ ယခုတွင် သူမှာလည်း မည်သို့ ပြောရမည်ကို မသိတော့ပေ။
ထျန်းယန်မြို့သည် ထူးကဲသောပါရမီရှိသည့် စွမ်းအားကြီးသူတစ်ယောက်ကို ပိုင်ဆိုင်ခဲ့သည်။ အဘယ်ကြောင့် သူက ရီဖူရှင်းနှင့် တွေ့ဆုံခဲ့ရသနည်း။
ထျန်းယန်မြို့သခင်သည် စိတ်ထဲတွင် အတွေးတစ်ခုသာ ရှိပေသည်။ သူက ရီဖူရှင်းကို သတ်ရပေမည်။
ရီဖူရှင်းသာ သေသွားလျှင် ဝမ်ရှောင်သည် ပြိုင်ဘက်ကင်း ဆက်ဖြစ်နေဦးမည်ဖြစ်သည်။
အဝေးတစ်နေရာတွင် လူရိပ်များသည် အာကာပြင်ကို ဖြတ်သန်း၍ သူ့တို့ထံသို့ ချဉ်းကပ်လာနေ၏။ ရောက်ရှိလာသော ကျင့်ကြံသူများမှာ အခြားရှေးဟောင်းနတ်ဘုရားကလန်များမှ အဖွဲ့ဝင်များဖြစ်ကြသည်။ သူတို့သည် သတင်းကြားပြီးပြီးချင်း ထျန်းယန်မြို့မှ ကျင့်ကြံသူများနှင့်တွေ့ရန် ဤနေရာသို့ ချက်ချင်း အလျင်အမြန်လာခဲ့ကြခြင်းပင်။ ရီဖူရှင်းသည် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသည့် ကျင့်ကြံသူများကိုပင် သတ်ပစ်နိုင်ခဲ့သည်။ သို့ဆိုလျှင့် သူတို့၏ အကြံအစည်ကို ဆောင်ရွက်နိုင်မည်မဟုတ်ပေ။ ဤတစ်ကြိမ်တွင်လည်း လုံးဝရှုံးနိမ့်ခဲ့ပြန်ပြီဖြစ်သည်။
သူတို့သည် စီဝေ့ကြယ်ကောင်းကင်ကို မကိုင်တယ်နိုင်ပေ။
ထိုစဉ်တွင် အောက်ဘက်တွင် ပုံရိပ်ယောင်တစ်ခု ပေါ်ပေါက်လာသည်။ ထိုပုံရိပ်သည် ရီဖူရှင်း၏ပုံရိပ်ပင်။ ထိုသူသည် သူတို့ထံသို့ လျှောက်လာနေသည်။ ထို့ကြောင့် ထိုနေရာရှိ ကျင့်ကြံသူများ၏ မျက်နှာထားများသည် ထူးဆန်းသွားကြသည်။ သူတို့၏အကြည့်များသည် သူတို့ထံလျှောက်လာနေသည့် ပုံရိပ်ပေါ်တွင်သာ ကျရောက်နေသည်။