အခန်း ၁၈၄
Vol. 19 Ch. 184
အခန်း (၁၈၄) ဘယ်သူက ယုံနိုင်မှာလဲ
ပုပ်ဟောင်နေသော ခြေထောက်တစ်ချောင်းက အညှာအတာကင်းမဲ့စွာ နင်းချလိုက်ရာ ဝမ်ချိုက်မှာ ရွှံ့နွံများထဲသို့ ချက်ချင်း နစ်ဝင်သွားတော့သည်။
"ခွေးကောင်... သေချင်နေတာလား"
ဝမ်ချိုက် အမျက်ဒေါသထွက်သွားသည်။ အသံကုန်ဟစ်ကာ ထိုဇွန်ဘီကို သတ်ပစ်ချင်သော်လည်း ယခုလေးတင် ချူဟန်၏ လှုပ်ခါမှုကြောင့် ခေါင်းများ မူးနောက်နေဆဲ ဖြစ်သည်။ ထို့အပြင် ယခုအချိန်တွင် သူ၏ အရွယ်အစားမှာ ပင်ပေါင်ဘောလုံးခန့်သာ ရှိသေးရာ အမည်းရောင် သွေးများ ရောနှောနေသော ရွှံ့ဗွက်ထဲတွင် လုံးဝ နစ်မြုပ်သွားပြီး အနည်းငယ်မျှပင် လှုပ်ရှား၍ မရတော့ချေ။ အမွေးအမျှင်များမှာလည်း မည်းနက်ညစ်ပေသွားပြီး အပေါ်သို့ တွားသွား၍ပင် မတက်နိုင်တော့ပေ။ရွှင်း…ထိုစဉ် ဝမ်ချိုက်ကို နင်းထားသော ဇွန်ဘီမှာ ချူဟန်၏ ပုဆိန်ချက်ကြောင့် ခေါင်းပြတ်သွားတော့သည်။ ဇွန်ဘီမှာ မြေပြင်ပေါ်သို့ ဘုန်းခနဲ လဲကျသွားသော်လည်း အဆိုးရွားဆုံးမှာ ၎င်း၏ ကြီးမားလှသော ခန္ဓာကိုယ်ကြီးက ဝမ်ချိုက်၏ အပေါ်သို့ တည့်မတ်စွာ ဖိချမိသွားခြင်းပင် ဖြစ်သည်။ အလေးချိန် ထပ်တိုးလာသဖြင့် ရွှံ့နွံထဲသို့ ပိုမိုနက်ရှိုင်းစွာ နစ်ဝင်သွားပြီး ရုန်းထွက်ရန် လုံးဝ မဖြစ်နိုင်တော့ပေ။ ပြင်းထန်သော ဖိအားများကြောင့် မူလအရွယ်အစားသို့ ပြန်လည်ပြောင်းလဲရန်ပင် အခွင့်အရေး မရလိုက်ချေ။
ဝမ်ချိုက် ကောင်းကင်ကိုမော့ကာ ညည်းတွားလိုက်မိသည်။
'ဒီနှစ်က ငါ့အတွက် ကံဆိုးတဲ့နှစ်များ ဖြစ်နေမလား။ ဒါမှမဟုတ်ရင် ဘာလို့ ဒီလောက်တောင် ကံဆိုးနေရတာလဲ'
သူ့ကို အနည်းငယ်မျှပင် ဂရုမစိုက်သော သခင်နောက်သို့ လိုက်လာခဲ့မိခြင်းကိုပင် နောင်တရလာသည်။ အစကတည်းက ထိုကဲ့သို့သော လူကို ဘာကြောင့် ရွေးချယ်ခဲ့မိမှန်း သူ့ကိုယ်သူပင် နားမလည်နိုင်အောင် ဖြစ်နေသည်။ အကယ်၍ အခြားသူ တစ်ဦးသာ သူ၏ သခင်ဖြစ်ခဲ့လျှင် မိမိအား နတ်ဘုရားတစ်ပါးလို ကိုးကွယ်ယုံကြည်နေမည်။ အနည်းဆုံးတော့ ယခုလောက်အထိ အနိုင်ကျင့် ခိုင်းစေခံရမည် မဟုတ်ချေ။ နောင်တရနေလျှင်လည်း အချိန်နှောင်းသွားခဲ့ပြီ ဖြစ်သည်။
ထိုအချိန်တွင် အနောက်ဘက်ရှိ ကြီးမားသော သစ်လုံးတံတိုင်းကြီးကို အပေါ်သို့ ပြန်ဆွဲတင်လိုက်ပြီး ချင်ရှို ဦးဆောင်သော အဆင့်(၁) ဆင့်ကဲပြောင်းလဲသူ ဆယ်ဂဏန်းခန့်မှာ အပြင်ဘက်သို့ ပြေးထွက်လာကြသည်။ အပြင်ဘက်သို့ ခြေချလိုက်သည်နှင့်တစ်ပြိုင်နက် သူတို့၏ ခြေလှမ်းများ ရုတ်တရက် ရပ်တန့်သွားတော့သည်။ မျက်စိတစ်ဆုံး မြင်တွေ့နေရသည်မှာ အလောင်းကောင် တောင်တန်းကြီးများပင် ဖြစ်သည်။ ကျယ်ပြန့်လှသော လယ်ကွင်းပြင်တစ်ခုလုံး ဇွန်ဘီအလောင်းများဖြင့် လုံးဝ ပြည့်နှက်နေလေသည်။ အရေအတွက်မှာ ရေတွက်၍ပင် မရနိုင်ချေ။ အားလုံး သေကုန်ပြီလား။ သေချာပေါက်ဖြစ်သည်။
"ဒါ... ဒါက..."
ချင်ရှိုမှာ အံ့အားသင့်လွန်းသဖြင့် စကားပင် ဆုံးအောင် မပြောနိုင်တော့ပေ။
" ဒါတွေ အားလုံးက ချူဟန် လုပ်သွားတာလား... "
ဟွာယုံကျီက မယုံကြည်နိုင်စွာဖြင့် သိသာထင်ရှားလှသော အမေးကို ထုတ်မေးလိုက်သည်။ အပြင်ဘက်တွင် ချူဟန် တစ်ယောက်တည်းသာ ရှိခဲ့သဖြင့် သူ သတ်ခဲ့သည်မှာ သေချာနေသည်။
ဟွာယုံကျီ၏ စကားကြောင့် လူတိုင်း၏ ရင်ထဲတွင် အလွန် ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်လာတော့သည်။ လူတစ်ယောက်တည်းက ဇွန်ဘီ ထောင်ပေါင်းများစွာကို သုတ်သင်ပစ်ခဲ့သည်ဆိုသည့် အကြောင်းကို ဘယ်သူက ယုံနိုင်မည်နည်း။ ဤသည်မှာ စခန်းတစ်ခုလုံး ပေါင်း၍ တိုက်ခိုက်လျှင်ပင် ရင်ဆိုင်နိုင်စွမ်းမရှိဘဲ တိုက်ပွဲဖြစ်တိုင်း ဆင့်ကဲပြောင်းလဲသူများ အသက်ပေးရလောက်အောင် ကြောက်မက်ဖွယ်ကောင်းသော ဇွန်ဘီလှိုင်းကြီး ဖြစ်သည်။ ယခုအခါ ချူဟန်၏ လက်ထဲတွင် အလွယ်တကူပင် ရှင်းလင်းသွားခဲ့လေပြီ။
အချိန်မရွေး ထွက်ပြေးနိုင်ရန် နောက်ဆုံးတန်းတွင် အသင့်အနေအထား ပြင်ဆင်ထားကြသော ဝမ်ယန် နှင့် ရှိုဟောက် တို့၏ ရင်ထဲတွင်မူ ပြင်းထန်သော ကြောက်ရွံ့မှုနှင့် ယုတ္တိမတန်မှုများက ပွက်ပွက်ဆူလာတော့သည်။ သူတို့ အပြင်ထွက်လာချိန်တွင် ချူဟန် တစ်ယောက် ဇွန်ဘီအုပ်ကြီး၏ ဝိုင်းရံပိတ်ဆို့မှုကို ခံနေရသည့် မြင်ကွင်းမျိုး မြင်ရမည်ဟု ထင်မှတ်ထားခဲ့ကြသည်။ အစပိုင်းတွင် ဇွန်ဘီများ လေထဲသို့ လွင့်စင်သွားသည့် ကြောက်မက်ဖွယ် မြင်ကွင်းကို တွေ့ခဲ့ရသော်လည်း အချိန်အတော်ကြာသွားပြီဖြစ်ရာ ချူဟန်လည်း အားအင်ကုန်ခမ်းနေလောက်ပြီဟု တွေးထားခဲ့ကြသည်။
သို့သော် လက်တွေ့အခြေအနေက မည်သို့ရှိနေသနည်း။ချူဟန်မှာ အားအင်ကုန်ခမ်းရန် နေနေသာသာ သူတို့ ကြောက်ရွံ့တုန်လှုပ်ခဲ့ရသော ဇွန်ဘီအုပ်ကြီးကို လုံးဝ နှိမ်နှင်းပစ်လိုက်လေပြီ။ ဤမျှ ကြီးမားလှသော ဇွန်ဘီအုပ်ကြီးမှာ လူတစ်ယောက်တည်း၏ လက်ထဲတွင် ခုခံနိုင်စွမ်း လုံးဝ မရှိဘဲ အသတ်ခံလိုက်ရသည်။ မျက်မှောက်ရှိ မြင်ကွင်းက သူတို့၏ အမြင်အာရုံကို ရက်စက်စွာ ရိုက်ချိုးပစ်လိုက်ပြီး အတိုင်းအဆမရှိသော ယုတ္တိကင်းမဲ့မှုကို ခံစားလိုက်ကြရသည်။
"ချူဟန်ရော ဘယ်မှာလဲ"
ရုတ်တရက် လူတစ်ယောက်က အော်မေးလိုက်သည်။ ထိုအသံကြောင့် အံ့အားသင့်နေသူများမှာ သတိပြန်ဝင်လာကြသည်။ ထို့နောက်...
"ဟိုမှာ"
မျက်စိလျင်သူ တစ်ဦးက အရှေ့ဘက်တွင် ရှိနေသော ချူဟန်ကို လှမ်းမြင်လိုက်သည်။
" သူ သတ်နေတုန်းပဲလား"
" ဘာတွေလဲဟ... သူက ရှေ့ဆက်တိုးပြီး ဇွန်ဘီတွေကို ဝင်ခုတ်နေတုန်းပဲလား"
လူအုပ်ကြီးမှာ ထပ်မံ၍ အံ့အားသင့်သွားကြပြန်သည်။ အရှေ့ဘက်တွင် ဇွန်ဘီများ သိပ်မကျန်တော့ပေ။ ချူဟန်သည် ရွာထဲရှိ ဇွန်ဘီများကို အမြစ်ဖြတ် သုတ်သင်ရန် ဆုံးဖြတ်ထားပုံရသည်။ ရှေ့သို့သာ ဆက်တိုက် တက်သွားပြီး သူ ဖြတ်သန်းသွားသော နေရာတိုင်းတွင် ဇွန်ဘီ တစ်ကောင်မျှ အသက်ရှင်လျက် မကျန်ရစ်ခဲ့ပေ။
ဂလု... ဂလု...
တံတွေးမျိုချသံများကို နေရာအနှံ့မှ ကြားလိုက်ရသည်။
ထိုစဉ် စခန်းအတွင်းမှ လူအများအပြား အပြင်သို့ ပြေးထွက်လာကြသည်။ အကာအကွယ်တံတိုင်းပေါ်မှနေ၍ ဤမယုံကြည်နိုင်ဖွယ် မြင်ကွင်းကို မြင်တွေ့ခဲ့ရသော ထိုသူများမှာ ချူဟန်၏ လွှမ်းမိုးနိုင်လွန်းသော တိုက်ခိုက်ရေးစွမ်းရည်ကြောင့် ခြေဖျားလက်ဖျားများ အေးစက်သွားကြသည့်အပြင် ရင်ထဲမှ လျှံကျလာသော ပြင်းထန်သည့် ကြည်နူးစိတ်လှုပ်ရှားမှုများ ပေါ်ပေါက်လာတော့သည်။ ဤမျှ အန္တရာယ်များသော နေရာတွင် စခန်းချခဲ့ရခြင်းမှာ အခြား ရွေးချယ်စရာ မရှိသောကြောင့် ဖြစ်သည်။ အရှေ့ဘက်တွင် ဇွန်ဘီများ သိမ်းပိုက်ထားသော ရွာတစ်ရွာ ရှိနေပြီး နောက်ဘက်တွင်လည်း အန္တရာယ်များသော တောင်တန်းကြီးများ တည်ရှိနေသည်။ တောင်ပေါ်ရှိ တိရစ္ဆာန်များမှာလည်း တစ်နေ့ထက်တစ်နေ့ ပိုမို ရက်စက်ကြမ်းကြုတ်လာရာ လေးဘက်လေးလံမှ အကျပ်ရိုက်နေသော အခြေအနေဆိုးကြီးနှင့် ရင်ဆိုင်နေရခြင်း ဖြစ်သည်။
စခန်း၏ တံတိုင်းများကို မည်မျှပင် မြင့်မားထူထဲစွာ တည်ဆောက်ထားစေကာမူ အခြေခံပြဿနာကို ဖြေရှင်းနိုင်ခြင်း မရှိခဲ့ပေ။ အရှေ့ဘက်ရွာမှ ဇွန်ဘီများကို မည်မျှပင် သတ်သတ် ကုန်ဆုံးသွားမည် မထင်ရဘဲ ရက်အနည်းငယ်ကြာတိုင်း ဇွန်ဘီလှိုင်းကြီးက ဝင်ရောက် တိုက်ခိုက်လေ့ရှိသည်။ ထိုအချိန်တိုင်း အသက်လု၍ ခုခံကာကွယ်ခဲ့ရပြီး အကြိမ်တိုင်းတွင် အနည်းဆုံး ဆင့်ကဲပြောင်းလဲသူ တစ်ဦးနှင့် လူအများအပြား အသက်ပေးခဲ့ရသည်။ ရိက္ခာလည်း ပြတ်လပ်နေကာ အပြင်သို့လည်း ထွက်မရသဖြင့် မျှော်လင့်ချက် ကင်းမဲ့နေသော နေ့ရက်များကို ဖြတ်သန်းခဲ့ရသည်။
ထိုအချိန်၌ ချူဟန် ရုတ်တရက် ပေါ်လာခဲ့သည်။ ကြီးမားလှသော အင်အားဖြင့် ဇွန်ဘီအမြောက်အများကို ချေမှုန်းပစ်ခဲ့ပြီး တန်ပြန်တိုက်ခိုက်ရန် အခွင့်အရေးပင် မပေးခဲ့ပေ။ ထိုမျှမကသေးဘဲ ဇွန်ဘီစခန်းအတွင်းသို့ တစ်ကိုယ်တော် ဝင်ရောက်ကာ ရွာထဲရှိ ဇွန်ဘီများကို အမှန်တကယ်ပင် အမြစ်ဖြတ် သုတ်သင်ပစ်ခဲ့လေပြီ။ ချူဟန် ဆိုသော အမျိုးသားတစ်ဦးတည်းက သူတို့အတွက် လမ်းဖောက်ပေးခဲ့ခြင်း ဖြစ်သည်။ ဤငရဲတွင်းမှ လွတ်မြောက်နိုင်မည့် မျှော်လင့်ချက်လမ်းစပင် ဖြစ်တော့သည်။
"အောင်မြင်ပြီ... အောင်မြင်သွားပြီကွ"
လူတစ်ယောက်က မျက်ရည်များ ဒလဟော စီးကျလာလျက် အော်ဟစ်လိုက်သည်။
"နောက်ဆုံးတော့ အိမ်ပြန်လို့ ရပြီ"
"ဇွန်ဘီတွေရဲ့ အနှောင့်အယှက် မရှိတော့ဘူး... ငါတို့ အပြင်ထွက်လို့ ရသွားပြီ"
ဤသည်မှာ အံ့ဖွယ်ကောင်းသော ကိစ္စဖြစ်ကြောင်းကို နားလည်သဘောပေါက်သွားသူများက ဆက်တိုက်ဆိုသလို အော်ဟစ်လိုက်ကြသည်။
"သူက ငါတို့ရဲ့ ကျေးဇူးရှင်ပဲ"
ချင်ရှိုမှာလည်း မျက်လုံးများ နီရဲလာပြီး အသံများ တုန်ရီစွာဖြင့် ပြောလိုက်သည်။ ဝမ်ယန် နှင့် ငပိန်ကောင်ရှိုဟောက်တို့မှာ နောင်တများဖြင့် ပြည့်နှက်နေတော့သည်။ ဘာလို့ ငါတို့က ဒီလောက်တောင် ကံဆိုးနေရတာလဲ။ ချူဟန် သည် ဤမျှလောက် ကြောက်မက်ဖွယ်ကောင်းသော မိစ္ဆာကောင်ကြီး ဖြစ်နေလိမ့်မည်ဟု အဘယ်ကြောင့် ကြိုတင် မသိမြင်နိုင်ခဲ့ကြပါသနည်း။တစ်ဖက်တွင်မူ အရှေ့ဘက်၌ ရှိနေသော ချူဟန်သည် ရွာအစွန်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ထိုမျှနှင့် အားမရသေးဘဲ ရွာတစ်ရွာလုံးကို နောက်တစ်ကြိမ် လှည့်ပတ်ကာ အသက်ရှင်ကျန်ရစ်သော ဇွန်ဘီများ ရှိမရှိ စစ်ဆေးနေလေသည်။ လူများက သူ့အပေါ် ထားရှိသော ကျေးဇူးတင်စိတ်နှင့် ရှုပ်ထွေးသော ခံစားချက်များမှာ သူ့အတွက်တော့ ဂရုစိုက်စရာ မဟုတ်ပေ။ သေချာသည့် အချက်တစ်ချက်မှာ ယနေ့ တိုက်ပွဲက အလွန် တွက်ခြေကိုက်ခဲ့ခြင်းပင် ဖြစ်သည်။ တကယ်ကို အမှတ်(၂၀၀၀) ကျော်ပင် ရရှိခဲ့လေပြီ။
မကြာသေးမီကမှ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူအဖြစ် အဆင့်မြှင့်တင်ရာတွင် သုံးစွဲခဲ့သော အမှတ်များကို နုတ်လိုက်လျှင်ပင် လက်ရှိ အမှတ်လက်ကျန်မှာ (၁၆၇၉) မှတ် ဖြစ်သည်။ နောက်ထပ် အမှတ်(၃၀၀) ကျော် ရရှိပါက အစွမ်း သုံးခုထဲမှ တစ်ခုကို အဆင့်(၂) သို့ မြှင့်တင်နိုင်မည် ဖြစ်သည်။
တိကျမှု ၊ ခွန်အား နှင့် အမြန်နှုန်း။ ဤစွမ်းရည် သုံးခုကို အဆင့်(၂) သို့ မြှင့်တင်ရန် လိုအပ်သော အမှတ်များမှာ တူညီပြီး အဆင့်(၂) ဆင့်ကဲပြောင်းလဲသူအဖြစ် အဆင့်မြှင့်တင်ခြင်းကဲ့သို့ပင် မှတ်(၂၀၀၀) ဖြစ်သည်။ အစကနဦး ဖွင့်လှစ်စဉ်က လိုအပ်သော အမှတ်များ ကွာခြားခဲ့သော်လည်း အဆင့်မြှင့်တင်ရာတွင် အဘယ်ကြောင့် တူညီနေရသနည်း။ ဝမ်ချိုက်၏ အဆိုအရ ဖွင့်ချိန်တွင် ဗီဇ ပြုပြင်ပြောင်းလဲမှု ပါဝင်သောကြောင့် ကွာခြားခြင်းဖြစ်ပြီး အဆင့်မြှင့်တင်ခြင်းမှာမူ စွမ်းအင်သီးသန့် လိုအပ်ခြင်းကြောင့် လုံးဝ တူညီသွားခြင်း ဖြစ်သည်ဟု ဆိုသည်။
ဤအဖြေအတွက် ချူဟန် ကျေနပ်မိသည်။ အမှတ်(၂၀၀၀) ဆိုသည်မှာ အနည်းငယ် များပြားလွန်းသော်လည်း ယုတ္တိမတန်လောက်အောင် ကြီးမားနေခြင်းမျိုး မဟုတ်လျှင် လက်ခံနိုင်စွမ်း ရှိသည်။
မိနစ်သုံးဆယ် ကြာပြီးနောက် ချူဟန်သည် နောက်ဆုံးတွင် ရွာ၏ နေရာအနှံ့အပြားကို ရှာဖွေစစ်ဆေးပြီးသွားတော့သည်။ ကျန်ရစ်နေသော ဇွန်ဘီများကို ရှာဖွေ ရှင်းလင်းခဲ့ပြီး အဆင့်(၂) ဇွန်ဘီ အနည်းငယ်ကိုလည်း သုတ်သင်နိုင်ခဲ့သည်။ အဆင့်(၃) ဇွန်ဘီကို မတွေ့ခဲ့ရသော်လည်း ဤမျှ အရွယ်အစားရှိသော ဇွန်ဘီလှိုင်းတွင် အဆင့်(၃) ဇွန်ဘီ ပေါ်လာရန်မှာ လုံးဝ မဖြစ်နိုင်ပေ။ ဇွန်ဘီ နှစ်ထောင် ဆိုသော အရေအတွက်မှာ အမှန်တကယ် တိုက်ပွဲကြီးများနှင့် ယှဉ်လျှင် ကလေးကစားသလောက်သာ ရှိသေးသည်။ ယခင်က ထုံမြို့ခေါ် သေမင်းတမန် မြို့တော် တွင် ဆင်နွှဲခဲ့ရသော သေရေးရှင်ရေး တိုက်ပွဲကြီး၌ ဇွန်ဘီ အရေအတွက်မှာ ယခုနေရာထက် ကိုးဆမက ရှိခဲ့သည် မဟုတ်ပါလော။
ချူဟန်အတွက် ဇွန်ဘီ အကောင်နှစ်ထောင် ဆိုသည်မှာ အရေးတယူ လုပ်နေစရာပင် မလိုပေ။ လူတစ်ယောက်တည်းဖြင့် အကောင်နှစ်ထောင်ကို အမြစ်ဖြတ် ရှင်းလင်းပစ်ခဲ့ခြင်းမှာ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ဖြစ်ခါစ သူ၏အဖို့ အလွန် ဂုဏ်ယူဖွယ်ကောင်းသော တိုက်ပွဲဝင် ရလဒ်တစ်ခုဖြစ်ပြီး အခြားသူများအမြင်တွင်မူ နတ်ဘုရားတစ်ပါး၏ စွမ်းဆောင်ချက်နှင့်ပင် တူနေတော့သည်။
ရှင်းလင်းရေး ပြီးဆုံးသွားကာ ဇွန်ဘီ တစ်ကောင်မျှ မကျန်တော့ကြောင်း အတည်ပြုလိုက်ပြီးနောက်...
"ဝမ်ချိုက်"
ချူဟန်က လန်းဆန်းသော စိတ်အခြေအနေဖြင့် ရှူရာပုဆိန်ကို ပခုံးပေါ် ထမ်းကာ ခပ်ပေါ့ပေါ့ပင် ခေါ်လိုက်သည်။
"ဗျာ..."
ကျောဘက်မှ အလွန် အားနည်းနေသော အသံလေး ပြန်ထွက်လာသည်။
"ရှူရာပုဆိန်ကို သိမ်းထားလိုက်"
ချူဟန်က ဝမ်ချိုက်၏ စိတ်အခြေအနေကို ဂရုမစိုက်ဘဲ အနောက်ဘက်သို့ ပုဆိန်ကို အားပြင်းပြင်းဖြင့် ပစ်ပေးလိုက်သည်။ ပုဆိန်ကို ကပျာကယာ ဖမ်းယူလိုက်သော ဝမ်ချိုက်မှာ စကားတစ်ခွန်းမျှ မဆိုဘဲ သိုလှောင်ခန်းထဲသို့ သိမ်းဆည်းလိုက်သည်။
"ဟင်ဟင်... ဒီနေ့ တကယ် စိတ်ကြည်သွားတာပဲ""
ချူဟန်က အကြောဆန့်လိုက်ပြီးနောက် ခြေလှမ်းကျဲကြီးများဖြင့် ရှေ့သို့ လျှောက်သွားလိုက်သည်။
"အင်းပါ..."
ဝမ်ချိုက်က တိတ်တဆိတ် နောက်မှ လိုက်ပါသွားသည်။
ထိုအခါမှသာ ချူဟန် တစ်စုံတစ်ရာ ထူးခြားနေကြောင်း သတိထားမိသွားတော့သည်။ အမြဲတမ်း အဘွားအိုတစ်ယောက်လို စကားများလွန်းသော ဝမ်ချိုက်မှာ ဒီနေ့တော့ အတော်လေး တိတ်ဆိတ်နေလေသည်။ ချူဟန် လှည့်ကြည့်လိုက်ပြီးနောက် မျက်လုံးများ ပြူးကျယ်သွားတော့သည်။ အောက်ဘက်ရှိ ဝမ်ချိုက်ကို အကြိမ်ကြိမ် သေချာ စိုက်ကြည့်ပြီးနောက် မနေနိုင်ဘဲ မေးလိုက်မိသည်။
"မင်းက... ဘယ်သူလဲ"