အခန်း ၁၈၇
Vol. 19 Ch. 187
အခန်း (၁၈၇) ရှုပ်ထွေးသော အခြေအနေ
"ဒုခေါင်းဆောင် ဖန်ကျန့်က အဲဒီနေရာမှာတင် ရပ်နေတုန်းပဲဗျ" အာဟန်က ထိတ်လန့်တကြား ပြောလိုက်ရာ သူ၏ မျက်ဝန်းထဲတွင် ကြောက်ရွံ့မှုများ အထင်းသား ပေါ်လွင်နေတော့သည်။
""ပထမတော့ ကျွန်တော် သိပ်ဂရုမစိုက်မိဘူး။ ထုံးစံအတိုင်း နောက်ပြောင်ကစားနေတယ်လို့ပဲ ထင်ခဲ့တာ။ ဒုခေါင်းဆောင်က ပုံမှန်ဆို အဲဒီလိုပဲလေ"
အာဟန်၏ စကားကြောင့် ဘေးပတ်ဝန်းကျင်ရှိ လူများက ထောက်ခံသည့်အနေဖြင့် ခေါင်းညိတ်လိုက်ကြသည်။ သူ့ကို အမြန်ဆက်ပြောရန် တိုက်တွန်းချင်သော်လည်း ချူဟန် မျက်နှာရိပ်မျက်နှာကဲကို အကဲခတ်ကာ နောက်ဆုံးတွင် နှုတ်ဆိတ်နေရန်သာ ရွေးချယ်လိုက်ကြသည်။ အာဟန်သည် လူအုပ်ကြီးကို အကြာကြီး စောင့်ဆိုင်းစေခြင်း မရှိဘဲ အသက်ပြင်းပြင်း တစ်ချက်ရှူကာ စကားဆက်လေသည်။
"ဒီတိုင်းပဲ ထားလိုက်မလို့ပေမယ့် တစ်ခုခု မှားနေပြီလို့ တွေးမိလို့ မှန်ပြောင်းနဲ့ နောက်တစ်ခေါက် ထပ်ကြည့်လိုက်တယ်။ အဲဒီမှာတင်... ဒုခေါင်းဆောင်က အစွမ်းကုန် ပြေးနေတုန်းပဲဗျာ။ စခန်းဘက်ကို ဦးတည်ပြီး ပြေးနေတာတောင် နေရာကနေ တစ်လက်မမှ မရွေ့ဘဲ ခြေစုံရပ်လျက်သား ဖြစ်နေတာ။ ဒါ... ဒါ သရဲခြောက်ခံရတာပဲ ဖြစ်ရမယ်ဗျာ"
ထိုစကားကို ကြားလိုက်ရချိန်တွင် ဘေးပတ်ဝန်းကျင်ရှိ အသက်ရှင်ကျန်ရစ်သူများသာမက ချူဟန်ပင် တစ်ခဏမျှ အံ့အားသင့်သွားတော့သည်။ ဤသည်မှာ မည်သို့သော ထူးဆန်းသည့် ဖြစ်ရပ်မျိုးနည်း။
"တကယ် ပြေးနေတာ သေချာလား။"
ချူဟန်က မနေနိုင်ဘဲ ပြန်မေးလိုက်သည်။
"ခြေလှမ်းတွေကို သေချာ လှမ်းနေတာ သေချာတယ်ပေါ့"
"ဟုတ်ပါတယ်ဗျ"
ခြေလျင် လေ့ကျင့်ခန်း လုပ်နေသည်ဟု ဆိုလိုချင်တာလား။ မဟုတ်သေးပေ။ ဖန်ကျန့်က မည်မျှပင် နောက်ပြောင်တတ်သူဖြစ်ပါစေ အန္တရာယ်များလှသော စခန်းအပြင်ဘက်တွင် အချိန်ဖြုန်းနေမည် မဟုတ်ပေ။
"ဘယ်လောက်ကြာပြီလဲ"
ချူဟန်က ထပ်မေးလိုက်သည်။
"တောက်လျှောက်ပဲဗျ"
အာဟန် မျက်ဝန်းများက ကြောက်ရွံ့မှုကြောင့် ပြူးကျယ်နေသည်။
"ကျွန်တော် ကြည့်နေတဲ့ အချိန်တစ်လျှောက်လုံး အဲဒီနေရာမှာတင် ဆက်တိုက် ပြေးနေတာ။ သရဲခြောက်ခံရတဲ့ အတိုင်းပဲဗျာ။ ကျွန်တော်လည်း ကြောက်ကြောက်နဲ့ ဒီအထိ အမြန် ပြေးလာခဲ့တော့တာပဲ"
'မင်းတစ်ယောက်တည်း မဟုတ်ဘူး... ငါတောင် လန့်သွားပြီ'
ပင်ပေါင်ဘောလုံး အရွယ်အစားသို့ ပြန်လည်ရောက်ရှိနေသော ဝမ်ချိုက်က ချူဟန်၏ အိတ်ကပ်ထဲမှနေ၍ တိုးတိုးလေး ရေရွတ်လိုက်သည်။
'ဒါပေမဲ့ ထူးဆန်းတယ်။ ဒီကမ္ဘာပေါ်မှာ သရဲတစ္ဆေဆိုတဲ့ သတ္တဝါမျိုးမှ မရှိတာ'
ချူဟန်သည် စခန်းနောက်ဘက်သို့ ဦးဆောင်၍ ထွက်ခွာသွားလိုက်သည်။
"လမ်းပြ"
"ဟုတ်... ဟုတ်ကဲ့။"
အာဟန်မှာ ကပျာကယာပင် ချူဟန်၏ အရှေ့မှ နေရာယူကာ လမ်းပြပေးလေသည်။ လူအုပ်ကြီးသည် ခပ်သုတ်သုတ် လျှောက်သွားကြပြီး စခန်းနောက်ဘက်ရှိ ကင်းမျှော်စင်ပေါ်သို့ ရောက်ရှိသွားကြသည်။ အာဟန်က လက်နှင့် ခြေထောက်များကို ကျွမ်းကျင်စွာ အသုံးပြု၍ ကင်းမျှော်စင်ပေါ်သို့ သွက်လက်စွာ တက်သွားသည်။ သူက လှည့်ကာ ချူဟန်ကို ဆွဲတင်ပေးရန် ပြင်လိုက်ချိန်မှာပင် အလွန် အံ့အားသင့်ဖွယ်ကောင်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်လိုက်ရတော့သည်။ချူဟန်သည် လက်ဗလာဖြင့်ပင် အလွန်တရာ မြန်ဆန်သော အရှိန်၊ ပေါ့ပါးသွက်လက်သော လှုပ်ရှားမှုများဖြင့် နံရံကို တွယ်တက်လာခဲ့ခြင်း ဖြစ်သည်။ အာဟန်နှင့် နောက်မှ လိုက်တက်လာသော ချင်ရှို တို့သာမက အောက်ဘက်မှ စောင့်ကြည့်နေကြသော အသက်ရှင်ကျန်ရစ်သူများမှာလည်း နောက်တစ်ကြိမ် မှင်သက်သွားကြပြန်သည်။ ကင်းစင်မြင့်၏ အမြင့်ကို မော့ကြည့်လိုက်၊ တည်ငြိမ်အေးဆေးနေသော ချူဟန်ကို ကြည့်လိုက်ဖြင့် အံ့သြနေကြသည်။ အမှန်တကယ်ပင် ဤလူငယ် မလုပ်နိုင်သော အရာဟူ၍ ရှိသေးရဲ့လား။
"မှန်ပြောင်းပေးစမ်း"
အာဟန်က ကပျာကယာပင် မှန်ပြောင်းကို ချူဟန်ထံသို့ ကမ်းပေးလိုက်သည်။
ချူဟန်က မှန်ပြောင်းဖြင့် ကြည့်ရန် ပြင်လိုက်ချိန်မှာပင် အိတ်ကပ်ထဲမှ ဝမ်ချိုက်က စိတ်ချင်းဆက်သွယ်ကာ ဝင်ပြောလေသည်။
'အဲဒီ ကစားစရာလောက်နဲ့ သေချာ မြင်ရမှာ မဟုတ်ဘူး။ ငါ့ကို သုံးလိုက်'
'မင်းကို ဟုတ်လား'
ချူဟန်က စိတ်ထဲမှ ပြန်မေးလိုက်သည်။
'မင်းမှာ အဲဒီလို လုပ်ဆောင်နိုင်စွမ်းပါ ရှိတာလား။ ဘယ်လို သုံးရမှာလဲ'
'ခဏစောင့်... ငါ့ရဲ့ အမြင်အာရုံ စွမ်းရည်ကို မင်းရဲ့ မျက်လုံးထဲ ယာယီ ထည့်ပေးလိုက်မယ်။ ဒါပေမဲ့ ဆယ်စက္ကန့်ပဲ ရမယ်နော်။ အချိန်ကို ကိုယ့်ဘာသာ သေချာ မှတ်ထား'
ထိုသို့ ပြောပြီးသည်နှင့် တစ်ပြိုင်နက် ဝမ်ချိုက်၏ ပုံရိပ်မှာ အိတ်ကပ်ထဲမှနေ၍ လုံးဝ ပျောက်ကွယ်သွားတော့သည်။ ထိုနောက် ချက်ချင်းပင် ချူဟန်၏ အမြင်အာရုံမှာ အလွန်အမင်း ကြည်လင်ပြတ်သားသွားသည်။ သာမန်လူတစ်ယောက်၏ အမြင်အာရုံဖြင့် လုံးဝ မြင်နိုင်စွမ်းမရှိသော အဝေးမှ မြင်ကွင်းများသည် မျက်စိရှေ့တွင် ရှိနေသည့်အလား ထင်ရှားစွာ ပေါ်လာတော့သည်။ ထိုအဝေးကြည့်စွမ်းရည်မှာ အဆင့်မြင့် မှန်ပြောင်းတစ်ခုကို မျက်လုံးထဲ တိုက်ရိုက် ထည့်သွင်းထားသကဲ့သို့ လက်ထဲရှိ မှန်ပြောင်းထက်ပင် အဆပေါင်းများစွာ ပိုမို ဝေးကွာသော နေရာကို ရှင်းလင်းပြတ်သားစွာ တွေ့မြင်နိုင်စွမ်း ရှိနေသည်။"ဘာလို့ မှန်ပြောင်း မသုံးတာလဲ"
နောက်ဆုံးမှ တက်လာနိုင်သော ချင်ရှိုက နားမလည်နိုင်စွာဖြင့် မေးလိုက်သည်။
"မလိုဘူး"
ချူဟန်က ခပ်ပေါ့ပေါ့ပင် စကားတစ်ခွန်းတည်း ပြန်ဖြေလိုက်ပြီး အဝေးမှ မြင်ကွင်းကိုသာ အာရုံစိုက် ကြည့်နေလေသည်။ ထို သာမန်စကားတစ်ခွန်းကပင် ချင်ရှိုနှင့် ဘေးရှိ အာဟန်တို့၏ ရင်ထဲသို့ ကြီးမားသော တုန်လှုပ်မှုကြီးကို ထပ်မံ ပေးစွမ်းလိုက်ပြန်သည်။ မှန်ပြောင်းပင် မလိုအပ်လောက်အောင် အမြင်အာရုံ ကောင်းမွန်နေသည် ဟုတ်လား။ ဒါက သာမန်ထက် အရမ်း လွန်ကဲလွန်းနေပြီ မဟုတ်ပါလား။ လူသားတွေရဲ့ ဆင့်ကဲပြောင်းလဲမှုက ဒီလောက်အထိ ကြောက်မက်ဖွယ်ကောင်းတဲ့ အဆင့်ကို ရောက်ရှိနိုင်တာလား။
မသိမသာပင် သူတို့၏ စိတ်ထဲ၌ ချူဟန်ဆိုသော တည်ရှိမှုကြီးမှာ ပိုမို ကြီးမား ခမ်းနားလာတော့သည်။ ယခုအခါ ချူဟန်၏ မျက်ဝန်းထဲတွင် အဝေးမှ မြင်ကွင်းများကို ရှင်းလင်းပြတ်သားစွာ မြင်တွေ့နေရသည်။ ထိုနေရာတွင် ရှိနေသည်မှာ သေချာပေါက် လူတစ်ယောက်ပင် ဖြစ်သည်။ အာဟန် ပြောခဲ့သည့်အတိုင်း သူသည် အစွမ်းကုန် ပြေးလွှားနေသော်လည်း ခြေလှမ်းများ မည်မျှပင် ရွေ့လျားနေပါစေ မူလနေရာမှ တစ်လှမ်းမျှ ရှေ့သို့ ရောက်မလာခဲ့ချေ။ အာဟန်၏ သတင်းပို့မှုတွင် အလိမ်အညာ မပါဝင်ခဲ့ပေ။ သိသာထင်ရှားစွာပင် တစ်ခုခု မှားယွင်းနေသည်။ ရူပဗေဒ သဘောတရားအရ ဤသည်မှာ လုံးဝ မဖြစ်နိုင်သောအရာ ဖြစ်သည်။ချူဟန် မျက်မှောင်ကြုတ်သွားသည်။ အတွေးများ နက်ရှိုင်းနေစဉ် သူ၏ အကြည့်များက အဝေးမှ ဖန်ကျန့်၏ မျက်နှာပေါ်တွင် ရပ်တန့်သွားသည်။ အသက်မှာ နှစ်ဆယ်ကျော်ခန့်သာ ရှိဦးမည်။ တစ်ချက်ကြည့်လိုက်ရုံဖြင့် အလွန် ပေါ့ပျက်ပျက်နေတတ်သူမှန်း သိသာလှပြီး အားလုံး ပြောပြထားသော ရုပ်သွင်နှင့် ထပ်တူကျနေသည်။ အမြဲတမ်း ဟီးဟီးဟားဟား လုပ်နေတတ်ကာ ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်မည့် လူငယ်တစ်ဦး၏ အသွင်အပြင်မျိုး ဖြစ်သည်။ယခု ဖန်ကျန့်မှာမူ တစ်ကိုယ်လုံး ချွေးများ ရွှဲနစ်နေပြီး အားအင်ကုန်ခမ်းကာ လဲကျတော့မည့်အလား ဖြစ်နေသည်။ ပုံမှန်မဟုတ်သော ပင်ပန်းနွမ်းနယ်မှုများ သူ၏ မျက်နှာပေါ်တွင် အထင်းသား ပေါ်လွင်နေပြီး ပါးစပ်ကို ဟကာ တစ်စုံတစ်ခုကို အဆက်မပြတ် အော်ဟစ်နေသည်။ ပုံမှန်အားဖြင့် ခပ်ပေါ့ပေါ့ အပြုံးလေး ချိတ်ဆွဲထားတတ်သော ထိုမျက်နှာသည် ယခုအခါ ပြင်းထန်သော အကြောက်တရားများကြောင့် ရှုံ့မဲ့နေတော့သည်။ အလွန်တရာ ကြောက်မက်ဖွယ်ကောင်းသော အရာတစ်ခုနှင့် ရင်ဆိုင်နေရသူတစ်ဦးပမာ ဖြစ်နေသည်။ဒီကောင်က...
ချူဟန် စိတ်ထဲတွင် အံ့အားသင့်သွားသည်။
'မဖြစ်နိုင်တာ... အဲဒီကောင် ဖြစ်နေတာလား'
ချူဟန်၏ အတိတ်ဘဝမှ မှတ်ဉာဏ်များ ပြန်လည် နိုးကြားလာသည်။ အတိတ်ဘဝ၏ မှတ်ဉာဏ်များထဲတွင် သူ၏ နာမည်ကို မေးလိုက်တိုင်း အဘယ်ကြောင့် နှုတ်ဆိတ်သွားခဲ့သည်ကို ယခုမှ သဘောပေါက်တော့သည်။ သူ၏ နာမည်အရင်းဖြစ်သော ဖန်ကျန့် ဆိုသည်မှာ ဟာသလုပ်စရာ နာမည်တစ်ခု ဖြစ်နေသောကြောင့်ပင် ဖြစ်သည်။
ထို့အပြင် ကမ္ဘာပျက်ကပ် ရောက်ရှိပြီးနောက် နှစ်လကျော်ကြာသည်အထိ ဤစခန်းတွင် နေထိုင်ခဲ့သည်တဲ့လား။ န်ကျန့်၏ မည်သူမည်ဝါဖြစ်ကြောင်းကို အံ့ဩနေစဉ်မှာပင် ချူဟန် မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ၏ အမြင်အာရုံက အရာအားလုံးကို ရှင်းလင်းစွာ ဖမ်းဆုပ်ထားနိုင်သည်။ ဖန်ကျန့် ခြေအောက်ရှိ မြက်ခင်းပြင်မှာ လုံးဝ ဖိချေခံထားရပြီး မြေကြီးများ ပဲ့ကျကာ ကျင်းတစ်ခု ဖြစ်ပေါ်နေသည်ကို သေချာစွာ မြင်လိုက်ရသည်။အရေးအကြီးဆုံးအချက်မှာ အဆိုပါ မြင်ကွင်း မဟုတ်ပေ။ ဖန်ကျန့် နောက်ကျောဘက်ရှိ ရှည်လျားသော ခြုံနွယ်များကြားတွင် မီးပုံးတစ်လုံးပမာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တောက်ပနေသော ဧရာမ မျက်လုံးတစ်စုံ ခိုအောင်းနေသည်ကို ချူဟန် သေချာစွာ မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။
သားရဲကြီး တစ်ကောင်ပဲ။ချူဟန် ရင်ခုန်သံများ မြန်ဆန်သွားသည်။ အသေးစိတ်ကို ဆက်လက် လေ့လာရန် ပြင်လိုက်ချိန်မှာပင် မျက်စိရှေ့ရှိ ကြည်လင်နေသော မြင်ကွင်းမှာ ရုတ်တရက် ဝေဝါးသွားတော့သည်။ ဆယ်စက္ကန့် ပြည့်သွားခဲ့လေပြီ။
'ဝမ်ချိုက်... နောက်တစ်ခေါက် ထပ်လုပ်ပေးစမ်း။ သေချာ အတည်ပြုစရာ ရှိသေးတယ်'
ချူဟန်က စိတ်ထဲမှနေ၍ အလျင်စလို တောင်းဆိုလိုက်သည်။
'မရတော့ဘူး... အခု ငါ့မှာ စွမ်းအင် မလုံလောက်တော့ဘူး။ တစ်ခါသုံးရင် ဆယ်စက္ကန့်ပဲ ရတာ။ နောက်တစ်ခါ ဘယ်တော့ ပြန်ပြည့်မလဲဆိုတာလည်း မသိဘူး'
ဝမ်ချိုက်၏ အသံမှာ အလွန်တရာ အားနည်းနေလေသည်။ တခြား ရွေးချယ်စရာ မရှိတော့ပေ။ ချူဟန်သည် အလျင်အမြန် လှည့်ကာ ကင်းမျှော်စင်ပေါ်မှ ခုန်ချရန် ပြင်လိုက်သည်။ မိမိကိုယ်တိုင် သွားရောက် အတည်ပြုရန်သာ ရှိတော့သည်။
"ဘယ်သွားမလို့လဲ။"
ချင်ရှိုမှာ အံ့အားသင့်ကာ ထိတ်လန့်တကြား မေးလိုက်သည်။
"ငါ သွားကြည့်လိုက်မယ်။ ဖန်ကျန့် အသက်အန္တရာယ် ရှိနေပြီ။"
ထိုစကားတစ်ခွန်းကို ပြောပြီးသည်နှင့် တစ်ပြိုင်နက် ချူဟန်သည် မြင့်မားသော နေရာမှ တုံ့ဆိုင်းမှု အနည်းငယ်မျှမရှိဘဲ ခုန်ချလိုက်တော့သည်။ သန်မာလှသော ခန္ဓာကိုယ် စွမ်းရည်ကြောင့် ငှက်မွေးတစ်ချောင်းပမာ ပေါ့ပါးစွာ မြေပြင်ပေါ်သို့ ကျဆင်းသွားပြီး ပွန်းပဲ့ဒဏ်ရာ တစ်ချက်မျှပင် မရရှိခဲ့ပေ။တစ်ဖက်တွင် ချင်ရှိုမှာ ထိတ်ခန့်လွန်းသဖြင့် အသက်ရှူပင် မှားသွားရသည်။ ဒုခေါင်းဆောင်ဖြစ်သော ဖန်ကျန့်သည် ဤစခန်း၏ ဒုတိယမြောက် အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ တစ်ဦး ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ မိမိနှင့် တန်းတူညီမျှ ရှိသည်။ ထိုကဲ့သို့သော သူက အန္တရာယ်နှင့် ရင်ဆိုင်နေရသည် ဟုတ်လား။ လျှောက်တွေးနေရန် အချိန်မရှိတော့ပေ။ ချင်ရှိုလည်း ကင်းမျှော်စင်ပေါ်မှ ကပျာကယာ ဆင်းလာခဲ့သည်။ အသေအလဲ တွယ်ဆင်းနေသူနှင့် တည်ငြိမ်အေးဆေးစွာ ခုန်ချသွားသူ။ ဤကွာခြားလှသော မြင်ကွင်းကြောင့် အောက်ဘက်တွင် စောင့်ဆိုင်းနေကြသူများအားလုံး ဆွံ့အသွားကြတော့သည်။ အဆင့်(၂) ဆင့်ကဲပြောင်းလဲသူ ချင်ရှိုပင် တိုက်ရိုက် မခုန်ချရဲသော အမြင့်ကို ချူဟန်က လှေကားထစ်တစ်ခုကို ဆင်းလာသကဲ့သို့ ပေါ့ပေါ့ပါးပါး ခုန်ဆင်းပြလိုက်ခြင်း ဖြစ်သည်။ သူတို့နှစ်ဦးကြားရှိ စွမ်းရည် ကွာဟချက်မှာ လူတိုင်း၏ မျက်စိရှေ့တွင် ရှင်းလင်းပေါ်လွင်နေတော့သည်။အာဟန်မှာ လုံးဝ မှင်တက်သွားသော်လည်း ချက်ချင်းပင် သူ၏ ရင်ခုန်သံများ ပြင်းထန်စွာ မြန်ဆန်လာခဲ့သည်။ ဤစခန်းတွင် ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဘီလူးတစ်ကောင် ရှိနေခဲ့တာလား။ ချူဟန်သည် မြေပြင်ပေါ်သို့ ရောက်ရှိသည်နှင့် တစ်ပြိုင်နက် စကားတစ်ခွန်းမျှ မဆိုဘဲ စခန်း၏ နောက်ဘက်တံခါးဆီသို့ ခပ်သုတ်သုတ် လျှောက်သွားလေသည်။ အခြေအနေ မဟန်တော့ကြောင်း ရိပ်မိသွားသော လူများကလည်း ကပျာကယာ နောက်မှ လိုက်ပါသွားကြသည်။ ထိုအထဲတွင် ဟွာယုံကျီ အပါအဝင် အဆင့်(၁) ဆင့်ကဲပြောင်းလဲသူများ၏ တုံ့ပြန်မှုက အမြန်ဆန်ဆုံး ဖြစ်သည်။ အခြားသော အသက်ရှင်ကျန်ရစ်သူများမှာလည်း ဇွန်ဘီများ၏ ခြိမ်းခြောက်မှု ကင်းစင်သွားပြီဖြစ်ရာ ရဲတင်းလာကြပြီး အလုအယက် လိုက်ပါသွားကြတော့သည်။ ကြီးမားလှသော လူအုပ်ကြီး ရွေ့လျားသွားသည့် မြင်ကွင်းမှာ ကြီးကျယ်ခမ်းနားလှသည်။
"မြန်မြန်... အားလုံးဝိုင်းပြီး တံခါးကို တွန်းဖွင့်ကြစမ်း"
အနောက်ဘက်တံခါးကြီးအနီးသို့ ရောက်သည်နှင့်တစ်ပြိုင်နက် ချင်ရှိုက အမိန့်ပေးလိုက်သည်။ တိုက်ဆိုင်စွာပင် ဤတံခါးကြီးမှာ ယနေ့ နေ့လယ်က ချူဟန် စခန်းသို့ ရောက်ရှိစဉ် ဖြတ်သန်းခဲ့သော တံခါးပင် ဖြစ်သည်။ ထိုအချိန်က ဟွာယုံကျီ အပါအဝင် ပထမအဆင့် ဆင့်ကဲပြောင်းလဲသူ ခြောက်ဦးက အားထုတ်ကာ တွန်းဖွင့်ခဲ့မှသာ လူတစ်ကိုယ်စာ ဖြတ်သန်းနိုင်သော ဟာကွက်တစ်ခု ရရှိခဲ့သည့် ဧရာမ တံခါးကြီး ဖြစ်သည်။ဆင့်ကဲပြောင်းလဲသူ အများအပြားမှာ အရှေ့သို့ အလျင်အမြန် ပြေးထွက်သွားကြပြီး အားလုံးပေါင်းကာ တံခါးကို တွန်းဖွင့်ရန် ပြင်ဆင်လိုက်ကြသည်။ ချင်ရှိုပင်လျှင် အင်္ကျီလက်မောင်းကို ခေါက်တင်ကာ သူ၏ ခွန်အားအပြည့်ဖြင့် တွန်းရန် ဟန်ပြင်လိုက်သည်။
ထိုအချိန်မှာပင်...