← Chapters

နတ်ဆိုးအင်ပါယာနန်းတော်သို့...

Vol. 182 Ch. 2605

နတ်ဆိုးအင်ပါယာနန်းတော်သို့...

Vol. 182 Ch. 2605

နတ်ဆိုးအင်ပါယာနန်းတော်ထဲတွင် ကျင့်ကြံသူများ တစ်စထက်တစ်စ ပိုများလာသော်လည်း မည်သူမှ ပြန်မတုံ့ပြန်ကြသေးပေ။

ထို့အပြင် ရီဖူရှင်းအနေဖြင့် နတ်ဆိုးအင်ပါယာသည် သူတွေ့ချင်တိုင်း တွေ့နိုင်သည့်သူ ဟုတ်၊ မဟုတ် စဉ်းစားရပေမည်။

ရီဖူရှင်းက ဟင်းလင်းပြင်ထဲတွင်ရပ်ကာ ခေါင်းမော့၍ သူ့ရှေ့ရှိ မိုးထိအောင်မြင့်မားသော နတ်ဆိုးအင်ပါယာနန်းတော်ကို ကြည့်လိုက်သည်။ ထို့နောက် သူက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး မြင့်မားသောကောင်းကင်ထက်သို့ လျှောက်လှမ်းသွားလိုက်သည်။

နတ်ဆိုးဂိတ်တံခါးနေရာတွင် အင်အားသည် အရာအားလုံးဖြစ်သည်။ အကယ်၍ နတ်ဆိုးအင်ပါယာက သူ့ကို လက်ခံမတွေ့ပါက သူသည် နတ်ဆိုးအင်ပါယာကို တွေ့နိုင်မည့် နည်းလမ်းတစ်ခုကို ရှာရပေမည်။

ဝုန်း...

နတ်ဆိုးဂိတ်တံခါးရှေ့ ဘေးတစ်ဖက်တစ်ချက်စီရှိ ကျင့်ကြံသူများ၏ စွမ်းအားများသည် ကြောက်မက်ဖွယ် နတ်ဆိုးအစွမ်းများဖြင့် ပြည့်နှက်နေသည်။ ကြောက်မက်ဖွယ် နတ်ဆိုးအရိပ်များ ထွက်ပေါ်လာပြီး ရီဖူရှင်းရှိနေသောနေရာသို့ ဖိနှိပ်လိုက်ကြသည်။

ဝုန်း...

ရီဖူရှင်းက ကောင်းကင်ထက်တွင် ရုတ်တရက် ခြေတစ်ချက် ခပ်ပြင်းပြင်း ဆောင့်လိုက်လေသည်။ သူ၏ ခြေချက်ကျဆင်းသွားသောအခါ မဟာလမ်းစဉ်နတ်အလင်း ပျံ့နှံ့သွားသည်။ ၎င်းတွင် ကြောက်မက်ဖွယ်စွမ်းအား ပါဝင်လေသည်။ နတ်ဆိုးဂိတ်တံခါးရှေ့တွင် စောင့်ကြပ်နေသော ထိုနတ်ဆိုးကျင့်ကြံသူများသည် နောက်သို့လွင့်သွားသည်။ သို့သော် သူတို့သည် ဒဏ်ရာမရသွားဘဲ ရီဖူရှင်းအတွက် အနည်းငယ် လမ်းဖယ်ပေးလိုက်သလိုသာ ဖြစ်သွားသည်။

သူက နတ်ဆိုးအင်ပါယာကို တွေ့နိုင်ရန် မျှော်လင့်ချက်ဖြင့် နတ်ဆိုးအင်ပါယာနန်းတော်သို့ လာခဲ့ခြင်းဖြစ်သည်။ သို့သော် သူက နတ်ဆိုးအင်ပါယာနန်းတော်ထဲကို အလွယ်တကူဖောက်ဝင်နိုင်လိမ့်မည်ဟု တွေးလောက်အောင်အထိ စိတ်ကြီးမဝင်သေးပေ။ သူက လူများကို ထိခိုက်ဒဏ်ရာရအောင်လုပ်ရန် ဤနေရာသို့ ရောက်လာခဲ့ခြင်းမဟုတ်ပေ။ သူ၏ရည်ရွယ်ချက်သည် နတ်ဆိုးအင်ပါယာနှင့် တွေ့ဆုံရန်သာဖြစ်သည်။

ယူချင်းသည် နတ်ဆိုးအင်ပါယာကို ဒေါသဖြစ်စေခဲ့သဖြင့် ရီဖူရှင်းအနေဖြင့် ယူချင်းကို ကယ်တင်ရန် မည်သို့မှ မတတ်နိုင်ပေ။ ယူချင်းကို ကယ်တင်နိုင်မည့် တစ်ခုတည်းသောနည်းမှာ နတ်ဆိုးအင်ပါယာကို စိတ်ပြောင်းသွားအောင်လုပ်ရန် သို့မဟုတ် ယူချင်းကို အမိန့် နာခံအောင်လုပ်ရန်သာ ဖြစ်လေသည်။

ရီဖူရှင်းက နတ်ဆိုးဂိတ်တံခါးမှ ကျင့်ကြံသူများကို နောက်သို့ လွင့်သွားအောင် လုပ်လိုက်ပြီးနောက်တွင် ကောင်းကင်ထက်သို့ ဆက်၍ တက်သွားသည်။ သူက ဗုဒ္ဓရောင်ဝါခြေလှမ်းကို အသုံးပြု၍ ဖြတ်ကျော်သွားရန် မကြိုးစားခဲ့ပေ။ ဤနေရာသည် နတ်ဆိုးအင်ပါယာနန်းတော်ဖြစ်ပေသည်။ ထိုကဲ့သို့သော တန်ခိုးမျိုးကိုအသုံးပြုခြင်းသည် အလုပ်ဖြစ်မည်မဟုတ်ပေ။ သူက သူ၏အင်အားအစစ်အမှန်ဖြင့်သာ သူတို့၏လေးစားမှုကို ရအောင်လုပ်နိုင်ရန် မျှော်လင့်ရပေမည်။

နတ်ဆိုးအင်ပါယာနန်းတော်သည် ကောင်းကင်ထက်တွင် မြင့်မားစွာ တည်ရှိနေသည်။ ထိုနန်းတော်၏ အမြင့်အစစ်အမှန်ကို မည်သူမှ မသိပေ။ သူက ကောင်းကင်ထက်သို့ တက်ရင်းဖြင့် အတားအဆီးများကို တစ်ခုပြီးတစ်ခု ဖြတ်ကျော်နေရလေသည်။ အောက်ဘက်နေရာတွင် စွမ်းအားကြီး နတ်ဆိုးကျင့်ကြံသူအုပ်စုများ ရှိသည်။ သူတို့သည် ခံစစ်၏ ပထမတပ်တန်းကဲ့သို့ ထမ်းဆောင်နေသည့် နတ်ဆိုစစ်တပ်တစ်ခုကဲ့သို့ပင်။ သူတို့သည် ရီဖူရှင်း၏အထက်တွင် ထွက်ပေါ်လာကြသည်။ သူတို့အားလုံးသည် ကျင့်ကြံခြင်းအဆင့်မြင့်သူချည်းသာဖြစ်လေသည်။ သူတို့သည် နတ်ဆိုးအင်ပါယာအဆင့်တွင် ရှိသူများဖြစ်ပေသည်။

ထို့အပြင် သူတို့သည် နတ်ဆိုးအင်ပါယာနန်းတော်၏ အောက်ခြေရှိ ကျင့်ကြံသူများသာ ဖြစ်ပေသေးသည်။

ဟင်းလင်းပြင်ထဲတွင် နတ်ဆိုးအရှိန်အဝါတစ်ခုသည် ထိုနေရာတစ်ခွင်ကို လွှမ်းခြုံသွားသည်။ နတ်ဆိုးစစ်သည်များစွာသည် သူတို့၏ တိုက်ခိုက်မှုကို ရီဖူရှင်းထံသို့ တရဆက်ပစ်လွှတ်လိုက်ရာ ရီဖူရှင်းပေါ်သို့ ကြောက်မက်ဖွယ် အရှိန်အဝါတစ်ခု ကျဆင်းလာ၏။ သို့သော် ရီဖူရှင်းကို နတ်အလင်းက လွှမ်းခြုံထားသည်ဖြစ်ရာ ထိုတိုက်ခိုက်မှုများ သူ့ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာသောအခါ ၎င်းတို့သည် သူ့ကို အနည်းငယ်ပင် မထိခိုက်စေခဲ့ပေ။ သူ့တစ်ကိုယ်လုံးသည် ထိုစွမ်းအားကြီးတိုက်ခိုက်မှုများ၏အောက်တွင် နစ်မြုပ်သွားသော်လည်း သူက တစ်လက်မပင် မရွေ့သွားခဲ့ချေ။

တိုက်ခိုက်မှုများအားလုံး ပျက်ပြယ်သွားပြီး သူအထက်သို့ ဆက်တက်လိုက်သည်။ ရီဖူရှင်း၏ သူ၏စိတ်ကို အနည်းငယ်တွန့်ကွေးလိုက်ရာ ကျယ်ပြောသောအာကာပြင်သည် တုံ့ဆိုင်းသွားသည်။ ထိုနတ်ဆိုးကျင့်ကြံသူအားလုံးသည် သူတို့၏ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်တော့ပေ။ သူတို့သည် အေးခဲတုံ့ဆိုင်းသွားပြီး သူတို့ရှိနေသည့် အာကာပြင်သည် အကျဉ်းထောင်တစ်ခုကဲ့သို့ဖြစ်သွားသည်ဟု ထင်ရပေသည်။

ရီဖူရှင်းက အထက်သို့ ဆက်လျှောက်သွားပြီး ထိုအင်အားကြီး နတ်ဆိုးအင်ပါယာစစ်တပ်ကို ဖြတ်ကျော်သွားလေသည်။ ကြောက်မက်ဖွယ်နတ်စွမ်းအားတစ်ခု ထွက်ပေါ်လာပြီး အားလုံးသည် နောက်သို့ တွန်းထုတ်ခံလိုက်ရသည်။

“ရီဖူရှင်းက နတ်ဆိုးအင်ပါယာနဲ့ စကားပြောခွင့်တောင်းပါတယ်”

ရီဖူရှင်း မော့ကြည့်၍ အော်ပြောလိုက်သည်။ အသံသည် ကောင်းကင်ထက်သို့ တလိပ်လိပ်တက်သွား၏။ ကောင်းကင်သည် မည်းမှောင်၊ လေးလံနေသည်။ နတ်ဆိုးအင်ပါယာနန်းတော်အနှံ့တွင် ကျင့်ကြံသူများထွက်ပေါ်လာ၏။ သူပို၍မြင့်မြင့်ရောက်လာလေလေ၊ သူရင်ဆိုင်ရသော ကျင့်ကြံသူများသည် ပို၍ကြောက်မက်ဖွယ်ကောင်းလာလေလေပင်ဖြစ်သည်။

သို့သော် သူ၏ လက်ရှိအဆင့်နှင့်ဆိုလျှင် နတ်ဆိုးအင်ပါယာနန်းတော်တွင်ပင် သူ့ကိုတားဆီးနိုင်သည့်သူ များစွာမရှိပေ။

ယခုတွင် သူသည် ဒုတိယကပ်ဘေးအဆင့်ရှိသည့် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်ကဲ့သို့သော သူမျိုးကိုပင် တစ်ကိုယ်တောင် သတ်ပစ်နိုင်နေပြီမဟုတ်ပါလား။

ရီဖူရှင်းက ကောင်းကင်ထက်သို့ ဆက်၍တက်နေသည်။ သူ့ရှေ့တွင် နတ်ဆိုးအင်ပါယာအဆင့်ရှိသူ (၇၂)ယောက် ထွက်ပေါ်လာ၏။ ရီဖူရှင်းပင် သူတို့ထံမှထွက်ပေါ်နေသည့် ကြောက်မက်ဖွယ်အရှိန်အဝါနှင့် အားကောင်းသော ဖိအားတစ်ခုကို ခံစားလိုက်ရလေသည်။

ထိုနတ်ဆိုးအင်ပါယာအဆင့်ရှိသူ(၇၂)ယောက်သည် ကြောက်မက်ဖွယ် တိုက်ပွဲကွန်ရက်ကြီးတစ်ခုကို ဖန်တီးနေ၏။ ရီဖူရှင်းအထက်တွင် အတုမဲ့နတ်ဆိုးတစ်ကောင် ထွက်ပေါ်လာ၏။ သူက ရီဖူရှင်းကို တက်နင်းလိုက်၏။ ကြောက်မက်ဖွယ် ဟိန်းသံကြီးသည် အာကာပြင်ကို အပြင်းအထန်တုန်ခါသွားစေသည်။

သို့သော် ရီဖူရှင်းကို နတ်အလင်းက ဝန်းရံထားပြီး သူ၏ခန္ဓာကိုယ်သည် လင်းလက်သွားသည်။ သူက လက်မြှောက်လိုက်ပြီး လက်ချောင်းတစ်ချောင်းတည်းဖြင့် တိုက်ခိုက်လိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ဓားတစ်ချောင်းအဖြစ် ပြောင်းလဲသွားပြီး အထက်သို့ဆက်တက်သွားကာ သူ့ကို တက်နင်းနေသည့် ဧရာမခြေဖဝါးကြီးကို ထွင်းဖောက်သွားလေသည်။ ဓားသည် နတ်ဆိုးအရိပ်ကြီး၏ ခန္ဓာကိုယ်ကို ဆက်၍ ဖောက်ထွင်းသွားပြီး ရုတ်ခြည်းအတွင်း ထိုးဖောက်ကာ ကောင်းကင်ထက်တွင် ပြန်ပေါ်လာ၏။

“ဘယ်လိုတောင် သန်မာတာလဲ...”

အဝေးရှိ နတ်ဆိုးအင်ပါယာနန်းတော်အပြင်မှ ကျင့်ကြံသူများသည် အထက်ရှိ အခြေအနေကို မော့ကြည့်လိုက်ပြီး အလွန်အံ့အားသင့်နေကြလေသည်။

မူလဘုံမှ ရီဖူရှင်းသည် ဤနေရာအထိ ရောက်လာခဲ့ပြီး နတ်ဆိုးအင်ပါယာနှင့် တွေ့နိုင်ရန်အတွက် နတ်ဆိုးအင်ပါယာနန်းတော်ကို ဖောက်ဝင်လိုနေပေသည်။

ထိုကိစ္စသည် အလွန်ပင် ရူးချင်စရာကောင်း၏။

အစောက သူ့ကို တားဆီးရန် ကြိုးစားခဲ့သော အုပ်စုသည် နတ်ဆိုးအင်ပါယာနန်းတော်အတွင်းရှိ (၇၂)ထျန်ကန်းအဖွဲ့မှ ဖြစ်ပုံပေါ်လေသည်။ သူတို့သည် လွန်စွာ စွမ်းအားကြီးသူများဖြစ်သည်။ မည်သို့ပင်ဖြစ်စေ သူတို့သည် ရီဖူရှင်းကို အနည်းငယ်ပင် မတားဆီးနိုင်ခဲ့ပေ။ ရီဖူရှင်း၏အင်အားကသာ သူတို့ကို အနိုင်ယူသွားလေသည်။

“ရီဖူရှင်းက နတ်ဆိုးအင်ပါယာနဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုပါတယ်”

ထိုအသံကို ထပ်မံကြားလိုက်ရသည်။ ထိုအသံသည် လွန်စွာ ကြောက်မက်ဖွယ်ကောင်းပြီး ကျင့်ကြံသူများစွာကို အပြင်းအထန် ရင်ခုန်သွား‌စေလေသည်။ သူက နတ်ဆိုးအင်ပါယာနှင့် မတွေ့ရမချင်း ရပ်တန့်မည့်ပုံမ‌ပေါ်ပေ။

နတ်ဆိုးအင်ပါယာနန်းတော်အထက်တွင် လူများသည် ပြန်ဆုတ်သွားကြပြီး အထက်သို့ ဆက်တက်လာသည့် ရီဖူရှင်းကို မတားဆီးကြတော့ပေ။ သူတို့သည် ကပ်ဘေးအဆင့်ကျင့်ကြံသူများမဟုတ်ပါက ရီဖူရှင်းကို တားရန်ကြိုးစားလျှင်လည်း အသုံးမဝင်ကြောင်း သူတို့သိလေသည်။ သူတို့အနေဖြင့် ရီဖူရှင်းကို ဆက်မတက်လာနိုင်တော့အောင် မည်သို့မှ မတားနိုင်ပေ။

ရီဖူရှင်းက ကျင့်ကြံသူများစွာကို ဖြတ်သန်း၍ အထက်သို့ ဆက်တက်လာ၏။

ယခုတွင် နတ်ဆိုးဘုံသည် ကောင်းကင်ဒေသကို စစ်ကြေညာထားသဖြင့် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူအများအပြားသည် စစ်ပွဲတွင် ပါဝင်တိုက်ခိုက်ရန် နတ်ဆိုးအင်ပါယာနန်းတော်မှနေ၍ ရှေ့တန်းသို့ သွားနေကြရပေသည်။ နတ်ဆိုးအင်ပါယာနန်းတော်ကို စောင့်ကြပ်ရန် ကျင့်ကြံသူများစွာ မကျန်ခဲ့ပေ။ သို့သော် မည်သူက နတ်ဆိုးအင်ပါယာနန်းတော်ကို တိုက်ခိုက်ဝံ့မည်နည်း။

သို့တစေ နတ်ဆိုးအင်ပါယာနန်းတော်တွင် စွမ်းအားကြီးကျင့်ကြံသူများ ရှိနေပေသေးသည်။

ထိုအချိန်တွင် ရီဖူရှင်း၏အထက်တွင် ကပ်ဘေးအဆင့်ရှိသည့် စွမ်းအားကြီးကျင့်ကြံသူတစ်ဦး ထွက်ပေါ်လာ၏။

“နတ်ဆိုးနန်းစဉ်စစ်သူကြီးနဲ့ အရူးနတ်ဆိုးစစ်သူကြီး...”

အပြင်ရှိ ခပ်လှမ်းလှမ်းနေရာတွင် စွမ်းအားကြီး နတ်ဆိုးကျင့်ကြံသူနှစ်ဦးသည် ကောင်းကင်ထက်၌ ရပ်ကာ အံ့ဩတုန်လှုပ်ဖွယ် အရှိန်အဝါများကို ထုတ်လွှတ်နေသည်။ အားလုံးသည် အပြင်းအထန် ရင်ခုန်သွားကြသည်။ ထို စွမ်းအားကြီး နတ်ဆိုးစစ်သူကြီးနှစ်ဦးသည် အဆင့်နှစ်နှင့် အဆင့်ငါးရှိသူများဖြစ်ကြပြီး နှစ်ဦးစလုံးသည် ပထမကပ်ဘေးအဆင့်ရှိသူများဖြစ်သည်။ အထူးသဖြင့် နတ်ဆိုးနန်းစဉ်စစ်သူကြီးသည် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကိုပင် ခံရလုနီးပြီဖြစ်သည်။

နတ်ဆိုးအင်ပါယာနန်းတော်နှင့် ကောင်းကင်ဒေသမှ အင်ပါယာနန်းတော်တို့ကဲ့သို့ ထိပ်တန်းအင်အားစုများ၌ပင် ကပ်ဘေးအဆင့်ရှိသည့် ကျင့်ကြံသူများ များစွာမရှိပေ။

မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေးကို ကျော်လွှားပြီးသူများသည် ပိရမစ်၏ ထိပ်ဆုံးတွင် ရပ်တည်နိုင်နေပြီဖြစ်သည်။ မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်လွှားပြီးသူများမှာမူ လောကအားလုံး၏ ထိပ်သီးများဟု မှတ်ယူခြင်းခံရလေသည်။ သူတို့သည် အပြင်တွင် သူတို့၏ကိုယ်ပိုင်အင်အားစုများ ထူထောင်လျှင်ပင် ထိုအင်အားစုများသည် ထိပ်တန်းအဆင့်အင်အားစုများအဖြစ် သတ်မှတ်ခံရမည်ဖြစ်သည်။

ကောင်းကင်ဒေသ၏ ကုန်းမြေ(၁၈)ခုတွင် သက်ရှိအရေအတွက် သန်းရာချီရှိပေသည်။ သို့သော် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်လွှားနိုင်ခဲ့သူမှာ အနည်းငယ်သာရှိလေသည်။ မှတ်တမ်းအရ ရှေးဟောင်းနတ်ဘုရားကလန်အားလုံးထဲတွင် ထိုကဲ့သို့ ကျော်လွှားနိုင်ခဲ့သူ တစ်ဦးသာ ရှိပေသည်။

နတ်ဆိုးလောကထဲတွင် ကပ်ဘေးအဆင့်ကျင့်ကြံသူများ၊ သို့မဟုတ် နတ်ဆိုးစစ်သူကြီးများ၊ သို့မဟုတ် နတ်ဆိုးအင်ပါယာ၏ တပည့်ရင်းများ၊ သို့မဟုတ် နတ်ဆိုးအင်ပါယာနန်းတော်အတွင်းရှိ တော်ဝင်မျိုးနွယ်များသည် လောကအတွင်းသို့ ထွက်လာခဲသော သူများဖြစ်ပေသည်။ ဥပမာအားဖြင့် ယူချင်းကို ကာကွယ်ပေးခဲ့သော နတ်ဆိုးအိုကဲ့သို့သော သူများဖြစ်သည်။

ထိုနတ်အဆင့် အင်အားစုများအတွင်း၌ စွမ်းအားအစစ်အမှန်သည် ကောင်းစွာပုန်းအောင်းနေသည့် လူသိနည်းသော သူများဖြစ်ပေသည်။

သို့သော် အဓိကလောကကြီးအားလုံး၏ သတ်မှတ်ချက်အရ ရီဖူရှင်း၏လက်ရှိအင်အားသည် ထိပ်ပိုင်းတွင် ရှိနေပြီဖြစ်သည်။

ဝုန်း...

ကြောက်မက်ဖွယ် အနက်ရောင်လျှပ်စီးတန်းများသည် ကြောက်မက်ဖွယ် နတ်ဆိုးကပ်ဘေးကဲ့သို့ ထွက်ပေါ်လာ၏။ ထိုလျှပ်စီးတန်းများသည် အလွန်အားကောင်းသည့် အဖျက်စွမ်းအားတစ်ခုကို သယ်ဆောင်လာ၏။ အရူးနတ်ဆိုးစစ်သူကြီးသည် ရီဖူရှင်း၏အထက်တွင် ရပ်နေ၏။ သူ၏မျက်လုံးများထဲတွင် ရူးသွပ်မှုအနည်းငယ်ရှိပြီး သူ့ကို နတ်ဆိုးကပ်ဘေးအလင်းက လွှမ်းခြုံထား၏။ သူ၏ဟန်ပန်သည် စကားလုံးများဖြင့် မဖော်ပြနိုင်လောက်အောင်ပင် ကြောက်မက်ဖွယ်ကောင်းနေသည်။

နတ်ဆိုးနန်းစဉ်စစ်သူကြီး၏ ပတ်ပတ်လည်တွင် ကြောက်မက်ဖွယ် နတ်ဆိုးအရိမ်များ ပေါ်လာ၏။ သူ၏စွမ်းအားသည် လွန်စွာလွှမ်းမိုးနိုင်စွမ်းရှိပြီး လောကအတွင်းရှိ နတ်ဆိုးအားလုံးသည် သူ၏အမိန့်အောက်တွင် ရှိနေသည်ဟုပင် ထင်ရလေသည်။

ရီဖူရှင်း၏ခန္ဓာကိုယ်မှနေ၍ အားကောင်းသော နတ်အလင်းတစ်ခု ထွက်ပေါ်လာပြီး စွမ်းအားကြီး နတ်ဆိုးစစ်သူကြီးထံသို့ ပျံထွက်သွားသည်။ တစ်ချိန်က လောကထဲတွင် ကြီးကျယ်မြင့်မြတ်ခဲ့သော သူများကို ယခုတွင် သူ့မျက်စိထဲ၌ သာမန်ဟုသာ မြင်နေပြီဖြစ်သည်။ ပထမကပ်ဘေးအဆင့်ကျင့်ကြံသူများသည် သူ့ကို တားရန် မည်သို့လုပ်နိုင်မည်နည်း။

ဝုန်း...

ရာချီ၊ ထောင်ချီသော နတ်ဆိုးကပ်ဘေးများသည် ရီဖူရှင်း၏ ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းလာ၏။ သို့သော် ရီဖူရှင်းက ထိုကပ်ဘေးများကို မလှုပ်မယှက် ခံလိုက်သည်။ သူ၏ခန္ဓာကိုယ်သည် ကောင်းကင်ထက်သို့ပင် ဆက်တက်သွားပြီး သူ့ထံမှ ထွက်ပေါ်လာသည့် တုန်လှုပ်ဖွယ် ပေါက်ကွဲသံတစ်သံကို ကြားလိုက်ရလေသည်။ သူ၏အဟုန်သည် လွန်စွာလျင်မြန်ပြီး သူက အရူးနတ်ဆိုးစစ်သူကြီးကို လက်သီးဖြင့်ထိုးလိုက်သည်။

ကျယ်လောင်သော ကြောက်မက်ဖွယ် အသံကြီးတစ်သံ ထွက်ပေါ်လာ၏။ ထိုလက်သီးချက်တွင် မဟာလမ်းစဉ်ကို ဖျက်ဆီးနိုင်သော စွမ်းအား,အားလုံး ပါဝင်ပုံပေါ်လေသည်။ နတ်ဆိုးကပ်ဘေးများသည် အပြင်းအထန်ယိမ်းထိုးသွားပြီး အရူးနတ်ဆိုးစစ်သူကြီးသည် နောက်သို့ လွင့်ထွက်သွားသည်။

မကြာမီတွင် ရီဖူရှင်းက ဘေးသို့လှည့်၍ နတ်ဆိုးနန်းစဉ်စစ်သူကြီးကို နောက်တစ်ချက်ထိုးလိုက်သည်။ ထိုလက်သီးချက်သည် လွန်စွာစွမ်းအားကြီးပြီး နတ်ဆိုးနန်းစဉ်စစ်သူကြီးထံသို့ တန်းတန်းမတ်မတ်ဝင်သွားလေသည်။

လက်သီးသည် လေထုကို ဖြတ်သန်းကာ ဆင့်ခေါ်ခံထားရသည့် နတ်ဆိုးအားလုံးကို အစိတ်စိတ်အမွှာမွှာဖြစ်သွားစေလေသည်။ သူတို့သည် အမှုန့်ဖြစ်သွားပြီး နတ်ဆိုးနန်းစဉ်စစ်သူကြီးမှာလည်း သူမတားနိုင်ခဲ့သည့် လက်သီးချက်ကြောင့် နောက်သို့လွင့်သွားလေသည်။

ရီဖူရှင်းက စွမ်းအားကြီး နတ်ဆိုးစစ်သူကြီးနှစ်ဦးကို နောက်သို့လွင့်သွားအောင် လုပ်ပြီးသောအခါ အထက်သို့ ဆက်တက်လိုက်သည်။ သူက နတ်ဆိုးအင်ပါယာနန်းတော်အထက်ရှိ ကောင်းကင်ကိုကြည့်၍ ထပ်မံပြောလိုက်သည်။

“ရီဖူရှင်းက နတ်ဆိုးအင်ပါယာနဲ့ တွေ့ခွင့်ရဖို့ ‌တောင်းဆိုပါတယ်”

သူက ယခုတွင် နတ်ဆိုးအင်ပါယာနန်းတော်၏ အမြင့်ဆုံးနေရာသို့ ရောက်နေပြီဖြစ်သည်။ သူ့ရှေ့တွင် ထူးကဲသောဟန်ပန်အရှိန်အဝါရှိသည့် လူအမြောက်အမြားရှိနေသည်။ သူတို့၏ကျင့်ကြံခြင်းအဆင့်များသည် ကွဲပြားကြသည်။ သူတို့သည် နတ်ဆိုးအင်ပါယာထိပ်ပိုင်းအဆင့်ရှိသူများနှင့် နတ်ဆိုးအင်ပါယာကပ်ဘေးအဆင့်ရှိသူများ ဖြစ်သည်။ သို့သော် သူတို့အားလုံးသည် ငယ်ရွယ်ကြလေသည်။ သူတို့သည် နတ်ဆိုးအင်ပါယာ၏ တပည့်များဖြစ်သည်။

“နောက်ဆုတ်နေ...”

ကောင်းကင်ထက်မှ အသံတစ်သံက သူတို့ကို နောက်ဆုတ်နေရန် ပြောလိုက်သည်။

နတ်ဆိုးအင်ပါယာနန်းတော်မှ လူအာလုံးသည် စွမ်းအားကြီထိပ်သီးများသာ မလှုပ်ရှားလျှင် အခြားမည်သူမှ ရီဖူရှင်းကို တားနိုင်မည်မဟုတ်ကြောင်း သိကြလေသည်။

နတ်ဆိုးအင်ပါယာနန်းတော်တွင် ရီဖူရှင်း အထက်သို့ဆက်မတက်နိုင်ရန် တားနိုင်သည့် အခြားနည်းများရှိကြောင်း သံသယဖြစ်စရာမရှိပေ။ သူတို့သည် သူ့ကို တန်းပင်သတ်ပစ်၍ ရနိုင်သည်။ သို့သော် ရီဖူရှင်းက နတ်ဆိုးအင်ပါယာနန်း‌တော်အတွင်းသို့ သူ၏ကိုယ်ပိုင်အင်အားနှင့် ဝင်လာခဲ့ခြင်းဖြစ်ရာ နတ်ဆိုးအင်ပါယာနန်းတော်သည် ဂုဏ်သိက္ခာသိပ်မရှိသည့် အခြားနည်းလမ်းများကို မည်သို့ အသုံးပြုနိုင်မည်နည်း။

ရီဖူရှင်းအရှေ့တွင် လူတစ်ယောက် ထွက်ပေါ်လာ၏။ ထိုလူသည် အခြားသူများကို ရပ်ရန် ပြောလိုက်သူဖြစ်သည်။

ထိုလူသည် အနီရဲရဲဝတ်စုံကို ဝတ်ဆင်ထားပြီး နီထွေးသောနှုတ်ခမ်းများရှိသည့် အမျိုးသမီးတစ်ဦး ဖြစ်လေသည်။ သူမ၏ဆံပင်ရှည်ကြီးသည် လေထဲတွင် ဝဲလွင့်နေသည်။ သူမသည် သူမကို မြင်လိုက်သူတိုင်းကို ဆွဲဆောင်နိုင်စွမ်းရှိပုံပေါ်လေသည်။

“ဒုတိယကိုယ်ရံတော်...”

နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ထွက်ပေါ်လာသော ထိုအမျိုးသမီးကို မြင်လိုက်ရသောအခါ ရင်တုန်၊ ပန်းတုန်ဖြစ်သွားကြသည်။ နတ်ဆိုးအင်ပါယာနန်း‌တော်တွင် နတ်ဆိုးစစ်သူကြီးရှစ်ဦးအထက်၌ နတ်ဆိုးအင်ပါယာ၏ တိုက်ရိုက်အမိန့်အောက်တွင်ရှိသော မဟာကိုယ်ရံတော်လေးဦးရှိပေသည်။ နတ်ဆိုးစစ်သူကြီးရှစ်ဦးသည် အပြင်ဘက်တွင် ကာကွယ်၍ မဟာကိုယ်ရံတော်လေးဦးသည် နန်းတော်အတွင်းပိုင်း၏ လုံခြုံရေးကို တာဝန်ယူရသည်။

သူတို့၏အဆင့်များတွင် ထင်ရှားသော ကွဲပြားမှုမရှိသော်လည်း မဟာကိုယ်ရံတော်လေးဦး၏ အဆင့်သည် အနည်းငယ်ပိုမြင့်သည်ဟူသောအချက်ကို မငြင်းနိုင်ပေ။

သူတို့၏ကျင့်ကြံခြင်းအဆင့်မှာလည်း ပိုမြင့်ပေသည်။

သူတို့ကြားတွင် ပထမကိုယ်ရံတော်နှင့် ဒုတိယကိုယ်ရံတော်တို့သည် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီးပေပြီ။

နတ်ဆိုးစစ်သူကြီးရှစ်ဦးထဲတွင်မူ ပထမနတ်ဆိုးစစ်သူကြီးတစ်ဦးတည်းသာ မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီးသော ကျင့်ကြံသူဖြစ်ပေသည်။

နတ်ဆိုးအင်ပါယာနန်းတော်တွင် နတ်ဆိုးသူတော်စင်သုံးပါး၊ မဟာကိုယ်ရံတော်လေးဦးနှင့် နတ်ဆိုးစစ်သူကြီးရှစ်ဦးတို့သည် နတ်ဆိုးအင်ပါယာနန်းတော်တစ်ခုလုံးတွင် ကျော်ကြားသော အဆင့်အမြင့်ဆုံး ကျင့်ကြံသူများဖြစ်သည်။

သာမန်အားဖြင့် မဟာကိုယ်ရံတော်လေးဦးသည် နတ်ဆိုးအင်ပါယာနန်းတော်မှ ထွက်မလာကြပေ။

သူတို့ရှေ့တွင် ထွက်ပေါ်လာသော အမျိုးသမီးသည် နတ်ဆိုးအင်ပါယာနန်း‌တော်၏ ဒုတိယကိုယ်ရံတော်ဖြစ်သည်။ သူမ၏ကျင့်ကြံခြင်းအဆင့်သည် မြင့်မားပြီး သူမသည် မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ဖြတ်ကျော်ပြီးသူဖြစ်သည်။

အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကိုယ်ရံတော်သည် ရီဖူရှင်း၏အထက်ရှိ ကောင်းကင်တွင် ရပ်နေသည်။ သူမထံမှ ထွက်ပေါ်လာ၏ဟု အတိအကျမဆိုနိုင်သော မထင်မရှားအရှိန်အဝါတစ်ခုသည် မမြင်နိုင်သော ဖိအားတစ်ခုကို ထုတ်လွှတ်နေသည်။ ရီဖူရှင်းကဲ့သို့ စွမ်းအားကြီးသူသည်ပင် သူမထံမှ ဖိအားအနည်းငယ်ကို ခံစားနေရလေသည်။

ထိုအမျိုးသမီးသည် သူသတ်ခဲ့သော နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်နှင့် မိုကလန်ခေါင်းဆောင်တို့ထက် ပို၍သန်မာပေသည်။ သူမသည် နတ်ဆိုးအင်ပါယာနန်းတော်၏ ထိပ်သီးကျင့်ကြံသူတစ်ဦးပင်။

သာမန်အားဖြင့် သူမသည် အပြင်သို့ ထွက်ခဲသူတစ်ဦးဖြစ်ပြီး အပြင်လောကမှ လူများသည် သူမရှိနေကြောင်းကိုပင် မသိကြလောက်ပေ။

သို့သော် ထိုအခိုက်တွင် သူမသည် သူ့ရှေ့တည့်တည့်တွင် ရပ်နေပေသည်။

All Chapters