ပျော်ရွှင်ခြင်းမြို့တော်
Vol. 148 Ch. 2068
မုတ်ဆိတ်နှင့်လူသည် ထူးချွန်လှသည်မဟုတ်ပေ။ ထို့ကြောင့် ဝူလင်းယူ သည် ထိုလူ့ကို အလွယ်ပင်ရှင်းလိုက်နိုင်သည်။
ရှီမာယူယူသည် သူမပျောက်ကွယ်ခင်တွင် ထိုလူ၏ မှတ်ဉာဏ်ကို ယူပြီး ဖြစ်သည်။ အစက သူမသည် လူသစ်လိုဖြစ်နေသည်။ သို့သော် သူတို့၏ မှတ်ဉာဏ်ကိုကြည့်ပြီးနောက် ဤနေရာမှ အဖြစ်အပျက်များကို အတော်အတန် နားလည်သွားသည်။ သူမ သူ၏မှတ်ဉာဏ်များကို ယူပြီးနောက်တွင် ယခုလို လုပ်လိုက်မိသည်မှာ ကံကောင်းသည်ဟု ခံစားရသည်။
“ဘာသတင်းတွေရလိုက်လဲ” သူမ ပျော်သည် မပျော်သည်ကို သူမ၏ မျက်လုံးထောင့်ကို ကြည့်ရုံနှင့် ဝူလင်းယူ ပြောနိုင်သည်။
“ပထမဆုံးသားကောင်က ဘယ်မှာရှိလဲဆိုတာ သိလိုက်ရတယ်” ရှီမာယူယူ၏ မျက်လုံးများမှာ အပေါ်သို့ပင့်တက်သွားသည်။ မုတ်ဆိတ်နှင့် လူကြီးကြောင့် ဖြစ်ခဲ့သည့် မပျော်ရွှင်မှုပင် များစွာလျော့ကျသွားခဲ့သည်။
“အဲလောက်တောင် ကံကောင်းတာလား” ဝူလင်းယူသည် မျက်ခုံးများကို ပင့်လိုက်သည်။
“ကျွန်မလည်း အဲလိုထင်တယ် ဒီကံကောင်းမှုက အဲလောက်လည်း မဆိုး ပါဘူး” ရှီမာယူယူ သွားလိုက်ပြီး သူ့လက်ကို ဆုပ်ကိုင်လိုက်သည် “ကျွန်မတို့ ပြန်သွားရင်တော့ အခန်းပြောင်းပေးဖို့ပြောရမယ်.. နောက်နှစ်ရက်နေရင် ပျော်ရွှင်ခြင်းမြို့ကို သွားရမယ်”
“ဟုတ်ပြီ…”
ပျော်ရွှင်ခြင်းမြို့သည် သန်းခေါင်ယံမြို့နှင့် သိပ်မဝေးလှပေ။ သို့သော် အဆင့်မှာတော့ ကွာခြားလှသည်။ သန်းခေါင်ယံမြို့သည် နယ်စပ်မြို့ဖြစ်သော် လည်း ပျော်ရွှင်ခြင်းမြို့သည် အဓိကမြို့ကြီးဖြစ်သည်။
သို့သော် ပျော်ရွှင်ခြင်းမြို့တွင် နေထိုင်ကြသည့်လူများသည် မပျော်ရွှင်ကြ ပေ။ သူတို့သည် အခွန်အခများစွာပေးရပြီး ဖိအားပေး ခိုင်းစေခြင်းခံရသည်။ အကယ်၍ ထွက်ပြေးပါက ဖမ်းမိလျှင် အလွန်ကြီးလေးသည့် အပြစ်ဒဏ်ခံရ သည်။ ထိုကြီးလေးသောအပြစ်ဒဏ်မှ မည်သူမှ မလွတ်မြောက်နိုင်ပေ။
ပြီးနောက် မြို့အတွင်းသို့ဝင်လိုသူများသည် မြို့ဝင်ကြေးများစွာ ပေး ဆောင်ရသည်။
မည်သို့ပင်ဖြစ်စေကာမူ နယ်ခံများစကားအရတော့ ပျော်ရွှင်ခြင်းမြို့၏ မြို့စားသည် ပိုက်ဆံကိုသာကြည့်သည်။
ထို့အပြင် မြို့ကိုဝင်လာသော လူအရေအတွက်မှာလည်း အဆုံးမရှိပေ။ အမြဲတစေ မြို့တံခါးတွင် ရှည်လျားသောလူတန်းကြီးရှိသည်။ ယခင်က ဤမြို့ တွင် ဧကရာဇ်ပေါ်ထွက်ဖူးသဖြင့် အားလုံးသည် ဤနေရာတွင် တစ်စုံတစ်ရာ အား ဉာဏ်ပွင့်မလားဟု နည်းလမ်းရှာရန်လာကြခြင်းဖြစ်သည်။
ရှီမာယူယူနှင့် ဝူလင်းယူတို့သည် လူတန်း၏အလယ်တွင်ရှိနေကြသည်။
“အဲတော့ ဒါက ပျော်ရွှင်ခြင်းမြို့တော်လား.. လူတန်းကြီးက ဒီလောက် ရှည်တာ.. သူတို့က စောင့်ခိုင်းစေချင်တာလား ဘာလားပဲ” ကျယ်လောင်သော အသံသည် နောက်မှထွက်လာကာ စိတ်မရှည်မှုနှင့် ဒေါသများရောယှက်နေ သည်။
မြို့ထဲသို့ဝင်သော လူတန်းသည် တိတ်ဆိတ်သွားသည်။ ပြီးနောက် အရှေ့ မှလူများသည် ရုတ်တရက် လှည့်ကြည့်ကြလေသည်။
“သခင်လေး အဲလိုမပြောပါနဲ့.. မြို့စားကြီးကို ဒေါသထွက်အောင်လုပ်မိ လိမ့်မယ် သတိထားပါ” မသင့်တော်သည့်စကားများ ထပ်ပြောလာမည်ကို စိုးသဖြင့် သူ့နံဘေးရှိ အဘိုးအိုသည် တားလေသည်။
“ငါပြောတာ ဘာမှားလို့လဲ” ထိုလူသည် အမှားလုပ်မိသည်ဟု မထင်ပေ။ သူသသည် ရှီမာယူယူ၏ အဝတ်ကိုဆွဲပြီးပြောလေသည် “မိန်းကလေး မင်း လည်း အဲလိုမထင်ဘူးလား”
ရှီမာယူယူသည် အစကတည်းကပင် သူ့ကို အသိအမှတ်မပြုခဲ့သဖြင့် အစောကပင် လှည့်မကြည့်ခဲ့ပေ။ သို့သော် ထိုလူသည် မသိတတ်ပေ။ သူ အင်္ကျီ ဆွဲနေသည်ကိုပင် သူမ လျစ်လျူရှုထားသည်ကိုမြင်သောအခါ ထပ်မံဆွဲလေ သည်။
ရှီမာယူယူသည် လှည့်ပြီးနောက် သူမ၏ အင်္ကျီကိုပြန်ဆွဲကာ တည်ငြိမ် စွာပင်ပြောလေသည် “တန်းစီရတာ ဘာမှမမှားဘူးလို့ထင်တာပဲ”
ထိုလူသည် အံ့ဩသွားသည် “ဘာလို့လဲ တန်းစီရတာ အချိန်ကုန်တယ်လို့ မခံစားရဘူးလား”
“တန်းမစီရင် ဝင်ဖို့ပိုခက်လိမ့်မယ်” ရှီမာယူယူ ပြောလိုက်သည်။
ထိုလူသည် သူမကို ကြည့်ပြီး အသိအမှတ်ပြု ခေါင်းညိတ်လေသည် “ငါ သိပြီ မင်းလိုမျိုး အရည်အချင်းမရှိတဲ့လူက တန်းမစီရင် မြို့တံခါးနားကို ရောက် မှာတောင်မဟုတ်ဘူးလေ”
သူ နားလည်သွားသည်မှာ ကောင်းသည်ဟု အဓိပ္ပာယ်ပါပါဖြင့် ကြည့်ပြီး ရှီမာယူယူ ပြန်လှည့်လိုက်သည်။
ထိုသို့ဆိုသော် တစ်ဖက်လူသည် သူမကို လွှတ်မပေးချင်ပေ။ သူသည် သူမ၏ စကတ်ကို ထပ်မံဆွဲကာ ပြောလေသည် “ဘာလို့ ငါ့နောက်ကို မလိုက် တာလဲ.. ငါ မင်းကို ခေါ်သွားပေးမယ်.. ငါနဲ့ဆို တန်းစီစရာတောင်မလိုဘူး ဘယ် လိုလဲ”
ရှီမာယူယူသည် စကတ်ကိုပြန်ဆွဲကာ တစ်လုံးချင်းစီ ပီသအောင် ပြော လိုက်သည် “မလိုပါဘူး ကျေးဇူးပဲ”
“မင်းမကြိုးစားတော့ဘူးလား” ထိုလူသည် အံ့ဩသွားသည် “အရှေ့က လူတန်းကြီးကိုလည်း ကြည့်ပါဦး.. ဒီလောက်ရှည်တာ ရှေ့တိုးတဲ့အရှိန်ကလည်း ခရုကောင်လိုပဲ.. အနည်းဆံဒးတော့ တစ်နာရီ နှစ်နာရီလောက်ကြာမှ မြို့ထဲကို ဝင်ရလိမ့်မယ်”
“ဟုတ်ပါတယ် ကျွန်မမှာ အချိန်တွေပေါပါတယ် ကျွန်မစောင့်နိုင်ပါတယ်” ရှီမာယူယူ ပြောလိုက်သည် “ရှင်က ဒီလောက်ထူးခြားနေမှတော့ အဆင့်အတန်းလည်းမြင့်မှာပဲ.. ရှင်သွားပြီး စမ်းကြည်လေ စောစောဝင်ရနိုင် တာပဲ”
“မင်းက တကယ်ပဲ အမြင်ရှိတယ်.. ငါက လော့ယိ ငါက…သခင်လေး တစ်ယောက်ပဲ.. ဘယ်လိုပဲဖြစ်ဖြစ် အားကောင်းတဲ့အင်အားစုတစ်ခုပဲ.. မင်း ငါ့ နောက်လိုက်ရင် သေချာပေါက်ခေါ်သွားပေးမယ်.. ဘယ်လိုလဲ ငါနဲ့လိုက်ချင် လား”
ရှီမာယူယူသည် သူ့ကိုတစ်ချက်ကြည့်လိုက်သည်။ ဒီကောင်က ရင်းနှီးချင် ယောင်လာဆောင်နေတာလား။ သူမသည် သူ့နောက်မှ အဘိုးအိုကို တစ်ချက် ကြည့်လိုက်သည်။ သူသည် အနည်းငယ်ထူးဆန်းနေကာ မျက်လုံးများမှာလည်း အကူအညီမဲ့နေသည်။
ဤကဲ့သို့ သခင်လေးရှိနေသည်မှာ သူ့အတွက်တော့ သနားစရာပင်ဖြစ် သည်။
“အားတော့နာပါတယ်.. ဒါပေမဲ့ တန်းစီလိုက်တာ ပိုကောင်းပါတယ်” ဝူလင်းယူသည် ရှီမာယူယူရှေ့တွင်ရပ်ပြီး လော့ယိ၏ အမြင်ကိုကွယ်လိုက် သည်။
သူ့ရှေ့မှ မိန်းမလှလေးသည် ရုတ်တရက်ကွယ်သွားသဖြင့် လော့ယိ၏ မျက်နှာမှာ ချက်ချင်းပင် ပျက်သွားသည် “မင်းက ဘယ်သူလဲ”
“ငါက သူမရဲ့ခင်ပွန်းပဲ” ဝူလင်းယူသည် ဘာမှမဟုတ်သလို ပြောလိုက် သည်။
ရှီမာယူယူလည်း မငြင်းဆန်ပေ။ သူမသည် သူ့လက်မောင်းကိုပင် ကိုင် လိုက်သေးသည်။
သူတို့နှစ်ယောက်၏ လက်များကိုမြင်သောအခါ လော့ယိသည် အံ့ဩသွား ပြီးပြောလေသည် “ဒါဆိုလည်းဟုတ်ပြီလေ.. စည်းမျဉ်းတွေမသိလို့ အပြစ် မတင်တော့ပါဘူး.. မင်းတို့နှစ်ယောက်က အတူတူလာကြတာဆိုတော့ ငါ့အဖွဲ့ မှာ ဝင်ချင်လား”
ရှီမာယူယူ - ….
ဝူလင်းယူ - ….
ရှီမာယူယူသည် သူ့ကြိုကြည့်လိုက်သည်။ ထို့နောက် ဤလူ၏ စိတ်သည် တခြားသူများနှင့် မတူဘူးဟု စိတ်ထဲမှ တွေးနေမိသည်။
“တောင်းပန်ပါတယ် ငါတို့က တန်းစီတာကို ကြားဖြတ်ဝင်တဲ့ အကျင့်မရှိ ဘူး” ဝူလင်းယူသည် ချက်ချင်းပင် ငြင်းဆန်လေသည် “သွားချင်ရင် ခင်ဗျား ဘာသာသွားပါ”
ပြောပြီးနောက် သူသည် ရှီမာယူယူနှင့်အတူ လှည့်ထွက်သွားသည်။
“မင်း မင်းတို့တွေ…” လော့ယိသည် သူတို့၏ကျောပြင်များကို ကြည့်နေ သည်။ သူသည် ဒေါသထွက်လွန်းသဖြင့် စကားပင်မပြောနိုင်ပေ။
အဘိုးအိုသည် အခွင့်အရေးယူကာ အကြံပေးလေသည် “သခင်လေး သူတို့လည်း ကောင်းကောင်းတန်းစီနေမှတော့ ကျုပ်တို့လည်း တန်းစီသင့်တယ် မလား”
“ငါ…”
“သခင်လေး ဂိုဏ်းသခင်ပြောလိုက်တာ မေ့သွားပြီလား… သေချာ လေ့ကျင့်ချင်ရင် သိုသိုသိပ်သိပ်နေရမယ်တဲ့.. ပြီးတော ပျော်ရွှင်ခြင်းမြို့ကို စိတ်ရင်းနဲ့ ဆက်ဆံရမယ်”
ရှီမာယူယူသည် ထိုစကားကြားပြီးနောက် ရယ်မောလိုက်သည်။ ကြည့် လိုက်သည်နှင့် ဘဝအကြောင်းကို မသိသေးသည့် သခင်လေးနှင့် အသက် အရွယ်ရနေသော ကိုယ်ရံတော်တို့ဖြစ်သည်ကို သိလိုက်သည်။ ထိုကိုယ်ရံတော် ကြီးသည် တခြားသာမန်ကိုယ်ရံတော်နှင့်မတူသည်မှာ သေချာသည်။
အချိန်တစ်ခုကြာအောင် စဉ်းစားပြီးနောက် လော့ယိသည် ရှီမာယူယူနှင့် ဝူလင်းယူတို့ကို စောင့်ကြည့်ချင်သဖြင့် စိတ်မပါလက်မပါ သဘောတူလိုက် သည်။
သူတို့ စောင့်နေစဉ်တွင် မိန်းကလေးများထက်ပင် အတင်းပြောတတ် သော ယောကျ်ားတစ်ယောက်ကို ရှီမာယူယူ မြင်ဖူးသွားလေပြီ။ သို့သော် သူ၏ အလွန်စိတ်အားထက်သန်သော ချဉ်းကပ်မှုကြောင့် သူတို့သည် ဤနေရာ အကြောင်းကို ပိုမိုသိရှိခဲ့ရသည်။
“မင်းတို့က နေရာသေးသေးလေးတစ်ခုက လာတယ်ဆိုတာ ကြည့်လိုက် တာနဲ့ ငါပြောနိုင်တယ်.. အဲတော့ မင်းတို့က ပျော်ရွှင်ခြင်းမြို့တော်ရဲ့ သမိုင်း ကြောင်းကို သိမှာမဟုတ်ဘူး.. ငါလည်း ဒီကိုပထမဆုံး ရောက်ဖူးတာဆိုပေမဲ့ ဝိညာဉ်အနေနဲ့တော့ ဒီနေရာကို ခဏခဏရောက်ဖူးတယ်.. ဒီတစ်ခါတော့ ငါ့ဂိုဏ်းက ထွက်သွားဖို့ကို ခွင့်ပြုချက်ရခဲ့တာပဲ.. ငါလည်း ဒီကိုပထမဆုံး ရောက်ဖူးတာပဲ ငါ ပြောပြမယ် အရင်တုန်းက ပျော်ရွှင်ခြင်းမြို့မှာ ဧကရာဇ် တစ်ပါးရှိခဲ့တယ်.. ဝိညာဉ်နယ်မြေကလူတွေ အဆင့်တက်ချင်ရင် ဧကရာဇ်ရဲ့ အမွေအနှစ်ရှိဖို့လိုပြီး နည်းလမ်းရှာရမယ်လို့ သတင်းတွေရှိတယ်”
သူ ဆူညံလွန်းသဖြင့် ရှီမာယူယူသည် အကူအညီမဲ့နေသည်။ သူမ ကျောပေးပြီး လျစ်လျူရှုလိုက်လျှင်တောင် သူသည် သူမနားရွက်နားတွင် ပူညံ ပူညံပြောနေတုန်းပင်ဖြစ်သည်။
“အဲတော့ ရှင်က ဒီကိုအတွေ့အကြုံရဖို့လာတာလား”
“သေချာပေါက်… မဟုတ်ဘူးပေါ့” အံ့ဩစရာကောင်းလောက်အောင်ပင် သူ ငြင်းဆန်လိုက်သည်။
“ရှင်က ဒီကိုဝိညာဉ်အနေနဲ့ ရောက်ဖူးတာ ကြာပြီဆို.. အဲတော့ ဧကရာဇ် ဖြစ်ချင်လို့ ဒီကိုလာတာမဟုတ်ဘူးလား”
“ဟုတ်တယ်.. အရင်က ဧကရာဇ်ဖြစ်ဖို့ မတွေးဖူးဘူး.. တအားကြွားလုံး ထုတ်တဲ့လူ အသက်ရှင်နေသေးလားလို့ လာကြည့်တာ..”
***