← Chapters

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အခန်း (၅၉-၆၀)

Vol. 6 Ch. 59-60

အပိုင်း (၅၉) ကျန်လျူရှင်း ရောက်ရှိလာခြင်း။

"နားလည်ပါတယ်... နားလည်ပါတယ်ရှင်။"

ဖုန်းလင်းလုံ သည် ဝမ်းသာအားရ ဖြစ်သွားသလို စိတ်ထဲတွင်လည်း အားနာနေမိသည်။ သူတပါး နှစ်ဝက်လောက် အချိန်ပေးပြီး ပြင်ဆင်ထားသည့် အရာကို သူမက ဤအတိုင်း ဝင်စားလိုက်သည်ကိုတောင် အပြစ်မတင်ဘဲ ယခုအခါ ဆေးဖော်နည်းပါ ပေးအပ်နေသည် မဟုတ်ပါလား။ ပြုပြင်ထားသော ဆေးနည်း ဖြစ်သည် ဆိုသော်လည်း ဤသည်မှာ ကြီးမားသော ယုံကြည်မှုပင် ဖြစ်သည်။

ယမန်နေ့ညက သူမ ပေးခဲ့သော ဝိညာဉ်ကျောက်တုံး ၃၀ ၊ ၄၀ ကို ပြန်တွေးမိပြီး မျက်နှာပူသွားရ၏။ ရှောင်ပေါင် ဆေးနည်း ရေးပေးလိုက်သည်နှင့် သူမသည် အိတ်ငယ်လေးတစ်လုံးကို ထုတ်ယူကာ စားပွဲပေါ် တင်ပေးလိုက်၏။

"ဟုန်ဆိုင်ရှင်... မနေ့ညက ကိစ္စအတွက် တကယ် တောင်းပန်ပါတယ်။ ဒါက... ဒါက ကျွန်မရဲ့ လျော်ကြေး အနည်းငယ်ပါ။ မလောက်မှန်း သိပေမဲ့... ကျေးဇူးပြုပြီး လက်ခံပေးပါနော်။"

"ဟေ... ဒါ ဘယ်ဖြစ်မလဲဗျ။ နေပါအုံး ... ခင်ဗျား... ပြန်လာအုံးလေ။"

ရှောင်ပေါင် စကားပင် မဆုံးလိုက်ချေ။ ဖုန်းလင်းလုံသည် ဆိုင်ထဲမှ ပြေးထွက်သွားလေပြီ။

ရှောင်ပေါင် အိတ်ကို မ,ကြည့်လိုက်သည်။ အလေးချိန်အရ ဝိညာဉ်ကျောက်တုံး ၁၀၀ တိတိ ရှိပေလိမ့်မည်။ သူ သက်ပြင်းချလိုက်မိ၏။

"ဒီခေတ်ကြီးမှာ ပိုက်ဆံ လာပေးတဲ့ သူတွေ ရှိသေးတာပဲ..." ပြောရင်းနှင့် ပျော်ရွှင်စွာဖြင့် သိမ်းဆည်းလိုက်သည်။

"မင်းက ဘာနားလည်လို့လဲ။"

ယင်းကျိုယို၏ ဆဲဆိုသံ ထွက်ပေါ်လာ၏။ "ဒီကောင်မလေးက ရိုးသားတယ် ထင်ရပေမဲ့ တော်တော် လည်တဲ့ ကောင်မလေးကွ။"

"ဘယ်လို ပြောတာလဲ။" ရှောင်ပေါင် ကြောင်သွားသည်။

"ဆေးဝါးဟင်းပွဲ ဆေးနည်းဆိုတာ မိသားစုကြီးတွေမှာပဲ ရှိတတ်တဲ့ အရာမျိုးလေ။ ဆေးနည်း တစ်စောင်စီတိုင်းက မိသားစုကြီးတွေအတွက် တန်ဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲ။ ဒီကောင်မလေးက ဝိညာဉ်ကျောက်တုံး နည်းနည်းလေး ပေးရုံနဲ့ မင်းဆီက ဆေးနည်း ရသွားတာ... သူ မြတ်မလား၊ ရှုံးမလား စဉ်းစားကြည့်လေ။"

"သြော်... ဟုတ်သားပဲ။"

ရှောင်ပေါင် သဘောပေါက်သွားသည်။ သူက ဉာဏ်ကောင်းသူ ဖြစ်သော်လည်း ဆေးဟင်းပွဲများ၏ တန်ဖိုးကို နားမလည်ခဲ့ချေ။ ယခုမှ သဘောပေါက်သွားပြီး ညည်းတွားလိုက်မိ၏။ "လှပတဲ့ မိန်းမတွေက လှည့်စားတတ်ကြတယ် ဆိုတာ တကယ်ပါလား။"

ဟုန်ရှောင်ပေါင်၏ ဆိုင်သည် ပုံမှန်အားဖြင့် တစ်နေကုန်မှ ဈေးဝယ်သူ တစ်ယောက် ရှိချင်မှ ရှိတတ်သော်လည်း ယခင်ရက်များက အရောင်းအဝယ်များသည် ယနေ့ တစ်ရက်တည်းတွင် လာရောက် စုပုံနေသကဲ့သို့ ဖြစ်နေသည်။ ဆိုင်ပိတ်ရန် ပြင်ဆင်နေစဉ် မျက်နှာဖြူလျော်နေသော လူ ရောက်ရှိလာခဲ့၏။ သူ့မျက်နှာက ယခင်ကထက် ပိုမို ဖြူလျော်နေ၏။

"ဆရာကြီးဟုန်... ကျုပ် ... ကျုပ် ၅၁ တုံးပဲ ရှာလို့ ရတယ်... အဆင်ပြေပါ့မလားဗျာ။"

လေယင်မြို့တော်ရှိ အောက်ခြေ သိုင်းသမား တစ်ယောက် အနေဖြင့် ဝိညာဉ်ကျောက်တုံး ၅၀ စုမိရန်မှာ မလွယ်ကူလှချေ။

ရှောင်ပေါင် သက်ပြင်းချပြီး ပြောလိုက်သည်။ "ဆေးဖိုးတော့ လောက်ပါတယ်။ ကုသခကတော့... ထားလိုက်ပါတော့ဗျာ။ ခင်ဗျား ရောဂါပျောက်သွားရင် ဆိုင်ကို များများ ကြော်ငြာပေးလိုက်... အဲဒါ ကုသခပဲ။"

ထိုလူ ဝမ်းသာသွားပြီး ခါးကို ကိုင်းညွှတ်ကာ ဦးတိုက်လိုက်၏။

"ကျေးဇူးတင်ပါတယ် ဆရာကြီး... ကျေးဇူးတင်ပါတယ်။"

"အင်း... ဘဏ္ဍာတိုက်က ပစ္စည်းတွေက ဈေးကြီးပေမဲ့ ခင်ဗျားရဲ့ အဆိပ်က အချိန်ဆွဲလို့ မရတော့ဘူး။ ဒီ ၃၄ တုံးကို ယူသွားပြီး ဒီဆေးမြစ်တွေ သွားဝယ်ချေ။ ကျန်တဲ့ ဆေးမြစ်တွေက ကျုပ်ဆိုင်မှာ ရှိတယ်။"

ရှောင်ပေါင်သည် စာရွက်တစ်ရွက်ပေါ်တွင် လိုအပ်သည်များကို ရေးပေးလိုက်သည်။

ထိုလူသည် စာရွက်ကို ကြည့်လိုက်သည်။ သူသည် ဆေးမြစ် ရောင်းဝယ်နေသူ ဖြစ်သဖြင့် ဈေးနှုန်းများကို သိရှိသည်။ စာရွက်ပါ ဆေးမြစ်များသည် သူပေးလိုက်သော ပိုက်ဆံအားလုံးနီးပါး ကုန်ကျမည့် ပမာဏ ဖြစ်သည်။ ရှောင်ပေါင် စိုက်ထုတ်ပေးမည့် ဆေးမြစ်များကိုပါ ထည့်တွက်လိုက်လျှင် သူ၏ ပိုက်ဆံ ၅၀ သည် ဆေးဖိုးပင် မလောက်ငလောက်ပေ။ ထိုအချက်ကို သိရှိသွားသဖြင့် ထပ်ခါတလဲလဲ ကျေးဇူးတင်စကား ဆိုပြီးမှ ထွက်ခွာသွား၏။

မကြာမီ ထိုလူ ပြန်ရောက်လာပြီး ဆေးမြစ်များကို ပေးအပ်သည်။ ထိုအချိန်တွင် ဆိုင်တံခါး ပိတ်ထားပြီ ဖြစ်သဖြင့် သူ့ကို အောက်ထပ်တွင် စောင့်ခိုင်းပြီး ရှောင်ပေါင်က အပေါ်ထပ်တွင် ဆေးဖော်ပေးလိုက်သည်။

သို့နှင့် ဆေးသောက်သုံးပုံကို သေချာ မှာကြားပြီးမှ ပြန်လွှတ်လိုက်၏။

အလုပ်များ ပြီးစီးပြီ ဖြစ်သဖြင့် ရှောင်ပေါင် နားနေရန် ပြင်လိုက်စဉ်...

ထိုလူ ထွက်သွားသည့် တံခါးပေါက်မှ လူနှစ်ယောက် ဝင်ရောက်လာကြသည်။ ပိန်ပါးသော လူလတ်ပိုင်း အရွယ် အမျိုးသား တစ်ဦးနှင့်... ကျန်လျူရှင်း ။

ထိုလူနှစ်ယောက် ဝင်လာသည်နှင့် ယင်းကျိုယို ၏ အသံ ထွက်ပေါ်လာ၏။

"သတိထား... ဒီနှုတ်ခမ်းမွေးနဲ့ လူက မဆိုးဘူး။"

ယင်းကျိုယို လူတစ်ယောက်ကို ဤမျှ အလေးအနက်ထား ပြောဆိုသည်ကို တစ်ခါမှ မကြားဖူးသဖြင့် ရှောင်ပေါင် အံ့သြသွားသည်။

"အဘိုး... ဒီလူက အဘိုးထက် စွမ်းလို့လား။"

"မင်း ရူးနေလား... ဒီလိုကောင်မျိုး ၁ သောင်း လောက် လာရင်တောင် ငါ့လက်ညှိုး တစ်ချောင်းနဲ့ ဖိသတ်လို့ ရတယ်။ ငါ ပြောတာက မင်းနဲ့ ယှဉ်ရင် စွမ်းတာကို ပြောတာကွ။" ယင်းကျိုယို ဒေါသထွက်သွားသည်။

"သြော်... ဟုတ်ကဲ့... ဟုတ်ကဲ့။"

ရှောင်ပေါင် ပြန်ဖြေလိုက်ပြီး ကျန်လျူရှင်းဘက်သို့ လှည့်လိုက်၏။ "သခင်လေးကျန် ... ဆုံးဖြတ်ပြီးပြီလား။"

ကျန်လျူရှင်းက စကားမပြောဘဲ ဘေးနားရှိ လူလတ်ပိုင်း အမျိုးသားက ရှေ့တိုးလာသည်။

"ကျန်အိမ်တော်အတွက် ဝိညာဉ်ကျောက်တုံး ဆိုတာ ပမာဏ မဟုတ်ပါဘူး။ ဒါပေမဲ့ ကျုပ်က သားရဲကမ္ဘာမှာ ကျင်လည်ခဲ့တာ ကြာပြီ။ ကြက်ခြေခတ် နွယ်ပင် နဲ့ သွေးပင်လယ် ဖား ပေါင်းစပ်လိုက်ရင် ခရစ်ပတန် ရွှေရောင် အဆိပ် ဖြစ်တယ် ဆိုတာကိုတော့ တစ်ခါမှ မကြားဖူးဘူး။ ဒါကြောင့် မိတ်ဆွေလေးဆီကနေ ဗဟုသုတ လာယူတာပါ။"

ရှောင်ပေါင် သက်ပြင်းချလိုက်မိသည်။ ဝဖြိုးဖြိုးသိုး တစ်ကောင်ကို လှီးစားရသည်မှာ လွယ်ကူလှသည် မဟုတ်ပါလား။ ဤလူက ကျန်လျူရှင်း၏ လူကြီး ဖြစ်ပုံရသည်။ အလိမ်ခံရမည် စိုး၍ လိုက်လာခြင်း ဖြစ်မည်။

ကျန်အိမ်တော် အတွက် ဝိညာဉ်ကျောက်တုံး ထောင်ဂဏန်းလောက်က ကိစ္စ မရှိသော်လည်း... ပါရမီရှင် သခင်လေး လူလိမ် ခံလိုက်ရသည် ဆိုသော သတင်း ထွက်ပေါ်လာမည်ကိုတော့ လက်ခံနိုင်မည် မဟုတ်ချေ။

ရှောင်ပေါင် ခေါင်းညိတ်ပြီး ထိုလူကို တည်ငြိမ်စွာ ကြည့်လိုက်လေ၏။

"အကြီးအကဲ ... ခင်ဗျား ဘာတွေးနေလဲ ဆိုတာ ကျုပ် သိပါတယ်။ ကျုပ်ကို လူလိမ်လို့ ထင်နေတာ မဟုတ်လား။ ကျုပ်က အဆင့်နိမ့်ပေမဲ့ ကိုယ်ပိုင် ဂုဏ်သိက္ခာတော့ ရှိပါတယ်။ ပြောရရင်တော့ ယုံရင်ဝယ်၊ မယုံရင်နေ သဘောပါပဲ။ ဒါပေမဲ့ ဒီနေ့ သခင်လေးကျန် ကြောင့် ကျုပ်ဆိုင် နာမည်ကြီးသွားတဲ့အတွက်... အကြီးအကဲ ယုံကြည်လာအောင် သက်သေပြပါ့မယ်။ သေချာ နားထောင်ပါ။"

ရှောင်ပေါင်၏ လေသံသည် ယဉ်ကျေးသော်လည်း အတွင်းထဲတွင် မာန်ပါဝင်နေသဖြင့် ထိုလူလတ်ပိုင်း အမျိုးသား မျက်နှာထား အနည်းငယ် ပြောင်းလဲသွားသည်။

"ကျုပ်ရဲ့ ရောဂါရှာဖွေနည်းက ဆရာသခင်ဆီက ရထားတာမို့ ထုတ်ပြောလို့ မရဘူး။ ဒါပေမဲ့ ကျုပ် ပြောတာ မှန်မမှန် သက်သေပြဖို့ နည်းလမ်း နှစ်ခု ရှိတယ်။ ပထမ နည်းလမ်းကတော့... စောင့်ကြည့်လိုက်ပါ။ နောက်ထပ် ရက်အနည်းငယ်လောက် စောင့်လိုက်ရင် သခင်လေးကျန်ရဲ့ ခန္ဓာကိုယ်ထဲက အဆိပ်တွေ စတင် ထွက်ပေါ်လာလိမ့်မယ်။ အဲဒီအချိန်ကျရင် မျက်လုံးထဲမှာ ရွှေရောင် အမျှင်တန်းလေးတွေ ပေါ်လာပြီး... ဒန်ထျန် ပျက်စီးသွားလိမ့်မယ်။ ဝိညာဉ်စွမ်းအင်တွေ စုစည်းလို့ မရတော့ဘူး။ ဒါပေမဲ့ အဲဒီအချိန် ရောက်သွားရင်တော့ ကုသဖို့ မလွယ်ကူတော့ဘူး။" ရှောင်ပေါင်က တည်ငြိမ်အေးဆေးစွာ ရှင်းပြလိုက်သည်။

"ဒုတိယ နည်းလမ်းကရော။" ကျန်လျူရှင်း အလောတကြီး မေးလိုက်၏။

သူကတော့ ဟုန်ရှောင်ပေါင်ကို ယုံကြည်နေပြီ ဖြစ်သည်။ သို့သော်လည်း သူ၏ ဖခင်က သတိကြီးသူ ဖြစ်သဖြင့် အိမ်တော်ထိန်းကို လွှတ်လိုက်ခြင်း ဖြစ်သည်။ အကယ်၍ ဟုန်ရှောင်ပေါင် ပြောသည်မှာ မှန်ကန်ပါက အသံလွှင့် ကျောက်စိမ်းပြား ကို ပေးအပ်ရမည် ဖြစ်ရာ တန်ဖိုး ကြီးမားလွန်းသည် မဟုတ်ပါလား။

"အကြီးအကဲက ခရစ်ပတန် ရွှေရောင်အဆိပ်ကို မကြားဖူးဘူး ဆိုတော့... ကျုပ် ဘယ်လောက် ရှင်းပြပြ အလကားပဲ။ ဒါကြောင့် ဒုတိယ နည်းလမ်းကတော့... ဟဲဟဲ..."

ရှောင်ပေါင်က လူလတ်ပိုင်း အမျိုးသားကို ကြည့်ပြီး ပြုံးလိုက်သည်။ "အကြီးအကဲရဲ့ ခန္ဓာကိုယ်ထဲက ဖုံးကွယ်ထားတဲ့ ရောဂါ တစ်ခုခုကို ကျုပ် ထောက်ပြနိုင်မယ် ဆိုရင်... သက်သေပြရာ ရောက်မလား။"

"ဟင်..."

ထိုလူ မျက်လုံးများ ကျဉ်းမြောင်းသွား၏။ "မိတ်ဆွေလေး ပြောပြပါအုံး။"

"အကြီးအကဲရဲ့ ဝိညာဉ်စွမ်းအင်က ထူထဲသိပ်သည်းပြီး အရှိန်အဝါ ကြီးမားတယ်။ ကြည့်ရတာ အဋ္ဌမအဆင့် - နတ်ဘုရား ခွန်အားအဆင့် ကို ရောက်နေပြီပဲ။ ဝိညာဉ်စွမ်းအင် သတ်သတ် ယှဉ်မယ် ဆိုရင်တောင် အဋ္ဌမအဆင့်မှာ အကြီးအကဲကို ယှဉ်နိုင်သူ ရှားပါလိမ့်မယ်။" ရှောင်ပေါင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

ထိုလူ၏ မျက်လုံးများက ပိုမို ကျဉ်းမြောင်းသွားသည်။ သူ့အဆင့်ကို ခန့်မှန်းရသည်မှာ မခက်ခဲသော်လည်း... ပထမအဆင့်သာ ရှိသေးသော ကလေးတစ်ယောက်က တိတိကျကျ ပြောနိုင်ဖို့တော့ မလွယ်ကူလှချေ။

"အကြီးအကဲရဲ့ ဝိညာဉ်စွမ်းအင် လည်ပတ်မှုက ကောင်းမွန်ပေမဲ့... ဘယ်ဘက် ချိုင်းအောက်နေရာ ရောက်ရင် နည်းနည်း ထစ်ငေါ့နေတယ်..."

ရှောင်ပေါင်၏ စကားအဆုံးတွင် ထိုလူ၏ မျက်နှာထားသည် ချက်ချင်းပင် ပြောင်းလဲသွား၏။ ဟုန်ရှောင်ပေါင်ကို ကြည့်သော အကြည့်များတွင် အေးစက်သော အရိပ်အယောင်များ ပါဝင်လာသည်။ မည်သူမဆို ကိုယ့်အားနည်းချက် (သို့မဟုတ်) သေကွင်းသေကွက်ကို တစ်ပါးသူက ထောက်ပြလိုက်လျှင် ကြည်ဖြူမည် မဟုတ်သည်မှာ သဘာဝပင်။

အပိုင်း (၆၀) ချမ်းသာပြီ။

"အဲဒီနေရာမှာ ဝိညာဉ်စွမ်းအင်တွေက ရေဝဲငယ်လေး ၃ ခုအသွင် လည်ပတ်နေပြီး ထစ်ငေါ့နေတယ်။ အကြီးအကဲ ရဲ့ နှစ်ပေါင်းများစွာ ကြိုးစားအားထုတ်မှုကြောင့် အတော်အတန် သက်သာနေပြီ ဆိုပေမဲ့... အဲဒီ ရေဝဲ ၃ ခုကတော့ ရှိနေဆဲပဲ။ အဲဒါကြောင့် အဲဒီနေရာကို ဖြတ်သန်းစီးဆင်းသွားတဲ့ ဝိညာဉ်စွမ်းအင်တွေက ဖရိုဖရဲ ဖြစ်ကုန်တယ်။ ကျင့်ကြံတဲ့အခါမှာပဲ ဖြစ်ဖြစ်၊ တိုက်ခိုက်တဲ့အခါမှာပဲ ဖြစ်ဖြစ် ဒါက အကြီးမားဆုံး အန္တရာယ်ပဲ။ ဒါ့အပြင်..."

ဟုန်ရှောင်ပေါင်က ထိုလူကို ကြည့်ပြီး တစ်လုံးချင်း အလေးအနက်ထား ပြောလိုက်၏။ "ဒါဟာ အကြီးအကဲ ဒီအဆင့်မှာ ၁၀ နှစ်ကျော်ကြာအောင် တန့်နေရတဲ့ အဓိက အကြောင်းရင်းပဲ "

ထိုလူလတ်ပိုင်း အမျိုးသားသည် မျက်လုံးများကို မှေးကျဉ်းထားပြီး ဟုန်ရှောင်ပေါင်ကို စိုက်ကြည့်နေသည်။

ဟုန်ရှောင်ပေါင်ကတော့ ဂရုမစိုက်၊ ပြုံးလျက် ပြန်လည် စိုက်ကြည့်နေ၏။

အတန်ကြာမှ ထိုလူသည် ခေါင်းကို ဖြည်းဖြည်းချင်း ညိတ်ပြီး သက်ပြင်းချကာ ပြောလိုက်သည်။

"မျိုးဆက်သစ်တွေက တကယ့်ကို ကြောက်စရာ ကောင်းတာပဲ … လေးစားပါတယ်ကွာ "

ထို့နောက် ဆက်မေးလိုက်၏။ "မိတ်ဆွေလေး အနေနဲ့ ဒီရေဝဲတွေကို ဘယ်သူ ဖန်တီးခဲ့တာလဲ ဆိုတာပါ ပြောပြနိုင်ရင်တော့... ကျုပ် တကယ် လက်မြှောက်ပါပြီ။"

"အကြီးအကဲက နောက်နေပြန်ပြီ။"

ဟုန်ရှောင်ပေါင်က ခေါင်းခါလိုက်သည်။ "ကျုပ် က ဗဟုသုတ နည်းပါးတော့... ဒီလို ဒဏ်ရာမျိုးကို ဖြစ်ပေါ်စေနိုင်တဲ့ သိုင်းကွက်တွေကို မသိပါဘူး။ ဒါပေမဲ့ ကျုပ် သိသလောက် ဆိုရင်... ဒီလို ရေဝဲပုံစံ ဒဏ်ရာမျိုးကို ဖြစ်စေနိုင်တာ တစ်မျိုးတည်း ရှိတယ်။ အဲဒါကတော့ ကိုးမြီးမြေခွေး ရဲ့ လက်ချက်ပဲ "

ထိုလူသည် ခေါင်းကို လေးလေးနက်နက် ညိတ်ပြီး ပြောလိုက်၏။ "ကျုပ် တကယ် လက်မြှောက်ပါပြီ။"

ပြောပြီးသည်နှင့် သက်ပြင်းချပြီး ဆက်ပြောသည်။ "ကဲ... အသံလွှင့် ကျောက်စိမ်းပြား ရဲ့ ဈေးနှုန်းကို ပြောပါအုံး။"

‘ဟားဟား... အောင်မြင်ပြီကွ။’

ဟုန်ရှောင်ပေါင် စိတ်ထဲတွင် ပျော်ရွှင်သွားပြီး ယင်းကျိုယိုကို လှမ်းမေးလိုက်၏။ "အဘိုး... ဒီကျောက်စိမ်းပြား အတွက် ဘယ်လောက် တောင်းရမလဲ။"

"ရှားပါးပစ္စည်း ဆိုတော့ ဈေးခေါ်ရ ခက်သားပဲ။"

ယင်းကျိုယို က မျက်မှောင်ကြုတ်ပြီး စဉ်းစားလိုက်သည်။ "ငါ့ဂိုဏ်းမှာတုန်းကတော့ အသံလွှင့် ကျောက်စိမ်းပြား လုပ်တတ်တဲ့သူတွေ ပေါလွန်းလို့ ဝိညာဉ်ကျောက်တုံး ၁၀၀ လောက်ပဲ တန်တယ်။ ဒါပေမဲ့ ဒီလို ငှက်တောင် မစင်မစွန့်တဲ့ တောခေါင်ခေါင်မှာတော့ လုပ်တတ်တဲ့သူ ရှားပါးမှာ သေချာတယ်။ ဒါကြောင့် ၁၀ ဆလောက် တင်လိုက်လို့ ရတယ်။ ပြီးတော့ မင်းက အသက်ကယ်နိုင်တယ် ဆိုတဲ့ အာနိသင် တစ်ခုပါ ထပ်ထည့်ထားတယ် ဆိုတော့... အင်း... ၁၀၀ ဆလောက် ထပ်တင်လိုက်ကွာ။ ဝိညာဉ်ကျောက်တုံး ၁ သိန်း လို့ ပြောလိုက် "

"ဖူး... "

လက်ဖက်ရည်ကို တည်ငြိမ်စွာ သောက်နေသော ဟုန်ရှောင်ပေါင်သည် ရုတ်တရက် ပါးစပ်ထဲမှ ရေများ အကုန် မှုတ်ထုတ်လိုက်မိ၏။

ကျန်လျူရှင်း နှင့် ထိုလူကြီးက သံသယ မျက်လုံးများဖြင့် ကြည့်လိုက်ကြသဖြင့် ဟုန်ရှောင်ပေါင် အမြန် ပြုံးပြလိုက်ရသည်။ "အဟွတ်... အဟွတ်... ရေ သီးသွားလို့ပါ။"

တစ်သိန်း ဘယ်လိုလုပ် တစ်သိန်း ဖြစ်နိုင်မှာလဲ။

ဟုန်ရှောင်ပေါင် စိတ်ထဲကနေ ဒေါသတကြီး အော်ဟစ်လိုက်သည်။ "အဘိုးရာ... ဒီနေရာကို အဘိုးတို့ ကမ္ဘာ မှတ်နေတာလား။ တစ်သိန်း ဆိုတာ မဖြစ်နိုင်ဘူးဗျ "

"ကြည့်စမ်း... သောက်သုံးမကျတဲ့ ကောင်။ ဝိညာဉ်ကျောက်တုံး တစ်သိန်းလေး ကြားရုံနဲ့ လန့်သေနေပြီ။ ငါ ဘယ်လိုလုပ် မင်းလိုကောင်မျိုးကို ရွေးချယ်မိပါလိမ့်။" ယင်းကျိုယို က အထင်သေးစွာ ပြောလိုက်၏။

ဟုန်ရှောင်ပေါင် ပြောစရာ စကားမရှိတော့ချေ။ ဝိညာဉ်ကျောက်တုံး တစ်သိန်း ဆိုသည်မှာ နည်းသော ပမာဏ မဟုတ်ပေ။ လန့်သည်မှာ ဆန်းသည်လား။

ဟုန်ရှောင်ပေါင် စိတ်ကို တည်ငြိမ်အောင် ပြန်ထိန်းပြီး ပြောလိုက်သည်။

"အကြီးအကဲ ... ကျုပ်ရဲ့ ဆရာသခင် ပြောဖူးတာကတော့ သူ့ဆီမှာ အသံလွှင့် ကျောက်စိမ်းပြား တစ်ခုကို ဝိညာဉ်ကျောက်တုံး ၁၀၀ လောက်ပဲ တန်တယ်တဲ့။ ဒါပေမဲ့ ဒီနေရာကို ရောက်လာတော့ ဈေးကွက်ပေါက်ဈေးက ၁၀၀၀ လောက် ဖြစ်နေတယ်။ ဒါပေမဲ့... ကျုပ်ရဲ့ ကျောက်စိမ်းပြားက နည်းနည်း ထူးခြားတာမို့... ၃၀၀၀ လောက်တော့ ပေးရမယ်။"

ထိုလူကြီး အနည်းငယ် ကြောင်သွားသည်။ မျက်နှာထား လေးနက်သွားပြီး ခဏကြာမှ မေးလိုက်၏။ "မိတ်ဆွေလေး... စကားအကောင်း ပြောရရင်... ဒီကျောက်စိမ်းပြားက ဘာများ ထူးခြားနေလို့လဲ။"

"သက်သေပြလို့ မရဘူး။"

ဟုန်ရှောင်ပေါင်က ပြတ်သားစွာ ပြောလိုက်သည်။ "ခုနက ကျုပ် အရည်အချင်းကို သက်သေပြပြီးပြီ။ ကုချင်ရင် ၃၀၀၀ ၊ မကုချင်ရင် ပြန်ကြပါတော့။"

ထိုလူကြီး ကြောင်အသွားသည်။ သူက ကျန်အိမ်တော် ကို ကိုယ်စားပြုပြီး လာခဲ့ခြင်း ဖြစ်သည်။ ဤကဲ့သို့ ကုချင်ကု၊ မကုချင်နေ ဟူသော ပုံစံမျိုးဖြင့် ဆက်ဆံခံရမည်ဟု ထင်မထားမိချေ။

"အကြီးအကဲ ... ကျုပ်ကို စကားကြမ်းတယ် မထင်ပါနဲ့။ သခင်လေးကျန် က ကျန်အိမ်တော်ရဲ့ မျှော်လင့်ချက် တစ်ခုပါ။ ပြီးတော့ ဒီရောဂါကို ကျုပ် တစ်ယောက်တည်းပဲ ကုနိုင်တာ။ တကယ်လို့ ကျုပ်က လောဘကြီးတဲ့ သူဆိုရင် ၅ သောင်း၊ ၆ သောင်း တောင်းရင်လည်း ရတာပဲ။ ဒါပေမဲ့ ကျုပ်က ဆင်းရဲပေမဲ့ ကိုယ့်သိက္ခာ ကိုယ်တန်ဖိုးထားတယ်။ ဈေးရောင်းရင် တစ်ဈေးတည်းပဲ ရောင်းတယ်။ လှည့်ပတ် မပြောတတ်ဘူး။"

ဟုန်ရှောင်ပေါင်က တည်ငြိမ်စွာ ဆက်ပြောလိုက်သည်။ "ဒါကြောင့်... ၃၀၀၀ ပါ။"

ထိုလူကြီး မျက်လုံးများ ကျဉ်းမြောင်းသွားပြီး ချက်ချင်းပင် ပြုံးလိုက်၏။ "ကောင်းပြီလေ... ၃၀၀၀ ဆို ၃၀၀၀ ပေါ့။"

ပြောပြီးသည်နှင့် လက်ကို ဝှေ့ယမ်းလိုက်ရာ သစ်သားသေတ္တာ တစ်လုံး ထွက်ပေါ်လာသည်။ ထိုသေတ္တာသည် တစ်ပေခန့် ရှည်လျားပြီး ရိုးရှင်းသော ပုံစံ ရှိသော်လည်း အနားသတ်များတွင် သံဘောင်များ ကွပ်ထားသဖြင့် ခိုင်ခံ့ပုံ ရသည်။

"ဒီလူ့ဆီမှာ သိုလှောင်အိတ် ရှိတာပဲ "

လက်ထဲတွင် ဘာမျှ မပါဘဲ လေထဲမှ သေတ္တာတစ်လုံး ထွက်ပေါ်လာသည် ဆိုတည်းက သိုလှောင်အိတ် ရှိနေသည်မှာ သေချာ၏။

ဟုန်ရှောင်ပေါင် အံ့အားသင့်သွားပြီး သေတ္တာကို လှမ်းယူလိုက်သည်။ လေးလံသော အထိအတွေ့ကို ခံစားလိုက်ရ၏။ သူသည် သေတ္တာကို ဖွင့်မကြည့်ဘဲ စားပွဲပေါ် တင်လိုက်ပြီး ပြောလိုက်သည်။

"ကောင်းပါပြီ... ကျုပ် အပေါ်ထပ် တက်ပြီး အသံလွှင့် ကျောက်စိမ်းပြားကို အသက်သွင်းလိုက်ပါ့မယ်။"

ဟုန်ရှောင်ပေါင် သေတ္တာကို ဖွင့်မကြည့်သည်ကို တွေ့ရသဖြင့် ထိုလူကြီး စိတ်ထဲတွင် ကျေနပ်သွားသည်။ ဖွင့်ကြည့်လျှင် သဘောထား သေးသိမ်ရာ ရောက်သည်။ မဖွင့်ကြည့်ဘဲ ယုံကြည်ခြင်းကသာ လူကြီးလူကောင်း ပီသရာ ရောက်သည်။

တကယ်တမ်းကျတော့ ဟုန်ရှောင်ပေါင်က ထိုမျှလောက်အထိ မတွေးမိပေ။ နန်းတော်ထဲတွင် ကြီးပြင်းလာသူပီပီ ငွေကြေးအပေါ် သိပ်အာရုံမစိုက်တတ်ချေ။ လိုချင်တာရှိလျှင် ပြောလိုက်ရုံပင် ဖြစ်သည်။ ဤသည်မှာ မွေးရာပါ သူဌေးစိတ်ဓာတ် (သို့မဟုတ်) မင်းသားတစ်ပါး၏ မာနပင် ဖြစ်ပေလိမ့်မည်။

ဝုန်း...

အပေါ်ထပ်မှ ဝိညာဉ်စွမ်းအင် လှိုင်းတစ်ခု ထွက်ပေါ်လာ၏။

ထိုလူကြီး၏ စိတ်ထဲရှိ နောက်ဆုံး သံသယလေးပါ ပျောက်ကွယ်သွားသည်။ သူသည် ကျန်အိမ်တော်တွင် နေထိုင်ခဲ့သည်မှာ ကြာပြီ ဖြစ်သဖြင့် အသံလွှင့် ကျောက်စိမ်းပြားကို မြင်ဖူးသည်။ သာမန် သိုင်းသမားများ တစ်သက်လုံး ရှာဖွေလည်း မတွေ့နိုင်သော ပစ္စည်းမျိုး ဖြစ်သည်။ ယခု အပေါ်ထပ်မှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းသည် အသံလွှင့် ကျောက်စိမ်းပြား အစစ်အမှန် ဖြစ်ကြောင်း သက်သေပြနေသည်။

ခဏအကြာတွင် ဟုန်ရှောင်ပေါင် ပြန်ဆင်းလာ၏။

"အကြီးအကဲ ... ဆေးဖော်နည်း ရပါပြီ။ ဒါပေမဲ့ ဆေးမြစ်တွေ ရှာဖွေဖို့ အချိန် နည်းနည်း လိုပါလိမ့်မယ်။ မနက်ဖြန်ကျမှ သခင်လေးကျန် နဲ့ အတူ ပြန်လာခဲ့ကြပါ။"

"ကောင်းပါပြီ... ကောင်းပါပြီ။"

ထိုလူကြီးက လက်နှစ်ဖက် ယှက်ကာ နှုတ်ဆက်ပြီး ကျန်လျူရှင်း နှင့် အတူ ထွက်ခွာသွားလေတော့သည်။

သူတို့ မြင်ကွင်းမှ ပျောက်ကွယ်သွားသည်နှင့် ဟုန်ရှောင်ပေါင်၏ မျက်နှာတွင် အပြုံးပန်းများ ဝေဆာလာသည်။ ဆိုင်တံခါးကို အမြန် ပိတ်လိုက်ပြီး သစ်သားသေတ္တာကို ရတနာတစ်ပါး ကဲ့သို့ ပွေ့ဖက်ကာ အပေါ်ထပ်သို့ ပြေးတက်သွားလေ၏။ လက်များ ပွတ်သပ်ရင်း ပျော်ရွှင်နေသည်။

သေတ္တာတွင် သော့ခတ်မထားဘဲ ခလုတ်တစ်ခုသာ ပါရှိသည်။ ဟုန်ရှောင်ပေါင် ခလုတ်ကို ဖြုတ်လိုက်ပြီး အသက်အောင့်ကာ သေတ္တာဖုံးကို ဖြည်းဖြည်းချင်း ဖွင့်လိုက်၏။

ချက်ချင်းပင် ဟုန်ရှောင်ပေါင်၏ မျက်လုံးများသည် ဝိညာဉ်ကျောက်တုံး ပုံသဏ္ဍာန် ပြောင်းလဲသွားသည်။

ဝိညာဉ်ကျောက်တုံးများသည် ကြေးပြားဝိုင်းများနှင့် တူသော်လည်း ပိုမို ထူထဲသည်။ အရောင်ရင့်လေ တန်ဖိုးကြီးလေ ဖြစ်သည်။ သာမန် ဝိညာဉ်ကျောက်တုံးများသည် အစိမ်းရင့်ရောင် ဖြစ်ပြီး၊ အဆင့်မြင့်လျှင် အပြာရောင်၊ ခရမ်းရောင်၊ အနက်ရောင် စသည်ဖြင့် ရှိကြသည်။

ယခု သေတ္တာထဲတွင်တော့ ဝိညာဉ်ကျောက်တုံးများကို အတောင့်လိုက် စီထားသည်။ ကြေးပြားဝိုင်း ၁၀၀ ကို ကြိုးဖြင့် သီထားသကဲ့သို့ ဝိညာဉ်ကျောက်တုံး ၁၀၀ ကို အတောင့်လိုက် စုစည်းထားခြင်း ဖြစ်သည်။ စုစုပေါင်း အတောင့် ၃၀ တိတိ ရှိ၏။

"ဝါး..."

ဟုန်ရှောင်ပေါင် လက်များကို ပွတ်သပ်ရင်း ရယ်မောလိုက်မိသည်။ "ဟားဟားဟား... ချမ်းသာပြီဟေ့ ချမ်းသာပြီ ။ ငါ ဟုန်ရှောင်ပေါင်... ဒုက္ခဆင်းရဲတွေ ခံစားပြီးမှ နောက်ဆုံးတော့ ချမ်းသာလာခဲ့ပြီ..."

ဟုန်ရှောင်ပေါင်သည် ဝိညာဉ်ကျောက်တုံးများကို ကြည့်ရင်း မျက်ရည်ဝဲမတတ် ဖြစ်နေစဉ် ယင်းကျိုယို ၏ အသံ ထွက်ပေါ်လာ၏။

"ဟေ့ကောင်... မင်း သရုပ်ဆောင်တာ လွန်နေပြီ။ မင်း တစ်သက်လုံး ဘာဒုက္ခ ခံစားဖူးလို့လဲ။ သောက်ကြီးသောက်ကျယ်တွေ လုပ်နေပြန်ပြီ။"

"အဲ... မခံစားဖူးပါဘူး။"

ဟုန်ရှောင်ပေါင် ရယ်မောလိုက်သည်။ "ဒီအတိုင်း ခံစားချက်လေး ထည့်ပြောလိုက်တာပါဗျာ။"

"ခံစားချက် တဲ့လား... ဖူး "

ယင်းကျိုယို ဒေါသထွက်သွားသည်။ "ခရစ်ပတန် ရွှေရောင် အဆိပ် ဖြေဆေးကို မနက်ဖြန် ငါ သင်ပေးမယ်။ ပြီးရင် ရှန်သံ သွားဝယ်တော့။ ပြီးတော့... မင်း ဆိုင်ဝန်ထမ်း ခေါ်လို့ ရပြီ။"

All Chapters