ဒူးထောက်၊ ငါ မင်းကို အေးအေးဆေးဆေး သတ်ပေးမယ်
Vol. 81-85 Ch. 1226
လူတိုင်း ကြောက်လန့်တကြား ထွက်ပြေးနေသည့် လမ်းမထက်တွင် မျက်နှာချင်းဆိုင်ဘက်မှ ခုနစ်နှစ်၊ ရှစ်နှစ်အရွယ် ကလေးမလေးက လိုက်သတ်နေသော လူ့ဘီလူးများထံသို့ လျှောက်သွား နေသည်။ သူမသည် ယဲ့ဘုရင်ဟု ရေးထိုးထားသော ပလတ်စတစ် မျက်နှာဖုံးကို တပ်ထားသည်။
“ရှင်းရှင်း ပြန်လာခဲ့၊ မြန်မြန် ပြန်လာခဲ့”
သူမအမေ နောက်လှည့်ကြည့်လိုက်ချိန်တွင် သူမ ပျောက်သွားသည်ကို တွေ့လိုက်ရသဖြင့် အသည်းအသန် အော်ဟစ်ကာ နောက်လှည့်၍ ပြန်ခေါ်ရန် ပြင်သော်လည်း လူများစွာတို့၏ တွန်းတိုက်ခြင်း ခံနေရသည်။
“မသွားနဲ့ အန္တရာယ်များတယ်”
ထိုအချိန်တွင် ကလေးမလေးသည် ခပ်ဝဝ ဘီလူးတစ်ကောင်၏ အနောက်၌ ရပ်လိုက်ပြီး မြေကြီးပေါ်မှ ကျောက်ခဲတစ်တုံးကို ကောက်ကာ ထိုဘီလူးအား ပစ်ပေါက်လေသည်။
“ငါက ယဲ့ဘုရင်ပဲ”
ဤကလေးမလေးသည် ဖြူစင်ရိုးသားပြီး ဤကစားစရာ မျက်နှာဖုံးလေးကို တပ်ထားသရွေ့ ယဲ့ဘုရင်ကဲ့သို့ တူညီသော စွမ်းအားများ ရလာမည်ဟု ထင်ထားရှာသည်။ သူမအမေက သူမကို ထိုသို့ ပြောထားခဲ့သည်။ ထို့ကြောင့် သူမက ယဲ့ဘုရင်ကဲ့သို့ ဤလူဆိုးများကို မောင်းထုတ်နိုင်မည်ဟု ထင်နေလေသည်။
“ဟမ်”
ခပ်ဝဝ ဘီလူးသည် သူ့အနောက်မှ တစ်ယောက်ယောက် အော်နေသံကို ကြားလိုက်ရသဖြင့် ဇဝေဇဝါနှင့် နောက်လှည့်လိုက်ပြီး ရှင်းရှင်းဟူသော ကလေးမလေးကို ငုံ့ကြည့်လိုက်သည်။
ဤသည်ကိုမြင်သော် ရှင်းရှင်း၏အမေသည် နေရာမှာတင် သတိလစ်လုနီးပါး ဖြစ်သွားရသည်။
“မင်းကိုယ်မင်း ယဲ့ဘုရင်လို့ ပြောလိုက်တာလား”
ခပ်ဝဝ ဘီလူးက ကျယ်လောင်စွာ ရယ်မောလိုက်ပြီးနောက် သူ့အဖော်များကို လှမ်းခေါ်လေသည်။
“ဟေ့ဟေ့ ဒီမှာ ယဲ့ဘုရင် ပေါက်စလေး ရောက်နေတယ်ကွ”
“ငါတို့ရှေ့မှာ မင်းကိုယ်မင်း ယဲ့ဘုရင်လို့ ခေါ်ရဲတယ်ပေါ့လေ၊ မင်း သေချင်နေပြီလား”
“မင်းက ကလေးဖြစ်နေတာနဲ့ ငါတို့ သနားမယ် မထင်နဲ့၊ ငါ မင်းကို စားပစ်မှာ”
သို့သော် ရှင်းရှင်း လုံးဝမကြောက်ဘဲ လက်သီးလက်မောင်းတန်း၍ ပြန်အော်လိုက်သည်။
“ငါ့မှာ အရှင်ယဲ့ဘုရင်ရဲ့ မျက်နှာဖုံး ရှိတယ်၊ ဒါက နင်တို့လို လူဆိုးတွေကို သတ်နိုင်မယ့် စွမ်းအင်မျိုး ငါ့ကို ပေးတာ”
“ဟားဟားဟား ကောင်းတယ်၊ ဒါဆိုလည်း မင်းစွမ်းအင်က ငါ့ကို တားနိုင်မလား ကြည့်ရသေးတာပေါ့”
ခပ်ဝဝ ဘီလူးက ရယ်မောလိုက်ပြီး ရက်စက်သော မျက်နှာထားဖြင့် ကလေးမလေးကို ဒေါကြီးမောကြီး နင်းရန် ပြင်လေသည်။ အခြား ဘီလူးများကလည်း ရယ်နေပြီး ကလေးမလေး အသားပြားဖြစ်အောင် နင်းချေခံရမည့် မြင်ကွင်းကို စောင့်မျှော်နေ၏။
“မလုပ်ပါနဲ့”
ရှင်းရှင်းအမေ ထိုင်အော်နေလေသည်။ သူမမျက်နှာတစ်ခုလုံး ဖြူဖွေးနေပြီး ကိုယ်ထဲမှ ဝိညာဉ် ဆွဲထုတ်ခံ လိုက်ရသကဲ့သို့ အသက်မဲ့နေသည်။
အခြားသူများသည်လည်း ဤအဖြစ်အား မကျေမချမ်းနှင့် ဝမ်းနည်းစွာ ကြည့်နေသည်။ တစ်ဖက်လူသည် လူသားမဆန်ဘဲ ကလေးတစ်ယောက်ကိုပင် အလွတ်ပေးခြင်းစိတ် မရှိပေ။
ထိုစဉ် အေးစက်၍ နတ်ဆိုးဆန်သော အရှိန်အဝါတစ်ခုက လူတိုင်း၏ ကျောနောက်မှ ထွက်ပေါ်လာသဖြင့် လူတိုင်း ပြင်းထန်စွာ တုန်လှုပ်သွားသည်။ သူတို့၏ အနောက်၌ သားရဲတစ်ကောင် ရှိနေပြီး သူတို့အားလုံးကို ဝါးမျိုရန် ပါးစပ်ဟ လာသည်ဟုပင် ထင်မှတ်ရသည်။
သူတို့ နောက်လှည့်ကြည့်လိုက်သောအခါ အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က မျောလွင့်နေသော အမှောင်ထု နှင့်အတူ ရှေ့သို့ လျှောက်လမ်းလာနေပုံက ငရဲမှ နတ်ဆိုးတစ်ကောင် ဤမြေပေါ်သို့ ခြေချလာသည်နှင့်ပင် တူနေ၏။ အရှိန်အဝါက ကြောက်စရာ ကောင်းလှသည်။
သူ၏ ခြေလှမ်းတစ်လှမ်းခြင်းစီ၌ လောကကြီး လောကတစ်ခုလုံး တုန်ယင်လာသလိုပင်။
“သူက …”
ထိုအခိုက်တွင် လူတိုင်း၏ မျက်နှာ၌ ကြောက်စိတ်များ ထင်ဟပ်လာပြီး မိမိတို့မြင်နေရသည်က တကယ့်မြင်ကွင်းဟု မယုံနိုင်ကြချေ။
“ဟုတ်တယ် အဲ့လူပဲ၊ အဲ့လူ တကယ် ရောက်လာပြီ”
ယဲ့ဖန်၏ ခန္ဓာကိုယ်ပေါ်သို့ အားလုံး၏ အကြည့်များ ရောက်လာပြီး နတ်ဘုရားသဖွယ် ကြည့်နေကြသည်။
“မင်းတို့ ဘာအတွက် ပြေးနေဦးမှာလဲ၊ သူ ဒီရောက်လာတာကို မမြင်ဘူးလား၊ သူသာ ရှိနေရင် ငါတို့ ပြေးဖို့ လိုသေးလို့လား”
ထိုလူများ ပျော်ရွှင်စွာ ပြုံးလာကြသည်။
“အခု အဲ့ခွေးမသားတွေ ပြေးရမယ့် အလှည့်ပဲ”
ထို့ကြောင့် သူတို့သည် ပြေးနေရာမှ ရပ်သွားကြပြီး အချင်းချင်း တစ်စုံတစ်ရာကို မျှော်လင့်နေသကဲ့သို့ ကြည့်လိုက် ကြသည်။ သူတို့၏ အရှေ့တွင် ခပ်ဝဝ ဘီလူးက ခြေကိုမြှောက်၍ ရှင်းရှင်းအား နင်းသတ်ရန် ပြင်နေ၏။
“ရှင်းရှင်း”
ရှင်းရှင်း၏ မိခင်ခမျာ ရင်ကွဲမတတ် အော်ဟစ်နေလေသည်။ သို့သော် ထိုအခိုက်တွင် နတ်ဆိုးနှင့်တူသော အနက်ရောင်ဝတ်စုံနှင့် လူတစ်ယောက်က ရှင်းရှင်းအနောက်၌ ပေါ်လာသည်။
ထိုအခါ အခြေအနေက ရုတ်ချည်းဆိုသလို ပြောင်းလဲသွားသည်။ လူတိုင်း ကြက်သေ သေသွားကြသည်။ အနက်ရောင် အငွေ့များ ထွက်နေသည့် ထိုလူကိုကြည့်ပြီး လူတိုင်း ရင်တုန်လာ၏။
*ဒီလူ ဘယ်တုန်းက ရောက်သွားတာလဲ၊ သူက လေလိုပဲ ဘာသံမှ မထွက်ဘဲ လှုပ်ရှားနိုင်ရတာလဲ*
သူတို့အရှေ့မှ ဘီလူးများလည်း ပဟေဠိ ဖြစ်သွားကြသည်။
*ဒီလိုအချိန်မျိုးမှာတောင် ရှေ့ထွက်ပြီး အသေခံရဲတဲ့လူ ရှိသေးတာလား*
တစ်ခဏအတွင်းမှာပင် လူတိုင်း သတိဝင်လာပြီး ဝမ်းသာသော အမူအရာမျိုး ဖြစ်လာကြသည်။ ထိုစဉ် ကြီးမားသော ခြေထောက်တစ်ဖက်က သူတို့နှစ်ယောက်အား နင်းခြေလာ၏။
သို့သော် ထိုအခိုက်တွင် ယဲ့ဖန်က လှောင်ရယ်၍ လက်တစ်ဖက်ကို အသာလေး မြှောက်လိုက်သည်။ ထိုအခါ အနက်ရောင် အလင်းကားချပ်တစ်ခု ပေါ်လာပြီး ထိုခြေထောက်ကို အသာလေး တားဆီးလာလေသည်။
“ဒုန်း”
ကျယ်လောင်သော အသံတစ်သံ ထွက်ပေါ်လာပြီး လေပြင်း တိုက်ခတ်လာသည်။
“အိ”
တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်မှ လူများအားလုံး အသက်အောင့်ထားမိသည်။
*ယဲ့ဖန်က တောင်လောက်ကြီးတဲ့ ဘီလူးကြီးကို လက်တစ်ဖက်တည်းနဲ့ တားလိုက်တာလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
ဘီလူးတစ်ကောင်၏ အလေးချိန်က အလေးချိန် တန်ရာကျော်ပြီး တောင်တစ်လုံးသဖွယ် လေးလံသည်။ ထို့ကြောင့်ပင် တောင်ဘီလူးဟု ခေါ်ဆိုကြခြင်း ဖြစ်သည်။
အလေးချိန် တန်ရာချီလေးသော ဘီလူးများ ပေါင်းလိုက်လျင် ခွန်အားက မတွေးဝံ့လောက်အောင် ကြောက်စရာ ကောင်းနေပေမည်။ သို့သော် ယဲ့ဖန်က ၎င်း၏ ခြေထောက်တစ်ဖက်ကို လက်တစ်ဖက်ဖြင့် အသာလေး ခုခံခဲ့သည်။ လက်တစ်ဖက်တည်းနှင့် တန်ရာချီသော ဖိအားကို ပိတ်ဆို့ခဲ့လေသည်။
*မိစ္ဆာ*
*ဒီလူက မိစ္ဆာတစ်ကောင်ပဲ*
*ဒီလောကထဲမှာ သူ မလုပ်နိုင်တာ ဘာရှိသေးလဲ*
လူတိုင်း ချွေးပြန်ကာ ယဲ့ဖန်အား ကြောက်လန့် စိုးထိတ်သော အကြည့်များဖြင့် ကြည့်လာ၏။ ယဲ့ဖန်ကို ဘာကြောင့် နတ်ဆိုးဟု ခေါ်ရသလဲ ဆိုသည်ကို သူတို့ နားလည်သွားပုံရသည်။
ဖျင်အန်းမြို့မှလူများတောင်မှ ဤသည်ကိုမြင်ပြီး အသက်ရှူမှားသွားကြသည်။
*လက်တစ်ဖက်တည်းနဲ့ ဧရာမ ဘီလူးကြီးကို တားနိုင်တာလား*
*မသိရင် ပေါ့ပေါ့လေးလိုပဲ*
*ငါတို့ရဲ့ စောင့်ရှောက်သူက အရမ်း ကြောက်စရာကောင်းတာပဲ*
ထို့နောက်တွင် သူတို့အားလုံးသည် နတ်ဆိုး ဝင်ပူးခံထားရသကဲ့သို့ ကျောချမ်းဖွယ် အပြုံးမျိုး ပြုံးလာ၏။
“မင်း ပြောတာမှန်တယ်၊ သူတို့ ထွက်ပြေးသင့်တာ”
“မဟုတ်ဘူး၊ သူတို့ ထွက်မပြေးနိုင်ဘူး”
“ဘာလို့လဲဆိုတော့ သူတို့ ယဲ့ဘုရင်ရဲ့ သားသတ်ကွင်းထဲ ခြေချပြီးပြီလေ၊ သားသတ်ကွင်းထဲမှာ လူတစ်ယောက်ပဲ အသက်ရှင်ပြီး အားလုံး သေရမှာကို”
ရှင်းရှင်းသည်လည်း တစ်စုံတစ်ရာကို သတိထားမိသွားပြီး နောက်လှည့်ကာ ယဲ့ဖန်ကို မော့ကြည့်၍ ဖြူစင်စွာ မေးလိုက်သည်။
“ကိုကိုက ဘယ်သူလဲ”
ဤသည်ကိုမြင်ပြီး ရှင်းရှင်း၏အမေ စိုးရိမ်ပူပန်လာ၏။ ရှင်းရှင်း အပြောမဆို မတတ်ဘဲ အရှင်ယဲ့ဘုရင်အား စိတ်တိုအောင် လုပ်မိသွားမည်ကို ကြောက်လန့်နေလေသည်။ သို့သော် ယဲ့ဖန်က သူမခေါင်းလေးကို အသာပွတ်ကာ ပြုံး၍ ပြန်ပြောလိုက်သည်။
“မင်းကို ကူညီဖို့ ရောက်လာတဲ့သူလေ”
ဤမြင်ကွင်းက ဖျင်အန်းမြို့မှ လူများအား ထိတ်လန့်၍ ဝမ်းသာအားရ ဖြစ်သွားစေသည်။
*ယဲ့ဘုရင်က ရန်သူနဲ့ ရင်ဆိုင်ရတဲ့အချိန်မှာပဲ သူ့ရဲ့ ရက်စက်ပြီး သွေးဆာတဲ့ပုံကို ပြတာကိုး*
*သူ့လူတွေနဲ့ တွေ့တဲ့အခါကျရင် အမြဲ ကြင်နာပြီး ဂရုစိုက်တတ်တယ်*
“မငိုနဲ့ သူနဲ့ဆိုရင် မင်းကလေး အဆင်ပြေမှာပါ”
“ဟင့်အင်း မလိုပါဘူး၊ မီးမီးမှာ အရှင် ယဲ့ဘုရင်ရဲ့ မျက်နှာဖုံးရှိတယ်၊ ပြီးတော့ မီးမီးမှာ သဘာဝလွန် စွမ်းအားတွေ ရှိပြီးသား”
ရှင်းရှင်းက ယုံကြည်မှုအပြည့်ဖြင့် လက်လေးခါပြလေသည်။
“ဒီကောင်မလေးကတော့လေ”
ရှင်းရှင်းရဲ့အမေက စိတ်ဆိုးမာန်ဆိုး ညည်းတွားလေသည်။ သူမသမီးက အရှင်ယဲ့ဘုရင်ရှေ့၌ အလွန် ရိုင်းပျရဲ နေသည် မဟုတ်ပါလော။
“မင်း ငါ့ကို သက်သေ မပြသရွေ့ မယုံပါဘူး”
ယဲ့ဖန်က ပြုံးကာ ပြန်ပြောလိုက်သည်။
“ရတယ်လေ မီးမီးပြမယ်”
ရှင်းရှင်းက နှုတ်ခမ်းလေးဆူ၍ လေထဲသို့ လက်သီးလေး တယမ်းယမ်းနှင့် အော်လိုက်သည်။
“ပုရွက်ဆိတ်တွေ၊ နင်ကများ ငါ့ကို လျစ်လျူရှုရဲတာလား၊ သေသင်တဲ့ကောင်”
ခပ်ဝဝ ဘီလူးက စိတ်တိုသွားပြီး ထပ်နင်းရန် ပြင်လိုက်သည်။ သို့သော် သူ၏ခန္ဓာကိုယ်က တောင့်တင်းသွားပြီး တဖြည်းဖြည်း တုန်ခါလာသည်။ ထူးဆန်းသော အသံနှင့်အတူ ဘီလူး၏ ခန္ဓာကိုယ် အပေါ်ပိုင်း ပေါက်ကွဲကာ သွေးများ ပန်းထွက်လာ၏။
တောင်တစ်လုံးကဲ့သို့ ကြီးမားသော ဘီလူးတစ်ကောင်က လက်သီးတစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရလေသည်။ ဤသည်က လူတိုင်းကို ထိတ်လန့်ကာ ကြက်သေ သေသွားစေသည်။
“မင်း … မင်း ဘယ်လိုလုပ်လိုက်တာလဲ”
ကျန်တောင်ဘီလူးများသည်လည်း အံ့အားသင့်နေကြသည်။
*ဒီလူသားလေးက ဘယ်လိုလုပ် ကြောက်စရာကောင်းတဲ့ ခွန်အားမျိုး ရှိနေရတာလဲ*
တောင်ဘီလူးများ ဤမြို့သို့ ရောက်လာပြီးကတည်းက ဤသို့ အလွန် သန်မာသောလူကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း ဖြစ်လေသည်။ သူတို့၏ ကြံ့ခိုင်သော ခန္ဓာကိုယ်က လက်သီးတစ်ချက်တည်းဖြင့် ပျက်စီးရသည်တဲ့လား။
တောင်တစ်လုံးကဲ့သို့ ကြီးမားလေးလံ၍ သန်မာသော တောင်ဘီလူးတစ်ကောင်က ယဲ့ဖန်ရှေ့၌ စက္ကူကျားမျှသာ ဖြစ်နေလေသည်။
ရှောင်ရှောင်သည်လည်း မှင်တက်နေ၏။
*ငါ ဒီမိစ္ဆာကြီးကို လက်သီးနဲ့ တကယ် သတ်ပစ်လိုက်တာလား*
ထိုအခိုက်တွင် ယဲ့ဖန်က သူ့လက်ကို ပြန်ရုတ်၍ အပြုံးဖြင့် ပြောလိုက်သည်။
“မင်းပြောတာ မှန်တယ်နဲ့တူတယ်၊ မင်းက ယဲ့ဘုရင်လို ခွန်အားမျိုး တကယ် ရထားတာပဲ”
“ဟုတ်တယ်လေ၊ မီးမီးက ချစ်စရာကောင်းတယ်မလား၊ အရှင်ယဲ့ဘုရင်လည်း မီးမီးကို သဘောကျမယ်ထင်တယ်”
ရှင်းရှင်းက ဂုဏ်ယူဟန်ဖြင့် ပြန်ပြောလိုက်သည်။ ရှင်းရှင်းအမေခမျာ ခေါင်းတယမ်းယမ်းနှင့် သူမသမီးကြောင့် သွေးတက်နေ၏။
“ဟားဟားဟား …”
ယဲ့ဖန် အရယ်မရပ်တော့ဘဲ သူမခေါင်းလေးကို အသာပွတ်ကာ ပြန်ပြောလိုက်သည်။
“ဒါပေါ့ မင်းက သိပ်ချစ်ဖို့ကောင်းတယ်၊ ယဲ့ဘုရင်က မင်းကို သေချာပေါက် သဘောကျမှာပဲ”
လူတိုင်း ရှင်းရှင်းကို အားကျနေကြသည်။ သူမ၏ ယနေ့ အပြုအမူကြောင့် သူမကံကြမ္မာ အကြီးအကျယ် ပြောင်းလဲသွားမည်ဖြစ်ကြောင်းကို ဤကလေးမလေး မသိသေးပေ။
*နတ်ဘုရားဆီက ချစ်မြတ်နိုးတာကို ခံရတာပဲ*
“ဒါပေမဲ့ အရှင်ယဲ့ဘုရင်က မင်းလို ကလေးမလေးက တိုက်ခိုက်ပြီး လူသတ်တာကို ကြည့်ချင်မယ်လို့ မထင်ဘူး၊ အဲ့တာကြောင့် ဒီနေ့ ငါ့ကို မင်းအတွက် လူဆိုးတွေကို ရှင်းလင်းခွင့် ပေးပါလား”
ရှင်းရှင်းက သူ့ကို သံသယအကြည့်ဖြင့် ကြည့်လာသည်။
“ကိုကိုက လုပ်နိုင်လို့လား၊ ကိုကိုက မီးမီးလို အရှင်ယဲ့ဘုရင်ရဲ့ စွမ်းအားမျိုး ရမထားဘူးလေ၊ ရှင် သူတို့ သတ်တာကို ခံရမှာစိုးတယ်”
“ရှင်းရှင်း မဟုတ်တာတွေ မပြောနဲ့တော့၊ နောက်တစ်ခါ ထပ်ပြောရင် မေမေ သမီးပါးစပ်ကို ဆွဲဖြဲပစ်မှာနော်”
ရှင်းရှင်းအမေ စိတ်ဆိုးမာန်ဆိုးဖြင့် သူ့သမီးကို ငေါက်လေသည်။
“မပူပါနဲ့၊ ငါ အသတ်မခံရပါဘူး”
ယဲ့ဖန်က ပြုံးလိုက်ပြီး ကလေးမလေးနားမှနေ၍ ရှေ့နားမှ တောင်ဘီလူးများထံသို့ လျှောက်သွားလေသည်။ ချက်ချင်းဆိုသလိုပင် သူ့မျက်နှာက နတ်ဆိုးသဖွယ် ခက်ထန် မာကြောလာပြီး တောင်ဘီလူးများအား အေးစက်သော အကြည့်များဖြင့် ကြည့်လိုက်သည်။
“ဟေ့ကောင် မင်းက ငါတို့ တောင်ဘီလူးတွေကို သတ်ရဲတယ်ပေါ့လေ၊ သေချင်နေတာပဲ”
တောင်ဘီလူးများက ပြိုင်တူ အော်ငေါက်လာသဖြင့် အသံက နားကွဲလုမတတ် ကျယ်လောင်လှသည်။ သူတို့ အလွန်အမင်း ဒေါပွနေကြသည်။ သူတို့ တောင်ဘီလူးမျိုးနွယ်များသည် သန်မာလွန်းပေသည်။ သူတို့ ဘယ်သောအခါကမှ တစ်ချက်တည်းဖြင့် အသတ်မခံရဖူးပါ။ ယနေ့ ယဲ့ဖန်၏ အပြုအမူက သူတို့ကို ဒေါသထွက်စေ၏။
“ဒူးထောက်လိုက်၊ ငါ မင်းတို့ကို အေးအေးဆေးဆေး သေခွင့်ပေးမယ်”
အေးစက်ကာ အထက်စီးဆန်လွန်းလှသည်။ သူ့မျက်လုံးတွင် သက်ရှိအားလုံးကို ပုရွက်ဆိတ်မျှသာ သတ်မှတ် ထားသည့် တင်စီးသော အရိပ်အယောင်များ ပေါ်နေလေသည်။
“ဟားဟားဟား … သေခွင့်ပေးမယ် ဟုတ်လား၊ ဘယ်သူမှ ငါတို့ကို ဒီလို မပြောရဲဘူးကွ”
“ငါတို့ တောင်ဘီလူးတွေက တရှန်ရဲ့ သားတော်တွေပဲ၊ ငါတို့မှာ အသန်မာဆုံး ခန္ဓာကိုယ်ရှိတယ်၊ ငါတို့ စစ်ပွဲမှာ မရှုံးဘူး၊ မင်းကများ ငါတို့ကို ရန်စရဲတယ်ပေါ့လေ”
“ဟေ့ကောင် မင်းက သေတွင်းတူးနေတာပဲ၊ ငါတို့အားလုံးကို တစ်ပြိုင်တည်း ရန်စရဲရတယ်လို့၊ ငါတို့ထဲက တစ်ယောက်ထဲကတောင် မင်းကို အသားပြားဖြစ်အောင် နင်းခြေနိုင်တယ်ကွ”
တောင်ဘီလူးများက ကျယ်လောင်စွာ အော်ငေါက်လာ၏။ တစ်ဖက်လူက သူတို့ကို ဆက်တိုက် ရန်စလာဖြင့် သူတို့၏ လူသတ်လိုသော စိတ်များက ဆက်လက်၍ မြင့်တက်လာလေသည်။