← Chapters

နတ်ဆိုးအင်ပါယာနှင့် တွေ့ခွင့်‌တောင်းခြင်း

Vol. 182 Ch. 2604

နတ်ဆိုးအင်ပါယာနှင့် တွေ့ခွင့်‌တောင်းခြင်း

Vol. 182 Ch. 2604

ရီဖူရှင်းက နတ်ဆိုးဘုံမှ ကျင့်ကြံသူများ၏ နတ်ဆိုးအင်ပါယာအပေါ်ထားသော လေးစားမှုကို အနည်းငယ် အံ့အားသင့်နေသည်။ သူ့အတွေးထဲမှ နတ်ဆိုးအင်ပါယာသည် ပြိုင်ဘက်ကင်းလွှမ်းမိုးစွမ်းရည်ဖြင့် နတ်ဆိုးဘုံကို ဖိနှိပ်ထားသူဖြစ်သည်။ အင်အားအကြီးဆုံးလူက ဘုရင်ဖြစ်နိုင်သော ဤနေရာတွင် နတ်ဆိုးကျင့်ကြံသူများသည် နတ်ဆိုးအင်ပါယာကို ကြောက်ရွံ့နေသင့်ပေသည်။

သို့သော် သူက ဤနေရာရှိ နတ်ဆိုးကျင့်ကြံသူများကို ကြည့်လိုက်သောအခါ သူတို့သည် နတ်ဆိုးအင်ပါယာအား သူတို့၏နက်ရှိုင်းသောနှလုံးသားနေရာမှ အားကျ၊ လေးစားမှုများကို ပြကြလေသည်။

“ငါက တမင်ဆန့်ကျင်ပြီးပြောနေတာမဟုတ်ဘူး... ကောင်းကင်ဒေသက ကျယ်ပြောပြီး အဆုံးမဲ့တယ်။ ပြီးတော့ ထိပ်သီးကျင့်ကြံသူတွေလည်း မရေမတွက်နိုင်အောင် ရှိတယ်လေ။ တကယ်လို့ နတ်ဆိုးဘုံက တပ်တွေက မဆင်မခြင်လုပ်ပြီး သူတို့ရဲ့ပြိုင်ဘက်ကို လျှော့တွက်မိခဲ့ရင် ငါတို့ဘဲ ရှုံးနိမ့်ရမှာမလား...”

ရီဖူရှင်းက အရေးမစိုက်ဟန်ဖြင့် ပြောလိုက်သည်။

“တခြားအင်အားစုတွေကို ထည့်မတွက်ရင်တောင် အရှင်ဒွန်ဟောင်ရဲ့ တပည့်တွေအကုန်လုံးက ထူးကဲတဲ့ ပါရမီရှိတဲ့ စွမ်းအားကြီးလူတွေချည်းပဲ။ အရှင်ဒွန်ဟောင်ရဲ့ တစ်ဦးတည်းသောသမီးတော် ဒွန်ဟောင်တိယွမ်ကလည်း ကောင်းကင်မာနသမီးတော်ဖြစ်ပြီးတော့ သူ့ရဲ့မျိုးဆက်ကြားမှာ ပြိုင်ဘက်ကင်းပဲလို့ ငါကြားတယ်။ နတ်ဆိုးဘုံမှာ သူနဲ့ ယှဉ်ပြိုင်နိုင်မယ့်သူကို ရှာတွေ့ဖို့ မလွယ်လောက်ဘူး”

“နတ်ဆိုးအင်ပါယာရဲ့ တပည့်ရင်းတွေအကုန်လုံးကလည်း ပြိုင်ဘက်ကင်း နတ်ဆိုးစွမ်းအားရှိတာပဲ။ ဒွန်ဟောင်တိယွမ်ကတော့ နတ်ဆိုးဘုံက သူ့ကို ဖမ်းပြီး နတ်ဆိုးအင်ပါယာနန်းတော်ကို ပြန်ခေါ်လာမယ်လို့ ကြွေးကြော်ပြီးသွားပြီပဲ”

နတ်ဆိုးကျင့်ကြံသူတစ်ယောက်က ခပ်ပေါ့ပေါ့ ပြောလိုက်သည်။

“ပြိုင်ဘက်ကင်းတွေအတွက်ကတော့...”

ရီဖူရှင်း၏ မျက်နှာထားသည် အနည်းငယ် ရှုံ့သွားသည်။ သူက သူတို့ကို ဆက်၍ စမ်းသပ်ရန် ပြောလိုက်သည်။

“ဒီကိစ္စမှာ တစ်ယောက် လိုနေသလို ငါခံစားရတယ်...”

သူထိုသို့ ပြောလိုက်သောအခါ အခြားသူများသည် တိတ်ဆိတ်သွားသည်။ သူတို့သည် ရီဖူရှင်း ပြောနေသူမှာ မည်သူဖြစ်ကြောင်း သိကြပေသည်။

လူတစ်ယောက်သည် ထရပ်ကာ နတ်ဆိုးမျှော်စင်၏ အစွန်းသို့ လျှောက်သွား၏။ သူက နတ်ဆိုးအင်ပါယာနန်းတော်သို့ မျှော်ကြည့်ကာ ပြောလိုက်သည်။

“သူ အမြင်မှန်ရသွားမှာပါ...”

“သူ အခု အခြေအနေဘယ်လိုရှိလဲ...”

ရီဖူရှင်း မေးလိုက်သည်။ ထိုအကြောင်းသည် သူ အမှန်တကယ် သိလိုနေသော အကြောင်းပင်။

“သူက နတ်ဆိုးချောက်ကမ်းပါးအောက်က နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်မှာ အကျဉ်းချခံထားရတယ်”

အသံတစ်သံက ပြောလိုက်သည်။ ရီဖူရှင်းက ‌နောက်လှည့်၍ နတ်ဆိုးမျှော်စင်၏ လှေကားများထံ ကြည့်လိုက်သည်။ လူတစ်ယောက်သည် သူ့ထံသို့ လျှောက်လာနေ၏။ ထိုလူသည် အသက်ငါးဆယ်အရွယ်ဟု ထင်ရသည့် အကြီးအကဲတစ်ဦးဖြစ်ပေသည်။ သူ၏ရှုပ်ပွနေသော ဆံပင်များသည် သူ၏ပွယောင်ယောင်းဝတ်ရုံရှည်ပေါ်တွင် ဝဲကျနေသည်။ သူက သူ၏ရုပ်သွင်ကို အလေးမထားပုံပင်။ ရီဖူရှင်းသည် သူ့ထံမှနေ၍ ကျင့်ကြံသူတစ်ဦး၏အရှိန်အဝါကို တစ်စိုးတစ်စိမှမရပေ။

သို့သော် ရီဖူရှင်းက ထိုအကြီးအကဲကို ပို၍ကြည့်လေလေ၊ ထိုအကြီးအကဲသည် ထူးကဲသည်ဟု ပို၍ခံစားလာရလေလေပင်။

ရီဖူရှင်းကလည်း ထိုသို့လုပ်နိုင်သည်။ အကယ်၍ သူသာ သူ၏အရှိန်အဝါကို ဖုံးကွယ်ထားလိုလျှင် အခြားသူများသည် သူ၏အရှိန်အဝါကို သိရှိနိုင်မည်မဟုတ်ပေ။

အကြီးအကဲသည် ရီဖူရှင်း၏စားပွဲဆီသို့ လျှောက်လာ၏။ သူက ရီဖူရှင်းနှင့် မျက်နှာချင်းဆိုင်ထိုင်ခုံသို့ သွားကာ ထိုင်လိုက်သည်။ သူက ထိုသို့ထိုင်ရန် ရီဖူရှင်း၏ခွင့်ပြုမှုကိုပင် မတောင်းခဲ့ချေ။

အောက်ထပ်မှနေ၍ နတ်ဆိုးမျှော်စင်၏ စားပွဲထိုးတစ်ဦးသည် ခေါက်ဆွဲပန်းကန်တစ်လုံးကို ယူဆောင်လာပြီး အကြီးအကဲရှေ့တွင် ချလိုက်လေသည်။

အကြီးအကဲသည် သူ့ဘာသာ စတင်စားသောက်လိုက်လေသည်။ သူက ဤနေရာရှိ အရာအားလုံးနှင့် မလိုက်မဘက်ဖြစ်နေသည်။

ရီဖူရှင်းက ခေါက်ဆွဲစားနေသော အကြီးအကဲကို လေ့လာလိုက်သည်။ ထိုအကြီးအကဲသည် ခေါင်းငုံ၍သာ ခေါက်ဆွဲစားနေ၏။ သူ၏လှုပ်ရှားမှုသည် မြန်လည်းမမြန်သလို၊ နှေးလည်းမနှေးပေ။ ခေါက်ဆွဲဖတ်များသည် အတော်လေးအရသာရှိပုံပေါ်လေသည်။ သူက ခေါက်ဆွဲကို အရသာရှိရှိသုံးဆောင်နေသော သာမန်လူတစ်ယောက်ကဲ့သို့ပင် ထင်ရပေသည်။

ခေတ္တမျှကြာပြီးနောက် အကြီးအကဲသည် ခေါက်ဆွဲစား၍ ပြီးသွား၏။ ထိုအခါမှသာ သူက သူနှင့်မျက်နှာချင်းဆိုင်တွင်ထိုင်နေသည့် ရီဖူရှင်းကို မော့ကြည့်ကာ ပြောလိုက်သည်။

“မင်း နတ်ဆိုးချောက်ကမ်းပါးနဲ့ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်အကြောင်းကို သိလား”

ရီဖူရှင်းက အကြီးအကဲကို စိုက်ကြည့်လိုက်သည်။ သူက ထိုအကြီးအကဲ၏ နောက်ကြောင်းကို မသိပေ။ အဘယ်ကြောင့် ထိုအကြီးအကဲသည် သူနှင့်မျက်နှာချင်းဆိုင်တွင် လာထိုင်ရသနည်း။ သူက ရီဖူရှင်းက နတ်ဆိုးဘုံမှ ကျင့်ကြံသူတစ်ဦးမဟုတ်ကြောင်း ပြောနိုင်၍ပေလော။

“အကြီးအကဲ... အဲဒီအကြောင်းကို အလင်းနည်းနည်းပြပါ”

ရီဖူရှင်း ပြောလိုက်သည်။

ပတ်ဝန်းကျင်မှလူများသည် ရီဖူရှင်းကို စိုက်ကြည့်လိုက်ပြီး မျက်နှာထားများ ထူးဆန်းသွားကြသည်။ နတ်ဆိုးချောက်ကမ်းပါးနှင့် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်အကြောင်းကို မသိသူတစ်ယောက် အမှန်ပင် ရှိနေသည်။

“မင်းတို့အားလုံး... သူ့ကို အဲဒီအကြောင်း ပြောပြလိုက်စမ်းပါ”

အကြီးအကဲက ပြောလိုက်သည်။ သူက ဤနေရာရှိ အခြားသူများကို ပြောလိုက်ခြင်းပင်။

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“ဒဏ္ဍာရီတွေက ပြောကြတာပေါ့ ရှေးဟောင်းလောကမှာ နတ်ဆိုးချောက်ကမ်းပါးက ကောင်းကင်လမ်းစဉ်ပြီးရင် အရက်စက်ဆုံး အကျဉ်းထောင်ပဲတဲ့။ ကောင်းကင်လမ်းစဉ် ပျက်စီးသွားလို့ နတ်ဆိုးဘုံ ထွက်ပေါ်လာတာပဲ။ ဒါပေမဲ့ နတ်ဆိုးချောက်ကမ်းပါးက နတ်ဆိုးဘုံရဲ့ နယ်မြေတွေအထက်မှာ တည်ရှိနေတုန်းပဲ။ အဲဒါက အမြဲတမ်း အဖျက်စွမ်းအင်တွေကို ဖန်တီးနေပြီးတော့ အဖျက်ကပ်ဘေးတွေကို ကျဆင်းလာစေတယ်။ နတ်ဆိုးဘုံက ကျင့်ကြံသူတွေက နတ်ဆိုးချောက်ကမ်းပါးရဲ့ ကြမ်းတမ်းခက်ခဲတဲ့ အခြေအနေတွေအောက်မှာ အမြဲနေခဲ့ရတာပဲ”

ဘေးမှ တစ်စုံတစ်ယောက်က ထပ်ဖြည့်ပြောလိုက်သည်။

“နတ်ဆိုးအင်ပါယာက နတ်ဆိုးဘုံကို စည်းလုံးညီညွှတ်စေခဲ့ပြီးတဲ့နောက်မှာ သူက နတ်ဆိုးအင်ပါယာနန်းတော်ကို နတ်ဆိုးချောက်ကမ်းပါးရဲ့ မုန်တိုင်းနဲ့ အနီးဆုံးနေရာမှာ တည်ဆောက်ခဲ့ပြီး အဲဒီအဖျက်စွမ်းအားတွေကို ပြန်ပြီး တွန်းလှန်ခဲ့တယ်။ သူက သူ့ရဲ့ကိုယ်ပိုင်စွမ်းအားနဲ့ နတ်ဆိုးကပ်ဘေးတွေ အများကြီးကို ခုခံတွန်းလှန်ပြီးတော့ နတ်ဆိုးဘုံရဲ့ နယ်မြေတွေကို ကာကွယ်ပေးခဲ့ပြီး ဒီမှာနေထိုင်တဲ့ ကျင့်ကြံသူတွေကို ဘေးဒုက္ခတွေနဲ့ မကြုံရအောင် လုပ်ပေးခဲ့တယ်။ နတ်ဆိုးအင်ပါယာက နတ်ဆိုးအတတ်တွေကိုလည်း လေ့လာခဲ့ပြီးတော့ အံ့အားသင့်ရလောက်တဲ့ နတ်ဆိုးပညာရပ်တွေအများကြီး ဖန်တီးခဲ့တယ်။ သူက အဲဒီပညာရပ်တွေကို နတ်ဆိုးဘုံကလူတွေ ကျင့်ကြံရအောင် မျှဝေခဲ့တယ်...”

“မင်းက စကားလမ်းကြောင်းတွေ လွဲနေပြီ...”

အကြီးအကဲက ပြောလိုက်သည်။ စကားပြောနေသောသူသည် စကားလမ်းကြောင်းလွဲကာ နတ်ဆိုးအင်ပါယာ၏ စွမ်းဆောင်နိုင်ခဲ့မှုများကို ပြန်ရွတ်ပြနေသလို ဖြစ်နေပေသည်။

“နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်က နတ်ဆိုးချောက်ကမ်းပါးအောက်မှာ ရှိတယ်”

အကြီးအကဲက ရီဖူရှင်းကိုကြည့်၍ ပြောလိုက်သည်။

“နတ်ဆိုးချောက်ကမ်းပါးက နတ်ဆိုးကပ်ဘေးတွေကို အောက်မှာရှိတဲ့ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်သို့ ပို့လွှတ်နေတာပဲ။ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်မှာ အကျဉ်းချခံထားရတဲ့ ကျင့်ကြံသူတွေက သူတို့သေသွားတဲ့အထိ နတ်ဆိုးကပ်ဘေးတွေကို ရင်ဆိုင်ရမှာပဲ”

“နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်မှာ အကျဉ်းချခံရတဲ့ ဘယ်နတ်ဆိုးကျင့်ကြံသူမှ အသက်ရှင်လျှက် ထွက်မလာနိုင်သေးဘူး။ ဒါပေမဲ့ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်မှာ အကျဉ်းချခံရဖို့  ထိုက်တန်တဲ့သူလည်း သိပ်မရှိပါဘူး။ ကြီးလေးတဲ့ပြစ်မှုတွေကို ကျူးလွန်ခဲ့တဲ့သူတွေသာ အဲဒီမှာ အကျဉ်းချခံရတာပဲ။ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ကို နောက်ဆုံးဖွင့်ခဲ့တာက လွန်ခဲ့တဲ့ နှစ်(၄၀၀)တုန်းကပဲ”

တစ်စုံတစ်ယောက်က ထပ်ပြောလိုက်သည်။

ရီဖူရှင်း၏မျက်နှာထားသည် ဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

ယူချင်းသည် နတ်ဆိုးချောက်ကမ်းပါးအောက်ရှိ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် အကျဉ်းချခံထားရသည်။ သူက သူသေသည်အထိ အဆုံးမဲ့နတ်ဆိုးကပ်ဘေးများကို ရင်ဆိုင်ရမည်ဖြစ်သည်။

“သူက အဲဒီမှာ အကျဉ်းချခံထားရတယ်ဆိုပေမယ့် သူသာ အမိန့်နာခံမယ်ဆိုရင် သူ့ကို လွှတ်ပေးမှာပါ။ ဒါပေမဲ့ သူက အမိန့်နာခံမယ့်အစား နတ်ဆိုးဘုံကို သစ္စာဖောက်မယ့်သူပဲ။ မင်းရဲ့အမြင်မှာ သူက မှန်ကန်တဲ့ကိစ္စကို လုပ်နေတယ်လို့ထင်လား”

အကြီးအကဲသည် ရီဖူရှင်းကိုကြည့်၍ မေးလိုက်သည်။

“သူက ဘာလို့ အမိန့်မနာခံတာလဲ...”

ရီဖူရှင်း မေးလိုက်သည်။

“သူက မူလဘုံကို ကျူးကျော်ဖို့ အမိန့်တစ်ခု ရခဲ့တယ်။ မူလဘုံမှာ သူ့ရဲ့ ညီ‌နောင်တစ်ယောက်ရှိတယ်။ သူက သူ့ရဲ့ညီနောင်အတွက် သူ့ရဲ့ဂုဏ်အဆင့်အတန်းကို စွန့်လွှတ်ခဲ့တာပဲ”

အကြီးအကဲက ပြောလိုက်သည်။

“သူ့ရဲ့ ညီနောင်နေရာက ကြည့်မယ်ဆိုရင်တော့ သူက သူ့ညီနောင်ဘက်ကရပ်ပြီး သူတို့ရဲ့ ရင်းနှီးမှုကို တန်ဖိုးထားတာဖြစ်လို့ သူ့ရဲ့လုပ်ရပ်က မမှားပါဘူး။ နတ်ဆိုးဘုံဘက်က ကြည့်မယ်ဆိုရင်တော့ သူက နတ်ဆိုးအင်ပါယာရဲ့ အမိန့်ကို ဆန့်ကျင်ခဲ့တာဆိုတော့ သူရဲ့လုပ်ရပ်က မှားနေတာပေါ့”

ရီဖူရှင်း ပြန်ဖြေလိုက်သည်။

“သူက နတ်ဆိုးအင်ပါယာနန်းတော်ထဲမှာ ကျင့်ကြံခဲ့ပြီးတော့ အနာဂတ်မှာ နတ်ဆိုးဘုံကို ဆက်ခံပြီး ဒီနယ်မြေတွေကို အုပ်ချုပ်ရမယ့်သူပဲ။ သူ ပခုံးထမ်းရမယ့် တာဝန်က ကြီးလေးတယ်။ သူ့ရဲ့ ညီနောင်အတွက်နဲ့ သူက ဒီဘုံအတွက် သူ့ရဲ့တာဝန်တွေကို စွန့်ပစ်လိုက်သင့်သလား။ သူ့အနေနဲ့ သူ့အသက်ကို စွန့်သင့်သလား”

အကြီးအကဲသည် ရီဖူရှင်းကို စိုက်ကြည့်၍ ဆက်မေးလိုက်သည်။

“သူ့ရဲ့ လုပ်ရပ်က မှားနေတာပါ...”

ရီဖူရှင်းက အကြီးအကဲနှင့် မျက်လုံးချင်းဆုံအောင်ကြည့်၍ ပြန်ဖြေလိုက်သည်။

“သူက ဘယ်လိုရွေးချယ်မှုမျိုးကို လုပ်သင့်တယ်လို့ မင်းထင်လဲ”

အကြီးအကဲသည် ရီဖူရှင်း၏ မျက်ဝန်းများကို ပြန်စိုက်ကြည့်၍ မေးလိုက်သည်။

“သူက မူလဘုံကို ကျူးကျော်ခဲ့သင့်တာ...”

ရီဖူရှင်း ပြန်ဖြေလိုက်သည်။

အကြီးအကဲသည် ရီဖူရှင်းကို စိုက်ကြည့်လိုက်သည်။ ခေတ္တမျှတိတ်ဆိတ်သွားပြီးနောက် သူက ထရပ်ကာ ပြောလိုက်သည်။

“သူ ဘယ်လိုရွေးချယ်ခဲ့သင့်တယ်ဆိုတာ လူတိုင်းသိတယ်... ဒါပေမဲ့ သူကတော့ ဘာလို့မသိရတာလဲ”

သူက ထိုသို့ပြောရင်း နောက်လှည့်ကာ လှေကားမှ ဆင်းသွားကာ ရီဖူရှင်း၏မြင်ကွင်းမှ ပျောက်ကွယ်သွားလေတော့သည်။

ရီဖူရှင်းက ပျောက်ကွယ်သွားသော အကြီးအကဲ၏ပုံရိပ်ကို ‌ငေးကြည့်နေသည်။ ထို့နောက်တွင် သူက နတ်ဆိုးအင်ပါယာနန်းတော်ရှိသည့် အဝေးသို့ လှမ်းမျှော်ကြည့်လိုက်သည်။

လူတိုင်းသည် မည်သို့ရွေးချယ်သင့်သည်ကို သိသည်။ အဘယ်ကြောင့် ယူချင်းက မသိခဲ့ရသနည်း။

ယူချင်းသည် ဉာဏ်နည်းသူ တစ်ဦးမဟုတ်ပေ။ သူက ရီဖူရှင်းနှင့်သူ၏ ညီအစ်ကိုဆက်ဆံရေးကို ဦးစားပေးခဲ့ခြင်းသာဖြစ်သည်။

ယူချင်းသည် တစ်လောကလုံးကို ကျောခိုင်းရစေကာမူ ရီဖူရှင်းကို သစ္စာဖောက်မည်မဟုတ်ပေ။

ရီဖူရှင်းက လျှပ်တစ်ပြက်လက်ကာ သူထိုင်နေသောနေရာမှ ပျောက်ကွယ်သွားလေသည်။ နတ်ဆိုးမျှော်စင်အတွင်းရှိ ကျင့်ကြံသူများသည် ရီဖူရှင်း ပျောက်ကွယ်သွားသည်ကို မြင်လိုက်သောအခါ အံ့အားသင့်သွားကြသည်။ သူတို့၏ ဝိညာဉ်စွမ်းအားများထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို လေ့လာကြည့်ရှုလိုက်သည်။ သို့သော် သူတို့သည် ရီဖူရှင်းရှိနေရာနေရာကို မရှာနိုင်တော့ပေ။

“သူက တော်တော်မြန်တာပဲ”

တစ်စုံတစ်ယောက်က မှတ်ချက်ပြုလိုက်သည်။

“အဲဒီလူက ဘယ်သူလဲ။ သူ့ရဲ့ ကျင့်ကြံခြင်းအစွမ်းက ရှိန်လောက်စရာပဲ...”

“သူက နတ်ဆိုးချောက်ကမ်းပါးနဲ့ နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်အကြောင်းကို တကယ်မသိတာပဲ”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။

“အဲဒီအကြီးအကဲကရော ဘယ်သူလဲ။ သူ့ရဲ့ နောက်ကြောင်းက ထူးကဲလောက်တယ်။ သူ့ဆီက ဘာအရှိန်အဝါမှ ထွက်မနေပေမယ့် သူစကားပြောရင် သူ့ဆီက သဏ္ဍာန်မဲ့ ဖိအားတစ်ခုကို ငါခံစားရတယ်”

တစ်စုံတစ်ယောက်က ပြောလိုက်သည်။ သူတို့အားလုံးသည် တွေးတောနေသောမျက်နှာထားများ၊ အံ့အားသင့်နေသောမျက်နှာထားများ ရှိနေသည်။

ထိုလူနှစ်ဦးသည် အနည်းငယ် ထူးဆန်းနေပေသည်။ သူတို့သည် ထိုနှစ်ဦးကို သေချာမခန့်မှန်းနိုင်ပေ။

သူတို့၏ စကားများနောက်ကွယ်တွင် မည်သည့်အဓိပ္ပာယ်ရှိသနည်း။

သူတို့ နားမလည်နိုင်ပေ။ ထိုစကားများသည် အစီအငေါ်မတည့်ဟုထင်ရသော်လည်း ဖုံးကွယ်ထားသည့် နက်ရှိုင်းသောအဓိပ္ပာယ်တစ်ခုလည်း ရှိပုံပေါ်လေသည်။

ထိုနှစ်ဦးသည် တစ်ဦးကိုတစ်ဦး သိကြသလော။

****

နတ်ဆိုးအင်ပါယာနန်းတော်သို့ လူအနည်းငယ်သာ အလည်လာကြပေသည်။ နန်းတော်တစ်ဝိုက်တွင် ကြောက်မက်ဖွယ်စွမ်းအားတစ်ခုက ဖိနှိပ်ထားသည်။ သူတို့သည် နန်းတော်အပြင်ဘက်၌သာ ရပ်နေလျှင်ပင် ထိုအားကောင်းသောဖိအား၏ ကြောက်မက်ဖွယ်ကောင်းမှုကို ခံစားနိုင်သည်။

နတ်ဆိုးဘုံမှ ကျင့်ကြံသူများသည် နန်းတော်ကို အဝေးမှသာ လှမ်းမျှော်ကြည့်၍ အရိုအသေပေးဝံ့ပေသည်။

သို့သော် ယခုတွင် လူတစ်ယောက်သည် နတ်ဆိုးအင်ပါယာနန်း‌တော်အပြင်ဘက်တွင် ပေါ်လာ၏။

ရီဖူရှင်းသည် တိတ်တဆိတ်ရပ်၍ မြင့်မားသော နတ်ဆိုးနတ်ဘုရားနန်းတော်ကို ကြည့်နေသည်။ သူက ထိုနန်းတော်ကို အဝေးမှ လှမ်းကြည့်ခဲ့စဉ်က နန်းတော်သည် မြေပြင်နှင့်တစ်သားတည်းဖြစ်နေသည်ဟု ထင်ခဲ့ရပေသည်။ သို့သော် ယခုတွင် သူသည် နန်းတော်အောက်ဘက်သို့ ရောက်နေသောအခါ နန်းတော်သည် လွန်စွာမြင့်မားပြီး သူနှင့်အတော်လေးဝေးသေးကြောင့် သိလိုက်ရလေသည်။ သူက နတ်ဆိုးနတ်ဘုရားနန်းတော်သို့ ရောက်နိုင်ရန် ကောင်းကင်ထက်သို့ ရောက်သည်အထိ အထက်သို့ ဆက်တက်သွားရဦးမည်ဖြစ်သည်။

သူက နတ်ဆိုးအင်ပါယာနန်း‌တော်၏ အောက်ခြေတွင်သာ ရပ်နေခြင်းဖြစ်သော်လည်း သဏ္ဍာန်မဲ့ ဖိအားတစ်ခုကို ခံစားနေရပြီဖြစ်သည်။

နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ထိုဖိအားကို အချိန်ပြည့်ခံနေရပေသည်။

နတ်ဆိုးအင်ပါယာက နတ်ဆိုးဘုံကို စည်းလုံးစေခဲ့ပြီးနောက်တွင် သူသည် နတ်ဆိုးချောက်ကမ်းပါးကို တစ်ကိုယ်တော် ဖိနှိပ်ခဲ့သည်။ ထို့နောက်တွင် သူက နတ်ဆိုးဘုံတစ်ခွင်လုံးကို အုပ်စိုး၍ နယ်မြေအားလုံးကို တိုးတက်စေခဲ့သည်။

နတ်ဆိုးအင်ပါယာနန်းတော်၏ ကောင်းကင်ဂိတ်တံခါးရှေ့တွင် နတ်ဆိုးစစ်သူကြီးတစ်စု ထွက်ပေါ်လာ၏။ သူတို့သည် ဂိတ်တံခါ၏ ဘေးတစ်ဖက်တစ်ချက်စီတွင် ရပ်နေကြပြီး နန်းတော်ကို ကျူးကျော်သူများရန်မှ ကာကွယ်ပေးနေသည်။ သူတို့သည် ရီဖူရှင်းကို အေးစက်စက်မျက်နှာထားများဖြင့် ငုံ့ကြည့်လိုက်ကြသည်။ သူတို့သည် သူတို့၏ ကြောက်မက်ဖွယ်အရှိန်အဝါများကို ရီဖူရှင်းပေါ်သို့ တိုက်ရိုက်ထုတ်လွှတ်လိုက်သည်။

ရီဖူရှင်း ခေါင်းမော့လိုက်၏။ သူ၏အကြည့်သည် ကျယ်ပြောသောအာကာပြင်ကို ဖောက်ထွင်းသွားသကဲ့သို့ပင်။ သူ ကျယ်လောင်စွာ အော်ပြောလိုက်သည်။

“မူလဘုံက ရီဖူရှင်းက နတ်ဆိုးအင်ပါယာနဲ့ တွေ့ခွင့်တောင်းပါတယ်”

သူ၏အသံသည် ကောင်းကင်ထက်သို့ ပဲ့တင်ထပ်သွားသည်။ ထိုအသံသည် ကောင်းကင်ကို ရုတ်ခြည်းဖောက်ထွင်းသွားပြီး ယင်းအသံကို နန်းတော်တစ်ခွင်လုံးတွင် ကြားလိုက်ရသည်။

အဝေးရှိ လူများသည် သူရှိရာဘက်သို့ လှမ်းကြည့်လိုက်ကြသည်။ သူတို့သည် အတော်လေး အံ့အားသင့်နေကြလေသည်။ တစ်စုံတစ်ယောက်သည် အမှန်ပင် နတ်ဆိုးအင်ပါယာနန်းတော်သို့လာ၍ နတ်ဆိုးအင်ပါယာနှင့် တွေ့ခွင့်တောင်းနေပေသည်။

နတ်ဆိုးအင်ပါယာနန်းတော်ထဲမှ ကျင့်ကြံသူများ ထွက်လာ၍ ရီဖူရှင်းကို ငုံ့ကြည့်လိုက်ကြသည်။

ရီဖူရှင်း၏အမည်ကို နတ်ဆိုးအင်ပါယာနန်းတော်မှ လူများလည်း သိကြပေသည်။ သူ့ကြောင့်သာ ယူချင်းသည် မူလဘုံကို ကျူးကျော်ရန် ငြင်းဆန်ခဲ့ခြင်းပင်။

ရီဖူရှင်းသည် နတ်ဆိုးဘုံရှိ နတ်ဆိုးအင်ပါယာနန်းတော်သို့ အမှန်ပင်ရောက်လာ၍ နတ်ဆိုးအင်ပါယာနှင့် တွေ့ခွင့်တောင်းနေပေသည်။

ထိုလူသည် ထိုသို့လုပ်ရန် အမှန်ပင်ရဲတင်းပေသည်။

နတ်ဆိုးအင်ပါယာနန်းတော်မှ မည်သည့် တုံပြန်မှုမှ ပေါ်ထွက်မလာပေ။ နတ်ဆိုးအင်ပါယာသည် ထိုကိစ္စကို အလျင်အမြန် တုံ့ပြန်လိမ့်မည် မဟုတ်ပေ။

နတ်ဆိုးအင်ပါယာနန်းတော်အောက်တွင် သုသာန်တစ်ခုကဲ့သို့ တိတ်ဆိတ်နေသည်။ ရီဖူရှင်းသည် အောက်ဘက်တွင် တစ်ဦးတည်းရပ်နေပြီး အလွန်အထီးကျန်ပုံပေါ်နေပေသည်။

သူ့အရှေ့တွင် နတ်ဆိုးဘုံ၏ နတ်ဆိုးအင်ပါယာနန်းတော်ရှိ၏။ ထိုနေရာသည် လောကအတွင်းရှိ ကြောက်မက်ဖွယ်အကောင်းဆုံးနေရာများထဲမှ တစ်နေရာဖြစ်သည်။ နတ်ဆိုးအင်ပါယာ နတ်ဆိုးဘုံကို စည်းလုံးစေခဲ့ပြီးနောက်တွင် ရီဖူရှင်းသည် ဤနေရာသို့ ရောက်လာ၍ နတ်ဆိုးအင်ပါယာနှင့် တွေ့ခွင့်တောင်းသည့် ပြင်ပလောကမှပထမဆုံးလူဖြစ်ပေသည်။

“မူလဘုံက ရီဖူရှင်းက နတ်ဆိုးအင်ပါယာနဲ့ တွေ့ခွင့်တောင်းပါတယ်”

ရီဖူရှင်းက နတ်ဆိုးအင်ပါယာနန်းတော်က မည်သူမှ သူ့ကို  ပြန်မတုံ့ပြန်ကြောင်း တွေ့လိုက်ရသောအခါ ထပ်၍ အော်ပြောလိုက်သည်။

သူ၏အသံသည် ကောင်းကင်တစ်ခွင်လုံးနှင့် ထိုနေရာတစ်ခုလုံးတွင်တွင် ပဲ့တင်ထပ်သွားလေသည်။ သူအသံသည် ကောင်းကင်ထက်သို့ပင် ပဲ့တင်ထပ်ကာ ရောက်ရှိသွားသည်။

နတ်ဆိုးအင်ပါယာနန်းတော်ထဲတွင် ဆံပင်ဖရိုဖရဲနှင့် နတ်ဆိုးကျင့်ကြံသူတစ်ဦးသည် နတ်ဆိုးချောက်ကမ်းပါးအောက်တွင်ရှိသည့် နတ်ဆိုးသတ်ဖြတ်ခြင်းရင်ပြင်ပေါ်တွင် ရပ်နေသည်။ သူ၏ခန္ဓာကိုယ်ကို ကောင်းကင်နတ်ဆိုးချိတ်ဖြင့် ချုပ်နှောင်ထားသည်။ သူ၏အဝတ်အစားများသည် ဆုတ်ပြဲနေပြီး သူ့ကိုယ်ပေါ်တွင်လည်း ဒဏ်ရာများဖြင့် ပြည့်နှက်နေသည်။

သို့သော် သူက အောက်မှထွက်ပေါ်လာသော ထိုအသံကို ကြားလိုက်သောအခါ သူ၏ခန္ဓာကိုယ် အပြင်းအထန်တုန်ယင်သွားသည်။ ဖရိုဖရဲဆံပင်များအောက်မှ သူ၏ နက်မှောင်သောမျက်ဝန်းများသည် ရုတ်တရက်ပွင့်လာပြီး အံ့အားသင့်ဖွယ် နတ်ဆိုးအလင်းတစ်ခု လက်သွားလေသည်။

All Chapters