မင်းမှာ အခွင့်အရေး တစ်ကြိမ် ထပ်ရှိမယ်
Vol. 81-85 Ch. 1224
*လောကအပြင်ဘက် ဟင်းလင်းပြင်ထဲကနေ ကြယ်တာရာတစ်လုံးကို ဆွဲခေါ်နိုင်တာက ဘယ်လို နည်းလမ်းကြီးလဲ*
*ဒါက ရှောင်နန်ရဲ့ နေလုံးပုံစံ ပြောင်းတာထက်အောင် ကြောက်စရာကောင်းသေးတယ်*
*ဘာလို့လဲဆိုတော့ ဒါကြီးက တကယ့် ကြယ်တာရာ အစစ်ကြီးလေ*
“မင်း … မင်း ဘယ်သူလဲ”
ယဲ့မိသားစု သွေးပျက်သွားသည်။
“မင်း … မင်း ဘယ်သူလဲ”
တစ်ဖက်လူက ဘာတစ်ခွန်းမှ မပြောဘဲ သူတို့ကို သတ်ခဲ့သည်။ သူ သတ်သည့်နည်းလမ်းကလည်း ကြယ်တာရာ တစ်လုံးကို ဆွဲယူ၍ သတ်သည့် နည်းလမ်း ဖြစ်နေ၏။
လက်ရှိအခြေအနေက စိုးရိမ်စရာ ကောင်းနေသဖြင့် သူတို့ မေးခွန်း မေးကိုမေးမှ ဖြစ်ပေတော့မည်။ အကယ်၍ သူတို့ မမေးပါက သူတို့၏ ဂုဏ်သတင်း ကျဆင်းသွားရလိမ့်မည်။
“ယဲ့ဘုရင်၊ သူက ယဲ့ဘုရင်ပဲ”
ရုတ်တရက် ယဲ့မိသားစုဝင်တစ်ယောက်က ကြောက်လန့်တကြား ထအော်လေသည်။
“သူ ဒီနည်းလမ်းမျိုး သုံးတာကို ငါ မြင်ဖူးတယ်၊ သူပဲ ဖြစ်ရမယ်၊ မမှားနိုင်ဘူး”
“ဘာ”
ရှောင်နန်နှင့် အခြားသူများ အမူအရာ ပြောင်းလဲသွားကြသည်။
*ဒီကောင်က ယဲ့ဘုရင် ဖြစ်နေတာလား*
ယဲ့ဖန်ကို မမြင်ဖူးကြသည့် ဖန်သားပြင်မှ ကြည့်နေသူတစ်ချို့လည်း ချက်ချင်း ဂနာမငြိမ် ဖြစ်လာကြသည်။ ယဲ့ဖန်က အလွန် ငယ်ရွယ်နေသဖြင့် မယုံသင်္ကာဖြစ်နေလေသည်။
“အဲ့ကောင် ရှောင်နန်ရှေ့မှာ ပေါ်လာရဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ ကြည့်ရတာ သူက ငကြောက် မဟုတ်ဘဲ အရူး ထင်တယ် ဟားဟားဟား”
“ဟားဟားဟား ဟုတ်တယ်၊ သူက အရူးပဲ၊ သူက အရူး မဟုတ်ရင် ဘာလို့ သူက ဒီလိုအတွေးရှိမှာလဲ”
“မင်းတစ်ယောက်တည်းအားနဲ့ ဘုရင် ခုနစ်ပါး၊ ရှစ်ပါးကို တစ်ပြိုင်တည်း တိုက်ကြည့်ပါလား”
“ရှောင်နန် သူ့ကို သတ်လိုက်၊ ငါတို့နဂါးမြို့တော်ရဲ့ ဂုဏ်သိက္ခာကို သက်သေပြလိုက်ကွာ”
သို့သော် တိုက်ရိုက်ထုတ်လွှင့်သည့် ဖိုရမ်များမှ မှတ်ချက်များက သနားစရာ ကောင်းလှသည်။ အဓိက ဖိုရမ်များမှ ပြန်ဖြေသော မှတ်ချက်များက အနည်းငယ်မျှသာ ရှိလေသည်။
တစ်ခဏအကြာတွင် တက်တက်ကြွကြွ ရှိနေသော လေထုက ဘာကြောင့်မှန်းမသိဘဲ တိတ်ဆိတ်လာ၏။
“လူတွေ ဘယ်ရောက်ကုန်တာလဲ၊ သူတို့အားလုံး အသတ်ခံလိုက်ရတာလား”
“ဟေ့ ငါ တိုက်ရိုက်ထုတ်လွှင့်တာကို ထောင်ချီတဲ့လူတွေနဲ့ အတူတူ ကြည့်နေတာလေ၊ ဘယ်လိုလုပ် ဒါဇင် လောက်လေးပဲ ကျန်တော့တာလဲ၊ ငါ တိုက်ရိုက်ထုတ်လွှင့်တဲ့ ဖိုရမ်အတုကြီးကို ရောက်နေတာလား”
“အားလုံးပဲ ယဲ့ဘုရင်ကို ကျိန်ဆဲကြဦးလေ၊ မင်းတို့ပဲ ခုနက ပျော်နေတာ မဟုတ်ဘူးလား၊ ဘာလို့ အသံ မထွက် တော့တာလဲ”
“ပင်လယ်နက်သခင်ရဲ့ တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်က နှောင့်ယှက်ခံလိုက်ရတယ် …”
“ယင်အဆိပ် အလောင်းဘုရင်ဟာရောပဲ၊ ခုနလေးတင် ငါ ပုံတွေ့လိုက်သေးတယ်၊ ငါ ခဏလေးပဲ သန့်စင်ခန်း သွားတာကို ဘာမှမရှိတော့ဘူး၊ တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်ထဲက လူတိုင်း ပြေးကုန်ပြီ”
“မဟုတ်မှလွဲရော …”
ရုတ်တရက် မကောင်းသော ခံစားချက်တစ်ခုကို ခံစားလိုက်ရသဖြင့် တိုက်ရိုက် ထုတ်လွှင့်ခြင်း ဖိုရမ်ထဲမှ လူတိုင်း ဂနာမငြိမ် ဖြစ်လာကြသည်။
“ကောင်းတယ်၊ သိပ်ကောင်းတယ်၊ မင်း တကယ် လာရဲလိမ့်မယ်လို့ ငါ ထင်မထားမိဘူး၊ မင်း ရောက်လာမှတော့ ပြန်ထွက်သွားလို့ မရနိုင်စေရဘူး”
နလန်ရှောင်နှင့် အခြားသူများအားလုံး မထီမဲ့မြင် ပြုံးလိုက်ကြသည်။ သူတို့က အေးစက်သော မျက်လုံးများဖြင့် ယဲ့ဖန်ကို စိုက်ကြည့်လာ၏။
ယဲ့ဖန်က ကြောက်စရာကောင်းသော အပြုံးမျိုး ပြုံးလိုက်ပြီး လက်ညှိုးတစ်ချောင်းကို ရှေ့သို့ ဆန့်ထုတ်လိုက်သည်။ ထိုအခါ သူ့လက်ချောင်းထိပ်မှ အနက်ရောင် အလင်းတန်းတစ်ခု ထွက်လာသည်။
“ရွှစ်”
ယဲ့မိသားစုဝင်များထဲမှ တစ်ယောက်၏ နဖူးကို ထိုအလင်းတန်းက ထိုးဖောက်သွားသဖြင့် ရုတ်တရက်ဆိုသလို သေဆုံးသွားပြီး မြေကြီးပေါ်သို့ ဘုန်းခနဲ လဲကျသွားသည်။ ယဲ့ဖန်က အဆက်မပြတ် လက်ညှိုးလိုက်ညျွန်င တစ်ယောက်ပြီး တစ်ယောက်ကို သတ်နေလေသည်။
ယဲ့မိသားစုမှ သိုင်းပညာရှင်များသည် သွေးပျက်သွားသော မျက်လုံးများဖြင့် အလန့်တကြား အော်ဟစ်လာကြသည်။ သို့သော် ထိုအချိန်မှာပင် သူတို့၏ နဖူးမှ သွေးများ စီးကျလာပြီး ပွဲချင်းပြီး သေသွားကြလေသည်။
“မင်း …”
ရှောင်နန် ရုတ်တရက် ဒေါသူပုန် ထလာသည်။
*ဒီမျိုးမစစ်လေးက ငါ့ရှေ့မှာ တကယ် လူသတ်ရဲတာပဲ၊ ဒါ ငါ့ကို အရှက်ခွဲလိုက်တာ*
ထို့အတူ သူ့၌ တုံ့ပြန်ချိန်ပင် မရလိုက်သလို ယဲ့ဖန် မည်သို့လုပ်လိုက်မှန်း သူပင် မသိချေ။
“စိတ်မပူနဲ့၊ ဒီအမှိုက်တွေကို သတ်ပြီးရင် မင်းက နောက်အလှည့်ပဲ”
ယဲ့ဖန်၏ စကားလုံးများက အလွန်အမင်း အေးစက်ပြီး မည်သည့် ခံစားချက်မှ ပါဝင်ခြင်းမရှိဘဲ အသေးအဖွဲ ကိစ္စလေးအား ပြောနေသလိုပင်။ သို့သော် လူတိုင်း၏စိတ်ထဲတွင် သူ့စကားက မုန်တိုင်းထန်သော ပင်လယ်ပြင်ကဲ့သို့သော ခံစားချက်မျိုး ပေးစွမ်းလာ၏။
*အမှိုက်တဲ့လား*
*ယဲ့ဘုရင်အတွက် ယဲ့မိသားစုက အမှိုက်တွေလား၊ ရှောင်နန်က ငါတို့ထက် နည်းနည်းလေးပဲ သန်မာတာကို*
*မောက်မာလွန်းတယ်*
နိုင်ငံတစ်ဝှမ်းမှ ကြည့်ရှုနေသူများအားလုံး ကြက်သေ သေသွားကြသည်။
*ဘယ်လိုတောင် ကြောက်စရာကောင်းတဲ့လူလဲ*
*သူက နာမည်ကျော် မိသားစုကို အထင်သေးတဲ့အပြင် ဘုရင်တစ်ပါးကိုလည်း ပုရွက်ဆိတ်လို့ သတ်မှတ် နေသေးတယ်၊ မယုံနိုင်စရာပဲ*
တစ်ချိန်တည်းမှာပင် ယဲ့ဖန်က လောကအပြင်ဘက်မှ ကြယ်တာရာတစ်လုံးကို ဆွဲယူ၍ ဘုရင်တစ်ပါးအား ကြောက်လန့်သွားအောင် လုပ်နိုင်သဖြင့် လူတိုင်း ထိတ်လန့်နေကြသည်။
နဂါးမြို့တော်တစ်ခုလုံး တစ်ခဏမျှ တိတ်ဆိတ်သွားလေသည်။ အစပိုင်း၌ ယဲ့ဖန်ကို သတ်ဖြတ်ခြင်းက ခွေးတစ်ကောင်ကို သတ်သကဲ့သို့ လွယ်ကူလိမ့်မည်ဟု သူတို့ ထင်ခဲ့မိသည်။ သို့သော် ယခုအခါ၌ ထိုသို့ မဟုတ်ချေ။
*အခုတောင် ယဲ့ဖန်ရဲ့လက်ထဲမှာ ဘုရင်နှစ်ပါး သေသွားပြီးပြီ၊ ရှောင်နန်က တတိယမြောက်လူ ဖြစ်လာမှာလား*
သူတို့ သေချာပေါက် ပြောနိုင်သည်မှာ နတ်ဆိုးနှင့်တူသော ဤလူသာ ဖျင်အန်းမြိုု့၌ လူသတ်နေသည့် ဘုရင်များ အားလုးကို သတ်လိုက်ပါက တစ်နိုင်ငံလုံး ထိတ်လန့်တုန်လှုပ်သွားလိမ့်မည် ဖြစ်သည်။
“မျိုးမစစ်ကောင် ငါ မင်းကို ပြာဖြစ်တဲ့အထိ လောင်ကျွမ်းအောင် လုပ်ပစ်မယ်ကွ”
ရှောင်နန် ဒေါသူပုန်ထသွားသည်။ သူ မွေးလာကတည်းက ဤသို့ တစ်ခါမှ စော်ကားမခံခဲ့ရပေ။ သူသည် ပါရမီရှင်အဖြစ် သတ်မှတ်ခံရပြီး နေမင်းသားတော်ဟု ကျော်ကြားကာ သူ့အား မြင်သူမှ အထင်မသေးရဲချေ။ ယဲ့ဖန်က သူ့ကို အားလုံးရှေ့၌ သူ၏ မာနနှင့် ဂုဏ်သိက္ခာကို နင်းချေသဖြင့် အလွန် ဒေါသထွက်လာရသည်။
“ဝုန်း”
သူ့ခန္ဓာကိုယ်မှ အပူလှိုင်းများ ပြင်းထန်စွာ ထွက်ပေါ်လာပြီး နေတစ်စင်း ကျဆင်းလာသကဲ့သို့ အောက်ဘက် မြေပြင်မှ အရာအားလုံးကို လောင်ကျွမ်းစေတော့သည်။ မိုးမျှော်အဆောက်အဦးများအားလုံး ပြာဖြစ်သွားပြီး ဆယ်မိုင် ပတ်လည်အတွင်း ကပ်ဆိုက်သလို ဖြစ်သွားလေသည်။
ဤမြင်ကွင်းက ကမ္ဘာပျက်ခြင်းဟု ရည်ညွှန်းနိုင်ပေသည်။ တစ်ဟုန်ထိုး တိုးပွားလာသော ရွှေရောင် အလင်းတန်း၌ အဆုံးအစမဲ့သော အဖျက်စွမ်းအင်များ ပါဝင်နေပြီး ၎င်းက ယဲ့ဖန်ကို လွှမ်းခြုံလာ၏။
“အဲ့ကောင်တော့ သေပြီ၊ သူသာ ရှောင်နန်နဲ့ တအား နီးသွားရင် ရှောင်နန်ကိုယ်က ယန်စွမ်းအင်တွေကြောင့် လောင်ကျွမ်းပြီး ပြာဖြစ်သွားမှာ၊ သူ ပွဲချင်းပြီး သေမှာပဲ”
“သူ တိုက်ခိုက်တာက သေတွင်း တူးလိုက်တာပဲ၊ ကျန်းယန် ကျင့်စဉ်ရဲ့ သိုင်းကွက်အားလုံးက ဖျက်ဆီးနိုင်တဲ့ သိုင်းကွက်တွေချည်းပဲ၊ ပူပြင်းတဲ့ ယန်စွမ်းအင်ကတင် ကောင်းကင်ကို လောင်ကျွမ်းပြီး မြေပြင်ကို ပျက်စီး စေနိုင်တယ်၊ ဒီကောင် အခါတစ်ထောင် သေရင်တောင် မလုံလောက်ဘူး”
နဂါးမြို့တော်ဘက်မှ လူတစ်စုံက လှောင်ပြောင်ပြီးရင်း လှောင်ပြောင်ကာ စိတ်အေးသလို သက်ပြင်း ချလိုက်ကြသည်။
ဤသို့သော မိစ္ဆာကောင်မျိုး၏ တည်ရှိမှုက နဂါးမြို့တော်အတွက် ခြိမ်းခြောက်မှုတစ်ခုပင်။ သူသည် နဂါး မြို့တော်အား အချိန်မရွေး ဝရုန်းသုန်းကာ ဖြစ်အောင် လုပ်နိုင်စွမ်း ရှိပေသည်။
*ရှောင်နန်က သန်မာနေလို့ တော်သေးတယ်*
*ကျန်းယန်ကျင့်စဉ်က တကယ့်ကို ပြိုင်စံရှားတဲ့ လူသတ်သိုင်းကျမ်းပဲ*
“ဝုန်း”
လူတိုင်း ဝမ်းသာအားရ ဖြစ်ကာ ယဲ့ဖန်၏ သေဆုံးခြင်းက ဘယ်လိုပုံရှိမလဲ ဆွေးနွေးနေချိန်တွင် ကောင်းကင်ယံမှ အလင်းတန်းတစ်ခု ကျဆင်းလာသဖြင့် သူတို့အားလုံး အာရုံပျက်သွားပြီး အပြုံးများလည်း ပျောက်ကွယ် သွားလေသည်။
ယန်စွမ်းအင် မီးတောက်က ဖျင်အန်းမြို့ပေါ်သို့ အရှိန်ဖြင့် ကျလာသည်။ သို့သော် ထိုအခိုက်တွင် လက်တစ်ဖက်က ရုတ်တရက် ဆန့်တန်းလာပြီး ရွှေရောင် အလင်းတန်များ ထွက်ပေါ်လာကာ ရှောင်နန်၏ နဖူးထံ ကျရောက် သွားသည်။ ရုတ်ချည်းဆိုသလိုပင် ရှောင်နန်၏ နဖူးမှ သွေးများ စီးကျလာ၏။
ရှောင်နန်၏ အမူအရာသည်လည်း အေးစက်တောင့်တင်းသွားပြီး ဧရာမတောင်ကြီးတစ်လုံးက သူ့ပေါ် ကျလာသည်ဟု ခံစားမိကာ မွန်းကြပ်လာလေသည်။
ထိုအခိုက်တွင် လူတိုင်း ပါးစပ်ပိတ်သွားကြသည်။ ယခင်က စိတ်လှုပ်ရှား၍ စော်ကားပုတ်ခတ်ခဲ့သော ပွဲကြည့်ပရိသတ်များသည် လည်ပင်းကို အညှစ်ခံထားရသည်ဟု ခံစားမိလာပြီး ငြိမ်ကျသွားသည်။
သူတို့၏ မျက်စိရှေ့မှ မြင်ကွင်းက သူတို့အား ဖြတ်ရိုက်လိုက်သလိုပင်။ ထိုစဉ် ယဲ့ဖန်၏ ပုံရိပ် ပေါ်လာသည်။ သို့သော် သူ့ပုံစံက ယခင်အတိုင်း ခံစားချက် မရှိဟန် ပေါ်နေကာ ဘာဒဏ်ရာမှ မရှိပေ။ ကျန်းယန် ကျင့်စဉ်က သူ့အတွက် ထိရောက်မှု မရှိသလိုပင်။
*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ကျန်းယန်ကျင့်စဉ်၏ ခွန်အားက ပင်လယ်ကို အငွေ့ပျံ၍ ခြောက်သွေ့စေပြီး ဖျင်အန်း တစ်မြို့လုံးကို တစ်ခဏအတွင်း ပြာဖြစ်သွားစေနိုင်သည်။
ဤသို့ ကြောက်စရာကောင်းသော အပူချိန်က ပိုမို၍ သိုင်းအဆင့် မြင့်မားလာလျင် တစ်လောကလုံးကို ဖျက်ဆီး နိုင်ပေသည်။
ယဲ့ဖန်သည် ရှောင်နန်နှင့် အလွန် နီးကပ်စွာ ရှိနေပြီး အပူလှိုင်းကို ခံစားခဲ့ရသဖြင့် ထိခိုက်မှုက ကြီးမားသင့် သော်လည်း ဘာမှမဖြစ်ပေ။ သူ့ခန္ဓာကိုယ်ပေါ်မှ အဝတ်အစားများတောင်မှ ဘာမှမဖြစ်ချေ။
သို့သော် ပို၍ထူးဆန်းသည့်အချက်မှာ ယဲ့ဘုရင်သည် ထိခိုက်မှု မရှိရုံသာမက ရှောင်နန်၏ နဖူးကို လက်ညှိုးထိုး လိုက်ချိန်တွင် ရှောင်နန်၏ နဖူးမှ သွေးများ စီးကျလာခဲ့သည်။ ထိုလက်ချောင်း၌ လူသတ်လိုသော အရှိန်အဝါများ ပါနေပါက ရှောင်နန် ဘာဖြစ်သွားမည်နည်း။ လူတိုင်း နှလုံးခုန် ရပ်မတတ် ဖြစ်သွားကြသည်။
*နတ်ဆိုး*
*ဒီကောင်က တကယ့် နတ်ဆိုးပဲ*
အရာအားလုံး ရုတ်တရက် တိတ်ဆိတ်သွားပြီး ဖန်သားပြင်ရှေ့၌ ထိုင်နေသော လူများအားလုံး အသက်ရှူ အောင့်ကာ ငိုင်၍ ကြည့်နေသည်။
*ဒီလူက သန်မာလွန်းတယ်၊ သူ့နည်းလမ်းတွေက တကယ့်ကို ကောင်းကင်ဘုံကို ဆန့်ကျင်တာတွေချည်းပဲ*
ယဲ့ဖန် ရှောင်နန်ကို သတ်တော့မည်ဟု လူတိုင်း ထင်လိုက်သည့်အချိန်တွင် ယဲ့ဖန်က စကားစလာသည်။
“မင်းကို နောက်ထပ် အခွင့်အရေးတစ်ခု ထပ်ပေးမယ်”
*အထင်သေးတာ*
*ဒါ နတ်ဘုရားကနေ သာမန်လူကို အထင်သေးတဲ့ပုံစံမျိုးပဲ*
ထိုစကားက နိုင်ငံအနှံ့မှာ လူများအားလုံးကို အုတ်အော်သောင်းနင်း ဖြစ်သွားစေသည်။
*နောက်ထပ် အခွင့်အရေး*
*ဒါ ရှောင်နန်ကို ထပ်သတ်မယ့် အကြံလား*
လူတိုင်း သေချာအောင် အာရုံစိုက်၍ ကြည့်နေစဉ်တွင် ယဲ့ဖန်က ရှောင်နန်၏နဖူးကို ထပ်၍ လက်ညှိုးထိုးလိုက်ပြီး နောက်သို့ ပြန်ဆုတ်၍ ခပ်လှမ်းလှမ်း၌ နေရာယူလိုက်သည်။ ထို့နောက် ယဲ့ဖန်က ရှောင်နန်ကို တည်ငြိမ်စွာ ပြန်ကြည့်နေလိုက်သည်။
*တကယ် ငါ့ကို အခွင့်အရေး ပေးတာလား*
*အထင်သေးတာပဲ*
*သူ့မျက်လုံးထဲမှာ ရှောင်နန်ကို ခွေးတွေကြောင်တွေလောက်တောင် တန်ဖိုးမရှိဘူးလို့ မြင်နေတာလား*
ယဲ့ဖန်က သူ့ကို တကယ် အခွင့်အရေး ပေးရန် ဆုံးဖြတ်ခဲ့ခြင်းပင်။ သူ့ကိုယ်သူ သတ်သေပြနိုင်မည့် အခွင့်အရေး ဖြစ်လေသည်။ သို့မဟုတ် ယဲ့ဘုရင်ကို ကျေနပ်စေမည့် အခွင့်အရေးမျိုးများလား။
လက်ရှိတွင် ယဲ့ဖန်သည် အထက်စီးဆန်သထက် ဆန်လာပြီး တစ်နိုင်ငံလုံးမှ လူများက သူ၏ အထက်စီးဆန်မှုကို ကြည့်နေရသည်။
“ဒီလူက ဘယ်သူလဲ၊ ဘယ်သူမို့ ရှောင်နန်ကို တစ်ချက်တည်းနဲ့ အနိုင်ယူရအောင် သန်မာနေရတာလဲ”
အင်တာနက် အသုံးပြုသူများက ယဲ့ဖန်၏ နောက်ခံကို ဆွေးနွေးနေကြပြီး အစောပိုင်းက အဖြစ်ကြောင့် ထိတ်လန့် နေကြသည်။
ရှောင်နန်၏ တစ်မူထူးခြားသော စွမ်းအင်ကို အားကုန်ထုတ်သုံးထားသော်လည်း တစ်ဖက်လူက အသာလေး ရှင်းပစ်လိုက်သည်။ ထို့အပြင် တစ်ဖက်လူက ရှောင်နန်ကို အသက် ချမ်းသာပေးပြီး နောက်တစ်ကြိမ် အခွင့်အရေးပင် ပေးလိုက်သေးသည်။
သူ့ကိုယ်သူ အလွန် ယုံကြည်မှုရှိနေသဖြင့် ဤသည်က လူအများအား သူ့ကို ပို၍ ကြောက်လန့်လာစေသည်။
“မင်း … ငါ့ကို လှောင်နေတာလား”
ရှောင်နန် ဒေါသထွက်သွားပြီး မျက်လုံးများက မီးဝင်းဝင်းတောက်လာ၏။ သူသည် ကလေးဘဝမှ လူကြီးဘဝသို့ ရောက်လာသည်အထိ သူသည် အချစ်ခံရကာ တလေးတစား ဆက်ဆံခြင်း ခံခဲ့ရသည်။ သူသည် အကြီးအကဲများ အားလုံး၏ ပါးစပ်တွင် ရှားပါး ပါရမီရှင် ဖြစ်လေသည်။
ယခုချိန်မတိုင်ခင်အထိ သူသည် အခြားသူများကို ဤသို့ အထင်သေးခဲ့ပြီး မည်သူမှ သူ့ကို အထင်မသေးရဲပေ။ ယဲ့ဖန်က သူ့မာနအား အမှိုက်ပုံထဲ ပစ်ထည့်လိုက်သကဲ့သို့ ရိုက်ချိုးခဲ့သည်။
ဤသည်က သူ့ကို သတ်လိုက်သည်ထက် ပိုနာကျင်ကာ ပိုအရှက်ရစေသည်။ ထို့ကြောင့် သူ့မျက်လုံး၌ အမုန်းတရားများ ထိန်းမရအောင် ထွက်ပေါ်လာပြီး စွမ်းအင်များ ပေါက်ကွဲထွက်လာ၏။
သူ၏ခန္ဓာကိုယ်က ပြောင်းလဲလာပြီး နေတစ်စင်းမှနေ၍ ဆယ်စင်းအထိ ပြောင်းလဲသွားသည်။ ထို့နောက် ကောင်းကင်ယံ၌ နေရာယူ၍ တောက်ပစွာ လင်းလက်နေပြီး ကောင်းကင်နှင့် ပထဝီမြေကြီးအား ဖျက်ဆီးမတတ် အပူလှိုင်းများ ထုတ်လွှတ်လာလေသည်။
ထို့နောက် အပူလှိုင်းများအားလုံးက ယဲ့ဖန်ထံ ကျရောက်လာသည်။ နေဆယ်စင်း၏ အပူချိန်က ကြောက်စရာ ကောင်းလှသည်။ သို့သော် ယဲ့ဖန် အသာပြုံးလိုက်သည်။
“ငါ မင်းကို လှောင်ရဲရုံတင်မကဘူး သတ်လည်း သတ်ရဲတယ်”