← Chapters

အခန်း ၁၀၇

Vol. 7 Ch. 107

အခန်း ၁၀၇

Vol. 7 Ch. 107

အခန်း(၁၀၇) ငါ ဒီကို ကျင့်ကြံမှုအမှတ်တွေ လာစုတာ

“ဘာတဲ့လဲ”

အလောင်းထားရာခန်းမထဲကလူတွေအားလုံး ရှောင်ပီလီ ပြောလိုက်တဲ့စကားကို ကြားလိုက်ရတဲ့အခါ မိန်းမောတွေဝေသွားကြသည်။

ခရမ်းရောင်ဝတ်ရုံနဲ့ သခင်လေးဘေးမှာ ရပ်နေတဲ့ အရှေ့ဘက်စခန်းမှ တပ်မှူးက မထီမဲ့မြင် ပြုံးလိုက်ပြီး “သခင်လေး ကျန့်ယောင်ကို အိမ်ရှေ့မင်းသား(ခြောက်)က အထူးမျက်နှာသာပေးထားတာ ဘယ်သူမသိဘဲနေမလဲ။ ငါတို့တွေဟာ အိမ်ရှေ့မင်းသား(ခြောက်)ရဲ့ အမိန့်နဲ့ သွေးဝတ်ရုံခန်းမဆောင်မှ ဓားပြတွေကို ရှင်းထုတ်ဖို့ ကျန်းနန်ပြည်နယ်ကို လာခဲ့တာကွ” ဟု ဆိုသည်။

“မင်းက ဧရာမဝိညာဉ်ဂိုဏ်းကများလား”

ကျန့်ယောင်ကလည်း ရှောင်ပီလီကို စိတ်ဝင်တစားနဲ့ ကြည့်နေသည်။ ဒီလူငယ်လေးဟာ သူ့ထက် ၇ နှစ်၊ ၈ နှစ်လောက် ငယ်ပုံပေါက်ပြီး ကျောမှာလည်း လက်နက်တစ်ခုခု ထည့်ထားပုံရတဲ့ ထူးဆန်းတဲ့ သေတ္တာတစ်လုံးကို လွယ်ထားသည်။ သူ့ရဲ့ဟန်ပန်ဟာ သာမန်လူတွေနဲ့ မတူဘဲ ထူးခြားနေသည်။

ဒီလူက အိမ်ရှေ့မင်းသား(ခြောက်) လက်အောက်ခံ သိုင်းလောက အင်အားစုတစ်ခုခုက လူငယ်တစ်ယောက်များ ဖြစ်နေမလား။

မလိုလားအပ်တဲ့ ပဋိပက္ခတွေ မဖြစ်အောင် သူက သေချာအောင် မေးမြန်းရပေတော့မည်။

ရှောင်ပီလီ ခေါင်းခါလိုက်ပြီး “ငါက ဧရာမဝိညာဉ်ဂိုဏ်းက မဟုတ်ဘူး” ဟု ပြောသည်။

“ဒါပေမဲ့ အိမ်ရှေ့မင်းသား(ခြောက်)နဲ့တော့ ငါ့မှာ မကျေနပ်စရာ အနည်းငယ် ရှိတယ်”

ရှိနေတဲ့သူတွေအားလုံး ထိတ်လန့်သွားကြပြီး စွင်းဟူဆိုရင်တော့ ကြောက်လွန်းလို့ ကိုယ်ခန္ဓာတွေ တုန်ယင်နေကာ သေမလို ဖြစ်နေတော့သည်။

အရှေ့ဘက်စခန်းရဲ့ နည်းလမ်းတွေက ရက်စက်လွန်းလှသည်၊ ဒီတစ်ခါတော့ သူ တကယ်ပဲ ဒုက္ခအကြီးကြီး ရောက်ပြီ။

သူ သေရုံတင်မကဘဲ သူ့မိသားစုပါ အကုန်လုံး ပျက်စီးသွားလိမ့်မည်။

“မကျေနပ်စရာ ဟုတ်လား” ကျန့်ယောင်ဘေးမှာ ရပ်နေတဲ့ အရှေ့ဘက်စခန်းမှ တပ်မှူးက အရင်ဆုံး ပြန်ပြောလာပြီး “မင်းက ဘယ်ကောင်မို့လို့ အိမ်ရှေ့မင်းသား(ခြောက်)နဲ့ မကျေနပ်စရာ ရှိရမှာလဲ…” ဟု အော်လိုက်သည်။

ဘုန်း။

သူ စကားတောင် မဆုံးသေးခင်မှာပဲ သူ့ခေါင်းက ပြင်းထန်တဲ့ လက်ချောင်းစွမ်းအင်နဲ့ ပေါက်ကွဲထွက်သွားပြီး ပတ်ဝန်းကျင်ကလူတွေဆီကို သွေးတွေ စင်သွားသည်။

ခေါင်းမရှိတော့တဲ့ အလောင်းက မြေပေါ်ကို ပြိုလဲကျသွားသည်။

“ကျင့်ကြံမှုအမှတ် +၂၀၀၀”

ကျန့်ယောင်ရဲ့ မျက်နှာက ဖြူဖျော့သွားပြီး မျက်လုံးထဲမှာ ကြောက်ရွံ့မှုတွေနဲ့ ပြည့်နှက်နေကာ အစောပိုင်းက ဟန်ပန်တွေက လုံးဝပျောက်ကွယ်သွားသည်။

သူက ကျန်းဝူဆောင်ရဲ့ ဂိုဏ်းကြီး ၅ ဂိုဏ်းထဲက ကျန့်မိသားစုရဲ့ တိုက်ရိုက်ဆင်းသက်သူတစ်ဦး ဖြစ်သည်။ ကျန့်မိသားစုက အိမ်ရှေ့မင်းသား(ခြောက်)ဆီမှာ သစ္စာခံထားတာ ကြာပြီဖြစ်ပြီး သူက မြို့တော်မှာပဲ နေနေကျဖြစ်သည်။

ဒီတစ်ခါ သူနဲ့အတူ လိုက်လာတဲ့ အရှေ့ဘက်စခန်းမှ တပ်မှူးနှစ်ယောက်လုံးက အဆင့်(၆) အထွတ်အထိပ် ကျွမ်းကျင်သူတွေ ဖြစ်သည်။ သူတို့ရဲ့ ကျင့်စဉ်အဆင့်က သူ့နဲ့ အတူတူလောက် ဖြစ်ပေမဲ့ တိုက်ပွဲအတွေ့အကြုံကတော့ သူ့ထက် အများကြီး သာလွန်သည်။

ဒါပေမဲ့ အခုတော့… သူ့ရှေ့ကလူက ဘယ်လိုတိုက်ခိုက်လိုက်မှန်းတောင် မသိလိုက်ရဘဲနဲ့ တပ်မှူးတစ်ယောက် သေသွားပြီလား။

ကျန့်ယောင်က ရှောင်ပီလီကို ကြည့်ပြီး အသံတွေ တုန်ယင်စွာနဲ့ပဲ “မင်း… အဓိပ္ပါယ်မရှိတာတွေ မလုပ်နဲ့။ ငါက ကျန်းဝူဆောင်က ကျန့်မိသားစုကွ။ မင်း ငါ့ကို သတ်လိုက်ရင် ငါ့မိသားစုက မင်းကို ဘယ်တော့မှ လက်လွှတ်မှာ မဟုတ်ဘူး” ဟု ပြောသည်။

“မင်းသာ ကျန်းဝူဆောင်ရဲ့ ဝရမ်းပြေးစာရင်းဝင်သွားရင် ဘယ်တော့မှ ငြိမ်းချမ်းမှု ရမှာ မဟုတ်ဘူး”

“မင်း…”

ကျန့်ယောင် ခြိမ်းခြောက်စကားတွေ မဆုံးခင်မှာပဲ လက်တစ်ဖက်က သူ့လည်ပင်းကို တင်းတင်းကျပ်ကျပ် ညှစ်ထားလိုက်သည်။

အသက်ရှူရ ကြပ်လာတဲ့အတွက် သူ့မျက်နှာပေါ်က ကြောက်ရွံ့မှုတွေက ပိုပြီး ပေါ်လွင်လာသည်။

ဒါပေမဲ့ ဒီအချိန်မှာပဲ၊

ဘုန်း။

အလောင်းထားရာခန်းမရဲ့ ပြတင်းပေါက် ပေါက်ကွဲသွားပြီး လူတစ်ယောက် ဝင်လာသည်။ မျက်စိတစ်မှိတ်အတွင်းမှာပဲ ရှောင်ပီလီရဲ့ လည်ပင်းကို ဓားရောင်ခြည်က ချိန်ရွယ်လိုက်သည်။

အလောင်းထားရာခန်းမ အပြင်ဘက်မှာ ကျန့်ယောင်ကို တိတ်တဆိတ် ကာကွယ်ပေးနေတဲ့ အဆင့်(၅) ကျွမ်းကျင်သူက တိုက်ခိုက်လိုက်တာဖြစ်သည်။

ဒါပေမဲ့ အခု ရှောင်ပီလီရဲ့ ရှေ့မှာတော့ အဆင့်(၅) ဆိုတာ ဘာမှမဟုတ်တော့ပေ။

ဓားရောင်ခြည် ရောက်လာတဲ့အချိန်မှာပဲ၊

ကျောက်စိမ်းလို လက်ချောင်းနှစ်ချောင်းက ဓားဖျားကို တင်းတင်းကျပ်ကျပ် ညှပ်ထားလိုက်သည်။

လက်ကို အသာလေး လှုပ်ရှားလိုက်တာနဲ့ ဓားဖျားက ကျိုးသွားသည်။

ပြီးတော့ ဓားဖျားက လျှပ်စီးလို ပျံထွက်သွားပြီး တိုက်ခိုက်သူရဲ့ ခန္ဓာကိုယ်ကို ဖောက်ထွက်သွားကာ နံရံကိုပါ ဖောက်သွားပြီး အလောင်းထားရာခန်းမ အပြင်ဘက် ဆယ်မီတာအကွာက သစ်ပင်ကြီးထဲမှာ စိုက်ဝင်သွားသည်။

“ကျင့်ကြံမှုအမှတ် +၄၀၀၀”

အပြင်ဘက်က ကျွမ်းကျင်သူ တိုက်ခိုက်တဲ့အချိန်ကနေ သေဆုံးတဲ့အချိန်အထိ စက္ကန့်ပိုင်းလေးပဲ ကြာလိုက်သည်။

ကျန်းဝူဆောင်နဲ့ အရှေ့ဘက်စခန်းက လူတွေအားလုံး ကြက်သေ သေသွားကြသည်။

“လင်ကုန်းဖုန်း ပါလား”

ကျန်နေတဲ့ တပ်မှူးရဲ့ အသံတွေ တုန်ယင်နေပြီး မြေပြင်ပေါ်က အလောင်းကို သူ ကောင်းကောင်း မှတ်မိလိုက်သည်။

အဲ့ဒါက အဆင့်(၅) အထွတ်အထိပ် ကျွမ်းကျင်သူလေ၊ ဒါကို ဒီလူရဲ့ တိုက်ကွက်တစ်ခုတည်းနဲ့ မခံနိုင်ဘူးလား။

ဒီလူက အပြင်ပန်း မြင်ရသလို ငယ်တာ မဟုတ်ဘဲ အသက်အရွယ်ကို ထိန်းထားနိုင်တဲ့ လူအိုကြီး ဖြစ်ရမယ်။

“ပြေးကြ”

ကျန်းဝူဆောင်မှ အုပ်ချုပ်သူက အော်လိုက်ပြီး သူကတော့ စစ်မှန်သော ချီစွမ်းအင်ကို စုစည်းကာ အလောင်းထားရာခန်းမရဲ့ အဝင်ပေါက်ဆီကို ချက်ချင်း ပြေးသွားသည်။

သူက သဘောကောင်းလို့ မဟုတ်ပါဘူး၊

ဒီလောက် ရက်စက်တဲ့ လူသတ်သမားနဲ့ ရင်ဆိုင်ရတဲ့အခါ သူတစ်ယောက်တည်း ပြေးရင် သူပဲ ပစ်မှတ် ဖြစ်သွားမှာမို့လို့ပါ။ အကုန်လုံး အတူတူပြေးရင် အလောင်းထားရာခန်းမ အပြင်ဘက်ကို ရောက်ပြီး မြင်းပေါ်တက်နိုင်ရင် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိပါသေးသည်။

အုပ်ချုပ်သူရဲ့ အော်သံကြောင့် တခြားလူတွေလည်း သတိပြန်ဝင်လာပြီး အပြင်ဘက်ကို ပြေးကြပြန်သည်။

ရှောင်ပီလီ အသံအသာလေး ထွက်လိုက်သည်။

သူက ခြေထောက်ကို ရွှေ့လိုက်ပြီး သေသွားတဲ့ အဆင့်(၅) ကျွမ်းကျင်သူရဲ့ ကျိုးနေတဲ့ ဓားကို ကန်လိုက်သည်။

ဓားက ပျံထွက်သွားသည်။

တံခါးအပြင်ဘက်ကို ပြေးထွက်သွားတဲ့ လူအုပ်ကို ဓားက ဖောက်ထွက်သွားသည်။ အရှိန်ကြောင့် သူတို့ခန္ဓာကိုယ်တွေ လွင့်စင်သွားပြီး မြေပြင်ပေါ်ကို ပြင်းပြင်းထန်ထန် ပြုတ်ကျသွားသည်။

ဓားမထိတဲ့ ၂ ယောက်၊ ၃ ယောက်ကတော့ ပြေးနေတုန်းပါပဲ။

ရှောင်ပီလီက ကျန့်ယောင်ကို တစ်ဖက်က ကိုင်ထားပြီး နောက်တစ်ဖက်ကို အသာလေး မြှောက်လိုက်တဲ့အခါ ကျောက်စရစ်ခဲလေးတွေ သူ့လက်ထဲ ရောက်လာသည်။

လေကို ဖောက်ထွက်သွားတဲ့ အသံတွေနဲ့အတူ အလောင်းထားရာခန်းမတစ်ခုလုံး တိတ်ဆိတ်သွားတော့သည်။

အပြင်ဘက်က သည်းကြီးမည်းကြီး ရွာနေတဲ့ မိုးသံကိုပဲ ကြားရတော့သည်။

“ကျင့်ကြံမှုအမှတ် +၅၀၀”

“ကျင့်ကြံမှုအမှတ် +၁၀၀၀”

“ကျင့်ကြံမှုအမှတ် +၂၀၀၀”

စွင်းဟူ ကြောက်လွန်းလို့ စကားတောင် မပြောနိုင်တော့ပေ။

အသက်ရှူချိန် အနည်းငယ်အတွင်းမှာပဲ လူတွေ ဒီလောက်တောင် သေသွားတာလား။

အဲ့ဒီထဲမှာ ကျန်းဝူဆောင်က အုပ်ချုပ်သူနဲ့ အရှေ့ဘက်စခန်းက အရာရှိတွေ ပါနေတာလေ။

ဒီတစ်ခါတော့ တကယ့်ကို ပြဿနာကြီးပဲ။

ရှောင်ပီလီ လက်ထဲမှာ ကိုင်ထားတဲ့ ကျန့်ယောင်က မျက်နှာဖြူဖျော့နေပြီး တစ်ကိုယ်လုံး တုန်ယင်နေကာ ကြောက်လွန်းလို့ သတိလွတ်နေပြီဖြစ်သည်။

'ဖုန်း' ဆိုတဲ့ အသံနဲ့အတူ ကျန့်ယောင်ကို ရှောင်ပီလီ မြေပေါ် ပစ်ချလိုက်သည်။

ကျန့်ယောင် မြေပေါ် ပြိုလဲကျသွားပြီး သူ့အောက်ကနေ အနံ့ဆိုးတွေ ထွက်လာသည်။

ရှောင်ပီလီ မျက်မှောင် အနည်းငယ် ကြုတ်လိုက်ပြီး တစ်လှမ်း နောက်ဆုတ်ကာ အေးစက်စက်နဲ့ “အိမ်ရှေ့မင်းသား(ခြောက်)က မင်းတို့ကို ကျန်းနန်ပြည်နယ်ကို ဘာကိစ္စနဲ့ လွှတ်လိုက်တာလဲ” ဟု မေးသည်။

“ကျန်းနန်ပြည်နယ်မှာရှိတဲ့ သွေးဝတ်ရုံခန်းမဆောင်ရဲ့ အခြေအနေက ဘယ်လိုလဲ”

ကျန့်ယောင် စကားမပြော။

'ဖြောင်း'

ကျန့်ယောင် ဘေးကို လွင့်စင်သွားသည်။

သူ သွားတွေနဲ့အတူ သွေးတစ်လုပ် ထွေးထုတ်လိုက်သည်။

ဒီလက်ဝါးချက်ကြောင့် ကျန့်ယောင် သတိပြန်ဝင်လာသည်။ ခန္ဓာကိုယ်က နာကျင်မှုနဲ့ ပါးစပ်က ပူစပ်နေတာကို လျစ်လျူရှုပြီး မြေပေါ်မှာ ချက်ချင်း ဒူးထောက်လိုက်ကာ တောင်းပန်လိုက်သည်။ “ဆရာကြီး၊ ကျွန်တော့်အသက်ကို ချမ်းသာပေးပါ”

“ကျွန်တော်တို့ ကျန့်မိသားစုက အိမ်ရှေ့မင်းသား(ခြောက်)ဆီမှာ သစ္စာခံထားလို့ အိမ်ရှေ့မင်းသားက ကျွန်တော့်ကို အတွေ့အကြုံ ရအောင် ရာထူးတစ်ခု ပေးလိုက်တာပါ။ ဧရာမဝိညာဉ်ဂိုဏ်းက သွေးဝတ်ရုံခန်းမဆောင်ရဲ့ ဌာနခွဲတစ်ခုကို ရှာတွေ့ထားပြီးသားမို့လို့ သူတို့ဝိုင်းပတ်ပြီး ရှင်းထုတ်ဖို့ ကျွမ်းကျင်သူတွေ နောက်ထပ် လိုနေတာပါ”

“ကျွန်တော်က ဂုဏ်ကျေးဇူးလေး ရမလားလို့ လာတာပါ”

“ဆရာကြီးနဲ့ အိမ်ရှေ့မင်းသား(ခြောက်)ကြားက ရန်ငြိုးက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး!”

“ဆရာကြီး၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို လေအဖြစ် သဘောထားပြီး လွှတ်ပေးပါ”

ရှောင်ပီလီ မျက်မှောင် ပိုပြီး ကြုတ်လိုက်သည်။

သွေးဝတ်ရုံခန်းမဆောင်က သတင်းတွေ ဘာလို့ ဒီလောက်တောင် ပေါက်ကြားနေရတာလဲ။

ဒီနေရာမှာ ပစ်မှတ်ထားခံရလိုက်၊ ဟိုနေရာမှာ ထပ်တွေ့လိုက်နဲ့။

ဒါပေမဲ့ သွေးဝတ်ရုံခန်းမဆောင်ရဲ့ စွမ်းအားက အရင်က ကြီးမားခဲ့ပေမဲ့ လွန်ခဲ့တဲ့ နှစ် ၉၀ က တိုက်ပွဲအပြီးမှာတော့ အရင်လို မဟုတ်တော့ပေ။

ထို့အပြင် ဒီလောကမှာ အင်အားအကြီးဆုံးက မဟာချန်မင်းဆက်ပါပဲ။

သွေးဝတ်ရုံခန်းမဆောင်အကြောင်း ချန်မင်းဆက် ဘယ်လောက်အထိ သိထားလဲဆိုတာပဲ သူ မသိတာပါ။

“သွေးဝတ်ရုံခန်းမဆောင်ရဲ့ ခံတပ်က ဘယ်မှာလဲ” ရှောင်ပီလီ ထပ်မေးလိုက်သည်။

ကျန့်ယောင် အမြန်ဖြေသည်။ “ကျွန်တော် မသိပါဘူး”

“ကျွန်တော် ဧရာမဝိညာဉ်ဂိုဏ်းကိုတောင် မရောက်သေးတာပါ၊ ကျွန်တော့်အဆင့်နဲ့ ဒီလို လျှို့ဝှက်ကိစ္စကို ဘယ်လိုလုပ် သိမှာလဲ”

ဘုန်း။

ကျန့်ယောင်ရဲ့ နဖူးမှာ သွေးထွက်နေတဲ့ အပေါက်တစ်ခု ပေါ်လာပြီး သူ့မျက်လုံးထဲမှာ မကျေနပ်မှုတွေနဲ့အတူ မြေပေါ် ပြိုလဲသွားသည်။

“ဒါမသိ၊ ဟိုမသိဆိုရင် မင်းက ဘာအသုံးဝင်တော့မှာလဲ”

'ဖုန်း' ဆိုတဲ့ အသံနဲ့အတူ စွင်းဟူလည်း ဒူးထောက်လိုက်ပြီး “ဆရာကြီး၊ ကျွန်တော့်ကို အသက်ချမ်းသာပေးပါ”

“ကျွန်တော် ဘာမှမပြောဘူးလို့ ကတိပေးပါတယ်”

ရှောင်ပီလီ စွင်းဟူကို လျစ်လျူရှုလိုက်ပြီး အလောင်းထားရာခန်းမ အပြင်ဘက်ကို ကြည့်ကာ အေးစက်စက်နဲ့ “မင်းက ဒီလောက်ကြာအောင် ကြည့်နေတာ ဘာလို့ အခုထိ မထွက်လာသေးတာလဲ” ဟု ပြောသည်။

“ဟီးဟီးဟီး” အလောင်းထားရာခန်းမ အပြင်ဘက်ကနေ ထူးဆန်းတဲ့ ရယ်သံတစ်ခု ထွက်လာပြီး ဒူးထောက်နေတဲ့ စွင်းဟူရဲ့ အရိုးထဲအထိ ချမ်းတက်သွားသည်။

အရိပ်မည်းတစ်ခုက တစ္ဆေလိုမျိုး အလောင်းထားရာခန်းမ အဝင်ပေါက်မှာ ပေါ်လာသည်။ သူက ဆံပင်တွေ ရှုပ်ပွနေပြီး မျက်နှာကိုလည်း သေချာ မမြင်ရပေ။

အရိပ်မည်းက အလောင်းထားရာခန်းမ အဝင်ပေါက်မှာ ရပ်ပြီး ရှောင်ပီလီကို စိုက်ကြည့်ကာ ထူးဆန်းတဲ့ အသံနဲ့ ပြောလိုက်သည်။ “မင်းမှာ အိမ်ရှေ့မင်းသား(ခြောက်)နဲ့ ရန်ငြိုး ရှိတယ်ပေါ့”

“ငါတို့လည်း ကျန်းနန်ပြည်နယ်မှာ ဧရာမဝိညာဉ်ဂိုဏ်းကို ဒုက္ခပေးဖို့ ငွေယူထားတယ်”

“လူငယ်၊ မင်းရဲ့စွမ်းအားက မသေးဘူး၊ တိုက်ခိုက်ပုံကလည်း ငါ့ထက်တောင် နတ်ဆိုးလမ်းစဉ်နဲ့ ပိုတူနေသေးတယ်။ ငါတို့တွေ ဧရာမဝိညာဉ်ဂိုဏ်းကို ရှင်းဖို့ ပူးပေါင်းကြမလား”

ရှောင်ပီလီ ခေါင်းခါလိုက်သည်။ “ပူးပေါင်းဖို့ မလိုဘူး”

“ဘာပဲပြောပြော ငါက ကျင့်ကြံမှုအမှတ်တွေ လာစုတာပဲ”

All Chapters