အခန်း ၂
Vol. 1 Ch. 2
အခန်း ၂ သူက ရုပ်ဖြောင့်လွန်းနေသောကြောင့်
ရိုအန်က ဝါရင့်လူသတ်သမားကြီး၏ စကားကို အလွန်သဘောကျထောက်ခံမိသည်။
အက်ဖ်ဘီအိုင်တွင် ဆက်နေရန် အဆင်မပြေတော့လျှင် အပြင်ထွက်ကာ သီးသန့်အလုပ်လေးများလုပ်ရင်း ငွေရှာရန် သူတွေးထားခဲ့သော်လည်း ဤနေရာတွင် အမှုမှန်ဖော်ထုတ်နိုင်ပါက တရားဝင်ဆုကြေးငွေများ ရနိုင်လိမ့်မည်ဟု သူလုံးဝထင်မှတ်မထားခဲ့ပေ။
နယူးယောက် အက်ဖ်ဘီအိုင် ဌာနခွဲ၏ မှတ်တမ်းတိုက်အတွင်းမှ မဖြေရှင်းနိုင်သေးသော အမှုတွဲပေါင်းများစွာနှင့် ထိုအမှုများနောက်ကွယ်ရှိ ငွေကြေးပမာဏများကို မှတ်မိသွားချိန်တွင် အမေရိကန်၏ နာမည်ကျော် အခွန်ဌာနကိုပါ ထပ်မံသတိရလိုက်မိသဖြင့် ရိုအန်တစ်ယောက် ချက်ချင်းပင် စိတ်အားထက်သန်သွားသည်။ ထို့နောက် အမှုအကြောင်း ရှင်းပြနေဆဲဖြစ်သော မိုနာ့ကို ဆွဲကိုင်လိုက်ပြီး တိုးညှင်းသောအသံဖြင့် မေးလိုက်သည်။
"ဒီအမှုကို ငါတို့နှစ်ယောက်တည်း တွဲလုပ်ကြရင်ဘယ်လိုလဲ... ပြီးရင် ရလာမယ့်ဆုကြေးကို တစ်ဝက်စီခွဲယူကြမယ်လေ"
ပုံမှန်အခြေအနေမျိုးဆိုလျှင် အလုပ်သင် စုံထောက် အသစ်များအနေဖြင့် ဤကဲ့သို့သောအမှုကို စုံစမ်းရာတွင် သုံးဦးမှ ငါးဦးအထိ အဖွဲ့ဖွဲ့လေ့ရှိကြသည်။ ယင်းမှာ ရမှတ် များကို မျှမျှတတ ခွဲဝေနိုင်ရန်နှင့် လုံခြုံရေးအတွက် ထည့်သွင်းစဉ်းစားထားခြင်း ဖြစ်သည်။
မည်သို့ပင်ဆိုစေ ငြိမ်းချမ်းလှပါသည်ဆိုသော အမေရိကန်ပြည်ထောင်စုကြီးတွင် နေ့စဉ်နှင့်အမျှ သေနတ်ပစ်ခတ်မှုများက ရှိနေတတ်သည်ပင်။
"..."
ရိုအန်၏စကားကို ကြားလိုက်ရချိန်တွင် မိုနာတစ်ယောက် တိတ်ဆိတ်သွားပြီး စက္ကန့်အနည်းငယ်အကြာ၌ ပြုံးကာ ပြောလာသည်။
"ရှင်ပြောတဲ့ဟာသက သိပ်ရယ်ရတာမဟုတ်ဘူးနော် ရိုအန်... ရှင် နယူးယောက်ဌာနခွဲကို ရောက်လာကတည်းက အမှုတစ်ခုကိုတောင် တစ်ယောက်တည်း ဖော်ထုတ်နိုင်ခဲ့တာမျိုး မရှိဘူးမလား"
'အဲဒါက အရင်က ငါလေ... အခု ငါမဟုတ်ဘူး'
အမှုမှန်ဖော်ထုတ်နိုင်ခြင်း ရှိမရှိဆိုသည့်အပေါ် ရိုအန်က သူ့ကိုယ်သူ အလွန်ယုံကြည်ချက်ရှိနေသည်။ သူက အမှုများကို မဖော်ထုတ်တတ်သည်မှာ မှန်သော်လည်း ပြစ်မှုကျူးလွန်ရန်ကိုမူ ကျွမ်းကျင်စွာ လုပ်နိုင်စွမ်းရှိပေသည်။
'အမှုကိစ္စတွေချည်းပဲဆိုတော့ ဒီနှစ်ခုက သိပ်ကွာမှာမဟုတ်ပါဘူး'
စာဖတ်သူများနှင့်မခြား ရုပ်ရည်ချောမောလွန်းလှသော ရိုအန်က မျက်တောင်မခတ်တမ်း စိုက်ကြည့်နေသည်ကို မြင်လိုက်ရချိန်တွင် မိုနာ၏ ရင်ခုန်သံများ အနည်းငယ် မြန်ဆန်သွားရသည်။ ထိုအမျိုးသမီးက ဖြည်းညှင်းစွာ ချောင်းတစ်ချက်ဟန့်လိုက်ပြီး စားပွဲပေါ်ရှိ ဓာတ်ပုံများဆီသို့ အကြည့်လွှဲလိုက်သည်။
"ဒီကိစ္စကို ခဏနေမှ ဆက်ပြောကြတာပေါ့... အရင်ဆုံး ဒီအမှုနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို ကြည့်လိုက်ပါဦး"
"အိုကေ"
ရိုအန်က မိုနာ့ကို အတင်းအကျပ် ဆက်မပြောတော့ပေ။ ထို့အပြင် မှုခင်းဖြစ်ပွားရာ မြင်ကွင်း မှ ဓာတ်ပုံများကို သူတကယ် ကြည့်ရှုစစ်ဆေးရန် လိုအပ်နေသေးသည်။
အခြားတစ်ဖက်တွင်မူ တောက်ပကျယ်ဝန်းလှသော ရုံးခန်းတစ်ခုအတွင်း၌ ရှပ်အင်္ကျီများကို ဝတ်ဆင်ထားကြသော လူလတ်ပိုင်းအရွယ် အမျိုးသားငါးဦးက ကော်ဖီသောက်ရင်း နံရံတွင်ချိတ်ဆွဲထားသည့် ဖန်သားပြင်ကြီးကို ကြည့်ရှုနေကြသည်။
ထိုဖန်သားပြင်ကြီးပေါ်တွင် အစည်းအဝေးခန်းမအတွင်းမှ အလုပ်သင် စုံထောက် အယောက်နှစ်ဆယ်ခန့်က အမှုအကြောင်းကို ခွဲခြမ်းစိတ်ဖြာဆွေးနွေးနေကြသည့် မြင်ကွင်းကို အချိန်နှင့်တစ်ပြေးညီ ပြသထားသည်။
ထိပ်ပြောင်ပြောင်နှင့် လူတစ်ယောက်က တံခါးခေါက်ကာ ရုံးခန်းအတွင်းသို့ ဝင်ရောက်လာပြီး သူ၏လက်ထဲမှ ဖိုင်တွဲများကို စုံစမ်းစစ်ဆေးရေး အဖွဲ့ငါးဖွဲ့မှ ခေါင်းဆောင်ငါးဦးထံသို့ အစဉ်လိုက်ကမ်းပေးရင်း ပြုံးကာ ပြောလိုက်သည်။
"အရာရှိကြီးများခင်ဗျာ... ဒါတွေက အစည်းအဝေးခန်းထဲက အလုပ်သင် စုံထောက်အသစ်တွေရဲ့ ကိုယ်ရေးအချက်အလက်တွေနဲ့ အစမ်းခန့်ကာလအတွင်း သူတို့ရဲ့ စွမ်းဆောင်ရည် မှတ်တမ်းတွေပါ"
"ကောင်းပြီ"
ထိပ်ပြောင်ပြောင်နှင့်လူက လှည့်ထွက်သွားပြီးနောက် အဖွဲ့ခေါင်းဆောင် ငါးဦးက သူတို့လက်ထဲရှိ မှတ်တမ်းများကို စတင်လှန်လှောကြည့်ရှုလိုက်ကြသည်။ အချိန်အနည်းငယ်အကြာတွင် သူတို့၏အဖွဲ့တွင်းသို့ နောင်တွင် ခေါ်ယူလိုသော စုံထောက် အချို့ကို ရွေးချယ်နိုင်ခဲ့ကြသည်။
နံပါတ်တစ် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ခေါင်းဆောင်ဖြစ်သူ ဘရိုဆန်က ကော်ဖီတစ်ငုံသောက်လိုက်ပြီးနောက် နံပါတ်ငါးအဖွဲ့၏ ခေါင်းဆောင် ဩဂတ်စ် ရွေးချယ်ထားသော လူကို ခေါင်းစောင်းကြည့်လိုက်သည်။ သူက မျက်မှောင်ကြုတ်သွားပြီး နားမလည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
"ဩဂတ်စ်... မင်းက ဘာလို့ ရိုအန်ဂရင်းဝုဒ်ဆိုတဲ့ ကောင်လေးကို ရွေးလိုက်တာလဲ"
"အိုး"
"ရိုအန်ဂရင်းဝုဒ်ကို ရွေးလိုက်တယ်ဟုတ်လား"
ဘရိုဆန်၏စကားကို ကြားလိုက်ရချိန်တွင် အခြားသော အဖွဲ့ခေါင်းဆောင် သုံးဦးကပါ စိတ်ဝင်စားသွားကြသည်။ သူတို့အားလုံးက ရိုအန်ဂရင်းဝုဒ်၏ ဤကာလအတွင်း စွမ်းဆောင်ရည်မှတ်တမ်းများကို ကြည့်ရှုခဲ့ပြီးဖြစ်သော်လည်း ထိုလူငယ်ကို မရွေးချယ်ဘဲ လက်လွှတ်ရန်သာ ဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
အခြားအကြောင်းရင်းကြောင့်မဟုတ်ဘဲ အနိုင်ကျင့်ခံရချိန်တွင် ပြန်လည်မခုခံရဲသော လူတစ်ယောက်က အက်ဖ်ဘီအိုင်ကဲ့သို့သော နေရာမျိုးတွင် ရပ်တည်နိုင်မည်မဟုတ်သောကြောင့် ဖြစ်သည်။ အကယ်၍ ရိုအန်က အခွင့်အရေးရှာကာ ဖစ်ရှာကို ပြန်လည်ထိုးကြိတ်ခဲ့မည်ဆိုလျှင်ပင် အဖွဲ့ခေါင်းဆောင် သုံးဦးအနေဖြင့် ထိုလူငယ်အပေါ်ထားရှိသော အကဲဖြတ်မှုကို တစ်ဆင့်မြှင့်တင်ပေးနိုင်သေးသည်။
နံပါတ်ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ခေါင်းဆောင်မှာ ဗိုက်ရွှဲရွှဲနှင့် လူမည်းအမျိုးသားကြီးတစ်ဦးဖြစ်ပြီး ဩဂတ်စ်ဟု အမည်ရသည်။
လုပ်ဖော်ကိုင်ဖက်များက သူ့ကို နားမလည်နိုင်သည့်အကြည့်များဖြင့် ကြည့်နေကြသည်ကို မြင်လိုက်ရချိန်တွင် ဩဂတ်စ်က ခြေချိတ်ထိုင်လိုက်ပြီး ရယ်မောကာ ပြောလိုက်သည်။
"တခြားအကြောင်းရင်း မရှိပါဘူး... ရိုအန်ဂရင်းဝုဒ်က ရုပ်ဖြောင့်လွန်းနေလို့ပါ"
"..."
အဖွဲ့ခေါင်းဆောင်များက ဖန်သားပြင်ကြီးဆီသို့ အကြည့်ရွှေ့လိုက်ကြသည်။ ထိုအချိန်တွင် အညိုရောင်ဆံပင်တိုတိုနှင့် ရိုအန်၏ ကြည့်ကောင်းလွန်းသော မျက်နှာသွင်ပြင်ကို တွေ့မြင်လိုက်ရသည်။ သူ၏ အရပ်အမောင်းမှာ မြင့်မားသော်လည်း ကြည့်ရဆိုးနေခြင်းမရှိဘဲ ဝတ်စုံပြည့် အင်္ကျီအောက်မှ ကျစ်လျစ်သော ကြွက်သားများကိုပင် မြင်တွေ့နေရသည်။
"တကယ်ကို ရုပ်ဖြောင့်တဲ့ ကောင်လေးပဲ"
နံပါတ်နှစ် စုံစမ်းစစ်ဆေးရေးအဖွဲ့၏ ခေါင်းဆောင်က ခေါင်းညိတ်လိုက်ပြီးနောက် ပြုံးကာ ပြောလာသည်။
"ဒါပေမယ့် ကြောက်တတ်တဲ့ ကောင်တစ်ကောင်က ရုပ်ချောနေတော့ရော ဘာထူးမှာလဲ... ရာဇဝတ်ကောင် တွေနဲ့ တွေ့ရင် သေနတ်တောင် ပစ်ရဲမှာမဟုတ်ဘူး... ပြီးတော့ ငါတို့အက်ဖ်ဘီအိုင် စုံထောက်တွေက အရမ်းရုပ်ချောနေဖို့ မလိုဘူးလေ... တခြားသူတွေရဲ့ မှတ်မိလွယ်တာကို ခံရနိုင်တယ်"
ဩဂတ်စ်က တစ်ဖက်လူ၏ နောက်ပြောင်မှုကို ဂရုမစိုက်ဘဲ သူ့ခွက်ထဲမှ ကော်ဖီများကို တစ်ကျိုက်တည်း မော့သောက်လိုက်ပြီးနောက် ပြုံးကာ ပြန်ဖြေလိုက်သည်။
"ကြောက်တတ်တဲ့သူတွေမှာလည်း သူတို့ရဲ့ အသုံးဝင်တဲ့နေရာ ရှိပါတယ်... ရိုအန်ရဲ့ ဒီမျက်နှာလေးနဲ့ဆိုရင် လအနည်းငယ်လောက် သေချာလေ့ကျင့်ပေးလိုက်တာနဲ့ အမျိုးသမီး ရာဇဝတ်ကောင် တွေကို နှိမ်နင်းဖို့အတွက် အကောင်းဆုံး လက်နက်တစ်ခု ဖြစ်လာမှာ သေချာတယ်"
"..."
အခြားတစ်ဖက်ရှိ အစည်းအဝေးခန်းမအတွင်း၌။
ရိုအန်က ဓာတ်ပုံများထဲမှ သေဆုံးသူ ၏ ရုပ်အလောင်းကို ကြည့်နေရင်း သူ၏ မျက်နှာထားက တည်ငြိမ်နေသည်။
သူ၏ အသိပညာများအရ ပုံမှန် ရာဇဝတ်မှုများတွင် ချက်ချင်း ဒေါသအလျောက် လူသတ်မိခြင်းမျိုးကို ဖယ်ထုတ်လိုက်ပါက ကျန်ရှိနေသော လူသတ်ရသည့် အကြောင်းရင်းမှာ သုံးမျိုးသာ ရှိသည်။
ငွေကြေးအတွက် မဟုတ်လျှင် အချစ်ရေး သို့မဟုတ် ကလဲ့စားချေခြင်းအတွက်သာ ဖြစ်ရမည်။
ဓာတ်ပုံထဲရှိ သေဆုံးသူ၏ နှလုံးတည့်တည့်မှ ပြင်းထန်သော ဒဏ်ရာကြီးကို ထောက်ရှုပါက သေနတ်ပစ်ခတ်သော လူသတ်သမား နှင့် သေဆုံးသူတို့အကြား အကွာအဝေးမှာ နှစ်မီတာထက် ပိုမည်မဟုတ်ကြောင်း အတွေ့အကြုံများအရ သိရှိနိုင်ပေသည်။
ထို့အပြင် သေဆုံးသူ၏ အသက်ထွက်သွားသော အချိန်မှာ ညဘက်ဖြစ်နေပြီး ရှေ့တည့်တည့်မှ ပစ်ခတ်ခံထားရခြင်း ဖြစ်သောကြောင့် ဆက်စပ်ကြည့်မည်ဆိုလျှင်။
"လူသတ်သမားက မိုက်ကယ်ရော်ဘတ်ရဲ့ နောက်ကို အချိန်အတော်ကြာအောင် လိုက်လာခဲ့ပြီးတော့ သေဆုံးသူ အသတ်ခံရတဲ့ နေရာရောက်မှ သူ့ကို လှမ်းခေါ်လိုက်တာ ဖြစ်ဖို့များတယ်"
မိုနာတစ်ယောက် မျက်လုံးပြူးကာ ကြောင်အမ်းအမ်းဖြစ်နေချိန်တွင် ရိုအန်က အလွန်လေးနက်သောဟန်ဖြင့် ထိုအမျိုးသမီးကို ဆက်လက်ခွဲခြမ်းစိတ်ဖြာပြနေသည်။
"ဒါပေမယ့် အဲဒါက စမ်းသပ်မှုတစ်ခု သက်သက်ပဲ... လူသတ်သမားက သူသတ်ချင်တဲ့လူဟာ အခု သူ့ရှေ့မှာရှိနေတဲ့လူဆိုတာကို စောစောစီးစီးကတည်းက သေချာသိနေခဲ့တယ်... ဒါကြောင့် မိုက်ကယ်ရော်ဘတ် လှည့်ကြည့်လိုက်တဲ့ အချိန်လေးမှာပဲ ဒိုင်းခနဲ... တစ်ချက်တည်းနဲ့ သေသွားခဲ့တာပဲ"
"ခဏနေဦး"
မိုနာက လက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တွင် ကြက်ခြေခတ်ကာ ယှက်ထားလိုက်ပြီး ရိုအန်၏ ခွဲခြမ်းစိတ်ဖြာမှုကို ဖြတ်တားလိုက်ရင်း နားမလည်စွာဖြင့် မေးမြန်းလိုက်သည်။
"လူသတ်သမားက မိုက်ကယ်ကို အဲဒီနေရာမှာ စောင့်မနေဘဲ နောက်ယောင်ခံလိုက်လာတယ်ဆိုတာရယ်... သူ့ကို လှမ်းခေါ်လိုက်တယ်ဆိုတာရယ်ကို ရှင်က ဘယ်လိုလုပ် သိနေရတာလဲ"
"အဲဒါက အရေးမကြီးပါဘူး"
ရိုအန်က လက်ကာပြလိုက်ပြီး မိုနာ၏ အမေးကို ပြန်မဖြေခဲ့ပေ။ ဤအရာများက လူသတ်သမားတစ်ယောက်၏ အတွေ့အကြုံများသာဖြစ်သဖြင့် ထုတ်ပြောပြရန် အဆင်မပြေသောကြောင့် သူက ဆက်ပြောလိုက်သည်။
"မှုခင်းဖြစ်ပွားရာ မြင်ကွင်းက ဓာတ်ပုံတွေကို ကြည့်ရသလောက်ဆိုရင် လူသတ်သမားက မိုက်ကယ်ဆီကနေ ပစ္စည်းတစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုတဲ့ အရာတွေကို ယူသွားတယ်ဆိုတာကို ငါသေချာပေါက် ပြောရဲတယ်... အဲဒါက လူသတ်သမားရဲ့ ရည်ရွယ်ချက်ပဲ... ဒါကြောင့် ငါတို့တွေ..."
"ရပ်လိုက်တော့"
မိုနာက ရိုအန်၏ စကားကို ဖြတ်ပြောလိုက်ပြီး တည်ကြောသောဟန်ဖြင့် ဆိုသည်။
"ရိုအန်... ရှင်အခုပြောနေတာတွေက ရှင့်ရဲ့ ခန့်မှန်းချက်တွေ သက်သက်ပဲ... ပြီးတော့ မှုခင်းဖြစ်ပွားရာ မြင်ကွင်း အစီရင်ခံစာထဲမှာလည်း သေဆုံးသူဆီက ပစ္စည်းတွေ ပျောက်သွားတယ်လို့ ရေးမထားဘူး... အဲဒါကို ရှင်က ဘာလို့ လူသတ်သမားက ကြိုတင်ကြံစည်ထားတယ်လို့ တထစ်ချ ပြောနေရတာလဲ... ဒေါသအလျောက် လူသတ်မိတာမျိုး မဖြစ်နိုင်ဘူးလား... ကလဲ့စားချေတဲ့ ရာဇဝတ်မှုတွေထဲမှာလည်း ဒေါသအလျောက် လူသတ်မိတာတွေ ရှိတာပဲလေ"
ရိုအန်က ပြုံးရုံသာပြုံးလိုက်ပြီး ပြန်မဖြေဘဲ စကားလမ်းကြောင်း လွှဲမေးလိုက်သည်။
"မင်း ငါ့အဖွဲ့ထဲ ဝင်မလား... ငါနဲ့အတူတူ ဒီအမှုကို ဖော်ထုတ်ရအောင်လေ... ရလာမယ့် ဆုကြေးငွေကို တစ်ယောက်တစ်ဝက် ခွဲယူကြမယ်"
မိုနာက ကွန်ပျူတာ အထူးကျွမ်းကျင်သူတစ်ဦးဖြစ်ရာ သူကိုယ်တိုင်လည်း နည်းပညာပိုင်းဆိုင်ရာ အကူအညီများကို အလွန်လိုအပ်နေပေသည်။
"အခုမှ အမှုကို တကယ်ဖော်ထုတ်ဖို့ ပထမဆုံးအကြိမ် ပါဝင်လာတဲ့ မင်းလို အသုံးမကျတဲ့ကောင်နဲ့ မိုနာက ကလေးကလား လာလုပ်နေမှာ မဟုတ်ဘူး"
မိုနာ ပြန်ဖြေသည်ကိုပင် မစောင့်တော့ဘဲ အခြားစုံထောက်များနှင့်အတူ သဲလွန်စ များကို အချိန်အတော်ကြာအောင် ခွဲခြမ်းစိတ်ဖြာနေခဲ့သော ဖစ်ရှာက မှတ်စုစာအုပ်တစ်အုပ်ကို ကိုင်ကာ လျှောက်လာပြီး ရိုအန်ကို ကြည့်ရင်း ပြောလိုက်သည်။
"သေချာနားထောင်စမ်း ရိုအန်... မင်း အခုချက်ချင်း ငါ့ကို တောင်းပန်မယ်ဆိုရင် ငါ့အဖွဲ့ထဲမှာ မင်းအတွက် မှတ်တမ်းတွေစီစဉ်ရတဲ့ နေရာတစ်ခု ချန်ထားပေးမယ်... အရင်တုန်းက မင်း မှတ်တမ်းတွေ စီစဉ်တဲ့နေရာမှာ အမြဲတမ်း မြန်ဆန်ပြီး သေသပ်လွန်းလို့ မင်းကို ငါ တော်တော်သဘောကျတယ်"
ဖစ်ရှာ၏စကားကို ကြားလိုက်ရချိန်တွင် သူနှင့် ရင်းနှီးသော အလုပ်သင် စုံထောက်အချို့က ဟားတိုက်ရယ်မောလိုက်ကြသည်။ ယခင်က ရိုအန်ကို ဒုက္ခပေးဖူးသော မာကီဆိုသည့်ကောင်ကလည်း ရိုအန်၏ရှေ့သို့ ရောက်လာပြီး ပခုံးကို ဖက်လိုက်သည်။
"ဒါက တကယ်တော့ မင်းအတွက် ကောင်းစေချင်လို့ပါ ရိုအန်ရာ... သေချာ စဉ်းစားကြည့်စမ်း... မှတ်တမ်းတွေ စီစဉ်ပေးရုံနဲ့တင် ရမှတ်တွေကို လက်ထဲ အလွယ်တကူ ရနိုင်တယ်လေ... ဘယ်လောက်တောင် လွယ်ကူပြီး သက်တောင့်သက်သာ ရှိလိုက်လဲ... အပြင်ထွက်ပြီး ဟိုပြေးဒီလွှား လုပ်နေစရာလည်း မလိုသလို တရားခံ တွေနဲ့ မျက်နှာချင်းဆိုင် တွေ့ရမယ့် အန္တရာယ်လည်း မရှိတော့ဘူးပေါ့"
ရိုအန်၏ နှုတ်ခမ်းထောင့်တွင် အေးစက်စက် အပြုံးတစ်ခု ပေါ်လာပြီး သူ၏ မျက်လုံးများကလည်း ကြောက်မက်ဖွယ် ကောင်းနေသည်။ သူက ပြုံးကာ ဖစ်ရှာနှင့် မာကီတို့၏ ပခုံးများကို ပြန်လည်ဖက်တွယ်လိုက်ပြီး ခပ်ဩဩအသံဖြင့် ပြောလိုက်သည်။
"ဒါဆိုရင် ဒီလိုလုပ်ကြမလား... မင်းတို့နှစ်ယောက် ငါ့အဖွဲ့ထဲ ဝင်ကြလေ... လူသတ်သမားကို အပြင်ထွက်ပြီး ငါကိုယ်တိုင် စုံစမ်းမယ်... မင်းတို့ကတော့ ငါ့အတွက် မှတ်တမ်းတွေ စီစဉ်ပေးရုံပဲ... ဒါကလည်း မင်းတို့အတွက် ကောင်းစေချင်လို့ပါ... ရိုးရိုးလေး စဉ်းစားကြည့်လေ... မှတ်တမ်းတွေ စီစဉ်ပေးရုံနဲ့တင် ရမှတ်တွေကို လက်ထဲ အလွယ်တကူ ရနိုင်တယ်... ဘယ်လောက်တောင် လွယ်ကူပြီး သက်တောင့်သက်သာ ရှိလိုက်လဲ... တရားခံတွေနဲ့ မျက်နှာချင်းဆိုင် တွေ့ရမယ့် အန္တရာယ်လည်း မရှိတော့ဘူးပေါ့"
ရိုအန်၏စကားက ထိုသူနှစ်ဦး၏ နားထဲသို့ ရောက်သွားချိန်တွင် ဖစ်ရှာနှင့် မာကီတို့၏ မျက်နှာများက နီရဲသွားကာ အကြီးအကျယ် ဒေါသထွက်သွားကြသည်။ သူတို့က အလိုအလျောက်ပင် ရိုအန်ကို သူတို့အနီးမှ တွန်းဖယ်ပစ်ရန် လက်လှမ်းလိုက်ကြသည်။
"မင်းတို့က စကားနဲ့မနိုင်လို့ ကိုယ်ထိလက်ရောက် ကျူးလွန်တော့မလို့လား"
ထိုသူနှစ်ဦး ပြန်လည်တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ရိုအန်က ရုတ်တရက် အသံကျယ်ကြီးဖြင့် အော်ဟစ်လိုက်သည်။ ထို့နောက် သူ၏ ညာဘက်လက်သီးဖြင့် ဖစ်ရှာ၏ ဘယ်ဘက်နားရွက်ကို ပြင်းပြင်းထန်ထန် ထိုးချလိုက်ပြီး မာကီ၏ ညာဘက်လက်ကို ခါးကိုင်းကာ ရှောင်တိမ်းလိုက်သည်။ တစ်ဆက်တည်းမှာပင် မာကီ၏ ခြေကျင်းဝတ်ကို ခြေထောက်ဖြင့် ကန်ချလိုက်ရာ အရိုးကျိုးသံနှင့်အတူ မာကီတစ်ယောက် ကျယ်လောင်စွာ အော်ဟစ်လိုက်ရသည်။ နောက်သို့ ပြန်ရုပ်ချိန်ပင် မရလိုက်သော ထိုခြေထောက်ကို ရိုအန်က ဆုပ်ကိုင်လိုက်ပြီး ရှေ့သို့ အားကုန် ဆွဲချလိုက်သည်။
ထိုအရာက ဖစ်ရှာ၏ ပေါင်ကြားဆီသို့ တည့်မတ်စွာ ဝင်ဆောင့်သွားလေသည်။
"အား”