အခန်း ၅
Vol. 1 Ch. 5
အခန်း ၅ နောက်ယောင်ခံလိုက်သူ
ရိုအန်က အခင်းဖြစ်ပွားရာနေရာကို အကဲခတ်လိုက်ပြီး အဝေးမှ ဝိုင်းအုံကြည့်ရှုနေသော လမ်းသွားလမ်းလာများကို အလိုအလျောက် လျစ်လျူရှုထားလိုက်သည်။ ထို့နောက် သူ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားကာ လူသတ်သမား၏ ပြစ်မှုကျူးလွန်ပုံ နည်းလမ်းကို အသုံးပြု၍ အခင်းဖြစ်ပွားစဉ်က တရားခံ၏ လှုပ်ရှားမှုများကို ပုံဖော်ကြည့်လေသည်။
အချိန်များ နောက်ကြောင်းပြန်လှည့်သွားသည့်အလား မှောင်မိုက်နေသော ပန်းခြံလမ်းသွယ်လေးထဲတွင် လူသတ်သမားက မိုက်ကယ်၏ နောက်သို့ တောက်လျှောက် လိုက်ပါသွားသည်။ မိုက်ကယ်က တစ်စုံတစ်ရာကို ရိပ်မိသွားပုံရပြီး ခပ်သုတ်သုတ် ပြေးသွားသော်လည်း တစ်ဖက်လူကို ခါချနိုင်ခဲ့ခြင်း မရှိပေ။ ထိုအချိန်တွင် လူသတ်သမားက မိုက်ကယ်၏ နာမည်ကို ခေါ်လိုက်ရာ မိုက်ကယ်မှာ မတတ်သာဘဲ လှည့်ကြည့်ကာ ထူးလိုက်ချိန်တွင် သေနတ်သံကြီး ထွက်ပေါ်လာတော့သည်။
ရိုအန်က မျက်လုံးများကို ခပ်ကျဉ်းကျဉ်းမှေးလိုက်ပြီး ညာလက်ဖြင့် သေနတ်ပစ်သည့် ဟန်ပန်ကို ပုံဖော်လိုက်သည်။ ထို့နောက် မိုက်ကယ်၏ ရုပ်အလောင်းရှိခဲ့သော နေရာတွင် စက္ကန့်အနည်းငယ်ခန့် ရပ်နေပြီးနောက် အရှေ့ဘက် သစ်တောအုပ်ရှိရာဆီသို့ အပြင်းအထန် ပြေးထွက်သွားတော့သည်။
ဘေးတွင် ရပ်နေသော မိုနာတစ်ယောက် ရိုအန်၏ လှုပ်ရှားမှုများကို ကြည့်ရင်း ကြောင်အမ်းအမ်း ဖြစ်နေမိသည်။ ရိုအန်က သစ်တောအုပ်ထဲသို့ ခြေလှမ်းကျဲကြီးများဖြင့် ပြေးဝင်သွားသည်ကို မြင်လိုက်ရသောအခါ သူမက အမြန်မတ်တပ်ရပ်ကာ နောက်မှ လိုက်သွားရန် ကြိုးစားလိုက်သည်။ သို့သော် သစ်တောအုပ်အတွင်း၌ သစ်ကိုင်းသစ်ခက်များ အလွန်များပြားလွန်းနေလေရာ မိုနာက သစ်ကိုင်းတစ်ကိုင်းကို ခေါင်းငုံ့ရှောင်လိုက်ပြီး ပြန်မော့ကြည့်လိုက်ချိန်တွင် ရိုအန်၏ အရိပ်အယောင်ကိုပင် မတွေ့ရတော့ချေ။
"ချီးတဲ့မှပဲ..."
မိုနာက ဒေါသတကြီး ကျိန်ဆဲလိုက်သော်လည်း ရိုအန်က သစ်တောအုပ်ထဲတွင် မည်သို့မည်ပုံ ဤမျှမြန်ဆန်စွာ ပြေးနိုင်ရသနည်း ဆိုသည်ကို နားမလည်နိုင်ဖြစ်နေသည်။ အားလုံးက ဗာဂျီးနီးယားပြည်နယ်ရှိ အက်ဖ်ဘီအိုင် လေ့ကျင့်ရေးကျောင်းမှ ဆင်းလာကြသူများချည်းသာ ဖြစ်သည်။
'တစ်ယောက်ယောက်ကများ ရိုအန်ကို သီးသန့် လေ့ကျင့်ပေးထားတာလား...'
ရိုအန်၏နောက်သို့ လိုက်မမီနိုင်တော့သဖြင့် သူမက ပြတ်သားစွာပင် ဆက်မလိုက်တော့ရန် ဆုံးဖြတ်လိုက်သည်။ ထို့နောက် အခင်းဖြစ်ပွားရာ နေရာဆီသို့ လှည့်ပြန်လာခဲ့ပြီး ရိုအန် လာရှာမည့်အချိန်ကိုသာ စောင့်ဆိုင်းရန် ပြင်ဆင်လိုက်သည်။
တခြားတစ်ဖက်တွင်မူ ရိုအန်က သူ့ကို ကျိန်ဆဲနေကြသော တောတွင်းချစ်သူစုံတွဲများကို လုံးဝဂရုမစိုက်ဘဲ သစ်တောအုပ်ထဲတွင် ခြေလှမ်းမရပ်တန့်ဘဲ အလွန်မြန်ဆန်စွာ ဖြတ်သန်းပြေးလွှားနေသည်။ မကြာမီမှာပင် သစ်တောအုပ်ထဲမှ ထွက်လာနိုင်ခဲ့ပြီး ပန်းခြံ၏ အရှေ့ဘက်ရှိ ကားလမ်းမတစ်ခုဆီသို့ ရောက်ရှိသွားတော့သည်။
ကားလမ်းမထက်တွင် အဆက်မပြတ် သွားလာနေကြသော မော်တော်ယာဉ်များနှင့် လမ်းတစ်ဖက်ခြမ်းရှိ ဆိုင်ခန်းအချို့ကို ကြည့်ရင်း ရိုအန်က စက္ကန့်အနည်းငယ်မျှ စဉ်းစားတွေးတောနေသည်။ ထို့နောက် လာရာလမ်းအတိုင်း ပြန်လှည့်လာခဲ့သည်။
အခင်းဖြစ်ပွားရာ နေရာတွင် မိုနာက ကုလားထိုင်ပေါ်တွင်ထိုင်ကာ ကွန်ပျူတာကို အလုပ်ရှုပ်နေသည်။ ရိုအန်ကို မြင်လိုက်ရသောအခါ မိမိ ဤနေရာတွင် ရှိနေကြောင်း လက်ဝှေ့ယမ်းပြလိုက်သည်။ ရိုအန်က ဘေးတွင် ဝင်ထိုင်လိုက်သည်ကို မြင်သောအခါမှ သူမက စကားစလိုက်သည်။
"ဘယ်လိုလဲ... သဲလွန်စတစ်ခုခု တွေ့ခဲ့လား..."
"သေချာတာပေါ့..."
ရိုအန်က ပြုံးရင်း ခေါင်းညိတ်ပြလိုက်သည်။
"လူသတ်သမားက စစ်တပ်ကထွက်ပြီးနောက်ပိုင်း ဘဝမှာ အဆင်မပြေလို့ အပြင်မှာ အလုပ်လက်ခံလုပ်နေတဲ့ စစ်သားဟောင်းတစ်ယောက် ဖြစ်နိုင်တယ်... အထူးတပ်ဖွဲ့ကနေ အနားယူထားတဲ့သူတောင် ဖြစ်နိုင်ချေရှိတယ်..."
"ဘာဖြစ်လို့လဲ..."
"ဘာလို့လဲဆိုတော့ လမ်းတစ်လျှောက်လုံးမှာ နယူးယောက်ရဲတပ်ဖွဲ့က ရဲတွေရဲ့ ခြေရာတွေနဲ့ ရဲခွေးတွေရဲ့ ခြေရာတွေကိုပဲ တွေ့ခဲ့ရလို့ပဲ... တခြား ဘာမှမတွေ့ခဲ့ရဘူး..."
"..."
မိုနာ့မျက်နှာတွင် စကားမပြောနိုင်လောက်အောင် ဆွံ့အသွားသည့် အမူအရာများ ပေါ်လွင်နေသည်။ ရိုအန်တစ်ယောက် ဘာသဲလွန်စမှ မတွေ့ခဲ့ရခြင်းကို ဤမျှ အခိုင်အမာ ပြောဆိုနေလိမ့်မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။ သို့သော် ရိုအန်က ဘာသဲလွန်စမှ မတွေ့ရခြင်းကပင် အကြီးမားဆုံး သဲလွန်စဖြစ်ကြောင်း ရှင်းပြလေသည်။
"စောစောက ငါ ဖြတ်လျှောက်ခဲ့တဲ့ နေရာက လူသတ်ပြီးရင် ထွက်ပြေးဖို့ အသင့်တော်ဆုံး နေရာပဲ..."
"သစ်တောအုပ်ထဲမှာ သစ်ကိုင်းတွေ မရေမတွက်နိုင်အောင် ရှိတယ်... ဘယ်သူပဲ ဖြတ်သွားသွား မတော်တဆ သစ်ကိုင်းတချို့ကို ကျိုးသွားစေမှာပဲ... ဒါပေမဲ့ စောစောက ငါ သေချာစစ်ဆေးကြည့်တော့ အသစ်ကျိုးနေတဲ့ သစ်ကိုင်းတွေရှိတဲ့ နေရာမှာ ရဲခွေးခြေရာတွေ ရှိနေတယ်... ဒါမှမဟုတ် ရဲခွေးခြေရာတွေနဲ့အတူ ရဲတွေစီးတဲ့ ဘွတ်ဖိနပ်ခြေရာတွေ ရှိနေတယ်... ကျန်တဲ့နေရာတွေမှာတော့ အသစ်ကျိုးနေတဲ့ သစ်ကိုင်းတွေ မရှိသလို ထင်ရှားတဲ့ ခြေရာတွေလည်း မရှိဘူး..."
"ဒီလိုမျိုး ခြေရာဖျောက်နိုင်တဲ့ အသိစိတ်မျိုးရှိတာ အထူးတပ်ဖွဲ့ထဲက လူတွေပဲ ဖြစ်နိုင်တယ်..."
ရိုအန်၏ ရှင်းပြချက်ကို နားထောင်ပြီးနောက် မိုနာက ကွန်ပျူတာကို အလုပ်ရှုပ်နေသော လက်များကို ရပ်တန့်လိုက်သည်။ သူမက ခေါင်းစောင်းကာ နားမလည်နိုင်ဖြစ်သွားသည်။
'ငါများ အက်ဖ်ဘီအိုင် လေ့ကျင့်ရေးကျောင်း အတုကို တက်ခဲ့မိတာလား...'
"ဘာဖြစ်လို့လဲ..."
"ဘာမှမဖြစ်ပါဘူး..."
ရိုအန်က မိမိကို မေးလိုက်သည်ကို မြင်သောအခါ မိုနာက ခေါင်းခါပြလိုက်သည်။ ထို့နောက် သူမလက်ထဲရှိ လက်တော့ပ် ကွန်ပျူတာကို ရိုအန် မြင်သာအောင် တွန်းပို့ပေးလိုက်ရင်း ပြောလိုက်သည်။
"ဒါက ခုလေးတင် ပို့လိုက်တဲ့ ရုပ်အလောင်းစစ်ဆေးချက် အစီရင်ခံစာပဲ... အဲ့ဒီမှာ သေဆုံးသူရဲ့ အစာအိမ်ထဲမှာ အရက်ပြန်ဓာတ် အနည်းငယ် ပါဝင်နေတယ်လို့ ဖော်ပြထားတယ်..."
"သေဆုံးသူက မသေခင် အရက်သောက်ခဲ့သေးတာလား..."
အစီရင်ခံစာကို မြင်လိုက်ရသောအခါ ရိုအန်၏ မျက်နှာတွင် ချက်ချင်းဆိုသလို ဝမ်းသာသွားသည့် အရိပ်အယောင်များ ပေါ်လာပြီး ခေါင်းစောင်းကာ မေးလိုက်သည်။
"ပန်းခြံတောင်ဘက်မှာ အရက်ဘား ဘယ်နှစ်ခုရှိလဲ ဆိုတာကို မင်း ရှာပေးနိုင်မလား..."
"ဘာလို့ တောင်ဘက်လဲ..."
မိုနာက ကွန်ပျူတာကို ပြန်ယူလိုက်ပြီး မေးခွန်းထုတ်ရင်း သူမ၏ လက်ချောင်းများက သက်ဆိုင်ရာ အချက်အလက်များကို အလွန်လျင်မြန်စွာ ရှာဖွေနေလေသည်။
"ဘာလို့လဲဆိုတော့ သေဆုံးသူက ပန်းခြံတောင်ဘက်ကနေ လျှောက်လာခဲ့လို့ပဲ... ငါ့အထင်ကို ပြောတာပါ..."
ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ မိုနာက နှုတ်ခမ်းမဲ့လိုက်သည်။ စက္ကန့်အနည်းငယ် အကြာတွင် ရှာဖွေမှု ပြီးဆုံးသွားပြီး ကွန်ပျူတာ မျက်နှာပြင်ကို ရိုအန်အား ပြသလိုက်သည်။
"အနီးနား ပတ်ဝန်းကျင်မှာ အရက်ဘား နှစ်ခုပဲ ရှိတယ်... တခြား ရပ်ကွက်တွေမှာတော့ ပိုများတယ်..."
"အိုကေ... ဒီအရက်ဘား နှစ်ခုကို အရင်သွားကြမယ်... ဘာပဲဖြစ်ဖြစ် ငါတို့မှာ အချိန်တွေ အများကြီး ရှိသေးတာပဲ..."
"မဟုတ်ဘူး... ငါတို့မှာ သုံးရက်ပဲ အချိန်ရှိတာ..."
လမ်းဘယ်ဘက်ခြမ်းရှိ အရက်ဘားတွင် သေဆုံးသူ မိုက်ကယ်ကို မည်သူမှ မမြင်ဖူးကြပေ။ ထို့ကြောင့် ရိုအန်နှင့် မိုနာတို့က ညာဘက်ခြမ်းရှိ အရက်ဘားဆီသို့ လှည့်ထွက်လာခဲ့ကြသည်။
"ဒီလူကို မြင်ဖူးကြလား..."
မိုနာ၏ လက်ထဲမှ ဓာတ်ပုံကို မြင်သောအခါ အရက်ဘား ပိုင်ရှင်က ခေါင်းခါပြလိုက်သည်။
"သူက ကျွန်တော်တို့ ဆိုင်ရဲ့ ဖောက်သည် အမြဲတမ်းလာနေကျလူ မဟုတ်ဘူး... မနေ့က ဒီလူကို မတွေ့မိပါဘူး..."
မိုနာက ရိုအန်ကို မော့ကြည့်လိုက်ပြီး ရိုအန်က ဘေးဘက်တွင် အခြားသူတစ်ဦးနှင့် စကားပြောနေသော လှပသည့် အမျိုးသမီး စားပွဲထိုးလေးဆီသို့ အကြည့်လွှဲလိုက်သည်။ ၎င်းကို မြင်သောအခါ ဆိုင်ရှင်က ထိုစားပွဲထိုးလေးကို အသံကျယ်ကျယ်ဖြင့် လှမ်းခေါ်လိုက်သည်။
အနီရောင် ဆံပင်အရှည်ကို ထားရှိပြီး ဆွဲဆောင်မှုရှိသော ရင်သားအမွှာကို ပိုင်ဆိုင်ထားသည့် အမျိုးသမီး စားပွဲထိုးလေးက အနီးသို့ ရောက်လာသည်။ ရိုအန်၏ မျက်နှာကို မြင်လိုက်ရသောအခါ သူမ၏ မျက်လုံးများက ချက်ချင်းဆိုသလို အရောင်လက်သွားသည်။
"မင်္ဂလာပါရှင်... ကျွန်မကို ခရစ္စတင်းလို့ ခေါ်လို့ရပါတယ်..."
နှုတ်ခွန်းဆက်စကားကို အားလုံးကို ရည်ရွယ်၍ ပြောလိုက်သော်လည်း ထိုစားပွဲထိုးလေး၏ မျက်လုံးများက ရိုအန်ကိုသာ စူးစိုက်ကြည့်နေလေသည်။
မိုနာက မျက်စောင်းလှလှလေး တစ်ချက် ထိုးလိုက်ပြီးနောက် ဓာတ်ပုံကို ခရစ္စတင်း၏ မျက်စိရှေ့သို့ ကမ်းပေးလိုက်ကာ ရိုအန်ကို ကြည့်နေသော သူမ၏ အမြင်အာရုံကို ကွယ်ပစ်လိုက်သည်။
"ဒီလူကို မြင်ဖူးလား..."
အမြင်အာရုံ ကွယ်ခံလိုက်ရသော်လည်း ခရစ္စတင်းက ဒေါသမထွက်ဘဲ ရိုအန်ကို မျက်ပစ်ပြလိုက်သည်။ ထို့နောက် ဓာတ်ပုံကို လှမ်းယူလိုက်ပြီး တိုက်ရိုက်ပင် ဖြေလိုက်သည်။
"ကျွန်မ မြင်ဖူးတယ်... ဒီလူက မနေ့က ကျွန်မတို့ ဆိုင်ကို လာတုန်းက ဝိုင်နီ နှစ်ခွက် မှာခဲ့တယ်... ထောင့်နားမှာ ထိုင်ပြီး လူတစ်ယောက်ကို စောင့်နေပုံရတယ်... ဒါပေမဲ့ နောက်ဆုံးအထိ ဘယ်သူမှ ရောက်မလာခဲ့ဘူး... ဒါနဲ့ သူတစ်ယောက်တည်း အဲ့ဒီ ဝိုင်နီ နှစ်ခွက်ကို အကုန်သောက်ပြီး ထွက်သွားတော့တာပဲ..."
ထိုစကားကို ကြားလိုက်ရသောအခါ မိုနာ၏ နှုတ်ခမ်းထောင့်များ လှုပ်ခတ်သွားပြီး မသိစိတ်၏ စေ့ဆော်မှုအရ ရိုအန်ကို လှမ်းကြည့်လိုက်မိသည်။ သေဆုံးသူ မိုက်ကယ်က အသက်ရှင်စဉ်အခါက တကယ်ပင် တောင်ဘက်မှတစ်ဆင့် ပန်းခြံထဲသို့ ဝင်ရောက်သွားခဲ့မည်ဟု သူမ ထင်မှတ်မထားခဲ့ပေ။
ရိုအန်က မိုနာ၏ မျက်နှာအမူအရာကို မတွေ့လိုက်ပေ။ ခရစ္စတင်းက သေဆုံးသူ မိုက်ကယ်ကို မြင်ဖူးကြောင်း သိလိုက်ရသောအခါ သူက အလျင်စလို မေးလိုက်သည်။
"သူ ထွက်သွားပြီးတဲ့နောက် ဆိုင်ထဲ ဝင်လာတဲ့လူ ရှိလား... ဒါမှမဟုတ် သူ့ကို လာရှာတဲ့လူ ရှိလား..."
"ကျွန်မ ဒီမေးခွန်းကို ဖြေရင် ဆုရမှာလား..."
"..."
ရိုအန်မှာ စကားမပြောနိုင်လောက်အောင် ဆွံ့အသွားသည်။ မိုနာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ရိုအန်၏ ပခုံးကို ပုတ်ကာ သူမကို ပြောလိုက်သည်။
"နင့်ဆီက ရတဲ့ အချက်အလက်ကသာ အသုံးဝင်မယ်ဆိုရင်... ဒီည ဒီအမျိုးသားက နင့်အတွက်ပဲ..."
"အဲ့ဒါဆိုလည်း သဘောတူတယ်လေ..."
ခရစ္စတင်းက ပြုံးရင်း စာရွက်ပိုင်းလေး တစ်ခုကို ရိုအန်၏ ရင်ခွင်ထဲသို့ ထိုးထည့်ပေးလိုက်ပြီးနောက် ဆက်ပြောသည်။
"ဘားကောင်တာမှာ ထိုင်နေတဲ့ လူကြီးတစ်ယောက် ရှိတယ်... ဓာတ်ပုံထဲက လူ ထွက်သွားပြီးတဲ့နောက် သူလည်း နောက်ကနေ ကပ်လျက် ထွက်သွားတယ်..."
ရိုအန်က ချက်ချင်းပင် လှည့်ကာ အရက်ဘား ပိုင်ရှင်ကို ကြည့်လိုက်သည်။
"ခင်ဗျားတို့ ဆီမှာ လုံခြုံရေးကင်မရာ ရှိလား..."
ထိုစကားကို ကြားသောအခါ ခရစ္စတင်းက အရက်ဘား ပိုင်ရှင်ကို အထင်သေးဟန်ဖြင့် တစ်ချက်ကြည့်လိုက်ပြီး အလွန်မကျေနပ်သော လေသံဖြင့် ဖြေလိုက်သည်။
"တစ်ခုတည်းပဲ ရှိတယ်... အဲ့ဒါကလည်း ငွေရှင်းကောင်တာဘက်ကို လှည့်ထားတာ... အဓိကက ကျွန်မတို့ ပိုက်ဆံခိုးမှာကို ကြောက်လို့နေမှာပေါ့..."
"ခရစ္စတင်း..."
အရက်ဘား ပိုင်ရှင်မှာ မျက်နှာပူသွားသော်လည်း ခရစ္စတင်းက သူ့ကို ဂရုမစိုက်ပေ။ သူမက ခေါင်းငုံ့ကာ အိတ်ကပ်ထဲမှ စာရွက်ပိုင်း တစ်ထပ်ကို စမ်းသပ်ထုတ်ယူလိုက်ပြီး ရှာဖွေပြီးနောက် တစ်ရွက်ကို ဆွဲထုတ်ကာ ရိုအန်ထံ ကမ်းပေးရင်း ပခုံးတွန့်ပြလိုက်သည်။
"ဒါက အဲ့ဒီ လူကြီးရဲ့ ဆက်သွယ်ရန် လိပ်စာပဲ..."
"..."
ရိုအန်နှင့် မိုနာတို့က သူမကို အံ့သြတကြီး ကြည့်နေကြသည်ကို မြင်လိုက်ရသောအခါ ခရစ္စတင်းက လက်နှစ်ဖက်ကို ခါးထောက်ကာ ရင်ဘတ်ကို ကော့ပြလိုက်သည်။ သူမ၏ ရင်သားအစုံမှာ တောင်ကုန်းလေးများအလား မို့မောက်ကြွားဝင့်နေလေသည်။ သူမက မည်သူ့ကို အထင်သေးနေတာလဲဟူသော အမူအရာကို ပြသနေသည်။
"ဒီည စောင့်နေမယ်နော်... လူချောလေး..."
ခရစ္စတင်းက အရက်ဘား တံခါးအနောက်မှနေ၍ ထွက်ခွာသွားသော ရိုအန်တို့ နှစ်ယောက်ကို လက်ဝှေ့ယမ်း နှုတ်ဆက်နေသည်။ ရိုအန်က စာရွက်ပိုင်းလေးကို အိတ်ကပ်ထဲသို့ တိတ်တဆိတ် သိမ်းဆည်းလိုက်သည်။ မိုနာက ကားထဲတွင် ထိုင်ကာ လက်တော့ပ် ကွန်ပျူတာကို အသုံးပြု၍ အက်ဖ်ဘီအိုင်၏ အတွင်းပိုင်း ကွန်ရက်ထဲသို့ ဝင်ရောက်ကာ ထိုဖုန်းနံပါတ် ပိုင်ရှင်၏ ကိုယ်ရေးအချက်အလက်များကို ရှာဖွေနေလေသည်။
"ရှာတွေ့ပြီ..."
မကြာမီမှာပင် ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် ဖုန်းနံပါတ် ပိုင်ရှင် မည်သူဖြစ်ကြောင်း ပေါ်လာလေသည်။
"ဖုန်းနံပါတ် ပိုင်ရှင်က ဝက်စ်-ဝပ်တ်စ် လို့ ခေါ်တယ်... အသက်က ငါးဆယ့်ခြောက်နှစ်... နယူးယောက် တက္ကသိုလ်က ပရော်ဖက်ဆာ တစ်ယောက်ပဲ... စကားစ်ဒေးလ်မှာ နေတယ်... သူ့မိန်းမက လွန်ခဲ့တဲ့ ခြောက်လလောက်ကမှ ဆုံးသွားတာ... သေဆုံးရတဲ့ အကြောင်းရင်းက ကင်ဆာရောဂါတဲ့..."
"တက္ကသိုလ် ပရော်ဖက်ဆာ..."
မိုနာ၏ ရှင်းပြချက်ကို ကြားလိုက်ရသောအခါ ကားမောင်းသူ နေရာတွင် ထိုင်နေသော ရိုအန်က နားထင်ကို ပွတ်သပ်လိုက်ပြီး ခေါင်းအနည်းငယ် ကိုက်လာသလို ခံစားလိုက်ရသည်။
"ငါ ခွဲခြမ်းစိတ်ဖြာလိုက်တာ မှားသွားတာလား..."
"ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းရဲ့ သုံးသပ်ချက်တွေ မှန်တယ်လို့ကို ငါ မခံစားရတာ... သေဆုံးသူက ပန်းခြံတောင်ဘက်ကနေ ဝင်လာတယ် ဆိုတာကလွဲရင်ပေါ့..."
မိုနာက ကွန်ပျူတာထဲရှိ အချက်အလက်များကို ဆက်လက် ငုံ့ကြည့်ရင်း ပြောလိုက်သည်။
"ဝက်စ်ရဲ့ အိမ်ကို အရင်သွားပြီး သူ့ကို ဖမ်းကြတာပေါ့..."
"အိုကေ..."
ရိုအန်က ခေါင်းညိတ်လိုက်ပြီး ကားစက်နှိုးကာ လှည့်၍ အရက်ဘားရှေ့မှ ထွက်ခွာသွားလေသည်။
ကားထဲတွင် မိုနာ၏ ကီးဘုတ်ရိုက်ခတ်သံ တဖြောက်ဖြောက်မှလွဲ၍ အခြားအသံ မရှိပေ။ ရိုအန်က လေထုမှာ အနည်းငယ် အနေရခက်နေသည်ဟု ခံစားရသဖြင့် စကားတစ်ခွန်းခွန်း စပြောရန် ပြင်လိုက်စဉ်မှာပင် မိုနာ၏ ခန္ဓာကိုယ်က ရုတ်တရက် တုန်ခါသွားပြီး အသံကုန် ဟစ်အော်လိုက်သည်။
"ချီးတဲ့မှပဲ... ဝက်စ် ယာဉ်တိုက်မှုဖြစ်ပြီး သေသွားပြီတဲ့…”