အခန်း ၁၃၇၉
Vol. 121 Ch. 1379
အခန်း ၁၃၇၉
“မင်းတို့ ယုံချင်ယုံ မယုံချင်နေ။ အတိအကျ ပြောရရင် ငါက ဥက္ကာခဲထဲကနေ ရတနာသေတ္တာတစ်လုံး တူးဖော်မိတာပဲ။ ပြီးတော့ ဒီပုံစံခွက်က အဲဒီရတနာသေတ္တာထဲမှာ ပါလာတာ။”
“အဲဒါ ပြီးခဲ့တဲ့ ဥက္ကာခဲမိုးရွာတုန်းက ကြားဖြတ်ဖမ်းမိတာလား။”
“ဟုတ်တယ်။ ဥက္ကာခဲမိုးရွာတုန်းက ဖမ်းမိတာ။”
“ဘယ်လောက်တောင် ကံကောင်းလိုက်သလဲကွာ။ သူကလွဲလို့ တခြား ရတနာသေတ္တာ ရတဲ့လူ ရှိသေးလား။”
“မရှိလောက်တော့ဘူး။ ဖြစ်နိုင်ခြေက အရမ်းနည်းလိမ့်မယ်။”
“ကံတရားဆိုတာ တကယ်ကို အားကျလို့မရတဲ့ အရာပဲ ဟူး...”
“ငါ သတိထားမိတာတော့ ဆရာကြီး ယီရန်ပင်းက တစ်ရှူးအစို တစ်ချပ်မှ ဝယ်ပုံမရဘူး။”
“ဒီလောက် အရောင်းအဝယ်တွေ အများကြီးကို မင်းက တစ်ခုချင်းစီ လိုက်စစ်နေတာလား။”
“ငါ ရှာကြည့်ပြီးပြီ။ ဆရာကြီး ယီရန်ပင်းရဲ့ နာမည်ကို ရှာမတွေ့ဘူး။ သူ လုံးဝ မဝယ်တာ သေချာတယ်။”
တစ်ရှူးအစို ရောင်းသည့်လူကိုယ်တိုင်ပင် ထွက်ပြောလာခဲ့သည်။
“ဆရာကြီးက တစ်ကိုယ်ရေသန့်ရှင်းရေးလုပ်စရာ မလိုဘူးလား။”
“လိုတာပေါ့ကွ။ ငါသံသယဖြစ်မိတာတော့ ဆရာကြီးဆီမှာ တစ်ကိုယ်ရေသန့်ရှင်းရေး လုပ်ဖို့ ပိုကောင်းတဲ့ နည်းလမ်း ရှိနေလို့ပဲ ဖြစ်ရမယ်။”
“ပိုကောင်းတဲ့ နည်းလမ်း ဟုတ်လား။ အာကာသရဲ့ ဆွဲငင်အားမဲ့ ပတ်ဝန်းကျင်မှာ တစ်ရှူးအစို ရှိနေတာတင် တော်တော်ကောင်းနေပြီ။ ဒီထက်ကောင်းတဲ့ နည်းလမ်း မရှိနိုင်လောက်တော့ဘူး။”
“ဟုတ်တယ်။ အခု လက်ဆေးရင် ရေဘောလုံးလေးထဲမှာပဲ ပွတ်နေရတယ်။ လုံးဝပြောင်တယ်လို့ မခံစားရဘူး။ ဒါပေမယ့်လည်း ဘာတတ်နိုင်မှာလဲ။”
“တော်ပြီ... ထပ်မပြောနဲ့တော့။ ငါ ဥက္ကာခဲတွေ မြန်မြန် သွားစုတော့မယ်။ ဒါဆို ငါလည်း ရတနာသေတ္တာတစ်လုံးလောက် ရချင်ရဦးမှာ။”
“ဒါဆိုရင်တော့ ကိုယ့်ကိုယ်ကိုယ် တစ်ရှူးနဲ့သုတ်ပြီး သွားအိပ်လိုက်ဖို့ ငါ အကြံပြုချင်တယ်။ အိပ်မက်ထဲမှာဆို မင်း အကုန်ရနိုင်တယ်။”
ရှောင်းယီ အချိန်ကို ကြည့်လိုက်ပြီး စိတ်ထဲမှ ရေရွတ်လိုက်မိသည်။
‘အခုလောက်ဆို ကျူးဝူလည်း အစ်ကိုကျန်းရဲ့ ဂလက်ဆီကနေ ထွက်ခွာလာလောက်ပြီ။’
ယခုအခါ ညနေ ၆ နာရီ ရှိနေပြီဖြစ်ပြီး ကျူးဝူသည် ကျန်းယွင်ထျန်း ရှိနေသည့် ဂလက်ဆီမှ လွန်ခဲ့သော တစ်နာရီကတည်းက ထွက်ခွာလာခဲ့ခြင်း ဖြစ်သည်။
ကျူးဝူသည် ယခုအချိန်တွင် အလွန်အမင်း အိပ်ငိုက်နေပြီ ဖြစ်သည်။ သူ မျက်စိမမှိတ်ရသည်မှာ နာရီပေါင်း နှစ်ဆယ်နီးပါး ရှိနေပြီဖြစ်သည်။
ပတ်ပတ်လည်ရှိ လုံးဝတိတ်ဆိတ်နေမှုကို ကြည့်ရင်း ကျူးဝူသည် သူ့ရင်ခွင်ထဲမှ ပိတ်စအရုပ်လေးကို တင်းကျပ်စွာ ပွေ့ဖက်လိုက်ပြီး အိပ်စက်ခြင်းအိတ်ထဲသို့ တိုးဝင်လိုက်တော့သည်။
‘ငါ နိုးလာတဲ့အချိန်ကျရင် သူဌေးရှိတဲ့နေရာကို ပြန်ရောက်နေပါစေလို့ပဲ မျှော်လင့်ရတော့မယ်။’
ရှောင်းယီ ဘက်တွင်လည်း သူသည် အာကာသစက်ရုပ် ၂ ကို ညွှန်ကြားနေခဲ့သည်။
“နောက် ၇ နာရီကြာရင် ငါ့ကို နှိုးလိုက်။”
“ဟုတ်ကဲ့ပါ ကျွန်းပိုင်ရှင်။”
အာကာသစက်ရုပ် ၂ က ပြန်ဖြေလိုက်သည်။ အာကာသစက်ရုပ် ၂ ကို မှာကြားပြီးနောက် ရှောင်းယီသည်လည်း အနားယူရန် အိပ်စက်ခြင်းအိတ်ထဲသို့ တိုက်ရိုက် တိုးဝင်လိုက်တော့သည်။
၇ နာရီ ကြာပြီးနောက် အာကာသစက်ရုပ် ၂ သည် ရှောင်းယီကို အချိန်မှန် နှိုးလိုက်၏။ ရှောင်းယီ မျက်နှာကို ခပ်သွက်သွက်ပွတ်သပ်ကာ ကျွန်းအထိမ်းအမှတ်ကျောက်တိုင်ဆီသို့ လာပြီး အဆက်အသွယ်စာရင်းကို ကြည့်လိုက်သည်။ ကျူးဝူ၏ နာမည်မှာ မီးခိုးရောင် ဖြစ်နေဆဲပင်။ ကြည့်ရသည်မှာ သူ ဤဂလက်ဆီသို့ ပြန်မရောက်သေးပုံပင်။
ရှောင်းယီ အနည်းငယ် စဉ်းစားပြီးနောက် ကောက်ပဲသီးနှံများကို ပြုစုစောင့်ရှောက်ရန် စိုက်ပျိုးရေးခန်းဆီသို့ လွင့်မျောသွားလိုက်သည်။
“တီ... လေးဆတိုး ရိတ်သိမ်းမှု အသက်ဝင်ပါပြီ။ ကြာမြင့်ချိန် ၂၄ နာရီ ဖြစ်ပါသည်။”
ရုတ်တရက် ထွက်ပေါ်လာသော စနစ်၏ အချက်ပေးသံကြောင့် ရှောင်းယီ အလွန်အမင်း ဝမ်းသာသွား၏။ သူ အချိန်ကို တစ်ချက်ကြည့်လိုက်ရာ ညသန်းခေါင်ကျော်ရုံသာ ရှိသေးသည်။
“လေးဆတိုးရိတ်သိမ်းမှုရဲ့ ပျော်ရွှင်မှုက ပြန်ရောက်လာပြီပဲ။”
ရှောင်းယီက ဝမ်းသာအားရ ပြောလိုက်သည်။
“စနစ်... လက်မှတ်ထိုးဝင်မယ်။”
“လက်မှတ်ထိုးဝင်ခြင်း အောင်မြင်ပါသည်။ ရရှိသော ဆုလာဘ် - ကြယ်တာရာချင်းကူးလူး ဆက်သွယ်ရေးကိရိယာ (SSS အဆင့်) ၂။”
“လေးဆတိုး ရိတ်သိမ်းမှုကို အသက်လိုက်ပါပြီ။ ရရှိသော ထောက်ပံ့ရေးပစ္စည်း - ကြယ်တာရာချင်းကူးလူး ဆက်သွယ်ရေးကိရိယာ (SSS အဆင့်) ၈။”
“ကြယ်တာရာချင်းကူးလူး ဆက်သွယ်ရေးကိရိယာ (SSS အဆင့်) - အကွာအဝေးကို ဥပေက္ခာပြု၍ ကြယ်တာရာချင်းကူးလူး ဆက်သွယ်မှု ပြုလုပ်နိုင်သည်။ အသုံးပြုရန်အတွက် အာကာသယာဉ် နှစ်စီးလုံးတွင် ဤဆက်သွယ်ရေးကိရိယာကို တပ်ဆင်ထားရန် လိုအပ်ပါသည်။”
‘အရမ်းကောင်းတယ်။ ဒါရှိရင် နောင်ကျ ငါ အစ်ကိုကျန်းနဲ့ တိုက်ရိုက် စကားပြောလို့ရပြီ။’
ရှောင်းယီ စိတ်ထဲမှ ကျိတ်၍ တွေးလိုက်မိသည်။ ထိုအချိန်တွင် အာကာသစက်ရုပ် ၂ လွင့်မျောလာခဲ့သည်။
“ကျွန်းပိုင်ရှင်... တစ်ယောက်ယောက်က သခင့်ဆီကို သီးသန့်စာ ပို့နေပါတယ်။” ဟု
ရှောင်းယီသည် ယာဉ်မောင်းခန်းဆီသို့ ချက်ချင်း ပြန်လည်လွင့်မျောသွားလိုက်၏။ ၎င်းမှာ အမှန်ပင် ကျူးဝူ ပေးပို့ထားသော သတင်းစကား ဖြစ်နေသည်ကို သူ တွေ့လိုက်ရသည်။
“သူဌေး... ကျွန်တော် ပြန်ရောက်ပြီ။”
ကျူးဝူက စိတ်လှုပ်ရှားစွာ ပြောလာ၏။
“နောက်ဆုံးတော့ မင်း ပြန်ရောက်လာပြီပဲ။ ကြည့်ရတာ အရင်က သုံးသပ်ထားတဲ့ စည်းမျဉ်းက အခုထိ အကျုံးဝင်နေတုန်းပဲထင်တယ်။”
ရှောင်းယီ ခေါင်းငြိမ့်ကာ ပြောလိုက်သည်။
“သူဌေး... ကျွန်တော် အုတ်မြစ်ကျောက်တွေနဲ့ အနက်ရောင်ရွှေတွေကို အစ်ကိုကျန်းဆီ အောင်အောင်မြင်မြင် လွှဲပေးခဲ့ပါပြီ။ သူလည်း အသေးစားအာကာသယာဉ်အဖြစ် အောင်အောင်မြင်မြင် အဆင့်မြှင့်တင်နိုင်ခဲ့ပါတယ်။”
ကျူးဝူက သတင်းပို့လိုက်သည်။ ကျူးဝူ ရရှိလာသော ရိတ်သိမ်းမှုများကို ရှောင်းယီထံသို့ လွှဲပြောင်းပေးလိုက်သည်။
“အနက်ရောင်ရွှေ ၃.၆၃ သန်း၊ အုတ်မြစ်ကျောက် ၆ သန်း၊ အရေးပေါ်ကယ်ဆယ်ရေးယာဉ် အဆင့်မြှင့်တင်ရေးကတ် ၁ - အခမဲ့လဲလှယ်ခြင်း။”
အလွန်များပြားသော ထောက်ပံ့ရေးပစ္စည်းများအား လွှဲပေးလာသည်ကို မြင်သောအခါ ရှောင်းယီ အနည်းငယ် မှင်တက်သွားခဲ့၏။
“မင်း အစ်ကိုကျန်းတို့ဘက်ကနေ ပစ္စည်းတွေ တော်တော်များများ ရိတ်သိမ်းလာနိုင်ခဲ့တာပဲ။”
“ဟုတ်ပါတယ်။ ကံကောင်းလို့ ကျွန်တော့်မှာ အဲဒီသိုလှောင်မှု ကြားခံစနစ် ရှိနေလို့ပေါ့။ မဟုတ်ရင် အနက်ရောင်ရွှေနဲ့ အုတ်မြစ်ကျောက်တွေကို ဒီလောက်အများကြီး သယ်လာနိုင်မှာ မဟုတ်ဘူး။”
ကျူးဝူက ပြုံးကာ ပြန်ဖြေလိုက်သည်။
“ဒါနဲ့... ဒီအဆင့်မြှင့်တင်ရေးကတ်က သုံးပြီးသား မဟုတ်ဘူးလား။”
ရှောင်းယီက သံသယဖြင့် မေးလိုက်သည်။
“ဒါက ကျွန်တော် အစ်ကိုကျန်းတို့ဘက်မှာ ရေသန့်စက်တစ်ခုနဲ့ လဲလှယ်ပြီး ရလာတာပါ။”
ကျူးဝူက ပြန်ပြောလိုက်သည်။
“ဘာကြီး...။ မင်းက ရေသန့်စက်တစ်ခုတည်းနဲ့ အဆင့်မြှင့်တင်ရေးကတ်တစ်ခုကို လဲလိုက်တယ် ဟုတ်လား။”
ရှောင်းယီ အလွန်အမင်း အံ့အားသင့်သွားရတော့သည်။