← Chapters

နတ်ဆိုးအင်ပါယာ

Vol. 182 Ch. 2607

နတ်ဆိုးအင်ပါယာ

Vol. 182 Ch. 2607

ရီဖူရှင်းက နတ်ဆိုးအင်ပါယာနန်းတော်အထက်ရှိ ကောင်းကင်သို့ ဆက်၍ပျံသန်းသွားနေရာ ကောင်းကင်ထက်ရှိ တုန်လှုပ်ဖွယ်ဖိအားသည် ပို၍ကြောက်မက်ဖွယ်ကောင်းလာပြီး သူ၏ခန္ဓာကိုယ်နှင့် ဝိညာဉ်ကို ဖိနှိပ်ထား၏။

ဖိနှိပ်မှုသည် သူ့ကို အလွန်မသက်မသာ ဖြစ်နေစေ၏။ နတ်ဆိုးအင်ပါယာနန်းတော်မှ လူများသည် ထိုကဲ့သို့ ဖိနှိပ်မှုကို ကျင့်သားရနေပြီဖြစ်သော်လည်း သူ့အတွက်မှာမူ ယခုမှ နန်ဆိုးအင်ပါယာနန်းတော်သို့ ပထမဆုံးအကြိမ်ရောက်ဖူးခြင်း မဟုတ်ပါလား။ ကံအားလျော်စွာပင် သူ၏ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်တို့သည် လုံလောက်အောင်စွမ်းအားကြီးသဖြင့် ထိုဖိအား၏ သက်ရောက်မှုကို များစွာ မခံရခြင်းဖြစ်သည်။

ရီဖူရှင်း ဆက်၍ တက်လှမ်းလာသောအခါ သူ့အထက်တွင် ဝတ်စုံနက်နှင့်လူတစ်ယောက် ထွက်ပေါ်လာ၏။ ထိုလူ၏မျက်လုံးများသည် ကြောက်မက်ဖွယ်ကောင်း၏။ တစ်ချက်ကြည့်လိုက်ရုံဖြင့်ပင် ရီဖူရှင်းက လွန်စွာအားကောင်းသည့် နတ်ဆိုးအရှိန်အဝါကို ခံစားနိုင်သည်။ လောကတစ်ခွင်လုံးသည် နတ်ဆိုးလမ်းစဉ်စွမ်းအားအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်ဖြစ်သည်။

သူက ရပ်တန့်လိုက်ရပြီး ခေါင်းမော့၍ ကောင်းကင်ထက်ရှိ လူကို ကြည့်လိုက်သည်။

“နတ်ဆိုးသူတော်စင်...”

နတ်ဆိုးအင်ပါယာနန်းတော်အောက်မှ လူများစွာသည် ဦးညွှတ်အရိုအသေပြုလိုက်ကြပြီး ထိုထွက်ပေါ်လာသောလူကို ရိုသေလေးစားစွာ ကြည့်နေကြလေသည်။

နတ်ဆိုးအင်ပါယာနန်းတော်အတွင်းရှိ မဟာနတ်ဆိုးသူတော်စင်သုံးပါးသည် လွန်စွာစွမ်းအားကြီးသူဟု ကျော်ကြား၏။ သူတို့၏အင်အားသည် ကိုယ်ရံတော်များ၏အထက်တွင် ရှိသဖြင့် သူတို့သည် နတ်ဆိုးအင်ပါယာ၏ ညာလက်ရုံးများပင် ဖြစ်လေသည်။ နတ်ဆိုးအင်ပါယာပြီးလျှင် မဟာနတ်ဆိုးသူတော်စင်သုံးပါးသည် နတ်ဆိုးဘုံတွင် အာဏာအရှိဆုံးသူများဖြစ်သည်။ ပုန်းကွယ်နေသော ထိပ်သီးများ ရှိနေသေးသော်လည်း ထိုကျင့်ကြံသူများသည် နတ်ဆိုးဘုံ၏ နေ့စဉ်ကိစ္စများတွင် ဝင်ရောက်စွက်ဖက်လေ့မရှိပေ။

ထွက်ပေါ်လာသော နတ်ဆိုးသူတော်စင်သည် ရီဖူရှင်းကို ငုံ့ကြည့်ကာ လေ့လာလိုက်သည်။ သူ၏မျက်လုံးများသည် သန်မာသောခန္ဓာကိုယ်ကဲ့သို့ပင် လွှမ်းမိုးအားကြီးပေသည်။ သူက အဆုံးမဲ့စွမ်းအားကို ပိုင်ဆိုင်ထားသကဲ့သို့ ထင်ရ၏။

“ကမ္ဘာမြေနတ်ဆိုးသူတော်စင်...”

ထိုဝတ်စုံနက်နှင့်နတ်ဆိုးသူတော်စင်သည် မဟာနတ်ဆိုးသူတော်စင်သုံးပါးထဲတွင် နောက်ဆုံးအဆင့်ဖြစ်ပြီး ကမ္ဘာမြေနတ်ဆိုးသူတော်စင်ဟု အမည်ရသူဖြစ်သည်။ သို့သော် သူသည် နတ်ဆိုးသူတော်စင်သုံးပါးထဲတွင် အားအနည်းဆုံးဖြစ်သော်လည်း သူ၏အင်အားသည် ကြောက်မက်ဖွယ်ကောင်းနေပေသေးသည်။

ကမ္ဘာမြေနတ်ဆိုးသူတော်စင်မှာလည်း နတ်ဆိုးအင်ပါယာ၏ တပည့်ဖြစ်ခဲ့ဖူးပေသည်။ သူက နှစ်ပေါင်းများစွာအတွင်း နတ်ဆိုးအင်ပါယာနှင့်အတူ တိုက်ပွဲများစွာ ဆင်နွှဲခဲ့ဖူးသဖြင့် သူ့လက်တွင် ‌သွေးများစွန်းထင်နေပေသည်။ နတ်ဆိုးအင်ပါယာသည် သူ၏ ထိုတပည့်ကို အမြဲ ဦးစားပေး၊ တန်ဖိုးထားခဲ့ပြီး ကျင့်ကြံရာတွင်လည်း သူ့ဘေးတွင်ပင် ကျင့်ကြံစေခဲ့လေသည်။

အခြားလောကများကို တိုက်ခိုက်သိမ်းပိုက်ရာတွင်လည်း နတ်ဆိုးအင်ပါယာသည် အခြားနတ်ဆိုးသူတော်စင်များကိုသာ စေလွှတ်ခဲ့ပြီး ကမ္ဘာမြေနတ်ဆိုးသူတော်စင်ကို သူ့ဘေးတွင်ပင် ကျန်နေစေခဲ့သည်။

သူ ထိုနေရာတွင် ရပ်နေရုံဖြင့်ပင် ရီဖူရှင်းက အားကောင်းသော ဖိအားအငွေ့အသက်ကို ခံစားနေရလေသည်။

ထိုအခိုက်တွင် ကမ္ဘာမြေနတ်ဆိုးသူတော်စင်သည် အောက်ဘက်သို့ အပြင်အထန် ခြေဆောင့်ချလိုက်သည်။ ကြောက်မက်ဖွယ် နတ်စွမ်းအားတစ်ခုသည် ရုတ်ခြည်းပင် အောက်သို့ ကျဆင်းသွားပြီး ရီဖူရှင်းကို ရိုက်ခတ်သွားသည်။ ကျယ်လောင်သောပေါက်ကွဲသံတစ်သံနှင့်အတူ ရီဖူရှင်းသည် အဟုန်လှိုင်းများကြောင့် အောက်သို့ လွင့်သွားလေသည်။

“တော်တော်စွမ်းအားကြီးတဲ့ အားပဲ”

ရီဖူရှင်းက အောက်သို့လွင့်ကျနေရာမှ ရပ်တန့်သွားပြီး ကောင်းကင်ထက်ရှိ ကမ္ဘာမြေနတ်ဆိုးသူတော်စင်ကို မော့ကြည့်လိုက်သည်။ ထိုအားသည် တွေးပင်တွေးမကြည့်နိုင်သည့် ခက်ထန်မှုများနှင့် ပြည့်နှက်နေပေသည်။

သူ့ခန္ဓာကိုယ်ပတ်ပတ်လည်တွင် မဟာလမ်းစဉ်နတ်အလင်း လှည့်ပတ်သွားသည်။ ရီဖူရှင်း၏ခန္ဓာကိုယ်သည် နတ်ခန္ဓာတစ်ခုနှင့် ယှဉ်နိုင်သည်။ သူ့ခန္ဓာကိုယ်မှနေ၍ လွန်စွာတောက်ပသော အလင်းများထွက်ပေါ်လာပြီး သူက ကောင်းကင်ထက်သို့ နောက်တစ်ကြိမ် ထပ်မံပျံတက်လိုက်သည်။

ဝုန်း...

ကမ္ဘာမြေနတ်ဆိုးသူတော်စင်သည် ကောင်းကင်ထက်တွင် ထပ်မံခြေဆောင့်လိုက်လေသည်။ သူ၏ခြေဖဝါးသည် ရီဖူရှင်းပေါ်သို့ တိုက်ရိုက်ကျဆင်းလာ၏ဟုပင် ထင်ရလေသည်။ ရီဖူရှင်းက သူ့အပေါ်တွင် ဧရာမမြေတုံးကြီးတစ်တုံး ဖိထားသကဲ့သို့ ခံစားလိုက်ရသည်။ ထိုဖိအားသည် သူ၏လှုပ်ရှားမှုကို ဖိနှိပ်ထားရာ သူသည် အထက်သို့ နောက်ထပ် ခြေတစ်လှမ်းပင် ဆက်မတက်နိုင်ဖြစ်နေသည်။

ရီဖူရှင်းက လက်မြှောက်၍ အထက်သို့ ထိုးလိုက်သည်။ နတ်အလင်းဖြာထွက်သွားပြီး ထိုလက်သီးချက်သည် ဟင်းလင်းပြင်ကို ကွဲအက်သွားစေကာ မမြင်ရသောစွမ်းအားကို အထက်သို့ ပြန်တွန်းတင်လိုက်ပြီး ကောင်းကင်ထက်တွင် ပြင်းထန်သောအသံကြီးတစ်သံ ထွက်ပေါ်လာစေလေသည်။

ရွှစ်...

ရီဖူရှင်းက ထိုဖိအားကို တွန်းလှန်ပြီးသွားနောက် ရုတ်ခြည်း ပျောက်ကွယ်သွားလေသည်။ သူက သူရှိနေသောနေရာမှ ပျောက်ကွယ်သွားပြီး ကမ္ဘာမြေနတ်ဆိုးသူတော်စင်၏ရှေ့တွင် ပြန်ပေါ်လာ၏။ သူက လက်မြှောက်၍ လက်ချောင်းတစ်ချောင်းဖြင့် တိုက်ခိုက်လိုက်သည်။ သူ၏လက်ချောင်း ကျဆင်းသွားသောအခါ ဓားဝိညာဉ်စွမ်းအားသည် အရာအားလုံးကို တစ်စစီဆွဲဆုတ်ပစ်တော့မည်အလား အာကာပြင်ထဲတွင် ထွက်ပေါ်လာ၏။

ကမ္ဘာမြေနတ်ဆိုးသူတော်စင်သည် တည်ငြိမ်စွာဖြင့် သူ့ကိုငေးကြည့်လိုက်ပြီး သူ၏လက်ကိုမြှောက်ကာ လက်ချောင်းတစ်ချောင်းမှ ထွက်ပေါ်လာသော တိုက်ခိုက်မှုကို ကာရံရန် တန်ပြန်တိုက်ခိုက်မှုတစ်ခုကို ထုတ်လွှတ်လိုက်သည်။ သူတို့နှစ်ဦးသည် ယခုတွင် အနီးကပ်တိုက်ခိုက်နေပြီဖြစ်သည်။

ရုတ်ခြည်းအတွင်းမှာပင် ကြောက်မက်ဖွယ် ဓားချီမုန်တိုင်းကြီးသည် ကမ္ဘာမြေနတ်ဆိုးသူတော်စင်ကို လွှမ်းခြုံသွားပြီး အတုမဲ့ဓားဝိညာဉ်စွမ်းအားသည် သူ၏ခန္ဓာကိုယ်ကို တိုက်ခိုက်လိုက်သည်။ ထိုတိုက်ခိုက်မှုသည် နတ်ဘုရားမာန်ဟုန်တောင်ကုန်း၏ တောင်ကုန်းဆရာသခင်ကဲ့သို့သော စွမ်းအားကြီးလူများကိုပင် ဖျက်ဆီးပစ်နိုင်ရန် လုံလောက်သော တိုက်ခိုက်မှုဖြစ်လေသည်။ သို့သော် ထို‌ကြောက်မက်ဖွယ်တိုက်ခိုက်မှုသည် သူ့ပြိုင်ဘက်၏ခန္ဓာကိုယ်ပေါ်သို့ ကျဆင်းသွားသောအခါ ကမ္ဘာမြေနတ်ဆိုးသူတော်စင်ကို အနည်းငယ်မျှပင် ရွေ့သွားအောင်မလုပ်လိုက်နိုင်ပေ။

ကမ္ဘာမြေနတ်ဆိုးသူတော်စင်ထံမှ ပြိုင်ဘက်ကင်းအင်အားကကာ ရီဖူရှင်းကို တွန်းထုတ်လိုက်ပြီး သူ့ကို နောက်ဆုတ်သွားစေလေသည်။

နတ်ဆိုးအင်ပါယာနန်းတော်အတွင်းမှ ကျင့်ကြံသူများသည် အရာအားလုံးကို တည်ငြိမ်စွာ ကြည့်နေကြသည်။ ထိုသူသည် ကမ္ဘာမြေနတ်ဆိုးသူတော်စင်ဖြစ်သည်။ ရီဖူရှင်းက သူ၏ခံစစ်ကို ဖောက်နိုင်မည်ဟု ထင်ပေသလော။

ကမ္ဘာမြေနတ်ဆိုးသူတော်စင်သည် မဟာနတ်ဆိုးသူ‌တော်စင်သုံးပါးထဲတွင် နောက်ဆုံးအဆင့်ဖြစ်သော်လည်း သူသည် လွန်စွာစွမ်းအားကြီးပေသေးသည်။ ခန္ဓာကိုယ်သန်စွမ်းမှုတစ်ခုတည်းဖြင့်သာ ယှဉ်လျှင် အခြားနတ်ဆိုးသူတော်စင်နှစ်ပါးသည် သူ့ကို အနိုင်ယူနိုင်မည်မဟုတ်ပေ။

နတ်ဆိုးအင်ပါယာသည် နက်နဲသောပါရမီရှိပြီး နတ်ဆိုးအတတ်များစွာကို သူကိုယ်တိုင် ဖန်တီးခဲ့ပေသည်။ သူက သူ၏တပည့်များကို သူတို့၏ပါရမီအလိုက် သင်ကြားပေးခြင်းဖြစ်သဖြင့် သူ၏သင်ကြားမှုသည် နတ်ဆိုးကျင့်ကြံသူတစ်ဦးချင်းစီအလိုက် ကွဲပြားပေသည်။ ကမ္ဘာမြေနတ်ဆိုးသူတော်စင်သည် နတ်ဆိုးအင်ပါယာ၏ များစွာအရေးပေးမှုကို ခံခဲ့ရသော တပည့်တစ်ဦးဖြစ်သဖြင့် နတ်ဆိုးအင်ပါယာသည် သူ့ကို အချိန်များစွာပေး၍ သင်ကြားပေးခဲ့သည်။ နတ်ဆိုးအင်ပါယာသည် သူ့ကို မဖျက်ဆီးနိုင်သော နတ်ဆိုးခန္ဓာတစ်ခု ဖန်တီးနိုင်အောင် လမ်းညွှန်ပြသခဲ့သည်။ မဟာအင်ပါယာအဆင့်အောက်မှ လူများထဲတွင် သူ၏ထိုနတ်ဆိုးခန္ဓာကို ဖျက်ဆီးနိုင်သူ များစွာမရှိပေ။

ရီဖူရှင်းက ကမ္ဘာမြေနတ်ဆိုးသူတော်စင်ကို ဖြတ်ကျော်သွားလိုသော်လည်း ထိုကိစ္စသည် အပြောလွယ်၍ အလုပ်ခက်ပေသည်။

ထိုအချိန်တွင် ရီဖူရှင်းက ကမ္ဘာမြေနတ်ဆိုးသူတော်စင်၏ ခန္ဓာကိုယ်၏ သန်စွမ်းမှုကို ရှင်းရှင်းလင်းလင်း ခံစားမိနေပြီဖြစ်သည်။ ထိုခန္ဓာကိုယ်သည် သူတွေ့ကြုံခဲ့ဖူးသည့်အထဲတွင် အသန်မာဆုံးခန္ဓာကိုယ်ဖြစ်ပေသည်။ သို့သော် သူ့ခန္ဓာကိုယ်၏သန်စွမ်းမှုကိုလည်း မေးခွန်းထုတ်ရန်မလိုပေ။ သို့ပေသည့် သူနှင့် ယှဉ်တိုက်ခဲ့သည့် စွမ်းအားကြီးထိပ်သီးသည် အနည်းငယ် ရှိခဲ့သည်မဟုတ်ပါလား။

ရီဖူရှင်းထံမှ ပို၍အားကောင်းသည့် အရှိန်အဝါတစ်ခု ထွက်ပေါ်လာပြီး နတ်အလင်းသည် သူ့ခန္ဓာကိုယ်အတွင်းတွင် လှည့်ပတ်သွားသည်။ သူ့ထံမှ အဖျက်စွမ်းအားတစ်ခု ထွက်လာပြီး အရာအားလုံးကို ဖျက်ဆီးသွား၏။

ရီဖူရှင်းက နတ်ဘုရာများ၏ မျိုးဆက်တစ်ဦးကဲ့သို့ ဟင်းလင်းပြင်ထဲတွင် တဒင်္ဂမျှရပ်နေသည်။ သူ၏အလင်းသည် ထိုလောကတစ်ခွင်လုံးအပေါ်သို့ ဖြာကျသွားသည်။

ကမ္ဘာမြေနတ်ဆိုးသူတော်စင်သည် ငုံ့ကြည့်လိုက်ပြီး တည်တည်ငြိမ်ငြိမ်ပင် ဆက်ရှိနေသည်။ သူက ထပ်မံ၍ ပြင်းထန်စွာခြေဆောင့်လိုက်ပြီး ဟင်းလင်းပြင်ကို တုန်ခါသွားစေလေသည်။ သို့သော် တစ်ချိန်တည်းမှာပင် နတ်ဆိုးအင်ပါယာနန်းတော်မှနေ၍ စွမ်းအားကြီးကောင်းကင်အရှိန်အဝါလှိုင်းတစ်ခု ထွက်ပေါ်လာရာ ကမ္ဘာမြေနတ်ဆိုးသူတော်စင်သည် အံ့အားသင့်သွားသည်။ ထို့နောက်တွင် သူက သူ၏အရှိန်အဝါကို ရုတ်သိမ်းလိုက်ပြီး ရုတ်ခြည်း ရိုကျိုးသွားသည်။

“သူ့ကို ဖြတ်လာခိုင်းလိုက်...”

ကောင်းကင်အရှိန်အဝါ ကျဆင်းလာပြီးနောက်တွင် အမိန့်ပေးသံပါသည့် အသံတစ်သံကို ကြားလိုက်ရသည်။ ရုတ်တရက် နတ်ဆိုးအင်ပါယာနန်းတော်မှ လူအားလုံးသည် လွန်စွာရိုကျိုးသွားကြပြီး စတင် ဦးညွှတ်အရိုအသေ‌ပေးလိုက်လေသည်။

ထိုအသံသည် နတ်ဆိုးအင်ပါယာ၏အသံဖြစ်သည်။

ကမ္ဘာမြေနတ်ဆိုးသူ‌တော်စင်သည် လွန်စွာ ရိုကျိုးလေးစားနေပုံပေါ်ပြီး ယဉ်ကျေးစွာပြုမှုတတ်သည့် တပည့်တစ်ယောက်ကဲ့သို့ ဘေးသို့ဖယ်ပေးလိုက်သည်။ အစောက သူပြသခဲ့သော လွှမ်းမိုးအားကောင်းသည့် စိတ်ဓာတ်အားမာန်ကို တစ်စိုးတစ်စိမှ မမြင်ရတော့ပေ။

“သူ့ကို ဒီကို ခေါ်လာခဲ့”

အသံသည် ထပ်မံအမိန့်ပေးလိုက်သည်။

“ဟုတ်ကဲ့ပါ ဆရာ...”

ကမ္ဘာမြေနတ်ဆိုးသူတော်စင်က ပြန်ဖြေလိုက်ပြီး ရီဖူရှင်းကို သူ၏နက်မှောင်သောမျက်လုံးများဖြင့် ကြည့်လိုက်ပြီး နောက်သို့လှည့်ကာ လျှောက်သွားလေသည်။

ရီဖူရှင်းက အသက်ပြင်းပြင်းတစ်ချက်ရှူသွင်းလိုက်ပြီး အရှေ့သို့ပျံကာ ကမ္ဘာမြေနတ်ဆိုးသူတော်စင်‌နောက်သို့ လိုက်သွားလိုက်၏။ သူတို့သည် အထက်သို့ ဆက်၍ပျံတက်နေကြသည်။

သူတို့သည် တဖြည်းဖြည်းမြင့်တက်လာရာ မည်းမှောင်သော နတ်ဆိုးတိမ်တိုက်များအကြားသို့ပင် ရောက်ရှိလာ၏။ သို့သော် ထိုနတ်ဆိုးတိမ်တိုက်များသည် လွန်စွာမလေးလံပေ။ သူတို့သည် တိမ်တိုက်များကြားအထိ မြင့်မားသော နတ်ဆိုးအင်ပါယာနန်းတော်ထိပ်ဆုံးသို့ မရောက်သေးပေ။ နန်းတော်ထိပ်သည် နီးသည်ဟုထင်ရသော်လည်း အမှန်တွင် အတော်လေးဝေးကွာပေသည်။

သူတို့သည် နေရာများစွာကို ဖြတ်သန်း၍ ပျံတက်နေပြီး နောက်ဆုံးတွင် နတ်ဆိုးတိမ်တိုက်များ ဝန်းရံနေသည့် ကောင်းကင်ထက်သို့ ရောက်ရှိလာ၏။ ထိုအခါမှ သူတို့သည် နတ်ဆိုးတိမ်တိုက်များအထက်ရှိ နတ်ဆိုးနတ်ဘုရားနန်း‌တော်ကို တွေ့လိုက်ရလေသည်။ ထို့အပြင် နတ်ဆိုးနတ်ဘုရားနန်းတော်၏အထက်တွင် ကြောက်မက်ဖွယ်နတ်ဆိုးချောက်ကမ်းပါးတစ်ခု ရှိနေ၏။ ၎င်းထံမှ ထွက်ပေါ်နေသော ဖိအားသည် ရီဖူရှင်းကို အသက်ရှူရန်ပင် ခက်ခဲနေစေလေသည်။

နက်မှောင်သော လျှပ်စီးတန်းများနှင့် ကြောက်မက်ဖွယ်မုန်တိုင်းများသည် နတ်ဆိုးနတ်ဘုရားနန်းတော်ပေါ်သို့ အဆက်မပြတ်ကျဆင်းနေသည်။ နတ်ဆိုးအင်ပါယာသည် ထိုကဲ့သို့ ကြမ်းတမ်းခက်ထန်သော ပတ်ဝန်းကျင်တွင် ကျင့်ကြံနိုင်သည်ကို တွေးကြည့်ရန်ပင် မလွယ်ပေ။ ထိုမြင်ကွင်းသည် အပြင်လူများ အမြဲယုံကြည်ခဲ့သည့် နတ်ဆိုးအင်ပါယာသည် သူ၏ကိုယ်ပိုင်စွမ်းအားဖြင့် နတ်ဆိုးချောက်ကမ်းပါးကို ဖိနှိပ်ကာ နတ်ဆိုးဘုံတစ်ခွင်လုံးကို ကာကွယ်ပေးခဲ့သည်ဟူသောအချက်ကို အတည်ပြုပေးခဲ့လေသည်။

ကမ္ဘာမြေနတ်ဆိုးသူတော်စင်နှင့် ရီဖူရှင်းသည် မြေ‌ပေါ်သို့ ဆင်းသက်လိုက်ကြသည်။ သို့သော် သူတို့သည် နတ်ဆိုးတိမ်တိုက်များပေါ်တွင် လျှောက်နေရသကဲ့သို့ပင်ဖြစ်သည်။ သူတို့အ‌ရှေ့တွင် မိုးထိုးနေသည့် ကျောက်တိုင်ကြီးနှစ်တိုင်ရှိပေသည်။ ၎င်းတို့သည် လွန်စွာနက်မှောင်ပြီး ပတ်ပတ်လည်တွင် နတ်ဆိုးအလင်းများ ရှိနေသည်။ နတ်ဆိုးနတ်ဘုရားနန်းတော်အနောက်တွင် အဆောက်အဦးများစွာနှင့် ကျယ်ပြောသောကျင့်ကြံခြင်းနန်းတော်တစ်ခု ရှိလေသည်။

ထိုနေရာသည် နတ်ဆိုးအင်ပါယာက သူ၏တပည့်များကို ဟောပြောသင်ကြားပေးသောနေရာဖြစ်သည်။

ကမ္ဘာမြေနတ်ဆိုးသူတော်စင်သည် လှေကားများအောက်ခြေတွင် ရပ်ကာ ဦးညွှတ်အရိုအသေးပေးလိုက်သည်။

ရီဖူရှင်းက ထိုအခြင်းအရာကိုမြင်သောအခါ သူလည်း ဦးညွှတ်လိုက်သည်။

“မူလဘုံက ရီဖူရှင်း နတ်ဆိုးအင်ပါယာကို နှုတ်ဆက်ပါတယ်”

နတ်ဆိုးအရှိန်အဝါလှိုင်းတစ်ခုသည် စစ်မှန်သော ကောင်းကင်အရှိန်အဝါတစ်ခုကဲ့သို့ ကျဆင်းလာပြီး ရီဖူရှင်းသည် သူ၏ခန္ဓာကိုယ်ကို မလှုပ်ရှားနိုင်ဖြစ်သွားသည်။ သူ၏ကျင့်ကြံခြင်းအစွမ်းသည် မည်မျှစွမ်းအားကြီသည်ဖြစ်စေ ထိုအခိုက်တွင် သူ့ရှေ့တွင် ရပ်နေသော နတ်ဆိုးအင်ပါယာသည် လောကထိပ်ဆုံးတွင်ရှိသူတစ်ဦးဖြစ်ပေသည်။

ထိုကဲ့သို့သောသူ၏ရှေ့တွင် သူက ပိုးကောင်တစ်ကောင်နှင့်မခြားပေ။

“မင်းက မူလဘုံကနေရောက်လာပြီးတော့ နတ်ဆိုးအင်ပါယာနန်းတော်ရဲ့ နယ်မြေထဲကို ကျူးကျော်ခဲ့တယ်။ မင်းက တော်တော်လေး အဆင်အခြင်မဲ့တာပဲ။ မင်း သေမှာ မကြောက်ဘူးလား”

နတ်ဆိုးနတ်ဘုရားနန်းတော်အတွင်းမှ ဩဇာအာဏာအပြည့်ဖြင့် အသံတစ်သံ ထွက်ပေါ်လာ၏။ ရီဖူရှင်းက သူ၏အသက်ကိုရင်း၍ နတ်ဆိုးအင်ပါယာနန်းတော်သို့ လာခဲ့ခြင်းဖြစ်သည်။ အကယ်၍ နတ်ဆိုးအင်ပါယာသာ စိတ်ပြောင်းသွားပါက သူသည် ဤနေရာတွင် သေဆုံးသွားနိုင်သည်။

“အရှင်နတ်ဆိုးအင်ပါယာက လောကတစ်ခွင်လုံးမှာ ကျော်ကြားပါတယ်။ နတ်ဆိုးဘုံကို စည်းလုံးစေခဲ့ပြီး ကောင်းကင်ဘုံကိုးဘုံကို ထိန်းသိမ်းနိုင်ခဲ့တဲ့ သူက ကျုပ်ကို မလိုအပ်ဘဲ သတ်ပါ့မလား။ ပြီးတော့ ကျုပ် နတ်ဆိုးအင်ပါယာနန်းတော်ကို လာခဲ့တာက လက်ဆောင်တစ်ခု ပေးဖို့ပါ”

ရီဖူရှင်း ပြောလိုက်သည်။

“ဘာလက်ဆောင်များလဲ”

နတ်ဆိုးအင်ပါယာက မေးလိုက်၏။

“မူလဘုံပါ...”

ရီဖူရှင်း ပြန်ဖြေလိုက်၏။

“တကယ်လို့ အရှင်အင်ပါယာကသာ မူလဘုံကို လိုချင်တယ်ဆိုရင် ကျုပ်အနေနဲ့ နတ်ဆိုးဘုံနဲ့ လက်တွဲပြီး မူလဘုံကို စည်းလုံးအောင်လုပ်ဆောင်လိုပါတယ်။ ပြီးတော့ မူလဘုံကို အုပ်စိုးခွင့်အပြည့်အဝကိုလည်း နတ်ဆိုးဘုံကို လွှဲပေးပါမယ်”

သူ၏အသံထွက်ပေါ်လာသောအခါ နတ်ဆိုးနတ်ဘုရားနန်းတော်ထဲတွင် ခေတ္တမျှ တိတ်ဆိတ်သွားသည်။ ရီဖူရှင်း၏စကားလုံးများသည် အားလုံးကို အံ့အားသင့်သွားစေသည့်ပုံပင်။

“ဘာလို့လဲ...”

ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက်တွင် အသံတစ်ခု ထပ်မံထွက်ပေါ်လာ၏။ ထိုအသံသည် အနည်းငယ် နားမလည်နိုင်ဖြစ်နေသော လေသံပင်။

“ကျုပ် နတ်ဆိုးဘုံကို ရောက်လာတော့ နတ်ဆိုးဘုံက ကျင့်ကြံသူတွေအကုန်လုံးက အရှင်အင်ပါယာကို အတော်လေး ရိုသေလေးစားတာကို ကျုပ်တွေ့ခဲ့ရပါတယ်။ အရှင်အင်ပါယာက နတ်ဆိုးဘုံက လူတိုင်းအတွက် နတ်ဆိုးချောက်ကမ်းပါးကို ဖိနှိပ်ပေးခဲ့ပါတယ်။ တကယ်လို့ အရှင်အင်ပါယာသာ မူလဘုံကို အုပ်စိုးမယ်ဆိုရင် မူလဘုံက နယ်မြေတွေကို အရှင်အင်ပါယာ ပိုင်ဆိုင်သွားမှာပါပဲ... အဲဒီကျရင် အရှင်အင်ပါယာက မူလဘုံက သက်ရှိတွေအကုန်လုံးကိုလည်း နတ်ဆိုးဘုံကသက်ရှိတွေလိုပဲ ကျောသားရင်သားမခွဲဘဲ ဆက်ဆံမယ်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး...”

“ကျုပ် ကောင်းကင်ဒေသက လူတွေကို မူလဘုံကနေ နှင်ထုတ်ပြီး မူလဘုံကို ပြန်သိမ်းယူခဲ့တုန်းက မူလဘုံက လူတွေ ပရမ်းပတာလောကကြီးရဲ့ ရိုက်ခတ်မှုတွေကို ဆက်မခံရတော့စေဖို့ ကျုပ် မျှော်လင့်ခဲ့ပါတယ်။ အဲဒါမှ သူတို့တွေ လွတ်လွတ်လပ်လပ်ကျင့်ကြံနိုင်ပြီး သိုင်းပညာဓလေ့ကို မြှင့်တင်နိုင်မှာပါ။ တကယ်လို့ နတ်ဆိုးဘုံက မူလဘုံကို အုပ်စိုးမယ်ဆိုရင်တောင် မူလဘုံအတွက် တူညီတဲ့အဆုံးသတ်ကို ရနိုင်ပါတယ်။ ပြီး‌တော့ ဒီပရမ်းပတာအခြေအနေကိုလည်း ဖြေရှင်းနိုင်ပါလိမ့်မယ်”

ရီဖူရှင်းက ပြန်ပြောလိုက်သည်။

နန်းတော်ထဲတွင် ထပ်မံတိတ်ဆိတ်သွားသည်။

ထို့‌နောက်တွင် နတ်ဆိုးနတ်ဘုရားနန်းတော်၏ တံခါးများ ပွင့်လာပြီး နတ်ဆိုးနတ်ဘုရားနန်းတော်အတွင်းရှိ မြင့်မားသောပလ္လင်ပေါ်တွင် ထိုင်နေသော လူတစ်ယောက်သည် သူ့ထံသို့ ဖြည်းဖြည်းချင်း လျှောက်လာ၏။

ကြောက်မက်ဖွယ် နတ်ဆိုးအရှိန်အဝါတစ်ခုသည် သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ ရီဖူရှင်းက ဦးညွှတ်လိုက်ပြီး ဟိုကြည့်ဒီကြည့် မကြည့်ခဲ့ပေ။ သူ၏အမြင်တွင် ထိုနတ်ဆိုးအရိပ်သည် အစစ်အမှန် နတ်ဆိုးနတ်ဘုရားတစ်ပါးကဲ့သို့ ကြီးမားကာ အံ့ဩတုန်လှုပ်ဖွယ်ကောင်းသည်ဟု မြင်ပေသည်။ သူ၏ အသက်ရှူသံမြန်လာ၏ကို သူခံစားလိုက်ရသည်။ ထိုလူ အပြင်သို့ လျှောက်လာသောအခါ သူ့အပေါ်တွင် ဖိနှိပ်ထားသော နတ်ဆိုးအရှိန်အဝါသည် ပို၍အားကောင်းလာ၏။

“သူကမင်းကို ဘာတွေသင်ပေးခဲ့တာလဲ”

အတွင်းမှနေ၍ အသံဩဇာအပြည့်ပါသည့် အေးစက်စက်အသံတစ်ခုထွက်ပေါ်လာရာ ရီဖူရှင်းက အပြင်းအထန် ရင်ခုန်သွားလေသည်။

“ဘယ်သူ့ကို ပြောတာပါလဲ...”

ရီဖူရှင်းပြောလိုက်သည်။

“ဘယ်သူ့ကိုပြောတာလဲဆိုတာ မင်းသိပါတယ်”

နတ်ဆိုးအင်ပါယာက ဆက်ပြောလိုက်သည်။ ရီဖူရှင်းက နတ်ဆိုးအင်ပါယာပြောသောသူမှာ မည်သူဖြစ်ကြောင်း ရုတ်တရက်သိရှိသွားသည်။

သူ၏မွေးစားအဖေပင်...

သူနှင့် နတ်ဆိုးအင်ပါယာကြားတွင် ဆက်စပ်မှုရှိသူမှာ သူ၏မွေးစားအဖေသာရှိလေသည်။

“ကျုပ်ရဲ့ မွေးစားအဖေက ကျုပ်ကို ဘာမှ မသင်ပေးခဲ့ပါဘူး...”

ရီဖူရှင်း ပြောလိုက်သည်။

“မင်းက နတ်ဆိုးအတတ်တွေကို မကျင့်ကြံဘူးဆိုတာ ငါမြင်နိုင်ပါတယ်... ဒီတော့ သူက မင်းကို ဘာမှ မသင်ပေးခဲ့ဘူးပေါ့...”

နတ်ဆိုးအင်ပါယာသည် နတ်ဆိုးအင်ပါယာနန်းတော်အတွင်းမှ အပြင်သို့လျှောက်လာပြီး ခန်းမအရှေ့တွင် ရပ်လိုက်သည်။ ရီဖူရှင်းက နတ်ဆိုးအင်ပါယာကိုကြည့်ရန် သူ၏ခေါင်းကို အနည်းငယ်မော့လိုက်သည်။ သူက အသက်ပြင်းပြင်းတစ်ချက်ရှူလိုက်ပြီး အလွန်အမင်း ရင်တုန်သွားသည်။

သူ့ရှေ့ရှိလူသည် ရိုးရှင်းစွာ ဝတ်စားထားပြီး သူ၏သွင်ပြင်သည် အနည်းငယ်ပင် ထည်ဝါမနေပေ။ သို့သော် သူက ထိုနေရာတွင် ရပ်နေရုံဖြင့်ပင် ကောင်းကင်နှင့်မြေကြီး၏ အုပ်စိုးသူတစ်ယောက်ဟု ထင်ရပြီး လောကအတွင်းရှိ လူအားလုံးသည် သူ့ကို ဦးညွှတ်အရိုအသေပေး၍သာ မော်ဖူးနိုင်ပြီး တိုက်ရိုက်မကြည့်ဝံ့ကြဟုလည်း ထင်ရပေသည်။ ထိုအရာသည် နတ်ဆိုးအင်ပါယာ၏ စွမ်းအားကြီးအရှိန်အဝါပင်ဖြစ်သည်။

ရီဖူရှင်းက ထိုကဲ့သို့ စွမ်းအားကြီးအရှိန်အဝါရှိသည့်သူ တစ်ယောက်ကိုမှ မမြင်ခဲ့ဖူးချေ။ ထိုသူသည် ပြင်ပသို့ မည်သည့်အရှိန်အဝါမှ ထုတ်လွှတ်မနေသော်လည်း သူ့ထံမှဖိအားကိုမူ ထင်ထင်ရှားရှား ခံစားနေရပေသည်။ ထိုဖိအားသည် နတ်ဆိုးနတ်ဘုရားတစ်ပါးထံမှ ဖိအားပင်။

ထို့အပြင် သူသည် နတ်ဆိုးအင်ပါယာကို တစ်ကြိမ်မြင်ခဲ့ဖူးလေသည်။ သူ့ရှေ့ရှိနတ်ဆိုးအင်ပါယာသည် နတ်ဆိုးမျှော်စင်ပေါ်တွင် သူနှင့်မျက်နှာချင်းဆိုင်ထိုင်၍ ခေါက်ဆွဲစားနေခဲ့သည့် အဘိုးအိုဖြစ်ပေသည်။ ထိုစဉ်က သူသည် ကျင့်ကြံခြင်းအစွမ်းမရှိသည့် သာမန်လူတစ်ယောက်ကဲ့သို့ထင်ခဲ့ရပြီး သူ့ထံတွင် မြင်သာသောအရှိန်အဝါတစ်ခုမှ ရှိမနေခဲ့ပေ။

သို့သော် ယခုတွင် သူသည် လောကထဲရှိ အခက်ထန်ဆုံး၊ ဩဇာအာဏာအကြီးဆုံး နတ်ဆိုးသခင်တစ်ဦး ဖြစ်နေပေသည်။

“မင်းက ဘယ်သူဆိုတာ သူမင်းကို ပြောပြခဲ့ဖူးလား...”

နတ်ဆိုးအင်ပါယာက ရီဖူရှင်းကို စိုက်ကြည့်၍ မေးလိုက်သည်။

All Chapters