အခန်း ၂၄၄
Vol. 25 Ch. 244
အခန်း (၂၄၄) သခင်လေး... သူက သခင်လေးပဲ
၎င်းတို့၏ စိတ်ထဲတွင် အတွေးပေါင်းများစွာ ဝင်ရောက်လာခဲ့ပေ၏။
တွေးစရာများစွာက ချက်ချင်းပင် ခေါင်းထဲသို့ ရောက်လာခဲ့သည်။
၎င်းတို့ထဲမှ တစ်ဦးက မနေနိုင်ဘဲ မေးလိုက်၏။ "အဇူရာသခင်လေးရဲ့ နာမည် ဒါမှမဟုတ် နောက်ခံကို သိတဲ့သူ ရှိလား..."
"အရင်က တစ်ယောက်ယောက် ပြောဖူးတာကို ငါကြားဖူးသလိုပဲ... သူ့နာမည်က ချန်ဖုန်းတဲ့..."
"မျိုးရိုးနာမည် ချန် ဟုတ်လား..."
အဘိုးအိုက တစ်ခဏမျှ ရပ်တန့်သွား၏။
"ငါတို့ သခင်ရဲ့ မျိုးရိုးနာမည်ကလည်း ချန် ပဲလေ... သူက ငါတို့သခင်နဲ့ နည်းနည်းတူနေတယ်လို့ မင်းမထင်ဘူးလား... သူက ငါတို့သခင်နဲ့ ဆွေမျိုးတော်စပ်နေတာများလား..."
"မဖြစ်နိုင်ဘူး..."
အခြားတစ်ဦးက ခေါင်းခါလျက် ပြောဆိုလိုက်၏။ "တကယ်လို့ သူကသာ သခင်နဲ့ ပတ်သက်မှုရှိခဲ့ရင် လက်ရှိ နန်းတော်သခင် ပိုင်ရိဟန် က သူ့ကို စောစောကတည်းက သတ်ပစ်လောက်ပြီဆိုတာ မင်း မေ့နေတာလား..."
"သူ့ကို အဇူရာသခင်လေး ဖြစ်လာဖို့ ပိုင်ရိဟန်က ဘယ်လိုလုပ် ခွင့်ပြုမှာလဲ..."
"ဒါ့အပြင် အဲဒီတုန်းက ဘာဖြစ်ခဲ့လဲဆိုတာ မင်းမေ့သွားပြီလား... သခင် သေဆုံးသွားချိန်တုန်းက ဒါဇင်နဲ့ချီတဲ့ သူ့ရဲ့ မိသားစုဝင်တွေ အကုန်လုံး သတ်ဖြတ်ခံခဲ့ရတာလေ..."
"သူ့မှာ ကလေးတစ်ယောက် ရှိခဲ့ပေမဲ့ အခင်းဖြစ်ပွားရာ နေရာမှာ မွေးကင်းစကလေးငယ်ရဲ့ ရုပ်အလောင်းကိုလည်း ငါတို့ တွေ့ခဲ့ရတယ်..."
ထိုအကြောင်း ပြောရင်း..
လူတိုင်း တိတ်ဆိတ်သွားကြလေသည်။
၎င်းတို့ဘဝတွင် တစ်ခုတည်းသော နောင်တမှာ သခင်လုပ်ကြံခံရချိန်တွင် အခင်းဖြစ်ပွားရာနေရာသို့ ချက်ချင်း မရောက်ရှိခဲ့ခြင်းပင် ဖြစ်ပေ၏။
သခင်၏ ကလေးကို မကယ်တင်နိုင်ခဲ့ခြင်းကလည်း တန်းတူညီမျှ နောင်တရစရာပင် ဖြစ်သည်။
ထိုအချိန်၌ အဘိုးအိုတစ်ဦးက စစ်မြေပြင်ရှိ ပုံရိပ်တစ်ခုကို ရုတ်တရက် လက်ညှိုးထိုးပြကာ ပြောဆိုလိုက်၏။
"မျက်နှာတစ်ထောင် မြေခွေးရဲ့ ဘေးက အမျိုးသမီးက ရင်းနှီးနေသလို မထင်ဘူးလား..."
"ဟင်..."
အခြားနှစ်ဦးမှာ မှန်ပြောင်းများကို အလျင်အမြန် ကောက်ကိုင်လိုက်ကြသည်။
နောက်တစ်ခဏတွင် သူတို့၏ ခန္ဓာကိုယ်တစ်ခုလုံး ပြင်းထန်စွာ တုန်ရီသွားခဲ့ပေ၏။
သူတို့သည် မိုးကြိုးပစ်ခံလိုက်ရသည့်အလား ဖြစ်သွားပြီး မျက်နှာမှာ သေသူတစ်ဦးကဲ့သို့ ဖြူဖျော့သွားခဲ့လေသည်။
"သူမက..."
"သူမက ဟော့ဝူ ပဲ..."
၎င်းတို့သည် ဟော့ဝူကို လွန်ခဲ့သော နှစ်ပေါင်း ၂၀ ကျော်က မြင်တွေ့ခဲ့ဖူးပြီး အကြိမ်အနည်းငယ်သာ မြင်ဖူးသော်လည်း မှတ်ဉာဏ်က အလွန် ရှင်သန်နေဆဲပင် ဖြစ်၏။ ဘာကြောင့်လဲဆိုတော့ အခြားသူက ရုပ်ဖျက်စွမ်းရည်ကို သိထားသောကြောင့်ပင်။
ထို့အပြင် ထိုသူကို သခင်မ၏ ဘေးတွင် မြင်တွေ့ခဲ့ရသောကြောင့် ဖြစ်ပေသည်။
ထို့အပြင် သခင်မ ကိုယ်ဝန်ရှိစဉ်က ဘေးမှ ပြုစုပေးရန် ဟော့ဝူ ရှိနေခဲ့သောကြောင့်ပင်။
အသက်ခြောက်ဆယ်ကျော်နေပြီဖြစ်သော အဘိုးအိုသုံးဦးသည် စိတ်ခံစားမှု မုန်တိုင်းတစ်ခုကို ခံစားနေကြရလေပြီ။
၎င်းတို့မှာ ဇဝေဇဝါ ဖြစ်နေကြကာ
နားမလည်နိုင်အောင် ဖြစ်နေကြသည်။
အရင်က တစ်ခါမှ မခံစားဖူးသော စိတ်လှုပ်ရှားမှု အရိပ်အယောင်ပင် ရှိနေခဲ့ချေ၏။
"ဟော့ဝူ က အနှစ်နှစ်ဆယ်ကျော် ပျောက်ကွယ်နေခဲ့တာ... ဒါပေမဲ့ အခု သူမက ရုတ်တရက် ထွက်ပေါ်လာပြီး အဇူရာနန်းတော်က လူတွေနဲ့ အတူရှိနေတယ်... ဒီလိုဖြစ်နိုင်ခြေ ရှိတယ်လို့ မင်းတို့ မထင်ဘူးလား..."
ထိုသို့ ပြောဆိုချိန်တွင် အဘိုးအို၏ အသံမှာ တုန်ရီနေပြီး သူ၏ လက်ထဲရှိ မှန်ပြောင်းသည် မြေပြင်ပေါ်သို့ ဘုန်းခနဲ ပြုတ်ကျသွားလေ၏။
သူ ဆက်လက်၍ မတွေးရဲတော့ချေ။
သူ၏ နှလုံးသားထဲရှိ နောက်ဆုံး မျှော်လင့်ချက် ရောင်ခြည်လေး ထပ်မံ ပျက်စီးသွားမည်ကို အလွန်အမင်း ထိတ်လန့်နေခဲ့ပေသည်။
သူ၏ ဘေးရှိ အဘိုးအိုက ဝင်ပြောလိုက်၏။ "ဟော့ဝူ က အကြောင်းပြချက်မရှိဘဲ ဒီကို လာမှာ မဟုတ်ဘူး... သူမက ဒီလောက် နှစ်တွေအကြာကြီး ပုန်းအောင်းနေခဲ့တာဆိုတော့ အခု သူမ ထွက်လာတာက ရည်ရွယ်ချက်တစ်ခု ရှိရမယ်..."
"သူမက သခင်မရဲ့ ညီမလေ..."
သူ၏ အကြည့်များက အဝေးရှိ စစ်မြေပြင်သို့ ပြန်လည်ရောက်ရှိသွားပြီး သူ၏ မျက်လုံးများထဲတွင် မျက်ရည်များ ရုတ်တရက် ပြည့်နှက်လာခဲ့ပေ၏။
"ဒီသခင်လေးက သခင်နဲ့ တကယ်ပဲ ပတ်သက်နေတာ ဖြစ်နိုင်တယ်..."
"ဟော့ဝူ ကိုယ်တိုင်က ရုပ်ဖျက်စွမ်းရည်ရှိတယ်လေ... အဲဒီတုန်းက ငါတို့တွေ့ခဲ့ရတဲ့ မွေးကင်းစကလေး ရုပ်အလောင်းတွေက သခင့်ရဲ့ ကလေးတွေ မဟုတ်တာ ဖြစ်နိုင်တယ်..."
"ဒါက..."
အခြားနှစ်ဦး၏ နှလုံးသားများ ထပ်မံတုန်လှုပ်သွားကြပြန်သည်။
အကယ်၍ ထိုသို့သာဆိုလျှင် သခင်၏ ကလေးသည် မသေဆုံးခဲ့ဟု ဆိုလိုခြင်းပင်။
လက်ရှိ အဇူရာသခင်လေးသည် ၎င်းတို့ ရှာဖွေနေသူ ဖြစ်နိုင်ခြေ အလွန်များပြားလှပေ၏။
အဘယ်ကြောင့်ဆိုသော် တစ်ဖက်လူမှာလည်း အသက် နှစ်ဆယ့်နှစ်နှစ် ရှိနေသောကြောင့်ပင်။
ရုပ်ရည်သွင်ပြင်က အတိအကျ ကိုက်ညီနေသည်။
အသက်အရွယ်လည်း ကိုက်ညီနေ၏။
"ဟားဟားဟား... ကောင်းကင်ဘုံမှာ မျက်စိရှိတယ်... ကောင်းကင်ဘုံမှာ မျက်စိရှိတယ်..."
အဘိုးအိုသည် ကောင်းကင်သို့ မော့ကြည့်ကာ ဟိန်းဟောက်လိုက်လေသည်။
သူသည် ဤနှစ်များတစ်လျှောက်လုံး မိမိကိုယ်ကိုယ် အပြစ်တင်နေခဲ့ခြင်း ဖြစ်၏။
ယခုအခါ ထိုနှစ်က နောင်တများကို ပြန်လည်ကုစားရန် အခွင့်အရေးတစ်ခု နောက်ဆုံးတွင် ရရှိလာခဲ့ပေပြီ။
"သူက သခင့်ရဲ့ ကလေးဖြစ်မယ်လို့ ငါ ခံစားနေရတယ်... အခုချိန်မှာ အဇူရာနန်းတော်သခင်တောင် ဒါကို သိဦးမယ်မထင်ဘူး..."
"မြန်မြန်... ငါတို့ သွားပြီး သခင်လေးကို ကယ်တင်ရမယ်..."
"လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က အခွင့်အရေးတစ်ခုကို ငါ လက်လွတ်ခဲ့ပေမဲ့ ဒီတစ်ကြိမ်မှာတော့ လုံးဝ အလွတ်မခံတော့ဘူး..."
"ငါ့အသက်ကို ပေးရမယ်ဆိုရင်တောင် သခင်လေးရဲ့ ဘေးကင်းမှုကို ငါ သေချာပေါက် ကာကွယ်မယ်..."
"သခင်လေး..."
အခြား အဘိုးအိုနှစ်ဦးတွင်လည်း မျက်ရည်များ ရစ်သိုင်းနေခဲ့ပေ၏။
သခင်လေးကို မြင်လိုက်ရချိန်တွင်
၎င်းတို့၏ ယခင် သခင်ကို မြင်တွေ့လိုက်ရသကဲ့သို့ ဖြစ်နေပြီး စစ်မြေပြင်တွင် ပြင်းထန်စွာ တိုက်ပွဲဝင်နေသည်ကို မြင်တွေ့နေရသည့်အလား ဖြစ်နေပေသည်။
ယခုအခါ အဇူရာနန်းတော်တွင် ၎င်းတို့သုံးဦးသာ ကျန်ရှိတော့၏။
၎င်းတို့ထဲမှ အနည်းငယ်သာ သခင်၏ မျက်နှာအစစ်ကို မြင်ဖူးခဲ့ကြသဖြင့် အခြားသူများက သူ့ကို မမှတ်မိခြင်းမှာ ပုံမှန်ပင် ဖြစ်လေသည်။
"သွားကြစို့... ငါ့နောက်ကလိုက်ပြီး ရန်သူကို သတ်ကြ..."
အဘိုးအိုတစ်ဦး၏ အငွေ့အသက်များ ရူးသွပ်စွာ မြင့်တက်လာခဲ့၏။
၎င်းတို့သည် ၎င်းတို့၏ ဘဝကျန်ရှိနေသော အချိန်များကို ဤအတိုင်း ဖြတ်သန်းရန် မူလက ရည်ရွယ်ထားခဲ့သော်လည်း ယခုအခါ ရည်မှန်းချက်အသစ်တစ်ခု ရရှိသွားခဲ့လေပြီ။
သခင်လေးနောက်သို့ သေသည်အထိ လိုက်ရန် ၎င်းတို့ ကျိန်ဆိုကြသည်။
သခင်၏နောက်သို့ လိုက်ခဲ့စဉ်ကအတိုင်းပင် ဖြစ်၏။
"သတ်..."
တတိယမြောက် အဘိုးအိုကလည်း ကျယ်လောင်စွာ အော်ဟစ်လိုက်လေသည်။
၎င်းတို့ထံမှ ထွက်ပေါ်လာသော အငွေ့အသက်များသည် သာမန် ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူတစ်ဦးထက်ပင် ပိုမိုအားကောင်းနေပုံရပေ၏။
၎င်းတို့သည် စစ်မြေပြင်ဆီသို့ ချက်ချင်း ပြေးဝင်သွားကြလေသည်။
"ဟားဟား... ဒီနေ့ ငါတို့သုံးယောက် အပြတ်အသတ် တိုက်ခိုက်ကြတာပေါ့... ကွပ်ကဲရေးဌာနဆီ သွားကြမယ်... ကွပ်ကဲရေးဌာနက ငါတို့နဲ့ အနီးဆုံးပဲ..."
"သူတို့ရဲ့ တပ်မှူးကို သတ်ပစ်လိုက်... နိုင်ငံဆယ်ခု မဟာမိတ်တပ်က အဇူရာနန်းတော်ကို ဘယ်လိုလုပ် ဝိုင်းရံနိုင်မလဲ ကြည့်ကြတာပေါ့..."
"ဟွန့်... အဇူရာနန်းတော်ရဲ့ ကြီးစိုးမှုအောက်မှာ သူတို့ခံစားခဲ့ရတဲ့ အကြောက်တရားတွေကို ဒီနယ်စပ်ပြင်ပက အင်အားစုတွေ မေ့သွားကြပြီ ထင်တယ်... ဒါက သူတို့ကို ပြန်အမှတ်ရစေဖို့ အကောင်းဆုံး အခွင့်အရေးပဲ..."
"သူတို့က ငါတို့ သခင်လေးကိုတောင် အနိုင်ကျင့်ရဲသေးတယ်... ကိုယ့်သေတွင်းကိုယ် တူးနေကြတာပဲ..."
ထို့သို ပြောရင်း ၎င်းတို့သုံးဦး ပြေးဝင်သွားကြလေ၏။
စစ်မြေပြင်နောက်ဘက်ရှိ စစ်စခန်း၏ ကွပ်ကဲရေးဌာန။
တပ်မှူးဆယ်ဦးစလုံး၏ မျက်နှာများတွင် ပြင်းထန်သော ဒေါသအမူအရာများ ရှိနေခဲ့ပေသည်။
သူတို့ဘက်က လူတွေ အများကြီး သေသွားခဲ့ပြီလေ။
အဇူရာနန်းတော်မှ လူများထဲတွင် သေဆုံးဒဏ်ရာရမှုများ ရှိခဲ့သော်လည်း သေဆုံးသွားသူများမှာ ကောင်းကင်ဘုရင်အဆင့်နှင့် အောက်သာဖြစ်ပြီး ပင်မနတ်ဘုရားဆယ်ပါးထဲမှ မည်သူမျှ မသေဆုံးခဲ့ချေ။
အများဆုံးမှာ အပြင်းအထန် ဒဏ်ရာရရုံသာ ဖြစ်ပေ၏။
အဇူရာသခင်လေးနှင့် စစ်ဘက်ဆိုင်ရာဌာနမှ စစ်သေနာပတိတို့မှာလည်း အသက်ရှင်လျက် လှုပ်ရှားနိုင်ဆဲပင်။
ရန်သူကို ဗုံးကြဲရန် ပြင်ဆင်ထားသော လူတစ်ရာနီးပါးမှာလည်း အကျိုးသက်ရောက်မှု မရှိခဲ့ချေ။
ဤတစ်ကြိမ်တွင် အဇူရာနန်းတော်သည် တကယ်ကို နာမည်ရသွားပြီဖြစ်ပြီး ၎င်းတို့အားလုံးမှာ အနည်းငယ် ကြောက်ရွံ့လာကြလေပြီ။
"နောက်ဆုံး ကာကွယ်ရေးမျဉ်းက ကျိုးပေါက်တော့မယ်... တကယ်လို့ ဒီတစ်ခါ သူတို့ကို ထွက်ပြေးခွင့်ပြုလိုက်ရင် နောက်တစ်ကြိမ် သူတို့ကို ပစ်မှတ်ထားဖို့က ပိုခက်ခဲသွားလိမ့်မယ်..."
"လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က သင်ခန်းစာကို မင်းတို့ မေ့သွားကြပြီလား..."
"အဲဒီတုန်းက အဇူရာနန်းတော်နဲ့ စစ်ဘုရင်က တစ်သားတည်းပဲ... အခု စစ်ဘက်ဆိုင်ရာဌာနရဲ့ စစ်သေနာပတိနဲ့ အဇူရာသခင်လေးက ထပ်ပြီး ပတ်သက်နေပြန်ပြီ..."
"အဲဒီခေတ်တွေကို ပြန်အမှတ်မရစေဘူးလား..."
"ဒီနှစ်ယောက် သေကိုသေရမယ်..."
မြောက်ပိုင်းအီဂျစ်၏ တပ်မှူးက သက်ပြင်းချကာ ပြောလိုက်၏။ "ဒီတစ်ခါ ငါတို့ အပြင်းအထန် ဆုံးရှုံးမှုတွေ ကြုံတွေ့ခဲ့ရတယ်... ပြန်လည်နာလန်ထူဖို့ လပေါင်းများစွာ အချိန်ယူရလိမ့်မယ်... ဟွာရှနိုင်ငံကတော့ အဇူရာနန်းတော်ဆီကနေ အကူအညီ ရရှိထားတယ်..."
"သူတို့ရဲ့ တိုက်ခိုက်ရေးစွမ်းအားက တက်လာဖို့ပဲ ရှိတယ်... ငါတို့ လက်နက်ကြီးတချို့ သုံးကြရအောင်..."
"ဒီလိုမှမဟုတ်ရင် သူတို့ကို အချိန်တိုအတွင်း မသတ်နိုင်ဘူး..."
"ဒါက..."
ဆီရိုနိုင်ငံ တပ်မှူးက ရုတ်တရက် မျက်မှောင်ကြုတ်လိုက်သည်။ "ဒါ သင့်တော်ပါ့မလား..."
"ဘာများ မသင့်တော်စရာ ရှိလို့လဲ..."
အခြား တပ်မှူးတစ်ဦးက လှောင်ပြောင်လိုက်၏။ "ဟွာရှစစ်တပ်က လက်ရှိမှာ နယ်စပ်မှာ တပ်တွေ စုရုံးနေတယ်ဆိုတာ ငါသိတယ်... သူတို့ ဝင်ပါချင်ရင် ပါပါစေ..."
"ဘာပဲဖြစ်ဖြစ် ငါတို့လူတွေက တခြားနယ်စပ်နှစ်ခုမှာ ဟွာရှနဲ့ ထိပ်တိုက်တွေ့နေပြီပဲ... နောက်ထပ်တစ်ခုလောက် ပိုလာလို့ ကွာခြားသွားမှာ မဟုတ်ပါဘူး..."
"အဆိုးဆုံးအခြေအနေဖြစ်လာရင် အရပ်မျက်နှာအားလုံးကနေ စစ်ကူတွေ လွှတ်ပြီး ဒီနေ့ နောက်ဆုံးစစ်ပွဲကို စတင်လိုက်မယ်..."
"ငါ ထောက်ခံတယ်..."
"ငါ ထောက်ခံတယ်..."
လူတိုင်းက စစ်ပွဲကြီးတစ်ခု စတင်ရန် ပြင်ဆင်နေချိန်တွင် အပြင်ဘက်မှ တိုက်ခိုက်သံများ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
ယင်းက ၎င်းတို့ကို ပြင်းထန်စွာ မျက်မှောင်ကြုတ်သွားစေခဲ့၏။
ရန်သူတွေ တိုက်ခိုက်နေတာလား။
"ဒုက္ခပါပဲ... ဒုက္ခပါပဲ... အဘိုးကြီးသုံးယောက် ဝင်လာတယ်... သူတို့က အရမ်းသန်မာတယ်... ငါတို့ သူတို့ကို မတားနိုင်ဘူး..."
"တပ်မှူး... မြန်မြန်... ခင်ဗျားတို့အားလုံး ဒီကနေ ထွက်သွားမှ ရမယ်..."
လက်အောက်ငယ်သားတစ်ဦးက ပြာယာခတ်လျက် ပြေးဝင်လာခဲ့သည်။
လူတိုင်း၏ မျက်နှာအမူအရာ ပြင်းထန်စွာ ပြောင်းလဲသွားကြပေ၏။
ကွပ်ကဲရေးဌာနတွင် ပင်မနတ်ဘုရားအဆင့် ကျွမ်းကျင်သူ သုံးဦးမှ ငါးဦးအထိနှင့် ကောင်းကင်ဘုရင်အဆင့် ကျွမ်းကျင်သူ ဒါဇင်ပေါင်းများစွာ ရှိပြီး လက်နက်ကြီး အမြောက်အမြားလည်း ရှိပေသည်။
ယခု သူတို့ အမှန်တကယ် တိုက်ခိုက်ခံလိုက်ရလေပြီ။
ပြီးတော့ တားလို့တောင် မရဘူးလား။
၎င်းတို့မှာ စကားအပိုပြောရန် အချိန်မရှိတော့ဘဲ ထွက်ပြေးရန် ပြင်လိုက်ကြသည်။
တံခါးပေါက်တွင် ရပ်နေသော လက်အောက်ငယ်သားမှာ သွေးစွန်းနေသော လက်တစ်ဖက်က သူ၏ ဝမ်းဗိုက်ကို ဖောက်ထွင်းသွားသဖြင့် ရုတ်တရက် စူးရှစွာ အော်ဟစ်လိုက်လေ၏။
ထို့နောက် ချက်ချင်းဆိုသလိုပင်
သူ၏ ခန္ဓာကိုယ်သည် ပေါက်ကွဲသွားလေသည်။
ထိုအခိုက် တံခါးဝတွင် ပုံရိပ်သုံးခု ပေါ်လာခဲ့ပေ၏။