အခန်း ၁၃၇၇
Vol. 121 Ch. 1377
အခန်း ၁၃၇၇
ရှောင်းယီတွင် ပိုမိုအဆင့်မြင့်သော အောက်ဆီဂျင်ထုတ်လုပ်သည့် ကိရိယာ ရှိ၊ မရှိ လူတိုင်း ငြင်းခုံနေကြသည်ကို မြင်သောအခါ ကျန်းယွင်ထျန်းသည်လည်း အများသုံးချန်နယ်ထဲသို့ ဝင်ပြောလိုက်သည်။
“ငါတို့ ကျွန်းပိုင်ရှင်က အစ်ကိုကျူးကတစ်ဆင့် ငါ့ဆီကို ရေလျှပ်ခွဲကိရိယာတစ်ခု ပေးပို့ခဲ့တာ အမှန်ပဲ။ အခု ငါ့မှာ စုစုပေါင်း နှစ်ခု ရှိသွားပါပြီ။ [ရေလျှပ်ခွဲစက်] (B အဆင့်) ၂။”
ကျန်းယွင်ထျန်းသည် သူကိုယ်တိုင်လည်း ရိက္ခာသေတ္တာထဲမှ B အဆင့် ရေလျှပ်ခွဲစက်တစ်ခု ရထားဖူးပြီး ကျူးဝူ ယူလာပေးသည့် တစ်ခုနှင့် ပေါင်းလိုက်သောအခါ နှစ်ခု ဖြစ်သွားခြင်း ဖြစ်သည်။
“သေလိုက်စမ်း... တကယ်ကြီး ရေလျှပ်ခွဲကိရိယာ နှစ်ခုတောင် ရှိတာလား။ အဲဒါကလည်း B အဆင့်ကြီးတွေပဲ။”
“ဒါဆိုရင် ဆရာကြီး ထျန်းကျိယာက အစ်ကိုကျူးရဲ့ ဆရာကြီးနဲ့ တကယ် သိတာပေါ့။”
“အရင်ကတော့ ငါ မယုံခဲ့ဘူး။ ဒါပေမယ့် အခုကြည့်ရတာတော့ အမှန်ပဲ။”
“B အဆင့် ရေလျှပ်ခွဲစက်လား... ဆရာကြီးက ဒါကို ပြန်ရောင်းဦးမလား မသိဘူး။”
“မင်း ဘာတွေတွေးနေတာလဲ။ ဒီလောက် အရေးကြီးတဲ့အရာကို ဘယ်လိုလုပ် ပြန်ရောင်းမှာလဲ။”
“အစ်ကိုကျူး... မင်းလက်ထဲမှာ အစောကြီးကတည်းက ရေလျှပ်ခွဲစက် ရှိနေတာကို။ ဘာလို့ အဲဒါကိုသုံးပြီး ငါရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ်နဲ့ မလဲခဲ့တာလဲ။”
ကျူးဝူသည် သူ့ကို အဆင့်မြှင့်တင်ရေးကတ် ရောင်းခဲ့ဖူးသည့် အသက်ရှင်ကျန်ရစ်သူ၏ သတင်းစကားကို မြင်လိုက်ရ၏။ သူက ခေါင်းကို အသာခါယမ်းကာ ပြန်ဖြေလိုက်သည်။
“ဒီ B အဆင့် ရေလျှပ်ခွဲစက်က ဆရာကြီးက ထျန်းကျိယာဆီ ယူသွားပေးဖို့ ငါ့ကို အပ်ထားတဲ့အရာပဲ။ အတိအကျ ပြောရရင် ဒီပစ္စည်းက ငါပိုင်တာ မဟုတ်ဘူး။ ငါက ဘယ်လိုလုပ် မင်းနဲ့ လဲလို့ရမှာလဲ။”
တစ်ချိန်တည်းမှာပင် ကျူးဝူက စိတ်ထဲမှ ကြိတ်တွေးနေမိသည်။
‘ဒီလောက် ကောင်းတဲ့ စက်ပစ္စည်းကို ငါက မင်းနဲ့ လဲရမယ် ဟုတ်လား။ အိပ်မက်ပဲ မက်နေလိုက်။’
“အစ်ကိုကျူးက တကယ် ရိုးသားတာပဲ။ မင်းတို့က ဂလဲခ်ဆီ တစ်ခုတည်းမှာ ရှိနေကြတာလည်း မဟုတ်ဘူး။ မင်း ကြိုက်သလို စီမံလိုက်လို့ ရနေတာပဲ။”
“ဟုတ်တယ်။ မင်း အဲဒါကို ကိုယ်တိုင် သိမ်းထားလိုက်ရင်တောင် ရတယ်။ ဘာပဲဖြစ်ဖြစ် ဆရာကြီးက မင်းရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ဆီ လာနိုင်တာမှ မဟုတ်တာ။”
“အပေါ်က လူနှစ်ယောက်က တော်တော် အမြင်ကျဉ်းတာပဲ။ B အဆင့် စက်ပစ္စည်းတစ်ခုအတွက်နဲ့ ဆရာကြီးနဲ့ အဆင်မပြေဖြစ်မယ့် လမ်းကို ရွေးတာက လုံးဝ မတန်ဘူး။”
“မှန်တယ်။ အခု အစ်ကိုကျူးလက်ထဲမှာ အောက်ဆီဂျင်တွေ ဒီလောက်အများကြီး ရှိနေတယ်။ ဒီရေလျှပ်ခွဲစက် ရှိရှိ မရှိရှိ ဘာမှ ထူးခြားမနေဘူး။ ဒါကို ကိုယ်ပိုင်အဖြစ် သိမ်းပိုက်ထားစရာ လုံးဝ မလိုဘူး။”
“ဟုတ်တယ်...။ ဆရာကြီးဆီမှာ ဒီထက်ကောင်းတဲ့ ပစ္စည်းတွေ အများကြီး ရှိတယ်။ ဒီလို သေးငယ်တဲ့ ကိစ္စလေးတစ်ခုကြောင့်နဲ့ ဆရာကြီးရဲ့ အမြင်မကြည်အဖြစ်မခံသင့်တာတော့ အမှန်ပဲ။”
“B အဆင့် စက်ပစ္စည်းတစ်ခုဆိုရင် တော်တော်လေး အဆင့်မြင့်နေပြီလို့ ငါ ခံစားရတယ်။ အခုအချိန်မှာ B အဆင့် စက်ပစ္စည်းတစ်ခု ရှိနေရင် အစောပိုင်းကာလတွေမှာ အားသာချက် အလုံအလောက် တည်ဆောက်ထားနိုင်ပြီ။ ဆရာကြီး သိသွားတဲ့အချိန်ကျရင် ငါတို့က တိုးတက်နေပြီလေ။ အဲဒီအချိန်ကျရင် တခြားဂလက်ဆီတစ်ခုထဲကို သွားပုန်းနေလိုက်ရင် ဆရာကြီးလည်း ငါတို့ကို လုံးဝ ရှာတွေ့နိုင်မှာ မဟုတ်တော့ဘူး။”
“မင်းတို့က အဝေးကြီး တွေးလွန်းနေတာပဲ။ ရိက္ခာသေတ္တာတွေထဲကနေ ဘယ်လိုစက်ပစ္စည်းတွေ ထွက်လာနိုင်လဲဆိုတာ မင်းတို့ မသိဘူးလား။ အကယ်၍ ခြေရာခံကိရိယာတစ်ခုခု ထွက်လာရင်ကော။”
“ခြေရာခံကိရိယာ မရှိရင်တောင် ဆရာကြီးဆီမှာ အဆင့်မြင့်ပစ္စည်းတွေ အများကြီး ရှိတယ်။ မင်း ဘယ်လောက်ပဲ ကောင်းကောင်း တိုးတက်ပါစေ၊ သူ့ထက်တော့ သာလာမှာ မဟုတ်ဘူး။ အကယ်၍ အဲဒီအချိန်ကျမှ သူက မင်းနောက်ကို တကယ် လိုက်ဖမ်းလာခဲ့ရင် မင်း သူ့ကို တကယ် မျက်ခြေဖြတ်နိုင်မယ် ထင်လို့လား။”
“ဟုတ်တယ်... အဲဒါကြောင့် ရိုးရိုးသားသားပဲ ဆရာကြီးရဲ့ ပေါင်ကို အမိအရဖက်ထားပြီး တခြား လမ်းမှားတွေကို မတွေးတာက အကောင်းဆုံးပဲ။”
ဂမ်မာဂလက်ဆီတွင်မူ ရှောင်းယီသည် ဒုတိယမြောက် ရိက္ခာသေတ္တာကို ဖွင့်လိုက်ပြီးဖြစ်သည်။ ၎င်းထဲတွင်လည်း အခြေခံအရင်းအမြစ်များသာ ပါရှိဆဲပင်။ သူသည် အားကိုးရာမဲ့စွာဖြင့် ယာဉ်မောင်းခန်းဆီသို့ ပြန်လည်လွင့်မျောလာခဲ့ပြီး အများသုံးချန်နယ်ကို ဆက်လက်စောင့်ကြည့်နေလိုက်သည်။
“ငါ့ဘက်မှာ ယာဉ်ငယ်တစ်စင်း တွေ့ထားတယ်။ အဲဒါက ငါ့ရဲ့အရှေ့ ညာဘက်တည့်တည့်မှာ ရပ်နေတယ်။”
“သောက်ကျိုးနည်း... ဒါဆို မင်း ဘာလို့ အခုထိ ထွက်မပြေးသေးတာလဲ။ တိုက်ခိုက်လာမှာကို သတိထား။”
“ဒီလေယာဉ်ငယ်က ခြိမ်းခြောက်မှုတစ်ခု မဟုတ်ဘူးလို့ ငါ ခံစားရတယ်။ အထဲမှာ အသိဉာဏ်ရှိတဲ့ သက်ရှိတွေ ရှိနေပုံမရဘူး။”
“မင်းက ဘယ်လို သိတာလဲ။”
“ဒီလေယာဉ်က အရမ်းသေးလွန်းတယ်။ လူတစ်ယောက်တောင် ဆံ့မှာ မဟုတ်ဘူး။ ပြီးတော့ ရောက်လာကတည်းက အဲဒီမှာပဲ ငြိမ်ငြိမ်လေး ရပ်နေတာ။ အကယ်၍ ငါ့ကို တိုက်ခိုက်ချင်ရင် အစောကြီးကတည်းက တိုက်ခိုက်ပြီးလောက်ပြီ။”
“ဒါက ထောက်လှမ်းရေးယာဉ်တစ်စင်း ဖြစ်နေနိုင်မလား။ အမြန် ထွက်ပြေးတော့။ ဒါမှမဟုတ်ရင် အခုချက်ချင်း ဖျက်ဆီးပစ်လိုက်။ အကယ်၍ အဲဒီထောက်လှမ်းရေးယာဉ်က မင်းရှိတဲ့နေရာရဲ့ ပုံရိပ်တွေကို နောက်ကြောင်းပြန် ပို့လိုက်ရင် နောက်ထပ် ရောက်လာမှာက အာကာသယာဉ်ကြီး ဖြစ်လိမ့်မယ်။”
“ယုတ္တိရှိတယ်။ ညီအစ်ကို... မြန်မြန် လှုပ်ရှားလိုက်တော့။”
“ငါ့ဆီမှာလည်း တစ်စီး ရှိတယ်။”
“ငါ့ဆီမှာလည်း တစ်စီး ရှိတယ်။”
အသက်ရှင်ကျန်ရစ်သူ အတော်များများက လေယာဉ်ငယ်များကို တွေ့ရှိရကြောင်း သတင်းပို့နေကြသည်ကို မြင်သောအခါ ရှောင်းယီ မျက်မှောင်ကြုတ်သွားပြီး မေးလိုက်သည်။
“အာကာသစက်ရုပ် ၁... ငါတို့ဘက်မှာကော လေယာဉ်တစ်စင်းစင်း တွေ့မိတာ ရှိလား။”
“လောလောဆယ်တော့ မရှိသေးပါဘူး။”
အာကာသစက်ရုပ် ၁ က ပြန်ဖြေလာခဲ့သည်။ သို့သော် သူ့အသံပင် မဆုံးသေးမီမှာပင် ဘေးနားရှိ အလင်းမျက်နှာပြင် ထောက်လှမ်းရေးစက်က ချက်ချင်းပင် သတိပေးချက် ထုတ်ပြန်လာခဲ့သည်။
“အမျိုးအမည်မသိ လေယာဉ်တစ်စင်း ချဉ်းကပ်လာနေကြောင်း စစ်ဆေးတွေ့ရှိရပါသည်။”
“ရောက်လာပြီပဲ။”
ရှောင်းယီသည် အလင်းမျက်နှာပြင် ထောက်လှမ်းစက်တွင် ပြသထားသည့် အရပ်မျက်နှာအတိုင်း အပြင်ဘက်သို့ ချက်ချင်း လှမ်းကြည့်လိုက်သည်။
အမှန်ပင်... လေယာဉ်တစ်စင်းသည် သူ၏ အာကာသယာဉ် အပြင်ဘက်တွင် ရပ်တန့်နေပြီးဖြစ်သည်။
“လူမဲ့ အာကာသထောက်လှမ်းရေးယာဉ် - အမျိုးအမည်မသိ ဂလက်ဆီများ၏ အခြေအနေများကို စုံစမ်းထောက်လှမ်းရန် အသုံးပြုသည်။ ထောက်လှမ်းရရှိသည့် အချက်အလက်များကို အချိန်နှင့်တပြေးညီ နောက်ကြောင်းပြန် ပေးပို့နိုင်သည်။”
စနစ်၏ အချက်ပေးချက်ကို မြင်လိုက်ရသောအခါ ရှောင်းယီက ချက်ချင်း အမိန့်ပေးလိုက်၏။
“အဲဒါကို အခုချက်ချင်း ဖျက်ဆီးပစ်လိုက်။”
တစ်ချိန်တည်းမှာပင် အသေးစားအာကာသယာဉ်ပေါ်ရှိ လေဆာအမြောက်သည် ချက်ချင်း ပစ်ခတ်လိုက်ပြီး ထိုလေယာဉ်ကို တိကျစွာ ထိမှန်သွားခဲ့သည်။
“ဒီလေယာဉ်က သိပ်ပြီး အသိဉာဏ်မရှိပုံပဲ။ လုံးဝကို ငြိမ်ပြီး အပစ်ခံတဲ့ အကောင်ပဲ။”
ရှောင်းယီက ရေရွတ်လိုက်ပြီးနောက် အာကာသချိတ်ကို အသုံးပြု၍ ပျက်စီးသွားသော ထောက်လှမ်းရေးယာဉ်ကို ဆွဲယူခိုင်းလိုက်သည်။
၎င်းကို ဆွဲယူပြီးနောက် ရှောင်းယီသည် ထိုအရာကို ဘေးဖယ်ထားလိုက်၏။ အကြောင်းမှာ ယခုလောလောဆယ် ၎င်းကို သူ ဘာမှ သုတေသန မလုပ်နိုင်သေးသောကြောင့် ဖြစ်သည်။ ထို့နောက် သူသည် ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ သွားကာ ပြောလိုက်သည်။
“လူတိုင်း မြင်နေရတဲ့ လေယာဉ်က လူမဲ့ အာကာသထောက်လှမ်းရေးယာဉ်ပဲ။ သူက ထောက်လှမ်းရရှိတဲ့ အခြေအနေတွေကို အချိန်နှင့်တပြေးညီ နောက်ကြောင်းပြန် ပေးပို့နိုင်စွမ်း ရှိတယ်။”
“လူတိုင်းပဲ အဲဒီထောက်လှမ်းရေးယာဉ်ကို တတ်နိုင်သမျှ အမြန်ဆုံး ရှင်းလင်းသင့်တယ်။ အကယ်၍ တစ်ဖက်လူက ငါတို့ရဲ့ အခြေအနေအားလုံးကို သိသွားရင် သူတို့ နောက်ထပ် လှုပ်ရှားမှုတွေ လုပ်လာနိုင်တယ်။”
“ဒီအကြောင်းကြောင့်ပဲ အရင်တုန်းက ငါတို့ဆီမှာ လက်နက်တွေ အများကြီး ပေါ်လာခဲ့တာ ဖြစ်လိမ့်မယ်။”
ရှောင်းယီ အများသုံးချန်နယ်၌ ထိုသတင်းစကားများကို ပေးပို့ပြီးနောက် လူတိုင်း ချက်ချင်းပင် ဆွေးနွေးငြင်းခုံလာကြတော့သည်။
“အမှန်ပဲ။ အားလုံးပဲ အဲဒီထောက်လှမ်းရေးယာဉ်ကို မြန်မြန် ရှင်းပစ်ကြ။”
“သေစမ်း... ငါ့ဆီကဟာက ရောက်နေတာ ကြာနေပြီ။ ဒါဆို ငါ့ရဲ့ အတွင်းခံဘောင်းဘီအရောင်ကိုပါ အဲဒါက မြင်သွားပြီလို့ ဆိုလိုတာလား။”
“ငါ မင်းကို အစောကြီးကတည်းက ဖျက်ဆီးပစ်ဖို့ အကြံပြုခဲ့သားပဲ။ မင်းက ခြိမ်းခြောက်မှု မရှိပါဘူးဆိုပြီး ငြင်းနေတာ။ အခုတော့ သိပြီ မဟုတ်လား။”
“ငါတော့ အဲဒါကို ဖျက်ဆီးပစ်လိုက်ပြီ။ ဒါပေမယ့် ဒီထောက်လှမ်းရေးယာဉ်က နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ်။ ဘယ်လို ရှောင်ရမှန်းတောင် မသိဘူး။”
“ငါ့ကျတော့ကော...။ ငါက အခုထိ လက်နက်တစ်ခုမှ မရသေးဘူး။ ပြီးတော့ ထောက်လှမ်းရေးယာဉ်က ငါ့ဘေးနား ကပ်နေတယ်လေ။”
“ဒါဆိုရင်တော့ မြန်မြန်သာ ထွက်ပြေးတော့။ ပြီးရင် မင်းနောက်ကို လိုက်လာ၊ မလိုက်လာ စောင့်ကြည့်လိုက်။”
“မလိုက်လာပါဘူး။ ငါ ခုနတင် ထောက်မ်းရေးယာဉ်ရဲ့ စောင့်ကြည့်မှု Range ထဲကနေ ထွက်ပြေးလာတာ၊ ငါ့နောက်ကို လိုက်မလာဘူး။”
“ဒါဆို တော်သေးတာပေါ့။ ကြည့်ရတာ ဒီစမ်းသပ်ချက်က ငါတို့ထဲက လက်နက်မရသေးတဲ့ လူတချို့ကို ထည့်တွေးပေးထားပုံရတယ်။”
“လက်နက်မရှိရင်တောင် အဲဒီထောက်လှမ်းရေးယာဉ်ကို ဖျက်ဆီးလို့ ရတယ်။”
“လက်နက်မရှိဘဲနဲ့ ဘယ်လိုဖျက်ဆီးမှာလဲ။”
“မင်းရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်နဲ့ပဲ တစ်ချက်တည်းဝင်တိုက်လိုက်လေ။ ငါ အခုလေးတင် တစ်စီးကို ဝင်တိုက်ပြီး ဖျက်ဆီးပစ်လိုက်ပြီ။ အရေးပေါ်ကယ်ဆယ်ရေးယာဉ်ကို ပြန်ပြင်ဖို့အတွက် အုတ်မြစ်ကျောက်နဲ့ အနက်ရောင်ရွှေ ဂဏန်းတစ်လုံးပဲ ကုန်တယ်။”
“ဒါ အကြံကောင်းပဲ။ ငါတို့ရဲ့ အရေးပေါ်ကယ်ဆယ်ရေးယာဉ်တွေကို စဉ်ဆက်မပြတ် ပြန်ပြင်လို့ရနေတာပဲ။ ဒီအားသာချက်ကို အပြည့်အဝ အသုံးချရမယ်။”
“ဆရာကြီး ပြောပုံအရဆိုရင် ထောက်လှမ်းရေးယာဉ်က အချက်အလက်တွေကို အချိန်နှင့်တပြေးညီ ပေးပို့နိုင်တယ်။ အဲဒါက ငါတို့ အခုချက်ချင်း ရှင်းလင်းပစ်လိုက်ရင်တောင် တစ်ဖက်လူက ငါတို့ရဲ့ အခြေအနေကို မြင်သွားပြီးပြီလို့ အဓိပ္ပာယ်ရတာပဲ။”
“ဟုတ်တယ်။ ဆိုလိုတာက တစ်ဖက်လူက သေချာပေါက် ရောက်လာတော့မှာပဲ။ ငါတို့နဲ့ ဘယ်လောက်ဝေးလဲ၊ ဒါမှမဟုတ် ထောက်လှမ်းရေးယာဉ်ရဲ့ အချက်အလက် ပေးပို့မှုက အချိန်ဘယ်လောက်ကြာလဲဆိုတာပဲ ငါတို့ မသိတာ။”
“ဒါကတော့ ကမ္ဘာ့စည်းမျဉ်းတွေက ဘယ်လို ကစားချင်လဲဆိုတာပေါ်မှာပဲ လုံးလုံး မူတည်လိမ့်မယ်။ ရန်သူက ငါတို့ ဘေးနားတင် ရှိနေတာလည်း ဖြစ်နိုင်တာပဲလေ။”