← Chapters

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း ၁၈၅

Vol. 19 Ch. 185

အခန်း (၁၈၅) ဒူးထောက်ပြီး ကျေးဇူးတင်လိုက်စမ်း

မျက်စိရှေ့ရှိ သတ္တဝါမှာ ယုန်တစ်ကောင်ဖြစ်သည်မှာ သေချာနေပြီး အရွယ်အစားမှာလည်း သာမန်ယုန်တစ်ကောင်နှင့် မခြားနားပေ။ ၎င်း၏ ပုံပန်းသဏ္ဌာန်မှာ မူလအရောင်ကို လုံးဝ ခွဲခြား၍မရနိုင်လောက်အောင် ပြောင်းလဲနေကာ ရေမြောင်းထဲမှ တွားသွားထွက်လာသည့်အလား ဖြစ်နေသည်။ ကြီးမားလှသော နားရွက်ကြီးနှစ်ဖက်မှာ ကြမ်းတိုက်ဝတ်တစ်ခုပမာ ဖြစ်နေသည်။ ဇွန်ဘီများ၏ အမည်းရောင် သွေးများနှင့် ရွှံ့ဗွက်များ ပေကျံနေသဖြင့် အလွန် ညစ်ပတ်စက်ဆုပ်ဖွယ်ကောင်းစွာ တွဲလောင်းကျနေတော့သည်။

ဝမ်ချိုက်မှာ အဘိုးအိုတစ်ဦးကဲ့သို့ သက်ပြင်းရှည်ကြီး ချလိုက်လေသည်။

"ဆက်မပြောပါနဲ့တော့ဗျာ... မကြည့်နဲ့။ ရှက်စရာကြီး"

ချူဟန်က ခေါင်းညိတ်ကာ ၎င်းကို အထက်အောက် တစ်ချက်ကြည့်လိုက်ပြီးနောက် တကျွတ်ကျွတ်စုပ်သပ်ကာ ခေါင်းခါလိုက်သည်။

"မင်းမှာ ဒီလိုဝါသနာရှိမယ်လို့ မထင်ထားဘူး။ နောက်တစ်ခါကျရင် မင်းကို သွေးပုပ်ရွှံ့နွံတောထဲမှာ မွေးထားရမယ်"

ဝမ်ချိုက်မှာ ဒေါသထွက်လွန်းသဖြင့် စကားပင် ဆက်မပြောချင်တော့ပေ။ ချူဟန်သည် စခန်းဆီသို့ ဖြည်းညင်းသော ခြေလှမ်းများဖြင့် ပြန်လာခဲ့သည်။ ရွာထဲရှိ ဇွန်ဘီအားလုံးကို အမြစ်ဖြတ် သုတ်သင်နိုင်ခဲ့သည့်အပြင် အမှတ်များလည်း အမြောက်အမြား ရရှိခဲ့လေပြီ။ ယခုအခါ သူ၏ စိတ်အခြေအနေမှာ အလွန် ကြည်နူးနေတော့သည်။ လမ်းလျှောက်လာရင်း ယနေ့ည ဤစခန်းငယ်လေးတွင် တစ်ညတာ အနားယူပြီး နံနက်စောစော ထွက်ခွာရန် တွေးတောနေသည်။

အဝေးမှ လှမ်းမြင်နေရသော စခန်း၏ တံတိုင်းအပြင်ဘက်တွင် ရှေ့တန်းမှ တိုက်ခိုက်ခဲ့သူများသာမက စခန်းတွင်းရှိ အသက်ရှင်ကျန်ရစ်သူ အားလုံးနီးပါး စုရုံးနေကြသည်။ သူတို့အားလုံးသည် ပုံမှန်အားဖြင့် စိတ်ကူးကြည့်ရန်ပင် မဖြစ်နိုင်သော ကြောက်မက်ဖွယ် မြင်ကွင်းကြီးကို တွေ့မြင်လိုက်ရသဖြင့် အံ့အားသင့်ကာ မျက်နှာပေါ်တွင် အလွန်အံ့သြတုန်လှုပ်မှုများဖြင့် ကြည့်ရှုနေကြသည်။ ထိုအချိန်တွင် ချူဟန်သည် သူတို့၏ မြင်ကွင်းထဲသို့ တစ်လှမ်းချင်း ဝင်ရောက်လာခဲ့သည်။ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးဖျော့ဖျော့လေးရှိနေပြီး အပြစ်ကင်းစင်ကာ အန္တရာယ်မရှိသည့်ပုံစံဖြင့် ပြုံးနေသည်

အပြင်ဘက်တွင် ရပ်နေသူအများစုမှာ တိုက်ပွဲတွင် မပါဝင်ဘဲ စခန်းထဲတွင်သာ ပုန်းအောင်းနေခဲ့ကြသူများ ဖြစ်သည်။ မိမိကိုယ်ကို အားနည်းသူများအဖြစ် သတ်မှတ်ထားကာ ခွန်အားကြီးသူများ၏ ကာကွယ်မှုကိုသာ ခံယူသင့်သည်ဟု ထင်မှတ်ထားကြသဖြင့် စောစောက တိုက်ပွဲတွင် ချူဟန်၏ လှုပ်ရှားမှုများကို မမြင်တွေ့ခဲ့ရချေ။

"အဲဒါက ငါတို့စခန်းရဲ့ ကျေးဇူးရှင်ပဲ"

လူတစ်ယောက်က ဖြေလိုက်သည်။

"မင်းတို့ မျက်စိရှေ့က ဇွန်ဘီတွေအကုန်လုံးက သူသတ်ခဲ့တာတွေချည်းပဲ"

"သူတစ်ယောက်တည်းလား"

"ဟုတ်တယ်၊ သူတစ်ယောက်တည်းပဲ"

အံ့သြတုန်လှုပ်မှု၊ မယုံကြည်နိုင်မှု၊ သံသယဖြစ်မှု စသည့် စိတ်ခံစားမှုမျိုးစုံက ထိုလူများ၏ မျက်နှာပေါ်တွင် ပေါ်လာပြီး မကြာမီမှာပင် လူအချို့က နှာခေါင်းရှုံ့လာကြသည်။

"မဖြစ်နိုင်တာ။ ဒီလောက် ထောင်နဲ့ချီတဲ့ ဇွန်ဘီတွေကို သူ တစ်ယောက်တည်း သတ်နိုင်စရာ အကြောင်းမရှိဘူး"

"ဟုတ်ပါ့။ လိမ်မယ်ဆိုရင်တောင် ယုံလောက်တဲ့စကားမျိုး ပြောစမ်းပါ"

"သူ့ရဲ့ သေးသွယ်နေတဲ့ လက်မောင်းတွေ ခြေထောက်တွေကိုလည်း ကြည့်ဦး။ ပုဆိန်တောင် ကိုင်ထားတာ မဟုတ်ဘူး။ ဒီဇွန်ဘီတွေကို သူက သတ်ခဲ့တာတဲ့လား။ အရူးစကားတွေ လာမပြောနဲ့"

" ဒီလောက် ဇွန်ဘီအများကြီးကို သတ်ခဲ့တယ်ဆိုတာကို ယုံဖို့နေနေသာသာ၊ ဇွန်ဘီ နှစ်ကောင်လောက်ကို သတ်နိုင်တယ်လို့ ပြောရင်တောင် ငါကတော့ ယုံမှာမဟုတ်ဘူး "

"ငါလည်း မယုံဘူး။ ဘယ်လိုကြည့်ကြည့် ငါတို့လို သာမန်လူတစ်ယောက်ပါပဲ"

ပတ်ဝန်းကျင်မှ လူများ၏ စကားများကို ကြားလိုက်ရသဖြင့် ဟွာယုံကျိမှာ ရုတ်တရက် သတိဝင်လာသည်။ စဉ်းစားကြည့်လျှင် ယနေ့ ချူဟန်ကို စတင်တွေ့ဆုံချိန်က သူသည် ဤကဲ့သို့ ပေါ့ပေါ့ပါးပါး ဝတ်စားထားခဲ့ခြင်း ဖြစ်သည်။ ရန်လိုသော အငွေ့အသက် အနည်းငယ်မျှပင် မခံစားရဘဲ အပြစ်ကင်းစင်ပုံပေါက်နေသော ဤလူငယ်လေးသည် လွန်ခဲ့သည့် အချိန်လေးတင်ကမှ ရွာထဲရှိ ဇွန်ဘီအားလုံးကို တစ်ယောက်တည်း အမြစ်ဖြတ် သုတ်သင်ခဲ့သည်ဆိုသည်ကို မည်သူက ယုံကြည်နိုင်မည်နည်း။ ထိုအချိန်တွင် ချူဟန်သည် စခန်းအနီးသို့ ရောက်ရှိလာလေပြီ။ မျက်စိရှေ့ရှိ လူများ၏ မျက်နှာပေါ်တွင် ရှုပ်ထွေးသော အမူအရာ အမျိုးမျိုး ပေါ်လွင်နေသည်။ ကြည်ညိုလေးစားမှု၊ အံ့ဩချီးကျူးမှု၊ ရန်လိုမှု၊ ကျေးဇူးတင်မှုများ အပြင် သံသယနှင့် အထင်အမြင်သေးမှုများပါ ရောယှက်နေကြသည်။

ချူဟန်ကတော့ အနည်းငယ်မျှပင် ဂရုမစိုက်ချေ။ အခြားသူများ မည်သို့ပင် တွေးတောနေပါစေ သူနှင့် မသက်ဆိုင်ပေ။ လုံလောက်သော အကျိုးအမြတ်များကို ရရှိထားပြီးဖြစ်ရာ ဤမျှဆိုလျှင် လုံလောက်နေပြီ ဖြစ်သည်။"ချူဟန်... ပြန်ရောက်လာပြီလား"

ချင်ရှိုက စိတ်လှုပ်ရှားစွာ အော်ဟစ်လိုက်ပြီး အရှေ့သို့ ခြေနှစ်လှမ်း သုံးလှမ်းခန့် ထွက်ကာ ဆီးကြိုလိုက်သည်။ ဟွာယုံကျီ အပါအဝင် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများလည်း ကပျာကယာ နောက်မှ လိုက်ပါသွားကြသည်။ ဝမ်ယန်နှင့် ရှိုဟောက်တို့နှစ်ယောက်မှာမူ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး မျက်နှာပေါ်တွင် ရှက်ရွံ့ခါးသီးမှုများအပြည့်ဖြင့် လူအုပ်နောက်မှ လိုက်ပါသွားလေသည်။ တိုက်ပွဲတွင် ပါဝင်ခဲ့သော အခြားသူများမှာလည်း တစ်ပြိုင်နက်တည်း ပြေးလာကြပြီး ချူဟန်အား စခန်း၏ စစ်မှန်သော သူရဲကောင်းတစ်ဦးပမာ ဂုဏ်ပြု ကြိုဆိုလိုက်ကြတော့သည်။

အခြားသော လူအများစုမှာတော့ ဘာဖြစ်မှန်းမသိ နားမလည်နိုင်အောင် ဖြစ်နေကြသည်။ ခေါင်းဆောင်ကြီးနှင့် ထိုအဆင့်ကဲပြောင်းလဲသူများကို သူတို့ လုံးဝ နားမလည်နိုင်ကြပေ။ တစ်ချိန်တည်းမှာပင် ချူဟန်အပေါ်တွင်လည်း ပို၍ ရန်လိုလာကြသည်။ သာမန်လူသစ်တစ်ယောက်မျှသာ ဖြစ်ပြီး ရောက်ရောက်ချင်း ဤမျှ လေးစားခံနေရသည်မှာ သူ့ကိုယ်သူ ဘာကောင်မှတ်နေသနည်း။

ဇွန်ဘီတွေကို သတ်ခဲ့တယ် ဟုတ်လား။ ဝတ္ထုထဲမှာမှ မဟုတ်တာ။ ဒီလောက်များပြားတဲ့ ဇွန်ဘီတွေကို သူတစ်ယောက်တည်း သတ်နိုင်စရာ အကြောင်းမရှိဘူး။ ဘယ်သူ့ကို လာလိမ်နေတာလဲ။ ဘယ်တော့မှ ယုံမှာမဟုတ်ဘူး။

"လာ... သွားကြမယ်"

စခန်း၏ ခေါင်းဆောင် ဖြစ်သော ချင်ရှိုမှာ အလွန် စိတ်ကြည်လင်နေပြီး ချူဟန်၏ ပခုံးကို ရင်းနှီးစွာ ဖက်လိုက်သည်။

"ဒီနေ့တော့ အောင်ပွဲခံရမယ်"

"ဟုတ်တယ်"

ဟွာယုံကျီကလည်း စိတ်လှုပ်ရှားစွာဖြင့် ဝင်ပြောလိုက်သည်။

"ဒီနေ့ ရခဲ့တဲ့ တောကောင်တွေကို ရှောင်ဟွာကို အကုန်ချက်ခိုင်းလိုက်မယ်၊ ညီလေးချူ တစ်ယောက်တည်းကိုပဲ အကုန်ကျွေးမယ်၊ အမုန်းဆွဲဖို့သာပြင်ထား"

"ဟုတ်ပ... ဟုတ်ပ"

ဘေးတွင် ရှိနေသော ရှောင်ဟွာ ကလည်း ခေါင်းကို ဆက်တိုက် ညိတ်ပြလေသည်။ ယခုအခါ သူမတွင် မည်သည့် ငြင်းဆန်မှု၊ မကျေနပ်မှုမျှ မရှိတော့ချေ။ ချူဟန် ဘာတွေ လုပ်ခဲ့သနည်းဆိုသည်ကို သူမ မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ရပြီ ဖြစ်သည်။

"မွန်းလွဲပိုင်းက ငါရလာတဲ့ တောကြက်ကိုလည်း ပေးမယ်"

နေ့လည်က ဟွာယုံကျိနှင့်အတူ ချူဟန်ကို တွေ့ခဲ့သော ပထမအဆင့် အဆင့်ကဲပြောင်းလဲသူ တစ်ဦးကလည်း အသံထွက်လာသည်။ အစောပိုင်းက ချူဟန်အား အရေးမစိုက်ခဲ့သော သူ၏ စိတ်နေသဘောထားမှာ လုံးဝ ပြောင်းလဲသွားခဲ့ပြီး အကြွင်းမဲ့ လေးစားသွားခဲ့ပြီ ဖြစ်သည်။

"ငါ့ဟာလည်း ယူကွာ"

အခြား အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများကလည်း တစ်ယောက်တစ်ပေါက် အော်ဟစ်လိုက်ကြသည်။ ဝမ်ယန်မှာ စိတ်ထဲတွင် အလွန် ထိတ်လန့်နေပြီး ကပျာကယာ ဝင်ပြောလိုက်သည်။

"ဟို... ကျွန်မတို့ရဲ့ ရိက္ခာတွေကိုလည်း ပေးပါ့မယ်။ အားလုံးကို အစ်ကိုကြီးချူ အတွက် ပေးပါမယ်"

ငပိန်ကောင် ရှိုဟောက်ကလည်း ကြက်ကလေး ဆန်စားနေသကဲ့သို့ ခေါင်းကို တဆတ်ဆတ် ညိတ်ပြနေသည်။

"ကျွန်တော်လည်း အတူတူပါပဲ၊ ဟီးဟီး၊ ကျွန်တော်လည်း အတူတူပါပဲ"

ယခုအချိန်တွင် သူတို့နှစ်ဦးမှာ ယခင်က သူတို့၏ ရိုင်းစိုင်းခဲ့မှုများကို ချူဟန် အပြစ်မယူရန်သာ ဆုတောင်းနေရတော့သည်။ ရိက္ခာလား။ ပေးမည်။ အားလုံး ပေးပစ်လိုက်မည်။ ချူဟန်မှာ အကြောင်းရင်းကို နားမလည်နိုင်သဖြင့် မျက်စိရှေ့ရှိ လူများကို ကြည့်လိုက်သည်။ သူတို့က ဘာဖြစ်လို့ ရိက္ခာတွေကို ဒီလောက်တောင် ပေးချင်နေကြတာလဲ။ အလကားပေးမည်ဆိုမှတော့ မယူဘဲ နေစရာ အကြောင်းမရှိပေ။ ထို့ကြောင့် ခပ်ပေါ့ပေါ့ပင် ခေါင်းညိတ်ပြလိုက်သည်။

"ရပါတယ်"

တကယ်လည်း ရတာပါပဲ။ ပေးနေမှတော့ ယူထားလိုက်ရုံပေါ့။ သိုလှောင်ခန်းထဲမှာ ထားရင် မသိုးနိုင်ဘူးလို့ ထင်ရတာပဲ၊ အစားအစာကုန်သွားရင် ထပ်ရှာရမယ့် အလုပ်တောင် သက်သာသွားသေးတယ်။ ချူဟန်၏ ထိုကဲ့သို့ ဂရုမစိုက်ဘဲ အလွယ်တကူ လက်ခံလိုက်သော အမူအရာက တိုက်ပွဲကို မမြင်တွေ့ခဲ့ရသူများ၏ ရင်ထဲတွင် ဒေါသအမီးကို ဆွပေးလိုက်သလို ဖြစ်သွားသည်။ ဤစခန်းတွင် ရိက္ခာဆိုသည်မှာ အငြင်းပွားဖွယ် အကောင်းဆုံးအရာ ဖြစ်နေပါလျက်နှင့် လူသစ်တစ်ယောက်ကို အားလုံး ပေးလိုက်မည် ဟုတ်လား။ ဘာဖြစ်လို့ ဒီလို လုပ်ရမှာလဲ။ သူတို့မှာ ပုံမှန်အားဖြင့် ဗိုက်ဝအောင်ပင် မစားရပေ။

ချူဟန် လက်ခံလိုက်သည်ကို ကြားလိုက်ရသဖြင့် ဝမ်ယန် နှင့် ရှိုဟောက်တို့မှာ ချက်ချင်းပင် အတိုင်းမသိ ဝမ်းသာသွားကြပြီး ယခုချက်ချင်းပင် ဒူးထောက်ကာ ကျေးဇူးတင်ချင်စိတ်များပင် ပေါ်ပေါက်လာတော့သည်။ ချင်ရှို နှင့် ဟွာယုံကျီ တို့က အသံကျယ်ကြီးများဖြင့် ရယ်မောလိုက်ကြပြီး ဆင့်ကဲပြောင်းလဲသူများက ချူဟန်ကို ဝိုင်းရံလျက် စခန်းအတွင်းသို့ လျှောက်သွားကြသည်။ ဘိုးဘေးတစ်ဦးကို ပူဇော်နေသည့်အလား အလွန် ကြီးကျယ်ခမ်းနားသော ဧည့်ခံပြုစုမှုပင် ဖြစ်သည်။

စခန်းအတွင်းရှိ အရေးပါသော လူကြီးများက စကားလုံးအနည်းငယ်ဖြင့်ပင် အစားအစာများကို ချူဟန်အား ပေးရန် ဆုံးဖြတ်လိုက်သည်ကို မြင်လိုက်ရသောအခါ ကျန်ရှိသော အသက်ရှင်ကျန်ရစ်သူများ အားလုံး၏ မျက်နှာများမှာ မည်းမှောင်သွားကြပြီး အနောက်မှ လိုက်လာကြသည်။ အကျယ်ကြီး အော်ဟစ်ရန် သတ္တိမရှိကြသော်လည်း ကွယ်ရာတွင် မကျေနပ်ချက်များကို တိုးတိုးတိတ်တိတ် ပြောဆိုနေကြလေသည်။

"ဘာတွေ ဖြစ်နေတာလဲ။ တောက်... ရူးနေကြပြီလား"

"ရိက္ခာတွေ အားလုံးကို သူ့ပေးလိုက်ရင် ငါတို့က ဘာစားရတော့မှာလဲ"

"လွန်လွန်းနေပြီ။ ငါတို့လည်း အမြဲတမ်း ဗိုက်ဆာနေတာပဲဟာကို"

"ဟုတ်တယ်။ ရိက္ခာတွေ ရှိနေတာတောင် ငါတို့ကို မပေးဘဲ အဲဒီ ချူဟန် ဆိုတဲ့ကောင်ကို အားလုံး ပေးလိုက်တယ်ပေါ့လေ"

"ငါ့ကလေးတွေ အသားမစားရတာ ရက်အတော်ကြာနေပြီ"

" မင်းကလေးကို ပြုတ်မစားတာပဲ ကျေးဇူးတင်လှပြီ ၊ ငါဆို အလုပ်ကြမ်းတွေ လုပ်နေရတာတောင် အသားမစားရတာ တစ်ပတ်ရှိနေပြီ"

ညည်းတွားသံများ ဆက်တိုက် ထွက်ပေါ်လာပြီး အသံများမှာလည်း တဖြည်းဖြည်း ကျယ်လောင်လာ ပြီး လူထု၏ ဒေါသကိုပင် ဆွပေးလိုက်သကဲ့သို့ ဖြစ်လာသည်။ အရှေ့မှ လျှောက်သွားနေသော ဆင့်ကဲပြောင်းလဲသူ ဆယ်ယောက်ကျော်မှာလည်း အနောက်ဘက်မှ ထူးခြားမှုကို ချက်ချင်း သတိထားမိသွားကြသည်။ အထူးသဖြင့် ခေါင်းဆောင်ကြီး ချင်ရှိုမှာ ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး လှည့်ကာ အော်ငေါက်လိုက်သည်။

"အကုန်လုံး ပါးစပ်ပိတ်ထားကြ၊ မင်းတို့ အကုန်လုံးရဲ့ စွမ်းဆောင်ရည်က ညီလေးချူ တစ်ယောက်တည်း လုပ်ပေးခဲ့တာလောက်တောင် မမှီဘူးကွ"

ခေါင်းဆောင်ကြီး၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလိုက်ရချိန်တွင် သူတို့၏ ကြိတ်မြိုထားသော ဒေါသမီးမှာ တစ်ဟုန်ထိုး တောက်လောင်သွားတော့သည်။

"ခေါင်းဆောင်ကြီး... ဟို ချူဟန် ကမှ လူ၊ ငါတို့ကတော့ လူမဟုတ်ဘူးလို့ ပြောချင်တာလား"

"ချင်ရှို ဆိုတဲ့ကောင်က တကယ်ပဲ တိရစ္ဆာန်ပါလား။ စခန်းထဲက လူတွေ ဘယ်လောက်တောင် ဆာလောင်နေလဲဆိုတာကို ကြည့်ဦးလေ"

"ရိက္ခာတွေ အားလုံးကို သူတစ်ယောက်တည်းကို ပေးဖို့ ဘယ်လိုလုပ် ရက်စက်နိုင်ရတာလဲ"

"စခန်းထဲမှာ အစားအစာတွေ အများကြီး ရှိနေလို့လား စားမကုန်လို့ လူတွေကို လိုက်ပေးရလောက်အောင် များနေလို့လား"

ဤစခန်းတွင် ဘာပဲဖြစ်ဖြစ် သာမန်လူက အများဆုံးဖြစ်သည်။ ဆင့်ကဲပြောင်းလဲသူဆို၍ ဆယ်ယောက်ကျော်သာ ရှိသည်။ အသက်ရှင်ကျန်ရစ်သူ တစ်ရာကျော်က တစ်ပြိုင်နက်တည်း ဆန့်ကျင် အုံကြွလာသဖြင့် မျက်စိတစ်မှိတ်အတွင်းမှာပင် အခြေအနေမှာ ထိန်းမနိုင်သိမ်းမနိုင် ကမောက်ကမ ဖြစ်သွားတော့သည်။

ထိုအချိန်တွင် အရှေ့ဘက်မှ လူငယ်တစ်ဦး ပြေးလာလေသည်။ အကြောက်တရားကြောင့် မျက်နှာများ ရှုံ့မဲ့နေပြီး သရဲတစ္ဆေကို မြင်လိုက်ရသည့်အလား တုန်ရီနေသော အသံဖြင့် အော်ဟစ်လိုက်သည်။

" ဒုက္ခပါပဲ... ခေါင်းဆောင်ကြီး၊ ဒုက္ခပါပဲ ပြဿနာတော့ တက်ပြီ"

All Chapters