← Chapters

ယူချင်း၏ဇစ်မြစ်

Vol. 182 Ch. 2601

ယူချင်း၏ဇစ်မြစ်

Vol. 182 Ch. 2601

ရီဖူရှင်း အဓိကရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခုကို နှင်ထုတ်ပြီးနောက်တွင် စီဝေ့ကြယ်ကောင်းကင်၏ အင်အားစုများသည် မူလဘုံတစ်ခွင်တွင် ဖြန့်ကျက်ခဲ့သည်။ သူတို့သည် အဓိကရှေးဟောင်းနတ်ဘုရားကလန်ခြောက်ခု၏ အခြေစိုက်စခန်းများကို နေရာဝင်ယူ၍ တည်နေရာရွှေ့ပြောင်းမဟာကွန်ရက်များကို တည်ဆောက်ခဲ့သည်။ သူတို့သည် ကောင်းကင်အာဏာစက်ကျောင်းတော်နှင့် မူလမဟာအင်ပါယာဘုံကိုးခုတို့တွင် လမ်းစဉ်ကို သင်ကြားပေးခဲ့သည်။ တစ်ဖက်တွင်လည်း စီဝေ့ကြယ်ကောင်းကင်သည် စွမ်းအားကြီးကျင့်ကြံသူများကို စတင်ရွေးချယ်နေသည်။

စီ‌ဝေ့အင်ပါယာနန်းတော်မှ အရေးပါသော အဖွဲ့ဝင်များသည် အလုပ်များနေကြသည်။ ရီဖူရှင်းက ဆေးလုံးနောက်တစ်သုတ် ဖော်စပ်ပြီးနောက်တွင် ဆက်၍ ကျင့်ကြံနေခဲ့သည်။

ကောင်းကင်ဒေသမှ အင်အားစုများသည် စီဝေ့ကြယ်ကောင်းကင်ကို အချိန်တစ်ခုအထိ တိုက်ခိုက်ဝံ့တော့မည်မဟုတ်ပေ။

ကောင်းကင်ပြက္ခဒိန်၏ (၁၀,၁၃၃)ခုနှစ်တွင် ကောင်းကင်ဒေသတွင် သတင်းတစ်ခု ပျံ့နှံ့သွားပြီး လူများကို အံ့အားသင့်သွားစေလေသည်။

နတ်ဆိုးဘုံသည် သူတို့၏တပ်သားများကို ကောင်းကင်ဒေသသို့ စေလွှတ်၍ သူတို့နှင့် စစ်ဖြစ်လိုနေပေသည်။

ကောင်းကင်ဒေသအတွက် ထိုသတင်းသည် မထင်မှတ်ထားသော သတင်းဖြစ်သည်။ ယခင်က ပရမ်းပတာစစ်ပွဲပြီးဆုံးသွားပြီး အရှင်ဒွန်ဟောင်က ကောင်းကင်ဒေသကို စည်းလုံးစေခဲ့ပြီးနောက်တွင် ထိုကဲ့သို့ ကြီးမားသည့်စစ်ပွဲမျိုး မရှိခဲ့တော့ပေ။ မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့သည် သူတို့ကို အကြိမ်ပေါင်းများစွာ ရန်စခဲ့သည်။ သို့သော် ထိုမျှလောက်ကို စစ်ပွဲကြီးဟု မဆိုနိုင်ပေ။

သို့သော် ယခုတွင် နတ်ဆိုးဘုံသည် ကောင်းကင်ဒေသကို အရင်စ၍ စစ်ကြေညာခဲ့လေသည်။

ရေထဲသို့ ကျသွားသည့် ကျောက်ခဲတစ်ခဲသည် တံလျှပ်တစ်ထောင်ကို ဖြစ်ပေါ်စေနိုင်လေသည်။ အကယ်၍ နတ်ဆိုးဘုံသည် ကောင်းကင်ဒေသကို ကျူးကျော်ခဲ့လျှင် မှော်နက်လောကနှင့် နတ္တအင်ပါယာဘုံတို့မှာလည်း လှုပ်ရှားရန် အသင့်ဖြစ်နေမည်ဖြစ်သည်။ သူတို့သည် သူတို့၏စစ်တပ်များကို စုဝေး၍ ကောင်းကင်ဒေသကို သိမ်းပိုက်ရန် စောင့်ဆိုင်းနေမည်ဖြစ်သည်။

လောကကြီးများ၏ ပရမ်းပတာစစ်ပွဲကြီးတစ်ခု ဖြစ်ပေါ်လာတော့မည့်ပုံပင်။

မျှော်လင့်ထားသကဲ့သို့ပင် နတ်ဆိုးဘုံသည် လွန်စွာအင်အားကြီးပြီး ကောင်းကင်ဒေသ၏နယ်မြေများကို တိုက်ရိုက်ကျူးကျော်လိုနေကြသည်။

သူတို့သည် ကောင်းကင်ဒေသကို ကျူးကျော်ရန် မည်သို့သောရန်ငြိုးမျိုး ရှိပေသနည်း။

နတ်ဆိုးဘုံသည် ကောင်းကင်ဒေသမှ နယ်မြေများကို သူတို့၏ တိုက်ပွဲမြေပြင်အဖြစ် ရွေးချယ်လိုက်သဖြင့် မူလဘုံသည် အေးချမ်းနေပေသည်။ မူလဘုံတွင် စခန်းချထားသော အင်အားစုအသီးသီး၏ ကျင့်ကြံသူများကို ကောင်းကင်ဒေသသို့ ပြန်ခေါ်လိုက်ကြလေသည်။ ထိုကဲ့သို့သော စစ်ပွဲကြီးသည် အဓိကလောကကြီးများအကြားတွင် ရိုက်ခတ်မှုများ ရှိစေမည်ဖြစ်သည်။

အဓိကလောကကြီးများမှ ကျင့်ကြံသူများသည် ထိုကြီးမားသောစစ်ပွဲကြီးကို ရင်ဆိုင်ရန်အတွက် ပြင်ဆင်ရန် သူတို့၏ဌာနချုပ်များသို့ ပြန်သွားကြပေသည်။

စီဝေ့ကြယ်ကောင်းကင်သည် အဓိကလောကကြီးများနှင့် အဆက်အဆံမရှိပေ။ သူတို့နှင့် ကောင်းကင်ဒေသအကြားရှိ ပဋိပက္ခကြောင့် မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့သည် သူတို့ကို အသုံးချလိုခဲ့ကြသည်။ ထို့ကြောင့် စီဝေ့ကြယ်ကောင်းကင်နှင့် မူလဘုံကို မည်သူမှ မတိုက်ခိုက်ခဲ့ကြပေ။ ထို့ကြောင့် ရီဖူရှင်းက ကံကောင်းသည်ဟု ခံစားနေရလေသည်။

ကောင်းကင်ဒေသသည် ထိုကဲ့သို့ ဆူပူနေသော်လည်း စီဝေ့ကြယ်ကောင်းကင်သည် အေးအေးချမ်းချမ်းဖြင့် တိုးတက်လာနိုင်သည်။

စီဝေ့ကြယ်ကောင်းကင်၏ မြို့တော်ထဲရှိ စီဝေ့အင်ပါယာနန်းတော်နှင့် သိပ်မဝေးသည့် သေရည်ဆိုင်တစ်ဆိုင်ထဲတွင် ဝတ်ရုံနက်နှင့် လူတစ်ယောက်သည် သေရည်သောက်နေသည်။ သူက သူ၏အရှိန်အဝါကို တမင်ထုတ်လွှတ်မထားသော်လည်း သူ့ပတ်ဝန်းကျင်မှလူများသည် သူမည်မျှ စွမ်းအားကြီးကြောင်းကို အာရုံခံနိုင်သည်။ သူသည် အမှန်ပင် အလွန်ကြောက်မက်ဖွယ်ကောင်းသူတစ်ဦးဖြစ်လေသည်။

သူသည် အလွန်တိတ်ဆိတ်နေပြီး မည်သူ့ကိုမှ မနှောင့်ယှက်ဘဲ တစ်ယောက်တည်း သေရည်သောက်နေ၏။

ထိုအခိုက်တွင် လူတစ်စုသည် သေရည်ဆိုင်၏ လှေကားမှတက်လာကြပြီး သူနှင့် မျက်နှာချင်းဆိုင် စားပွဲတွင် ဝင်ထိုင်လိုက်လေသည်။ ထိုလူများသည် အတော်လေးငယ်ပုံပေါ်သော်လည်း သူတို့၏ ဟန်ပန်အမူအရာသည် ထူးကဲပေသည်။ သူတို့သည် သာမန်လူများမဟုတ်ကြောင်း တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ပြောနိုင်လေသည်။

ဦးဆောင်လာသော လူငယ်လေးသည် ဝတ်ရုံနက်နှင့်လူကိုကြည့်၍ ပြောလိုက်သည်။

“နောင်ကြီးရဲ့ ဟန်ပန်ကိုကြည့်ရတာ နောင်ကြီးက သာမန်လူတစ်ယောက်နဲ့ မတူဘူး။ ကျုပ် နောင်ကြီးနဲ့ သေရည်အတူသောက်ခွင့် ရနိုင်မလား”

ဝတ်ရုံနက်နှင့်လူသည် ခေါင်းငုံ့ထားဆဲပင်။ သူက လူငယ်ကို ပြန်မကြည့်ဘဲ ဖြေလိုက်သည်။

“သေရည်နဲ့ပတ်သတ်လာရင် ငါက ဘယ်သူ့ကိုမှ မငြင်းဖူးသေးဘူး”

“အဲဒီလိုဆို ကောင်းတာပေါ့...”

လူငယ်က ပြန်ပြောလိုက်သည်။ သူက ထိုသို့ပြောလိုက်ပြီးနောက် သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး ဝတ်ရုံနက်နှင့်လူထံသို့ သေရည်အိုးတစ်အိုးကို ရွှေရောင်လျှပ်စီးတစ်ခုကဲ့သို့ ပစ်လွှတ်လိုက်လေသည်။  သေရည်အိုးပတ်လည်ရှိနေရာသည်ပင် ကွဲအက်သွားသည်ဟု ထင်ရပေသည်။

သို့သော် ဝတ်ရုံနက်နှင့်လူသည် သူ၏လက်ကို အနည်းငယ်ဆန့်၍ သေရည်အိုးကို တည်ငြိမ်စွာ ဖမ်းယူလိုက်သည်။ ထို့နောက် သူက သူ့အတွက်သူ သေရည်အနည်းငယ်ငှဲ့ကာ တစ်ခွက်သောက်၍ ပြောလိုက်သည်။

“ကျေးဇူးပါပဲ”

အခြားလူများသည် ထိုအဖြစ်အပျက်မှနေ၍ မည်သည့်ကိစ္စကိုမှ မသိလိုက်ကြပေ။ သို့သော် လူငယ်သည် အနည်းငယ် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“နောင်ကြီးက ဘယ်သူလဲဆိုတာ ကျုပ်မေးလို့ရမလား”

ထိုလူငယ်သည် ရီဖူရှင်း၏တပည့် ဖန်းစွင်ဖြစ်သည်။ ယခုတွင် သူသည် စီဝေ့အင်ပါယာနန်းတော်ထဲတွင် ကိစ္စများစွာကို တာဝန်ယူထားရပြီဖြစ်သည်။

ထိုကဲ့သို့သော ကျင့်ကြံသူတစ်ဦး မြို့ထဲတွင် ပေါ်လာသဖြင့် ဖန်းစွင်သည် အတော်လေး စိုးရိမ်မကင်းဖြစ်နေသည်။ ထို့ကြောင့် သူသည် ဤနေရာအထိလာ၍ ထိုသူမှာ မည်သူဖြစ်ကြောင်း လာစုံစမ်းခြင်းဖြစ်သည်။ အနည်းဆုံး သူက ထိုလူ၏ နောက်ကြောင်းနှင့် ရောက်လာရသည့် ရည်ရွယ်ချက်ကို စုံစမ်းရပေမည်။

ဝတ်ရုံနက်နှင့်လူသည် ခေါင်းမော့၍ ဖန်းစွင်ကို ရှိန်လောက်စရာ မျက်ဝန်းနက်များနှင့် ကြည့်လိုက်သည်။ ထို့နောက် သူပြောလိုက်သည်။

“သူ့ရဲ့ တပည့်ဆိုတဲ့အတိုင်းပါပဲ... မင်းက တကယ့်ကို ထူးကဲတာပဲ”

“နောင်ကြီးက ကျုပ်ရဲ့ ဆရာကို သိလို့လား”

ဖန်းစွင်က မေးလိုက်သည်။

“ငါ သူနဲ့တွေ့ချင်တယ်”

ဝတ်ရုံနက်နှင့်လူက ပြောလိုက်သည်။ ဖန်းစွင် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် သောယွီက ပြောလိုက်သည်။

“ဆရာက လူတိုင်းနဲ့ မတွေ့နိုင်ပါဘူး။ နောင်ကြီးက ဆရာနဲ့တွေ့ချင်တယ်ဆိုရင် နောင်ကြီးရဲ့ နာမည်ကို အရင်ဆုံး ပြောပြဖို့ လိုပါလိမ့်မယ်”

“ငါက နတ်ဆိုးဘုံက မေ့ထန်...”

ဝတ်ရုံနက်နှင့်လူက ပြန်ဖြေလိုက်သည်။

ဖန်းစွင်နှင့်အခြားသူများ ဆွံ့အသွားသည်။ သူတို့သည် ထိုအမည်ကို ယခင်က ကြားခဲ့ဖူးပေသည်။

ယခုတွင် နတ်ဆိုးဘုံသည် ကောင်းကင်ဒေသနှင့် စစ်ဖြစ်နေပေသည်။ အဘယ်ကြောင့် နတ်ဆိုးဘုံ၏ စစ်သူကြီးတစ်ဦးဖြစ်သော မေ့ထန်သည် စီဝေ့မြို့တော်သို့ ရောက်လာကာ ရီဖူရှင်းကို ရှာနေရသနည်း။ သူက မည်သည့်ရည်ရွယ်ချက်ကြောင့် ဤနေရာသို့ လာခဲ့ရသနည်း။

“ကျုပ် အခုပဲ ဆရာ့ကို သွားအကြောင်းကြားလိုက်ပါမယ်”

ဖန်းစွင်သည် ခေတ္တမျှ တိတ်တဆိတ်တွေးတောပြီးနောက် ပြောလိုက်သည်။ ထို့‌နောက် သူက ရီဖူရှင်းကို သွားရောက် အကြောင်းကြားလိုက်လေသည်။

မကြာခင်တွင် ရီဖူရှင်းသည် သေရည်ဆိုင်ထဲတွင် ပေါ်လာ၏။ သေရည်ဆိုင်ထဲမှ ကျင့်ကြံသူများသည် ထရပ်၍ ရီဖူရှင်းကို လေးစားအားကျသည့်အကြည့်များဖြင့် ကြည့်လိုက်ကြသည်။

ရီဖူရှင်းသည် စီဝေ့ကြယ်ကောင်းကင်ထဲတွင် အကျော်ဇေယျတစ်ဦးဖြစ်နေပေပြီ။

ရီဖူရှင်း၏အကြည့်များသည် မေ့ထန်ပေါ်သို့ ကျရောက်သွားသည်။ သူက ရှေ့သို့လျှောက်သွားကာ မေ့ထန်၏စားပွဲသို့သွား၍ ထိုင်လိုက်သည်။ သူပြောလိုက်၏။

“ကျုပ် စစ်သူကြီးကို မတွေ့တာ‌တောင် ကြာပြီပဲ... ဒီတစ်ခေါက် စစ်သူကြီးက ကျုပ်ကို ဘာများ အလင်းပြစရာရှိလို့လဲ”

“ကောင်းကင်ဒေသက သတင်းတွေကို မင်းကြားပြီးပြီလို့ ငါထင်တယ်...”

မေ့ထန်ပြောလိုက်သည်။ သူက ထိုသို့ပြောရင်း သူတို့နှစ်ယောက် ပတ်ပတ်လည်တွင် အကာအရံတစ်ခု ဖန်ဆင်းလိုက်ပြီး သူတို့၏စကားများကို အပြင်မှလူများ မကြားနိုင်အောင် လုပ်လိုက်သည်။ သူက သူတို့၏စကားများကို အခြားသူများကို မကြားစေလိုကြောင်း ထင်ရှားပေသည်။

ရီဖူရှင်း ခေါင်းညိတ်၍ ပြောလိုက်သည်။

“အဲဒါကြောင့်လည်း ကျုပ်က ခင်ဗျားလို နတ်ဆိုးဘုံရဲ့ စစ်သူကြီးတစ်ယောက်က ဒီမှာဘာလာလုပ်တာလဲဆိုတာ စိတ်ဝင်စားနေတာပဲ...”

“နတ်ဆိုးဘုံရဲ့ စပ်တပ်က ဒီတစ်‌ခေါက် ကောင်းကင်ဒေသကိုပဲ ကျူးကျော်မှာမဟုတ်ဘူး... သူတို့က မူလဘုံကိုလည်း ကျူးကျော်ဖို့ လုပ်နေတယ်...”

မေ့ထန်က ပြောလိုက်သည်။

“နတ်ဆိုးအင်ပါယာက မူလဘုံကိုလည်း ကျူးကျော်သိမ်းပိုက်ဖို့ အမိန့်ပေးပြီးသွားပြီ။ မူလဘုံကို ကျူးကျော်မယ့် စစ်တပ်ကို သူ ဘယ်သူ့ကို ဦးဆောင်ခိုင်းလဲဆိုတာ မင်းသိလား...”

ရီဖူရှင်းက မျက်မှောင်ကြုတ်၍ မေ့ထန်ကို စိုက်ကြည့်လိုက်သည်။ သူက နမိတ်မကောင်းသလို ခံစားနေရလေသည်။

သူက နတ်ဆိုးဘုံမှ လူအနည်းငယ်ကိုသာ သိပေသည်။

မေ့ထန်အနေဖြင့် ထိုကဲ့သို့သောမေးခွန်းမျိုးကို မေးသည်ကိုကြည့်လျှင် ရီဖူရှင်းသည် ထိုစစ်တပ်ကို ဦးဆောင်ရန် တာဝန်ပေးခံရသူကို သိနိုင်သည်။ သူက ထိုလူနှင့် ပတ်သတ်မှု အချို့ရှိရပေမည်။

“ယူချင်း...”

ရီဖူရှင်းက မေ့ထန်ကိုကြည့်၍ ပြောလိုက်သည်။

“အမှန်ပဲ...”

မေ့ထန်သည် ရီဖူရှင်းကို မျက်လုံးချင်းဆုံအောင်ကြည့်၍ ပြောလိုက်သည်။

“နတ်ဆိုးအင်ပါယာက မူလဘုံကို ကျူးကျော်မယ့် နတ်ဆိုးဘုံရဲ့ စစ်တပ်ကြီးကို ဦးဆောင်ဖို့ ယူချင်းကို တာဝန်ပေးလိုက်တာပဲ။ ယူချင်းက မင်းနဲ့ ပတ်သတ်မှုတွေ ရှိခဲ့ဖူးတယ်။ သူ မူလဘုံကို သိမ်းပိုက်ပြီးသွားရင် နတ်ဆိုးအင်ပါယာက မင်းကို နတ်ဆိုးဘုံရဲ့ လက်အောက်ငယ်သားဖြစ်လာစေချင်နေပြီး သူ့ကို အလုပ်အကျွေးပြုချင်စေနေတာပဲ”

ရီဖူရှင်းသည် မကြာသေးခင်ကမှ နတ်ဆိုးဘုံသည် မူလဘုံကို လျစ်လျူရှု၍ ကောင်းကင်ဒေသကို ရွေးချယ်သွားသဖြင့် သူ ကံကောင်းသည်ဟု ထင်နေခဲ့သည်။

နတ်ဆိုးလောကသည် ကောင်းကင်ဒေသကိုသာ ကျုးကျော်မည်မဟုတ်ဘဲ တစ်ချိန်တည်းမှာပင် မူလဘုံကိုလည်း မျက်စိကျနေလိမ့်မည်ဟု သူမတွေးခဲ့ဖူးပေ။

ထို့အပြင် နတ်ဆိုးအင်ပါယာသည် မူလဘုံကို ကျူးကျော်မည့် စစ်တပ်ကို ယူချင်းအား ဦး‌ဆောင်စေခဲ့လေသည်။

“သူက အမိန့်ကို ငြင်းလိုက်တာလား”

ရီဖူရှင်း မေးလိုက်သည်။

နတ်ဆိုးလောကမှ စစ်တပ်များ ရောက်မလာခဲ့ပေ။ ထို့ကြောင့် ယူချင်းသည် နတ်ဆိုးအင်ပါယာ၏အမိန့်ကို ငြင်းခဲ့ကြောင်း ထင်ရှားလေသည်။

“အမှန်ပဲ...”

မေ့ထန်သည် ခေါင်းညိတ်၍ ပြောလိုက်သည်။

“သူက အမိန့်ကို နာခံဖို့ ငြင်းလိုက်ရုံတင်မကဘူး... နတ်ဆိုးအင်ပါယာကိုလည်း လူသိရှင်ကြား ဆန့်ကျင်ခဲ့တယ်”

ယူချင်းသည် ရီဖူရှင်းက မူလဘုံတွင်ရှိပြီး စီဝေ့ကြယ်ကောင်းကင်၏ အုပ်ချုပ်သူဖြစ်ကြောင်း သိပေသည်။ ယူချင်းသည် နတ်ဆိုးဘုံမှ စစ်တပ်ကို ထိုနေရာသို့ မကျူးကျော်စေလိုပေ။ သူက ထိုအစီအစဉ်ကို တားဆီးလိုခဲ့သည်။

ထို့ကြောင့် သူက နတ်ဆိုးအင်ပါယာ၏အမိန့်ကို မနာခံခဲ့ခြင်းပင်။

ရီဖူရှင်း မျက်နှာပျက်သွားသည်။ သူက ယူချင်းအတွက် စိုးရိမ်သွားပေသည်။ လက်ရှိတွင် လူအနည်းငယ်သာ ရီဖူရှင်း၏စိတ်အခြေအနေကို လှုပ်ရှားသွားအောင် လုပ်နိုင်သည်။ ယူချင်းသည် ထိုလူအနည်းငယ်ထဲမှ တစ်ယောက်ဖြစ်သည်။

ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာ၏ အမူအကျင့်များအကြောင်းကို များစွာမသိပေ။ သို့သော် နတ်ဆိုးအင်ပါယာသည် သေချာပေါက် လွန်စွာစွမ်းအားကြီးသူ ဖြစ်ပေလိမ့်မည်။ သူသည် အတိတ်တွင် နတ်ဆိုးဘုံကို စည်းလုံးစေခဲ့သည့် အကျော်ဇေယျတစ်ဦးဖြစ်သည်။ သူသည် နတ်ဆိုးလောကအတွင်းရှိ မိစ္ဆာများအားလုံးကို နှိမ်နင်းခဲ့ပြီး တိုက်ပွဲတစ်ပွဲမှ မရှုံးဖူးသေးပေ။ ထိုကဲ့သို့သော လွှမ်းမိုးမှုရှိသည့် သူတစ်ဦးသည် အမိန့်မနာခံမှုကို သည်းခံပါမည်လော။

“သူ အခု အခြေအနေဘယ်လိုရှိလဲ”

ရီဖူရှင်း မေးလိုက်သည်။

“မင်း ယူချင်းရဲ့ဇစ်မြစ်ကိုသိလား...”

မေ့ထန်သည် မေးခွန်းကို နောက်ထပ်မေးခွန်းတစ်ခုဖြင့် ပြန်တုံ့ပြန်လိုက်သည်။

ရီဖူရှင်း ခေါင်းခါလိုက်သည်။ မွေးစားအဖေ၏ဇစ်မြစ်အစစ်အမှန်ကို သူယခုအထိ မသိသေးပေ။

“သူက နတ်ဆိုးအင်ပါယာရဲ့ တူပဲ... “

မေ့ထန်းသည် ရီဖူရှင်းကို ပြောပြလိုက်သည်။ ရီဖူရှင်းက ထိုသတင်းကိုကြားသောအခါ အပြင်းအထန် ရင်တုန်သွားသည်။

ယူချင်းသည် နတ်ဆိုးအင်ပါယာ၏ တူပေလော။

သို့ဆိုလျှင် မွေးစားအဖေသည် နတ်ဆိုးအင်ပါယာ၏ ညီအစ်ကိုပေလော။

ရီဖူရှင်းသည် မွေးစားအဖေနှင့် နတ်ဆိုးအင်ပါယာတို့မှာ ညီအစ်ကိုဖြစ်လိမ့်မည်ဟု သူတစ်ခါမှ မထင်ခဲ့ပေ။

“နတ်ဆိုးအင်ပါယာက သားသမီးတစ်ယောက်မှ မရှိဘူး”

မေ့ထန် ဆက်ပြောလိုက်သည်။ သူ၏စကားသည် တစ်စုံတစ်ခုကို အရိပ်အမြွက်ပေးနေသကဲ့သို့ပင်။

နတ်ဆိုးအင်ပါယာသည် သားသမီးတစ်ဦးမှ မရှိပေ။ သူ့တွင် တပည့်ရင်းများသာ ရှိပေသည်။ သို့ဆိုလျှင် ယူချင်းသည် နတ်ဆိုးအင်ပါယာနှင့် တစ်ဦးတည်းသော ဆွေမျိုးတော်စပ်သူဖြစ်လေသည်။ ထို့အပြင် ယူချင်းသည် နတ်ဆိုးအတတ်များတွင် ကြောက်မက်ဖွယ်ပါရမီကို ပိုင်ဆိုင်ထားပေသည်။

ယူချင်း၏ ယခင်က နတ်ဆိုးဘုံမှအဆင့်အတန်းကို ထောက်စာလျှင် နတ်ဆိုးအင်ပါယာသည် သူ့ကို အရေးပေးကြောင်း ရီဖူရှင်းပြောနိုင်လေသည်။

ကြည့်ရသည်မှာ နတ်ဆိုးအင်ပါယာသည် ယူချင်းကို သူ၏ဆက်ခံသူအဖြစ် လေ့ကျင့်သင်ကြားပေးနေခြင်းဖြစ်ရပေမည်။

သို့သော် မေ့ထန်သည် ရီဖူရှင်းက ယူချင်း၏ လက်ရှိအခြေအနေအား မေးသည်ကို ယူချင်း၏ဇစ်မြစ်ကို ပြောပြခဲ့သည်။ မေ့ထန်း ဆိုလိုချင်သည်မှာ အဘယ်နည်း။

“နတ်ဆိုးအင်ပါယာက တစ်ခါ သစ္စာဖောက်ခံခဲ့ဖူးတယ်... ဒီတော့...”

မေ့ထန်ပြောလိုက်သည်။

“အခု သူက ယူချင်းကို အကျဉ်းချထားတယ်”

ရီဖူရှင်း ရင်ခုန်မြန်သွားသည်။ သူ၏မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်သွား၏။ သူက ယခု မေ့ထန်ဆိုလိုသည်ကို နားလည်ပေသည်။

နတ်ဆိုးအင်ပါယာသည် တစ်ခါ သစ္စာဖောက်ခံခဲ့ရဖူးသည်။ သစ္စာဖောက်သူသည် မွေးစားအဖေပင်လော။

ထိုသို့သာဆိုလျှင် နတ်ဆိုးအင်ပါယာသည် သူ အချိန်ကုန်ခံ၍ လေ့ကျင့်သင်ကြားပေးခဲ့သော ယူချင်းက သူ၏အမိန့်ကို မနာခံတော့သောအခါ မည်သို့တွေးမည်နည်း။

သူက နောက်ထပ်သစ္စာဖောက်မှုတစ်ခုကို သည်းခံမည်လော။

လက်ရှိတွင် ယူချင်းသည် အကျဉ်းချခံထားရပေသည်။

“အခု နတ်ဆိုးအင်ပါယာက ယူချင်းဆီကနေ မူလဘုံကိုကျုးကျော်မယ့် တပ်တွေကို ဦးဆောင်ဖို့ထက်ပိုပြီး တောင်းဆိုလိမ့်မယ်။ ယူချင်းက မင်းကြောင့် အမိန့်ကို မနာခံခဲ့တာပဲ...”

မေ့ထန်သည် ရီဖူရှင်းကိုကြည့်၍ ရှင်းပြလိုက်သည်။ သူ သက်ပြင်းချ၍ ဆက်ပြောလိုက်၏။

“မင်းက ယူချင်းကို ငါ့ထက် ပိုနားလည်ပါတယ်။ သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ဆိုရင် သူက နတ်ဆိုးအင်ပါယာရဲ့ တောင်းဆိုချက်ကို သဘောတူလိမ့်မယ်လို့ မင်းထင်လား”

“သူ သဘောတူမှာ မဟုတ်ဘူး...”

ရီဖူရှင်းက ယူချင်း၏အဖြေကို သေချာသိပေသည်။ အကယ်၍ နတ်ဆိုးအင်ပါယာက ယူချင်းအား ရီဖူရှင်းကို တိုက်ခိုက်ရန် အမိန့်ပေးခဲ့လျှင် ယူချင်းသည် ရီဖူရှင်းကို သစ္စာဖောက်၍ ထိုအမိန့်ကို နာခံမည်လော။

သူက ထိုသို့ မည်သည့်အခါမှ လုပ်မည်မဟုတ်ပေ။

“ငါက ဒီနေ့ ဒီမှာ ရှိရမှာမဟုတ်ဘူး... ဒါပေမဲ့ ငါ မင်းကို ဒီအကြောင်း ပြောပြချင်လို့ လာခဲ့တာပဲ။ နှုတ်ဆက်ပါတယ်”

မေ့ထန်ပြောလိုက်သည်။ ထို့နောက် သူက လက်ဝှေ့ယမ်း၍ အကာအရံကို ဖယ်ရှားလိုက်သည်။ ထို့နောက် သေရည်ဆိုင်အတွင်းမှ ချက်ချင်း ပျောက်ကွယ်သွားလေသည်။

မေ့ထန်ထွက်သွားပြီးနောက်တွင် ရီဖူရှင်းသည် တွေဝေနေပြီး ဆက်ထိုင်နေသည်။

“ဆရာ...”

ဖန်းစွင်နှင့် အခြားသူများသည် သူ့နားသို့ စိုးရိမ်တကြီး ကပ်လာကြသည်။

သူတို့သည် ရီဖူရှင်းနှင့် နှစ်ပေါင်းများစွာ အတူနေခဲ့ဖူးသော်လည်း ရီဖူရှင်း ထိုကဲ့သို့ စိတ်ဓာတ်ကျနေသည်ကို တစ်ခါမှ မမြင်ခဲ့ဖူးပေ။ မည်သည့်ကိစ္စ ဖြစ်သွားခဲ့သနည်း။

အစောက အကာအရံအတွင်းတွင် မေ့ထန်နှင့် သူတို့ဆရာသည် မည်သည့်ကိစ္စကို ဆွေးနွေးခဲ့ခြင်းနည်း။

“ဆရာ... တစ်ခုခု ဖြစ်လို့လား...”

လင်းကလေးသည် စိတ်မထိန်းနိုင်တော့ဘဲ မေးလိုက်သည်။

“ဘာမှမဖြစ်ပါဘူး။ ငါ အရင်ပြန်နှင့်တော့မယ်။ မင်းတို့ ငါ့အတွက် စိတ်ပူဖို့ မလိုပါဘူး...”

ရီဖူရှင်း ပြန်ဖြေလိုက်သည်။ ထို့နောက် သူက ခြေရာလက်ရာတစ်ခုမှ မကျန်ခဲ့ဘဲ ပျောက်ကွယ်သွားလေသည်။ ထို့ကြောင့် သေရည်ဆိုင်ထဲမှ အခြားသူများသည် အံ့အားသင့်သွားကြသည်။

“ဘာဖြစ်သွားတာလဲ...”

ထျယ်ထိုက ရေရွတ်လိုက်သည်။

ဖန်းစွင်သည် ရီဖူရှင်း ထိုင်သွားခဲ့သည့်နေရာကို ငေးကြည့်ကာ ပြောလိုက်သည်။

“ဆရာက ငါတို့ကို မပြောပြမှတော့ အဲဒီကိစ္စက ငါတို့ ဆရာ့ကို ကူညီပေးနိုင်တဲ့ ကိစ္စမဟုတ်လို့နေမှာပါ။ အားလုံး အဆင်ပြေပါစေလို့ပဲ မျှော်လင့်ကြတာပေါ့”

All Chapters