အခန်း (၆၃-၆၄)
Vol. 6 Ch. 63-64
အခန်း (၆၃) - ရွှေဆိပ်ပြင်းထန် အဆိပ် ။
နောက်ရက်များတွင်တော့ ဟုန်ရှောင်ပေါင် တစ်ယောက် မနက်ဘက်ဆို ဆေးပင်များ လိုက်ဝယ်၊ နေ့လယ်ဘက်ဆို ဆိုင်ပြန်စောင့်နှင့် အလုပ်ရှုပ်နေတော့သည်။ ဆိုင်ရှေ့က သစ်သားဆိုင်းဘုတ်ကြောင့် နေ့လည်ခင်းများတွင် လူအများအပြား ဆိုင်ကို လာရောက် ရောင်းချကြသောကြောင့် ရှောင်ပေါင်အတွက် အများကြီး သက်သာသွားသည်။
ဒုတိယမြောက်နေ့ နေ့လည်ခင်း ရောက်ချိန်မှာတော့ ခြင်္သေ့ခေါင်း ဟင်းပွဲ ချက်ပြုတ်ရန် အဓိက လိုအပ်သည့် ခုနစ်လွှာ ကြာပန်းနက် မှလွဲ၍ ကျန်သည့် ကုန်ကြမ်းအားလုံး စုံလင်သွားပြီ ဖြစ်၏။ အနက်ရောင် သံမဏိ ဆိုလျှင် သုံးဆယ့်တစ်ပိဿာတောင် ရရှိထားပြီ ဖြစ်၏။
သို့ပေမည့် ဤသို့ဇိမ်နှင့် ဈေးကြီးပေး ဝယ်နေမှုအောက်မှာ ဝိညာဉ်ကျောက်တုံးများကလည်း ရေလို စီးထွက်သွားရာ လက်ရှိအချိန်ထိ တစ်ထောင်တိတိ ကုန်သွားချေပြီ။
ဟုန်ရှောင်ပေါင်သည် ကြွေထည်ပစ္စည်းဆိုင် တစ်ဆိုင်ကိုလည်း ရှာဖွေတွေ့ရှိခဲ့ပြီး ဝိညာဉ်ကျောက်တုံး တစ်ရာဖိုး ပုလင်းများ မှာယူခဲ့သည်။ နမူနာ ပုလင်းကို ကြည့်ရှုခဲ့ရာ ပုလင်းပေါ်မှ ပန်းချီကားများက ရှုထောင့်အမျိုးမျိုးမှ ကြည့်လျှင် အရောင်အမျိုးမျိုး ပြောင်းလဲ တောက်ပနေသည်။ ရပ်ထားရုံနှင့်တင် အလင်းရောင် တလက်လက် တောက်ပနေသည့် ပုလင်းမျိုး ဖြစ်၏။ နောက်နောင် ကြေးဆေးမှုန့်တွေကို ဤသို့သော ပုလင်းမျိုးနှင့် ထည့်ရောင်းလိုက်လျှင် တန်ဖိုးက အဆမတန် မြင့်တက်သွားမည်မှာ အသေအချာပင်။
လက်ရှိတွင်တော့ ကျန့်လျူရှင်းအတွက် ဖြေဆေး ဖော်စပ်ရန် ဆေးပင်များ အားလုံး စုံလင်သွားပြီ ဖြစ်သည်။ ညရောက်ချိန်မှာတော့ ယင်းကျိုယိုက ဟုန်ရှောင်ပေါင်ကို ဆေးဖော်နည်း သင်ကြားပေးနေ၏။
“ဝါးနီ ကို ဘာလို့ မီးပြင်းပြင်းနဲ့ ကင်ခိုင်းရတာလဲ။”
“ဝါးရဲ့ အသားက သိပ်သည်းတယ်... ဆေးအာနိသင်က အတွင်းပိုင်းမှာ အောင်းနေတတ်တယ်... မီးပြင်းပြင်းနဲ့ ကင်လိုက်မှ အထဲက အာနိသင်တွေ အကုန် အပြင်ကို ထွက်လာမှာပေါ့။”
“ဪ... အဲလိုကိုး။ ဒါဆိုရင် ပန်းခါးပင် ကိုကျတော့ ဘာလို့ မှိုင်းတိုက်ရတာလဲ... ပြီးတော့ သံရည်စိမ်ထားတဲ့ ရေထဲ ဘာလို့ စိမ်ရတာလဲ။”
“ပန်းခါးပင်က နုနယ်တယ်... ပြုတ်လိုက်၊ ကြော်လိုက်၊ ကင်လိုက်တာနဲ့ သူ့ရဲ့ ဆေးအာနိသင်တွေက အငွေ့ပျံပြီး ပျက်စီးသွားလိမ့်မယ်... ဒါကြောင့် မှိုင်းတိုက်တဲ့ နည်းကိုပဲ သုံးရတယ်... သံရည်စိမ်ထားတဲ့ ရေထဲ စိမ်လိုက်တာက သူ့ရဲ့ အပေါ်ယံမှာ သံဓာတ်ပါတဲ့ အမြှေးပါးလေး တစ်လွှာ ဖြစ်သွားစေတယ်... အဲဒီ အမြှေးပါးက သူ့ရဲ့ ဆေးအာနိသင် ကို အပြင်မထွက်အောင် ပိတ်လှောင် ထိန်းသိမ်းပေးထားလိမ့်မယ်။”
“အိုး... တော်လှချည်လား။ ဆေးပင် မတူရင် အပူချိန် မတူရဘူး ဆိုတဲ့ သဘောပေါ့... ဒါဆိုရင် ဆီးနှင်း သည်းခြေပင် ကျတော့ ဘာလို့...။”
အဘိုးကြီး ယင်းကျိုယိုကတော့ တကယ့်ကို ရွေ့လျားနေသည့် ဗဟုသုတ ဘဏ်တိုက်ကြီးပါပေ။
ဟုန်ရှောင်ပေါင်ကလည်း ဤအခွင့်အရေးကို လက်လွတ်မခံဘဲ မသိသမျှ မေးမြန်းတော့သည်။ အဘိုးကြီးကလည်း ပျင်းနေပုံရသည်၊ မေးသမျှကို စိတ်ရှည်လက်ရှည် ဖြေပေးရှာ၏။ အခြား ဆေးပညာရှင်များလို အလေးချိန် တစ်ရွေးသား တစ်ဂရမ်လောက်ကို စာပွဲတင် ချိန်တွယ်ပြီး စူဆောင့်နေသည်မျိုး မဟုတ်ဘဲ၊ အဘိုးကြီးက ဆေးပင်၏ သဘောတရား၊ ကိုင်တွယ်ပုံ နည်းလမ်းများကို အဓိကထား သင်ကြားပေးသည်။ ပမာဏ အနည်းအများ လိုသည်၊ ပိုသည်လောက်ကိုတော့ ရှောင်ပေါင်၏ စိတ်မှန်းအတိုင်း လွှတ်ပေးထားသည်။ လွဲချော်မှု အရမ်းများမှသာ ဝင်ပြင်ပေးခြင်း ဖြစ်သည်။
ဤသို့ လွယ်ကူရှင်းလင်းသည့် သင်ကြားမှုအောက်မှာ ဟုန်ရှောင်ပေါင် တစ်ယောက် ပညာများ အများကြီး ရလိုက်သည်။ သူ မသိသေးသည့် ဆေးပင်များ အများကြီး ရှိသေးပေမည့် ဆေးဖော်စပ်ခြင်း အတတ်ပညာ၏ တံခါးဝကိုတော့ သူ စတင် ဝင်ရောက်နိုင်ခဲ့ပြီ ဖြစ်၏။
နှစ်နာရီခန့် အကြာတွင် ရှောင်ပေါင်သည် ဖြေဆေးကို အောင်မြင်စွာ ဖော်စပ်နိုင်ခဲ့သည်။
ဆေးဖော်ရသည်ကို အရသာ တွေ့လာသောကြောင့် ခြင်္သေ့ခေါင်း ဟင်းပွဲပါ ဆက်လုပ်ချင်သေးသော်လည်း ဝက်ခေါင်းသား မရသေးသောကြောင့် လက်လျော့လိုက်ရသည်။ ထို့ကြောင့် ကြေးဆေးမှုန့်ကိုသာ ဆက်လက် ဖော်စပ်လိုက်၏။ ယခုဆိုလျှင် ဆေးသဘောတရားကို ပိုနားလည်လာပြီ ဖြစ်သည့်အတွက် ယခင် အဘယ့်ကြောင့် ဤအဆင့်မှာ ဤသို့လုပ်ရသနည်းဆိုသော မေးခွန်းများ၏ အဖြေကို သူ ကိုယ်တိုင် သဘောပေါက်လာသည်။ စိတ်ပါလက်ပါ ဖော်စပ်လိုက်သည်မှာ သုံးအိုးလောက် ပြီးသွားမှပဲ အိပ်ရာဝင်ဖြစ်တော့သည်။
တတိယမြောက်နေ့ မနက်စောစောတွင် အိမ်တော်ထိန်း လီ နှင့် ကျန့်လျူရှင်းတို့ ဆိုင်သို့ ရောက်ရှိလာကြ၏။
ကျန့်လျူရှင်း၏ မျက်နှာက အနည်းငယ် တင်းမာနေသည်။ ဟုန်ရှောင်ပေါင် ပြောခဲ့သလိုပင်၊ ယခုရက်ပိုင်း အတွင်းအားကို အသုံးပြုလိုက်တိုင်း သွေးကြောများ ပိတ်ဆို့နေသလို ခံစားနေရ၏။ ပိုကြောက်စရာ ကောင်းသည်က သူ့မျက်လုံး သူကြည့်လိုက်တိုင်း မျက်နက်ဝန်းထဲတွင် ရွှေရောင် အမျှင်တန်းလေးများ ထင်ဟပ်နေခြင်းပင်။
“မဟာပညာကျော် ဆရာဟုန်... ဒီနေ့ ကုလို့ ရပြီလားဗျာ။”
ကျန့်လျူရှင်းက မျှော်လင့်ချက် မျက်လုံးများဖြင့် ကြည့်ကာ မေးလိုက်သည်။
ဟုန်ရှောင်ပေါင်က တစ်ခုခု အကြောင်းပြပြီး ရက်ရွှေ့လိုက်မည်ကို သူ အကြောက်ဆုံးပင်။ ကံကောင်းစွာပင် ရှောင်ပေါင် ခေါင်းညိတ်လိုက်၏။
“ဆေးက အဆင်သင့် ဖြစ်ပါပြီ... အချိန်မရွေး စလို့ ရတယ်။”
“ဝမ်းသာလိုက်တာ... ဒါဆို အခုပဲ စလိုက်ကြရအောင်။” ကျန့်လျူရှင်း စိတ်လှုပ်ရှားစွာ အော်လိုက်သည်။
“ကောင်းပြီ။”
ဟုန်ရှောင်ပေါင်က သူတို့ကို ဆိုင်ထဲ ခေါ်သွင်းပြီး တံခါးပိတ်လိုက်၏။
“သခင်လေးကျန့်... ဒီအဆိပ်ကို ကုတဲ့နေရာမှာ နည်းနည်းတော့ နာကျင်လိမ့်မယ်... ခင်ဗျား အနေနဲ့ သေချာပေါက် သည်းခံနိုင်မှ ဖြစ်မယ်... ပြီးတော့ ကျုပ်ပြောတဲ့ အဆင့်အတိုင်း တစ်သဝေမတိမ်း လိုက်လုပ်ရမယ်။”
“စိတ်ချပါ... ဘယ်လောက်ပဲ နာကျင်ပါစေ ကျုပ် ခံနိုင်ရည် ရှိပါတယ်။” ကျန့်လျူရှင်း အံကြိတ်ပြီး ကတိပေးလိုက်သည်။
“ဒါဆိုရင် အပေါ်ထပ် ကြွပါ။”
ဟုန်ရှောင်ပေါင်က သူတို့ကို ဒုတိယထပ်သို့ ခေါ်သွားသည်။
ထိုနေရာတွင်တော့ ကျန့်လျူရှင်း နည်းနည်း ကြောင်သွား၏။ လေးထောင့်စားပွဲ နှစ်လုံးကို ဆက်ထားပြီး အပေါ်မှာ သာမန် ကျောက်စိမ်းပြားကြီး တစ်ချပ် တင်ထားသည်ကို တွေ့လိုက်ရသောကြောင့်ပင်။ ဝိညာဉ်စွမ်းအင် ဘာမှ မရှိသည့် သာမန် ကျောက်စိမ်းပြားကြီး ဖြစ်၏။
“သခင်လေးကျန့်... ခင်ဗျားရဲ့ အဝတ်အစားတွေ အကုန် ချွတ်ပြီး အဲဒီအပေါ်မှာ လှဲလိုက်ပါ။”
“ဗျာ... အကုန်လုံး ချွတ်ရမှာလား။”
ကျန့်လျူရှင်း မျက်လုံး ပြူးသွားသည်။
“ဟုတ်တယ်... အကုန်လုံး။”
ယောက်ျားချင်း ဆိုပေမည့် ကျန့်လျူရှင်း တစ်ယောက် နေရခက်သွားသည်။ သို့ပေမည့် ရောဂါပျောက်ချင်ဇောဖြင့် အရှက်ကို သည်းခံကာ ရှိသမျှ အဝတ်အစား အကုန်ချွတ်ပြီး ကျောက်စိမ်းပြားပေါ် တက်အိပ်လိုက်ရှာ၏။
ဟုန်ရှောင်ပေါင် ဖြေဆေးကို ထုတ်ယူပြီး အိမ်တော်ထိန်း လီ ဘက်သို့ လှည့်ပြောလိုက်သည်။
“နောင်တော်ကြီး... ဒီဆေးကို သူ့တစ်ကိုယ်လုံး နှံ့အောင် လိမ်းပေးရမယ်... ဒီဆေးက ရွှေဆိပ်ပြင်းထန် အဆိပ်တွေကို တစ်နေရာတည်း စုစည်းသွားအောင် လုပ်ပေးလိမ့်မယ်... ပြီးရင် နောင်တော်ကြီးက ကိုယ့်ရဲ့ အတွင်းအားကို သုံးပြီး ဒီဆေးအာနိသင်ကို သူ့ခန္ဓာကိုယ်ထဲ စီးဝင်သွားအောင် တွန်းပို့ပေးရမယ်... နည်းနည်းတော့ နာလိမ့်မယ်... ဒါပေမဲ့ အဆိပ်တွေ ပိုပြီး စင်ကြယ်သွားလိမ့်မယ်... သခင်လေးကျန့်... ဘယ်လိုလဲ။”
“အဲဒီ နည်းလမ်းအတိုင်းပဲ လုပ်ပါ။”
ဗလာကျင်းနေသည့် ကျန့်လျူရှင်းက ရှက်ရွံ့စွာ ပြောလိုက်သည်။ “ဦးလေး လီ... စလိုက်ရအောင်။”
အိမ်တော်ထိန်း လီက ဆေးကို လောင်းထည့်လိုက်သည်။ အညိုရောင် ပျစ်ချွဲချွဲ အရာများ ဖြစ်၏။ လက်ဝါးနှစ်ဖက်ဖြင့် ပွတ်သပ်လိုက်ပြီး ကျန့်လျူရှင်း၏ ခြေထောက်မှ စတင်ကာ သုတ်လိမ်းလိုက်သည်။
ဆေးအာနိသင်နှင့် အိမ်တော်ထိန်းလီ၏ ပူနွေးသော အတွင်းအားတို့ ခန္ဓာကိုယ်ထဲ ဝင်ရောက်လာချိန်တွင် ကျန့်လျူရှင်း တစ်ကိုယ်လုံး တုန်တက်သွားသည်။ သို့ပေမည့် နာကျင်ခြင်း မရှိဘဲ တစ်မျိုးကြီး ခံစားနေရသည်။ နေလို့ အရမ်း ကောင်းနေသလိုပင်။
အတွင်းအားနှင့် ဆေးအာနိသင်များ သွေးကြောထဲ စီးဝင်သွားချိန်တွင်တော့ ကျန့်လျူရှင်း မျက်နှာ ပျက်သွားသည်။ ထို စွမ်းအင်က နွေးထွေးလွန်းပြီး သူ့ကို တစ်စုံတစ်ရာ ထကြွလာအောင် လှုံ့ဆော်နေသကဲ့သို့ ဖြစ်နေ၏။ သူ မျက်နှာများ ရဲတက်လာပြီး စိတ်ထဲတွင် ရွံရှာစရာ ကိစ္စများကို အတင်းအဓမ္မ တွေးတောကာ စိတ်ကို ထိန်းချုပ်ရန် ကြိုးစားလိုက်သည်။ သို့ပေမည့် ဆန္ဒနှင့် ဘဝက တစ်ထပ်တည်း မကျခဲ့ပေ။ သူ့ပေါင်ကြားမှ ညီလေး က တဖြည်းဖြည်း ခေါင်းထောင်လာ၏။
ဟုန်ရှောင်ပေါင် စကားမပြောနိုင်တော့ချေ။
အိမ်တော်ထိန်း လီလည်း ဆွံ့အသွားသည်။
ကျန့်လျူရှင်းခမျာ ရှက်လွန်းသောကြောင့် မျက်နှာကြီး ရဲရင့်ကာ လည်ပင်းအထိ နီမြန်းနေပြီ ဖြစ်သော်လည်း ဟိုအကောင်ကတော့ သခင်ကို အားမနာဘဲ မိုးပေါ်သို့ ထိုးထောင်ကာ အာခံနေ၏။
“နောင်တော်ကြီး... ဆေးလိမ်းလို့ ပြီးရင် ပြောပါ။”
လှပသည့် မိန်းကလေးဆိုလျှင်တော့ ရှောင်ပေါင် ကြည့်ကောင်း ကြည့်မိဦးမည်။ ယခုဟာက ယောက်ျား ကိုယ်တုံးလုံးချွတ်ကြီး၊ ဟုန်ရှောင်ပေါင် တစ်ယောက် စိတ်မဝင်စားသောကြောင့် ကျောပေးထားလိုက်သည်။
“အား။”
ထိုအချိန်တွင် ကျန့်လျူရှင်း၏ ပါးစပ်မှ နာကျင်စွာ အော်ဟစ်သံ ထွက်ပေါ်လာ၏။
“ဖြေဆေးက ရွှေဆိပ်ပြင်းထန် အဆိပ်တွေကို စုစည်းပေးနေတာပါ။”
ဟုန်ရှောင်ပေါင်က ကျန့်လျူရှင်းကို လှည့်မကြည့်ဘဲ ပေါ့ပေါ့ပါးပါး ရှင်းပြလိုက်သည်။ “အဆိပ်တွေက သခင်လေးကျန့်ရဲ့ သွေးကြောတွေ၊ ကလီစာတွေထဲမှာ နက်နက်ရှိုင်းရှိုင်း ဝင်ရောက်နေတာ ဆိုတော့... အခုလို အတင်းအဓမ္မ ဆွဲထုတ်လိုက်ရင် နာကျင်မှာပဲ။”
“အား။”
ကျန့်လျူရှင်း ထပ်မံ အော်ဟစ်လိုက်ပြန်သည်။ တစ်ကိုယ်လုံးမှ ကြွက်သားများ တင်းမာနေပြီး ချွေးသီးချွေးပေါက်များ ကျဆင်းနေသည်။
“သခင်လေးကျန့်... အခု ဖြစ်စဉ်က အဆိပ်တွေကို စုစည်းရုံပဲ ရှိသေးတယ်... မကြာခင် ခင်ဗျားရဲ့ သွေးကြောထဲမှာ အဆိပ်တွေက နွားမွေးလို သေးငယ်တဲ့ အပ်ကလေးတွေ အဖြစ် ပြောင်းလဲသွားလိမ့်မယ်... အဲဒီအချိန်ကျရင် သတိထားရမယ်... သွေးစီးဆင်းမှုကို ထိန်းချုပ်ပြီး အဲဒီ အဆိပ်အပ်တွေ နှလုံးထဲ မဝင်အောင် တားဆီးထားရမယ်။”
“ဘာ... ဘယ်လို လုပ်ပြီး ဖြစ်နိုင်မှာလဲ။”
ကျန့်လျူရှင်း လန့်ဖျပ်သွား၏။ တစ်ကိုယ်လုံး နာကျင်နေသည်တောင် မေ့သွားပြီး ထထိုင်လုမတတ် ဖြစ်သွားသည်။
.......
ဟုန်ရှောင်ပေါင် ကြောင်သွားသည်။ ယခုမှ သူ သတိဝင်လာ၏။ သွေးစီးဆင်းမှုကို စိတ်ကြိုက် ထိန်းချုပ်နိုင်သည် ဆိုသည်မှာ သူ့လို တပ်မက်ခြင်း ဝံပုလွေ ခန္ဓာကိုယ် ပိုင်ရှင်မှ လုပ်နိုင်တာ မဟုတ်ပါလား။ ကျန့်လျူရှင်းလို သာမန် ကျင့်ကြံသူ တစ်ယောက်က ဘယ်လိုလုပ်ပြီး သွေးကြောစီးဆင်းမှုကို ထိန်းချုပ်နိုင်မည်နည်း။
“ကျုပ် လုပ်ပေးမယ်။”
အိမ်တော်ထိန်းလီက ဝင်ပြောလိုက်သည်။ သူ့စိတ်ထဲတွင်တော့ ဟုန်ရှောင်ပေါင်ကို အကဲခတ်လိုက်မိပြီ။ ရှောင်ပေါင် ပြောလိုက်သည့် စွမ်းရည် ဆိုသည်မှာ ဒဏ္ဍာရီလာ ပထမအဆင့် ရုပ်ခန္ဓာ ၏ အထွတ်အထိပ် ဖြစ်သည့် သွေးဓာတ်အဆင့် ရောက်မှသာ ပိုင်ဆိုင်နိုင်သည့် စွမ်းရည်မျိုး ဖြစ်သည်။
ဟုန်ရှောင်ပေါင်က ဤအချက်ကို သာမန်ကာ လျှံကာ ပြောလိုက်ခြင်းက ကျင့်ကြံသူတိုင်း ထိုအရာကို လုပ်နိုင်သည်ဟု ထင်မှတ်နေသောကြောင့် ဖြစ်နိုင်၏။
ဒါ... ဒါ ဟုန်ရှောင်ပေါင် ကိုယ်တိုင်က သွေးဓာတ်အဆင့် ကို ရောက်နေလို့များလား။
အခန်း (၆၄) - ဒါက အနာဖေး တက်သွားပြီလား>
အခြေအနေက အချိန်ဆွဲနေ၍ ရမည့်အနေအထား မဟုတ်ပေ။ အိမ်တော်ထိန်းလီ ချက်ချင်း အသိပြန်ဝင်လာသည်။ သူ့ခန္ဓာကိုယ်မှ ဝိညာဉ်စွမ်းအင်များ လည်ပတ်သွားပြီး ကျန့်လျူရှင်း၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်ကာ နှလုံးဆီသို့ ဦးတည်နေသော သွေးကြောမကြီးများကို ပိတ်ဆို့ထားလိုက်၏။
တစ်ချိန်တည်းမှာပင် သူ့လက်တစ်ဖက်က ကျန့်လျူရှင်း၏ ပေါင်ခြံရင်းသို့ ရောက်ရှိသွားပြီ ဖြစ်သည်။ အချိန်ကိုက်ပင် ဟုန်ရှောင်ပေါင်က သစ်သားဆူးလိုလို၊ သံနန်းကြိုးလိုလို အရာတစ်ခုကို ထုတ်ပေးလိုက်သည်။
“နောင်တော်ကြီး... ဒီပစ္စည်းက အထူးစီရင်ထားတာ... ဒါကို သခင်လေးကျန့်ရဲ့ ပေါင်ခြံက သွေးလွှတ်ကြောမ ကြီးထဲ ထိုးထည့်လိုက်ပါ... ရွှေဆိပ်ပြင်းထန် အဆိပ်တွေက အဲဒီမှာ လာပြီး ကပ်ငြိလိမ့်မယ်။”
ရှောင်ပေါင်က ပြောပြီးသည်နှင့် ကျန့်လျူရှင်းဘက် လှည့်လိုက်၏။ “သခင်လေးကျန့်... အောင့်ထားနော်။”
အိမ်တော်ထိန်းလီ၏ နဖူးတွင် ချွေးသီးချွေးပေါက်များ ကျနေပြီ ဖြစ်သည်။ သူ ခေါင်းကို လေးလေးပင်ပင် ညိတ်လိုက်၏။ ကြီးမားလှသော ဝိညာဉ်စွမ်းအားဖြင့် ကျန့်လျူရှင်း၏ ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်အောင် ဖိနှိပ်ထားလိုက်ပြီး နောက်တစ်ခဏ၌ ထို သစ်သားဆူးအပ်ကို ပေါင်ရင်း သွေးလွှတ်ကြောထဲ စိုက်ချလိုက်သည်။
သွေးကြောထဲတွင် နွားမွေးကဲ့သို့ သေးငယ်သော အပ်ကလေးများအဖြစ် စုစည်းနေပြီ ဖြစ်သည့် ရွှေဆိပ်ပြင်းထန် အဆိပ်များသည် သစ်သားဆူးအပ် ဝင်လာသည်နှင့် သံလိုက်တွေ့သည့် သံမှုန်များအလား ပြေးကပ်ကြတော့၏။
သာမန်လူ မကြားနိုင်သော်လည်း သတ္တုချင်း ထိခတ်မိသည့် တင်း... တင်း... ဟူသော အသံများကို အိမ်တော်ထိန်း လီ ကြားလိုက်ရသည်။
“ထိရောက်တယ်... တကယ်ကြီး လာကပ်နေကြပြီ။” အိမ်တော်ထိန်း လီ ဝမ်းသာအားရ အော်လိုက်၏။
ခဏအကြာတွင်တော့ အပ်ပေါက်ရာက သေးငယ်သော်လည်း ထိုးဖောက်ထားသည်က ပေါင်ရင်း သွေးလွှတ်ကြောမကြီး ဖြစ်သည့်အတွက် သွေးများက ဖြန်းခနဲ ဖြာထွက်လာသည်။ ထိုသွေးပန်းများသည် မိုးပေါ်သို့ ထိုးထောင်ကာ အာခံနေဆဲ ဖြစ်သည့် ကျန့်လျူရှင်း၏ ညီတော်မောင် ပေါ်သို့ တရွှဲရွှဲ ကျဆင်းကုန်တော့သည်။
ဟုန်ရှောင်ပေါင်က အချိန်အတိုင်းအတာ တစ်ခုထိ စောင့်ကြည့်လိုက်သည်။ အပ်ဆီသို့ အဆိပ်များ လာကပ်သည့်နှုန်း နှေးသွားမှ အိမ်တော်ထိန်း လီကို လှမ်းပြောလိုက်၏။
“နောင်တော်ကြီး... မိုးမခအပ် ကို ဆွဲထုတ်လိုက်တော့... သတိတော့ ထားနော်၊ အနာကို မထိခိုက်စေနဲ့... မတော်တဆ ထိခိုက်မိရင် ကပ်ပါလာတဲ့ အဆိပ်အပ်တွေ ပြန်ပြုတ်ကျကုန်လိမ့်မယ်။”
အိမ်တော်ထိန်းလီ ခေါင်းညိတ်လိုက်သည်။ အပ်ပေါက်ရာကို အသာအယာ ချဲ့လိုက်ပြီး မိုးမခအပ်ကို သတိကြီးစွာဖြင့် ဆွဲထုတ်လိုက်၏။ သွေးများ ရဲရဲနီနေသော အပ်တံပေါ်တွင် နွားမွေးသဏ္ဍာန် ရွှေရောင် အဆိပ်အပ်ကလေးများ ပြည့်နှက်နေသည်ကို တွေ့လိုက်ရသည်။
“ဒါ... တကယ့်ကို နတ်ဆေးဆရာပဲ။”
အိမ်တော်ထိန်း လီသည် သွေးတစက်စက် ကျနေသော မိုးမခအပ်ကို ကြည့်ပြီး အံ့သြတကြီး ရေရွတ်မိ၏။
“မိတ်ဆွေလေးဟုန် သာ မရှိရင်... ဒီလောကကြီးမှာ ဒီလို ကြောက်စရာကောင်းတဲ့ အဆိပ်ကို ဘယ်သူ ဖြေနိုင်မှာလဲ။ လေးစားပါတယ် ... တကယ်ကို လေးစားပါတယ်။”
“ကျုပ် ဘယ်ဘက်ခြေထောက်မှာ ခုနကလို ခံစားချက်မျိုး မရှိတော့ဘူး။”
နာကျင်မှုကြောင့် မျက်နှာဖြူဖပ်ဖြူရော် ဖြစ်နေရှာသော ကျန့်လျူရှင်း၏ မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှုများ ဖြတ်ပြေးသွားသည်။ “ပျောက်သွားပြီ... တကယ်ကြီး ပျောက်သွားပြီဗျ။ ကျေးဇူးပါပဲ ဆရာဟုန်... ကျေးဇူးပါပဲ။”
“ရပါတယ်ဗျာ။”
သွေးမြင်လျှင် မူးချင်သလို ဖြစ်တတ်သည့် ရောဂါကြောင့် ဟုန်ရှောင်ပေါင် ခေါင်းနည်းနည်း နောက်နေသော်လည်း ဟန်မပျက် ထိန်းထားလိုက်၏။ နောက်ထပ် မိုးမခအပ် တစ်ချောင်း ထုတ်ပေးပြီး ပြောဆို၏။
“ကဲ... နောက်တစ်ချောင်း ဆက်မယ်... နည်းလမ်းကတော့ အတူတူပဲ။”
ရွှေဆိပ်ပြင်းထန် အဆိပ် ထုတ်ယူခြင်း လုပ်ငန်းစဉ်သည် နေ့ခင်း တစ်ပိုင်းလုံး ကြာမြင့်သွားသည်။ ညနေစောင်း မှသာ ပြီးဆုံးသွားပြီး ဟုန်ရှောင်ပေါင် အထူးစီရင်ထားသော မိုးမခအပ် နှစ်ဆယ့်တစ်ချောင်းတိတိ ကုန်သွား၏။ ပထမဆုံး ထုတ်ယူထားသည့် အပ်များကို သွေးခြောက်သွားသည့်အခါ ရွှေဆိပ်ပြင်းထန် အဆိပ်၏ ပုံစံအမှန် ပေါ်လာသည်။ အပ်ဟု ခေါ်သည်ထက် ရွှေရောင် အမွေးများနှင့် ပိုတူသည်။ ကြည့်ရတာတော့ လှသလိုလိုပင်။
ကျန့်လျူရှင်း တစ်ယောက် မီးဖွားပြီးစ အမျိုးသမီး တစ်ယောက်လို ခန္ဓာကိုယ် အားနည်းနေသော်လည်း စိတ်ဓာတ်ကတော့ တက်ကြွနေသည်။ နေ့စဉ်ရက်ဆက် သူ့ကို နှိပ်စက်နေသည့် အရာများ ပျောက်ကွယ်သွားပြီ မဟုတ်ပါလား။
ရွှေရောင်အမွေးများ ကပ်နေသည့် အပ် နှစ်ဆယ့်တစ်ချောင်းကို ကြည့်ပြီး ဒေါသရော ဝမ်းသာမှုပါ ရောထွေးနေသည်။
“ငါ့ကို ဒုက္ခပေးနေတာ ဒီကောင်တွေကိုး... တောက်။”
ထို့နောက် ဟုန်ရှောင်ပေါင်ဘက် လှည့်ကာ ပြောဆို၏။
“ဆရာဟုန်... ခင်ဗျားက တကယ့်ကို လက်တွေ့ပါပဲဗျာ။ ခင်ဗျားက ကျုပ် ကျန့်လျူရှင်းကို ဒုတိယအကြိမ် ပြန်လည်မွေးဖွားပေးလိုက်တဲ့ မိဘပါပဲ။”
“ဟာ... သခင်လေးကျန့်ကလည်း မြှောက်လွန်းပါပြီ။”
ဟုန်ရှောင်ပေါင် ပြုံးလိုက်သည်။ ပြီးနောက် အိမ်တော်ထိန်း လီ ဘက် လှည့်ပြောလိုက်၏။
“နောင်တော်ကြီး... သခင်လေးကျန့်ကို ဒီရက်ပိုင်း အစားအသောက် ဆင်ခြင်ခိုင်းပါ... အဆီအစိမ့်၊ အသားငါး လုံးဝ မကျွေးပါနဲ့။”
အိမ်တော်ထိန်းလီက သေချာ မှတ်သားလိုက်သည်။ ပြီးမှ တစ်စုံတစ်ခုကို သတိရသွားသလိုဖြင့် မေးမြန်း၏။
“မိတ်ဆွေလေးဟုန်... ကျုပ်ရဲ့ ဝိညာဉ်ဝဲဂယက် သုံးခု ကိစ္စရော... ကုလို့ ရနိုင်မလား။”
ဟုန်ရှောင်ပေါင်က ဤမေးခွန်း မေးလာမည်ကို ကြိုသိနေသည့်ပုံဖြင့် တည်ငြိမ်စွာ ဖြေလိုက်သည်။
“တကယ်လို့ လွန်ခဲ့တဲ့ ငါးနှစ်လောက်ကသာ နောင်တော်ကြီးနဲ့ တွေ့ခဲ့ရင်တော့ နည်းလမ်း ရှိကောင်း ရှိနိုင်ပါရဲ့... အခုတော့ နည်းနည်း ခက်ခဲသွားပြီ။”
ခက်ခဲသွားပြီ ဟုသာ ပြောပြီး မရတော့ဘူး ဟု ပြောမသွားသောကြောင့် အိမ်တော်ထိန်း လီ မျှော်လင့်ချက် ရောင်ခြည်သန်းလာ၏။ “ကျေးဇူးပြုပြီး အကြံပေးပါအုံး မိတ်ဆွေလေး။”
“အင်း... နောင်တော်ကြီး အနေနဲ့ ဂျင်ဆင်းနက်၊ ကျူရိုး၊ ကျီမူ သုံးမျိုးကို စမ်းသောက်ကြည့်သင့်တယ်... အကယ်၍ တတ်နိုင်မယ် ဆိုရင်တော့ မြစိုင်သမင်ရဲ့ လိင်တံ ကိုပါ ထည့်ပေါင်းလိုက်ရင် ပိုကောင်းလိမ့်မယ်။”
ဟုန်ရှောင်ပေါင်က ဆေးအချိုးအစားများကိုပါ သေချာ ရှင်းပြလိုက်သည်။
အိမ်တော်ထိန်းလီ တစ်ယောက် ကျေးဇူးတင်စကား အထပ်ထပ် ဆိုလိုက်၏။ ထို့နောက် ခေတ္တ စဉ်းစားပြီး ပြောဆို၏။
“တကယ်တော့ ဒီတစ်ခေါက် လာရင်း နောက်ထပ် ကိစ္စတစ်ခု ပြောချင်လို့ပါ။ ကျန့်အိမ်တော်မှာ သခင်ကြီး အချစ်ဆုံး သမီးလေး တစ်ယောက် ရှိတယ်... ငယ်ငယ်လေးတည်းက ခန္ဓာကိုယ် အားနည်းပြီး မကြာခဏဆိုသလို လဝက်လောက် မေ့မြောပြီး အိပ်ပျော်သွားတတ်တယ်... နည်းလမ်းပေါင်းစုံနဲ့ ကုပေမဲ့ မသက်သာဘူး။
ပြီးခဲ့တဲ့ လကုန်က သမားတော်ချန် ပေးလိုက်တဲ့ ဆေးကို သောက်ပြီး ဒီနေ့ထိ သတိပြန်မရတော့ဘူး။ သခင်လေးရဲ့ အဆိပ်ကို ကုပေးလိုက်တာ မြင်ပြီး မိတ်ဆွေလေးဟုန်ကို ယုံကြည်သွားလို့ပါ... မိတ်ဆွေလေး အချိန်ရရင် သခင်မလေးကိုပါ တစ်ချက်လောက် ကြည့်ပေးပါလား။”
“ဟုတ်တယ်... ဟုတ်တယ်။”
ကျန့်လျူရှင်းက ဘေးမှ ဝင်ထောက်ခံသည်။ “ကျုပ်လည်း အဲဒါ ပြောမလို့ပဲ... ဒါပေမဲ့... ဟို... သမားတော်ချန် ဆိုတဲ့ လူကြီးက စိတ်ကြီး နည်းနည်း ဝင်နေတယ်... သူ မရှိတဲ့ အချိန်သွားမှ ပိုအဆင်ပြေမယ် ထင်တယ်။”
ဟုန်ရှောင်ပေါင် မျက်မှောင်ကြုတ်လိုက်၏။ ဘာလဲဟ... ငါက ဆေးသွားကုပေးရမှာကို သူများ မျက်နှာ ကြည့်နေရဦးမှာလား။
“အဲဒါတွေက အသေးအဖွဲပါ မိတ်ဆွေလေးရယ်... သမားတော်ဆိုတာ မိဘလို စိတ်ထား ရှိတာပဲ... ဒါတွေကို ဂရုစိုက်နေမှာ မဟုတ်ပါဘူး။”
အိမ်တော်ထိန်း လီက ချက်ချင်း ဝင်ပြောသည်။ “ပြီးတော့ သခင်မလေး ချန်ချန် က သခင်ကြီးရဲ့ အသည်းကျော်လေ... တကယ်လို့သာ မိတ်ဆွေလေး ကုပေးနိုင်ရင် သခင်ကြီး ပေးမယ့် ဆုလာဘ်က သခင်လေးကျန့် ထက်တောင် ပိုမျာအုံးမှာ။”
ဟွန်း... ဝိညာဉ်ကျောက်တုံးနဲ့ လာပေါက်တာလား။ ဟုန်ရှောင်ပေါင် ဆိုတဲ့ကောင်က အဲဒီလောက် လွယ်မယ် ထင်နေလား။
ရှောင်ပေါင် စိတ်ထဲတွင် ဒေါသ ထွက်သွားသည်။ သို့နှင့် အေးစက်စွာ မေးလိုက်၏။ “ဘယ်နေ့ သွားမလဲ။”
“သခင်မလေး သတိရလာမှ သွားလို့ရမှာပါ... အရင် အခြေအနေတွေအရ ဆိုရင်တော့ နောက်ထပ် နှစ်ရက် သုံးရက်လောက် နေရင် သတိရလာလိမ့်မယ်။”
ဟုန်ရှောင်ပေါင် လက်ခံလိုက်သည်ကို မြင်တော့ အိမ်တော်ထိန်း လီ ဝမ်းသာသွားသည်။
“သခင်မလေး သတိရတာနဲ့ ကျုပ် ချက်ချင်း လာခေါ်ပါ့မယ်။”
သူတို့နှစ်ယောက် ပြန်သွားပြီးနောက် ဟုန်ရှောင်ပေါင် တစ်ယောက်တည်း စဉ်းစားကျန်ရစ်ခဲ့သည်။
တစ်ခါအိပ်ရင် လဝက်လောက် ကြာတယ် ဆိုတော့... ဒါ ဘာရောဂါလဲ။ ပြီးတော့ ဟို သမားတော်ဆိုတဲ့လူက ဒေါသကြီးကြီးနဲ့ ပြဿနာ ရှာတတ်ပုံပဲ... ကြည့်ရတာ ရှုပ်ထွေးမယ့် ပုံပဲ။