← Chapters

အခန်း ၁၀၆

Vol. 7 Ch. 106

အခန်း ၁၀၆

Vol. 7 Ch. 106

အခန်း(၁၀၆) ဘယ်သူ့အမိန့်ကို နာခံနေတာလဲ

ဂျူနီယာမောင်လေး ကျုံး၏ လက်မောင်းပေါ်ရှိ အမည်းရောင်အကွက်များ ပျောက်ကွယ်သွားသည်ကို မြင်လိုက်ရချိန်တွင် ဟွမ်ယွဲ့သည် နောက်ဆုံး၌ သက်ပြင်းတစ်ချက်ချနိုင်သွားချေသည်။ ထို့နောက် သူမက ရှောင်ပီလီဘက်သို့ လှည့်ကာ လက်နှစ်ဖက်ဆုပ်၍ အရိုအသေပေးလိုက်ပြီး ပြောလိုက်သည်။ "သခင်လေး ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်"

"ကိစ္စသေးသေးလေးပါ" ရှောင်ပီလီက ပြုံး၍ ပြောလိုက်သည်။ "မင်းတို့ထဲက တစ်ယောက်လောက်များ အဲဒီအလောင်းသန့်စင်ရေးဂိုဏ်းက တပည့်နဲ့ တွေ့ခဲ့တဲ့နေရာကို လမ်းပြပေးနိုင်မလား"

သူကိုယ်တိုင် ဟွမ်လျှိုရွာကို ရှာတွေ့နိုင်သည်ဆိုသော်လည်း၊ ဤလင်းရှောင်ဓားဂိုဏ်းမှ တပည့်များ ခြုံခိုတိုက်ခိုက်ခံခဲ့ရသည့် နေရာတွင် တစ်စုံတစ်ရာသော သဲလွန်စများ ရှိနေနိုင်ပေရာ ထိုသို့ သွားရောက်စစ်ဆေးလိုခြင်း ဖြစ်ချေသည်။

"သခင်လေး တစ်ယောက်တည်း သွားမလို့လား" မုတ်ဆိတ်မွေးနှင့် လူကြီးသည် မနေနိုင်ဘဲ ဝင်မေးလိုက်သည်။ "လင်းရှောင်ဓားဂိုဏ်းက သခင်လေးတွေကို တိုက်ခိုက်ခဲ့တဲ့သူဟာ အလောင်းသန့်စင်ရေးဂိုဏ်းက သာမန်ကျွမ်းကျင်သူတစ်ယောက်တော့ မဖြစ်နိုင်ဘူး။ ကျွန်တော့်သူငယ်ချင်းက အဆင့်(၆) ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေတာတောင် အဲဒီမှာ သေဆုံးသွားခဲ့ရတယ်"

"တကယ်တော့ ကျန်းဝူဆောင်က ကျွမ်းကျင်သူတွေကို စေလွှတ်ပေးမှာပါ။ ဒါပေမဲ့ ဒီရက်ပိုင်းအတွင်း မြို့တော်က အထက်လူကြီးတစ်ယောက် ကျန်းနန်ပြည်နယ်ကို ရောက်နေတဲ့အတွက် သူတို့ဆီမှာ ယာယီလူအင်အား မလုံမလောက် ဖြစ်နေတယ်"

"ဒါပေမဲ့ မကြာခင်မှာတော့ ကျန်းဝူဆောင်က ကျွမ်းကျင်သူတစ်ယောက် ရောက်လာလိမ့်မယ်လို့ ကျွန်တော် ယုံကြည်တယ်"

ဟွမ်ယွဲ့ကလည်း ဝင်ပြောလိုက်သည်။ "တကယ်တော့ ကျွန်မတို့ရဲ့ သိုင်းပညာတွေနဲ့ဆိုရင် အလောင်းသန့်စင်ရေးဂိုဏ်းကို ရင်ဆိုင်ဖို့ဆိုတာ အရမ်းကို ခက်ခဲလွန်းပါတယ်။ ပြီးတော့ ကျွန်မတို့အတွက်ပါ အန္တရာယ်ရှိနိုင်တယ်"

"ဂျူနီယာမောင်လေး လျှို၊ မြင်းကို အမြန်စီးပြီး ဆရာဦးလေးငယ် ပိုင်ကို သွားပင့်ချေ"

ထိုသို့ပြောပြီးနောက် သူမက ရှောင်ပီလီကို ထပ်မံကြည့်ရှုလိုက်ကာ ဆိုသည်။ "သခင်လေး၊ ကျွန်မတို့ရဲ့ လင်းရှောင်ဓားဂိုဏ်းက ဒီကနေ သိပ်မဝေးပါဘူး။ အသွားအပြန်ဆိုရင် နှစ်ရက်လောက်ပဲ ကြာမှာပါ"

"အန္တရာယ်ကို သွားမစမ်းတာ အကောင်းဆုံးပါပဲ"

ရှောင်ပီလီသည် မျက်မှောင်အနည်းငယ် ကြုတ်လိုက်ပြီးနောက် ပြောလိုက်သည်။ "ဒါဆိုရင် မင်းတို့ ခြုံခိုတိုက်ခိုက်ခံခဲ့ရတဲ့ ခန့်မှန်းခြေနေရာလေးကို ငါ့အတွက် မှတ်သားပေးလို့ရမလား"

ဟွမ်ယွဲ့သည် သူ့အား ဆက်လက်ဖျောင်းဖျရန် ဆန္ဒရှိနေဆဲဖြစ်သော်လည်း၊

တင်းမြန်က အလျင်စလို ဝင်ပြောလိုက်သည်။ "သခင်လေး၊ ကျွန်မ လိုက်ပို့ပေးပါ့မယ်"

ယင်းမိန်းမငယ်လေး၏ မျက်ဝန်းများတွင် စိတ်လှုပ်ရှားမှုများ အပြည့်အဝ ကိန်းအောင်းနေချေသည်။ ဤလူငယ်လေး၏ ယခုလေးတင် ပြသသွားခဲ့သော လှုပ်ရှားမှုကို ကြည့်ရုံမျှဖြင့်၊ သူသည် အနည်းဆုံး အဆင့်(၆) ကျွမ်းကျင်သူတစ်ယောက် ဖြစ်ကြောင်း အတည်ပြုနိုင်ပေသည်။

လူငယ်သဘာဝအရ သိုင်းလောကအတွင်းသို့ ဝင်ရောက်စွန့်စားလိုသည့် အိပ်မက်မျိုး မည်သူ့ထံတွင် မရှိဘဲ နေမည်နည်း။

သူမသည် တောင်ပေါ်တွင် အချိန်ကြာမြင့်စွာ နေထိုင်ခဲ့ရပြီး၊ တောင်အောက်သို့ ဆင်းလာတိုင်းလည်း အကြီးအကဲတစ်ဦးက အမြဲတစေ နောက်မှ လိုက်ပါစောင့်ကြပ်လေ့ရှိပေသည်။ ယခုတစ်ကြိမ်သည် နောက်ဆုံးတွင် အကြီးအကဲတစ်ဦးမျှ ပါမလာဘဲ လွတ်လပ်စွာ သွားလာနိုင်မည့် အခွင့်အရေးဖြစ်ရာ၊ သူမအနေဖြင့် မည်သို့လျှင် သွားရောက်မစူးစမ်းဘဲ နေနိုင်မည်နည်း။

"ညီမငယ် တင်း သွားမယ်ဆိုရင် ကျွန်တော်လည်း လိုက်မယ်"

ရုပ်ရည်‌ချောသော ရှုပင်းသည် တင်းမြန်ကိုကြည့်ကာ အသံကျယ်ကျယ်ဖြင့် အော်ပြောလိုက်သည်။

မုတ်ဆိတ်မွေးနှင့် လူကြီးသည် ခေါင်းယမ်းလိုက်မိသည်။ အမှန်တကယ်ပင် ဘာမှမသိနားမလည်ခြင်းက စိတ်ချမ်းသာစရာကောင်းပေသည်။

ဤလင်းရှောင်ဓားဂိုဏ်းမှ တပည့်သည် သူ၏ ညီမငယ်ရှေ့တွင် အစွမ်းပြလိုနေသော အချစ်ကြူးနေသည့် လူငယ်လေးတစ်ယောက်ဖြစ်ကြောင်း သိသာထင်ရှားလှချေသည်။ အကယ်၍ သူသာ နောက်ထပ် ဆယ်နှစ်ခန့် ပိုငယ်နေသေးမည်ဆိုလျှင်၊ ထိုသို့လှပသော မိန်းမချောလေး၏ ရှေ့မှောက်၌ အစွမ်းပြချင်သည့် စိတ်ကူးမျိုး သူ့ထံတွင်လည်း ရှိနေမည် ဖြစ်တန်ရာ၏။

သို့သော် အလောင်းသန့်စင်ရေးဂိုဏ်းဆိုသည်မှာ နောက်ပြောင်ကစားစရာတစ်ခု မဟုတ်ချေ။ အနည်းငယ်မျှ ပေါ့ဆမိသည်နှင့် အသက်တစ်ချောင်း စတေးလိုက်ရနိုင်ပေသည်။

ဟွမ်ယွဲ့သည် မျက်မှောင်ကြုတ်သွားသည်။ "ညီမငယ်၊ အရူးမလုပ်စမ်းနဲ့"

တင်းမြန်၏ မျက်နှာပေါ်တွင် မကျေမနပ်ဖြစ်သွားဟန် ပေါ်လွင်သွားချိန်၌၊ ရှောင်ပီလီက ပြုံး၍ ပြောလိုက်သည်။ "ဒီလောက်အထိ ဒုက္ခခံနေဖို့ မလိုပါဘူး။ လမ်းမကြီးပေါ်မှာ ရှိနေတယ်ဆိုမှတော့ ခန့်မှန်းခြေနေရာလေးကိုပဲ ငါ့အတွက် မှတ်သားပေးလိုက်ပါ"

ဟွမ်ယွဲ့သည် ရှောင်ပီလီကို အားနာဟန်ဖြင့် ပြုံးပြလိုက်ပြီးနောက်၊ ကူးယွီ နယ်မြေ၏ မြေပုံတစ်ခုကို ထုတ်ယူကာ ကညစ်ဖြင့် နေရာတစ်ခုကို မှတ်သား၍ ရှောင်ပီလီထံသို့ ကမ်းပေးလိုက်သည်။

ရှောင်ပီလီက ယင်းမြေပုံကို လှမ်းယူကြည့်ရှုလိုက်ပြီး၊ စားပွဲပေါ်တွင် ငွေတုံးတစ်တုံးကို တင်ထားရစ်ခဲ့ကာ တဖွဲဖွဲကျဆင်းနေသော မိုးရေထဲသို့ လျှောက်လှမ်းထွက်ခွာသွားလေသည်။

"ဟေး အပြင်မှာ မိုးရွာနေတုန်းပဲရှိသေးတာကို" တင်းမြန်က ထိုမြင်ကွင်းကိုမြင်လျှင် အလျင်အမြန် လှမ်းခေါ်လိုက်သည်။

သို့ရာတွင် မုတ်ဆိတ်မွေးနှင့် လူကြီး၏ မျက်နှာပေါ်၌မူ အံ့သြသွားဟန်များ ပေါ်လွင်လာချေသည်။ ယင်းလူငယ်သည် မိုးရေထဲသို့ လျှောက်လှမ်းသွားခဲ့ပြီ ဖြစ်သော်လည်း၊ မိုးရေစက်များသည် သူ၏ အဝတ်အစားများပေါ်တွင် မည်သည့်သဲလွန်စမျှ ချန်ရစ်ထားခြင်း မရှိပေ။

စစ်မှန်သော ချီစွမ်းအင်သည် မိုးရေအားလုံးကို တားဆီးရန် ခက်ခဲလှပေရာ၊ အဆင့်(၅) ကျွမ်းကျင်သူတစ်ဦး၏ အကာအကွယ် စွမ်းအင်ကသာလျှင် ယင်းကဲ့သို့ ပြုလုပ်နိုင်စွမ်း ရှိပေသည်။

အသက်နှစ်ဆယ်ကျော်အရွယ်ခန့်သာ ရှိပုံပေါ်သော ဤသခင်လေးသည် အမှန်တကယ်ပင် သူ၏ နုပျိုသောရုပ်သွင်ကို ထိန်းသိမ်းထားနိုင်သည့် အဆင့်(၅) ကျွမ်းကျင်သူတစ်ယောက် ဖြစ်နေသည်လား။

သူက အလောင်းသန့်စင်ရေးဂိုဏ်းထံသို့ တစ်ယောက်တည်း ပြဿနာသွားရှာဝံ့လောက်အောင် သတ္တိရှိနေသည်မှာ အံ့သြစရာတော့ မဟုတ်တော့ချေ။

သူ၏ မျက်ဝန်းများတွင် လွန်ဆွဲနေမှုတစ်ခု ပေါ်လွင်လာပြီးနောက်၊ ခဏအကြာတွင် သူသည်လည်း သူ၏ မိုးကာအင်္ကျီကို ဝတ်ဆင်ကာ မိုးရေထဲတွင် ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ထိုကျောပြင်နောက်သို့ အပြေးလိုက်သွားလေတော့သည်။

---

မြို့ငယ်လေးထဲမှ လျှောက်လှမ်းထွက်ခွာလာပြီးနောက်၊ ရှောင်ပီလီက ခြေလှမ်းများကို ရပ်တန့်ကာ နောက်သို့ လှည့်ကြည့်လိုက်သည်။

ရှောင်ပီလီ ရပ်တန့်သွားသည်ကို မြင်လျှင် မုတ်ဆိတ်မွေးနှင့် လူကြီးသည် ရှောင်ပီလီထံသို့ အလျင်အမြန် လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလိုက်ပြီး ပြောလာသည်။ "ဆရာကြီး၊ ကျွန်တော် ဆရာကြီးနဲ့အတူ လိုက်သွားချင်ပါတယ်"

"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော် ဟွမ်လျှိုရွာကို အရင်က နှစ်ခေါက်လောက် သွားခဲ့ဖူးတယ်။ ချန်ကျိုးနဲ့ ကျွန်တော်က နှစ်ပေါင်းနှစ်ဆယ်လောက် သိလာခဲ့တဲ့သူတွေဖြစ်ပြီး သူက ကျွန်တော့်ကို အများကြီး ဂရုစိုက်ပေးခဲ့တာပါ။ ဒါပေမဲ့ ကျွန်တော့်အိမ်မှာ ဇနီး၊ သားသမီးတွေနဲ့ သက်ကြီးရွယ်အိုတွေ ရှိနေသေးတော့၊ ဟွမ်လျှိုရွာကို ရောက်ခဲ့ပေမဲ့လည်း အတွင်းကျကျ စုံစမ်းဖို့တော့ မရဲခဲ့ဘူး"

"ဒါပေမဲ့ ကျွန်တော်က အဲဒီက မြေမျက်နှာသွင်ပြင်ကို ရင်းနှီးကျွမ်းဝင်တဲ့အတွက်၊ ဆရာကြီးအတွက် အကူအညီဖြစ်နိုင်ပါလိမ့်မယ်"

သိုင်းလမ်းစဉ်တွင်ကား အောင်မြင်မှုပိုများသောသူကသာ သာလွန်သူ ဖြစ်ပေသည်။

သူ့ရှေ့ရှိ ဤကျွမ်းကျင်သူသည် သူ့ထက် အသက်ငယ်ရွယ်သော်ငြားလည်း၊ သူ၏ သိုင်းပညာများက ထင်ရှားပေါ်လွင်နေပြီး ဆရာကြီးဟု ခေါ်ဝေါ်ရခြင်းက ရှက်စရာကောင်းသော ကိစ္စတစ်ခု မဟုတ်ချေ။

သူ့ကို သခင်လေးဟု ခေါ်ဝေါ်ရအောင်လည်း၊ သူ၏ အမှန်တကယ် အသက်အရွယ်က မည်မျှရှိနေမည်ကို မည်သူကမျှ မသိနိုင်ပေ။

ရှောင်ပီလီက ညင်သာစွာ ခေါင်းညိတ်ပြလိုက်သည်။ "မင်း ငါ့နောက်ကို လိုက်လာတာ ပြဿနာမရှိပေမဲ့၊ မင်း ဝင်ပါခွင့်မရှိဘူး"

မုတ်ဆိတ်မွေးနှင့် လူကြီးသည် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။ "ကောင်းပါပြီ။ အရာအားလုံး ဆရာကြီး စေခိုင်းတဲ့အတိုင်းပါပဲ"

လမ်းတစ်လျှောက်တွင် ရှောင်ပီလီသည် ထိုမုတ်ဆိတ်မွေးနှင့် လူကြီး၏ နာမည်မှာ စွင်းဟူဖြစ်ပြီး၊ ကူးယွီ နယ်မြေမှ အဆင့်(၆) ဓားသမားတစ်ဦး ဖြစ်ကြောင်းကိုလည်း သိရှိခဲ့ရသည်။

ဟွမ်လျှိုရွာသည် သူတို့ရှိနေခဲ့သော မြို့ငယ်လေးနှင့် သိပ်မဝေးလှဘဲ ခန့်မှန်းခြေအားဖြင့် ဆယ်လီခန့်သာ ကွာဝေးပေသည်။

ရှောင်ပီလီနှင့် စွင်းဟူတို့သည် ဟွမ်ယွဲ့ မှတ်သားပေးထားခဲ့သော လမ်းမကြီးပေါ်ရှိ နေရာသို့ ဦးစွာ ရောက်ရှိလာခဲ့ကြသည်။

မိုးဖွဲဖွဲလေး ရွာကျပြီးနောက်ပိုင်း ဖြစ်သည့်အတွက် မည်သည့်သွေးကွက်များကိုမျှ မမြင်တွေ့ရတော့သော်လည်း၊ ထိုနေရာတွင် တိုက်ခိုက်ထားခဲ့သည့် လက္ခဏာများ အမှန်တကယ် ရှိနေပေသည်။

လမ်းမကြီးဘေးရှိ သစ်ပင်များပေါ်တွင် ဓားများနှင့် ဓားမကြီးများဖြင့် ခုတ်ထစ်ထားသော အရာများကို တွေ့ရှိရချေသည်။

"မင်းပြောတဲ့ အလောင်းတွေထားတဲ့ နေရာကို သွားကြစို့" ဟု ရှောင်ပီလီက ပြောလိုက်လျှင်၊

စွင်းဟူက အလျင်အမြန် ပြန်ပြောပြသည်။ "ဒီလူတွေအားလုံးက အရမ်းကို ထူးဆန်းစွာ သေဆုံးသွားခဲ့ကြတာပါ။ ဟွမ်လျှိုရွာက လူတွေကတော့ သူတို့ဟာ နတ်ဆိုးတွေရဲ့ ရန်ပြုခြင်းကို ခံခဲ့ရတယ်လို့ ယုံကြည်နေကြတယ်။ ဒါကြောင့် ပထမဆုံး မြေမြှုပ်ခဲ့တဲ့ နှစ်ယောက်ကလွဲရင် ကျန်တဲ့အလောင်းတွေ အားလုံးကို ရွာရဲ့ အများသုံးအလောင်းထားရာနေရာမှာ သိမ်းဆည်းထားကြပါတယ်"

သူတို့နှစ်ဦး အများသုံးအလောင်းထားရာနေရာသို့ ရောက်ရှိသွားချိန်တွင် ဆိုးရွားလှသော အနံ့အသက်တစ်ခုက ပျံ့လွင့်လာခဲ့သည်။

သို့ရာတွင် ရှောင်ပီလီသည် အဆင့်(၂) ကောင်းကင်-လူသား တစ်ဦး ဖြစ်နေပြီဖြစ်ရာ၊ သူ၏ ရုပ်ခန္ဓာသည် မည်သည့်အရာမျှ ထိုးဖောက်ဝင်ရောက်၍ မရနိုင်တော့သဖြင့်၊ အသက်မရှူဘဲ နေမည်ဆိုလျှင်တောင်မှ သူက အဆင်ပြေနေမည် ဖြစ်ပေသည်။

ရှောင်ပီလီက အသစ်တဖန် သေဆုံးသွားခဲ့သော အလောင်းများကို စစ်ဆေးကြည့်ရှုလိုက်သည်။

သူထင်မှတ်ထားသည့်အတိုင်းပင်၊ ယင်းအလောင်းများ၏ ခန္ဓာကိုယ်များပေါ်တွင် သွားရာများ ရှိနေပြီး သွေးပမာဏ အမြောက်အမြား ဆုံးရှုံးထားခဲ့ပေသည်။

ရှောင်ပီလီက အလောင်းများကို အဖြူရောင်စ ဖြင့် ပြန်လွှမ်းအုပ်ပေးလိုက်ပြီးနောက် မျက်မှောင်ကြုတ်သွားသည်။ "ဒါက တကယ်ပဲ အလောင်းသန့်စင်ရေးဂိုဏ်းရဲ့ လက်ရာပဲ"

"ဒါပေမဲ့ ဟွမ်လျှိုရွာအနီးတစ်ဝိုက်က ဘယ်နေရာက သူတို့ရဲ့ ပုန်းအောင်းရာနေရာ ဖြစ်နေမလဲ"

သူ၏ ရည်ရွယ်ချက်မှာ အလောင်းသန့်စင်ရေးဂိုဏ်းမှ အဆင့်(၅) သို့မဟုတ် အဆင့်(၆) ကျွမ်းကျင်သူတစ်ယောက်ကို ရှာဖွေရုံမျှသာ မဟုတ်ဘဲ၊ ယင်းအလောင်းသန့်စင်ရေးဂိုဏ်း၏ အကြွင်းအကျန်များ ကူးယွီနယ်မြေတွင် ရှိမရှိ ဆိုသည်ကို စစ်ဆေးကြည့်ရှုရန် ဖြစ်ပေသည်။

အကယ်၍ သူတို့သာ ရှိနေမည်ဆိုလျှင်၊ သူက ထိုလူများအားလုံးကို သုတ်သင်ရှင်းလင်းလိုက်ရုံဖြင့် ကျင့်ကြံမှုအမှတ် တစ်သုတ်ကို ရရှိနိုင်မည် ဖြစ်တန်ရာ၏။

စွင်းဟူက စိုးရိမ်ပူပန်နေသော မျက်နှာအမူအရာဖြင့် ပြောလာသည်။ "အနီးအနားက မြေမျက်နှာသွင်ပြင်ကို ကျွန်တော် လေ့လာကြည့်ရသလောက်ဆိုရင်၊ ဟွမ်လျှိုရွာရဲ့ အနောက်ဘက်က ဝူဟူတောင်မှာပဲ ပုန်းအောင်းစရာနေရာ ရှိနိုင်ပါတယ်"

"အလောင်းသန့်စင်ရေးဂိုဏ်းက နှစ်ပေါင်းများစွာ ငြိမ်သက်နေခဲ့တာပါ။ အခုလို သူတို့ရဲ့ ခြေရာလက်ရာတွေ ရုတ်တရက် ထွက်ပေါ်လာတာကို ကြည့်ရင်၊ အနီးအနားမှာ တစ်ယောက်တည်း ပုန်းနေတာလား ဒါမှမဟုတ် အုပ်စုလိုက် ပုန်းနေတာလားဆိုတာ ကျွန်တော်လည်း မသိဘူး"

ထိုစဉ် မြင်းခွာသံများက ခပ်သုတ်သုတ် ထွက်ပေါ်လာခဲ့ချေသည်။

ယင်းနောက် အများသုံးအလောင်းထားရာနေရာ၏ တံခါးကို အပြင်ဘက်မှ တွန်းဖွင့်လိုက်သံနှင့်အတူ...

လူတစ်ဒါဇင်ကျော်ခန့်သည် အထဲသို့ အပြေးဝင်ရောက်လာကြသည်။ ခေါင်းဆောင်ဖြစ်သူမှာ ခရမ်းရောင်ပိုးချည်ဝတ်ရုံကို ဝတ်ဆင်ထားပြီး အသက်နှစ်ဆယ့်ရှစ် သို့မဟုတ် နှစ်ဆယ့်ကိုးနှစ်ခန့်သာ ရှိပုံပေါ်သော်လည်း၊ သူ၏ သိုင်းပညာများက အဆင့်(၆) အထွတ်ထိပ်သို့ ရောက်ရှိနေပြီ ဖြစ်ပေသည်။

သူ၏ဘေးတွင် အရှေ့ဘက်စခန်းမှ တပ်မှူးနှစ်ဦးနှင့် အရှေ့ဘက်စခန်းမှ အရာရှိခုနစ်ဦးတို့က သူ့အား အကာအကွယ်ပေးထားကြသည်။ သူတို့က ရှောင်ပီလီနှင့် စွင်းဟူတို့ကို မြင်လိုက်ရသည်နှင့်တစ်ပြိုင်နက်၊

တပ်မှူးနှစ်ဦးသည် ဘယ်တစ်လှည့် ညာတစ်လှည့်ဖြင့် သူတို့နောက်ရှိ လူငယ်လေးကို အကာအကွယ် ပေးလိုက်ကြလေသည်။

တံခါးအပြင်ဘက်တွင်လည်း အဆင့်(၅) အထွတ်အထိပ် ကျွမ်းကျင်သူတစ်ဦးက သူ့အား လျှို့ဝှက်စွာဖြင့် အကာအကွယ်ပေးထားသေးချေသည်။

"စွင်းဟူ၊ မင်းက ဘာလို့ ဒီမှာ ရောက်နေတာလဲ" ခရမ်းရောင်ဝတ် သခင်လေး၏ နောက်တွင်ရှိနေသော ကျန်းဝူဆောင်မှ စီမံခန့်ခွဲသူတစ်ဦးက စွင်းဟူကိုမြင်လျှင် မျက်မှောင်ကြုတ်၍ မေးလိုက်သည်။

ယနေ့တွင် ကျင်းကျိုးမှ ဤမြင့်မြတ်သူသည် အဆိုပါဒေသ၌ အလောင်းသန့်စင်ရေးဂိုဏ်းမှ နတ်ဆိုးများ ရှိနေနိုင်သည်ဟု သံသယဖြစ်ဖွယ် သတင်းကို ကြားသိရပြီးနောက် လာရောက်ကြည့်ရှုရန် တောင်းဆိုခဲ့ခြင်း ဖြစ်ပေသည်။ ခန်းမဆောင်မှူးက သူ့အား ယင်းမြင့်မြတ်သူကို ဟွမ်လျှိုရွာသို့ ခေါ်ဆောင်ကာ လေ့လာကြည့်ရှုစေရန် ပြောကြားထားခဲ့သည်။

သို့သော် ဤနေရာ၌ စွင်းဟူနှင့် တွေ့ဆုံရလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။

စွင်းဟူသည် အလျင်အမြန် ဦးညွှတ်လိုက်ပြီးနောက် ပြန်ဖြေလာသည်။ "အစ်ကို ချန်က အလောင်းသန့်စင်ရေးဂိုဏ်းက နတ်ဆိုးတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ရတာပါ။ ကျွန်တော်က သဲလွန်စတစ်ခုခုများ ရှိနေမလားဆိုပြီး လာကြည့်တာပါ"

သူကိုယ်တိုင်သည် အဆင့်(၆) အစောပိုင်းအဆင့်တွင် ရှိနေသူတစ်ဦး ဖြစ်သော်ငြားလည်း၊ အရှေ့ဘက်စခန်းမှ အရာရှိများကို သူ စော်ကား၍ မရနိုင်ပေ။ အကယ်၍ သူသာ အရှေ့ဘက်စခန်း၏ ပစ်မှတ်ထားခြင်းကို ခံလိုက်ရပါက၊ သူ၏ အသက်ကို မဆုံးရှုံးရလျှင်တောင်မှ အနည်းဆုံးတော့ အရေခွံတစ်လွှာ ဆုံးရှုံးသွားရမည်မှာ အသေအချာပင် ဖြစ်တန်ရာ၏။

"သဲလွန်စတွေကို လာရှာတာဟုတ်လား" ခရမ်းရောင်ဝတ် သခင်လေးက သူ၏ လက်ထဲရှိ ယပ်တောင်ကို ခါရမ်းလိုက်ကာ မထီမဲ့မြင် ပြုံးရယ်၍ ပြောလိုက်သည်။ "မင်းက သဲလွန်စတွေကို လာဖျက်ဆီးတာလို့ ငါထင်တယ်"

"မင်းက စောစောလည်း မလာဘူး နောက်လည်း မကျဘူး၊ ငါ လာရောက်စုံစမ်းမယ့်အချိန်ကျမှ အတိအကျ ပေါ်လာတာပါလား"

"မင်းက အဲဒီအလောင်းသန့်စင်ရေးဂိုဏ်းက နတ်ဆိုးရဲ့ ကြံရာပါပဲ"

ကျန်းဝူဆောင်မှ စီမံခန့်ခွဲသူက အလျင်အမြန် ဝင်ပြောလိုက်သည်။

"သခင်လေး၊ သခင်လေး အထင်လွဲနေပါပြီ"

ခရမ်းရောင်ဝတ် သခင်လေးက သူ၏ လက်ကိုဝှေ့ယမ်းလိုက်ပြီး ခံစားချက်ကင်းမဲ့စွာ ပြောလာသည်။ "အထင်လွဲတာ ဟုတ်မဟုတ်ဆိုတာကို ငါတို့ရဲ့ အရှေ့ဘက်စခန်း အကျဉ်းထောင်ကို မင်းတို့ တစ်ခေါက်လောက် လိုက်လာမှပဲ သိရတော့မယ်"

"အိမ်ရှေ့မင်းသား(ခြောက်)က ငါ့ကို ကျန်းနန်ပြည်နယ်ဆီ စေလွှတ်ပြီး သွေးဝတ်ရုံခန်းမဆောင်က လူသတ်သမားတွေကို ဝိုင်းဝန်းနှိမ်နင်းခိုင်းခဲ့တယ်။ ဒါပေမဲ့ သွေးဝတ်ရုံခန်းမဆောင်က လူတွေကို မတွေ့ရဘဲ ဒီလိုကောင်းမွန်တဲ့ အကျိုးအမြတ်မျိုးကို ရလိမ့်မယ်လို့ ငါ မမျှော်လင့်ထားခဲ့ဘူး"

ထိုသို့ပြောပြီးနောက်၊ ခရမ်းရောင်ဝတ် သခင်လေးသည် ကျန်းဝူဆောင်မှ စီမံခန့်ခွဲသူကို ကြည့်ကာ အေးစက်စက် လေသံဖြင့် ဆိုသည်။ "ခုနလေးတင် မင်းက သူ့အတွက် တောင်းပန်ပေးချင်နေတာလား"

"ဒါမှမဟုတ် မင်းကရော အလောင်းသန့်စင်ရေးဂိုဏ်းနဲ့ ပတ်သက်ဆက်နွှယ်နေတာလား"

ကျန်းဝူဆောင်မှ စီမံခန့်ခွဲသူသည် ဒူးထောက်ချလိုက်သည်။ "သခင်လေး၊ ကျေးဇူးပြုပြီး နားလည်ပေးပါ"

"စွင်းဟူရဲ့ လုပ်ရပ်တွေက သံသယဖြစ်စရာကောင်းပြီး၊ သူက အလောင်းသန့်စင်ရေးဂိုဏ်းက နတ်ဆိုးတွေနဲ့ ပတ်သက်ဆက်နွှယ်နေဖို့ များတယ်လို့ ကျွန်တော်လည်း ခံစားရပါတယ်"

ရှောင်ပီလီက မျက်လုံးများကို အနည်းငယ်ကျဉ်းမြောင်းသွားစေလိုက်ရင်း၊ ခရမ်းရောင်ဝတ် သခင်လေးကို ကြည့်ကာ မေးလိုက်သည်။ "ခုနက မင်းပြောလိုက်တာ၊ ကူးယွီနယ်‌မြေကို လာဖို့အတွက် မင်းက ဘယ်သူ့အမိန့်ကို နာခံနေတာလဲ"

All Chapters