အခန်း ၈
Vol. 1 Ch. 8
အခန်း ၈ ဆေးခန်းထဲမှ ဇာတ်လမ်း။
စကားစ်ဒေးလ် မြို့လေး၏ ညနေ ခြောက်နာရီအချိန်။
"ဒီဆိုင်က ဟမ်ဘာဂါတွေက မဆိုးဘူးပဲ..."
မြို့လေးရှိ အမြန်စား စားသောက်ဆိုင် တစ်ဆိုင်၏ အပေါက်ဝတွင် မိုနာက ဝယ်လာသော ဟမ်ဘာဂါနှင့် ကိုလာကို ကိုင်ဆောင်ကာ ကားပေါ်သို့ ပြန်တက်လာသည်။ ထို့နောက် ဟမ်ဘာဂါ တစ်ဝက်ကို ရိုအန်ထံ ကမ်းပေးလိုက်ပြီး စားရင်းသောက်ရင်း စကားစလိုက်သည်။
"နောက်ထပ် ဘာဆက်လုပ်ကြမလဲ..."
ယနေ့မွန်းလွဲပိုင်းတွင် ရိုအန်က သူမကို ဦးဆောင်ကာ သဲလွန်စများကို အောင်မြင်စွာ ရှာဖွေနိုင်ခဲ့သည့်အပြင် တရားခံကိုပါ ခြေရာခံမိခဲ့သည်။ လွန်ခဲ့သော နာရီအနည်းငယ်အတွင်း ပြသခဲ့သော သူ၏ စွမ်းဆောင်ရည်များက ဤလူနှစ်ယောက်အဖွဲ့တွင် ရိုအန်၏ ခေါင်းဆောင်နေရာကို လုံးဝ အခိုင်အမာ သတ်မှတ်ပေးလိုက်ပြီ ဖြစ်သည်။ ထို့ကြောင့် ပြဿနာတစ်ခုခုနှင့် ရင်ဆိုင်ရတိုင်း မိုနာက ရိုအန်ကိုသာ မသိစိတ်၏ စေ့ဆော်မှုအရ အလိုအလျောက် မေးမြန်းနေမိခြင်း ဖြစ်သည်။
ဟမ်ဘာဂါကို အားရပါးရ တစ်ကိုက် ကိုက်စားလိုက်ပြီးနောက် ကိုလာကိုလည်း တဝကြီး မော့သောက်လိုက်သည်။ ထို့နောက် ရိုအန်က ကားစက်နှိုးကာ စတီယာရင်ကို လှည့်ရင်း ဖြေလိုက်သည်။
"စောစောက အရာရှိကြီး သြဂတ်စ်ဆီ ငါ ဖုန်းဆက်လိုက်တယ်... သူက လူသတ်သမား ကွန်ရက် ကာတလာရဲ့ အချက်အလက်တွေကို နယူးယောက် ဒေသတစ်ဝိုက်က ရဲစခန်းအသီးသီးကို ပို့ပေးလိုက်ပြီ... သူ့ကို ဖမ်းဆီးဖို့ ဖမ်းဝရမ်း ထုတ်တဲ့ အလုပ်က စတင်နေပြီ..."
"မိုက်တယ်..."
မိုနာ၏ မျက်လုံးများက အရောင်လက်သွားပြီး ခေါင်းစောင်းကာ မေးလိုက်သည်။
"ဆုကြေးငွေက ဘယ်လောက်လဲ..."
"ဒေါ်လာ ငါးထောင်... ဒါပေမဲ့ သြဂတ်စ်က အထူးစစ်ဆင်ရေး တပ်ဖွဲ့ကို ခေါ်ပြီး စကားစ်ဒေးလ် မြို့လေးဆီကို လာနေပြီ..."
အထူးစစ်ဆင်ရေး တပ်ဖွဲ့ဟူသော နာမည်ကို ကြားလိုက်ရသောအခါ စောစောက စိတ်လှုပ်ရှားနေသော မိုနာ၏ မျက်နှာမှာ ချက်ချင်းဆိုသလို တည်ငြိမ်သွားသည်။
"တကယ်လို့ သူတို့သာ လူသတ်သမားကို ဖမ်းမိသွားရင်... ဒီပိုက်ဆံတွေက..."
"သေချာပေါက် ငါတို့နဲ့ ဘာမှမဆိုင်တော့ဘူးပေါ့..."
ရိုအန်က နောက်ဆုံးကျန်နေသော ဟမ်ဘာဂါ အပိုင်းအစကို မြိုချလိုက်ပြီး ကိုလာကိုလည်း အကုန်သောက်လိုက်သည်။ ထို့နောက် စတီယာရင်ကို လှည့်ကာ အက်စ်ယူဗီ ကားကို မြို့လေး၏ ကားလမ်းမပေါ်သို့ မောင်းနှင်သွားရင်း ပြောလိုက်သည်။
"ဒါကြောင့် သူတို့ မရောက်လာခင် ငါတို့က ကွန်ရက်ကို အရင်ဆုံး ဖမ်းမိဖို့ လိုတယ်..."
"ခဏလေး ရိုအန်..."
အစားအသောက်များ စားသောက်ပြီးသွားသောအခါ မိုနာက ကွန်ပျူတာကို ကောက်ကိုင်လိုက်သည်။ သူမ၏ ထက်မြက်သော ဉာဏ်ရည်က ဦးနှောက်ကို ပြန်လည် လွှမ်းမိုးသွားပြီးနောက် လှည့်ကြည့်ကာ စိုးရိမ်တကြီး ပြောလိုက်သည်။
"ကွန်ရက်ကို ရှာတွေ့ရင်တောင် ငါတို့နှစ်ယောက်တည်းနဲ့ သူ့ကို ဖမ်းနိုင်ပါ့မလား... အချက်အလက် မှတ်တမ်းတွေအရဆိုရင် ကွန်ရက်က တိုက်ပွဲအတွေ့အကြုံ အရမ်းများတဲ့ စစ်သားဟောင်း တစ်ယောက်ပဲ... စောစောက နင်ပြောခဲ့သလိုပေါ့... ပိုက်ဆံ မရသေးဘဲနဲ့တော့ ငါ အသေမခံနိုင်ဘူး..."
"လူသတ်သမားကို ဖမ်းမိပြီး အမှုကို ဖော်ထုတ်နိုင်ရင် ငါတို့နှစ်ယောက်က နယူးယောက် သတင်းထောက်များ အသင်းက ပေးမယ့် ဆုကြေးငွေ ဒေါ်လာ ငါးသောင်းကို ရနိုင်တယ်... ပြီးတော့ ဖမ်းဝရမ်းထဲက ဆုကြေးငွေ ဒေါ်လာ ငါးထောင်လည်း ပါသေးတယ်..."
မိုနာမှာ ဘာပြောရမှန်းမသိဘဲ ဆွံ့အသွားသည်။
"တစ်ယောက်ကို ဒေါ်လာ နှစ်သောင်းခွဲကျော် ရမှာ..."
မိုနာက တံတွေးမြိုချလိုက်မိသည်။
"ငါတို့နှစ်ယောက်ရဲ့ လစာက တစ်လကိုမှ ဒေါ်လာ နှစ်ထောင်တည်းရယ်..."
"ဒီပိုက်ဆံတွေ ရသွားရင် ဘရွတ်ကလင်း ရပ်ကွက်က စုတ်ပြတ်နေတဲ့ အငှားအိမ်ကနေ ထွက်ပြီး မန်ဟက်တန် ရပ်ကွက်က တိုက်ခန်းအကြီးကြီး တစ်ခုဆီ ပြောင်းနေပစ်မယ်..."
ရိုအန်၏ မြှူဆွယ်နေသော စကားများကို ကြားလိုက်ရပြီးနောက် မိုနာက လက်ထဲရှိ ကီးဘုတ်ကို အားကုန် ရိုက်နှိပ်လိုက်သည်။
"ပြောစမ်း... နောက်ထပ် ငါတို့ ကွန်ရက်ကို ဘယ်မှာ သွားရှာကြမလဲ..."
"ဟား... ဟား..."
ရိုအန်က လီဗာကို နင်းချလိုက်ပြီး ကားကို မြို့လေး၏ အခြား ကားလမ်းမ တစ်ခုထက်သို့ မောင်းနှင်သွားသည်။ တစ်ချိန်တည်းမှာပင် သက်သေခံ ပလတ်စတစ်အိတ်ဖြင့် ထုပ်ပိုးထားသော အပြန်အလှန် ပစ်ခတ်မှုတွင် ကွန်ရက် ကျန်ရစ်ခဲ့သည့် သေနတ်ကို လက်ညှိုးထိုးပြလိုက်သည်။
"စောစောက စံအိမ်ရှေ့မှာ အပြန်အလှန် ပစ်ခတ်ကြတုန်းက ငါ့သေနတ်ကျည်ဆန်က ကွန်ရက်ရဲ့ ဘယ်ဘက်လက်ကို သွားမှန်ခဲ့တယ်... ဒါကြောင့် သူ့ရဲ့ သေနတ်ကို ငါတို့ ကောက်ရခဲ့တာလေ..."
ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ မိုနာက ခေါင်းညိတ်လိုက်ပြီး ကွန်ပျူတာကို စတင် စစ်ဆေးကြည့်လိုက်သည်။
"ကွန်ရက်က သွေးတိတ်အောင် လုပ်ဖို့ နေရာတစ်ခုခုကို အရင်ဆုံး သေချာပေါက် ရှာလိမ့်မယ်... ဒါပေမဲ့ အိမ်သုံး ဆေးသေတ္တာထဲက ပစ္စည်းလေးတွေလောက်နဲ့တော့ သေနတ်ဒဏ်ရာကို ကုသလို့ မရနိုင်ဘူး... ဒါကြောင့် သူက ဒီမြို့လေးထဲက ပုဂ္ဂလိက ဆေးခန်း တစ်ခုခုကို သွားဖို့ ရာခိုင်နှုန်း တော်တော်လေး များတယ်..."
"မှန်တယ်..."
ရိုအန်က လီဗာကို အားကုန် နင်းချလိုက်ရာ အက်စ်ယူဗီ ကားကြီးမှာ ရှေ့သို့ ချက်ချင်း ပြေးထွက်သွားတော့သည်။
စကားစ်ဒေးလ် မြို့လေးမှာ သိပ်မကြီးမားလှပေ။ ပုဂ္ဂလိက ဆေးခန်းဟူ၍ နှစ်ခုသာ ရှိလေရာ ရိုအန်တို့ နှစ်ယောက်က သူတို့နှင့် အနီးဆုံး ဆေးခန်းတစ်ခုဆီသို့ အလွန်မြန်ဆန်စွာ ရောက်ရှိသွားကြသည်။
"မင်္ဂလာပါ... အက်ဖ်ဘီအိုင် ကပါ..."
မိုနာနှင့် အပြည့်အဝ လက်နက်တပ်ဆင်ထားသော ရိုအန်တို့က ဆေးခန်းထဲသို့ ဝင်လာကြသည်။ ရိုအန်က ရွှေရောင် အက်ဖ်ဘီအိုင် တံဆိပ်ပြားကို ထုတ်ယူကာ ဆေးခန်း ဧည့်ကြိုကောင်တာမှ မိန်းမလှလေး၏ မျက်စိရှေ့တွင် ဝှေ့ယမ်းပြလိုက်ရင်း မေးလိုက်သည်။
"ဒီကနေ့ မွန်းလွဲပိုင်းက ဘယ်ဘက်လက် ဒဏ်ရာရထားတဲ့ လူနာတစ်ယောက်ယောက် လာပြသွားသေးလား..."
"အို... မရှိပါဘူး..."
မိန်းမလှလေးမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသော်လည်း အလျင်အမြန် သတိပြန်ဝင်လာပြီး ပြန်ဖြေလိုက်သည်။
"ဒီကနေ့ မွန်းလွဲပိုင်းမှာ ဆေးခန်းကို ကျောကုန်း ပွန်းပဲ့ဒဏ်ရာ ရထားတဲ့ ကောင်မလေး တစ်ယောက်ပဲ လာသွားပါတယ်..."
ရိုအန်နှင့် မိုနာတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး ဧည့်ကြိုကောင်တာမှ ပြောသော ကောင်မလေးမှာ မည်သူဖြစ်ကြောင်း ခန့်မှန်းမိလိုက်ကြသည်။ ဆက်လက် မေးမြန်းရန် ပြင်လိုက်စဉ်မှာပင် ဧည့်ကြိုကောင်တာ ဘေးဘက်ရှိ အခန်းတံခါးက ရုတ်တရက် ပွင့်လာသည်။ ထို့နောက် ဖြူလွှလွှ ဆရာဝန်ကုတ်အင်္ကျီကို ဝတ်ဆင်ထားသော လူဖြူ ဆရာဝန်ကြီး တစ်ဦးက မျက်နှာတွင် သွေးရောင်လွှမ်းနေပြီး ခန္ဓာကိုယ်အနှံ့မှ ပျင်းရိလေးတွဲသော အငွေ့အသက်များ ထွက်ပေါ်နေသည့် လူဖြူ အမျိုးသမီးကြီး တစ်ဦး၏ လက်ကိုဆွဲကာ ထွက်လာလေသည်။
ရိုအန်နှင့် မိုနာတို့ ထပ်မံ အကြည့်ချင်း ဖလှယ်လိုက်မိကြပြန်သည်။ အရွယ်ရောက်ပြီးသူများ ဖြစ်ကြသည့်အတိုင်း ထိုသူနှစ်ဦး အခန်းထဲတွင် ခုလေးတင် ဘာတွေ လုပ်လာကြသလဲ ဆိုသည်ကို တစ်ချက်ကြည့်ရုံဖြင့် သဘောပေါက်သွားကြသည်။
"သန်ဘက်ခါမှ ပြန်တွေ့ကြတာပေါ့ ဆရာဝန် တင်မ်..."
စိတ်ခံစားချက် အလွန်ကောင်းမွန်နေသော အမျိုးသမီးကြီးက ရိုအန်နှင့် မိုနာတို့ကို မျက်စောင်းထိုး ကြည့်လိုက်သော်လည်း စကားမပြောပေ။ ဆရာဝန်ကြီးထံသို့ အဝေးမှ အနမ်းတစ်ပွင့် ပေးလိုက်ပြီး သူမ၏ အိမ်မွေးခွေးလေးကို ဆွဲကာ ဆေးခန်းတံခါးပေါက်ဆီသို့ လှည့်ထွက်သွားလေသည်။
"သန်ဘက်ခါမှ ပြန်တွေ့ကြမယ် မစ်စ် ယူလန်ဒါ..."
ဆရာဝန်ကုတ်အင်္ကျီ ဝတ်ဆင်ထားသော တင်မ်က မျက်နှာအမူအရာ တစ်ချက်မပျက်ဘဲ ခေါင်းညိတ်ပြလိုက်သည်။ အမျိုးသမီးကြီး ထွက်သွားသည်ကို မြင်ပြီးမှသာ ရိုအန်တို့ နှစ်ယောက်ဆီသို့ အကြည့်လွှဲလိုက်ပြီး ပြုံးကာ မေးလိုက်သည်။
"စုံထောက်ကြီးတို့ နှစ်ယောက် ကျွန်တော့် ဆေးခန်းကို ဘာကိစ္စများ ရှိလို့လာကြတာလဲ..."
ပေါင်ကြားထဲက ပြဿနာများကို ဂရုစိုက်မနေတော့ဘဲ ရိုအန်က တိုက်ရိုက်ပင် မေးလိုက်သည်။
"ဒီကနေ့ မွန်းလွဲပိုင်းက ခင်ဗျားတို့ ဆေးခန်းမှာ ထူးထူးဆန်းဆန်း ကိစ္စတွေ ဖြစ်သေးလား... ဥပမာ ဆေးဝါးတွေ ပျောက်သွားတာမျိုး... လုံခြုံရေး ကင်မရာတွေ ပျက်သွားတာမျိုး စတဲ့ ပြဿနာတွေလေ..."
"မရှိပါဘူး... ကျွန်တော်တို့ ဆေးခန်းက ပုံမှန်ပါပဲ..."
ဆရာဝန် တင်မ်က ခေါင်းခါလိုက်သည်။ ဖောက်သည်များ၏ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် သူ၏ ဆေးခန်းတွင် လုံခြုံရေး ကင်မရာကဲ့သို့သော အရာမျိုးကို လုံးဝ တပ်ဆင်ထားခြင်း မရှိကြောင်း ရှင်းပြလေသည်။
'ခင်ဗျား ဖောက်ပြန်ရတာ အဆင်ပြေအောင် တပ်မထားတာ ဖြစ်မှာပေါ့...'
ရိုအန်မှာ စကားမပြောနိုင်လောက်အောင် ဖြစ်သွားသည်။ တစ်ဖက်လူကို မေးခွန်း အနည်းငယ် ဆက်မေးရန် ပြင်လိုက်စဉ်မှာပင် အပြင်ဘက်မှ ထိုအမျိုးသမီးကြီး ယူလန်ဒါ၏ စူးစူးဝါးဝါး အော်ဟစ်သံကြီး ရုတ်တရက် ထွက်ပေါ်လာတော့သည်။
"ငါ့ကားရော... ဘယ်သူ ငါ့ကားကို ခိုးသွားတာလဲ... သေချင်းဆိုး ကောင်တွေ... အဲ့ဒီ ကားသူခိုးကို ငါ သတ်ပစ်မယ်..."
အော်ဟစ်သံကို ကြားလိုက်ရသောအခါ မိုနာက အလျင်အမြန် ပြေးထွက်သွားသည်။ ထို့နောက် ဒေါသတကြီး ဖြစ်နေသော ယူလန်ဒါအား မေးမြန်းလိုက်သည်။
"အမျိုးသမီးကြီး... ဆေးခန်းကို ဘယ်အချိန်တုန်းက ရောက်လာတာလဲ..."
"လွန်ခဲ့တဲ့ မိနစ် လေးဆယ်လောက်က..."
အိမ်မွေးခွေးလေးကို ဆွဲထားသော ယူလန်ဒါမှာ အလွန်အမင်း ထိတ်လန့်နေပြီး မိုနာ၏ လက်မောင်းကို ဆုပ်ကိုင်ကာ အားကုန် လှုပ်ရမ်းလိုက်သည်။
"နင်တို့ ငါ့ကားကို မြန်မြန် သွားရှာပေးကြ... ငါ့ယောကျ်ားက လွှတ်တော်အမတ် ယေးလ် ပဲ... ကားကို မရရအောင် ရှာပေးရမယ်... မဟုတ်ရင် ငါတော့ သေပြီပဲ..."
အမျိုးသမီးကြီးက ဆေးခန်းသို့ လွန်ခဲ့သော မိနစ်လေးဆယ်ကတည်းက ရောက်နေခြင်းဖြစ်ကြောင်း ကြားလိုက်ရသောအခါ ရိုအန်က တစ်စုံတစ်ခုကို ချက်ချင်း သဘောပေါက်သွားသည်။ ထို့နောက် ဆေးခန်းပိုင်ရှင်ဘက်သို့ အလျင်စလို လှည့်ကြည့်ကာ မေးလိုက်သည်။
"ဆရာဝန်... အခုချက်ချင်း ဆေးခန်းရဲ့ ဆေးပေးခန်းကို လိုက်ပြပါ... ဆေးဝါးတွေ ပျောက်မပျောက် သွားစစ်ကြည့်ရအောင်..."
"စစ်ကြည့်စရာ မလိုတော့ပါဘူး စုံထောက်ကြီး..."
ဆရာဝန် တင်မ်၏ မျက်နှာပေါ်ရှိ အမူအရာက အမျိုးသမီးကြီး ယူလန်ဒါထက်ပင် ပို၍ ထိတ်လန့်နေလေသည်။
"ဆေးပေးခန်း သော့ ပျောက်သွားပြီ..."
"သောက်ကျိုးနည်းပဲ..."
'ဒီကောင်ကြီးနဲ့ ယူလန်ဒါဆိုတဲ့ အမျိုးသမီးကြီးက လူနာခန်းထဲမှာ မိနစ်လေးဆယ်လောက် ကြာအောင် ကဲနေကြတာ... ဆေးပေးခန်း သော့က ဘယ်အချိန်တုန်းက ပျောက်သွားတယ် ဆိုတာကို သရဲတောင် သိမှာမဟုတ်ဘူး...'
ရိုအန်က တီးတိုး ကျိန်ဆဲလိုက်ပြီး ဆေးခန်းထဲမှနေ၍ အက်စ်ယူဗီကားရှိရာဆီသို့ အလျင်အမြန် ပြေးထွက်သွားသည်။ ထိုအခါ မိုနာက ဘေးခုံတွင် ထိုင်ကာ သူ့ကို စောင့်ဆိုင်းနေပြီးဖြစ်ကြောင်း မထင်မှတ်ဘဲ တွေ့လိုက်ရလေသည်။
"လောစရာ မလိုပါဘူး ရိုအန်..."
ရိုအန်၏ မျက်နှာပေါ်ရှိ အလျင်လိုနေသော အမူအရာကို မြင်လိုက်ရသောအခါ မိုနာက ကီးဘုတ်ကို တဖြောက်ဖြောက် ရိုက်နှိပ်ရင်း တည်ငြိမ်စွာ ပြောလိုက်သည်။
"စောစောက ယူလန်ဒါ ဆီကနေ ပျောက်သွားတဲ့ ကားအမျိုးအစားနဲ့ ကားနံပါတ်ကို ငါ မေးထားလိုက်တယ်... အဲ့ဒီမှာ သူ့ကားက နောက်ဆုံးပေါ် ကယ်ဒီလက် အမျိုးအစား ဖြစ်နေတာကို တွေ့လိုက်ရတယ်..."
"အဲ့ဒီတော့..."
ကားများနှင့် ပတ်သက်၍ အတွေ့အကြုံ သိပ်မရှိသော ရိုအန်က မိုနာ ဘာကို ဆိုလိုချင်မှန်း နားမလည်ပေ။
"နောက်ဆုံးပေါ် ကယ်ဒီလက် ကားတွေက ဖောက်သည်တွေရဲ့ လုံခြုံရေးအတွက် ကားတိုင်းမှာ ဂြိုဟ်တု တည်နေရာပြ စနစ်ကို တပ်ဆင်ပေးထားတယ်လေ..."
မိုနာက တည်ငြိမ်စွာ ပြုံးလိုက်ပြီး သူမ၏ လက်ချောင်းများက ကီးဘုတ်ပေါ်တွင် ကခုန်သွားသည်။ ကွန်ပျူတာ မျက်နှာပြင်ပေါ်တွင် ရိုအန် နားမလည်နိုင်သော ကုဒ်များစွာ ပေါ်လာပြီး စက္ကန့်အနည်းငယ် အကြာတွင် မိုနာက စပေ့စ်ဘား ခလုတ်ကို နှိပ်လိုက်သည်။ ထိုအခါ မြေပုံပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေသော အနီရောင် အစက်ကလေး တစ်စက်က တလက်လက် တောက်ပစွာ ပေါ်လာတော့သည်။
"ဒီနေရာက စကားစ်ဒေးလ် မြို့လေးရဲ့ မြောက်ဘက် ကားလမ်းမပဲ..."
မိုနာက ကွန်ပျူတာ မျက်နှာပြင်ကို ရိုအန်အား ပြသရင်း ပြုံးကာ ပြောလိုက်သည်။
"တစ်ဖက်လူက သိပ်ဝေးဝေး မရောက်သေးတဲ့ ပုံပဲ..."
"ငါ မင်းကို အရမ်းချစ်တာပဲ မိုနာရေ... မင်းကို ငါ့အဖွဲ့ထဲ ဆွဲသွင်းခဲ့တာ ငါလုပ်ခဲ့ဖူးသမျှထဲမှာ အမှန်ကန်ဆုံး ကိစ္စတစ်ခုပဲ..."
ရိုအန်က ဟားတိုက် ရယ်မောလိုက်ပြီး စတီယာရင်ကို လှည့်ကာ လီဗာကို နင်းချလိုက်သည်။ ထို့နောက် အက်စ်ယူဗီ ကားကြီးက မြေပုံပေါ်ရှိ အနီရောင် အစက်ကလေး ရှိရာဘက်သို့ အရှိန်ပြင်းပြင်း ပြေးထွက်သွားတော့သည်။