← Chapters

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆

Vol. 1 Ch. 6

အခန်း ၆ နှုတ်ပိတ်သတ်ဖြတ်ခြင်း

မိုနာ၏ ရုတ်တရက် အော်ဟစ်လိုက်သံကြောင့် ရိုအန်မှာ လန့်ဖျပ်သွားပြီး လက်ထဲမှ စတီယာရင်ကိုပင် လွှတ်ချမိမတတ် ဖြစ်သွားသည်။

နောက်တစ်စက္ကန့်တွင် ရိုအန်က အသိစိတ်ပြန်ဝင်လာပြီး အလျင်စလို လှည့်ကြည့်ကာ မေးလိုက်သည်။

"ဘာ... ဘယ်တုန်းက သေသွားတာလဲ... ဘယ်လိုသေတာလဲ..."

မိုနာက ကွန်ပျူတာကို ခေါင်းငုံ့ကာ သေချာစစ်ဆေးကြည့်ပြီးနောက် စကားကို ခပ်မြန်မြန် ပြန်ဖြေလိုက်သည်။

"ငါ ခုလေးတင် နယူးယောက်ရဲတပ်ဖွဲ့ရဲ့ အတွင်းပိုင်းကွန်ရက်ထဲကို ဝင်ပြီး ဝက်စ်ရဲ့ တည်နေရာကို ရှာကြည့်လိုက်တာ... အဲ့ဒီမှာ လွန်ခဲ့တဲ့ဆယ်မိနစ်လောက်က ဝက်စ်တစ်ယောက် ကွင်းစ်ရပ်ကွက် အောက်ပိုင်းက လမ်းဆုံတစ်ခုမှာ ယာဉ်တိုက်မှုဖြစ်ပြီး ပွဲချင်းပြီးသေဆုံးသွားတယ်ဆိုတာ တွေ့လိုက်ရတယ်... ဒါပေမဲ့ နယူးယောက်ရဲတပ်ဖွဲ့က ကားတာယာထဲမှာ ဗုံးပါဝင်ပစ္စည်းတွေကို တွေ့ရှိခဲ့တယ်တဲ့..."

"လွန်ခဲ့တဲ့ဆယ်မိနစ်က..."

ရိုအန်၏ မျက်လုံးအိမ်များက ရုတ်ခြည်း ကျဉ်းမြောင်းသွားသည်။ မိုနာကလည်း တစ်စုံတစ်ခုကို သတိရသွားဟန်ဖြင့် ထိုသူနှစ်ယောက်က အချင်းချင်း ပြိုင်တူကြည့်လိုက်ပြီး တစ်သံတည်း ထွက်ပေါ်လာသည်။

"နှုတ်ပိတ်သတ်ဖြတ်လိုက်တာပဲ..."

"တစ်ဖက်လူက ဒီလောက် မြန်မြန်ဆန်ဆန် လက်စပြလိမ့်မယ်လို့ မထင်ထားဘူး..."

မိုနာ၏ ကီးဘုတ်ရိုက်ခတ်သံကို ကြားနေရရင်း ရိုအန်က ကားခေါင်းကို ကွင်းစ်ရပ်ကွက်ဘက်သို့ လှည့်လိုက်သည်။ သူ၏ ဘယ်ဘက်လက်က နားထင်ကို ပွတ်သပ်နေမိပြီး နောက်ကွယ်မှ ကြိုးကိုင်သူက ကိုင်တွယ်ရ အနည်းငယ်ခက်ခဲမည့်သူဖြစ်ကြောင်း ခံစားလိုက်ရသည်။

ကားက လမ်းဆုံနှစ်ခုကို ဖြတ်ကျော်ပြီးနောက် ရိုအန်က တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် ကားကို လမ်းဘေးသို့ ရုတ်တရက် ထိုးရပ်လိုက်သည်။ ထို့နောက် မိုနာ့ဘက်သို့ လှည့်ကြည့်ကာ လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"မိုနာ... ဝက်စ်က မိုက်ကယ်ကို သတ်ခဲ့တဲ့ လူသတ်သမား မဟုတ်ဘဲ မိုက်ကယ်က အရက်ဘားမှာ စောင့်နေတဲ့သူ ဖြစ်နိုင်ချေရှိတယ်..."

"ဟင်..."

ထိုစကားကို ကြားလိုက်ရသောအခါ မိုနာ၏ ကီးဘုတ်ရိုက်ခတ်နေသော လက်များက ရပ်တန့်သွားသည်။ သူမက ချက်ချင်း သဘောပေါက်သွားပြီး ရိုအန်၏ စကားကို ဆက်၍ သုံးသပ်လိုက်သည်။

"မိုက်ကယ်က ဝက်စ်နဲ့တွေ့ပြီး တစ်ခုခုပြောချင်ခဲ့တာ... ဒါပေမဲ့ ဝက်စ်က မိုက်ကယ် နောက်ယောင်ခံလိုက်ခံရမှာကို စိုးရိမ်သလို အရက်ဘားကလည်း မလုံခြုံဘူးလို့ ထင်တာကြောင့် အရက်ဘားမှာ မိုက်ကယ်နဲ့ မတွေ့ခဲ့တာပဲ... အဲ့ဒီအစား မိုက်ကယ် အရက်ဘားကနေ ထွက်သွားတဲ့အချိန်ကို စောင့်ပြီးမှ သူကိုယ်တိုင် နေရာတစ်ခုရှာပြီး ဆက်သွယ်ဖို့ လုပ်ခဲ့တာနေမှာ..."

"မှန်တယ်..."

ရိုအန်က ခေါင်းညိတ်လိုက်ပြီး ဆက်ပြောသည်။

"သူတို့နှစ်ယောက်ရဲ့ နောက်ယောင်ခံလိုက်တာကို ဖြတ်တောက်နိုင်စွမ်းက သိသိသာသာကို ညံ့ဖျင်းလွန်းတယ်... နောက်ဆုံးတော့ သူတို့နှစ်ယောက်လုံးကို လူသတ်သမားက မြင်သွားခဲ့တာပဲ... လူသတ်သမားက မနေ့ညတုန်းက ပန်းခြံထဲမှာ မိုက်ကယ်ကို သတ်ခဲ့တယ်... ဒါပေမဲ့ သူလိုချင်တဲ့ ပစ္စည်းကို မတွေ့ခဲ့ဘူး... ဒါကြောင့် ဒီကနေ့မှာ ဝက်စ်ကိုပါ ထပ်သတ်လိုက်ပြန်တယ်..."

စကားပြောနေရင်း ရိုအန်က ရုတ်တရက် လက်ခုပ်တစ်ချက် တီးလိုက်ရာ သူ၏ မျက်လုံးများက အရောင်လက်သွားသည်။ ထို့နောက် ခေါင်းစောင်းကာ အလျင်စလို မေးလိုက်သည်။

"မိုနာ... ယာဉ်တိုက်မှုဖြစ်တဲ့ နေရာမှာ ဝက်စ်ရဲ့ ကားသော့ ရှိနေလား..."

"ကားသော့..."

မိုနာက နားမလည်နိုင် ဖြစ်သွားသော်လည်း မသိစိတ်၏ စေ့ဆော်မှုအရ ကီးဘုတ်ကို စတင်ရိုက်နှိပ်လိုက်သည်။ စက္ကန့်အနည်းငယ် အကြာတွင် ခေါင်းမော့ကာ ပြန်ဖြေလိုက်သည်။

"မရှိဘူး... နယူးယောက်ရဲတပ်ဖွဲ့က ကားသော့ကို မတွေ့ခဲ့ဘူးတဲ့..."

"ငါ ထင်တဲ့အတိုင်းပဲ..."

ရိုအန်က ဟားတိုက်ရယ်မောလိုက်ပြီး ကားစက်နှိုးကာ လမ်းမထက်တွင်ပင် ကားကို ပြန်လှည့်လိုက်သည်။ ထို့နောက် တခြား ဦးတည်ရာ တစ်ခုဆီသို့ တိုက်ရိုက်ပင် အရှိန်ပြင်းပြင်း မောင်းနှင်သွားတော့သည်။

ဘေးခုံတွင် ထိုင်နေသော မိုနာမှာ ကားကွေ့လိုက်သည့် အရှိန်ကြောင့် အလွန်အမင်း နေရခက်သွားသည်။ ကားဦးတည်သွားနေသော နေရာမှာ ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာမဟုတ်သည်ကို မြင်သောအခါ သူမက အလျင်အမြန် မေးလိုက်သည်။

"ဟေး... ရိုအန်... နင် ဘယ်ကိုသွားမလို့လဲ..."

"ဝက်စ်ရဲ့ အိမ်ကို သွားမလို့..."

ရိုအန်၏ စိတ်လှုပ်ရှားနေသော အသံဖြင့် ပြန်ဖြေလိုက်သည်ကို ကြားသောအခါ မိုနာက စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် ချက်ချင်း သဘောပေါက်သွားသည်။

"ယောကျ်ားလေးတွေရဲ့ ကားသော့က များသောအားဖြင့် ကိုယ့်အိမ်တံခါးသော့နဲ့ တွဲချိတ်ထားတတ်တယ်..."

ရိုအန်က ခေါင်းညိတ်လိုက်ပြီး မီးပွိုင့်ကို ဖြတ်ကျော်ပြီးနောက် လီဗာကို နင်းလိုက်သည်။

"မှန်တယ်... လူသတ်သမားက ဝက်စ်ရဲ့ ကိုယ်ပေါ်နဲ့ ကားထဲမှာ သူလိုချင်တဲ့ ပစ္စည်းကို သေချာပေါက် ရှာမတွေ့ခဲ့ဘူး... ဒါကြောင့် ဝက်စ်ရဲ့ အိမ်ကိုသွားပြီး ရှာဖို့ပဲ ရှိတော့တယ်... ငါတို့သာ အမြန်သွားနိုင်ရင် ခဏနေလို့ တရားခံအစစ်ကို ဖမ်းနိုင်လောက်တယ်..."

ကားပြတင်းပေါက် အပြင်ဘက်မှ လျင်မြန်စွာ နောက်ဆုတ်သွားသော အိမ်များကို မြင်လိုက်ရပြီး မိမိစီးနင်းနေသော ကားက ယာဉ်ကြောထဲတွင် ဘယ်ညာရှောင်တိမ်းကာ အရှိန်ပြင်းပြင်း ပြေးလွှားနေသည်ကို ကြည့်ရင်း မိုနာတစ်ယောက် တံတွေးမြိုချလိုက်မိသည်။ သူမ၏ ကွန်ပျူတာ ရိုက်နှိပ်နေသော လက်များက အလိုအလျောက် ထိုင်ခုံခါးပတ်ကို လှမ်းဆုပ်ကိုင်လိုက်ပြီး လှည့်ကြည့်ကာ ပြောလိုက်သည်။

"ရိုအန်... ဒီလောက်ထိ လောနေစရာ မလိုပါဘူး... တစ်ခုခုဖြစ်ခဲ့ရင် နင်က အက်ဖ်ဘီအိုင် ဖြစ်နေရင်တောင် ယာဉ်မောင်းလိုင်စင် အသိမ်းခံရလိမ့်မယ်..."

ရိုအန်က ခပ်ဟဟ ရယ်မောလိုက်ပြီး လီဗာကို အဆုံးထိ နင်းချလိုက်ကာ ယုံကြည်မှုအပြည့်ဖြင့် ပြောလိုက်သည်။

"စိတ်ချပါ... ငါ့မှာ ယာဉ်မောင်းလိုင်စင် မရှိဘူး... သူတို့ ငါ့ကို လိုင်စင်သိမ်းလို့ မရပါဘူး..."

"သောက်ကျိုးနည်းပဲ..."

"ဟီးဟီး... နောက်လိုက်တာပါ..."

ကျီခနဲ မြည်သံရှည်ကြီး ထွက်ပေါ်လာကာ ကားက ရပ်တန့်သွားသည်။

စကားစ်ဒေးလ်ရှိ အဝေးပြေးလမ်းမ တစ်ခုထက်တွင် အနက်ရောင် SUV ကားတစ်စီးက နှစ်ထပ်စံအိမ် တစ်လုံးဘေး၌ ရုတ်တရက် ဘရိတ်အုပ်ကာ ရပ်တန့်သွားသည်။

မိုနာက ကျည်ကာအင်္ကျီကို ဝတ်ဆင်လိုက်ပြီး လက်ထဲတွင် ဂလော့ခ် ဆယ့်ကိုး သေနတ်ကို ကိုင်ဆောင်ကာ ဘေးခုံမှ ဆင်းလာခဲ့သည်။ သူမက လှည့်ကြည့်လိုက်ရာ ဦးထုပ်ဆောင်းထားပြီး အပြည့်အဝ လက်နက်တပ်ဆင်ထားသော ရိုအန်ကို မြင်လိုက်ရသောအခါ နှုတ်ခမ်းထောင့်များ လှုပ်ခတ်သွားသည်။ သို့သော် သူမက ခေါင်းညိတ်ကာ လက်ဟန်ခြေဟန်ဖြင့် အချက်ပြလိုက်ပြီး သူတို့နှစ်ဦးသား စံအိမ်၏ ဝင်ပေါက်တံခါးဆီသို့ အတူတကွ လျှောက်သွားလိုက်ကြသည်။

ရိုအန်က လက်နှစ်ဖက်ဖြင့် သေနတ်ကို ကိုင်ဆောင်ကာ လှေကားထစ်များပေါ်သို့ တက်သွားသည်။ မှန်ပြတင်းပေါက်မှတစ်ဆင့် လှမ်းကြည့်လိုက်ရာ အိမ်ထဲတွင် လူသူအရိပ်အယောင် မရှိကြောင်း တွေ့လိုက်ရသည်။ မိုနာက သူ၏ လှုပ်ရှားမှုကို စောင့်ဆိုင်းနေသည်ကို မြင်သောအခါ သူက တုံ့ဆိုင်းမနေဘဲ အိမ်တံခါးကို ခြေထောက်ဖြင့် အားကုန် ကန်ဖွင့်လိုက်ပြီး တစ်ပြိုင်နက်တည်း အော်ဟစ်လိုက်သည်။

"အက်ဖ်ဘီအိုင်... တံခါးဖွင့်စမ်း..."

ဗုန်းခနဲ အသံကြီး ထွက်ပေါ်လာသည်။

အိမ်ထဲတွင် လူမရှိသကဲ့သို့ တိတ်ဆိတ်ငြိမ်သက်နေသည်။ ရိုအန်၏ ခြေရင်းတွင် ပျက်စီးသွားသော တံခါးရွက်ကို ကြည့်ရင်း မိုနာတစ်ယောက် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ သို့သော် သူမက သေနတ်ကို ကိုင်ဆောင်ကာ နံရံကိုမှီရင်း ရိုအန်၏ ခြေလှမ်းများနောက်သို့ လိုက်ကာ စံအိမ်ထဲရှိ အခန်းတိုင်းကို အမြန်ဆုံး ရှာဖွေစစ်ဆေးလိုက်သည်။

"ဒီမှာ ရှင်းတယ်..."

"ဒီမှာလည်း ရှင်းတယ်..."

စံအိမ်ထဲတွင် လူတစ်ယောက်မျှ မရှိကြောင်း အတည်ပြုပြီးနောက် မိုနာက အိမ်တွင်းကို သေချာစွာ စစ်ဆေးကြည့်လိုက်သည်။ သို့သော် ကြမ်းပြင်ပေါ်တွင် ပြန့်ကျဲနေသော မဂ္ဂဇင်းများ၊ ကော်ဖီများ၊ စာအုပ်များနှင့် အခြား အသုံးအဆောင် ပစ္စည်းများကိုသာ မြင်တွေ့ရလေသည်။

လူသတ်သမားက သူတို့နှစ်ယောက်ထက် တစ်လှမ်း ဦးသွားခဲ့သည်မှာ သိသာထင်ရှားလှသည်။ ထိုသူက ပစ္စည်းများကို ရှာဖွေတွေ့ရှိပြီးနောက် ထွက်ခွာသွားရုံသာမက စုံစမ်းစစ်ဆေးရန် ရောက်လာမည့် သူများကို မျက်စိလည်စေရန် ရည်ရွယ်၍ စံအိမ်တစ်ခုလုံးကို ရှုပ်ပွနေအောင် ဖန်တီးသွားခဲ့ခြင်းဖြစ်သည်။

မိုနာက အမှတ် ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ ခေါင်းဆောင်ထံ ဆက်သွယ်လိုက်ပြီး အိမ်ကို ရှာဖွေကာ သဲလွန်စများ ရှာဖွေရန် လူလွှတ်ပေးဖို့ တောင်းဆိုလိုက်သည်။ ရိုအန်ကမူ မီးဖိုချောင်ထဲရှိ ကွဲကြေနေသော မှန်ပြတင်းပေါက်နှင့် လှေကားပေါ်တွင် ပြန့်ကျဲနေသော ဟင်းခတ်အမွှေးအကြိုင်များကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။

"တစ်ခုခုတော့ လွဲနေတယ်..."

"ဟင်..."

မိုနာ နားမလည်ဖြစ်နေသည်ကို မြင်သောအခါ ရိုအန်က တုံ့ဆိုင်းမနေဘဲ ဦးထုပ်ကို ပြန်ဆောင်းလိုက်ပြီး သေနတ်ကို ဆွဲထုတ်လိုက်သည်။ ထို့နောက် နောက်ဖေးတံခါးဆီသို့ ဖြည်းညင်းစွာ လျှောက်သွားရင်း လေးနက်သော လေသံဖြင့် ပြောလိုက်သည်။

"လူသတ်သမားက ဝေးဝေး မရောက်သေးဘူး... အိမ်ထဲက ပစ္စည်းတွေက တမင်တကာ ရှုပ်ပွအောင် လုပ်ထားသလို ထင်ရပေမဲ့ တကယ်တမ်းကျတော့ တစ်ဖက်လူက အရမ်းကို အလောတကြီး ထွက်သွားခဲ့တာ... ဘယ်သူက ဟင်းခတ်အမွှေးအကြိုင်တွေကို နေရာအနှံ့ ကြဲချသွားမှာလဲ... သေချာပေါက် ငါတို့ကားကို မြင်လိုက်ရလို့ အလောတကြီးနဲ့ အမှားလုပ်မိသွားတာပဲ..."

မိုနာက ခေါင်းညိတ်လိုက်ပြီး သေနတ်ကို ကိုင်ဆောင်ကာ နောက်မှ ကပ်လျက် လိုက်သွားသည်။

စံအိမ်၏ နောက်ဖေးတံခါးကို ဖြည်းညင်းစွာ ဖွင့်လိုက်ပြီးနောက် ရိုအန်က တစ်ချက်လှည့်ကာ အပြင်သို့ ပြေးထွက်သွားသည်။ သို့သော် လမ်းမပေါ်တွင် လမ်းသွားလမ်းလာ တစ်ယောက်မျှ မရှိဘဲ လမ်းဘေးတွင် ရပ်ထားသော ကားအနည်းငယ်ကိုသာ တွေ့ရလေသည်။

"ရိုအန်..."

မိုနာက ခေါင်းစောင်းကာ ရိုအန်ကို ကြည့်လိုက်သည်။ ရိုအန်က လက်ဟန်ဖြင့် အချက်ပြလိုက်ပြီး လက်နှစ်ဖက်ဖြင့် သေနတ်ကို ကိုင်ဆောင်ကာ သူ့အနီးဆုံးတွင်ရှိသော ရွှေရောင် ရှက်ဗရိုလက်ကားဆီသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။ တစ်ပြိုင်နက်တည်းမှာပင် အသံကုန် အော်ဟစ်လိုက်သည်။

"အက်ဖ်ဘီအိုင်... ကားပြတင်းပေါက်ကို ချလိုက်စမ်း... လက်နှစ်ဖက်ကို စတီယာရင်ပေါ် တင်ထားပြီး ငါမြင်ရအောင် ပြထားစမ်း..."

"ရပြီ... ရပြီ... သေနတ်နဲ့ မပစ်ပါနဲ့..."

ကားပြတင်းပေါက်က ဖြည်းညင်းစွာ ပွင့်လာပြီးနောက် ကြိုးတစ်ချောင်းပါ ဂါဝန်ကို ဝတ်ဆင်ထားသော လူဖြူအမျိုးသမီးငယ် တစ်ဦးက သူတို့နှစ်ဦး၏ မျက်စိရှေ့တွင် ပေါ်လာသည်။ ရိုအန်က အကဲခတ်ကြည့်လိုက်ရာ ကားထဲတွင် ထိုအမျိုးသမီးငယ် တစ်ဦးတည်းသာ ရှိနေသည်ကို တွေ့လိုက်ရသဖြင့် မိုနာလည်း သက်ပြင်းချနိုင်သွားသည်။

'သူမတော့ မဖြစ်နိုင်လောက်ဘူး...'

ရိုအန်နှင့် မိုနာတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး တစ်ဖက်လူ၏ အတွေးကို နားလည်သွားကြသည်။ ရိုအန်က နောက်သို့ တစ်လှမ်းဆုတ်လိုက်ပြီး မိုနာက သေနတ်ကို ပြန်သိမ်းကာ ထိုအမျိုးသမီးငယ်အား ရိုးရှင်းသော မေးခွန်းအချို့ မေးမြန်းရန် ပြင်ဆင်လိုက်သည်။

ထိုအချိန်မှာပင် ရွှေရောင် ရှက်ဗရိုလက်ကားနှင့် မလှမ်းမကမ်းရှိ အနက်ရောင် ဖို့ဒ်ကားက ရုတ်တရက် စက်နှိုးသွားသည်။ ရိုအန်က သေနတ်ကို မြှောက်ကာ တစ်ဖက်လူကို တားဆီးရန် အော်ဟစ်လိုက်သော်လည်း ဖို့ဒ်ကားပိုင်ရှင်၏ တုံ့ပြန်မှုက ပို၍မြန်ဆန်နေသည်။ ကားပြတင်းပေါက် တစ်ဝက်ခန့် ပွင့်လာပြီး ရိုအန် ရှိနေသည့် နေရာကိုပင် မကြည့်ဘဲ သေနတ်ကို အပြင်သို့ ထုတ်ကာ ခလုတ်ဆွဲလိုက်တော့သည်။

"ဒိုင်း... ဒိုင်း... ဒိုင်း..."

"ဝပ်နေ..."

ရိုအန်က မိုနာကို မြေပြင်ပေါ်သို့ ဆွဲချလိုက်ပြီး ရွှေရောင်ကား၏ ရှေ့တံခါးကို ဆွဲဖွင့်ကာ သူ၏ရှေ့တွင် အကာအကွယ်အဖြစ် ထားလိုက်သည်။ ဘေးနားရှိ အမျိုးသမီးငယ်၏ စူးစူးဝါးဝါး အော်ဟစ်သံကို လျစ်လျူရှုထားလိုက်ပြီး ရိုအန်က သူ၏ ဂလော့ခ် ဆယ့်ရှစ် သေနတ်ကို အော်တိုပစ်စနစ်သို့ ပြောင်းကာ အနက်ရောင်ကား ရှိရာဘက်သို့ ဆက်တိုက် ပစ်ခတ်လိုက်တော့သည်။

"ဒိုင်း... ဒိုင်း... ဒိုင်း... ဒိုင်း..."

ရိုအန်၏ သေနတ်ပစ်စွမ်းရည်က အလွန် တိကျလှသည်။ ကျည်ဆန်များက ဖို့ဒ်ကားပိုင်ရှင်၏ သေနတ်ကိုင်ထားသော ဘယ်ဘက်လက်နှင့် လက်ကောက်ဝတ်ကို ထိမှန်သွားရုံသာမက သူ၏ လက်ထဲမှ သေနတ်ကိုပါ မြေပြင်ပေါ်သို့ ပြုတ်ကျသွားစေသည်။ ထို့အပြင် ကျည်ဆန်အချို့က နောက်မှန်ကို ဖောက်ထွင်းကာ သူ၏ ဦးရေပြားကို ရှပ်ထိသွားသဖြင့် ဖို့ဒ်ကားပိုင်ရှင်မှာ ကြောက်လန့်တကြား သွေးပျက်သွားရသည်။

"သောက်ကျိုးနည်း..."

အသံကုန် ဟစ်အော်ကျိန်ဆဲလိုက်ပြီးနောက် ဖို့ဒ်ကားပိုင်ရှင်က ဆက်၍ တုံ့ဆိုင်းမနေတော့ပေ။ ကားခေါင်းလှည့်၍ ပြီးသည်ဖြစ်စေ၊ မပြီးသေးသည်ဖြစ်စေ ဂရုမစိုက်တော့ဘဲ လီဗာကို အားကုန်နင်းကာ ကားလမ်းမကြီး ရှိရာဘက်သို့ အရှိန်ပြင်းပြင်း မောင်းနှင်ထွက်ပြေးသွားတော့သည်။

၎င်းကို မြင်လိုက်ရသောအခါ ရိုအန်က ပြတ်သားစွာပင် ဖို့ဒ်ကား၏ ညာဘက် နောက်တာယာကို ချိန်ရွယ်လိုက်ပြီး သေနတ်ကို ပစ်ခတ်လိုက်သည်။

"ဒိုင်း..."

သေနတ်သံ ထွက်ပေါ်လာပြီးနောက် နောက်တစ်စက္ကန့်တွင် တည့်တည့်မောင်းနှင်နေသော ဖို့ဒ်ကားမှာ လမ်းမပေါ်တွင် ချက်ချင်း ယိမ်းယိုင်သွားသည်။ အချိန်အကြာကြီး မထိန်းချုပ်နိုင်လိုက်ဘဲ လမ်းဘေးရှိ အမှိုက်ပုံးကြီးကို အရှိန်ပြင်းပြင်း ဝင်တိုက်မိသွားတော့သည်။

All Chapters