အခန်း ၂၄၈
Vol. 25 Ch. 248
အခန်း (၂၄၈) အမှတ်အသား နှစ်ခု
"တကယ်တော့ ဘာတွေဖြစ်ခဲ့တာလဲ"
ချန်ဖုန်းမှာ မှင်တက်စွာ ရပ်နေခဲ့၏။ ဘာတွေဖြစ်ခဲ့သလဲနှင့် သူ၏အဒေါ်က သူ့ကို ဘာကြောင့် အဝေးသို့ ပို့ပစ်ခဲ့ရသလဲဆိုသည်ကို သူ အလွန်အမင်း သိချင်နေခဲ့ပေသည်။
သူ၏ အသံမှာ ထိန်းမနိုင်သိမ်းမရ တုန်ရီနေခဲ့သည်။
ဤကိစ္စသည် အပေါ်ယံတွင် ထင်ရသလောက် မရိုးရှင်းကြောင်း သူ သဲသဲကွဲကွဲ ခံစားနေရ၏။
"ချန်ဖုန်း စိတ်မလှုပ်ရှားပါနဲ့"
ဟော့ဝူ၏ မျက်ရည်များ ထပ်မံ၍ ထိန်းမနိုင်သိမ်းမရ စီးကျလာပြီးနောက် သူမက ပြောဆိုလိုက်သည်။
"မင်းရဲ့ အဖေက ပြိုင်ဘက်ကင်းတဲ့ သူရဲကောင်းတစ်ယောက်ပဲ မင်းရဲ့ ဇာစ်မြစ်နဲ့ မိဘတွေက ဘယ်သူလဲဆိုတာကို မင်း အမြဲတမ်း သိချင်နေခဲ့တာ မဟုတ်ဘူးလား"
"မင်းရဲ့ အဖေက အဇူရာနန်းတော်ရဲ့ သခင်ပဲ"
"အဇူရာနန်းတော်ရဲ့ တစ်ဦးတည်းသော သခင်လေ"
"လွန်ခဲ့တဲ့ အနှစ် ၂၀ ကျော်က အဇူရာနန်းတော်ကို တည်ထောင်ခဲ့တာ သူပဲ"
"အဲဒီအချိန်တုန်းက ပြင်ပအင်အားစုတွေထဲမှာ အဇူရာနန်းတော်ကို ဘယ်သူကများ ဆန့်ကျင်ရဲခဲ့လို့လဲ"
"ဘာ"
ချန်ဖုန်း၏ စိတ်ထဲတွင် နောက်တစ်ကြိမ် ပေါက်ကွဲထွက်သွားပြန်လေ၏။
သူ၏ ဖခင်တွင် ဤမျှလောက်ကြီးမားသော နောက်ခံရှိနေလိမ့်မည်ဟု သူ လုံးဝ မထင်မှတ်ထားခဲ့ချေ။
အဇူရာနန်းတော်သခင် ယခု...
သူ ကိုယ့်ကိုယ်ကိုယ် ပြန်လည်မတွေးဘဲ မနေနိုင်တော့ချေ။
‘အခု ငါက အဇူရာနန်းတော်ရဲ့ သခင်လေး ဖြစ်နေတာက... အဇူရာတိုကင်ကို ရခဲ့တာ မတော်တဆလား ဒါမှမဟုတ် တိုက်ဆိုင်မှုလား’
ထိုအချိန်၌ ရုတ်တရက် တစ်ခုခုကို သတိရသွားပြီး ချန်ဖုန်းက အလျင်အမြန် မေးလိုက်၏။
"လက်ရှိ အဇူရာနန်းတော်သခင်နဲ့ ကျွန်တော့်အဖေကြားက ဆက်ဆံရေးက ဘာလဲ ကျွန်တော့်အဖေ သေဆုံးပြီးနောက်မှာ အဇူရာနန်းတော်ကို လက်ရှိ အဇူရာနန်းတော်သခင်ဆီ လွှဲပြောင်းပေးခဲ့တာလား"
ဟော့ဝူပင် စကားပြောရန် အခွင့်အရေး မရလိုက်ချေ။ ယယ
အနီးတွင် ရပ်နေသော အကြီးအကဲတစ်ဦးက လှောင်ပြောင်လိုက်သည်။
"အဇူရာနန်းတော်သခင် ပိုင်ရိဟန် ဆိုတာက အလွန်ဆုံး အစေခံတစ်ယောက်ပါပဲ ပွင့်ပွင့်လင်းလင်း ပြောရရင် သူက မိသားစုထဲက သစ္စာဖောက်ပဲလေ"
"သခင် သေဆုံးပြီးနောက်မှာ အဇူရာနန်းတော်က သခင့်ရဲ့ သွေးသားတွေဆီမှာပဲ ကျန်ခဲ့သင့်တာ”
"ရလဒ်အနေနဲ့ ပိုင်ရိဟန် က အာဏာသိမ်းပြီး အဇူရာနန်းတော်ကို အတင်းအဓမ္မ ယူလိုက်ကာ သူ့ကိုယ်သူ အဇူရာနန်းတော်သခင် အဖြစ် ကြေညာခဲ့တာပဲ"
"ပိုင်ရိဟန်"
ချန်ဖုန်း၏ မျက်လုံးများတွင် ကျောချမ်းဖွယ် သတ်ဖြတ်လိုစိတ်တစ်ခု လက်သွားခဲ့ပေ၏။
အဇူရာနန်းတော်သည် မူလက သူ၏အရာဖြစ်သော်လည်း လက်ရှိ အဇူရာနန်းတော်သခင်က ၎င်းကို နှစ်ပေါင်း ၂၀ ကျော်ကြာ သိမ်းပိုက်ထားခဲ့သည်။
"ကျွန်တော့် မိဘတွေက ဘယ်လို သေဆုံးသွားတာလဲ"
"ကလဲ့စားချေဖို့ သတ်ဖြတ်ခံရတာ ဖြစ်နိုင်တယ်"
ဟော့ဝူက ခေါင်းငုံ့ကာ အံကြိတ်လျက် ပြောဆိုလိုက်၏။
"အဲဒီတုန်းက အဇူရာနန်းတော်က ပြင်ပနယ်မြေတွေမှာ နာမည်ကြီးခဲ့ပြီး အဲဒီဂုဏ်သတင်းက ပြင်းထန်တဲ့ စစ်ပွဲတွေကတစ်ဆင့် ရရှိခဲ့တာလေ"
"မင်းရဲ့ မိဘတွေကို သေစေချင်တဲ့သူ ဘယ်လောက်များမလဲဆိုတာ စဉ်းစားကြည့်ပါဦး"
"အဲဒီနေ့က လျှို့ဝှက်ဆန်းကြယ်တဲ့ လူတစ်စုက ချန်မိသားစုထဲကို ဝင်လာပြီး ချန်မိသားစုဝင် အယောက်နှစ်ဆယ်ကျော် အားလုံးကို သတ်ပစ်ခဲ့ကြတာ"
"ရောက်လာခဲ့တဲ့ လျှို့ဝှက်ဆန်းကြယ်တဲ့ လူစုက အရမ်း အစွမ်းထက်တယ်"
"အဲဒီအချိန်တုန်းက ချန်မိသားစုကို အပြင်ဘက်ကနေ ကာကွယ်ပေးနေတဲ့ အဇူရာနန်းတော်ရဲ့ ထိပ်တန်းကျွမ်းကျင်သူတွေ ရှိခဲ့ပေမဲ့ သူတို့အကုန်လုံး သတ်ဖြတ်ခံခဲ့ရတယ်"
"မင်းရဲ့ အမေနဲ့ ငါ ရောက်လာချိန်မှာတော့ မင်းရဲ့ အဖေက သေနေပြီလေ"
"အဖေ..."
ချန်ဖုန်း၏ မျက်လုံးများ ချက်ချင်း နီရဲသွားခဲ့ပေသည်။
သူသည် လက်သီးကို အလွန် တင်းကျပ်စွာ ဆုပ်ထားမိသဖြင့် သူ၏ လက်သည်းများ အသားထဲသို့ စိုက်ဝင်သွားသည်ကိုပင် သတိမထားမိခဲ့ချေ။
အဖေ သေသွားပြီ။
ချန်မိသားစု တစ်ခုလုံး လူအယောက်နှစ်ဆယ်ကျော် သတ်ဖြတ်ခံခဲ့ရသည်။
သတင်းတစ်ပုဒ်စီက သူ၏ ရင်ဘတ်ကို အပ်ဖြင့် ထိုးစိုက်နေသကဲ့သို့ ခံစားရပေ၏။
သူ့ရင်ဘတ်တစ်ခုလုံး နာကျင်နေရတယ်…
ထိုအခိုက် ချန်ဖုန်း၏ သတ်ဖြတ်လိုစိတ်များ ပိုမိုအားကောင်းလာခဲ့သည်။
မျက်မြင်မရသော သတ်ဖြတ်လိုစိတ်များသည် ကောင်းကင်ကို ထိုးဖောက်တော့မည့် ဓားကြီးတစ်လက်အဖြစ် ပြောင်းလဲသွားသည့်အလား ဖြစ်နေပေ၏။
"သတ်"
"သတ်"
"သတ်"
"ချန်ဖုန်း"
ရှန်ကွမ်ယွဲ့က သူ၏ လက်ကို ရုတ်တရက် ဆုပ်ကိုင်လိုက်သည်။
ချန်ဖုန်းက သူ၏ စိတ်ခံစားမှုများကို ထိန်းချုပ်နိုင်စွမ်း ဆုံးရှုံးနေပုံရပြီး သူ၏ ဒေါသများ ပိုမိုပြင်းထန်လာနေကြောင်း သူမ ခံစားလိုက်ရ၏။
သူ၏ လက်ထဲရှိ နူးညံ့မှုကို ခံစားလိုက်ရသောအခါ
ချန်ဖုန်းလည်း ချက်ချင်း သတိပြန်ဝင်လာပြီး သူ၏ ပတ်ပတ်လည်ရှိ လူသတ်လိုသော အငွေ့အသက်များ တဖြည်းဖြည်း လျော့ကျသွားလေ၏။
သူက ဟော့ဝူကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများ ပိုမိုနီရဲလာခဲ့ပေသည်။
"အဒေါ် ကျွန်တော့်အမေရော ဘယ်မှာလဲ အမေ အသက်ရှင်နေသေးတယ် မဟုတ်ဘူးလား အဒေါ်တို့ ရောက်လာချိန်မှာ အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတွေက ထွက်သွားပြီလို့ ပြောတယ်လေ"
"အခု အမေ ဘယ်မှာလဲ"
"ရှောင်ဖုန်း..."
ဟော့ဝူသည် မျက်ရည်ပေါက်ပေါက်ကျကာ ငိုကြွေးလျက် ပြောဆိုလိုက်၏။ "သူမက မင်းကို ငါ့ဆီ အပ်ပြီးနောက်မှာ ကလဲ့စားချေဖို့ သွားမယ်လို့ ပြောခဲ့တယ် ခြေရာခံပြီး ထွက်သွားခဲ့ရာကနေ နောက်ထပ် ဘယ်တော့မှ ပြန်ပေါ်မလာတော့ဘူး"
"ငါ... ငါ သုံးရက်တိတိ စောင့်ခဲ့ပေမဲ့ သူမ ပေါ်မလာခဲ့ဘူး"
"နောက်ပိုင်းကျတော့ မင်း သာမန်ဘဝလေးနဲ့ နေနိုင်ဖို့အတွက် သာမန်မိသားစုလေး တစ်ခုရှာပြီး မင်းကို အဝေးပို့ပေးဖို့ ငါ တွေးလိုက်တယ်"
"အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတွေ မင်းကို ခြေရာခံမမိစေဖို့အတွက်ပေါ့"
"အခုအချိန်ထိ နိုင်ငံခြားမှာပဲ နေပြီး အနှစ်နှစ်ဆယ်ကျော်ကြာတဲ့အထိ ငါ အရိပ်အယောင်တောင် မပြခဲ့ဘူး..."
"အဲဒီ လျှို့ဝှက်ဆန်းကြယ်တဲ့ လူတွေက တကယ်တော့ ဘယ်သူတွေလဲ အဇူရာနန်းတော်က အရမ်း အစွမ်းထက်တယ် ဆိုတာ မဟုတ်ဘူးလား ဘာလို့ သူတို့ကို စုံစမ်းစစ်ဆေးတာ မလုပ်ခဲ့ကြတာလဲ ခင်ဗျားတို့အားလုံးက အသုံးမကျတဲ့သူတွေလား"
ချန်ဖုန်းက ခပ်တိုးတိုး ဟိန်းဟောက်လိုက်သည်။
အကယ်၍ စနစ်သာ မရှိခဲ့ပါက...
သူ၏ နောက်ခံကို ဘယ်သောအခါမှ သိရှိနိုင်မည် မဟုတ်ဘဲ သူ၏ တစ်သက်တာလုံး ဤအဆင့်ရှိ အသိပညာများနှင့် အဆက်အသွယ် ရရှိလိမ့်မည် မဟုတ်ချေ။
ဟော့ဝူ ပြောခဲ့သလိုပင်
"သာမန်လူတစ်ယောက်အနေနဲ့ သာမန်ရိုးရှင်းတဲ့ ဘဝလေးမှာ ရှင်သန်ဖို့ပဲလေ"
ဘေးတွင် ရပ်နေသော အကြီးအကဲသုံးဦးက ပြောဆိုလိုက်၏။ "သခင်လေး ဒါက ငါတို့ရဲ့ အသုံးမကျမှုပါ အကောင်းဆုံး အခွင့်အရေးကို ငါတို့ လက်လွတ်ခဲ့ကြတယ် တကယ်တော့ တစ်ချိန်လုံး အဇူရာနန်းတော်သခင်ရဲ့ အစစ်အမှန် အမှတ်အသားကို ငါတို့ အထက်တန်းအဆင့်က လူတစ်စုသာ သိခဲ့တာ"
"အောက်ခြေက လူတွေက သခင့်ရဲ့ မျက်နှာအစစ်ကို တစ်ခါမှ မမြင်ဖူးကြဘူး"
"အတိတ်က အဇူရာနန်းတော်မှာ လုပ်စရာကိစ္စရှိလာရင် သခင် ကိုယ်တိုင် ဝင်ပါတာ ဒါမှမဟုတ် ပိုင်ရိဟန် က သတင်းစကား ပါးတာမျိုး လုပ်လေ့ရှိတယ်"
"ပိုင်ရိဟန် ကလည်း အဇူရာနန်းတော်မှာ အရေးပါတဲ့ ရာထူးတစ်ခုကို ကိုင်စွဲထားတာလေ"
"နောက်ပိုင်း သခင် ဒုက္ခရောက်ပြီး ထိပ်တန်းကျွမ်းကျင်သူ တော်တော်များများ သေဆုံးသွားချိန်မှာ ပိုင်ရိဟန် က အဇူရာနန်းတော်ကို သူ့ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ဖို့ အခွင့်အရေး ယူလိုက်တာပဲ"
"သူ အမိန့်မပေးရင် ဘယ်သူကမှ မစုံစမ်းရဲကြဘူး"
"ငါတို့ အဘိုးကြီးသုံးယောက် စုံစမ်းစစ်ဆေးမှုတွေ လုပ်ခဲ့ပေမဲ့ ဘာမှမတွေ့ခဲ့ဘူး"
အကြီးအကဲက ပြင်းပြင်းထန်ထန် သက်ပြင်းတစ်ချက် ချလိုက်ပြီးနောက် ဆက်ပြောဆိုလိုက်သည်။ "သခင်လေး ပိုင်ရိဟန် က လက်ရှိမှာ ဒဏ်ရာတွေ သက်သာလာဖို့ ပုန်းအောင်းနေပါတယ် သူ မသေသေးပါဘူး"
"အခု သခင်လေးက အဇူရာနန်းတော်ကို တာဝန်ယူထားပြီဆိုတော့ ပိုင်ရိဟန် ကို ပြန်ယူခွင့် လုံးဝ မပေးနိုင်ဘူးနော်"
ချန်ဖုန်းက ပြောလိုက်သည်။
"အစောကြီးဖြစ်ဖြစ် နောက်ကျမှဖြစ်ဖြစ် သူ့ကို ကျွန်တော် သတ်မယ်"
ချန်ဖုန်း၏ မျက်နှာမှာ အလွန် မှောင်မိုက်နေခဲ့ပေ၏။
သူ၏ မိဘများမှာ ထိုလျှို့ဝှက်ဆန်းကြယ်သော လူတစ်စု၏ သတ်ဖြတ်ခြင်းကို ခံခဲ့ရသော်လည်း ပိုင်ရိဟန်သည် စုံစမ်းစစ်ဆေးရန် အကောင်းဆုံးအချိန်ကို နှောင့်နှေးစေခဲ့ပြီး အဇူရာနန်းတော်ကိုပါ ခိုးယူခဲ့လေသည်။
လုံးဝ ခွင့်လွှတ်လို့မရဘူး။
သူက အကြီးအကဲသုံးဦးကို ရုတ်တရက် ကြည့်ကာ ပြောဆိုလိုက်သည်။
"အဇူရာနန်းတော်က လူတိုင်း ပိုင်ရိဟန် ကို ခြေရာခံပြီး သူ မသေမချင်း ကမ္ဘာမြေအဆုံးတိုင်အောင် လိုက်လံသတ်ဖြတ်ဖို့ အမိန့်ပေးလိုက်ပါ"
"သခင်လေး သူ့ရဲ့ လက်ရှိ အမှတ်အသားက..."
"သူက သစ္စာဖောက်ပဲ"
ချန်ဖုန်း၏ မျက်နှာမှာ ပြာနှမ်းနေပြီး သူ၏ အမူအရာမှ ကျောချမ်းဖွယ် အလင်းတန်းတစ်ခု ဖြာထွက်နေပေ၏။
"အဇူရာနန်းတော်မှာ လူထောင်ချီ ရှိတယ် အဇူရာနန်းတော်သခင်အကြောင်း သူတို့ မကြားဖူးဘူးဆိုတာ ကျွန်တော် မယုံဘူး"
"မျက်နှာတစ်ထောင် မြေခွေး အကြောင်းကိုတောင် အကြိမ်အနည်းငယ် ကြားဖူးသေးတယ်"
"ဒီအချိန်ကစပြီး ငါက အဇူရာနန်းတော်သခင် ဖြစ်ပြီး ငါ့မှာ အဇူရာတိုကင် ရှိတယ်"
"သူ ပိုင်ရိဟန် က သစ္စာဖောက်နဲ့ သူခိုးပဲ"
"တကယ်လို့ တစ်ယောက်ယောက်က ပိုင်ရိဟန် နောက်ကို လိုက်ချင်ရင် သွားပြောလိုက် အခုကစပြီး အဇူရာနန်းတော်ကနေ ထွက်သွားလို့ရပြီ သူတို့ကို ငါ ခွင့်လွှတ်ပြီး မေ့ပစ်လိုက်မယ်"
"ဒါပေမဲ့ ကျန်နေတဲ့သူတွေက ငါ့အမိန့်ကို နာခံရမယ်"
"ကောင်းပါပြီ"
အကြီးအကဲက ခေါင်းညိတ်လိုက်၏။
တကယ်တော့ အဲဒီအချိန်တုန်းက ပိုင်ရိဟန် ကို မကျေနပ်တဲ့သူတွေ ရှိခဲ့ပေမဲ့ သူ့ရဲ့ အစွမ်းကို ကြောက်လို့ မပြောရဲခဲ့ကြတာ ဖြစ်ပေသည်။
ယခု သခင်လေး ပြန်ရောက်လာပြီ ဖြစ်၏။
အဇူရာနန်းတော်ကို ၎င်းတို့၏ ထိန်းချုပ်မှုအောက်တွင် တကယ်ပဲ ခိုင်ခိုင်မာမာ ထားရှိနိုင်ပေလိမ့်မည်။
ဟော့ဝူက သက်ပြင်းချကာ ပြောလိုက်သည်။ "တကယ်တော့ မင်းရဲ့ အဖေက အဲဒီတုန်းက နောက်ထပ် အမှတ်အသားတစ်ခု ရှိသေးတယ်"
ထို့နောက် သူမက ဘေးရှိ ရှန်ကွမ်ယွဲ့ကို ရုတ်တရက် ကြည့်လိုက်လေ၏။
"ဟင်"
ရှန်ကွမ်ယွဲ့ တစ်ခဏမျှ မှင်တက်သွားခဲ့သည်။
‘ငါ့ကို ဘာလို့ ကြည့်နေတာလဲ
ဒါက ငါနဲ့ သက်ဆိုင်လို့လား’
ချန်ဖုန်းက မျက်မှောင်ကြုတ်ကာ မေးလိုက်၏။ "နောက်ထပ် အမှတ်အသားတစ်ခုလား"
"အင်း"
ဟော့ဝူက ခေါင်းညိတ်လျက် ပြောဆိုလိုက်သည်။ "အတိတ်တုန်းက စစ်ဘက်ဆိုင်ရာဌာနမှာ စစ်သေနာပတိဆိုတဲ့ ဂုဏ်ပုဒ် မရှိခဲ့ဘူး အဲဒီတုန်းက စစ်ဘက်ဆိုင်ရာဌာနရဲ့ အကြီးကျယ်ဆုံး ဂုဏ်ပြုမှုက စစ်ဘုရင် ပဲ"
"မင်းရဲ့အဖေက ဟွာရှနိုင်ငံရဲ့ တစ်ဦးတည်းသော စစ်ဘုရင်ပဲ"
"အဲဒီအချိန်တုန်းက စစ်ဘုရင် ဆိုတာ ခွန်အားကို ရည်ညွှန်းတာ မဟုတ်ဘူး"
"ဒါက ဂုဏ်ထူးဆောင်ဘွဲ့ပဲ"
"စစ်ဘုရင်"
ချန်ဖုန်း ထပ်မံတုန်ရီသွားပြန်လေ၏။
ဘေးတွင် ရပ်နေသော ရှန်ကွမ်ယွဲ့လည်း ဆွံ့အသွားခဲ့ပေသည်။