အခန်း ၁၁
Vol. 2 Ch. 11
အခန်း ၁၁ အမှန်တရား
အလုပ်သင် စုံထောက်တစ်ယောက်အနေဖြင့် အမြဲတမ်း စုံထောက်အဖြစ် အတည်ပြုခံရရန် အဖွဲ့ခေါင်းဆောင်၏ အသိအမှတ်ပြုမှုနှင့် ထောက်ခံချက် လိုအပ်သည့်အပြင် အရေးအကြီးဆုံးမှာ ဌာနခွဲမှူး၏ လက်မှတ်ပင် ဖြစ်သည်။ ဌာနခွဲမှူး၏ လက်မှတ် မပါရှိပါက မည်သည့် စုံစမ်းစစ်ဆေးရေး အဖွဲ့ထဲသို့ ဝင်ရောက်နိုင်ခဲ့စေကာမူ အလုပ်သင် စုံထောက်၏ လစာကိုသာ ရရှိမည် ဖြစ်သည်။
ဤသည်မှာ မူဝါဒပိုင်းဆိုင်ရာ ကိစ္စရပ်တစ်ခု ဖြစ်သည်။
သြဂတ်စ်၏ အမြင်တွင်တော့ ရိုအန်၏ ယနေ့ စွမ်းဆောင်ရည်က အလွန်ပင် ချီးကျူးထိုက်လှသည်။
နေ့လယ် ဆယ့်နှစ်နာရီမှ ည ခုနစ်နာရီအထိ ရိုအန်နှင့် မိုနာတို့ နှစ်ယောက်က ခုနစ်နာရီ အချိန်ယူရုံမျှဖြင့် လူသတ်သမားကို အောင်မြင်စွာ ဖမ်းဆီးနိုင်ခဲ့သည်။ ဤလုပ်ငန်းစွမ်းဆောင်ရည်က နယူးယောက် ရုံးခွဲ၏ အမှုဖော်ထုတ်ချိန် စံချိန်ကို မချိုးနိုင်ခဲ့သော်လည်း နယူးယောက် ရုံးခွဲရှိ အလုပ်သင် စုံထောက်များ၏ အမှုဖော်ထုတ်ချိန် စံချိန်ကိုတော့ အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့ပြီ ဖြစ်သည်။
ထို့ကြောင့် သြဂတ်စ်၏ မျက်လုံးထဲတွင် ယနေ့ ပြုလုပ်သော မေးမြန်းစစ်ဆေးမှုက လုံးဝ ပြဿနာ မဟုတ်ပေ။ ရိုအန် ရှင်းပြသော လုပ်ငန်းစဉ်က လက်ခံနိုင်ဖွယ်ရှိပြီး မူဝါဒပိုင်းဆိုင်ရာ အမှားအယွင်းများ မရှိသရွေ့ အခြား ပြဿနာ အသေးအမွှားလေးများကို သူက ဝင်ရောက် ဖြေရှင်းပေးနိုင်စွမ်း ရှိသည်။ နောက်ဆုံးတွင် ရိုအန်ကို အမြဲတမ်း စုံထောက်အဖြစ် အတည်ပြုစေပြီး အမှတ် ငါး စုံစမ်းစစ်ဆေးရေး အဖွဲ့ထဲသို့ ချောမွေ့စွာ ဝင်ရောက်လာစေရန် ပြုလုပ်ပေးနိုင်သည်။
သို့သော် ဘရိုဆန် တစ်ယောက် ကြားဖြတ် ဝင်ရောက်လာလိမ့်မည်ဟု သူ လုံးဝ ထင်မှတ်မထားခဲ့ပေ။
ဤကိစ္စက အပေါ်ယံတွင် ဘရိုဆန်က ရိုအန်ကို ပစ်မှတ်ထားနေခြင်း ဖြစ်သော်လည်း တကယ်တမ်းတွင် မိမိကို ပစ်မှတ်ထားနေခြင်းပင် ဖြစ်သည်။
သြဂတ်စ်၏ မျက်နှာမည်းမည်းကြီးက ပို၍ပင် မည်းမှောင်သွားပြီး ဘရိုဆန်ကို စူးစိုက်ကြည့်ကာ လေသံပြောင်းလဲခြင်း မရှိဘဲ ပြောလိုက်သည်။
"ရိုအန်က အလုပ်သင် စုံထောက် တစ်ယောက်ပါ... အလုပ်သင် စုံထောက် တစ်ယောက် လုပ်သင့်လုပ်ထိုက်တာတွေကို ရိုအန် အကုန်လုပ်ခဲ့ပြီးပါပြီ... အဖွဲ့ခေါင်းဆောင် ဘရိုဆန်ကပဲ အလုပ်သင် စုံထောက် တစ်ယောက်ကို ခင်ဗျားထက် ပိုတော်နေသင့်တယ်လို့ ထင်နေတာလား"
ထိုစကားကို ကြားသော်လည်း ဘရိုဆန်၏ လေသံက ပြောင်းလဲမသွားဘဲ ပြုံးလျက်ပင် ပြန်ပြောလိုက်သည်။
"မဟုတ်ပါဘူး... ကျွန်တော်က ခင်ဗျားအတွက် ဝင်ပြောပေးရုံ သက်သက်ပါ... ဘာလို့ ဒီလောက်တောင် ဒေါသထွက်သွားရတာလဲ"
"ဒေါက်ဒေါက်"ဟူသော အသံနှင့်အတူ ဌာနခွဲမှူး ဗီရိုနီးစ်က လက်ထဲရှိ မှင်တံဖြင့် စားပွဲကို ခေါက်လိုက်သည်။ ထို့နောက် အဖွဲ့ခေါင်းဆောင် နှစ်ယောက်၏ အပြန်အလှန် စကားနိုင်လုနေမှုကို လျစ်လျူရှုထားလိုက်ပြီး ရိုအန်ကို မော့ကြည့်ကာ မျက်နှာအမူအရာ တစ်ချက်မပျက်ဘဲ ထပ်မံ မေးခွန်းထုတ်လိုက်သည်။
"ဒါဆို လူသတ်သမား ကွန်ရက်ရဲ့ ပြစ်မှုကျူးလွန်ရတဲ့ အကြောင်းရင်းကို မင်း မသိဘူးပေါ့... ဟုတ်လား"
သြဂတ်စ်က ခေါင်းညိတ်ပြလိုက်ရန် ရိုအန်ကို အလျင်အမြန် မျက်ရိပ်ပြလိုက်သည်။ သူ ပြောခဲ့သည့်အတိုင်း အလုပ်သင် စုံထောက် တစ်ယောက် လုပ်သင့်လုပ်ထိုက်သည်များကို ရိုအန် အကုန် လုပ်ခဲ့ပြီး ဖြစ်သည်။ ထို့အပြင် မူဝါဒပိုင်းဆိုင်ရာ အမှားအယွင်းများလည်း မရှိခဲ့ပေ။ အမြဲတမ်း စုံထောက်အဖြစ် အတည်ပြုခံရရေးမှာ ကျောက်ချထားသကဲ့သို့ သေချာနေပြီဖြစ်ရာ အပိုစကားများ ပြောနေရန် မလိုအပ်တော့ချေ။
စကားများလျှင် အမှားများမည်ဖြစ်ပြီး စကားနည်းလျှင် အမှားနည်းမည်ဟူသော စကားက နေရာတိုင်းတွင် အသုံးဝင်လှသည်။
"မဟုတ်ပါဘူး... လူသတ်သမား ပြစ်မှုကျူးလွန်ရတဲ့ အကြောင်းရင်းကို ကျွန်တော် သိပါတယ်"
ရိုအန်က သြဂတ်စ်ကို စိတ်အေးစေရန် ရည်ရွယ်သည့် အကြည့်တစ်ချက် ပေးလိုက်ပြီး မိုနာ့ထံသို့ လက်ဖြန့်ပေးလိုက်သည်။ မိုနာကလည်း အဝါရောင် မှတ်စုစာအုပ် တစ်အုပ်ကို သူ့ထံသို့ ချက်ချင်း ကမ်းပေးလိုက်သည်။
"အားလုံးပဲ ကြည့်ပေးပါ... ဒါက လူသတ်သမား ကွန်ရက်ရဲ့ ကိုယ်ပေါ်ကနေ ကျွန်တော် ရခဲ့တဲ့ သတင်းထောက် မိုက်ကယ်ရဲ့ မှတ်စုစာအုပ်ပါ... ဒီအထဲမှာ ကွန်ရက်က မိုက်ကယ်နဲ့ ဝက်စ်တို့ကို သတ်ဖြတ်ရတဲ့ အဓိက အကြောင်းရင်းကို ရေးမှတ်ထားပါတယ်"
ဘရိုဆန်၏ မျက်နှာပေါ်ရှိ အပြုံးများက တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
လွန်ခဲ့သော ခြောက်လခန့်က နယူးယောက် တက္ကသိုလ် ပရော်ဖက်ဆာ ဝက်စ် ဝပ်တ်စ်၏ ဇနီးသည်မှာ ကင်ဆာရောဂါ၏ နှိပ်စက်မှုကို သုံးနှစ်ကျော်ကြာ ခံစားခဲ့ရပြီးနောက် ညတစ်ညတွင် နာကျင်စွာဖြင့် ကွယ်လွန်သွားခဲ့သည်။
ဝက်စ်က ကြီးမားသော ဝမ်းနည်းပူဆွေးမှုများဖြင့် ဇနီးသည်၏ အသုံးအဆောင် ပစ္စည်းများကို ရှင်းလင်း သိမ်းဆည်းနေခဲ့သည်။ ထိုသို့ သိမ်းဆည်းနေစဉ်အတွင်း အညွှန်းစာရွက် မပါရှိဘဲ အမည်နှင့် ကုန်အမှတ်တံဆိပ်လည်း မရှိသော အဖြူရောင် ဆေးလုံး တစ်ဝက်ခန့် ပါဝင်သည့် ပုလင်းငယ် တစ်လုံးကို ရုတ်တရက် ရှာတွေ့သွားခဲ့သည်။
ထိုဆေးပုလင်းမှာ ဇနီးသည် လူနာခန်းထဲတွင် နေထိုင်စဉ် လွန်ခဲ့သော တစ်နှစ်နီးပါးကတည်းက နေ့စဉ် မဖြစ်မနေ သောက်သုံးခဲ့ရသည့် ကင်ဆာ တိုက်ဖျက်ရေး ဆေးဖြစ်ကြောင်း ဝက်စ် မှတ်မိနေသည်။ သို့သော် သတ်မှတ်ထားသော စည်းမျဉ်းများအရ ကင်ဆာ တိုက်ဖျက်ရေး ဆေးပြားများပေါ်တွင် ဆေးအမည်နှင့် အမှတ်တံဆိပ်ကို မဖြစ်မနေ ရေးသားထားရမည် ဖြစ်သည်။ သံသယ ဝင်သွားသောကြောင့် ဝက်စ်က ဆေးရုံသို့ ဖုန်းဆက်၍ ဤဆေးကို မည်သည့် ကုမ္ပဏီက ထုတ်လုပ်သနည်း၊ ဆေးစွမ်းက မည်သို့ ရှိသနည်း ဆိုသည်ကို မေးမြန်းခဲ့သည်။
သို့သော် ဖုန်းတစ်ဖက်ခြမ်းရှိ ဆရာဝန်က မည်သည့်အရာကိုမျှ မသိကြောင်းသာ ဖြေကြားခဲ့သည်။ နောက်ဆုံးတွင် သူက ဝက်စ်၏ လက်ထဲရှိ ဆေးကို တစ်ခါမှ မညွှန်းပေးခဲ့ဖူးကြောင်း ပြောဆိုပြီးနောက် ဖုန်းချသွားခဲ့သည်။
ထိုအခါ ဝက်စ် တစ်ယောက် ဒေါသ ပေါက်ကွဲသွားတော့သည်။ မိမိ၏ ဇနီးသည်က ထိုအဖြူရောင် ဆေးလုံးများကို တစ်နှစ်တိတိ သောက်သုံးခဲ့ရသော်လည်း ယခုအခါတွင် ထိုဆေးမျိုးကို တစ်ခါမှ မညွှန်းပေးခဲ့ဖူးကြောင်း လာပြောနေသည်။ ထိုသို့ဆိုလျှင် ဤဆေးက မည်သည့် နေရာမှ ရောက်လာကြောင်း၊ မိမိ ဇနီးသည်၏ နာကျင်စွာ သေဆုံးရမှုက ဤဆေးနှင့် ပတ်သက်နေခြင်း ရှိမရှိ ဆိုသည်ကို သူ အပြင်းအထန် တွေးတောမိသွားသည်။
ဒေါသနှင့် သံသယများ ရောယှက်နေလျက် ဝက်စ်က ထိုအဖြူရောင် ဆေးပုလင်း၏ ဇာစ်မြစ်ကို စတင် စုံစမ်းစစ်ဆေးတော့သည်။
အခက်အခဲများစွာကို ကျော်ဖြတ်ပြီးနောက် ဤဆေးဝါးမှာ မိုရိုဝေး ဆေးဝါးကုမ္ပဏီ မှ လာခြင်းဖြစ်ပြီး ထိုကုမ္ပဏီက သုတေသန ပြုလုပ်နေသော ကင်ဆာ တိုက်ဖျက်ရေး ဆေးဝါးများထဲမှ တစ်မျိုး ဖြစ်ကြောင်း ဝက်စ် သိရှိသွားခဲ့သည်။ လတ်တလောတွင် ဤဆေးဝါးမှာ ဆေးဘက်ဆိုင်ရာ စမ်းသပ်မှုနှင့် သုတေသန အဆင့်တွင်သာ ရှိနေသေးပြီး ဘေးထွက်ဆိုးကျိုး အလွန်များပြားကာ လူကို သေဆုံးစေနိုင်သည့် ရာခိုင်နှုန်း အလွန် မြင့်မားနေသေးသည်။
ကြွက်ဖြူလေးများကိုသာ အသုံးပြု၍ စမ်းသပ်နေပါက လုပ်ငန်းစဉ် တိုးတက်မှုကို လျင်မြန်စွာ မလုပ်ဆောင်နိုင်ပေ။ ထို့ကြောင့် ဤကုမ္ပဏီ၏ တာဝန်ခံက ဆေးဝါး သုတေသန လုပ်ငန်းစဉ်ကို အရှိန်မြှင့်ရန်နှင့် ကုမ္ပဏီကို စတော့ရှယ်ယာ ဈေးကွက်သို့ အမြန်ဆုံး ဝင်ရောက်နိုင်ရန် ရည်ရွယ်၍ ဆေးရုံအချို့မှ အဆင့်မြင့် အရာရှိများကို ပြတ်သားစွာ လာဘ်ထိုးခဲ့သည်။ ထို့နောက် ဤဆေးဝါးများကို ဆေးရုံရှိ ကင်ဆာ လူနာများအား တိုက်ကျွေးစေပြီး လူနာများ ဆေးသောက်ပြီးနောက် ဖြစ်ပေါ်လာမည့် တုံ့ပြန်မှုများကို စောင့်ကြည့်ခြင်းဖြင့် ဆေးဝါး သုတေသနကို အရှိန်မြှင့်ခဲ့ခြင်း ဖြစ်သည်။
ဤသည်မှာ အကွယ်အကာမဲ့စွာ ပြုလုပ်နေသော ဇီဝဗေဒ စမ်းသပ်မှုကြီး တစ်ခုပင် ဖြစ်သည်။
ပရော်ဖက်ဆာ ဝက်စ်၏ ဇနီးသည်မှာ သဘာဝကျကျပင် ဤစမ်းသပ်ခံ လူနာများထဲတွင် ပါဝင်နေခဲ့သည်။
အကြောင်းစုံကို သိရှိသွားပြီးနောက် ပရော်ဖက်ဆာ ဝက်စ်မှာ အမှန်တရား၏ ရိုက်ခတ်မှုကြောင့် တစ်ရက်နှင့် တစ်ညတိတိ သတိလစ် မေ့မြောသွားခဲ့သည်။ သူ၏ အိမ်သို့ ကျောင်းသား တစ်ယောက် လာရောက် လည်ပတ်ခြင်း မရှိခဲ့ပါက သူလည်း ရက်အနည်းငယ် အကြာတွင် မြေအောက်သို့ ရောက်သွားနိုင်ချေ ရှိသည်။
ဆေးရုံတွင် သတိပြန်လည်လာပြီးနောက် ဝက်စ်၏ ပထမဆုံး အတွေးမှာ ဤကုမ္ပဏီ၏ ရွံရှာဖွယ် လုပ်ရပ်များကို ဖော်ထုတ်ရန်နှင့် သူတို့၏ လုပ်ရပ်များကို ကမ္ဘာသူ ကမ္ဘာသားများ သိရှိစေရန် အပြည့်အဝ ဖွင့်ချပစ်ရန်ပင် ဖြစ်သည်။
နေရာအနှံ့ စုံစမ်းပြီးနောက် ဝက်စ်က စစ်သတင်းထောက် မိုက်ကယ်ကို ရှာတွေ့ခဲ့ပြီး ကိစ္စရပ် တစ်ခုလုံးကို ဖော်ထုတ်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့သည်။
မိုက်ကယ်က ဝက်စ်၏ တောင်းဆိုချက်ကို လက်ခံခဲ့သော်လည်း နှုတ်ဖြင့် ပြောရုံမျှဖြင့် အထောက်အထား မခိုင်လုံပေ။ သူတို့ နှစ်ယောက်အနေဖြင့် ပို၍ ခိုင်လုံသော သက်သေ အထောက်အထားများ လိုအပ်နေသဖြင့် ကိုယ်ပိုင် နည်းလမ်း အသီးသီးဖြင့် သက်သေများကို စတင် စုဆောင်းခဲ့ကြသည်။
သက်သေ အထောက်အထားများ စုဆောင်းနေစဉ်အတွင်း မိုက်ကယ်၏ လှုပ်ရှားမှုများက အနည်းငယ် ကြီးမားသွားခဲ့ရာ မိုရိုဝေး ဆေးဝါးကုမ္ပဏီ၏ အဆင့်မြင့် အရာရှိ တစ်ဦးက ရိပ်မိသွားခဲ့သည်။
ဤကိစ္စ မပေါက်ကြားစေရန်နှင့် ကုမ္ပဏီ အောင်မြင်စွာ စတော့ရှယ်ယာ ဈေးကွက်ဝင်နိုင်ရန် ရည်ရွယ်၍ ထိုအဆင့်မြင့် အရာရှိက စစ်သားဟောင်း ကွန်ရက်ကို ချက်ချင်း ဆက်သွယ်ခဲ့သည်။ မိုက်ကယ်နှင့် ဝက်စ်တို့ကို ဤလောကမှ ပျောက်ကွယ်သွားစေရန် အမေရိကန် ဒေါ်လာ ငါးသိန်းဖြင့် ငှားရမ်းခဲ့ခြင်း ဖြစ်သည်။
"အရမ်းကောင်းတယ်..."
ဤကိစ္စ၏ နောက်ကွယ်ရှိ အမှန်တရားကို နားထောင်ပြီးနောက် ဗီရိုနီးစ်၏ နှုတ်ခမ်းထောင့်များက အနည်းငယ် မြင့်တက်သွားသည်။ ရိုအန်ကို ရိုးရှင်းစွာ မှတ်ချက်ပေးလိုက်ပြီးနောက် ထိုင်ခုံမှ မတ်တပ်ရပ်ကာ ဘေးဘက်ရှိ သြဂတ်စ်ကို ပြောလိုက်သည်။
"ငါ အရင်သွားနှင့်မယ်... ကျန်တဲ့ ကိစ္စတွေကို ရှင်ပဲ တာဝန်ယူလိုက်တော့..."
စကားဆုံးသည်နှင့် ဗီရိုနီးစ်က လှည့်ထွက်သွားလေသည်။
"ကောင်းပါပြီ အရာရှိကြီး..."
သြဂတ်စ်က ဟားတိုက် ရယ်မောလိုက်ပြီး စားပွဲပေါ်ရှိ မှင်တံကို ကောက်ယူကာ ဘေးသို့ အလွယ်တကူ လွှင့်ပစ်လိုက်သည်။ ထိုမှင်တံက ဘယ်ညာ မယိမ်းယိုင်ဘဲ ဘရိုဆန်၏ ခေါင်းပေါ်သို့ ကွက်တိ သွားမှန်လေသည်။
ဘရိုဆန် ဒေါသမထွက်လာခင်မှာပင် သြဂတ်စ်က အလျင်အမြန် စကားစလိုက်သည်။
"ဆောရီးကွာ... မတ်တပ်ရပ်တာ ကြာသွားလို့ လက်တုန်သွားတာ..."
ဘရိုဆန်မှာ စကားမပြောနိုင်တော့ချေ။
သြဂတ်စ်ကို မျက်စောင်းလှလှလေး တစ်ချက် ထိုးလိုက်ပြီးနောက် ဘရိုဆန်က မျက်နှာမည်းကြီးဖြင့် လှည့်ထွက်သွားတော့သည်။
ဘရိုဆန်၏ အရိပ်အယောင်က အလုပ်သင် စုံထောက်များ၏ ရုံးခန်းထဲမှ အပြီးတိုင် ပျောက်ကွယ်သွားသည် အထိပင်။ ထို့နောက် သြဂတ်စ်က ရယ်မောလျက် ရုံးခန်း၏ အရှေ့ဆုံးသို့ လျှောက်လာပြီး ရိုအန်ကို အထက်အောက် သေချာစွာ အကဲခတ်လိုက်ကာ ချီးကျူးစကား ဆိုလိုက်သည်။
"မင်း တော်တော် လုပ်နိုင်တာပဲ ကောင်လေး... ငါ ငယ်ငယ်တုန်းကနဲ့ နည်းနည်းတော့ တူတယ်... ရုပ်ရည်ကအစ ငါနဲ့ ခပ်ဆင်ဆင်ပဲ..."
မိုနာမှာ ဆွံ့အသွားသည်။ အခြားလူများမှာလည်း ဘာပြောရမှန်းမသိ ဖြစ်သွားကြသည်။
သြဂတ်စ်၏ ဗိုက်ရွှဲကြီး၊ နှုတ်ခမ်းထူထူနှင့် မျက်နှာမည်းမည်းကြီးကို ကြည့်ရင်း သြဂတ်စ်က မိမိကို ချီးကျူးနေခြင်းလား သို့မဟုတ် ဆဲဆိုနေခြင်းလား ဆိုသည်ကို ရိုအန် တစ်ယောက် ခဏတာမျှ နားမလည်နိုင် ဖြစ်သွားရသည်။
သို့သော် ဒါကလည်း အရေးမကြီးလှပေ။
"အရာရှိကြီး... ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ အချိန်မှာ ကားတစ်စီး ပျက်စီးသွားပါတယ်..."
ရိုအန်က စကားစလိုက်သည်နှင့် သြဂတ်စ်က သူ၏ လက်ဝါးကြီးကို ဝှေ့ယမ်းပြလိုက်သည်။
"ကိစ္စမရှိဘူး... ငါတို့ အမှတ် ငါး စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ ရန်ပုံငွေထဲကနေ ဖြတ်လိုက်မယ်..."
"ကျေးဇူးတင်ပါတယ် အရာရှိကြီး..."
အလုပ်သင် စုံထောက် ဂျိုဒီနှင့် သူ၏ အသင်းဖော်များ၏ မျက်လုံးများက ချက်ချင်းဆိုသလို ရဲရဲနီသွားတော့သည်။
"ဒါနဲ့ နေဦး..."
ကားပြဿနာကို ပြောမိရာမှ သြဂတ်စ်က တစ်စုံတစ်ခုကို ရုတ်တရက် သတိရသွားပုံဖြင့် ဘေးဘက်ရှိ ထိပ်ပြောင်အရာရှိကို တိုက်ရိုက် လှမ်းပြောလိုက်သည်။
"အမှုက ဖော်ထုတ်ပြီးသွားပြီ... ခင်ဗျားတို့ မိုရိုဝေး ဆေးဝါးကုမ္ပဏီက အမှုနဲ့ ပတ်သက်နေတဲ့ အဆင့်မြင့် အရာရှိတွေကို အခုချက်ချင်း သွားဖမ်းကြ... သူတို့ သတင်းရပြီး အမေရိကန်ကနေ ကြိုတင် ထွက်ပြေးသွားတာမျိုး လုံးဝ အဖြစ်မခံနိုင်ဘူး..."
"ဟုတ်ကဲ့ပါ အရာရှိကြီး..."
ထိပ်ပြောင်အရာရှိက ခေါင်းညိတ်ကာ သဘောတူလိုက်သည်။ ထို့နောက် ဂျိုဒီကို လက်ညှိုးထိုးကာ မှာကြားလိုက်သည်။
"ဂျိုဒီ... မင်းတို့အဖွဲ့ အခုချက်ချင်း လူသွားဖမ်း... အဲ့ဒီ ကုမ္ပဏီက အဆင့်မြင့် အရာရှိတွေ လွတ်သွားလို့ လုံးဝ မဖြစ်ဘူး..."
ဂျိုဒီတို့ အဖွဲ့မှာ အသံတိတ်သွားကြသည်။
'အစစအရာရာ ဂုဏ်ပြုခံရဖို့က ရိုအန်တို့အတွက် ဖြစ်နေပြီး နောက်ကွယ်က အလုပ်ကြမ်းတွေ အကုန်လုံးက ငါတို့အတွက် ဖြစ်နေတာလား…’