← Chapters

ဝိညာဉ်နယ်မြေ

Vol. 148 Ch. 2066

ဝိညာဉ်နယ်မြေ

Vol. 148 Ch. 2066

ဖူရှီ၏ စကားလုံးများ လည်ချောင်းတွင် တစ်သွားသည်။ သူ၏ နှလုံးသား သည် ဝမ်းနည်းမှုများဖြင့် ရုတ်တရက် ပဲ့တင်ထပ်သွားသည်ဟု ခံစားလိုက်ရ၏။

သူသည် သူမ၏ဘေးတွင် အမှန်တကယ်မနေနိုင်ပေ။

သူသည် ပြီးခဲ့သည့်နှစ်များတွင် သူ၏ သရုပ်မှန်ကိုမေ့လျော့ကာ အံ့ဖွယ် သားရဲကြီးလေးကောင်ကိစ္စကိုလည်း မေ့လျော့ထားခဲ့သည်။ သူ၏ သရုပ်မှန် ကြောင့်သာမဟုတ်လျှင် သူ၏ ဆိုးရွားနေသောအခြေအနေနှင့် အရင်ကတည်း ကပင် အသတ်ခံရနိုင်သည်။ ဟင်္သပဒါးငှက်ရှိနေခြင်းကို သိသွားကြပါက ရှီမာယူယူ အန္တရာယ်များနိုင်သည်။

သူ၏ တစ်ကိုယ်ကောင်းဆန်မှုကြောင့် သူမအန္တရာယ်တွင်းကျမည့် အရေး ကို မစွန့်စားနိုင်ပေ။

သခင်ပြောသည်မှာ မှန်သည်။ သူမ တက်သွားသည့်အချိန် အန္တရာယ်ရှိ လာနိုင်သည်။ ထို့ကြောင့် ဤနေရာတွင်နေပြီး အတူတက်သွားနိုင်မည့်အချိန်ကို စောင့်ပေးမည့်အစား အရင်ပြန်နှင့်ပြီး သူမအတွက် ပတ်ဝန်းကျင်ကောင်းတစ်ခု ကို ဖန်တီးပေးထားရမည်။

သို့သော် သူ ဝမ်းနည်းနေတုန်းပင်။

ရှီမာယူယူ သူ့ကိုရှာတွေ့ချိန်တွင် သူ ထိုပုံအတိုင်းသာရှိနေသည်။ သူသည် ကြီးမားသော ရိုက်ခတ်မှုကိုခံလိုက်ရသည်။

သူတို့နှစ်ယောက်သည် ဘေးတွင်ရပ်ပြီး ဘာပြောရမည်ကို မသိတော့ပေ။

သူသည် ဒဏ်ရာမရထားပေ။ ရှီမာယူယူ စိတ်သက်သာရာရသွားသည်။

ဖူရှီ၏ ဝမ်းနည်းနေသော မျက်လုံးများသည် ရှီမာယူယူလျှောက်လာသည် ကို မြင်သောအခါ တောက်ပသွားသည်။

“ယူယူ ငါ့ကို ဘယ်လိုရှာတွေ့သွားတာလဲ”

“မင်း ပျောက်နေတာ သိတော့ လာရှာတာ” ရှီမာယူယူ ပြောလိုက်သည်။

“ဖူရှီ ဒီနှစ်ယောက်က ဘယ်သူတွေလဲ” ဟိုင်ရှီး မေးလေသည် “သူတို့တွေ မင်းကို ထိခိုက်အောင်လုပ်သေးလား”

“သူတို့က ငါ့ ဆရာ ၄ နဲ့ ၅ ပဲ” ဖူရှီ မိတ်ဆက်ပေးလေသည် “ဆရာ ဒါက ယူယူ၊ ဟိုင်ရှင်းနဲ့ ဟိုင်ရှီးပါ”

သခင်နှစ်ယောက်လုံးသည် ရှီမာယူယူကို ကြည့်လိုက်သည်။ သူမ၏ ကိုယ်ခန္ဓာအနေအထားနှင့် စိတ်သဘောထားသသည် အမှန်တကယ်ပင် သူတို့ မျိုးနွယ်မှ အမျိုးသမီးများထက် သာသည်။

“ရှီလေးကို ကယ်ပေးလို့ ကျေးဇူးတင်ပါတယ်.. သူ ထပ်ပြီးဒုက္ခမပေးဖို့ပဲ မျှော်လင့်ပါတယ်” အဖြူဝတ်ထားသောသခင် မေးလေသည်။

“ဖူရှီရဲ့ ဆရာဖြစ်နေတာကိုး” ရှီမာယူယူသည် သူတို့ကို နူးညံ့စွာ နှုတ်ဆက်လိုက်သည် “ဖူရှီ မင်းရဲ့ဆရာတွေ ရောက်နေတယ်ဆိုလည်း ငါတို့ကို ပြောသင့်တယ်လေ အဲဒါဆို ငါတို့စိတ်ပူနေမှာမဟုတ်ဘူး”

“တောင်းပန်ပါတယ်… ရုတ်တရက်ကြီး ဖြစ်သွားလို့ပါ” ဖူရှီသည် ခေါင်းငုံ့ ကာ မျက်လုံးထဲမှ ခံစားချက်များကို ဖုံးဖိထားသည်။

သူ တမင်လုပ်ခဲ့ခြင်းဖြစ်သည်။ သူ ပျောက်သွားချိန်တွင် သူမ ဂရုစိုက် မစိုက်ကို သိချင်၍ဖြစ်သည်။

သူမ ရောက်မလာချိန်တွင်အနည်းငယ် စိတ်ပျက်မိသည်။ သူမ အလုပ် များနေခြင်းကြောင့်ဟု ကာကွယ်ပြောပေးခဲ့သည်။ ယခု သူမကိုမြင်လိုက်ရ သောအခါ သူမ၏စိတ်ထဲတွင် သူတစ်နေရာရှိနေသည်ကို သေချာသွားသည်။

“မင်း အဆင်ပြေတယ်ဆိုလို့ တော်ပါသေးတယ်” ရှီမာယူယူ ပြောလိုက် သည် “ငါတို့တွေ ဝိညာဉ်နယ်မြေကို သွားကြမလို့ ငါတို့နဲ့လိုက်မှာလား”

“ငါ… ပြန်သွားရမယ်” ဖူရှီ ဆက်ပြောလေသည် “ဆရာတွေက ငါ့ကို လာခေါ်တာ”

ရှီမာယူယူသည် မအံ့ဩပေ။ သူ၏ဆရာများကို မြင်သည်နှင့် ခန့်မှန်းမိပြီး သားဖြစ်သည်။

သူမသည် ဝိညာဉ်နယ်မြေသို့ သွားရမည်ဖြစ်ကာ ထိုနေရာမှ အခြေအနေ သည် ရှုပ်ထွေးပြီးအန္တရာယ်များသည်။ သူသာ သူမနှင့်လိုက်လျှင် သူ၏ လုံခြုံ ရေးကို စိတ်ထဲထည့်ထားရဦးမည်။

သူမ တုံ့ဆိုင်းခြင်းမရှိသည်ကို မြင်သောအခါ ဖူရှီသည် ဝမ်းနည်းသွားပြန် သည်။ သူသည် ရယ်မောရန်ကြိုးစားလေသည် “အဲဒီကိုဘယ်လိုသွားရမလဲဆို တာ ငါပြောပြီးသွားပြီနော်.. အဲဒီတော့ ငါပြောတဲ့နည်းလမ်းနဲ့ ငါတို့မျိုးနွယ်ကို သွားလို့ရတယ်.. မင်း အဲဒီကိုမြန်မြန်လာရမယ်.. ငါ မင်းကို အဲဒီကနေစောင့်နေ မယ်”

“ဟုတ်ပြီ” ရှီမာယူယူ တုံ့ပြန်လိုက်သည်။

“မင်း အဲဒီကိုရောက်ရင် ငါ သေချာပေါက် အားကောင်းနေမှာ အဲအချိန်ကျ ရင် မင်းကို ကာကွယ်ဖို့ ငါ့အလှည့်ပဲ”

ဝူလင်းယူသည် မျက်ခုံးများကို ပင့်မိသွားသည်။ သူမက သူ့အကာအကွယ် ကိုလိုဦးမှာလး။ ဒီကောင်စုတ်လေးက တစ်ခုခုကိုကြံစည်နေတာလား။

တစ်စုံတစ်ယောက် ရန်စခံလိုက်ရချိန်တွင် ဖူရှီသည် ဖြူစင်စွာ ပြုံးလိုက် သည်။

ရှီမာယူယူသည် မမြင်ချင်ယောင်ဆောင်လိုက်သည်။ ဖူရှီ ဆရာများနှင့် ထွက်မသွားခင်တွင် သူမ လက်ဆောင်များထုတ်ပေးသည်။

“သွားရအောင်” သူမထွက်သွားသည်နှင့် သူမ၏ အရိပ်ကို ဖူရှီရပ်ကြည့် နေသည်ကို မသိဘဲ သူမသည် ကျန်လူများနှင့်အတူ ဆန့်ကျင်ဘက်သို့ ထွက် သွားလေသည်။

“သွားမယ်” အဖြူဝတ်သခင်သည် ထိုကောင်စုတ်လေးအတွက် စိတ်မကောင်းဖြစ်ကာ သက်ပြင်းချလေသည်။

သူတို့သည် အကြာကြီးစကားမပြောလိုက်ရသော်လည်း သူမသည် ထူးချွန်သည့်လူဖြစ်ပြီး ဖူရှီအား မကောင်းစိတ်မရှိဘဲ စိတ်ရင်းနှင့် ကောင်းပေး သည်ကို ခံစားမိသည်။

ဝမ်းနည်းစွာပင် သူမဘေးမှလူသည် သာမန်မဟုန်ပေ။ သူမ သူ့ကို ကြည့် သည့်အကြည့်မှာ သူတို့နှစ်ယောက်ကြားဝင်ရန် နေရာမရှိသည်ကို အားလုံး ပြောနိုင်ကြသည်။

အနက်ဝတ်သခင်သည် ထိပ်တန်းအဆင့်နယ်နိမိတ်ဖျက်အဆောင်ထုတ် ပြီး ဝိညာဉ်စွမ်းအင်ထုတ်လွှတ်ကာ ဝန်းပတ်လိုက်သည်နှင့် သူတို့သုံးယောက် သည် ပျောက်ကွယ်သွားလေသည်။

သူတို့ ဘယ်လောက်ကြာမှ ပြန်တွေ့မည်ကိုမသေချာပေ။

ရှီမာယူယူနှင့် တခြားသူများသည် ဝိညာဉ်နယ်မြေသို့ ဦးတည်သွားကြ သည်။ ဒိကျဲ့မှာ ဝူရှန်းတောင်တွင်ရှိနေသဖြင့် ဝူရှန်းတောင်မှတစ်ဆင့် ဝိညာဉ် နယ်မြေသို့သွားရန် ရည်ရွယ်ထားသည်။

သူမတွင် ဝှက်ဖဲများစွာရှိသဖြင့် ဒိကျဲ့သည်သူမ၏ လုံခြုံရေးကို စိတ်မပူ ပေ။

ရှီမာယူယူသည် သူနှင့် ဝူလင်းယူကို ဆွဲခေါ်လာသည်။ သူတို့သုံးယောက် သည် အခန်းထဲတွင် အတန်ကြာအောင် စကားပြောပြီးနောက် ထွက်လာသော အချိန်တွင် မျက်နှာများမှာ ပြုံးရယ်လာကြသည်။ တစ်စုံတစ်ယောက်မှာ ကံဆိုး တော့မည်ဟု ဒိလျိုပြောလေသည်။

သူတို့ ထွက်မသွားခင်တွင် ရှီမာယူယူသည် ဟိုင်ရှင်းနှင့် ဟိုင်ရှီးတို့ကို ဝိညာဉ်စေတီအတွင်းထည့်လိုက်ပြီး ဝူလင်းယူတစ်ယောက်သာ ဝိညာဉ်နယ်မြေ သို့ လိုက်သည်။ သူတို့သည် သိုသိုသိပ်သိပ်နေရန်အတွက် ရုပ်ပြောင်းပြီး သွားကြသည်။

ဝိညာဉ်နယ်မြေမှ ဝူရှန်းမြို့သို့ ၆ လကြာသွားရပြီး နှစ်ခုအကြားတွင် အတားအဆီးတစ်ခုရှိသည်။ တစ္ဆေလောကမှ မျိုးနွယ်များ ဝိညာဉ်နယ်မြေသို့ သွားရန်မလွယ်ကူသလို ဝိညာဉ်နယ်မြေမှမျိုးနွယ်များလည်း တစ္ဆေလောကသို့ သွားရန်မလွယ်ကူပေ။ သို့သော် ဝိညာဉ်ခန္ဓာကိုယ်များသည် တစ္ဆေလောကမှ ဝိညာဉ်နယ်မြေသို့ သွားရန်လွယ်သည်။

ရှီမာယူယူနှင့် ဝူလင်းယူတို့နှစ်ယောက်လုံးသည် ဝိညာဉ်ခန္ဓာကိုယ်များ ဖြစ်ကြသည်။ ထိုအတားအဆီးကိုဖြတ်ရန် ဝိညာဉ်ခန္ဓာကိုယ်ဖြစ်ရန်လိုအပ် သည်။

နှစ်ယောက်လုံးသည် အတားအဆီးကို အခက်အခဲမရှိ အလွယ်တကူပင် ပျံသန်းဖြတ်ကျော်နိုင်သည်။

“ဝိညာဉ်နယ်မြေက မျိုးနွယ်တွေပြန်ဖို့ကျ လွယ်တာပဲ”

“ဒီကနေလာရင်တော့ မလွယ်နိုင်ဘူး” ဝူလင်းယူ ဆက်ပြောလေသည် “မင်းရဲ့ ဝမ်းကွဲအစ်ကို ပေးတဲ့မြေပုံအရဆိုရင် အနီးဆုံးမြို့က ၂ လလောက် သွား ရဦးမယ်.. အဲဒီကို သားရဲပျံစီးရမယ်”

“သန်းခေါင်ယံမြို့.. အဲဒီမှာ သန်းခေါင်ပဲရှိတာလားမသိဘူး” ရှီမာယူယူ သည် ရယ်မောပြီးနောက် ဟာစွန်ကိုခေါ်ထုတ်ကာ သန်းခေါင်ယံမြို့ဆီသို့ ပျံသန်းကြလေသည်။

သူတို့သည် နှစ်လကြာပြီးနောက် သန်းခေါင်ယံမြို့သို့ ရောက်လေသည်။ သူတို့သည် လမ်းတစ်လျှောက်တွင် ဘာမှမတွေ့ခဲ့ရသော်လည်း မြို့မှာ အသက် ဝင်လှသည်။

ဝိညာဉ်နယ်မြေနှင့် တစ္ဆေလောကတို့သည် မတူကြပေ။ ပို၍ အေးဆေး ကြသည်။ တစ္ဆေလောကမှ လူများသည် ဝိညာဉ်နယ်မြေမှမျိုးနွယ်များ ဝင်လာ ခြင်းကို ကာကွယ်ရန် အမြဲတစေစစ်ဆေးနေခဲ့သည်။ သို့သော် ဝိညာဉ်နယ်မြေ မှ ဝိညာဉ်မျိုးနွယ်များသည် ကျင့်ကြံပြီး ခန္ဓာကိုယ်အဖြစ်ပြောင်းနိုင်သော်လည်း တစ္ဆေမျိုးနွယ်ဝင်များသည် ဝိညာဉ်မျိုးနွယ်အဖြစ် မပြောင်းနိုင်ကြပေ။

သူတို့တွင် ဝိညာဉ်ခန္ဓာကိုယ်ရှိသဖြင့် အခက်အခဲမရှိ ကျော်ဖြတ်နိုင်ခြင်း ပင်။

“ဝိညာဉ်နယ်မြေရဲ့ အင်ပါယာမြို့တော်ကို ဖြတ်လမ်းဝင်္ကပါနဲ့သွားမယ် ဆို သရုပ်မှန်တွေပေါ်သွားနိုင်တယ်” ဝူလင်းယူ ပြောလေသည်။

“ပြောဖို့တောင်မလိုဘူး ဝိညာဉ်နယ်မြေက တင်းကြပ်တယ်.. ဆိုလိုတာ ကချင်းဟွမ်က ဒါတွေအပေါ် အာရုံစိုက်နေတာပဲ” ရှီမာယူယူသည် စည်ကားလှ သော မြို့ကိုကြည့်ပြီး သက်ပြင်းချလိုက်သည်။

ချင်းဟွမ်သည် အမြဲတစေ တစ္ဆေလောကကို စောင့်ကြည့်နေပြီး နယ်မြေ ချဲ့ထွင်ကာ တစ္ဆေလောကကိုပါ အုပ်စိုးရန်တွေးနေခဲ့သည်။ ထိုအချက်တွင် သူသည် အဘိုးထက် သာသည်။

အနည်းဆုံးတော့ သူသည် တစ္ဆေကြင်ယာတော်ကဲ့သို့ အတွင်းစိတ်ပုပ်မရှိ ပေ။

“အခုသွားမှာလား မဟုတ်ရင် ဒီမှာ နှစ်ရက်လောက်နေဦးမှာလား”

“နှစ်ရက်လောက် နေကြတာပေါ့.. အခုမှဝိညာဉ်နယ်မြေကိုရောက်တာ အဲဒီတော့ ဝိညာဉ်မျိုးနွယ်နဲ့ တစ္ဆေမျိုးနွယ်တို့ကြားက ကွာခြားမှုကို လေ့လာရ ဦးမယ်” ရှီမာယူယူ ပြောလိုက်သည်။

သူတို့သည် တည်းခိုဆောင်သွားရှာကြသည်။ သူတို့သည် သိုသိပ်စွာနေ ရန်အတွက် အရိုးရှင်းဆုံးအခန်းကိုရွေးလိုက်ကြသည်။ တာဝန်ခံ သူတို့ကို ခေါ်သွားပေးချိန်တွင် ရှီမာယူယူသည် မုတ်ဆိတ်နှင့်လူကြီးကို ဖြတ်ကျော်ရ သည်။

မုတ်ဆိတ်နှင့်လူကြီးသည် ရှီမာယူယူတက်လာသည်နှင့် ကြည့်နေကာ သူ၏ မျက်လုံးများမှာ အရောင်တောက်သွားလေသည်။

***

All Chapters