← Chapters

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း ၁၈၁

Vol. 19 Ch. 181

အခန်း (၁၈၁) ကိုယ့်အဆင့်ကိုယ် မသိတာလား

မည်သည့် ကြိုတင်သတိပေးချက်မျှ မရှိဘဲ ကြိုးနှစ်ချောင်းမှာ ပြတ်တောက်သွားတော့သည်။

"အား"

"အား အား အား"

ဝမ်ယန်နှင့် ငပိန်ကောင်တို့ နှစ်ယောက်မှာ မျက်စိတစ်မှိတ်အတွင်း အောက်ဘက်ရှိ မြေပြင်ဆီသို့ အရှိန်အဟုန်ပြင်းစွာ ပြုတ်ကျသွားသည်။ ရုတ်တရက်ဖြစ်ပေါ်လာသော ဤမြင်ကွင်းက တိုက်ပွဲကို စောင့်ကြည့်နေသူအားလုံး၏ အာရုံကို ချက်ချင်း ပြောင်းလဲသွားစေသည်။ နောက်တစ်စက္ကန့်တွင် သူတို့အားလုံး ဆွံ့အသွားကြတော့သည်။ အကြောင်းမှာ ကြိုးကို ဖြတ်တောက်လိုက်သူ ချူဟန်သည် ယင်းကိစ္စကို သူလုပ်ပိုင်ခွင့်ရှိသည့်အလား အလွန်အေးဆေးတည်ငြိမ်သော မျက်နှာထားဖြင့် ရပ်နေသောကြောင့် ဖြစ်သည်။

လူတိုင်း ရင်ထိတ်သွားကြသည်။ ထိုနှစ်ယောက်က ဆင့်ကဲပြောင်းလဲသူတွေ။ သူက ဆင့်ကဲပြောင်းလဲသူတွေကို လက်ပါရဲတာလား။ သူ ဘယ်လောက် ကြောက်စရာကောင်းတဲ့ အလုပ်ကို လုပ်လိုက်မိပြီလဲဆိုတာ နားလည်ရဲ့လား။ ဤစခန်းတွင် ဆင့်ကဲပြောင်းလဲသူများ၏ အဆင့်အတန်းမှာ အမြင့်ဆုံးဖြစ်သည်။ ထိုလူတော့ ရူးသွားပြီ။ ချူဟန်၏ အနောက်တွင် ရပ်နေသော ရှောင်ဟွာ ဆိုလျှင် လုံးဝ တွေးတောနိုင်စွမ်း ရပ်တန့်သွားပြီး ဘာဖြစ်သွားမှန်း နားမလည်နိုင်ဘဲ ကျောက်ရုပ်တစ်ရုပ်ပမာ တောင့်တင်းနေတော့သည်။

"မင်း... မင်း ကြိုးကို ဖြတ်လိုက်တာလား"

ရုတ်တရက် လူငယ်တစ်ဦးက ချူဟန်အနီးသို့ ကြောက်လန့်စွာ တိုးကပ်လာပြီး မေးလိုက်သည်။

ချူဟန်က သူ့ကို တစ်ချက် ကြည့်လိုက်သည်။ ဤလူငယ်ကို သူ မှတ်မိနေသည်။ စောစောက ကြိုးဆွဲနေသူ အယောက်နှစ်ဆယ်ထဲမှ တစ်ဦးဖြစ်ပြီး အလုပ်ကို အလွန်ကြိုးစား လုပ်ဆောင်နေသူ ဖြစ်သည်။

"အင်း"

ချူဟန်က ခေါင်းတစ်ချက် ညိတ်ပြလိုက်ပြီးနောက် အောက်ဘက်ရှိ ဇွန်ဘီအုပ်စုဆီသို့ အကြည့်လွှဲကာ အဆင့်(၂) ဇွန်ဘီကို စတင်ရှာဖွေလိုက်သည်။ လက်ရှိတွင် ဟွာယုံကျီနှင့် ချင်ရှို တို့နှစ်ဦးမှာ အပြင်းအထန် တိုက်ခိုက်နေရသော်လည်း ဒုတိယမြောက် အဆင့်(၂) ဇွန်ဘီမှာ ပုန်းကွယ်နေဆဲ ဖြစ်သည်။

"ဟင် မင်း မင်း "

ထိုသူသည် ခေတ္တမျှ အံ့အားသင့်သွားပြီးနောက် ရုတ်တရက် ချူဟန်ကို လက်မထောင်ပြလိုက်သည်။"မင်းက မိုက်လှချည်လား ငါတော့ လေးစားသွားပြီ"

ချူဟန်က သူ့ကို တစ်ချက်မျှသာ ကြည့်လိုက်ပြီး ဒုတိယမြောက် အဆင့်(၂) ဇွန်ဘီကို ပြန်လည်ရှာဖွေနေလိုက်သည်။ ၎င်းကို ရှာဖွေပြီး မသတ်ပစ်နိုင်ပါက နောက်ပိုင်းတွင် ကြီးမားသော ပြဿနာတစ်ခု ဖြစ်လာနိုင်ပေသည်။

"ဒါပေမဲ့ သတိထားဦးနော်"

လူငယ်က သတိပေးလိုက်သည်။

"အဆင့်(၁) ဆင့်ကဲပြောင်းလဲသူတွေရဲ့ ခန္ဓာကိုယ် စွမ်းရည်က ငါတို့လို သာမန်လူတွေနဲ့ ကွာခြားလွန်းတယ်။ အဲဒီလောက် အမြင့်ကနေ ပြုတ်ကျရင်တောင် ဒဏ်ရာ အနည်းငယ်ပဲ ရမှာ။ သူတို့ မိသွားရင်တော့ မင်းတော့ သွားပြီပဲ"

ချူဟန်က ဂရုမစိုက်သကဲ့သို့ ရှိနေသဖြင့် ထိုလူငယ်က စိုးရိမ်တကြီးဖြင့် ထပ်မံ ပြောဆိုလိုက်သည်။

သူတို့ မင်းကို သတ်ပစ်လိမ့်မယ်"

လူငယ်၏ စကားကို သက်သေပြနေသည့်အလား အောက်ဘက်ရှိ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသော ဝမ်ယန်နှင့် ငပိန်ကောင်တို့မှာ ပြန်လည်ထလာကြပြီ ဖြစ်သည်။ သူတို့နှစ်ဦးသည် ဝိုင်းရံလာသော ဇွန်ဘီများကို ရှင်းလင်းရင် တံတိုင်းပေါ်ရှိ ချူဟန်ကို မော့ကြည့်ကာ ဒေါသတကြီး ကျိန်ဆဲလိုက်ကြသည်။

"ဟေ့ကောင်... အဲဒီကောင်ကို ဖမ်းထား။ ငါကိုယ်တိုင် အရေခွံ နွှာပစ်မယ်"

ငပိန်ကောင် ရှိုဟောက်လည်း ချူဟန်ကို အရှင်လတ်လတ် ဝါးစားတော့မည့်ဟန်ဖြင့် ဒေါသထွက်နေသည်။

ဝမ်ယန်သည်လည်း ဒေါသကြောင့် တစ်ကိုယ်လုံး တုန်ယင်နေလေသည်။

"အသုံးမကျတဲ့ကောင်... ငါတို့ကိုတောင် လုပ်ကြံရဲတယ်ပေါ့ မင်း စောင့်နေလိုက် မင်းကို မသတ်ရရင် ငါ လူမလုပ်တော့ဘူး"

ချူဟန်၏ ဘေးရှိ လူငယ်မှာ စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။

"မြန်မြန် ထွက်ပြေးတော့။ ငါ ခဏလောက် တားထားပေးမယ် သူတို့ကို ဖားချင်တဲ့ ကောင်တွေက မင်းကို တကယ် ဖမ်းကြလိမ့်မယ်"

လူငယ်၏ စကားဆုံးသည်နှင့်တစ်ပြိုင်နက် ချူဟန်၏ မျက်ဝန်းများမှ စူးရှသော အလင်းတန်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် ရုတ်တရက် ခြေလှမ်းကို မြှောက်လိုက်ကာ...

ဝှစ်...

တံတိုင်းပေါ်မှ ခုန်ချသွားလေသည်။

သူ၏ ရူးသွပ်သော လုပ်ရပ်ကြောင့် ကူညီရန် ကြိုးစားနေသော လူငယ်သာမက တံတိုင်းပေါ်ရှိ လူအုပ်ကြီး တစ်ခုလုံးပါ တစ်ပြိုင်နက်တည်း အံ့အားသင့်သွားကြတော့သည်။ ရှောင်ဟွာဆိုလျှင် ကြောက်လန့်တကြား ဖင်ထိုင်ကျသွားပြီး အောက်ဘက်တွင် တိုက်ခိုက်နေသော ဟွာယုံကျီ မှာလည်း လှည့်ကြည့်လိုက်သော အခိုက်အတန့်၌ မှင်သက်သွားတော့သည်။

သူက တကယ်ပဲ ခုန်ချသွားတာလား။ အဆင့်ကဲပြောင်းလဲသူတွေရဲ့ သတ်တာခံရမယ့်အစား ကိုယ့်ကိုယ်ကိုယ် သတ်သေလိုက်တာက ပိုကောင်းတယ်လို့ ထင်သွားတာလား။

ဝမ်ယန်နှင့် ငပိန်ကောင်တို့မှာ တစ်ခဏမျှ အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် လှောင်ပြောင်ရယ်မောလိုက်ကြသည်။

"ဟားဟားဟား... အရူးကောင်"

"ပြုတ်ကျပြီး သေလိုက်စမ်း"

သူတို့၏ လှောင်ပြောင်ရယ်မောသံမှာ တစ်ခဏမျှသာ ကြာလိုက်သည်။

ချူဟန်၏ တစ်ကိုယ်လုံးသည် တောင်ပံဖြန့်ထားသော ငှက်ကြီးတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး သူ၏လက်ထဲရှိ ရှူရာစစ်ပုဆိန်ကလည်း ကြီးကျယ်ခမ်းနားနေသည်။ သူ၏ သူ၏ခန္ဓာကိုယ်မှာ အနည်းငယ်မျှ ယိမ်းယိုင်သွားခြင်းမရှိဘဲ မြေပြင်ပေါ်သို့ ဒုန်းခနဲ ဆင်းသက်လာပြီးနောက် ပတ်ဝန်းကျင်ရှိ လူများ အံ့အားသင့်လွန်း၍ တုံ့ပြန်နိုင်စွမ်း မရှိသေးခင်မှာပင် မြေပြင်ပေါ်သို့ ရောက်ရှိသည်နှင့်တစ်ပြိုင်နက် ချူဟန်၏ ခြေထောက်နှစ်ဖက်က အမြောက်ဆန်တစ်ခုပမာ မြေကြီးကို ဆောင့်ကန်လိုက်သည်။

ပျံသန်းနေသည့်အလား အလွန်မြန်ဆန်သော အရှိန်ဖြင့် ရှေ့ရှိ နေရာတစ်ခု ဆီသို့ အလျင်အမြန် ပြေးဝင်သွားတော့သည်။

ဒဏ်ရာ မရဘူးလား။

ဘယ်လိုလုပ် ရနိုင်မှာလဲ။

သာမန်လူ တစ်ယောက်ပဲလား။

မဟုတ်ဘူး... ဆင့်ကဲပြောင်းလဲသူ။

အားလုံး ထပ်မံ၍ ဆွံ့အသွားကြပြန်သည်။ မြင့်မားသော တံတိုင်းပေါ်ရှိ လူများမှာ အံ့အားသင့်လွန်းသဖြင့် အချိန်အတန်ကြာသည်အထိ သတိမဝင်လာနိုင်ခဲ့ပေ။ ထိုမျှ ပြင်းထန်သော အရှိန်အဟုန်နှင့် ခွန်အားမှာ ဆင့်ကဲပြောင်းလဲသူ တစ်ဦး၏ လုပ်ရပ်ဖြစ်ကြောင်း သေချာနေသည်။ သူက ဘယ်အချိန်ကတည်းက ဆင့်ကဲပြောင်းလဲသူ ဖြစ်သွားရသနည်း။

အဆင့် (၂) ဇွန်ဘီတစ်ကောင်ကို ဝိုင်းဝန်း တိုက်ခိုက်နေသော ချင်ရှို နှင့် ဟွာယုံကျီ တို့မှာလည်း အံ့အားသင့်လွန်းသဖြင့် လက်ထဲမှ လက်နက်များပင် လွတ်ကျလုနီးပါး ဖြစ်သွားသည်။ ချူဟန် က ဆင့်ကဲပြောင်းလဲသူ တစ်ယောက်လား။ ဒါ့အပြင် အတိုင်းအတာတစ်ခုအထိ အစွမ်းထက်နေတာလား။ သာမန်အားဖြင့် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ ဆိုလျှင်ပင် ထိုမျှ မြင့်မားသော နေရာမှ ခုန်ချပါက ဒဏ်ရာရရှိနိုင်သည့် အန္တရာယ်ကို ရှောင်ရှားရန် ကြိုးကိုသာ အသုံးပြုလေ့ရှိသည်။ သူက တိုက်ရိုက် ခုန်ချလာရုံသာမက လျင်မြန်သော အရှန်ဖြင့် လှုပ်ရှားနေသေးသည်။

ဝမ်ယန်နှင့် ငပိန်ကောင်တို့၏ ရယ်မောသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။ သူတို့နှစ်ဦး၏ မျက်နှာပေါ်တွင် လုံးဝ မယုံကြည်နိုင်သော အမူအရာများ ပေါ်လွင်နေသည်။ ထိုအချိန်တွင် ချူဟန်ထံမှ ထွက်ပေါ်လာသော စွမ်းအင်လှိုင်းများမှာ အပြည့်အဝ ပွင့်ထွက်လာသောကြောင့် ဖြစ်သည်။

အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ တစ်ဦး၏ စွမ်းအင်လှိုင်းများဖြစ်ကြောင်း အသေအချာပင် ဖြစ်သည်။ သူတို့ အမြဲတမ်း အထင်သေးကာ လှောင်ပြောင်နေခဲ့သော ထိုလူသစ်က ဆင့်ကဲပြောင်းလဲသူ တစ်ယောက်ဖြစ်နေတာလား။ သူတို့၏ အံ့အားသင့်မှုမှာ စတင်ရုံသာ ရှိသေးသည်။ ချူဟန်သည် လေဆင်နှာမောင်းတစ်ခုအလား လျင်မြန်လှသည်။ ရှေ့သို့ ပြေးဝင်သွားစဉ် သူ၏ လက်ထဲရှိ ကြီးမားလှသည့် အနက်ရောင် ရှူရာပုဆိန်ကြီးသည် အလွန် သေသပ်သော လမ်းကြောင်းတစ်ခုအတိုင်း လေထဲတွင် ဆက်တိုက် ဝှေ့ယမ်းလည်ပတ်နေလေသည်။

သူ ဖြတ်သန်းသွားသော လမ်းကြောင်းတစ်လျှောက်တွင် ဇွန်ဘီအလောင်းများမှာ တောင်ပုံရာပုံ ကျန်ရစ်တော့သည်။ ဤဖိအားပေးနိုင်စွမ်းရှိသော တိုက်ခိုက်ရေးစွမ်းရည်မှာ အဖွဲ့ခေါင်းဆောင် ဖြစ်သော ချင်ရှို ပင်လျှင် လုံးဝ မယှဉ်နိုင်သော အဆင့်ဖြစ်သည်။ ချင်ရှိုသည် အဆင့် (၂) ဆင့်ကဲပြောင်းလဲသူ ဖြစ်သော်လည်း ချူဟန်မှာ အဆင့် (၁) မျှသာ ရှိသေးသည်။

လူအုပ်ကြားထဲတွင် ပို၍ အံ့အားသင့်မှုများ ပြန့်နှံ့သွားတော့သည်။ သူက ဘာလို့ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူထက် ပိုပြီး အစွမ်းထက်နေရတာလဲ။ အက်ကွဲကြောင်းများထဲမှ ဇွန်ဘီများမှာ ဆက်တိုက် တိုးဝှေ့ဝင်ရောက်လာသဖြင့် အရေအတွက်မှာ ပိုမို များပြားလာသည်။ တံတိုင်းနှစ်ခုကြားတွင် ဇွန်ဘီများဖြင့် ပြည့်နှက်နေပြီ ဖြစ်သော်လည်း ချူဟန်သည် ထိုအုပ်စုကြီးထဲတွင် အေးဆေးစွာ လျှောက်လှမ်းနေသည်။ စစ်နတ်ဘုရားတစ်ပါး ဆင်းသက်လာသည့်အလား သူသည် မျက်စိတစ်မှိတ်အတွင်းမှာပင် ထင်ရှားလှသော သွေးလမ်းကြောင်းတစ်ခုကို ဖောက်ထွက်လိုက်သည်။

ပြေးဝင်လာသော ဇွန်ဘီလှိုင်းများမှာ သူ၏ ခြေလှမ်းများအောက်တွင် ဆက်တိုက် သေဆုံးသွားကြပြီး ထူးဆန်းသော အနက်ရောင် လမ်းကြောင်းရှည်ကြီးတစ်ခု ဖြစ်ပေါ်လာတော့သည်။ အထက်မှနေ၍ ထိုမြင်ကွင်းကို ငုံ့ကြည့်လိုက်ပါက ထိုနေရာမှာ တစ်ခဏအတွင်း ချိုင့်ဝင်သွားပြီး နှစ်ခြမ်းကွဲသွားသည့်အလား ထင်မှတ်ရသည်။ ထိုအခြေအနေမှာ အလွန် ဆန်းကြယ်ပြီး ကြမ်းတမ်းလှသည်။

ဘုန်း...

ရှူရာပုဆိန်ကြီး၏ စွမ်းပကားမှာ ပေါ်ထွက်လာပြီ ဖြစ်သည်။ နတ်ဘုရားများပင် အမျက်ရှရစေကာမူ ဂရုစိုက်နေမည်မဟုတ်။ အနက်ရောင် ဓားသွားမှ ထွက်ပေါ်လာသော အလင်းတန်းမှာ တစ်ခဏအတွင်း အထွတ်အထိပ်သို့ တောက်ပသွားသည်။ တစ်ကိုယ်လုံး အနက်ရောင် လွှမ်းခြုံထားသော ရှူရာပုဆိန်ကြီးမှာ ချူဟန်၏လက်ထဲတွင် အားမာန်ပါပါဖြင့် လေထဲတွင် ဝှေ့ယမ်းပြနေတော့သည်။ ချူဟန်၏ မျက်ဝန်းများဆီမှ အေးစက်သော အလင်းတန်းတစ်ချက် ဖြတ်ပြေးသွားပြီးနောက် ၎င်းက နေရာတစ်ခုသို့ ရုတ်တရက် ချိန်ရွယ်ကာ အားကုန် ခုတ်ချလိုက်တော့သည်။

ရွှင်း...

မည်းနက်သော သွေးများ ပန်းထွက်သွားပြီးနောက် ပြင်းထန်သော အော်ဟစ်သံကြီး ထွက်ပေါ်လာကာ ပုန်းကွယ်နေသည့် ဒုတိယမြောက် အဆင့် (၂) ဇွန်ဘီမှာ ပေါ်ထွက်လာတော့သည်။ ထို အဆင့်(၂) ဇွန်ဘီမှာ ဒေါသထွက်သွားပြီး လုံးဝ ရူးသွပ်သွားသည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်သည်။ အဆင့်(၁) ဇွန်ဘီထက် အသိဉာဏ် အနည်းငယ် ပိုရှိသောကြောင့် အရေပြား ပြတ်ရှသွားသော နာကျင်မှုကို သည်းမခံနိုင်ခဲ့ပေ။ ကျယ်လောင်စွာ အော်ဟစ်ရင်း ချူဟန်ထံသို့ ပြင်းထန်စွာ ပြေးဝင်လာတော့သည်။ ချူဟန်သည် နောက်ဆုတ်ရန် မစဉ်းစားဘဲ ရှေ့သို့ပင် တစ်လှမ်း တိုးလိုက်သည်။ လက်ထဲရှိ ရှူရာပုဆိန်ကို လွှဲယမ်းကာ ထိပ်တိုက် ရင်ဆိုင်လိုက်တော့သည်။

"ဒုက္ခပဲ"

ဟွာယုံကျီ စိတ်ထဲတွင် ထိတ်လန့်သွားသည်။ သူ၏ အမြင်တွင် ချူဟန်သည် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူသာ ဖြစ်သည်။ မည်မျှပင် အစွမ်းထက်နေပါစေ တစ်ယောက်တည်းဖြင့် အဆင့်(၂) ဇွန်ဘီကို အနိုင်ယူနိုင်မည် မဟုတ်ပေ။ ပုံမှန်အားဖြင့် အဆင့်(၂) ဇွန်ဘီ တစ်ကောင်ကို သတ်ရန် အဆင့်(၂) ဆင့်ကဲပြောင်းလဲသူများ ဖြစ်ကြသော ချင်ရှို နှင့် ဖန်ကျန့် တို့ နှစ်ယောက်ပေါင်းမှသာ ခက်ခက်ခဲခဲ ရင်ဆိုင်နိုင်သော အဆင့်ဖြစ်သည်။

" အဲဒါ ဘယ်သူလဲ။ ဘာလို့ ဒီလောက် ဇွတ်လုပ်နေရတာလဲ "

ချင်ရှို က တိုက်ခိုက်နေစဉ်အတွင်း အော်မေးလိုက်သည်။

"လူသစ်ပါ"

ဟွာယုံကျီ က ပြန်ဖြေလိုက်ပြီး တိုက်ခိုက်မှုကို ပိုမို အရှိန်မြှင့်လိုက်သည်။

" ဒီကောင်ကို မြန်မြန် ရှင်းပြီး သွားကူရအောင် "

"အေး"

ချင်ရှိုသည်လည်း လက်နက်ကို အားစိုက်ကာ တိုက်ခိုက်လိုက်သည်။ တစ်ချိန်တည်းမှာပင် သူသည် ဟွာယုံကျီ ကို စိတ်ထဲမှ လေးစားသွားမိသည်။ အဆင့်(၁) ဆင့်ကဲပြောင်းလဲသူသာ ဖြစ်သော်လည်း မိမိနှင့် ဤမျှ ဟန်ချက်ညီညီ ပူးပေါင်းတိုက်ခိုက်နိုင်မည်ဟု မထင်ထားခဲ့ပေ။ မျက်နှာချင်းဆိုင်ရှိ အဆင့်(၂) ဇွန်ဘီနှင့် ရင်ဆိုင်ရသည်မှာ ခက်ခဲလှသော်လည်း ရန်သူ့ကို အသာစီး လုံးဝ အသာစီးရရန် ခွင့်မပြုထားပေ။

ပတ်ဝန်းကျင်ရှိ အခြားသော အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများ အားလုံးမှာလည်း မယုံကြည်နိုင်သော မြင်ကွင်းကို ကြည့်ကာ ဆွံ့အနေကြတော့သည်။ ချူဟန်က ဆင့်ကဲပြောင်းလဲသူ ဖြစ်နေပါစေဦး အဆင့် (၂) ဇွန်ဘီနှင့် ထိပ်တိုက် ရင်ဆိုင်ခြင်းမှာ အတင့်ရဲလွန်းရာ မကျပေဘူးလား။

ဝမ်ယန်နှင့် ငပိန်ကောင်တို့မှာ တစ်ခဏမျှ အံ့အားသင့်သွားသော်လည်း ချက်ချင်းပင် စောစောကထက် ပို၍ ကျယ်လောင်စွာ လှောင်ပြောင်ရယ်မောလိုက်ကြသည်။

"ဟားဟားဟားဟား... သေလမ်းကို ကိုယ်တိုင် ရွေးချယ်သွားတာပဲ"

"ကိုယ့်အဆင့်ကိုယ် မသိတဲ့ အရူးကောင်"

သနားစရာကောင်းသည်မှာ ထိုလှောင်ပြောင်ရယ်မောသံများသည်လည်း တစ်ခဏမျှသာ ကြာလိုက်ခြင်းပင် ဖြစ်တော့သည်။

All Chapters