အခန်း ၁၃၇၂
Vol. 121 Ch. 1372
အခန်း ၁၃၇၂
အားကုန်း ခေတ္တမျှ မှင်တက်သွားပြီးနောက် ညည်းတွားလိုက်မိသည်။
“ငါ့မှာ စုစုပေါင်း ကုဗမီတာ ၁၀၀ ပဲ ရှိတာ။ အခုချက်ချင်း ပြန်ဆောက်ရတော့မှာလား။”
သို့သော်လည်း ကျွန်းအထိမ်းအမှတ်ကျောက်တိုင်က သူ့အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ပြုပြင်၍မရတော့ဟု တိုက်ရိုက် မဆုံးဖြတ်လိုက်ခြင်းကပင် အလွန်ကောင်းမွန်လှပြီဖြစ်သည်။
“မဟာမိတ်ခေါင်းဆောင် ကယ်ပါဦးကွာ...။ ငါ့ဘက်မှာ အနက်ရောင်ရွှေ ၈၂ ယူနစ် ထပ်လိုနေတယ်။”
အားကုန်းက သူတို့သုံးယောက် ဂရုချက်ထဲတွင် ချက်ချင်း အကူအညီ တောင်းလိုက်သည်။
“အနက်ရောင်ရွှေနက် ၁၀၀ - အခမဲ့လဲလှယ်ခြင်း။”
ကျူးဝူသည် အပိုစကားမပြောဘဲ အရောင်းအဝယ်မှုကို တိုက်ရိုက် စတင်လိုက်သည်။
အားကုန်းက ချက်ချင်း လက်ခံလိုက်ပြီးနောက် အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ပြုပြင်လိုက်တော့သည်။
ကယ်ဆယ်ရေးယာဉ်သည် မျက်စိတစ်မှိတ်အတွင်း ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။ အားကုန်းလည်း သက်ပြင်းချနိုင်သွားပြီး ကယ်ဆယ်ရေးယာဉ်ထဲရှိ အောက်ဆီဂျင်ကို ဖြည့်တင်းလိုက်ကာ ကယ်ဆယ်ရေးယာဉ်၏ စက်ရုပ်လက်တံကို သုံး၍ ဥက္ကာခဲကို တင်းကျပ်စွာ ဖမ်းကိုင်လိုက်ပြီးနောက် သူ၏ လက်ရှိအခြေအနေကို စတင်စောင့်ကြည့်လိုက်လေသည်။
“အခု အခြေအနေ ဘယ်လိုလဲ။”
ကျန်းယွင်ထျန်းက သုံးယောက်ဂရုထဲတွင် မေးလိုက်သည်။
“ကယ်ဆယ်ရေးယာဉ်ကို ပြုပြင်ပြီးပြီ။ ဥက္ကာခဲမိုးကို သုံးပြီး အခမဲ့ လိုက်စီးတာလည်း အောင်မြင်သွားပြီ။”
အားကုန်းက ပျော်ရွှင်စွာ ပြောလိုက်သည်။
“အခုအရှိန်အတိုင်းဆိုရင် နာရီဝက်အတွင်း မင်းရှိတဲ့နေရာကို ရောက်နိုင်လိမ့်မယ်။”
“ကောင်းတယ်။”
အရာအားလုံး အဆင်ပြေချောမွေ့နေသည်ကို မြင်သောအခါ ကျူးဝူက ဂရုထဲတွင် ပြောလိုက်သည်။
“ငါ တကယ်ပဲ မင်းတို့နှစ်ယောက်ကို အားကျမိတယ်။ မကြာခင် လူချင်း အပြင်မှာ တွေ့ရတော့မယ်။”
“ငါက ယောကျာ်းစစ်စစ်နော်။ ဘရိုးမန့်စ်တွေ ဘာတွေ မရှိဘူး။”
ကျန်းယွင်ထျန်းက ချက်ချင်း ပြန်ပြောလိုက်သည်။
“ကောင်းတယ်။ ငါလည်း တူတူပဲ။”
အားကုန်းကလည်း လိုက်ပြောသည်။
“ရပါတယ်။ မင်းတို့နှစ်ယောက်လုံးက ယောကျာ်းစစ်စစ်တွေဆိုတော့ ဓားချင်းပဲ ယှဉ်ခုတ်လိုက်ကြပေါ့။”
ကျူးဝူက ညစ်ညမ်းညမ်း ရယ်မောလျက် ပြောလိုက်သည်။
ကျန်းယွင်ထျန်းက မျက်လုံးလှိမ့်လိုက်မိ၏။
“မင်း တကယ်ပဲ အဲဒီလောက်တောင် ပျင်းနေရင် သွားအိပ်လိုက်တာက ပိုမကောင်းဘူးလား။”
“မအိပ်သေးဘူး။ ငါ ခဏနေရင် လုံးဝတိတ်ဆိတ်နေတဲ့ အာကာသဟင်းလင်းပြင်ကို ဖြတ်သန်းရတော့မှာ။ အဲဒီကျမှပဲ အိပ်တော့မယ်။”
ကျူးဝူက ပြန်ဖြေလိုက်သည်။ ကျန်းယွင်ထျန်း နည်းနည်း မှင်တက်သွား၏။
“မင်း အခြားဂလက်ဆီတွေကို ဖြတ်သန်းတော့မလို့လား။”
“အင်း...ဒီခရီးစဉ်မှာ ငါကြုံတွေ့ခဲ့ရတဲ့ ပတ်ဝန်းကျင်တွေက အတော်လေး များတယ်။”
ကျူးဝူက ပြန်ပြောလိုက်သည်။
“လွယ်တော့ မလွယ်ဘူး။”
သူတို့သုံးယောက် စကားစမြည် ပြောဆိုနေကြစဉ်မှာပင် နာရီဝက်အချိန်မှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့သည်။
“အစ်ကိုကျန်း...ငါ မင်းနဲ့ အရမ်းနီးကပ်နေပြီ ထင်တယ်။”
အားကုန်းးက ပြောလိုက်သည်။ ကျန်းယွင်ထျန်းက မြေပုံကို တစ်ချက်ကြည့်လိုက်၏။
“တကယ် အရမ်းနီးနေပြီ။ မင်းရဲ့ တွန်းကန်အားစနစ်ကို ဖွင့်ပြီး အရှိန်လျှော့လိုက်တော့။ သတိထားပြီး ဥက္ကာခဲကို ဘေးတစ်ဖက်ကို တွန်းထုတ်လိုက်။ ဥက္ကာခဲမိုးထဲမှာ ဆက်မနေနဲ့။”
“စိတ်မပူပါနဲ့။ ငါသာ ဥက္ကာခဲမိုးထဲမှာ ဆက်နေရင် အသားတုံးဖြစ်သွားမှာပေါ့။”
အားကုန်းက ရယ်ရင်းမောရင်း ပြောလိုက်သည်။
အားကုန်းသည် ကယ်ဆယ်ရေးယာဉ်၏ တွန်းကန်အားစနစ်ကို ဖွင့်လိုက်ပြီး ဥက္ကာခဲ၏ ရွေ့လျားမှု ဦးတည်ချက်ကို ပြောင်းလဲရန် ဘေးဘက်တွန်းကန်ဒုံးများကို အရင်ဖွင့်လိုက်သည်။
ဥက္ကာခဲသည် ကယ်ဆယ်ရေးယာဉ်ကို သယ်ဆောင်ကာ ဥက္ကာခဲမိုးဇုန်၏ အပြင်ဘက်သို့ ရောက်ရှိသွားပြီးနောက်တွင် အားကုန်းသည် ဆန့်ကျင်ဘက်တွန်းကန်ဒုံးများကို ဖွင့်ကာ ကယ်ဆယ်ရေးယာဉ်နှင့် ဥက္ကာခဲကို ဖြည်းညှင်းစွာ ရပ်တန့်လိုက်သည်။
ထိုအချိန်တွင် ကျန်းယွင်ထျန်းသည်လည်း ဥက္ကာခဲမိုးနှင့် ထိပ်တိုက်တိုးနေပြီဖြစ်သည်။ သူသည် သူ၏ အသေးစားအာကာသယာဉ်၏ ဘေးဘက်ကို သုံး၍ ဥက္ကာခဲများကို ကြားဖြတ်ဖမ်းယူရန် ကြိုးစားနေခဲ့သည်။
ဘုန်း
ကျန်းယွင်ထျန်းသည် ကျယ်လောင်သော အသံတစ်သံ ကြားလိုက်ရသော်လည်း အာကာသယာဉ်တစ်ခုလုံးကမူ တည်ငြိမ်နေဆဲပင်။
စစ်ဆေးကြည့်ပြီးနောက် ကျန်းယွင်ထျန်းသည် အာကာသယာဉ်၏ ပျက်စီးမှုမှာ မပြင်းထန်ကြောင်း တွေ့ရှိလိုက်ရပြီး ဝမ်းသာသွားခဲ့သည်။ အုတ်မြစ်ကျောက်နှင့် အနက်ရောင်ရွှေ အနည်းငယ်ရှိရုံဖြင့် ပျက်စီးမှုများကို လုံးဝ ပြန်လည်ပြုပြင်နိုင်သည်။
‘အာကာသယာဉ်ရဲ့ ကြံ့ခိုင်မှုက အရေးပေါ်ကယ်ဆယ်ရေးယာဉ်ထက် အများကြီး ပိုမြင့်မားပုံရတယ်။’
ကျန်းယွင်ထျန်းသည် စိတ်ထဲတွင် တွေးလိုက်ပြီးနောက် အလွန်အမင်း မကြီးမားသော ဥက္ကာခဲများကို စတင်ရှာဖွေကာ အာကာသယာဉ်၏ ဘေးဘက်အတောင်ပံများဖြင့် ကြားဖြတ်ဖမ်းယူလိုက်လေသည်။
ဥက္ကာခဲမိုး လုံးဝဖြတ်သန်းသွားချိန်တွင် ကျန်းယွန့်ထျန်းသည် ဥက္ကာခဲပေါင်း တစ်ရာနီးပါးကို ကြားဖြတ်ဖမ်းယူနိုင်ခဲ့သည်။
၎င်းတို့မှာ မကြီးမားသော်လည်း အရေအတွက်ကမူ အများအပြားပင်။
ဟုတ်ပါသည်...။ ထိုဥက္ကာခဲများကို ကြားဖြတ်ဖမ်းယူခြင်းကြောင့် ကျန်းယွင်ထျန်း၏ အသေးစားအာကာသယာဉ်ကို ပြန်လည်ပြုပြင်ရန် အနက်ရောက်ရွှေ ၂၁၈ ယူနစ် ကုန်ကျခဲ့၏။
“အားကုန်း... မင်းပဲ ငါ့ဆီ လာရှာလိုက်တော့။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ငါ့ဘက်မှာ ဥက္ကာခဲတွေ အတော်များများ ဖမ်းထားတာဆိုတော့ အားလုံးကို အဲ့ဘက်သယ်လာဖို့က အဆင်မပြေဘူး။”
“အင်း...မြေပုံအရဆိုရင် ငါတို့ကြားမှာ ကီလိုမီတာ နှစ်ရာ၊ သုံးရာလောက်ပဲ ကွာတော့တယ်။ အဲဒီကိုရောက်ဖို့ တစ်မိနစ်လောက်ပဲ ကြာလိမ့်မယ်။”
အားကုန်းက ပြန်ဖြေလိုက်သည်။
အရေးပေါ်ကယ်ဆယ်ရေးယာဉ်၏ အမြင့်ဆုံးအရှိန်သည် တစ်စက္ကန့်လျှင် ၈ ကီလိုမီတာအထိ ရောက်နိုင်ပြီး ၎င်းက အခြေခံအားဖြင့် ရှောင်းယီ အရင်က ရှိခဲ့သည့် စကြဝဠာရဲ့ ပထမမြန်နှုန်းပင်။
ယခုတွင် အားကုန်းက ဥက္ကာခဲအကြီးကြီးတစ်ခုကို သယ်ထားရသေးသည်မို့ သူ၏အရှိန်က အများကြီး ပိုနှေးနေသည်။
“ကောင်းပြီ။ ငါ ဒီမှာပဲ စောင့်နေမယ်။ အာကာသယာဉ်ရဲ့ အပြင်ဘက်မှာ အရေးပေါ်ကယ်ဆယ်ရေးယာဉ်တစ်စီး ချိတ်ထားတာ တွေ့ရင် အဲဒါ ငါပဲ။ မင်းရောက်လာရင် အရင်ဆုံး အတည်ပြုပြီးမှ အနားကို ကပ်ခဲ့။”
ကျန်းယွင်ထျန်းက သတိပေးလိုက်သည်။
“ဟုတ်ကဲ့။”
အားကုန်းက ပြန်ဖြေလိုက်သည်။ ကျန်းယွင်ထျန်းက ဂရုထဲမှာ ဆက်ပြောလိုက်သည်။
“ကျူးဝူ... ငါ့ဘက်မှာ အနက်ရောင်ရွှေ ၂၁၈ ယူနစ် လိုနေတယ်။”
ကျူးဝူသည် ချက်ချင်းပင် အနက်ရောင်ရွှေ ၃၀၀ ယူနစ်ကို ကျန်းယွင်ထျန်းဆီ ပို့ပေးလိုက်ပြီး မေးလိုက်သည်။
“မင်း ဥက္ကာခဲတွေ ဘယ်လောက်တောင် ကြားဖြတ်ဖမ်းလိုက်လို့ ပြုပြင်ဖို့ အနက်ရောင်ရွှေတွေ ဒီလောက်တောင် အများကြီး လိုရတာလဲ။ ဆုံးရှုံးမှု မများဖို့ပဲ မျှော်လင့်ရတယ်။”
“အများကြီး မဟုတ်ပါဘူး။ ကိုးဆယ်ကျော်ကျော်လောက်ပါပဲ။ တစ်ရာတောင် မပြည့်ဘူး။”
ကျန်းယွင်ထျန်းက ပြန်ဖြေလိုက်သည်။
“ဘာ... မင်းပြောချင်တာက အာကာသယာဉ်က အကြိမ်ပေါင်း ရာနီးပါး အတိုက်ခံရတာတောင် ပြုပြင်ဖို့ အနက်ရောက်ရွှေ ဒီလောက်လေးပဲ လိုတယ်ပေါ့ ဟုတ်လား။”
ကျူးဝူက အံ့ဩတုန်လှုပ်စွာ မေးလိုက်သည်။
“အင်း... ပြောရရင်တော့ အာကာသယာဉ်ရဲ့ ကာကွယ်ရေးစနစ်က အရေးပေါ်ကယ်ဆယ်ရေးယာဉ်ထက် အများကြီး ပိုကြံ့ခိုင်လို့ပဲ။”
ကျန်းယွင်ထျန်းက ရင်ထဲမှ သက်ပြင်းချရင်း ဆိုလိုက်သည်။
ထိုအချိန်တွင် အားကုန်းသည်လည်း ဂရုထဲက စကားများကို မြင်လိုက်ရ၏။ သူက အားငယ်စိတ်ပျက်စွာဖြင့် ပြောလိုက်သည်။
“ငါက စောစောက တစ်ကြိမ်ပဲ အတိုက်ခံရတာတောင် ပြုပြင်ဖို့ အနက်ရောင်ရွှေ ၁၀၀ လိုတယ်။ မင်းက အကြိမ်ပေါင်း တစ်ရာနီးပါး အတိုက်ခံရတာတောင် အနက်ရောင်ရွှေ ၂၀၀ ကျော်ပဲ လိုတယ် ဟုတ်လား။ ဒါက ကွာခြားချက်ကြီးပဲ။”
“အာကာသယာဉ်ရဲ့ ကာကွယ်ရေးစနစ်က အရမ်း ကြံ့ခိုင်တာပဲ။”
ကျူးဝူ သက်ပြင်းချလိုက်မိသည်။
“ငါ့အထင် သူဌေးတောင် ဒါကို သိမှာမဟုတ်ဘူး။”
“ကျွန်းပိုင်ရှင်အတွက် ဥက္ကာခဲတွေကို ပိတ်ဆို့ဖို့ အာကာသယာဉ်ကို သုံးစရာ လိုမှာမဟုတ်ပါဘူး။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။
“အစ်ကိုကျန်း... ငါ ရောက်ပြီ။ ငါ့ကို မြင်ရလား။”
အားကုန်းက ရုတ်တရက် မေးလိုက်သည်။
ကျန်းယွင်ထျန်း မော့ကြည့်လိုက်ရာ တစ်ကီလိုမီတာခန့် အကွာအဝေးတွင် မီးလုံးများဖြင့် လင်းလက်နေသော အရေးပေါ်ကယ်ဆယ်ရေးယာဉ်တစ်စီးကို ချက်ချင်း မြင်လိုက်ရသည်။
ထိုမီးလင်းသည့်ပုံစံက သူ အားကုန်းနှင့် သဘောတူထားသည့် စည်းမျဉ်းအတိုင်း ကွက်တိဖြစ်တာမို့ တစ်ဖက်လူဟာ ဧကန်မုချ အားကုန်းဖြစ်ကြောင်း သူ သေချာသွားခဲ့သည်။
ကျန်းယွင်ထျန်းသည်လည်း ထိုနည်းတူ စည်းမျဉ်းအတိုင်း ပြန်လည်အချက်ပြလိုက်ပြီးမှသာ အားကုန်းက အာကာသယာဉ်ရှိရာဆီသို့ ချဉ်းကပ်လာခဲ့သည်။
“အစ်ကိုကျန်း... မင်းရဲ့ အာကာသယာဉ်က အကြီးကြီးပဲ။ ဒီပစ္စည်းကို တကယ်ကြီး အသေးစားအာကာသယာဉ်လို့ ခေါ်တာ သေချာလို့လား။”
အနားကို ကပ်လာပြီးနောက် အားကုန်းသည် ဤအာကာသယာဉ်ကြီးမှာ အမှန်တကယ် ကြီးမားလွန်းလှကြောင်း တွေ့ရှိသွားခဲ့သည်။
“ဒါက တကယ် အသေးစားပဲ။ တကယ့် အာကာသယာဉ်အစစ်က ဒါထက်တောင် ပိုကြီးသေးတယ်။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ငါ အာကာသယာဉ် ဝင်ပေါက်ရဲ့ တခြားတစ်ဖက်မှာ ရပ်လိုက်မယ်။ ဟို ရေတွင်းနားက ရွာသားရဲ့ ကယ်ဆယ်ရေးယာဉ်နဲ့ မျက်နှာချင်းဆိုင် အချိုးကျနားမှာပဲ။”
အားကုန်းက ပြောလိုက်သည်။
“အင်း... ဥက္ကာခဲကို အရင် လွှတ်လိုက်ပါ။ ပြီးရင် စက်မှုလက်တံကို သုံးပြီး အာကာသယာဉ် အပြင်ဘက်နံရံက လက်ကိုင်ကွင်းကိုပဲ ဖမ်းကိုင်ထားလိုက်။”
ကျန်းယွင်ထျန်းက ညွှန်ကြားလိုက်သည်။
“ဟုတ်ကဲ့။”
သူတို့နှစ်ယောက် ဂရုထဲ၌ စိတ်အားထက်သန်စွာ ဆွေးနွေးနေကြသည်ကို မြင်သောအခါ ကျူးဝူ သက်ပြင်းချလိုက်မိသည်။
“မင်းတို့အားလုံး လူချင်း ဆုံမိသွားကြပြီပေါ့။ အင်း... ငါလည်း ဘယ်တော့မှ သူဌေးနဲ့ ဆုံနိုင်မှာပါလိမ့်။”
“စိတ်မပူပါနဲ့။ ကျွန်းပိုင်ရှင် ရှိနေတာပဲ။ မင်း အကြာကြီး စောင့်ရမှာ မဟုတ်ပါဘူး။”
ကျန်းယွင်ထျန်းက ပြုံးကာ ပြောလိုက်သည်။
အားကုန်း၏ အရေးပေါ်ကယ်ဆယ်ရေးယာဉ်သည် စက်မှုလက်တံကို သုံးပြီး အာကာသယာဉ် ဝင်ပေါက်၏ တခြားတစ်ဖက်မှာ မိမိကိုယ်ကို ပုံသေတွဲချိတ်လိုက်ပြီး ရေတွင်းနားက ရွာသား၏ ကယ်ဆယ်ရေးယာဉ်နှင့် ဘယ်တစ်စီး၊ ညာတစ်စီး ဖြစ်သွားကာ အပြင်သို့ ကားထွက်နေတဲ့ နားရွက်ကြီး နှစ်ဖက်အလားပင်။
“အားကုန်း... အထဲဝင် ကြည့်လိုက်။ ငါ အာကာသယာဉ်ရဲ့ ဝင်ပေါက်ကို ဖွင့်ပေးထားတယ်။ မင်း အချိန်မရွေး ဝင်လာလို့ရတယ်။”
ကျန်းယွင်ထျန်းက ပြောလိုက်သည်။
“ကောင်းပြီ။ ငါ အခုချက်ချင်း လာခဲ့မယ်။”