နတ်ဆိုးဘုံ
Vol. 182 Ch. 2603
အနက်ရောင်မြစ်၏အစွန်းတွင် ဧရာမနယ်နမိတ်အမှတ်အသားတစ်ခု ရှိသည်။ အမှတ်အသားသည် အတော်လေးပျက်စီးနေပြီဖြစ်သော်လည်း ၎င်းပေါ်တွင် ရေးသားထားသည့် “ကမ်းပါး” ဟူသော ဧရာမစာလုံးကြီးကို ခပ်ရေးရေးမြင်နိုင်ပေသေးသည်။
၎င်းမပျက်စီးခင်က ၎င်းပေါ်တွင် ရေးထိုးထားသောစာလုံးမှာ “မြောက်ဘက်ကမ်းပါး” ဟူ၍ ဖြစ်ပေသည်။
ထိုနေရာသည် နတ်ဆိုးဘုံနှင့် ကောင်းကင်ဒေသတို့ကို ခြားထားသော စည်းဖြစ်ပြီး မြောက်ဘက်ကမ်းပါး၏အဆုံးဖြစ်သည်။
သို့သော် ယခုတွင် နယ်နမိတ်အမှတ်အသား၏အလွန် အနက်ရောင်မြစ်ထဲတွင် နတ်ဆိုးဘုံ၏ ဧရာမစစ်တပ်ကြီး ရှိနေသည်။ သူတို့သည် မြစ်၏အခြားတစ်ဖက်ကမ်းမှနေ၍ မြစ်ကိုဖြတ်ကာ ကောင်းကင်ဒေသသို့ ကျူးကျော်နေကြခြင်းပင်။
ကောင်းကင်ဒေသနှင့် နတ်ဆိုးဘုံတွင် မည်သည့် ရန်ငြိုးများ ရှိပေသနည်း။
နတ္တိအင်ပါယာဘုံနှင့် မှော်နက်လောကတို့သည် ယခင်ကတည်းက ကောင်းကင်ဒေသကို ရန်စနေခဲ့ကြသော လောကများဖြစ်သည်။ သို့သော် ယခုတွင် မမျှော်လင့်ထားသည့် နတ်ဆိုးဘုံက ကောင်းကင်ဒေသကို စစ်မက်ပြုခဲ့လေသည်။
သို့ပေသည့် လူသားဘုံနှင့် ဗုဒ္ဓလောကတို့သည် ကောင်းကင်ဒေသနှင့် မဆိုးသောဆက်ဆံရေး ရှိပုံပေါ်၏။
“အဲဒီက ဘယ်သူလဲ”
ထိုစဉ်တွင် အော်သံတစ်သံကို ကြားလိုက်ရသည်။ ထိုအသံသည် လွန်စွာအေးစက်ပြီး အေးစက်စက်အငွေ့အသက်တစ်ခု ပါနေသည်။ ရီဖူရှင်းက အနက်ရောင်မြစ်သို့ ကြည့်လိုက်ရာ မိစ္ဆာမျက်လုံးတစ်စုံသည် သူ့ကိုလှမ်း၍ကြည့်နေသည်ကို မြင်လိုက်ရသည်။
ရီဖူရှင်းက လေပေါ်သို့ ပျံတက်သွားပြီး အနက်ရောင်မြစ်အထက်တွင် ရပ်လိုက်သည်။ သူ၏ စွတ်စွတ်ဖြူသောအဝတ်များသည် အနက်ရောင်မြစ်နှင့် ဆန့်ကျင်ဘက်ဖြစ်နေသည်။
သူက အတွေးတစ်ချက်ဖြင့် သူရပ်နေသောနေရာမှ ပျောက်ကွယ်သွားသည်။
အနက်ရောင်မြစ်အထက်တွင် ကြောက်မက်ဖွယ် အနက်ရောင်မုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာ၏။ ရီဖူရှင်းက အနက်ရောင်မြစ်ကို ဖြတ်သန်းသွားလိုက်ရာ ကြီးကျယ်သော နတ်ဆိုးဘုံစစ်တပ်ကြီးကို မြင်လိုက်ရ၏။
“လူတစ်ယောက် ကျူးကျော်လာပြီ...”
အနက်ရောင်မြစ်မှနေ၍ လူတစ်ယောက် ထွက်လာ၏။ သူက သူ၏ကြောက်မက်ဖွယ်အရှိန်အဝါကို ထုတ်လိုက်သော်လည်း ရီဖူရှင်းကို မဖမ်းနိုင်ခဲ့ပေ။
ရီဖူရှင်းသည် ရှေ့သို့ဆက်ပျံသန်းနေပြီး အနက်ရောင်မြစ်၏ ကျယ်ပြောမှုကို အံ့အားသင့်နေသည်။ သူ၏အမြန်နှုန်းနှင့်ဆိုလျှင် သူက လွန်စွာကျယ်ပြောသောနေရာတစ်ခုကို အတွေးတစ်ချက်ဖြင့်ပင် ဖြတ်သန်းသွားနိုင်သည်။ သို့သော် သူက ယခုအထိ အမှောင်ထုအထက်တွင်ပင် ရှိနေသေးသည်။ ကောင်းကင်မှာလည်း နက်မှောင်နေပြီး အာကာသကောင်းကင်များအထက်ရှိ အမှောင်ထုမျက်ဝန်းများသည် ၎င်း၏မြင်ကွင်းရှိ အရာအားလုံးကို ဝါးမျိုနေသကဲ့သို့ ထင်ရပေသည်။
သူ့ရှေ့တွင် အနက်ရောင်မြစ်၏ အဆုံးကို လှမ်းမြင်နေရပေပြီ။ ထိုနေရာသည် လောကအဆုံးနှင့် တူပေသည်။ သူက နတ်ဆိုးဘုံမှ တပ်ကြီးများ ကောင်းကင်ဒေသသို့ တစ်တပ်ပြီးတစ်တပ် ချီတက်သွားသည်ကို မြင်ရ၏။
နတ်ဆိုးဘုံသည် ဤစစ်ပွဲတွင် သူ၏အင်အားအစစ်အမှန်ကို အသုံးပြုနေကြောင်း ထင်ရှားပေသည်။ သူတို့သည် မှော်နက်လောကနှင့် နတ္တိအင်ပါယာဘုံတို့ကဲ့သို့ ကောင်းကင်ဒေသ၏အင်အားကို စမ်းသပ်နေရုံသာ မဟုတ်ပေ။
နောက်ဆုံးတွင် ရီဖူရှင်းသည် အမှောင်ထု၏ အဆုံးသို့ ရောက်ရှိသွား၏။ အနက်ရောင်ကောင်းကင်ပေါ်တွင် ကြောက်မက်ဖွယ်ဝဲဂယက်များ ရှိနေသည်။ သူ့အရှေ့တွင် အာကာပြင်သည် ကြီးမားသောနတ်ဆိုးဂိတ်တံခါးအဖြစ် ဆိုင်းမဆင့်ဘုံမဆင့် ပြောင်းလဲသွားလေသည်။ နတ်ဆိုးဂိတ်တံခါးပွင့်လာသောအခါ တစ်ဖက်မှ တပ်ဖွဲ့များသည် တံခါးကို ဖြတ်၍ ထွက်လာကြသည်။
“အဲဒီက ဘယ်သူလဲ...”
ရီဖူရှင်းရှိနေသောနေရာသို့ နတ်အာရုံများ တစ်ခုပြီးတစ်ခု ရောက်ရှိလာ၏။ ၎င်းတို့အကြားတွင် လွန်စွာစူးရှိသော လွှမ်းမိုးမှုကြီးသည့် အရှိန်အဝါများပါလေသည်။
ရီဖူရှင်းက ၎င်းတို့ကို အလုံးစုံလျစ်လျူရှု၍ ရှေ့သို့ဆက်ပျံသန်းလာ၏။ သူက နတ်ဆိုးဂိတ်တံခါးအရှေ့သို့ ရောက်သွားပြီး အတွင်းသို့ ဝင်လိုက်သည်။
ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခုသည် လေထဲတွင် ပျံ့လွင့်နေသည်။ သူ၏ခန္ဓာကိုယ်သည် နတ်ဆိုးဂိတ်တံခါး၏ ဝါးမျိုမှုကို ခံလိုက်ရသည်။ ထို့နောက်တွင် သူသည် အခြားလောကတစ်ခုထဲတွင် ပြန်ပေါ်လာ၏။
ကြောက်မက်ဖွယ် အရှိန်အဝါများစွာသည် သူ့ကိုလွှမ်းခြုံထားပြီး အသံများကို ကြားလိုက်ရသည်။
“လူတစ်ယောက် ကျူးကျော်လာတယ်...”
ရီဖူရှင်း ထပ်မံပျောက်ကွယ်သွားလေသည်။ စွမ်းအားကြီး အရှိန်အဝါအမြောက်အမြားသည် သူ့နောက်ကို လိုက်နေကြသည်။ သို့သော် မကြာခင်မှာပင် ၎င်းတို့သည် သူ့ကိုမျက်ခြေပြတ်သွားပြီး ရှာမတွေ့တော့ပေ။
နတ်ဆိုးဂိတ်တံခါးအနောက်တွင် စွမ်းအားကြီးကျင့်ကြံသူများစွာ စုဝေးလိုက်သည်။ ဦးဆောင်သူအနည်းငယ်သည် ကြောက်မက်ဖွယ် အရှိန်အဝါများရှိလေသည်။ သူတို့အားလုံးသည် ကပ်ဘေးအဆင့်ကျင့်ကြံသူများဖြစ်ကြသည်။ သူတို့သည် အဝေးသို့ ပျံသန်းပျောက်ကွယ်သွားသည့်လူကို ငေးကြည့်နေကြသည်။ တစ်စုံတစ်ယောက်က ပြောလိုက်၏။
“ဒီလူရဲ့ အမြန်နှုန်းက ပြိုင်ဘက်ကင်းပဲ။ ကောင်းကင်ဒေသက ဘယ်သူက ဒီလိုမျိုး လှုပ်ရှားနိုင်စွမ်းရှိလဲ...”
ကျင့်ကြံသူများသည် ခေါင်းခါလိုက်ကြသည်။ မည်သူမှ ထိုလူ မည်သူဖြစ်ကြောင်းကိ မသိပေ။
“ကောင်းကင်ဒေသမှာတော့ အဲဒီလိုအစွမ်းရှိတဲ့သူ တစ်ယောက်မှမရှိဘူး... ဒါပေမဲ့ မူလဘုံမှာတော့ တစ်ယောက်ရှိတယ်”
ပိန်ပါးကျစ်လစ်သော ကိုယ်လုံးကိုယ်ပေါက်ရှိသည့် အသက်လတ်ပိုင်းအရွယ် ကျင့်ကြံသူတစ်ဦးက အဝေးသို့ကြည့်၍ ပြောလိုက်သည်။ အခြားကျင့်ကြံသူများသည် သူပြောသည်ကို ကြားလိုက်သောအခါ မျက်လုံးများကျဉ်းသွားကြသည်။ သူတို့သည် နတ်ဆိုးဘုံထဲတွင် ရှိနေသော်လည်း ရီဖူရှင်း၏အမည်သည် ကောင်းကင်မှ နေမင်းကြီးပမာ တောက်ပပေသည်။ သူသည် ကောင်းကင်ဒေသနှင့် မူလဘုံတစ်ခွင်တွင် ကျော်ကြား၏။ နတ်ဆိုးဘုံမှ ထိပ်သီးများပင် သူ့အမည်ကို ကြားဖူးလေသည်။
ထို့အပြင် မကြာသေးခင်က နတ်ဆိုးအင်ပါယာနန်းတော်တွင် အဖြစ်အပျက်ကြီးတစ်ခု ဖြစ်ပျက်ခဲ့လေသည်။ ထိုအဖြစ်အပျက်သည် သူနှင့် ဆက်နွယ်နေပေသည်။
“သူက ဘာလို့ နတ်ဆိုးဘုံကို လာရတာလဲ”
တစ်စုံတစ်ယောက်က မထုံတက်သေးဖြင့် မေးလိုက်သည်။
“သူ့ ကြောင့် ဖြစ်လောက်မှာပေါ့။ ငါတို့ နတ်ဆိုးအင်ပါယာနန်းတော်ကို အကြောင်းကြားရမယ်”
“ငါတို့ အဲဒီလူကို ဖမ်းချင်ရင် နတ်ဆိုးသူတော်စင်ကို ကိုယ်တိုင်ဖမ်းခိုင်းမှရမယ်ထင်တယ်”
သူတို့သည် စကားပြောရင်း ရီဖူရှင်းရောက်လာပြီဖြစ်ကြောင်း နတ်ဆိုးအင်ပါယာနန်းတော်ကို အကြောင်းကြားလိုက်ပါသည်။ ထို့နောက်တွင် သူတို့သည် နတ်ဆိုးဂိတ်တံခါးကို ဖြတ်ကာ ကောင်းကင်ဒေသသို့ ဦးတည်သွားလိုက်လေသည်။ သူတို့သည် ရီဖူရှင်းကို အခြားသူများက တာဝန်ယူမည်ဖြစ်သဖြင့် သူ့အားဆက်၍ အာရုံမစိုက်တော့ပေ။
*****
ရီဖူရှင်းက နတ်ဆိုးဘုံထဲတွင် ပေါ်လာ၏။ သူက ဟင်းလင်းပြင်ထဲတွင် ရပ်ကာ ခေါင်းမော့၍ ကောင်းကင်ထက်သို့ ကြည့်လိုက်သည်။
နတ်ဆိုးဘုံတွင် နေလုံး မရှိပေ။ ကောင်းကင်သည် အပြင်လောက,က ညအခါအလား မှောင်မည်းနေသည်။
ထို့အပြင် ထိုကောင်းကင်သည် လူများကို ပုံသဏ္ဍာန်အတိအကျမရှိသည့် ဖိအားအငွေ့အသက်တစ်ခုကို ပေးလေသည်။ ရီဖူရှင်း၏ အာရုံများသည် စူးရှလေရာ ထိုဘုံ၏ ဖိအားကို ပို၍အာရုံခံစားနိုင်သည်။ ထိုဖိအားသည် နေရာအနှံ့တွင် ရှိနေပုံပင်။
နတ်ဆိုးဘုံမှ လူများသည် ထိုနတ်အရှိန်အဝါကို အချိန်တိုင်း ခံနေရသည်လော။
ဤလောကသည် ကောင်းကင်ဒေသနှင့် လုံးဝကွဲပြားသော လောကဖြစ်သည်။ ကောင်းကင်ဒေသနှင့်ယှဉ်လျှင် နတ်ဆိုးဘုံ၏ လူနေမှုအခြေအနေသည် သိသိသာသာ ပို၍ဆိုးဝါးပေသည်။
ဒဏ္ဍာရီများအရ နတ်ဆိုးဘုံသည် ကောင်းကင်ကိုးခု၊ တိုက်ကြီးဆယ်တိုက်၊ သမုဒ္ဒရာလေးစင်းနှင့် သဲကန္တာရရှစ်ခုရှိသည်ဟု သိရလေသည်။
ရီဖူရှင်းက အောက်သို့ ပျံဆင်းသွားပြီး မြေပြင်ပေါ်တွင် ဆင်းသက်လိုက်သည်။ သူက မြေပုံတစ်ခု ရှာ၍ နတ်ဆိုးမြို့တော်သို့တန်းသွားလိုနေသည်။
သူ မြေပေါ်သို့ ဆင်းသက်ပြီးနောက်တွင် သူ့ပတ်ဝန်းကျင်ရှိ နတ်ဆိုးကျင့်ကြံသူများသည် သူ့ကို ကြည့်လိုက်ကြသည်။ သူတို့အားလုံးသည် အနည်းငယ် နမိတ်မကောင်းသကဲ့သို့ ခံစားနေရသည်။ ရီဖူရှင်း၏အရှိန်အဝါသည် နတ်ဆိုးဘုံမှ ကျင့်ကြံသူများနှင့် မကိုက်ညီပေ။
“နောင်ကြီး...”
ရီဖူရှင်းက တစ်စုံတစ်ယောက်ကို မေးခွန်းတစ်ခုမေးရန် ကြိုးစားလိုက်သည်။ သို့သော် ထိုလူသည် သူ့ကို အေးစက်စက် တစ်ချက်ကြည့်၍ အဝေးသို့ ထွက်သွားလေသည်။ သူသည် တစ်ချက်ပင် မရပ်ခဲ့ပေ။
ရီဖူရှင်းက ထိုကဲ့သို့ အကြိမ်များစွာ ရှောင်ဖယ်ခံခဲ့ရသည်။
သူမျက်မှောင်ကြုတ်လိုက်ပြီး အဘယ်ကြောင့် ထိုသို့ရှောင်ဖယ်ခံရခြင်းဖြစ်ကြောင်း အနည်းငယ်နားလည်ပေသည်။ ထို့နောက် သူ၏ခန္ဓာကိုယ်သည် ဝဲကတော့တစ်ခုကဲ့သို့ လည်ပတ်လာပြီး သူ့ပတ်ဝန်းကျင်လောကအတွင်းရှိ နတ်ဆိုးလှိုင်းများကို စုပ်ယူလိုက်သည်။ မကြာခင်တွင် နတ်ဆိုးအရှိန်အဝါသည် သူ့ကိုဖြတ်၍ စီးဆင်းသွားလေသည်။ တစ်ချိန်တည်းမှာပင် သူ၏ဝတ်စုံသည် အနက်ရောင်ဝတ်စုံအဖြစ် ပြောင်းလဲသွားသည်။ လျှပ်တစ်ပြက်အတွင်းမှာပင် သူက အခြားတစ်ယောက်၏ရှေ့တွင် ပေါ်လာ၏။
ထို့နောက်တွင် ကိစ္စများသည် ပို၍ချောမွေ့လာ၏။ မကြာခင်မှာပင် ရီဖူရှင်းသည် နတ်ဆိုးဘုံ၏ အကြမ်းဖျင်းမြေပုံတစ်ခုကို ရရှိခဲ့လေသည်။
ရီဖူရှင်းက မြေပုံကို ရရှိပြီးသွားသောအခါ ထိုနေရာတွင် ဆက်၍မနေတော့ပေ။ သူက နတ်ဆိုးမြို့တော်သို့ တန်း၍ ထွက်ခွာခဲ့လေတော့သည်။ သူက ယူချင်းနှင့်ပတ်သတ်သည့် သတင်းအချက်အလက်များကို ရှာဖွေလိုနေသည်။ သူက ယူချင်း မည်သို့ဖြစ်နေကြောင်း မသိပေ။
ရီဖူရှင်းက နတ်ဆိုးဘုံထဲတွင် တစ်ဦးတည်း သွားလာနေသည်။ သူက ကောင်းကင်ကိုးခုနှင့် တိုက်ကြီးဆယ်တိုက်ကို ဖြတ်သန်းသွားလိုက်သည်။ သူ၏လမ်းတစ်လျှောက်တွင် နတ်ဆိုးဘုံ၏ ကျင့်ကြံခြင်းပတ်ဝန်းကျင်သည် သူထင်ထားခဲ့သည်ထက် ပို၍ခက်ခဲကြမ်းတမ်းကြောင်း သိခဲ့ရလေသည်။ ကောင်းကင်ထက်မှနေ၍ မကြာခဏကျဆင်းလာသော အဖျက်စွမ်းအားများလည်း ရှိပေသေးသည်။ သို့သော် နတ်ဆိုးဘုံမှ ကျင့်ကြံသူများသည် ထိုအခြေအနေများကို နေသားကျနေသည့်ပုံပင်။ အမှန်ပင် အရည်အချင်းပြည့်ဝသောကျင့်ကြံသူများသည် ထိုအခြေအနေများကို သူတို့၏အကျိုးအတွက်အသုံးချ၍ သူတို့၏နတ်ဆိုးအတတ်များကို မွမ်းမံ၊ မြှင့်တင်နိုင်သည်။ ရီဖူရှင်းက ထိုကဲ့သို့ ထူးခြားသည့် အခြင်းအရာများကို တစ်ခါမှ မမြင်ဖူးခဲ့ပေ။
ယခင်က ရီဖူရှင်းက အနောက်ဘက်လောကသို့ သွားခဲ့ဖူးသည်။ ဗုဒ္ဓလောကသည် ကောင်းကင်ဒေသနှင့် အနည်းငယ်ကွာခြားပေသည်။ သို့သော် ဗုဒ္ဓလမ်းစဉ်လွှမ်းမိုးမှုနှင့် ဗုဒ္ဓတရားများသည် မည်မျှ အံ့အားသင့်ဖွယ်ကောင်းသည်မှ လွဲ၍ သာမန်လူများအတွက် ကျင့်ကြံခြင်းပတ်ဝန်းကျင်နှင့် လောက၏ယေဘုယျပတ်ဝန်းကျင်သည် ကောင်းကင်ဒေသနှင့် အတော်လေးဆင်တူပေသည်။
သို့သော် နတ်ဆိုးဘုံမှာမူ အတော်လေးကွဲပြားပေသည်။ နတ်ဆိုးဘုံထဲတွင် နေ့အလင်းရောင်မရှိဘဲ အမြဲတစေမှောင်မည်းနေပေသည်။ အာကာသကောင်းကင်များထက်မှ ကျဆင်းလာသော အလင်းဖျော့ဖျော့သည်ပင် အထက်ရှိ အဖျက်အရှိန်အဝါမှ ဖြစ်ပေါ်လာ၏ဟု ထင်ရလေသည်။
သူသည် ဆန်းကြယ်သောအခြင်းအရာတစ်ခုကိုလည်း ရှာဖွေတွေ့ရှိခဲ့သည်။ နတ်ဆိုးဘုံတွင် နေထိုင်သူဦးရေသည် ကောင်းကင်ဒေသလောက် မထူထပ်ပေ။ သို့သော် နတ်ဆိုးဘုံမှ ကျင့်ကြံသူများ၏ ပျှမ်းမျှစွမ်းအားအဆင့်သည် ကောင်းကင်ဒေသထက် များစွာမြင့်ပေသည်။
ကောင်းကင်ဒေသသည် စွမ်းအားကြီးကျင့်ကြံသူများစွာ နေထိုင်သောနေရာဖြစ်သော်လည်း ကောင်းကင်ဒေသတွင် အားနည်သူက ပိုများပေသည်။ စွမ်းအားအဆင့်ခွဲပုံသည် ပိရမစ်တစ်ခုကဲ့သို့ ရှင်းလေပေသည်။
ထို့ကြောင့် နတ်ဆိုးဘုံ၏ ပျှမ်းမျှစွမ်းအားအဆင့်သည့် ကောင်းကင်ဒေသထက် အဆင့်များစွာမြင့်ပေသည်။ ထိုသို့ဖြစ်ရခြင်းမှာ နတ်ဆိုးဘုံ၏ ကြမ်းတမ်းခက်ထန်သော ပတ်ဝန်းကျင်ကြောင့်ဖြစ်သည်။ နတ်ဆိုးဘုံ၏ပတ်ဝန်းကျင်တွင် အားနည်းသော ကျင့်ကြံသူများသည် မရှင်သန်နိုင်ပေ။ သဘာဝ၏ရွေးချယ်မှုကို ကျော်ဖြတ်နိုင်ခဲ့သူများအားလုံးသည် လွန်စွာ လိုက်လျောညီထွေနေနိုင်သည့် ကျင့်ကြံသူများဖြစ်သည်။ ထို့ကြောင့် ယင်းပတ်ဝန်းကျင်သည် သူတို့ကို ကျင့်ကြံခြင်းအဆင့် ပိုမြင့်လာစေလေသည်။
****
နတ်ဆိုးမြို့တော်သည် နတ်ဆိုးလောက၏ ဗဟိုမြို့တော်ဖြစ်သည်။
ထိုနေရာရှိ ကျင့်ကြံခြင်းပတ်ဝန်းကျင်သည် အခြားနေရာများထက် ပိုကောင်းလိမ့်မည်ဟု ရီဖူရှင်းထင်ခဲ့သည်။ သို့သော် သူက ထိုနေရာသို့ရောက်ရှိသွားသောအခါ နတ်ဆိုးမြို့တော်၏ ကျင့်ကြံခြင်းပတ်ဝန်းကျင်သည် နတ်ဆိုးဘုံတစ်ခွင်လုံးတွင် အဆိုးဆုံးဖြစ်နိုင်ကြောင်း သိရှိခဲ့ရလေသည်။
အဝေးရှိ အာကာသကောင်းကင်များထိပ်တွင် ကောင်းကင်များနှင့် ထိစပ်နေသော နန်းတော်တစ်ခုကို သူ ခပ်ရေးရေး လှမ်းမြင်ရလေသည်။ ထိုနန်းတော်သည် နတ်ဆိုးအင်ပါယာနန်းတော်ဖြစ်ပြီး နတ်ဆိုးနတ်ဘုရားနန်းတော်ဟုလည်း သိကြပေသည်။
ထိုနေရာတွင် ကြောက်မက်ဖွယ် အဖျက်စွမ်းအားမုန်တိုင်းတစ်ခု ရှိနေသည်။ ရီဖူရှင်းက အဝေးမှနေ၍ပင် လောကတစ်ခုလုံးကို ဖိနှိပ်နိုင်သော ထိုကြောက်မက်ဖွယ်အရှိန်အဝါကို ခံစားနိုင်သည်။
နတ်ဆိုးအင်ပါယာနန်းတော်သည် လောကကိုပင် ဖျက်ဆီးပစ်နိုင်သည်ဟု ထင်ရသည့် အဖျက်စွမ်းအားမုန်တိုင်းကြီးတစ်ခုအောက်တွင် တည်ရှိလိမ့်မည်ဟု ရီဖူရှင်း တစ်ခါမှ မတွေးခဲ့ဖူးပေ။ နတ်ဆိုးနတ်ဘုရားနန်းတော်သည် ထိုအဖျက်စွမ်းအား၏ လွှမ်းခြုံမှုကို ခံစားရပြီး လောကဖျက်ဆီးစွမ်းအားကို အချိန်ပြည့် ခံနေရသည်ဟု ထင်ရပေသည်။
“ဒါက ဘယ်လိုလောကမျိုးလဲ...”
ရီဖူရှင်း တွေးတောလိုက်သည်။ သူ့မျက်ရှိရှေ့တွင် မြင်နေရသော အရာများသည် သူနားလည်ထားသော လောကနှင့် ပြဒါးတစ်လမ်း၊ သံတစ်လမ်းဖြစ်နေပေသည်။
နတ်ဆိုးမြို့တော်သည် နတ်ဆိုးဘုံ၏ မြို့တော်ဖြစ်သော်လည်း သူထင်ထားသကဲ့သို့ စည်ကားမနေပေ။ ကောင်းကင်ဒေသတွင် နေရာတစ်ခုသည် ပို၍အင်အားကြီးလေလေ ပို၍စည်ကားလေလေပင်ဖြစ်သည်။ သို့သော် နတ်ဆိုးမြို့တော်သည် ကောင်းကင်ဒေသမှ မြို့တော်များနှင့် ကွာခြားပေသည်။ ထိုမြို့တော်တွင် ကျင့်ကြံသူများစွာ မရှိပေ။
သို့သော် ထိုမြို့တော်ရှိ ကျင့်ကြံသူများ၏ ကျင့်ကြံခြင်းအဆင့်များသည် ပို၍စွမ်းအားကြီးပေသည်။ ရီဖူရှင်းက နတ်ဆိုးအင်ပါယာအဆင့်ကျင့်ကြံသူများကို နေရာအနှံ့တွင် တွေ့ရလေသည်။
ရီဖူရှင်းက သူ၏နတ်အာရုံကို အကန့်အသတ်မဲ့ ကျယ်ပြောသော မြို့တော်ကို လွှမ်းခြုံ၍ ရှေ့သို့ ဆက်လျှောက်လာ၏။ ရုတ်ခြည်းအတွင်းမှာပင် နတ်ဆိုးမြို့တော်အတွင်းရှိ အသံများစွာသည် သူ၏နားစည်ကို လာရောက်ရိုက်ခတ်လေသည်။
ရီဖူရှင်းက အတွေးတစ်ချက်ပြုလိုက်ရာ နတ်ဆိုးအဆောက်အဦးများထဲမှ တစ်ခု၏အောက်သို့ ရောက်သွားလေသည်။ သူက ခေါင်းမော့၍ အဆောက်အဦးကို မော့ကြည့်လိုက်သည်။ ထို့နောက် သူက အဆောက်အဦးအထက်သို့ လျှောက်သွားပြီး ထိုင်စရာနေရာတစ်ခု ရှာလိုက်သည်။
“နတ်ဆိုးဘုံစစ်တပ်က ကောင်းကင်ဒေသရဲ့ မြောက်ဘက်ကမ်းပါးဒေသကို ရောက်လုနီးပြီ...”
အပေါ်ထပ်မှ အသံတစ်ခုက ပြောလိုက်လေသည်။ သူတို့သည် နတ်ဆိုးဘုံနှင့် ကောင်းကင်ဒေသကြားမှ စစ်ပွဲအကြောင်းကို ပြောနေခြင်းပင်။
“ဒီစစ်ပွဲမှာ နတ်ဆိုးသူတော်စင်က နတ်ဆိုးဘုံက တပ်တွေကို ကိုယ်တိုင်ဦးဆောင်နေတာပဲ။ ကောင်းကင်ဒေသက ကျင့်ကြံသူတွေက အညတရလေးတွေပါ... သူတို့က ငါတို့စစ်တပ်ကို ဘယ်လိုလုပ် ခုခံနိုင်မှာလဲ။ နတ်ဆိုးအင်ပါယာက ဒီတစ်ခေါက် ကောင်းကင်ဒေသကို သိမ်းပိုက်ဖို့ ကိုယ်တိုင်ဦးဆောင်မလားမသိဘူး”
နောက်တစ်ယောက်ကပြောလိုက်သည်။
သူက “နတ်ဆိုးအင်ပါယာ” ဟုပြောလိုက်သောအခါ သူ၏မျက်လုံးများထဲတွင် အားကောင်းသည့် ချစ်ကြောက်ရိုသေမှုအငွေ့အသက်တစ်ခု ပေါ်လာကြောင်း ရီဖူရှင်း သိရှိလိုက်ရသည်။ ထိုခံစားချက်သည် သူ၏နှလုံးသားမှလာသော စစ်မှန်သည့် ခံစားချက်ဖြစ်သည်။
“ကောင်းကင်ဒေသရဲ့ ကုန်းမြေ(၁၈)ခုနဲ့ တခြားဒေသတွေမှာ စွမ်းအားကြီးကျင့်ကြံသူတွေ မရေမတွက်နိုင်အောင်ရှိတယ်။ အရှင်ဒွန်ဟောင်အောက်မှာ အင်ပါယာနန်းတော်က ကျင့်ကြံသူတွေနဲ့ ကုန်းမြေသခင်အိမ်တော်(၁၈)ခုလည်းရှိတယ်။ ကောင်းကင်ဒေသကို သိမ်းပိုက်ဖို့က အဲဒီလောက်လွယ်မယ် မထင်ဘူး...”
ရီဖူရှင်း ပြောလိုက်သည်။ သူက သတင်းအချက်အလက်များ ပိုရရန် ထိုစကားဝိုင်းတွင် ဝင်ပြောလိုနေပုံပေါ်လေသည်။
“ကောင်းကင်ဒေသက ကျင့်ကြံသူတွေက အဲဒီလို သက်တောင့်သက်သာရှိတဲ့ ပတ်ဝန်းကျင်မှာ နေတဲ့သူတွေပဲ။ သူတို့က ဘယ်လိုလုပ် ငါတို့ရဲ့ နတ်ဆိုးစစ်တပ်ကို တားဆီးနိုင်မှာလဲ။ ကုန်းမြေ(၁၈)ခုဆိုတာလည်း ငါတို့ရဲ့ တိုက်ခိုက်မှုကို ခံနိုင်မှာမဟုတ်ပါဘူး”
နတ်ဆိုးကျင့်ကြံသူတစ်ဦးက ပြောလိုက်သည်။ သူ၏အသံသည် လွှမ်းမိုးမှုရှိပြီး နတ်ဆိုးစစ်တပ်၏အင်အားကို အပြည့်အဝယုံကြည်မှုရှိနေပုံပင်။
“အရှင်ဒွန်ဟောင်ကလည်း သူ့ခေတ်မှာ ပြိုင်ဘက်ကင်းတစ်ဦးပဲ။ သူက ကောင်းကင်ဒေသက နယ်မြေတွေကို စည်းလုံးစေခဲ့တာ... ပြီးတော့ ကျင့်ကြံခြင်းကိုလည်း တိုးတက်စေခဲ့တဲ့သူပဲ။ ကောင်းကင်ဒေသမှာ ကျင့်ကြံသူတွေ မရေမတွက်နိုင်အောင်ရှိတယ်... ပြီးတော့ စွမ်းအားကြီးတဲ့သူတွေလည်း အများကြီးရှိတယ်။ မင်းတို့ ရန်သူကို လျှော့မတွက်သင့်ဘူး”
ရီဖူရှင်းက အထင်တကြီး ပြောလိုက်သည်။
“အရှင်ဒွန်ဟောင်ရဲ့ အုပ်စိုးမှုက နှစ်ရာချီလောက်ပဲ ရှိခဲ့တာပါ။ သူက နတ်ဆိုးအင်ပါယာနဲ့ ဘယ်လိုလုပ်ယှဉ်နိုင်မှာလဲ။ အဲဒီတုန်းက နတ်ဆိုးအင်ပါယာရဲ့ အရှိန်အဝါက လောကတစ်ခွင်လုံးကို လွှမ်းမိုးနိုင်ခဲ့တာပဲ။ သူက ကောင်းကင်ကိုးခု၊ တိုက်ကြီးဆယ်တိုက်၊ သမုဒ္ဒရာလေးစင်းနဲ့ ကန္တာရရှစ်ခုကို အုပ်ချုပ်အမိန့်ပေးနိုင်တဲ့သူပဲ။ သူက နတ်ဆိုးချောက်ကမ်းပါးအထက်က နတ်ဆိုးအင်ပါယာနန်းတော်မှာ နေတဲ့သူပဲ။ သူက ကောင်းကင်တွေရဲ့ နတ်ဆိုးကပ်ဘေးတွေကို တစ်ယောက်တည်း ခံယူပြီး နတ်ဆိုးဘုံရဲ့ ကောင်းကင်ကိုးခုနဲ့ တိုက်ကြီးဆယ်တိုက်ကို ထောက်ကန်ပေးထားတာပဲ။ အဲဒီလိုစွမ်းအားမျိုးကို... အရှင်ဒွန်ဟောင်က သူနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ”
နတ်ဆိုးကျင့်ကြံသူ၏အသံသည် ရီဖူရှင်းပြောသည်ကို ကြားသောအခါ အေးစက်သွားသည်။ သူက ရီဖူရှင်းကို စိုက်ကြည့်၍ ပြောလိုက်သည်။
“မင်းကဘယ်သူလဲ... ဘာလို့ ရန်သူရဲ့ အင်အားကို အဲဒီလောက် အမွှမ်းတင်နေရတာလဲ”
သူက ထိုသို့ပြောလိုက်ပြီး ခြိမ်းခြောက်သည့် အရှိန်အဝါသဲ့သဲ့ ထုတ်လွှတ်လိုက်သည်။ ရီဖူရှင်းကို ကြည့်နေသော သူ၏အကြည့်များသည် အနည်းငယ် ကြောက်မက်ဖွယ်ကောင်းလာ၏။
အဆောက်အဦးအတွင်းရှိ လူများအားလုံးသည် နတ်ဆိုးအင်ပါယာနန်းတော်ကို ကြည့်နေခြင်းဖြစ်ကြောင်း ရီဖူရှင်းသိရှိသွားသည်။ သူတို့၏အကြည့်များသည် ကောင်းကင်ထက်ရှိ အဖျက်စွမ်းအားမုန်တိုင်းထံမှ မခွာပေ။ သူတို့သည် ထိုနန်းတော်ဘက်သို့ ဦးညွှတ်နေကြသည်။ သူတို့၏ မျက်ဝန်းများထဲတွင် ရိုသေကိုင်းရှိုင်းမှုများ ရှိလေသည်။
ဤနေရာတွင် နတ်ဆိုးအင်ပါယာသည် နတ်ဘုရားတစ်ဦးပေ။