အခန်း ၄၆၀
Vol. 31 Ch. 460
(460)လက်တုန့်ပြန်ခြင်း
ဂျိတ်သည် တောင်ပေါ်သို့ရောက်ရှိသည်နှင့် စတင်လုပ်ဆောင်သည်ကတော့ သတ်ဖြတ်မှုပင်ဖြစ်သည်။
အနီးအနား၌ ရှိသော စိတ်ဝိညာဥ်ဂိုဏ်းသားအား လက်သီးဖြင့် ထိုးချလိုက်သည်။
ထိုဂိုဏ်းသားမှ ရှောင်ချိန်ပင်မရ ချက်ချင်းပင် ပေါက်ကွဲသေဆုံးသွားရသည်။
ထိုဂိုဏ်းသားသေဆုံးသည်နှင့် အနီးအနား၌ရှိနေသည့် နောက်ထပ်သော ဂိုဏ်းသားများကို ဆက်လက်သုတ်သင်တော့သည်။
ထိုသို့ဂျိတ်၏လုပ်ဆောင်ချက်များကြောင့် အကြီးကဲသည် ဒေါသများထွက်လာ၏။ သူ၏ဂိုဏ်းသားများအား သူ၏ရှေ့၌ သတ်ဖြတ်ပြနေသောကြောင့် ဖြစ်၏။
"သေစမ်း"
အကြီးကဲသည် သူ၏လက်သီးဖြင့် ဂျိတ်အား ထိုးချလိုက်သည်။ သူသည် မာစတာအဆင့်၌ အားနည်းသော်လည်း ဂျိတ်၏အဆင့်ထက် သာလွန်သည် ဖြစ်သောကြောင့် ထိုးချလိုက်သည်လည်း ဖြစ်သည်။
သို့ရာတွင် သူထင်သလို ဖြစ်ပေါ်လာခြင်းမရှိပေ။ ဂျိတ်သည် သူ၏ထိုးချက်အား ရှောင်တိမ်းလိုက်ယုံသာမက တခြားသော စိတ်ဝိညာဥ်ဂိုဏ်းသားကိုပါ သတ်ဖြတ်လိုက်၏။
ဂျိတ်၏ လက်သီးတစ်ချက်သည် ဂိုဏ်းသားတစ်ယောက်အား တမလွန်သို့ ခဏအတွင်း ရောက်ရှိစေသည်ဖြစ်သည်။
ထို့ကြောင့် ဂျိတ်၏လက်သီးချက်များ များပြားလာလေလေ သေဆုံးသွားသော ဂိုဏ်းသားအရေအတွက်မှာ ပိုမိုတိုးပွားလာလေလေဖြစ်သည်။
တစ်မိနစ်ဟူသော အချိန်ကုန်ဆုံးသွားသောအခါ အကြီးကဲတစ်ယောက်မှ လွှဲလျှင်
ဂျိတ်၏ပတ်လည်၌ရှိသော ဂိုဏ်းသားများသည် သေဆုံးသွားခဲ့ရပြီဖြစ်သည်။
"သေစမ်း"
အကြီးကဲ၏ဒေါသသည် အထွတ်ထိပ်သို့ရောက်ရှိသွားလေသည်။
သူအား ဂရုစိုက်ခြင်းမရှိဘဲ ဂိုဏ်းသားများကို သတ်ဖြတ်လိုက်သော ဂျိတ်ထံသို့ သူ၏အစွမ်းဆုံး
တိုက်ကွက်ကို ထုတ်လွှင့်ရန် ဆုံးဖြတ်လိုက်သည်။
လက်ဟန်များအသုံးပြုပြီး တိုက်ကွက်ဖော်လိုက်သောအခါ အကြီးအကဲ၏နောက်၌ ကြီးမားသော မျက်လုံးကြီးပေါ်လာ၏။
ထိုမျက်လုံးသည် သွေးရောင်များဖုံးလွှမ်းနေပြီး ကြောက်မက်ဖွယ်ရာအတိပင်ဖြစ်သည်။
"မရဏစိတ်ဝိညာဥ်တိုက်ခိုက်ခြင်း"
ထိုမျက်လုံးသည် အကြီးကဲပြောသည့်အတိုင်း တစ်ဖက်သားအား တိုက်ခိုက်ခံရသည်နှင့် မရဏလမ်းသို့ ပို့ဆောင်နိုင်စွမ်းရှိသည်။
သွေးရောင်လွှမ်းနေသော ကြောက်မက်ဖွယ်မျက်လုံးကြီးသည် ဂိုဏ်းသားများအား သတ်ဖြတ်နေသော ဂျိတ်ထံသို့ ရောင်စဥ်တန်းတစ်ခု ပစ်လွှတ်ကာ တိုက်ခိုက်လိုက်သည်။
သူ၏လက်သီးချက်ကို ရှောင်တိမ်းနိုင်သော ဂျိတ်အား ထိုတိုက်ကွက်ဖြင့် တိုက်ခိုက်ခံရသည်နှင့် ရှောင်တိမ်းနိုင်မည်မဟုတ်ကြောင်း အကြီးအကဲ အပြည့်ဝယုံကြည်သောကြောင့်ဖြစ်သည်။
စိတ်ဝိညာဥ်တိုက်ခိုက်မှုသည် မာစတာအဆင့်တစ်ယောက်၏တိုက်ခိုက်မှုထက် အဆပေါင်းရာချီ ပိုမိုမြန်ဆန်သောကြောင့်ဖြစ်သည်။
ထိုတိုက်ခိုက်မှုကို ခံရသော သူများသည် ပြင်းထန်သော စိတ်ပိုင်းဆိုင်ရာထိခိုက်မှုကြောင့် ဦးခေါင်းပေါက်ကွဲကာ သေဆုံးကြရမည်ဖြစ်သည်။
ဂျိတ်လည်း ထိုသို့ဖြစ်ပြီး သေဆုံးစေရန်အတွက် ရည်ရွယ်လုပ်ဆောင်လိုက်သည်ဖြစ်သည်။
သူခန့်မှန်းထားသလိုပင် ထိုတိုက်ခိုက်မှုသည် ဂျိတ်အား သက်ရောက်၏။ ဂျိတ်သည် ရှောင်တိမ်းချိန်ပင်မရလိုက်ပေ။
ထိုတိုက်ခိုက်မှုသည် ဂျိတ်၏ဦးခေါင်းထဲသို့ တိုက်ရိုက်ဝင်ရောက်သွားလေသည်။
တစ်စက္ကန့်...သုံးစက္ကန့်..... ဆယ်စက္ကန့်
အချိန်သည်သာ တရွေ့ရွေ့ကုန်ဆုံးလာ၏။ ဂျိတ်သည် ဦးခေါင်းပေါက်ကွဲပြီး သေမသွားသောကြောင့် အကြီးအကဲ အနည်းငယ် ဆွံ့အသွားလေသည်။
"ဘာလဲ ငါမသေသေးလို့ စိတ်ပျက်သွားတာလား"
ဂျိတ်သည် ဘေးနား၌ရှိနေသော ဂိုဏ်းသားများအား သုတ်သင်ပြီးသောအခါမှသာ အကြီးကဲဘက်သို့ လှည့်ကြည့်လိုက်သည်။
လရောင်ကြောင့် အကြီးကဲလည်း ထိုအခါမှ ဂျိတ်၏မျက်နှာကို အသေချာစူးစိုက်ကြည့်မိလေသည်။
ထိုအခါ သူ၏ရင်ထဲ တုန်လှုပ်သွားလေသည်။
ထိုသူသည် မိမိတို့ရှာဖွေနေသော ဆန်းကြယ်ကိုယ်ခန္ဓာပိုင်ရှင်၏ဖခင်ဖြစ်တလဲ ရန်သူတော်ကြီးဖြစ်သော ဂရိတ်တိုင်းပြည်မှ ဘုရင်ပင်ဖြစ်လေသည်။
သူ့ထက် အဆင့်နိမ့်လှသော ဂျိတ်သည် မာစတာစစ်သည်၏တိုက်ကွက်ကို အဘယ်ကြောင့်ခုခံနိုင်မှန်းမသိအောင် စဥ်းစား၍မရဖြစ်နေသည်။
သူမသိသည်မှာ သူ၏တိုက်ကွက်သည် ဂျိတ်အား အလုပ်ဖြစ်ရန်ခက်ခဲသည်ကိုပင်ဖြစ်၏။
ဂျိတ်၏စိတ်ပိုင်းဆိုင်ရာသန်မာမှုသည် အေဝရက်တောင်ပမာဏမျှရှိပြီး အကြီးကဲ၏တိုက်ခိုက်မှုသည် ထိုမျှကြီးမားသော တောင်ကြီးအား ဇီးစေ့ဖြင့် ပေါက်သလိုသာ ဖြစ်စေခဲ့သည်ကိုပင်ဖြစ်သည်။
ဂျိတ်သည် အကြီးကဲအား ကြည့်ရင်း
"မင်းကိုလည်း မင်းတိုက်ကွက်အတိုင်း ပြန်တိုက်ခိုက်ပေးမယ်"
ဂျိတ်လည်း အကြီးကဲ လုပ်ခဲ့သည့် လက်ကွက်အတိုင်းပြန်လည်လုပ်ဆောင်လိုက်သည်။
ထိုအခါ ဂျိတ်၏နောက်၌ အလွန်တရာကြီးမားသော မျက်လုံးကြီးသုံးလုံးထွက်ပေါ်လာလေသည်။
"ငရဲမိစ္ဆာမျက်လုံး"
ထိုမျက်လုံးကြီးသုံးလုံးသည် သွေးများဖြင့် နီရဲနေပြီး အစောက မျက်လုံးထက် ပိုမိုအားကောင်းသော အော်ရာများရှိ၏။
ပိုမိုထူးခြားသည်ကတော့ ထိုမျက်လုံးကြီးသုံးလုံးထဲ၌ ပိတ်မိနေသော ငရဲသားများစွာ တည်ရှိနေသည်ပင်ဖြစ်သည်။
ထိုမျက်လုံးကြီးသုံးလုံးသည် ကောင်းကင်ပေါ်သို့ ပျံတက်သွားပြီး တောင်တစ်ခုလုံးအား အမျိုးမည်မသိရသော အနီရောင်
အငွေ့များဖြင့် ဖုံးလွှမ်းလိုက်သည်။
ထိုအခါ တောင်ပေါ်၌ရှိနေသော အကြီးကဲနှင့် တိုက်ခိုက်မှုအသံများကြောင့် တောင်ပေါ်သို့ ပြေးတက်လာနေဆဲ ဖြစ်သော တောင်အောက်မှ ဂိုဏ်းသားများသည် ကောင်းကင်သို့ မော့ကြည့်လိုက်ကြသည်။
ထိုအခါ သူတို့မြင်နေကျ လသည် ပျောက်ကွယ်နေပြီး လ၏နေရာတွင်ကြောက်မက်ဖွယ်ကောင်းသော မျက်လုံးကြီးသုံးက အစားထိုးနေရာယူထားကြောင်း တွေ့ရလေသည်။
"သေကြစမ်း"
ဂျိတ်၏စကားဆုံးသည်နှင့် လနေရာ၌ ခေတ္တအစားထိုးထားသော မျက်လုံးကြီးသုံးလုံးမှ ဖော်ပြ၍ခက်ခဲရသော အော်ရာများ ထုတ်လွှင့်လိုက်လေသည်။
ထိုအခါ မျက်လုံးကြီးသုံးလုံးအား ကြည့်မိသော ဂိုဏ်းသားများသည် ကိုယ်ခန္ဓာများ ချက်ချင်းပင် ခြောက်သွေ့သွားပြီး သေဆုံးသွားကြလေသည်။
"ဘုတ်"
မျက်လုံးကို ကြည့်မိသော ဂိုဏ်းသားတိုင်းသည် အလောင်းကောင် များအသွင်ပြောင်းလဲကာ အသက်ကုန်ဆုံးသွားကြသည်ဖြစ်သည်။
"မျက်လုံးကို မကြည့်ကြနဲ့"
တစ်ချို့သော ဂိုဏ်းသားများသည် အခြေနေကို ရိပ်စားမိသည်နှင့် ဟန့်တားကြသေး၏။
သို့သော်လည်း ထိုဟန့်တားချက်သည်အလုပ်မဖြစ်ပေ။
အနီရောင်အငွေ့ဖုံးလွှမ်းခြင်း ခံလိုက်ရသောလူတိုင်းသည် အနီရောင်အငွေ့များ၏သက်ရောက်မှုကြောင့်
မိမိကိုယ်မိမိထိန်းချုပ်နိုင်စွမ်းမရှိတော့ဘဲ မျက်လုံးကို ကြည့်ရှုမိပြီး သေပွဲ ဝင်ကြရသည်သာဖြစ်သည်။
ပုန်းကွယ်နေသော မာစတာအဆင့် အကြီးကဲတစ်ယောက်သည်လည်း မိမိကိုယ်မိမိ အကာကွယ်များဖြင့် ကာရံထားသော်လည်း မျက်လုံးကို ငြင်းပယ်နိုင်စွမ်းမရှိခဲ့ချေ။
မာစတာအဆင့်ရှိသော အကြီးကဲနှစ်ယောက်ပင် ထိုမျက်လုံးကြောင့် သေဆုံးကြရသည်ဖြစ်ရာ ကျန်သော ဂိုဏ်းသားများဆိုပါက ဆိုဖွယ်ရာမရှိပေ။
တတိယမျက်လုံးအမြင်ဖွင့်ထားသူသာ ထိုအခြေအနေကို မြင်မိပါက
အလောင်းကောင်ပမာခြောက်ကပ်ပြီးသေဆုံးသွားရသော လူတိုင်းသည် သူတို့၏အလောင်းကိုယ်ခန္ဓာမှ ဝိညာဥ်များထွက်လာပြီး ကောင်းကင်ယံ၌ရှိနေသော မျက်လုံးသုံးလုံးထံ ရောက်ရှိသွားကြောင်းကို တွေ့ရမည်ဖြစ်သည်။
နာရီဝက်မျှကြာသောအခါ ထိုတောင်၌ရှိသော လူတိုင်းသည် သေဆုံးသွားကြသည်ဖြစ်သည်။
"ဝုန်း....ဝုန်း"
တောင်ရှိ စိတ်ဝိညာဥ်ဂိုဏ်းသားအားလုံးသေဆုံးသွားသောအခါ ဂျိတ်၏ချိတ်ပိတ်ထားသော့ ကျင့်ကြံမှုအဆင့်များလည်း ပိုမိုမြင့်တက်လာလေသည်။
မာစတာအဆင့်တစ်သို့ ရောက်ရှိသွားသောအခါမှသာလျှင် အဆင့်တက်နှုန်းသည် ရပ်တန့်သွားလေသည်။
("သေဆုံးသွားသော လူတိုင်းသည် သင်၏တိုက်ခိုက်မှုကြောင့် ဖြစ်သောကြောင့် သူတို့၏ပိုင်ဆိုင်မှုအားလုံးအား သိုလှောင်ခန်းထဲသို့ ထည့်သွင်းလိုက်ပါသည်")
လူများလည်း သုတ်သင်ပြီးသလို ပစ္စည်းများလည်း သိမ်းဆည်းပြီးဖြစ်သောကြောင့် ပြန်ရန် ဂျိတ်သည် ကောင်းကင်ယံသို့ မော့ကြည့်လိုက်သည်။
ကောင်းကင်ယံ၌ မျက်လုံးသုံးလုံးသည် တည်ရှိနေဆဲ ဖြစ်သည်။
ထိုမျက်လုံးများသည် ဝိညာဥ်များထပ်မံစှုပ်ယူထားသောကြောင့် ယခင်ကထက်ပင် ပိုမိုအစွမ်းထက်လာလေသည်။
ထိုမျက်လုံးများအား အသုံးချရန် ဂျိတ်သည် လက်ကွက်အနည်းငယ်ပုံဖော်ပြီး မျက်လုံးသုံးလုံးအား စိတ်ဝိညာဥ်ဂိုဏ်း၏နေရာအနှံ့သို့ ဖြန့်ကျက်စေလွှတ်လိုက်သည်။
ထို့ပြင် သူကိုယ်တိုင်လည်း ဆက်လက်လက်စားချေ
တုံ့ပြန်ရန်အတွက် နောက်ထပ်သော နေရာသို့ ဆက်လက်ပျံသန်းထွက်ခွာသွားလေ၏။
ထိုညသည်ကား စိတ်ဝိညာဥ်ဂိုဏ်းသားများအတွက် ခြောက်ခြားဖွယ်ရာ ညတစ်ညပင် ဖြစ်ပျက်ခဲ့လေတော့၏။