အခန်း ၁၀၆၄
Vol. 71 Ch. 1064
အခန်း (၁၀၆၄) ဓားကို ပုံသွင်းခြင်း။ ရှင်သန်ခြင်းနှင့် သေဆုံးခြင်း စမ်းသပ်မှု။ (၃)
ပန်းပဲဖိုရှေ့တွင် စူးချန်ခုန်းသည် ခန္ဓာကိုယ်အပေါ်ပိုင်း ဗလာကျင်းလျက် သူ့ရှေ့ရှိ သံတုံးကို စိတ်ပါလက်ပါ ထုနှက်နေသည်။ အဘယ်ကြောင့်မှန်းမသိ၊ သူ၏ စိတ်ထဲတွင် ငြိမ်းချမ်းမှုများ ပြည့်နှက်နေပြီး သံတုံးမှာ သူ၏ နှလုံးသားကဲ့သို့ပင် အညစ်အကြေးများ ကင်းစင်သွားကာ သံမဏိအဖြစ် ပြောင်းလဲသွားသကဲ့သို့ ခံစားရသည်။ ပုံသဏ္ဍာန်မရှိသော သံစများမှာ စူးချန်ခုန်း၏ လက်ချက်ဖြင့် ရတနာများအဖြစ် ပြောင်းလဲသွားသည်။
"ကိုကိုစူး... ရေသောက်ပါဦး"
နုပျိုလှပသော မိန်းကလေးငယ်တစ်ဦးက စူးချန်ခုန်းဆီသို့ ချဉ်းကပ်လာပြီး မက်မွန်သီးဖျော်ရည်အေး တစ်ခွက်ကို ရှက်ရွံ့စွာ ကမ်းပေးသည်။ ဤမြင်ကွင်းကို မြင်သောအခါ ပန်းပဲရုံရှိ လူအများမှာ မနာလိုစွာ ကြည့်ရှုကြပြီး အထူးသဖြင့် ကျိုးဖန်ဖေးမှာမူ မနာလိုမှုများနှင့် ဒေါသများ တောက်လောင်နေသည်။ သူမမှာ အိမ်တော်အရှင် ဘဏ္ဍာစိုး၏သမီး 'ယန်ယန်' ဖြစ်ပြီး ကြေးဝါ အိမ်တော်ရှိ လူငယ်များ၏ အိပ်မက်ဆန်သော မိန်းကလေးဖြစ်သည်။ သို့သော် သူမမှာ ရိုးသားပြီး တည်ငြိမ်သော စူးချန်ခုန်းကိုသာ အထူး သဘောကျနှစ်သက်သူ ဖြစ်သည်။
"အင်း" စူးချန်ခုန်းမှာ ရှက်ရွံ့သွားပြီး ခွက်ကိုယူကာ တစ်ချက်တည်း မော့သောက်လိုက်သည်။ ထို့နောက် သူ့ရှေ့ရှိ သံတုံးကို ဆက်လက် ထုနှက်သည်။ အကြိမ်ကြိမ် ထုနှက်ပြီးနောက် စူးချန်ခုန်း၏ လက်ထဲမှ အေးစက်ပြီး တောက်ပသည့် ဓားရှည်တစ်လက် ပေါ်ထွက်လာသည်။
"မဆိုးပါဘူး။ ကြေးဝါ အိမ်တော်ရဲ့ အိမ်တော်ရှင်နေရာက စူးချန်ခုန်းအတွက် သေချာနေပြီပဲ" ဟု လူအများက ထောက်ခံကြသည်။ ကျိုးဖန်ဖေး၏ စိတ်ထဲတွင်မူ မနာလိုမှုများက ပိုမို ပြင်းထန်လာသည်။
ကြေးဝါ အိမ်တော်တွင် စူးချန်ခုန်းမှာ အသက်အရွယ် ရင့်ကျက်လာပြီး အမျိုးသားတစ်ယောက် ဖြစ်လာသည်။ သို့သော် တစ်ခါတစ်ရံတွင် သူသည် မရှင်းပြနိုင်သော စိတ်အနှောင့်အယှက်များ ဖြစ်ပေါ်လာတတ်ပြီး သူ၏ ရှေ့ရှိ အရာအားလုံးကို ဖျက်ဆီးပစ်လိုသော ဆန္ဒများ ပေါ်လာတတ်သည်။
"ပန်းပဲထုရမယ်... ပန်းပဲ ဆက်ထုရမယ်။"
ပန်းပဲထုခြင်းမှာ စူးချန်ခုန်းအတွက် ထိုဆန္ဒများကို ထိန်းချုပ်နိုင်သည့် တစ်ခုတည်းသော နည်းလမ်း ဖြစ်သည်။
"ချွမ်း ချွမ်း ချွမ်း"
စူးချန်ခုန်းသည် သူ၏ ခံစားချက်များကို ပန်းပဲထုရင်း ထုတ်လွှတ်လိုက်သည်။ သံတုံးကို ထုနှက်သံမှာ သူ၏ နားထဲတွင် တေးဂီတကဲ့သို့ သာယာနေပြီး သူ၏ စိတ်ကို အနည်းငယ် ငြိမ်းချမ်းစေသည်။
အချိန်များ ကုန်ဆုံးသွားပြီး စူးချန်ခုန်း၏ ပန်းပဲအတတ်မှာ ပိုမို ကျွမ်းကျင်လာသည်။ ကြေးဝါ အိမ်တော်အတွင်း သူနှင့် ယှဉ်နိုင်မည့်သူ မရှိပေ။ လူများက စူးချန်ခုန်းကို ပိုမို လေးစားလာကြပြီး ယန်ယန်နှင့် သူ၏ ဆက်ဆံရေးမှာလည်း လက်ထပ်သည်အထိ ရောက်ရှိတော့မည် ဖြစ်သည်။
"စူးချန်ခုန်း၊ ဒီည ကြေးဝါ အိမ်တော်အပြင်က တောအုပ်လေးထဲမှာ ယောကျာ်းပီပီ ယှဉ်ပြိုင်ကြမယ်။ ရှုံးတဲ့သူက ယန်ယန်ကိုလက်လွှတ်ပြီး အိမ်တော်ကနေ ထွက်သွားရမယ်။"
တစ်နေ့တွင် မနာလိုဖြစ်နေသော ကျိုးဖန်ဖေးက စူးချန်ခုန်းကို စိန်ခေါ်လိုက်သည်။
"ငါ စိတ်မဝင်စားဘူး" စူးချန်ခုန်းမှာ ခေါင်းခါကာ ငြင်းပယ်လိုက်သည်။ ထိုသို့သော ကလေးဆန်သည့် စိန်ခေါ်မှုကို သူ စိတ်မဝင်စားပေ။
ထိုနေ့ညနေတွင် ကျိုးဖန်ဖေး၏ သတင်းကို ကြားလိုက်ရသည်။ အိမ်တော်ရှင်သည် ကျိုးဖန်ဖေး၏ လုပ်ရပ်များကို သိရှိသွားပြီးနောက် ပြင်းထန်စွာ အပြစ်ပေးလိုက်သည်။
ရက်အနည်းငယ်အကြာတွင် စူးချန်ခုန်းမှာ ကျိုးဖန်ဖေးကို ထပ်မတွေ့ရတော့ပေ။ ကျိုးဖန်ဖေးမှာ ကြေးဝါ အိမ်တော်တွင် မနေနိုင်တော့ဘဲ ဘယ်သူ့ကိုမျှ နှုတ်မဆက်ဘဲ ထွက်ခွာသွားသည်။
၎င်းမှာ စူးချန်ခုန်းအတွက်တော့ အသေးအဖွဲ ကိစ္စတစ်ခုသာ ဖြစ်သည်။ သူ၏ နေ့ရက်များမှာ ငြိမ်းချမ်းစွာ ကုန်ဆုံးနေပြီး လက်နက်ပြုလုပ်ခြင်းမှာ သူ၏ တစ်ခုတည်းသော အလုပ် ဖြစ်သည်။ သူ၏ လက်နက်ပြုလုပ်နိုင်စွမ်းမှာ ပိုမို ထူးချွန်လာပြီး နယ်နိမိတ်အနီးအနားအထိ ကျော်ကြားလာသည်။ အနီးအနားမှ သိုင်းသမားများပင် သူ့ထံတွင် လက်နက်ပြုလုပ်ရန် ရွှေအမြောက်အမြား ပေး၍ လာရောက်ကြသည်။
စူးချန်ခုန်းမှာ လက်နက်ပြုလုပ်ခြင်းတွင် ထူးချွန်ပြီး အထူးသဖြင့် ဓားပြုလုပ်ရာတွင် အလွန် ကျွမ်းကျင်သည်။ သူပြုလုပ်လိုက်သော ဓားများမှာ အလွန် ထက်မြက်ပြီး သံတုံးများကိုပင် ရွှံ့စေးကဲ့သို့ လွယ်ကူစွာ ဖြတ်တောက်နိုင်စွမ်း ရှိသည်။