သွေးဝတ်ရုံ
Vol. 182 Ch. 2606
အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကိုယ်ရံတော်မှာ”သွေးဝတ်ရုံ”ဟု အမည်ရပေသည်။ ထိုအမည်သည် သူမ ကျင့်ကြံခြင်းတွင် အောင်မြင်ပြီးသွားသောအခါ သူမကိုယ်သူမ ပေးထားသောအမည်ဖြစ်သည်။ သူမ၏အမည်အရင်းကိုမူ မည်သူမှ မသိပေ။
သွေးဝတ်ရုံသည် နတ်ဆိုးအင်ပါယာနန်းတော်၏ ဒုတိယကိုယ်ရံတော်ဖြစ်ပြီး မဟာလမ်းစဉ်ဒုတိယကောင်းကင်ကပ်ဘေးကို ကျော်ဖြတ်ပြီးသူဖြစ်သည်။
ကောင်းကင်ဒေသမှ လူများ၏အမြင်မှကြည့်မည်ဆိုလျှင် သူမသည် မဟာနတ်ဆိုးအဆင့်တွင်ရှိသူဖြစ်သည်။
သူမ၏မျက်လုံးများသည် သွေးရောင် ပြောင်းလဲသွားသည်ဟု ထင်ရသည်။ သူမသည် ရီဖူရှင်းကို တစ်ချက်ကြည့်လိုက်ပြီးနောက်တွင် ပို၍မြင့်သော ကောင်းကင်ထက်သို့ ပျံတက်သွားလေသည်။
ရီဖူရှင်းက သူမ၏နောက်သို့ လိုက်သွားသည်။ သို့သော် သူတို့သည် အထက်သို့ တက်သွားချင်းဖြစ်ရာ အလျားလိုက်အကွာအဝေးကို ကြည့်မည်ဆိုလျှင် ယခုတွင် သူ၏နေရာသည် နတ်ဆိုးအင်ပါယာနန်းတော်နှင့် အတော်လေးကွာဝေးသွားပြီဖြစ်သည်။
မကြာမီတွင် သွေးဝတ်ရုံရပ်တန့်သွားသည်။ သူတို့နှစ်ဦးသည် မြင့်မားသောကောင်းကင်ထက်တွင် ရပ်နေကြပြီး နတ်ဆိုးအင်ပါယာနန်းတော်မှ နတ်ဆိုးကျင့်ကြံသူများအားလုံးသည် သူတို့ကို စိတ်ဝင်တစားကြည့်နေကြလေသည်။
နတ်ဆိုးအင်ပါယာနန်းတော်၏ ဒုတိယကိုယ်ရံတော်သည် ရီဖူရှင်းကို တားနိုင်မည်လော။
သွေးဝတ်ရုံသည် ထပ်မံခေါင်းငုံ့၍ ရီဖူရှင်းကို ကြည့်လိုက်သည်။ သူမသည် သူ့ကို ဒုတိယအကြိမ် ကြည့်ခြင်းဖြစ်သည်။ ထို့အပြင် သူမ၏မျက်လုံးများသည် သွေးရောင်အဖြစ် ပြောင်းလဲသွားပြီဖြစ်သည်။ ထို့နောက်တွင် ရီဖူရှင်း၏မျက်လုံးထဲ၌ သွေးရောင်နတ်အလင်းတစ်ခု ပြန့်ကားသွားပြီး သူမြင်နေရသည့် လောကကို ပြောင်းလဲသွားသည်။
ထိုလောကသည် သွေးရောင်ဖုံးလွှမ်းနေသော လောကပင်။ ယင်းလောကသည် အပြင်မှလောကကဲ့သို့ မမှောင်နေတော့ဘဲ သွေးရောင်ကဲ့သို့ နီရဲနေသည်။
မိုးကောင်းကင်ထက်တွင် သွေးရောင်ကပ်ဘေးတိမ်တိုက်တစ်ခု တလိပ်လိပ်တက်လာပြီး အလွန်ကြောက်မက်ဖွယ်ကောင်းသည့် သွေးရောင်နတ်ကွန်ရက်တစ်ခုကို ထုတ်လွှတ်လိုက်သည်။
ရွှီး...
ခေတ္တမျှကြာပြီးနောက် ထိုလောကထဲတွင် မရေတွက်နိုင်အောင်များပြားသော သွေးရောင်နတ်ကပ်ဘေးများ ကျဆင်းလာပြီး စက်ကွင်းကို လွှမ်းခြုံသွားသည်။
ထိုသွေးရောင်နတ်ကပ်ဘေးများသည် မဟာလမ်းစဉ်ကောင်းကင်ကပ်ဘေး၏ စွမ်းအားထက်ပို၍ ကြောက်မက်ဖွယ်ကောင်း၏။ ရီဖူရှင်းက စက်ကွင်းထဲတွင် ရပ်နေပြီး သူ၏ခန္ဓာကိုယ်ကို နတ်အလင်းက ဝန်းရံကာကွယ်ထား၏။ သူ၏ခန္ဓာကိုယ်သည် အတုမဲ့ပြီး နတ်ခန္ဓာတစ်ခုနှင့်ဆင်တူသော်လည်း ထိုကဲ့သို့တိုက်ပွဲမျိုးတွင် မဆင်မခြင်မပြုဝံ့ပေ။ ထိုအခိုက်တွင် သူသည် နတ်ဆိုးဘုံ၏ ထိပ်သီးကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်နေရခြင်းမဟုတ်ပါလား။
ဝုန်း...
သွေးရောင်နတ်ကပ်ဘေးကျဆင်းလာသောအခါ ရီဖူရှင်းမှာလည်း သူ့ခန္ဓာကိုယ်အတွင်းရှိ သွေးများ အပြင်းအထန်လည်ပတ်လာ၏ကို ခံစားလိုက်ရသည်။ သူ၏သွေးများသည် သူ၏ခန္ဓာကိုယ်အတွင်းမှ အတင်းပေါက်ထွက်သွားတော့မလိုပင်။
တစ်ချိန်တည်းမှာပင် သူ၏စိတ်ဝိညာဉ်မှာလည်း ယခင်ကတစ်ခါမှ မကြုံဖူးသည့် လွန်စွာအားကောင်းသော တိုက်ခိုက်မှုကို ခံနေရလေသည်။
ရီဖူရှင်း၏ခန္ဓာကိုယ်အထက်တွင် ဗုဒ္ဓအလင်းသည် အလွန်တောက်ပနေပြီး ဗုဒ္ဓတရာသံလည်း ပျံ့လွင့်နေသည်။ သူ့ပတ်ပတ်လည်တွင် ရှေးဟောင်းဗုဒ္ဓသင်္ကေတများ လည်ပတ်နေပြီး သူက ဗုဒ္ဓတစ်ပါး၏ကိုယ်ပွားဟုပင် ထင်ရလေသည်။ ဧရာမဗုဒ္ဓတိုက်ပွဲဝင်ပုံစံတစ်ခု ထွက်ပေါ်လာပြီး သစ္စာခြောက်ပါးတရားတော်ကို ရွတ်ဆိုလိုက်သည်။
ဗုဒ္ဓလမ်းစဉ်သည် နတ်ဆိုးလမ်းစဉ်ကို အနိုင်ယူနိုင်သည့်အစွမ်းရှိသည်ဟု ယုံကြည်ကြပေသည်။ သူ့တွင် ဗုဒ္ဓစွမ်းရည်အများအပြားရှိ၏။ ထို့ကြောင့် သူက ထိုအယူအဆကို စမ်းသပ်ကြည့်လိုနေသည်။
သူက မန္တန်များကို ရွတ်ဆိုလိုက်ရာ စွမ်းအားကြီးရွှေရောင်ဗုဒ္ဓလျှပ်စီးထွက်ပေါ်လာပြီး ကျဆင်းလာသည့် သွေးရောင်နတ်ကပ်ဘေးနှင့် ထိခတ်သွားသည်။ ထို့နောက် ၎င်းတို့နှစ်ခုသည် အတူတကွ ပျက်စီးသွားလေသည်။ ရီဖူရှင်း၏တိုက်ပွဲဝင်ပုံစံသည် ကြီးမားသော်လည်း လှုပ်ရှားမှုမရှိပေ။ ထိုသို့တည်ငြိမ်မှုသည် နတ်ဆိုးလမ်းစဉ်ကို အရှုံးပေးသည်အထိ တုန်လှုပ်သွားအောင် လုပ်နိုင်စွမ်းရှိပေသည်။
သွေးဝတ်ရုံသည် ရီဖူရှင်းကို ငုံ့ကြည့်လိုက်သည်။ သူမသည် အစကတည်းက စကားတစ်ခွန်းမှ မပြောသေးပေ။ သို့သော် ထိုအခိုက်တွင် သူမ၏နှလုံးသားထဲတွင် အနည်းငယ်မတည်ငြိမ်မှုတစ်ခု စတင်ညိတွယ်လာပြီဖြစ်သည်။ ရီဖူရှင်း၏ကျင့်ကြံခြင်းအဆင့်သည် ရန်ဟောင်အဆင့်ဟုသာထင်ရသော်လည်း သူက တိုက်ပွဲအတွင်းတွင် ကပ်ဘေးအဆင့်ရှိသည့် တိုက်ခိုက်စွမ်းရည်ကို ထုတ်နိုင်သည်။ သို့သော် သူ၏အဆင့်အစစ်အမှန်မှာမူ ရန်ဟောင်အဆင့်တွင်သာ ရှိပေသေးသည်။
ထိုအခြင်းအရာသည် ထူးခြားဆန်းကြယ်သော အခြင်းအရာပင်။ သို့သော် ထိုလူ၏ မဟာလမ်းစဉ်စွမ်းအားသည် သူမထက် အားမနည်းကြောင်း သူမသဘောပေါက်သွားသည်။
သွေးဝတ်ရုံ၏ မျက်လုံးများထဲတွင် လေးနက်သောအကြည့်များ ထွက်ပေါ်လာပြီး သူမ၏မျက်လုံးများသည် သွေးရောင်ကပ်ဘေးအလင်းကို ထုတ်လွှတ်လိုက်ပြီး ရီဖူရှင်းကို ကြည့်လိုက်လေသည်။ နတ်ဆိုးအင်ပါယာသည် သူကိုယ်တိုင် နတ်ဆိုးအတတ်များစွာကို ဖန်တီးခဲ့ပြီး နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများကို ပေးခဲ့သည်။ သူမသည် နတ်ဆိုးအင်ပါယာက လွန်စွာတန်ဖိုးထားသော တပည့်ရင်းတစ်ဦးဖြစ်ခဲ့ဖူးပေသည်။ သူမသည် နတ်ဆိုးအင်ပါယာ လက်အောက်တွင် နှစ်ပေါင်းများစွာ ကျင့်ကြံခဲ့ပြီး နတ်ဆိုးအင်ပါယာသည် သူမကို မဟာကိုယ်ရံတော်ဟူသော ဘွဲ့အမည်ကို ပေးခဲ့လေသည်။ သူမသည် နတ်ဆိုးအင်ပါယာသည် အမွေအနှစ်အစစ်အမှန်ကိုလည်း ရရှိခဲ့သည်။
သွေးရောင်နတ်အလင်းသည် လောကတစ်ခွင်လုံးကို လွှမ်းခြုံသွားသည်။ ကြောက်မက်ဖွယ်ကောင်းသော သွေးရောင်နတ်အလင်းသည် ထိုရွှေရောင်သင်္ကေတများကို အရည်ဖျော်ပစ်လိုက်ပြီး ရီဖူရှင်းကိုလည်း လွှမ်းခြုံသွားသည်။ သွေးရောင်နတ်အလင်းသည် အရာအားလုံးကို ဝါးမျိုသွားပြီး သူ၏ဧရာမဗုဒ္ဓတိုက်ပွဲဝင်ပုံစံကြီးဆီသို့ ဆက်သွားနေသည်။
“သွေးသန့်စင်ခြင်း...”
ရီဖူရှင်း အနည်းငယ် ရင်တုန်သွားသည်။ သူထုတ်လွှတ်ထားသော ဗုဒ္ဓသင်္ကေတများသည် သွေးရောင်နတ်အလင်း၏ အရည်ဖျော်ပစ်ခြင်းခံလိုက်ရပြီး သွေးစက်ကွင်းနှင့် ပေါင်းစပ်သွားသကဲ့သို့ပင် ထင်ရလေသည်။ ထိုကဲ့သို့ သွေးသန့်စင်ခြင်းအတတ်မျိုးသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းလေသည်။
သူတို့နှစ်ဦးစလုံးသည် တိုက်ပွဲနယ်ပယ်ကို အတိုင်းအတာတစ်ခုအထိ ထိန်းချုပ်ထားနိုင်လေသည်။ အကယ်၍ သူတို့သည် တိုက်ပွဲမြေပြင်တွင် ဖြစ်ပါက သွေးဝတ်ရုံကဲ့သို့ ကြောက်မက်ဖွယ်ကျင့်ကြံသူမျိုးသည် မိုင်တစ်သောင်းကျော် အဝန်းအဝိုင်းကို လွှမ်းခြုံနိုင်ပြီး ထိုအဝန်းအဝိုင်းတစ်ခုလုံးကို သွေးလောကတစ်ခုအဖြစ် ပြောင်းလဲပစ်နိုင်စွမ်းရှိပေသည်။ သူမသည် အတွေးတစ်ချက်ဖြင့်ပင် ကျင့်ကြံသူများကို မရေမတွက်နိုင်အောင် သတ်ပစ်နိုင်သည်။ ဒုတိယကောင်းကင်ကပ်ဘေးအဆင့်ရှိသူတစ်ဦးသည် တိုက်ပွဲမြေပြင်တွင် တွေးပင်မတွေးနိုင်လောက်အောင် အားကောင်းသည့် အဖျက်စွမ်းအားကို ထုတ်လွှတ်နိုင်သည်။
ရီဖူရှင်းမှ ပြောင်းလဲသွားသော ဗုဒ္ဓတိုက်ပွဲဝင်ပုံစံမှာလည်း ထိုသွေးရောင်နတ်အလင်းအောက်တွင် သန့်စင်ခြင်းကို ခံရလုနီးပါးဖြစ်နေသည်။
သွေးဝတ်ရုံသည် ရီဖူရှင်းကို ငေးကြည့်လိုက်သည်။ ဤလောကသည် သူမ၏စက်ကွင်းလောကဖြစ်သည်။ သူမတို့၏ကျင့်ကြံခြင်းအဆင့်တွင် စက်ကွင်းလောကသည် သူတို့ရရှိထားသည့် မဟာလမ်းစဉ်အစွမ်းပေါ်တွင်သာ မမှီခိုတော့ပေ။ သို့သော် သူမတို့၏ သိမြင်နားလည်မှုကိုမူ ထိုစက်ကွင်းလောကအတွင်းသို့ ပေါင်းစပ်ထည့်သွင်းရမည်ဖြစ်သည်။
သွေးဝတ်ရုံ၏ မျက်လုံးများထဲမှ ကြောက်မက်ဖွယ် သွေးအရောင်အဝါတစ်ခု ထွက်ပေါ်လာ၏။ ထို့နောက်တွင် ဤသွေးရောင်စက်ကွင်းလောကထဲတွင် ကြောက်မက်ဖွယ် သွေးရောင်နတ်အလင်းတစ်ခုသည် သွေးမုန်တိုင်းကြီးတစ်ခုအတွင်း၌ထွက်ပေါ်လာပြီး ဗုဒ္ဓတိုက်ပွဲဝင်ပုံစံကို ရုတ်ခြည်းဖျက်ဆီးသွားလေသည်။ ၎င်းသည် တဖြည်းဖြည်းပျောက်ကွယ်လာပြီး နည်းနည်းချင်းစီ တိုက်စားဝါးမျိုခံလိုက်ရလေသည်။
ရီဖူရှင်းက ဖြစ်ပျက်နေသောအရာအားလုံးကို အာရုံရနေပြီး လက်အုပ်ချီလိုက်လေသည်။ ဗုဒ္ဓအလင်းသည် သူ့ကိုဝန်းရံသွား၏။ ရုတ်တရက် အလွန်မြင့်မြတ်သော အရောင်အဝါတစ်ခု ထွက်ပေါ်လာ၏။ နတ်အလင်းသည် သူ့ကို ဝန်းရံကာကွယ်ပေးထားပြီး ဗုဒ္ဓတိုက်ပွဲဝင်ပုံစံကို လွှမ်းခြုံလိုက်ရာ ထိုပျက်စီးနေသည့် တိုက်ပွဲဝင်ပုံစံသည် ၎င်းဘာသာ ပြန်ကောင်းလာပြီး နဂိုအခြေအနေသို့ ပြန်ရောက်သွားလေသည်။ ထိုအဖျက်သွေးရောင်နတ်အလင်းသည် ၎င်းကို ဆက်၍ မတိုက်စားနိုင်တော့ပေ။
ထိုတိုက်ပွဲဝင်ပုံစံသည် ၎င်း၏ကိုယ်ပိုင်စက်ကွင်းထဲတွင် ရှိနေသည်ဟု ထင်ရပေသည်။ ထိုစက်ကွင်းသည် ရီဖူရှင်း၏စက်ကွင်းပင်။
ရီဖူရှင်သည် သူ၏မျက်လုံးများကို မှိတ်လိုက်ပြီး ထပ်မံ၍ လက်အုပ်ချီလိုက်ပြီး ဗုဒ္ဓတစ်ပါးကဲ့သို့ ဗုဒ္ဓတရားများကို ရွတ်ဆိုလိုက်သည်။ သူ့ပါးစပ်မှနေ၍ ဗုဒ္ဓတရားသံများထွက်ပေါ်လာပြီး တိုက်ပွဲဝင်ပုံစံသည် ရုတ်တရက် ဆက်၍ပြန့်ကားသွားသည်။ ဗုဒ္ဓအလင်းသည် ပို၍အားကောင်းလာပြီး ထိုလောကထဲတွင် သူသိမ်းပိုက်ထားနိုင်သောနေရာသည် ပို၍ကျယ်ပြန့်လာ၏။
“ဘာလဲဟ...”
သွေးဝတ်ရုံသည် သူမ၏ရှေ့ရှိ မြင်ကွင်းကို စိုက်ကြည့်နေသည်။ ရီဖူရှင်းက ပြန်၍ တိုက်ခိုက်နေသည်လော။
သူက သူမ၏ သွေးသန့်စင်ခြင်းစက်ကွင်းကို ပြန်၍တွန်းလှန်းနိုင်ပုံပင်။
ဆက်၍ပြန့်ကားနေသည့် တိုက်ပွဲဝင်ပုံစံပတ်ပတ်လည်တွင် ဗုဒ္ဓလက်တစ်ထောင်ထွက်ပေါ်လာ၏။ လက်တစ်ဖက်ချင်းစီသည် ဗုဒ္ဓမုဒြာများကို ပြုလုပ်နေသည်။ ရုတ်တရက် အတုမဲ့အရောင်အဝါ တောက်ပနေသည့် ဗုဒ္ဓဓားများ ထွက်ပေါ်လာပြီး နတ်ဆိုးစွမ်းအားကို အပြစ်ပေးမှုတစ်ခုကဲ့သို့ ခုတ်ဖြတ်လိုက်သည်။
အံ့အားသင့်ဖွယ် တောက်ပနေသော ဗုဒ္ဓအလင်းနှင့်အတူ ထိုလက်များသည် အထက်ကောင်းကင်သို့ အတူတကွ ဆန့်တန်းသွားကြသည်။ ဗုဒ္ဓဓားများသည် သွေးရောင်အာကာပြင်ကို ခုတ်ဖြတ်လိုက်ပြီး အထက်ရှိ သွေးဝတ်ရုံကို ချိန်ရွယ်လိုက်ကြသည်။
မြင့်မြတ်သော ဗုဒ္ဓဓား ရာချီ၊ ထောင်ချီသည် ရုတ်ခြည်းအတွင်း ပျံတက်သွားပြီး ၎င်းတို့၏ ဖော်ပြ၍ပင်မရနိုင်သော ကြောက်မက်ဖွယ်စွမ်းအားဖြင့် နတ်ဆိုးစွမ်းအား,အားလုံးကို ခုတ်ဖြတ်သွားသည်။
ထိုဗုဒ္ဓဓားများသည် သွေးဝတ်ရုံထံသို့ တိုက်ရိုက်ဦးတည် ပျံသန်းသွားသော်လည်း သူမသည် မရှောင်လိုက်ပေ။ သို့သော် ထိုဗုဒ္ဓဓားများ သူမပေါ်သို့ ကျရောက်သွားသောအခါ သူမ၏ခန္ဓာကိုယ်သည် သွေးရောင်အလင်းတစ်ခုအဖြစ် ပြောင်းလဲသွားလေသည်။ သူမသည် အသတ်ခံလိုက်ရသလိုပင် ထင်ရ၏။
သို့ရာတွင် သူမ မည်သို့မှ မထိခိုက်သွားကြောင်း ရီဖူရှင်း ကောင်းစွာသိလေသည်။
သူမသည် သွေးအသွင်ပြောင်းစနစ်ကို သုံးလိုက်ခြင်းသာဖြစ်သည်။
ထိုစက်ကွင်းအတွင်းရှိ တစ်နေရာတွင် ထိုသွေးရောင်အလင်းမှနေ၍ လူအသွင်တစ်ခု ထွက်ပေါ်လာပြီး သွေးဝတ်ရုံအဖြစ် ပြောင်းလဲသွားလေသည်။ သူမသည် မည်သို့မှ မထိခိုက်သွားပေ။ အစောက တိုက်ခိုက်မှုသည် သူမကို မထိလိုက်သလို၊ သူမကို အနည်းငယ်ပင် ဒဏ်ရာရမသွားစေပေ။
ရီဖူရှင်းက ထိုအခြင်းအရာကို မြင်လိုက်သောအခါ သူ ဤစက်ကွင်းလောကကို မသိမ်းပိုက်နိုင်သ၍ သွေးဝတ်ရုံ သို့မဟုတ် သူမ၏ သွေးအသွင်ပြောင်စနစ်ကို အနိုင်ယူနိုင်မည်မဟုတ်ကြောင်း သိလိုက်သည်။ ဤစက်ကွင်းလောကကို မဖျက်စီးနိုင်သေးသ၍ သွေးဝတ်ရုံသည် ဤသွေးလောကအတွင်းသို့ အချိန်မရွေး ပြန်ပေါင်းစည်းသွားနိုင်လေသည်။ သူသာ သူမ၏စက်ကွင်းလောကကို မထိန်းချုပ်နိုင်ပါက သူက သူမအပေါ် ဘယ်တော့မှ အသာစီးရနိုင်မည် မဟုတ်ပေ။
အထက်ကောင်းကင်တွင် အဆုံးမဲ့သွေးရောင်အလင်းသည် သွေးရောင်နတ်ကွန်ရက်အဖြစ် ပြောင်းလဲသွားပြီး ကြောက်မက်ဖွယ် သွေးရောင်နတ်ပုဆိန်ကြီးတစ်ခုကို ဖန်တီးလိုက်သည်။ သွေးဝတ်ရုံသည် သူမ၏လက်ကို ဆန့်တန်းလိုက်ရာ သွေးရောင်အဖျက်မုန်တိုင်းကြီးတစ်ခု ထွက်ပေါ်လာ၏ဟု ထင်ရပေသည်။ သူမသည် သွေးရောင်နတ်ပုဆိန်၏ ပုဆိန်ရိုးကို ကိုင်လိုက်ပြီး ဖြည်းဖြည်းချင်း ဆွဲထုတ်ယူလိုက်သည်။ အဖျက်စွမ်းအားတစ်ခု ထွက်ပေါ်လာ၏။ ထိုသွေးရောင်နတ်ပုဆိန်သည် လွန်စွာ စွမ်းအားကြီးသော နတ်ဘုရားတစ်ဝက်လက်နက်တစ်ခု ဖြစ်ပုံရ၏။ အမှန်တွင် ၎င်းသည် မဟာလမ်းစဉ်မှ ဖြစ်ပေါ်လာခြင်းဖြစ်သည်။
သွေးဝတ်ရုံတစ်ယောက် သူမ၏လက်ထဲတွင် သွေးရောင်နတ်ပုဆိန်ကို ကိုင်လိုက်သည်နှင့် လွန်စွာအရှိန်အဝါကြီးသွားပြီး အလွန်ဩဇာကြီးမားသည့် ဧကရီတစ်ပါးအဖြစ် ပြောင်းလဲသွားသည်ဟုပင် ထင်ရလေသည်။
ရွှီး...
သွေးဝတ်ရုံသည် သူမရှိနေသောနေရာမှ ပျောက်ကွယ်သွားပြီး သွေးရောင်နတ်ကပ်ဘေးများသည် တိုက်ပွဲဝင်ပုံစံပေါ်သို့ ကျဆင်းရိုက်ခတ်သွားသည်။ တစ်ချိန်တည်းမှာပင် သွေးဝတ်ရုံ၏ သွေးရောင်နတ်ပုဆိန်သည် သူ့ထံသို့ ပျံဝင်လာပြီး အဖျက်သွေးရောင်အလင်းသည် ထိုနေရာရှိ ကောင်းကင်ကို ထွင်းဖောက်သွားလေသည်။
ဝုန်ုး...
ဗုဒ္ဓတိုက်ပွဲဝင်ပုံစံတွင် အက်ကြောင်းများ စတင်ပေါ်လာ၏။ ရီဖူရှင်းက အနောက်သို့ လွင့်သွားပြီး သူ့ကိုယ်တွင်းတွင် သွေးလေများ ဗြောင်းဆန်သွားသည်။ သွေးဝတ်ရုံ၏ တိုက်ခိုက်မှုသည် စွမ်းအားတစ်ခုတည်းဖြင့်ပင် အလွန်တုန်လှုပ်ဖွယ်ကောင်းနေပြီဖြစ်သည်။
နတ်ဆိုးအင်ပါယာသည် သူ၏ကိုယ်ပိုင် ထိပ်တန်းနတ်ဆိုးပုံစံကို ဖန်တီးခဲ့သည်။ ထို့အပြင် နတ်ဆိုးအင်ပါယာနန်းတော်မှ ကျင့်ကြံသူများသည် ၎င်းမှနေ၍ စွမ်းအားကြီး နတ်ဆိုးပုံစံအမျိုးမျိုးကို ထပ်၍ ဖန်တီးခဲ့သည်။ သွေးဝတ်ရုံသည် နတ်ဆိုးအင်ပါယာ၏ တပည့်တစ်ဦးဖြစ်သဖြင့် သူမသည် သူ၏စွမ်းအားအများအပြားကို ရရှိထားသည်မှာ အံ့ဩစရာမရှိပေ။
ဗုဒ္ဓတိုက်ပွဲဝင်ပုံစံသည် ကျယ်လောင်သောပေါက်ကွဲသံကြီးတစ်ခုနှင့်အတူ ကွဲအက်ပျက်စီးသွားသည်။ ရီဖူရှင်း၏ခန္ဓာကိုယ်အစစ်အမှန် ထွက်ပေါ်လာပြီး သူက နောက်သို့ဆုတ်သွားပြီး အခြားနေရာတစ်ခုတွင် ပြန်ပေါ်လာ၏။ သူ၏ခန္ဓာကိုယ်ကို နတ်အလင်းက ဝန်းရံထားသည်ဖြစ်၍ သူက သွေးရောင်စွမ်းအား၏ တိုက်စားမှုကို မခံလိုက်ရပေ။ သူက သွေးဝတ်ရုံကို စူးစိုက်ကြည့်နေသည်။
သူ၏ဗုဒ္ဓတိုက်ပွဲဝင်ပုံစံကို ဖျက်ဆီးနိုင်ရန် စွမ်းအားအများအပြား လိုပေသည်။ သူမသည် နတ်ဆိုးအင်ပါယာနန်းတော်၏ ထိပ်သီးကျင့်ကြံသူဟူသော ကျော်ကြားမှုနှင့် ထိုက်တန်ပေသည်။
“အကြီးအကဲရဲ့ ကျင့်ကြံခြင်းက စွမ်းအားကြီးပေမယ့် ကျုပ် ဆက်တက်သွားမှာကို တားနိုင်မှာ မဟုတ်ပါဘူး...”
ရီဖူရှင်းက သွေးဝတ်ရုံကိုကြည့်၍ ဆက်ပြောလိုက်သည်။
“အကြီးအကဲက ကျုပ်ကို ဆက်သွားခွင့်ပြုပြီး နတ်ဆိုးအင်ပါယာနဲ့ တွေ့ခွင့်ပေးဖို့ ကျုပ်မျှော်လင့်ပါတယ်”
“ရိုင်းစိုင်းလိုက်တဲ့ကောင်...”
သွေးဝတ်ရုံသည် ရီဖူရှင်းကို လက်ထဲမှ သွေးရောင်နတ်ပုဆိန်နှင့်ချိန်ရွယ်၍ အေးစက်စွာပြောလိုက်သည်။ သူမသည် သူ့ကို ဆက်တက်မသွားနိုင်အောင် မတားနိုင်ဟု သူအမှန်ပင် ထင်နေသလော။
ရီဖူရှင်းသည် အလွန် စိတ်ကြီးဝင်နေလွန်းပေသည်။
သို့သော် သူမသည် ရီဖူရှင်း၏သန်မာမှုကို တိုက်ပွဲအတွင်းတွင် ခံစားခဲ့ရသည်။
ရီဖူရှင်းက သွေးဝတ်ရုံကို တစ်ချက်ကြည့်လိုက်သည်။ ထို့နောက်တွင် မဟာလမ်းစဉ်နတ်အလင်းတစ်ခုသည် သူ့ခန္ဓာကိုယ်အထက်ရှိ ပတ်ဝန်းကျင်တွင် ပျံ့နှံ့သွားသည်။ သူ့ကိုဗဟိုပြု၍ သူ၏စက်ကွင်းလောကသည် ပြန့်ကားနေသည်။
သွေးဝတ်ရုံသည် မျက်မှောင်ကြုတ်လိုက်ပြီး သွေးပင်လယ်တစ်ခု မြည်ဟည်းထွက်ပေါ်လာကာ အရာအားလုံးကို ဝါးမျိုသန့်စင်၍ ရီဖူရှင်းထံသို့ စီးဝင်သွားသည်။ သို့သော် ရီဖူရှင်း၏စက်ကွင်းသည် သွေးပင်လယ်ကို ပြန်၍ဝါးမျိုလိုက်ပြီး သူ၏စက်ကွင်းအတွင်း၌ ပေါင်းစည်းလိုက်သည်။ သွေးဝတ်ရုံ၏မျက်နှာထားသည် ရုတ်တရက် ပြောင်းလဲသွားသည်။
မကြာမီတွင် ထိုစက်ကွင်းသည် သွေးရောင်းစက်ကွင်းအပါအဝင် အရာအားလုံးကို ဝါးမျိုသွားလေသည်။ ထိုအခိုက်တွင် စက်ကွင်းလောကနှစ်ခုသည် တစ်ခုတည်းဖြစ်သွားပြီး မည်သူ၏ စက်ကွင်းက ထိန်းချုပ်ခံနေရသည်ကို မည်သူမှ မပြောနိုင်ပေ။ ထိုအရာသည် သူတို့နှစ်ဦးသာ ခံစားနိုင်သောအရာဖြစ်သည်။
သွေးဝတ်ရုံသည် ရီဖူရှင်းကို မယုံနိုင်ဟန်ဖြင့် ကြည့်လိုက်သည်။ ရီဖူရှင်းက တိုက်ပွဲအတော်ကြာမှ ထိန်းချုပ်မှုယူလိုက်သည်ကို သူမ မယုံနိုင်ဖြစ်နေသည်။ သူ၏မဟာလမ်းစဉ်စက်ကွင်းသည် သူမ၏စက်ကွင်းလောကကို လွှမ်းမိုးသွားပြီဖြစ်သည်။ သူက စက်ကွင်းလောကကို ဖိနှိပ်လိုက်ခြင်းပင်။ သူမသည် ဒုတိယကပ်ဘေးအဆင့် ကျင့်ကြံသူတစ်ဦးဖြစ်၏။ သူမကို ရန်ဟောင်အဆင့်သာရှိသူတစ်ဦးက အနိုင်ယူသွားမည်ကို သူမ တွေးပင်တွေးမကြည့်ဖူးပေ။
ရီဖူရှင်း၏အတွေး လှုပ်ရှားသွားပြီး လောကတစ်ခုလုံးသည် နှေးကွေးသွား၏။ စည်းမျဉ်းများသည် ရိုက်ခတ်ခံလိုက်ရပြီး သွေးဝတ်ရုံသည် သူမ၏သွေးသန့်စင်ခြင်းလောကသည် ထိနှိပ်ခံနေရကာ အရာအားလုံး ရပ်တန့်သွားသည်ကို ခံစားရနေသည်။
ရီဖူရှင်း၏ပါးစပ်မှနေ၍ ဗုဒ္ဓတရားသံများ ထွက်ပေါ်လာ၏။ ရုတ်တရက် အဆုံးမဲ့ကာ ကြီးမားသော ရှေးဟောင်းဗုဒ္ဓတစ်ပါးသည် ကောင်းကင်နှင့်မြေကြီးကြားတွင် ပေါ်လာပြီး နေလုံးနှင့် ကောင်းကင်ကို ကာရံသွား၏။ ၎င်းသည် စက်ကွင်းလောကတစ်ခုလုံးကို အုပ်မိုးထား၏။ စက်ကွင်းထဲတွင် ဗုဒ္ဓမျက်နှာတစ်ခု ထွက်ပေါ်လာ၏။
ရီဖူရှင်း၏လက်များသည် ဗုဒ္ဓမုဒြာဟန်တစ်ခုကို လုပ်လိုက်ပြီး ဗုဒ္ဓတရားတော်များကို ဆက်၍ရွတ်ဆိုနေလိုက်သည်။ သူရွတ်ဆိုနေသည်မှာ ကြောက်မက်ဖွယ် ဝရဇိန်မန္တန်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် ထိုစက်ကွင်းလောကတစ်ခုလုံးကို အုပ်မိုးထားသော ရှေးဟောင်းဗုဒ္ဓမှာလည်း ရီဖူရှင်းကဲ့သို့ပင် ဗုဒ္ဓတရားတော်ကို ရွတ်ဆိုလိုက်သည်။ သွေးဝတ်ရုံသည် ရုတ်တရက် မျက်စိမျက်နှာပျက်သွားသည်။ ဗုဒ္ဓတရာသံသည် သူမကို ကသိကအောက်ဖြစ်စေလေသည်။
“တော်လောက်ပြီ...”
သူမသည် သူမ၏ကိုယ်ပိုင် စက်ကွင်းလောကကို ပြန်ရုတ်သိမ်းလိုက်ရာ သွေးရောင်အလင်းပျောက်ကွယ်သွားလေသည်။
သူမ ရှုံးနိမ့်သွားပြီဖြစ်ကြောင်း သူမ ကောင်းစွာသိပေသည်။ သူမ၏စက်ကွင်းလောက ဖိနှိပ်ခံလိုက်ရသောအခါ သူမသည် လှလှပပရှုံးနိမ့်သွားခဲ့ပြီဖြစ်သည်။
“အလျှော့ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်”
ရီဖူရှင်းသည် နတ်ဆိုးအင်ပါယာနန်းတော်အထက်ရှိ ပို၍မြင့်သောကောင်းကင်ထက်ဆီသို့ ဆက်၍ ပျံသန်းသွားပြီး ပြောလိုက်သည်။ သူကျယ်လောင်စွာ ထပ်မံပြောလိုက်၏။
“ရီဖူရှင်းက နတ်ဆိုးအင်ပါယာနဲ့ တွေ့ခွင့်တောင်းပါတယ်”
သူက ပို၍ မြင့်တက်လာပြီး နတ်ဆိုးအင်ပါယာနန်းတော်ထိပ်သို့ ဦးတည်သွားနေသည်။
ဒုတိယကိုယ်ရံတော် သွေးဝတ်ရုံသည် ရှုံးနိမ့်သွားပေပြီ။ ယခုတွင် နတ်ဆိုးအင်ပါယာနန်းတော်တစ်ခုလုံး၌ မည်သူက ရီဖူရှင်းကို တားနိုင်တော့မည်နည်း။