← Chapters

အညံ့ခံခြင်း

Vol. 182 Ch. 2602

အညံ့ခံခြင်း

Vol. 182 Ch. 2602

စီဝေ့အင်ပါယာနန်းတော်၏ အိပ်ဆောင်အတွင်း၌ ရီဖူရှင်းသည် တစ်ကိုယ်တည်းထိုင်၍ အတွေးနက်နေသည်။

ဟွာဂျီယူသည် သူ့ဘေးသို့လာ၍ တိတ်တဆိတ်ထိုင်လိုက်ပြီး သူ့ကိုအနှောင့်အယှက်မပေးခဲ့ပေ။ သူမသည် ရီဖူရှင်း၏စိတ်ထဲတွင် တစ်စုံတစ်ခုရှိနေကြောင်း သိလေသည်။ ထို့ကြောင့် သူမသည် သူ့ကိုအဖော်ပြု၍ တိတ်တဆိတ်သာထိုင်နေခြင်းဖြစ်သည်။

မေ့ထန်ယူဆောင်လာခဲ့သော သတင်းသည် ရီဖူရှင်းကို စိတ်မသက်မသာ ဖြစ်ခဲ့စေသည်။

ရှေးဦးစွာ သူက မော့ထန်၏ သတင်းသည် မှန်၊ မမှန်ကို အတည်ပြုရမည်ဖြစ်သည်။

ထိုသတင်းသည် မှန်နိုင်သည်ဟု သူသုံးသပ်လိုက်သည်။ မေ့ထန်အတွက် သူ့ကို လိမ်စရာအကြောင်း မရှိပေ။ နတ်ဆိုးဘုံသည် ရီဖူရှင်းကို ထိုသို့လှည့်စားရန် မလိုအပ်ပေ။ အကယ်၍ နတ်ဆိုးအင်ပါယာသာ ရီဖူရှင်းကို တိုက်ခိုက်လိုလျှင် သူ့အတွက် ထိုသို့လုပ်ရန် ကလေးကစားသလို လွယ်ကူပေသည်။

ထို့အပြင် ရီဖူရှင်းသည် ယခင်က ယူချင်း၏ နတ်ဆိုးဘုံမှအဆင့်အတန်းကို မြင်ခဲ့ဖူးပေသည်။ အကယ်၍ ယူချင်းသာ တစ်စုံတစ်ခု ဖြစ်မနေပါက မော့ထန်အနေဖြင့် ထိုကဲ့သို့သတင်းမျိုးကို အသုံးပြု၍ ရီဖူရှင်းကို လှည့်ဖျားရန် ပို၍ပင် မဖြစ်နိုင်ပေ။

သူက ထိုသတင်း မှားပါစေဟု မျှော်လင့်ခဲ့သည်။ သို့သော် ထိုသတင်းမှားရန်အတွက် သူက အခြေခံကျသည့် ဖြစ်နိုင်ချေများကို ဖယ်ထုတ်ပစ်ရမည်ဖြစ်သည်။

သို့ဆိုလျှင် သူစဉ်းစားရန် လိုအပ်သည့် နောက်‌မေးခွန်းသည် ထိုကိစ္စကို သူမည်သို့တုံ့ပြန်ရမည်ကိုပင် ဖြစ်ပေလိမ့်မည်။

မေ့ထန်ပြောသည်မှာ အမှန်ပင်ဖြစ်သည်။ ယူချင်း၏စိတ်နေစိတ်ထားနှင့်ဆိုလျှင် သူသည် နတ်ဆိုးအင်ပါယာ၏ အမိန့်ကို မည်သို့မှ နာခံမည်မဟုတ်ပေ။ လက်ရှိတွင် ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာက မည်သို့သောသူဖြစ်သည်ကို မသိသေးပေ။ သို့သော် နတ်ဆိုးဘုံကို အုပ်စိုးသူတစ်ဦးသည် သေချာပေါက် အင်အားကြီးသူတစ်ဦးဖြစ်ရပေမည်။ သူကျင့်ကြံသော နတ်ဆိုးအတတ်များမှာလည်း လွန်စွာစွမ်းအားကြီပေလိမ့်မည်။ ထိုကဲ့သို့သောလူသည် မည်သို့သော စိတ်နေစိတ်ထားရှိမည်ကို တွေးကြည့်ရုံသာတွေးကြည့်နိုင်သည်။

နတ်ဆိုးအင်ပါယာသည် ယူချင်း၏အမိန့်မနာခံမှုကို သည်းခံမည်လော။

“အရူးပဲ...”

ရီဖူရှင်းက လေသံတိုးတိုးဖြင့် အပြစ်တင်လိုက်သည်။ သူက ဆုံးဖြတ်ချက်တစ်ခု ချပြီးသွားသည့်ပုံပင်။ သူက သက်ပြင်းရှည်ကြီးတစ်ချက် မှုတ်ထုတ်လိုက်ပြီး ဟွာဂျီယူဘက်သို့လှည့်၍ ကြည့်လိုက်သည်။ သူသည် သူမက သူ့ကို ချိုမြိန်စွာပြုံးပြနေသည်ကို မြင်လိုက်ရသည်။ သူမသည် လက်ဆန့်၍ သူ၏နဖူးထက်မှ ငွေဖြူရောင်ဆံစများကို ဘေးသို့သပ်ပေးလိုက်သည်။ သူမ၏ မျက်ဝန်းများသည် သိမ်မွေ့မှုများနှင့် တောက်ပနေသည်။

ရီဖူရှင်းသည် သူမ၏အပြုအမူများထဲမှ သိမ်မွေးနူးညံ့မှုကို ခံစားလိုက်ရပြီး အလွန်စိတ်သက်သာရာရသွားလေသည်။ သူ နူးညံ့စွာမေးလိုက်သည်။

“ဂျီယူ... ငါတို့ သိခဲ့ကြတာ ဘယ်လောက်ကြာပြီလဲ”

“ငါတို့ စတွေ့ခဲ့တာ (၁၃၇)နှစ်ရှိပြီလေ... ဒီနှစ်က အတူတူရှိခဲ့တာ (၁၃၃)နှစ်ပြည့်တဲ့ နှစ်ပဲ...”

ဟွာဂျီယူသည် သိမ်မွေ့စွာ ပြန်ဖြေလိုက်သည်။ ဤနှစ်သည် ကောင်းကင်ပြက္ခဒိန်၏ (၁၀,၁၃၃)ခုနှစ်ဖြစ်လေသည်။ သူတို့သည် မီးရှူးမီးပန်းပွဲတော်တွင် လက်တွဲဖော်ဖြစ်လာရန် ဆုံးဖြတ်ခဲ့ကြသည်။ ထိုနှစ်သည် ကောင်းကင်ဒေသပြက္ခဒိန်၏ (၁၀,၀၀၀)ခုနှစ် ဖြစ်သည်။

“နှစ်တစ်ရာတောင် ကျော်ခဲ့ပြီပဲ...”

ရီဖူရှင်းက သူ့အရှေ့ရှိ  မိန်းမလှလေးကိုကြည့်၍ ပြုံးကာပြောလိုက်သည်။

“အဲဒီအချိန်တုန်းက ယူချင်းနဲ့ ငါနဲ့က ငယ်ငယ်ပဲရှိသေးတယ်... မင်းက ချင်းကျူကျောင်း‌တော်ရဲ့ ထိပ်တန်းမိန်းမလှလေးပဲ။ ငါတို့တွဲခဲ့တုန်းက ကျောင်းတော်ထဲက အားလုံးနီးပါးက မင်းကို မျက်စိကန်းသွားပြီလို့တောင် ထင်ခဲ့ကြတာပဲ...”

“သူတို့ကသာ မျက်စိကန်းနေတဲ့သူတွေပါ...”

ဟွာဂျီယူက ချိုမြိန်စွာပြုံးလျှက် ပြန်ပြောလိုက်သည်။

ရီဖူရှင်း ခေါင်းခါလိုက်သည်။ သူက သူမ၏မျက်နှာကို လက်နှစ်ဖက်ဖြင့် ခပ်ဖွဖွ အုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။

“ငါ့ရဲ့ ဘဝမှာ ကံအကောင်းဆုံးအရာတွေက မင်းနဲ့တွေ့ဆုံခဲ့ရတာနဲ့ ယူချင်းနဲ့ ညီအစ်ကိုဖြစ်လာခဲ့ရတာပဲ”

ဟွာဂျီယူ၏မျက်လုံးလေးများသည် ပျော်ရွှင်မှုဖြင့် တောက်ပသွားသည်။ သို့သော် သူမ နူးညံ့စွာ မေးလိုက်သည်။

“ယူချင်း တစ်ခုခု ဖြစ်နေလို့လား...”

ရီဖူရှင်းက ခေတ္တမှ မှင်တက်သွားသည်။ ထို့နောက် သူပြုံးကာ ပြောလိုက်သည်။

“ငါ မင်းကို ဘာမှလျှို့ဝှက်ထားလို့ မရဘူးပဲ”

“ယူချင်းကလွဲပြီးတော့ နင့်ကို ဒီလောက်စိတ်လှုပ်ရှားခံစားရအောင် လုပ်နိုင်တဲ့တခြားသူမှ မရှိတာ...”

ဟွာဂျီယူသည် ပြုံးလျှက် ရှင်းပြလိုက်သည်။

“နင်က နတ်ဆိုးဘုံကို သွားမလို့ကြံနေတာလား”

“အင်း...”

ရီဖူရှင်းက ဟွာဂျီယူ၏ မျက်လုံးများကို မကြည့်ဝံ့ဘဲ ပြန်ဖြေလိုက်သည်။

“သွားပါ...”

ဟွာဂျီယူသည် တဲ့တိုးပြောလိုက်သည်။

ရီဖူရှင်း ကြောင်သွားသည်။ သူက ဟွာဂျီယူကို နားမလည်နိုင်ဟန်ဖြင့် ကြည့်လိုက်သည်။

သူတို့ ယခုပြောနေသောနေရာမှာ နတ်ဆိုးဘုံဖြစ်ပေသည်။ ထို့အပြင် ယူချင်းသည် နတ်ဆိုးအင်ပါယာ၏ အကျဉ်းချမှုကို ခံနေရသည်။

သူ၏ခရီးသည် မည်မျှ အန္တရာယ်များမည်ကို တွေးကြည့်ရုံဖြင်းပင် သိနိုင်သည်။

“ငါတို့က ယူချင်းအကြောင်းပြောနေတာပဲ... နင့်ကို ဘာလို့တားရမှာလဲ”

ဟွာဂျီယူသည် ရီဖူရှင်း၏မျက်လုံးများကို စိုက်ကြည့်၍ ပြောလိုက်သည်။ သူမ၏အကြည့်များသည် ယခင်ကသို့ပင် ရွှင်ပျနေပေသေးသည်။ သူမသည် သူ့ကို ဆက်ပြောလိုက်သည်။

“မစိုးရိမ်ပါနဲ့... ငါ နင်နဲ့အတူ မလိုက်ပါဘူး။ နင် ပြန်လာမှာကို စီဝေ့အင်ပါယာနန်းတော်က စောင့်နေမယ်”

သူမသည် ရီဖူရှင်း တွေးနေသည်များကို ကောင်းစွာသိပေသည်။

သူမပြောခဲ့သလိုပင် သူမတို့ ပြောနေသည်မှာ ယူချင်း၏အကြောင်းဖြစ်သည်။ ရီဖူရှင်း သူ့ကို သွားမကယ်အောင် မည်သည့်အရာက တားနိုင်မည်နည်း။ သူမသည် သူ့ကို မည်သို့တားနိုင်မည်နည်း။

အကယ်၍ အန္တရာယ်ရှိနေသူမှာ သူမဖြစ်လျှင်လည်း ရီဖူရှင်းက သူမအတွက် ထိုသို့သာလုပ်မည်ဖြစ်သည်။ ယူချင်းသည် သူ့ကို တားနိုင်ပါမည်လော။ မတားနိုင်ပေ။ သူက ရီဖူရှင်းနှင့်အတူ သူမကို လာကယ်မည်ဖြစ်သည်။

သို့သော် ရီဖူရှင်းက သူမကို သူနှင့်အတူ လိုက်ခွင့်ပြုမည်မဟုတ်ကြောင်း သူမသိပေသည်။ ထို့ကြောင့် သူမသည် ဤနေရာ၌ပင် သူပြန်လာမည်ကို စိတ်ရှည်စွာ စောင့်နေရမည်ဖြစ်သည်။

ရီဖူရှင်းက သူမ၏လှပသောမျက်နှာလေးကို ငေးကြည့်ရင်း ရင်ထဲတွင် နွေးထွေးသွားသည်။ ဟွာဂျီယူသည် ဤလောကအတွင်းတွင် သူ့ကို အနားလည်ဆုံးသူဖြစ်လေသည်။

****

ကောင်းကင်ဒေသ၏ ထိုက်ရှန့်ကုန်းမြေတွင်...

ထိုက်ရှန့်ကုန်းမြေသည် ကောင်းကင်ဒေသရှိ စွမ်းအားကြီးကုန်းမြေတစ်ခုဖြစ်သည်။ စွမ်းရည်အရဆိုလျှင် ထိုက်ရှန့်ကုန်းမြေသခင်သည် ကုန်းမြေသခင်(၁၈)ယောက်ထဲတွင် နံပါတ်(၃)ချိတ်လေသည်။ ထို့အပြင် ကုန်းမြေထဲတွင် ထိပ်သီးအင်အားစုနှစ်စု ရှိပေသည်။ ထိုနှစ်စုထဲမှ တစ်စုသည် ကျန်းရှေးဟောင်းနတ်ဘုရားကလန်ဖြစ်သည်။

အခြားထိပ်သီးအင်အားစုသည် ရှန်ကလန်ဖြစ်သည်။

ရှန်ကလန်အဖွဲ့ဝင်များ၏ မျိုးရိုးနာမည်သည် “ရှန်” ဖြစ်သည်။ သူတို့၏ ဘိုးဘေးများသည် နတ်မင်းအဆင့်လူများနှင့် မဟာအင်ပါယာများဖြစ်လေသည်။ သို့သော် ကံဆိုးစွာပင် သူတို့ဘိုးဘေးများ၏ အမွေအနှစ်များကို လက်ဆင့်မကမ်းနိုင်ခဲ့ပေ။ သို့ပေသည့် သူတို့၏ စွမ်းရည်သည် အထင်ကြီးစရာပင် ဖြစ်ပေသေးသည်။

လက်ရှိတွင် ရှန်ကလန်သည် သူတို့ကိစ္စကိုသာ အာရုံစိုက်နေသည်။ ထိုမတိုင်ခင်က သူတို့သည် ရီဖူရှင်း၏ တိုက်ခိုက်မှုကို တစ်ကြိမ်ခံခဲ့ရသည်။

ယခုအထိ စီဝေ့ကြယ်ကောင်းကင်တွင် ဓားစာခံအဖြစ် အဖမ်းခံထားရသော ရှန်ကလန်မှ ကျင့်ကြံသူများစွာ ရှိပေသေးသည်။ ထို့ကြောင့် ရှန်ကလန်သည် စီဝေ့ကြယ်ကောင်းကင်ကို တိုက်ခိုက်မည့် စစ်ပွဲများထဲတွင် ဝင်ရောက်မပါဝင်နိုင်ခဲ့ပေ။

ယနေ့အထိ ရှန်ကလန်သည် ရီဖူရှင်းက သူတို့နှင့် စာရင်းရှင်းမည်၊ မရှင်းမည်ကို ပူပန်နေရပေသေးသည်။

ရှန်ကလန်ခေါင်းဆောင်သည် ပို၍သန်မာလာစေရန် ရည်ရွယ်ချက်ဖြင့် အခန်းအောင်းကျင့်ကြံနေခဲ့သည်။ သူက ရှုံးနိမ့်မည်ကို မပူပင်ရရန်အတွက် နောက်ထပ် ခြေလှမ်းဝက်ခန့် တက်လှမ်းရန်လိုပေသည်။

ယနေ့တွင် ရှန်ကလန်ခေါင်းဆောင်သည် ကလန်ထဲတွင် ကျင့်ကြံနေသည်။

ရုတ်တရက် သူ့ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် မဟာလမ်းစဉ်လှိုင်းဂယက်များ ထွက်ပေါ်လာ၏။ ရှန်ကလန်ခေါင်းဆောင်သည် သူ၏မျက်လုံးများကို ဖွင့်လိုက်သည်။ သူ၏ဝိညာဉ်စွမ်းအားသည် ပတ်ဝန်းကျင်ကို လေ့လာလိုက်သည်။

ထို့နောက်တွင် သူ့ရှေ့၌ ပုံရိပ်တစ်ခု ရုတ်တရက် ထွက်ပေါ်လာ၏။ ထိုဧည့်သည်သည် ငွေဖြူရောင်ဆံပင်ရှိပြီး အဖြူရောင်ဝတ်စုံကို ဝင်ဆင်ထား၏။ သူ၏ဟန်ပန်အမူအရာသည် ထူးကဲပေသည်။

ရှန်ကလန်ခေါင်းဆောင်သည် ထိုဧည့်သည်ကို မြင်လိုက်သောအခါ မျက်နှာပျက်သွားသည်။ နောက်ဆုံးတွင် သူက ဤနေရာသို့ ရောက်လာခဲ့ပေပြီ။

ထိုဧည်သည့်မှာ ရီဖူရှင်းသာ ဖြစ်လေသည်။

“ကြည့်ရတာ တိုက်ခိုက်ဖို့ကို မရှောင်လွှဲနိုင်တော့တဲ့ပုံပဲ”

ရှန်ကလန်ခေါင်းဆောင်သည် ရီဖူရှင်းကိုကြည့်၍ ပြောလိုက်သည်။ သူ့ရှေ့ရှိလူသည် နတ်ဘုရားမာန်ဟုန်တောင်ကုန်းနှင့် မိုကလန်တို့မှ စွမ်းအားကြီးထိပ်သီးနှစ်ဦးကို  သတ်ပစ်ခဲ့သူဖြစ်သည်။ သူ၏စွမ်းရည်ကို အထူးပြောနေရန်ပင် မလိုပေ။ သို့သော် ရှန်ကလန်ခေါင်းဆောင်သည် သူ၏စွမ်းရည်မှာ သေဆုံးသွားခဲ့သော ထိပ်သီးကျင့်ကြံသူနှစ်ဦးထက် မနိမ့်ဟု ခံစားနေရသည်။

မည်သို့ပင်ဖြစ်စေ သူ့တွင် ယုံကြည်မှု များစွာ မရှိသေးပေ။ ပြန်လည်ခုခံနိုင်ခြင်းနှင့် ပြိုင်ဘက်ကိုသတ်နိုင်ခြင်းမှာ အလွန်ကွဲပြားသောအရာနှစ်ခုဖြစ်သည်။ ထိုနှစ်ခုကြားမှာ ကွာခြားချက်သည် ကြီးမားပေသည်။

“ကျုပ်တို့ တိုက်ခိုက်မယ်၊ မတိုက်ခိုက်ဘူးဆိုတာ ခင်ဗျားအပေါ်မှာ မူတည်တယ်”

ရီဖူရှင်းက လက်‌နောက်ပစ်၍ တည်ငြိမ်စွာပြောလိုက်သည်။

ရှန်ကလန်ခေါင်းဆောင်သည် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

“မင်းက ဘာကိုဆိုလိုတာလဲ”

ရီဖူရှင်းပြောလိုက်သည်။

“အတိတ်က ကိစ္စတွေက ကျုပ်နဲ့ အဆင့်နိမ့်ကမ္ဘာက ရှန်ကလန်ကြားမှာ ရန်ငြိုးတွေ ဖြစ်စေခဲ့တယ်။ ခင်ဗျားက နောက်ပိုင်းမှာ ပါလာတယ်ဆိုပေမယ့် ခင်ဗျားကို သတ်ပစ်ဖို့ ကျုပ်မှာ အကြောင်းပြချက်ကောင်းကောင်းမရှိဘူး။ ကျုပ် ခင်ဗျားကို ရွေးချယ်စရာတစ်ခု ပေးနိုင်တယ်”

“မင်း သဘောကို ပြောပါ...”

ရှန်ကလန်ခေါင်းဆောင်သည် ရီဖူရှင်း၏ စိတ်ကြီးဝင်နေမှုကို ခံစားလိုက်ရသည်။ ရှန်ကလန်ခေါင်းဆောင်သည် သိပ်မကျေနပ်သော်လည်း သူသည် ရီဖူရှင်းထက် ပို၍အားနည်းသဖြင့် ဆန့်ကျင်၍မပြောဝံ့ပေ။

ရီဖူရှင်းက သူ့အရှေ့သို့ အသံမထွက်၊ အရိပ်အယောင်မပြဘဲ ရောက်လာနိုင်သည်ဖြင့်ပင် ကိစ္စတော်တော်များများကို အထူးပြောနေရန်မလိုတော့ပေ။ အကယ်၍ ရီဖူရှင်းသာ သူတို့ကို တိုက်ခုက်ခဲ့လျှင် ရှန်ကလန်၏နယ်မြေသည် ရုတ်ခြည်း စိစိညက်ညက်ကြေသွားမည်ဖြစ်သည်။

“ဒီနေ့ကစပြီး ရှန်ကလန်က ကျုပ်ရဲ့ အမိန့်တွေကို နာခံရမယ်”

ရီဖူရှင်းက ဩဇာအာဏာပါသော လေသံဖြင့် ပြောလိုက်သည်။ သူက စွမ်းအားကြီးထိပ်သီးအင်အားစုတစ်စုကို သူ့ထံတွင် အညံ့ခံစေလို၍ သူ့အမိန့်‌အောက်တွင် လုပ်ကိုင်စေလိုနေပေသည်။

မဟုတ်လျှင် အဘယ်ကြောင့် သူက သူတို့ကို ချမ်းသာပေးရမည်နည်း။

ရှန်ကလန်ခေါင်းဆောင် မျက်နှာပျက်သွားသည်။ ရှန်ကလန်သည် နတ်ဘုရားများ၏ မျိုးဆက်ဖြစ်သည်။ သူတို့သည် ခိုင်မာသော သမိုင်းကြောင်းရှိပြီး ထိပ်သီးအင်အားစုများထဲမှ တစ်စုဖြစ်သည်။ သူတို့သည် ကောင်းကင်ဒေသရှိ အင်အားစုအားလုံးအထက်တွင် ရပ်နိုင်သော အင်အားစုများထဲမှ တစ်စုဖြစ်သည်။

ယခုတွင် ရီဖူရှင်းက သူတို့ကို သူ့ထံတွင် အညံ့ခံစေလိုနေပေသည်။

“ဒါက မင်းရဲ့ ရှန်ကလန်ကို စော်ကားတဲ့ နည်းလမ်းပေါ့လေ...”

ရှန်ကလန်ခေါင်းဆောင်သည် အေးစက်စွာ ပြောလိုက်သည်။

“ခင်ဗျားက ဒီစော်ကားမှုကို မျိုသိပ်မထားနိုင်ဘူးဆိုတော့ လုံးဝပျက်သုဉ်းသွားအောင် ဖျက်ဆီးခံ ချင်တာလား...”

ရီဖူရှင်းက ရှန်ကလန်ခေါင်းဆောင်၏ မျက်လုံးများကို စိုက်ကြည့်၍ ပြောလိုက်သည်။

“ဒါက ရိုးရှင်းတဲ့ ရွေးချယ်မှုလေးတစ်ခုပါပဲ”

ရှန်ကလန်သည် အညံ့ခံမည်လော သို့မဟုတ် အပျက်သုဉ်းခံမည်လော။

“မင်းက ထိပ်သီးနှစ်ဦးကို သတ်နိုင်ခဲ့တယ်ဆိုပေမယ့် ငါ့ကို နိုင်လိမ့်မယ်လို့တော့ အတပ်မပြောနိုင်ဘူးလေ”

ရှန်ကလန်ခေါင်းဆောင်က ပြောလိုက်သည်။

“ကျုပ်တို့ မတိုက်ခိုက်ခင် တစ်ခုတော့ ပြောလိုက်ဦးမယ်... နတ်ဘုရားမာန်ဟုန်တောင်ကုန်းရဲ့ တောင်ကုန်းဆရာသခင်ကလည်း အဲဒီလိုမျိုး တစ်ပုံစံတည်း တွေးခဲ့တာပဲ။ ဒါပေမဲ့ နောက်ဆုံးကျတော့ သူသေသွားရတာပဲလေ...”

ရီဖူရှင်း ပြောလိုက်သည်။ ရှန်ကလန်ခေါင်းဆောင်သည် အလွန်မျက်စိမျက်နှာပျက်သွားသည်။

“ပြီးတော့ ခင်ဗျားက ခင်ဗျားရဲ့ကံကိုယုံပြီး ဆူးပုံနင်းကြည့်ချင်တယ်ဆိုရင်တောင် ရှန်ကလန်က တခြားအဖွဲ့ဝင်တွေကရော ဘယ်လိုသဘောရှိမလဲ...”

ရီဖူရှင်းက ရှန်ကလန်ခေါင်းဆောင်ကို ဆက်၍ ဖိအားပေးနေသည်။

ရှန်ကလန်ခေါင်းဆောင်သည် ရီဖူရှင်းကို စူးစူးဝါးဝါး စိုက်ကြည့်နေသည်။ ရှန်ကလန်ခေါင်းဆောင်သည် ရင်ထဲတွင် အပြင်းအထန် လွန်ဆွဲနေပေသည်။

ထိုရွေးချယ်မှုသည် အမှန်ပင် ရိုးရှင်းသောရွေးချယ်မှုဖြစ်သည်။ သို့သော် ထိုရိုးရှင်းသောရွေးချယ်မှုသည် ရှန်ကလန်၏ အဖွဲ့ဝင်များ၏ ကံကြမ္မာကို အဆုံးအဖြစ်ပေးမည်ဖြစ်သည်။

ရှန်ကလန်သည် ရီဖူရှင်း၏ ညှာတာသနားမှုဖြင့် ဆက်၍ ရှင်သန်နေမည်လော။ သို့တည်းမဟုတ် သူတို့သည် ဂုဏ်သိက္ခာရှိရှိ သေဆုံးရန် ရွေးချယ်မည်လော။

သို့မဟုတ် သူတို့သည် ရီဖူရှင်း‌တောင်းဆိုချက်ကို သဘောတူသယောင် ဟန်ဆောင်လိုက်မည်လော။ သူတို့သည် စော်ကားမှုကို သည်းခံ၍ အနာဂတ်တွင် အခွင့်အရေးရလာခါမှ ရီဖူရှင်းကို သတ်ပစ်နိုင်သည်။

ရီဖူရှင်းက ရှန်ကလန်ခေါင်းဆောင်ကို တိတ်တဆိတ်ငေးကြည့်နေသည်။ ရှန်ကလန်ခေါင်းဆောင်သည် ရီဖူရှင်း၏ နက်ရှိုင်းသော အကြည့်ကြောင့် သူ၏အတွေးအကုန်လုံးသည် ရီဖူရှင်း၏အရှေ့တွင် ထင်ထင်ရှားရှားပေါ်နေသည်ဟု ခံစားနေရသည်။  ရီဖူရှင်းက ငယ်ရွယ်သေးသော်လည်း သူ၏စွမ်းရည်နှင့် ဉာဏ်နီဉာဏ်နက်များသည် ကြောက်မက်ဖွယ်ကောင်း၏။

“ခင်ဗျား ဆုံးဖြတ်ပြီးသွားပြီလား... ကျုပ် ဒီမှာ အကြာကြီး အချိန်ဖြုန်းမနေနိုင်ဘူး...”

ရီဖူရှင်း ‌လောလိုက်သည်။

ရှန်ကလန်ခေါင်းဆောင်၏ မျက်နှာပေါ်မှ ကြွက်သွားများ တွန့်လှုပ်သွားပြီး သူက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထား၏။ သူက အံ့ကြိတ်၍ ပြောလိုက်သည်။

“ငါ သဘောတူတယ်။ အခုကစပြီးတော့ ရှန်ကလန်က မင်းရဲ့အုပ်ချုပ်မှုကို နာခံမယ်။ ဒါပေမဲ့ မင်းက ရှန်ကလန်ကို သွားသေလိုက်လို့ အမိန့်ပေးရင်တော့ ငါ နာခံမှာမဟုတ်ဘူး”

“ခင်ဗျားသဘောတူတယ်ဆိုမှတော့ ခင်ဗျားက ကျုပ်ရဲ့ လက်အောက်ငယ်သားပဲပေါ့။ ကျုပ်အနေနဲ့ ခင်ဗျားကို ဘာလို့ သွားသေခိုင်းရမှာလဲ”

ရီဖူရှင်း သူ့ကို အာမခံလိုက်သည်။

“ဒီနေ့ကစပြီး... ရှန်ကလန်က စီဝေ့အင်ပါယာနန်းတော်ရဲ့ လက်အောက်ကပဲ။ ဒါပေမဲ့ အခုလောလောဆယ်တော့ ဒီသတင်းကို တခြားသူတွေကို မပြောနဲ့ဦး။ နေ့စဉ် လုပ်နေကြအတိုင်းပဲ ဆက်လုပ်နေပါ”

“ဟုတ်ကဲ့ပါ နန်းတော်သခင်...”

ရှန်ကလန်ခေါင်းဆောင်သည် ခေါင်းငုံ့၍ ပြန်ဖြေလိုက်သည်။ သူက သူ၏အဆင့်အတန်းအသစ်ကို လက်ခံလိုက်ပုံပင်။

ရီဖူရှင်း ဆက်၍ အမိန့်ပေးလိုက်သည်။

“ကျုပ်ကို ရှန်ကလန်ရဲ့ ပညာရပ်တွေအကုန်လုံးပေးပါ။ ပြီးတော့ ကျုပ် ရှန်ကလန်ရဲ့ အရေးပါတဲ့အဖွဲ့ဝင်တစ်စုကို စီဝေ့အင်ပါယာနန်း‌တော်မှာ ကျင့်ကြံရအောင် ခေါ်သွားမယ်”

ရှန်ကလန်ခေါင်းဆောင်သည် သူ၏အမိန့်ကို ကြားလိုက်သောအခါ မျက်နှာထားတင်းမာသွားသည်။

‘ဒီမျိုးမစစ်ကောင်ကတော့...’

သူက ရီဖူရှင်းကို အညံ့ခံပြီးပြီးချင်းတွင် ရီဖူရှင်းက သူ့ထံမှ ရှန်ကလန်၏ပညာရပ်များကို ချက်ချင်းတောင်းခဲ့သည်။ ရှန်ကလန်၏ပညာရပ်များသည် သူတို့ကလန်၏ အခြေခံအုတ်မြစ်ဖြစ်သည်။ ထို့အပြင် ရီဖူရှင်းက ရှန်ကလန်၏ အရေးပါသောအဖွဲ့ဝင်များကို ဓားစာခံအဖြစ် စီဝေ့ကြယ်ကောင်းကင်တွင် ခေါ်ထားလိုနေပေသည်။

“နန်းတော်သခင်... အရင်တစ်ခေါက်တုန်းကလည်း နန်းတော်သခင်က ကျင့်ကြံသူတစ်ယောက်ကို အမိန့်ပေးပြီး ရှန်ကလန်က ကျင့်ကြံသူတစ်စုကို လာခေါ်သွားခိုင်းခဲ့တယ်မလား။ အဲဒီရှန်ကလန်အဖွဲ့ဝင်တွေက အခု စီဝေ့ကြယ်ကောင်းကင်မှာပဲ ရှိပါသေးတယ်”

ရှန်ကလန်ခေါင်းဆောင် ပြောလိုက်သည်။

“ကျုပ်သိပါတယ်။ ဒါပေမဲ့ အရင်တစ်‌ခေါက်တုန်းက နည်းနည်းအလျင်စလိုဖြစ်သွားတယ်။ ဒီတစ်ကြိမ် ခင်ဗျားတို့ အဖွဲ့ဝင်တွေထဲမှာ ပါရမီရှိတဲ့ သူတွေ ရှိ၊ မရှိဆိုတာ ကျုပ်ကိုယ်တိုင် စစ်ဆေးမှာပါ။ ကျုပ် အဲဒီလူတွေကို ပိုကောင်းတဲ့ လေ့ကျင့်မှုတွေရအောင် စီဝေ့ကြယ်ကောင်းကင်ကို ခေါ်သွားပေးမှာပါ...”

ရီဖူရှင်း ပြန်ဖြေလိုက်သည်။ ရှန်ကလန်ခေါင်းဆောင်သည် ရင်ထဲတွင် အမျက်ချောင်းချောင်းထနေသော်လည်း ခေါင်းညိတ်၍ ပြောလိုက်ရလေသည်။

“ဟုတ်ကဲ့ပါ...”

“ကလန်ခေါင်းဆောင်... ကျုပ်ပြောထားတာတွေကို သွားပြီး ပြင်ဆင်လိုက်ပါ”

ရီဖူရှင်းက တည်တည်ငြိမ်ငြိမ် ခိုင်းစေလိုက်သည်။

သူက နတ်ဆိုးဘုံသို့ မသွားမီတွင် အရေးပေါ်အခြေအနေများအတွက် ကောင်းကင်ဒေသတွင် ဝှက်ဖဲတစ်ချပ် ထားခဲ့ပေမည်။ သို့‌သော် သူ ထိုသူများကို အသုံးမပြုရလျှင် အကောင်းဆုံးဖြစ်သည်။

သို့ရာတွင် အပြောင်းအလဲတစ်စုံတစ်ရာ ဖြစ်ပေါ်လာပါက အနည်းဆုံးအနေဖြင့် ထိုဝှက်ဖဲသည် အတော်အသင့် အသုံးဝင်ပေလိမ့်မည်။

ရှန်ကလန်ခေါင်းဆောင်သည် ရီဖူရှင်းတောင်းဆိုသည့်အတိုင်း တသွေမတိမ်းလုပ်ဆောင်ခဲ့သည်။ ထို့နောက်တွင် ရီဖူရှင်းက ရွေးချယ်ထားသော ရှန်ကလန်အဖွဲ့ဝင်များနှင့်အတူ ထွက်ခွာသွားလေသည်။ သို့သော် သူက ထိုသူများနှင့်အတူ စီဝေ့ကြယ်ကောင်းကင်သို့ မပြန်သွားပေ။

ထိုအစား သူက သူတို့ကို ပြန်ခေါ်သွားရန် မျက်မမြင်ထျယ်ကို တာဝန်ပေးလိုက်သည်။ သူက ရှန်ကလန်သို့ မျက်မမြင်ထျယ်နှင့် အတူလာခဲ့ခြင်းပင်။

ရီဖူရှင်းမှာမူ ကောင်းကင်ဒေသ၏ ကုန်းမြေ(၁၈)ခု၏ နယ်စပ်ဖြစ်သော မြောက်ဘက်ကမ်းပါးဒေသသို့  သွားလိုက်သည်။

မြောက်ဘက်ကမ်းပါးဒေသသည် အခြားနေရာများနှင့် အတော်လေးအလှမ်းဝေးပေသည်။ ထိုဒေသသည် ကောင်းကင်ဒေသ၏ မြောက်ဘက်စွန်းပိုင်းတွင် တည်ရှိသည်။ သို့သော် လက်ရှိတွင် ကောင်းကင်ဒေသမှ တပ်ဖွဲ့များသည် ထိုနေရာတွင် စုဝေးနေကြသည်။ ကျင့်ကြံသူ အမြောက်အမြားမှာလည်း ထိုဒေသသို့ ဦးတည်သွားနေကြသည်။

နတ်ဆိုးဘုံမှ တပ်များသည် မြောက်ဘက်ကမ်းပါးကိုဖြတ်၍ ကောင်းကင်ဒေသသို့ ကျူးကျော်ခဲ့ကြသည်။

လက်ရှိတွင် မြောက်ဘက်ကမ်းပါးဒေသတစ်ခွင်လုံးတွင် စစ်မီးဟုန်းဟုန်းတောက်နေပေပြီ။

ရီဖူရှင်းက မြောက်ဘက်သို့ဦးတည် ပျံသန်းနေသည်။ သူ၏လမ်းခရီးတစ်လျှောက်သည် တိုက်ပွဲမြေပြင်သို့ သွားနေသည့် တပ်ဖွဲ့များကို မြင်ခဲ့ရသည်။ ထိုတပ်ဖွဲ့များထဲတွင် ကျင့်ကြံသူ အများအပြား ပါဝင်ပေသည်။

သို့သော် သူက ထိုသူများကို လျစ်လျူရှု၍ ဗုဒ္ဓရောင်ဝါခြေလှမ်းကိုသုံး၍သာ ဆက်သွားနေလိုက်သည်။ သူက တိုက်ပွဲမြေပြင်ကို ဖြတ်ကျော်၍ မြောက်ဘက်သို့ ဆက်သွားလိုက်သည်။

ရီဖူရှင်းက ကောင်းကင်မြစ်တစ်စင်းဆီသို့ ရောက်လာခဲ့သည်။ မြစ်ရေ၏အရောင်သည် မည်းနက်နေပြီး မြစ်ပြင်ထက်တွင် ကြောက်မက်ဖွယ် မုန်တိုင်းများလည်း ရှိနေပေသည်။ ထိုမြစ်သည် ကောင်းကင်ထက်မှ တွဲလောင်းကျနေသည်ဟု ထင်ရပေသည်။

ထိုမြစ်သည် အနက်ရောင်မြစ်ဖြစ်ပြီး ကောင်းကင်ဒေသနှင့် နတ်ဆိုးဘုံကို ခွဲခြားထားသော နယ်စပ်ဖြစ်သည်။ အနက်ရောင်မြစ်ကို ဖြတ်ကျော်လိုက်သည်နှင့် သူတို့သည် နတ်ဆိုးဘုံသို့ ဦးတည်သည့် ဂိတ်တံခါးဆီသို့ ရောက်သွားမည်ဖြစ်သည်။

ယခင်က ရီဖူရှင်းက ထိုအကြောင်းကို မသိခဲ့ပေ။

သူသည် ‌လောကများအကြောင်းကို ပိုနားလည်လာသောအခါမှသာ နတ်ဆိုးဘုံနှင့် ကောင်းကင်ဒေသသည် အိမ်နီးချင်းလောကနှစ်ခုဖြစ်ကြောင်း သိရှိခဲ့ရသည်။ အဓိကလောကကြီးနှစ်ခု၏ နယ်မြေများသည် ထိစပ်နေပေသည်။

All Chapters