← Chapters

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂

Vol. 2 Ch. 12

အခန်း ၁၂ နယူးယောက်မြို့၏ ကိုယ်ပိုင် အခြေအနေ

တစ်ညလုံး အလုပ်လုပ်ခဲ့ရသော ဂျိုဒီတို့အဖွဲ့ အိပ်စရာ နေရာရှာနေစဉ် ရုတ်တရက် သတင်းသစ်တစ်ခု ကြားလိုက်ရသည်။

ရိုအန်က အလုပ်သင် စုံထောက်ဘဝမှ အမြဲတမ်း စုံထောက်အဖြစ် အောင်မြင်စွာ ပြောင်းလဲခွင့်ရသွားပြီး အမှုဖော်ထုတ်နိုင်ခဲ့သည့် ဆုကြေးငွေနှင့် လူသတ်သမား ဖမ်းဆီးနိုင်ခဲ့သည့် ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ ငါးသောင်းခွဲကို ယခုအပတ် အကုန်တွင် ရိုအန်၏ လစာနှင့်အတူ တစ်ပေါင်းတည်း ထုတ်ပေးမည်ဖြစ်ကြောင်း သိရသည်။

ဤသတင်းက ဂျိုဒီအပါအဝင် အမျိုးသား စုံထောက်များအား မနာလိုဖြစ်စေရုံသာမက မကျေမနပ်ပါ ဖြစ်စေခဲ့သည်။ သို့သော် အယ်လီနာ အပါအဝင် အမျိုးသမီး စုံထောက်များကိုမူ ပို၍ပင် သည်းမခံနိုင်အောင် ဖြစ်စေခဲ့သည့် အခြားသတင်းတစ်ခု ရှိနေသေးသည်။

ရိုအန်၏ အပြင်းအထန် တောင်းဆိုမှုကြောင့် အမှတ် ငါး အဖွဲ့ခေါင်းဆောင် သြဂတ်စ်က မိုနာကိုပါ အမြဲတမ်း စုံထောက်အဖြစ် အတည်ပြုပေးခဲ့ပြီး အမှတ် ငါး စုံစမ်းစစ်ဆေးရေး အဖွဲ့ထဲသို့ပါ ခေါ်သွင်းလိုက်ခြင်း ဖြစ်သည်။

ထို့အပြင် ထိုဒေါ်လာ ငါးသောင်းခွဲထဲတွင် မိုနာအတွက် ဝေစုလည်း ပါဝင်နေသေးသည်။

"သောက်ကျိုးနည်း..."

"ဖာသည်မ..."

"..."

"အားလုံးက ခြေနှစ်ချောင်းတည်း ရှိတာပဲ... ငါနဲ့ မိုနာက ဘာများ ကွာနေလို့လဲ..."

အမျိုးသားများထက် အမျိုးသမီးများ၏ ပြိုင်ဆိုင်မှုက ပို၍ ပြင်းထန်ပြီး ကြောက်မက်ဖွယ် ကောင်းလှသည်။

ဂျိုဒီ အစရှိသော အလုပ်သင် စုံထောက်များ၏ စိတ်အခြေအနေကို ရိုအန် မသိနိုင်ပေ။ သူနှင့် မိုနာတို့က အမှတ် ငါး စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းနယ်မြေထဲတွင် သြဂတ်စ်နှင့် စကားခဏ ပြောပြီးနောက် နောက်ဆုံးတွင် အလုပ်ဆင်းနိုင်ခဲ့သည်။ မိုနာကို နှုတ်ဆက်ပြီးနောက် ရိုအန်က အငှားကား တစ်စီးငှားကာ သူ၏ ယခင်မူလခန္ဓာကိုယ်ပိုင်ရှင် နေထိုင်ခဲ့သော ကွင်းစ်ရပ်ကွက်ရှိ တိုက်ခန်းငယ်လေးဆီသို့ ပြန်လာခဲ့သည်။

မီးဖိုချောင် တစ်ခု၊ အိပ်ခန်း တစ်ခန်း၊ ရေချိုးခန်း တစ်ခန်းနှင့် ဧည့်ခန်း တစ်ခန်း ပါဝင်သော တိုက်ခန်းလေးကို ရိုအန်က အကြမ်းဖျင်း ဝေ့ကြည့်လိုက်သည်။ အခန်းတွင်း၌ အနည်းငယ် ရှုပ်ပွနေပြီး လျှော်ရမည့် အဝတ်အစားများကို နေရာအနှံ့ ပစ်ချထားသည်။ လေထုထဲတွင်လည်း ယောကျ်ားလေး အဆောင်များတွင်သာ ရတတ်သော အနံ့မျိုး ရနေသည်။

ရိုအန်က အနည်းငယ် လိုက်ရှာကြည့်လိုက်ရာ အနံ့ထွက်နေသော နေရာမှာ ဆိုဖာအောက်တွင် ရှိနေသည့် မလျှော်ရသေးသော ခြေအိတ်စုတ်များ ဖြစ်နေကြောင်း တွေ့လိုက်ရသည်။

'တော်သေးတာပေါ့... မိုနာ့ကို အိမ်ထဲ ဝင်ထိုင်ဖို့ မဖိတ်ခေါ်လိုက်မိလို့...'

ယခင် မူလခန္ဓာကိုယ်ပိုင်ရှင်က အသေးအမွှား ကိစ္စလေးများကို ဂရုမစိုက်တတ်သူ ဖြစ်ကြောင်း တွေးမိပြီးနောက် ရိုအန်က လေဝင်လေထွက် ကောင်းစေရန် ပြတင်းပေါက်များကို ဖွင့်လိုက်သည်။ ထို့နောက် အခန်းကို ရှင်းလင်းမနေတော့ဘဲ ယခင် မူလခန္ဓာကိုယ်ပိုင်ရှင်၏ အရေးကြီးသော ပစ္စည်းများကိုသာ စတင် ရှာဖွေတော့သည်။

ရိုအန်က ဤတိုက်ခန်းလေးတွင် ဆက်လက် နေထိုင်ရန် စိတ်ကူးမရှိပေ။ အလုပ်လုပ်ရာ နေရာနှင့် အလွန်ဝေးကွာပြီး ကိုယ်ပိုင်ကား မရှိသဖြင့် အလုပ်သွားရန် မြေအောက်ရထား စီးရမည်ဖြစ်သောကြောင့် စောစောထရမည် ဖြစ်သည်။ ထို့အပြင် အခြား အရေးကြီးသော အကြောင်းရင်း တစ်ခုမှာ ဤတိုက်ခန်း၏ အငှားစာချုပ် သက်တမ်းက နှစ်ရက်သာ လိုတော့ခြင်းကြောင့် ဖြစ်သည်။

အိပ်ခန်းထဲသို့ ဝင်သွားသောအခါ ရိုအန်က နောက်ပိုင်း အလွန်အမင်း စူထွက်နေသော ကွန်ပျူတာ အဟောင်းကြီး တစ်လုံးကို တွေ့လိုက်ရသည်။ ကွန်ပျူတာ ဖွင့်ရသော အချိန်မှာ အလွန်ကြာမြင့်လှသည်။ အနည်းငယ် မွှေနှောက် ရှာဖွေကြည့်သော်လည်း သူ လိုချင်သော အချက်အလက်များကို မတွေ့ရပေ။ ထို့ကြောင့် မတ်တပ်ရပ်ကာ ကုတင်အောက်တွင် ထပ်မံ ရှာဖွေကြည့်ရာ နောက်ဆုံးတွင် ယခင် မူလခန္ဓာကိုယ်ပိုင်ရှင်အတွက် အလွန် အရေးပါလှသော ပစ္စည်းတစ်ခုကို ရှာတွေ့သွားတော့သည်။ ဘဏ်စုစာအုပ် တစ်အုပ်ပင် ဖြစ်သည်။

စာအုပ်ထဲရှိ ဒေါ်လာ ငါးရာ ဟူသော ကြီးမားလှသည့် ငွေပမာဏကို ကြည့်ရင်း ရိုအန်က မျက်နှာအမူအရာ တစ်ချက်မပျက်ဘဲ သူ၏ အိတ်ကပ်ထဲသို့ ထည့်လိုက်သည်။

ငွေပမာဏ နည်းသည်ဖြစ်စေ များသည်ဖြစ်စေ ငွေဆိုသည်က ငွေသာလျှင် ဖြစ်သည်။ သူ၏ ယခင်ဘဝက ဝါရင့် လူသတ်သမားကြီးက ရိုအန်ကို ဤသို့ သတိပေးခဲ့ဖူးသည်။

"ဘယ်လောက် နည်းတဲ့ ပိုက်ဆံကိုမှ အထင်မသေးနဲ့... တစ်ခါတလေ လူတစ်ယောက်ရဲ့ အသက်က တစ်ပြားတောင် တန်ချင်မှ တန်တာ..."

အခန်းထဲတွင် မှတ်ဉာဏ်ထဲရှိ အရာများကို အသေအချာ လိုက်လံစစ်ဆေးပြီးနောက် ကျန်ရစ်ခဲ့သည့် အရာ ဘာမျှမရှိတော့ကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် ရိုအန်က အိမ်ရှင်ထံ ဖုန်းဆက် အကြောင်းကြားပြီး တိုက်ခန်းလေးထဲမှ ထွက်ခွာလာခဲ့သည်။

ယနေ့မှစ၍ ရိုအန် ဂရင်းဝုဒ်သည် ရိုအန် ဂရင်းဝုဒ်သာ ဖြစ်တော့မည်။

မန်ဟက်တန် ရပ်ကွက်ရှိ နီသာဝပ်ဆန် ဟိုတယ်တွင် ရိုအန်က ရေမိုးချိုးလိုက်ပြီးနောက် စားပွဲထိုးမလေးကို ဖုန်းမဆက်တော့ဘဲ အိပ်ရာပေါ်တွင် လှဲလျောင်းကာ အိပ်စက်ရန် ပြင်ဆင်လိုက်သည်။

အခြားကမ္ဘာသို့ ရောက်ရှိလာသည့် ပထမဆုံးနေ့ ဖြစ်သောကြောင့် အနည်းငယ် အသားမကျသေးသည့်အပြင် တစ်နေ့လုံးလည်း အပြေးအလွှား လုပ်ခဲ့ရသဖြင့် လူနှစ်ယောက် ကစားရသော ကစားနည်းကို ဆော့ကစားရန် စိတ်ကူးမရှိတော့ပေ။

အချိန်အတော်ကြာပြီးနောက် အိပ်ပျော်နေပြီဖြစ်သော ရိုအန်၏ နားထဲတွင် "ဝီ" ဟူသော အသံကို ရုတ်တရက် ကြားလိုက်ရသည်။ သူ တစ်စုံတစ်ရာ မတုံ့ပြန်နိုင်မီမှာပင် ရင်းနှီးနေပြီးဖြစ်သော အပြာနုရောင် စနစ်မျက်နှာပြင်က သူ၏ မျက်စိရှေ့တွင် ထပ်မံ ပေါ်လာတော့သည်။

"..."

ရိုအန်က နာရီကို တစ်ချက် ကြည့်လိုက်ရာ သန်းခေါင်ယံ ဆယ့်နှစ်နာရီ တိတိ ဖြစ်နေသည်။

'နေ့တိုင်း ဆယ့်နှစ်နာရီမှာ ရတနာသေတ္တာတွေက အသစ် ပြန်ပေါ်လာတာပဲ...'

အကြောအဆစ်များကို ဆန့်ထုတ်လိုက်ပြီးနောက် ရိုအန်က သမ်းဝေရင်း စနစ်မျက်နှာပြင်ကို စတင် စစ်ဆေးကြည့်လိုက်သည်။

[မနေ့က စွမ်းဆောင်ရည် အကဲဖြတ်ချက် - ကောင်းမွန်]

[ရရှိသော ရတနာသေတ္တာ အရေအတွက် - သုံးလုံး]

[ရတနာသေတ္တာများကို ဖွင့်မလား]

'ဖွင့်မယ်...'

ကောင်းမွန် ဟူသော စကားလုံးကို မြင်လိုက်ရသောအခါ ရိုအန်၏ မျက်လုံးများက အရောင်လက်သွားသည်။ ကောင်းမွန် ဟု ရှိနေမှတော့ သေချာပေါက် အထူးကောင်းမွန် ဟူ၍လည်း ရှိရမည် ဖြစ်သည်။

သို့သော် နောက်တစ်ချက် တွေးမိသွားသည်မှာ အသင့်အတင့် နှင့် ညံ့ဖျင်း ဟူ၍လည်း ရှိနိုင်သေးသည် မဟုတ်ပါလား။

[ရတနာသေတ္တာများကို ဖွင့်ပြီးပါပြီ]

[ခွန်အားတိုး ဆေးရည် တစ်လုံး။ မီးခံ ဆေးရည် တစ်လုံး။ ညကြည့် ဆေးရည် တစ်လုံး။]

အပြာနုရောင် စနစ်မျက်နှာပြင်မှ ထွက်ပေါ်လာသော ဆေးရည် သုံးလုံးကို မြင်လိုက်ရသောအခါ ရိုအန်က ယနေ့နေ့ခင်းဘက်တွင် ကြိုးတစ်ချောင်းဂါဝန်နှင့် ကောင်မလေးကို တိုက်ခဲ့သော သွေးတိတ်ဆေးရည်ကို သတိရသွားသည်။

အကျိုးသက်ရောက်မှုက ချက်ချင်းဆိုသလို သိသာထင်ရှားပြီး အရေးကြီးသော အချိန်များတွင် မိမိ၏ အသက်ကိုပါ ကယ်တင်နိုင်စွမ်း ရှိသည်။

ဒါပေမဲ့...

ခေါင်းအုံးကို သေချာ ပြန်ချလိုက်ပြီးနောက် ရိုအန်က မျက်လုံးများကို မှိတ်ကာ တီးတိုး ရေရွတ်လိုက်သည်။

"ဘာလို့များ ဒီဆေးရည်တွေရဲ့ အသုံးဝင်ပုံက လူသတ်သမား ဘဝအတွက် ပိုသင့်တော်နေသလို ခံစားနေရတာလဲ..."

နောက်တစ်နေ့ နံနက် ရှစ်နာရီခန့်တွင် ရိုအန်က နံနက်စာ အများအပြားကို ဆွဲကာ ဂျက်ကော့ဘ် ဖက်ဒရယ် ရုံးအဆောက်အအုံ၏ အထပ် နှစ်ဆယ့်သုံးရှိ အမှတ် ငါး စုံစမ်းစစ်ဆေးရေး အဖွဲ့ ရုံးခန်းနယ်မြေထဲသို့ ဝင်ရောက်လာခဲ့သည်။

ယခင်က ပြောခဲ့ဖူးသည့်အတိုင်း မန်ဟက်တန် ရပ်ကွက်ရှိ ဂျက်ကော့ဘ် ဖက်ဒရယ် ရုံးအဆောက်အအုံ၏ အထပ် နှစ်ဆယ့်သုံးမှ နှစ်ဆယ့်ခြောက် အထိသည် အက်ဖ်ဘီအိုင် နယူးယောက် ရုံးခွဲ၏ ပိုင်နက်နယ်မြေ ဖြစ်သည်။

ဤအထပ် လေးထပ်ကို အက်ဖ်ဘီအိုင် နယူးယောက် ရုံးခွဲ၏ ဌာနကြီးများဖြစ်သော ပြည်တွင်းလုံခြုံရေး ဌာန၊ မှုခင်း-ဆိုက်ဘာ-တုံ့ပြန်မှုနှင့် ဝန်ဆောင်မှု ဌာန၊ သိပ္ပံနှင့် နည်းပညာ ဌာန၊ ထောက်လှမ်းရေး ဌာန၊ သတင်းအချက်အလက်နှင့် နည်းပညာ ကိုင်တွယ်မှု ဌာန၊ လူ့စွမ်းအား အရင်းအမြစ် ဌာန တို့က အသီးသီး နေရာယူထားကြသည်။

မှုခင်း-ဆိုက်ဘာ-တုံ့ပြန်မှုနှင့် ဝန်ဆောင်မှု ဌာနအောက်တွင် မှုခင်း စုံစမ်းစစ်ဆေးရေး ဌာန၊ အရေးကြီး ကိစ္စရပ်များ တုံ့ပြန်မှု အဖွဲ့၊ ဆိုက်ဘာ ဌာန၊ နိုင်ငံတကာ စီးပွားရေး ဌာနနှင့် နစ်နာသူများ ဝန်ဆောင်မှု ဌာန ဟူ၍ ဌာနငါးခု ထပ်မံ ခွဲခြားထားသည်။

ထိုအထဲမှ အရေးကြီး ကိစ္စရပ်များ တုံ့ပြန်မှု အဖွဲ့တွင် လူသိများသော ဓားစာခံ ကယ်ဆယ်ရေး တပ်ဖွဲ့ (HRT)၊ အထူး လက်နက်နှင့် နည်းဗျူဟာ အဖွဲ့ (SWAT)၊ အရေးပေါ်/ဓားစာခံ စေ့စပ်ညှိနှိုင်းရေး အဖွဲ့ (CUN)၊ အပြုအမူ ခွဲခြမ်းစိတ်ဖြာရေး ဌာန (BAU) နှင့် နောက်ဆုံး အနေဖြင့် လက်လုပ်ဗုံး တန်ပြန် နှိမ်နင်းရေး ဌာနတို့ ပါဝင်သည်။

ဒါပေါ့... ဤဌာနများနှင့် ရိုအန်တို့က ဘာမှ မပတ်သက်ပေ။ သူ ယနေ့ ရောက်ရှိလာသော အမှတ် ငါး စုံစမ်းစစ်ဆေးရေး အဖွဲ့သည် မှုခင်း စုံစမ်းစစ်ဆေးရေး ဌာန လက်အောက်ရှိ စုံစမ်းစစ်ဆေးရေး အဖွဲ့ ဆယ့်သုံးဖွဲ့ထဲမှ တစ်ဖွဲ့သာ ဖြစ်သည်။

ဘာကြောင့် စုံစမ်းစစ်ဆေးရေး အဖွဲ့ ဆယ့်သုံးဖွဲ့အထိ ရှိနေသနည်းဟု မမေးပါနှင့်။ နယူးယောက်မြို့၏ ကိုယ်ပိုင် အခြေအနေများကြောင့်သာ ဖြစ်သည်။

ဌာနခွဲမှူး ဗီရိုနီးစ်သည် အမှတ် တစ် မှ အမှတ် ငါး အထိ စုံစမ်းစစ်ဆေးရေး အဖွဲ့များ၏ ကိစ္စရပ်များကို အဓိက တာဝန်ယူရပြီး အမှတ် ခြောက် မှစ၍ နောက်ပိုင်း အဖွဲ့များကိုမူ အခြား ဌာနခွဲမှူးများက တာဝန်ယူကြသည်။

ဤစုံစမ်းစစ်ဆေးရေး အဖွဲ့များ၏ လုပ်ငန်း တာဝန်နယ်ပယ်များမှာ အလွန် ကျယ်ပြန့်လှသည်။ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှု၊ စနိုက်ပါဖြင့် လုပ်ကြံမှု၊ ကွင်းဆက် လူသတ်မှု၊ ဂိုဏ်းစတားများ၊ ကလေးသူငယ်များအပေါ် ကျူးလွန်သော မှုခင်းများ၊ လူကုန်ကူးမှု/အတင်းအဓမ္မ ကျွန်ပြုမှု၊ ဘဏ်ဓားပြတိုက်မှု၊ လက်ဝတ်ရတနာနှင့် ကျောက်မျက်ရတနာ ခိုးယူမှု၊ နိုင်ငံတကာ အကြမ်းဖက် မှုခင်းများ စသည့် ပြစ်မှုများ အားလုံးကို သူတို့ ဝင်ရောက် စုံစမ်းစစ်ဆေးခွင့် ရှိသည်။

"မင်္ဂလာနံနက်ခင်းပါ... စုံထောက်ကြီး"

ရိုအန်က အမှတ် ငါး စုံစမ်းစစ်ဆေးရေး အဖွဲ့၏ ရုံးခန်းတံခါးကို ဖွင့်ဝင်သွားလိုက်ရာ အခန်းတွင်း၌ လူတစ်ယောက်တည်းသာ ရှိနေသည်ကို တွေ့လိုက်ရသည်။ တစ်ဖက်လူက အရပ် တစ်မီတာ ကိုးဆယ်ခန့် ရှိပြီး ဆံပင်တိုတို ညှပ်ထားကာ ကြွက်သားများကြောင့် ဝတ်စုံပင် ပေါက်ကွဲထွက်တော့မတတ် ဖြစ်နေသော လူဖြူ အမျိုးသားကြီး တစ်ဦး ဖြစ်သည်။

တစ်စုံတစ်ယောက်က မိမိကို စကားလာပြောသည်ကို ကြားလိုက်ရသောအခါ လူဖြူ အမျိုးသားကြီးက ကွန်ပျူတာပေါ်မှ အကြည့်ကို လွှဲကာ လှည့်ကြည့်လိုက်သည်။ ရုပ်ရည် ချောမောလှသော ရိုအန်ကို မြင်လိုက်ရသောအခါ သူ၏ ပါးစပ်ကြီးကို ဟကာ ပြုံးလိုက်သည်။

"မင်းက သြဂတ်စ် ပြောနေတဲ့ ရိုအန် ဆိုတာ ဖြစ်ရမယ်"

"ဟုတ်ပါတယ်... ကျွန်တော်ပါ"

ရိုအန်က လက်ထဲရှိ နံနက်စာ တစ်ထုပ်ကို တစ်ဖက်လူထံ ကမ်းပေးလိုက်ရင်း ပြုံးကာ မေးလိုက်သည်။

"သြဂတ်စ်က ကျွန်တော့်အကြောင်း ဘယ်လိုတွေများ ပြောထားလဲ မသိဘူး"

လူဖြူ အမျိုးသားကြီးက နံနက်စာကို လှမ်းယူလိုက်ပြီး အားနာမနေဘဲ အကြီးကြီး တစ်ကိုက် ကိုက်စားလိုက်သည်။ ထို့နောက် ပါးစပ်ထဲတွင် အပြည့်အမောက်ဖြင့် ပြုံးကာ ပြောလိုက်သည်။

"သြဂတ်စ်က ငါတို့ကို ပြောတာ... ရိုအန်က သူနဲ့ ရုပ်ချင်းလည်း ဆင်သလို ဉာဏ်လည်း ကောင်းတယ်တဲ့... ဒါပေမဲ့ ကိုယ်ခံပညာမှာတော့ သူလောက် မတော်ဘူးတဲ့... ဒါကြောင့် မင်းကို နည်းနည်း အလျော့ပေးဖို့၊ အနိုင်မကျင့်ဖို့နဲ့ တာဝန်ထမ်းဆောင်တဲ့ အခါမှာလည်း မင်းကို ပိုပြီး ကာကွယ်ပေးဖို့ ပြောထားတယ်"

"..."

ရိုအန်၏ မျက်နှာပေါ်ရှိ တောင့်တင်းသွားသော အမူအရာကို မြင်လိုက်ရသောအခါ လူဖြူ အမျိုးသားကြီးက ဟားတိုက် ရယ်မောလိုက်ပြီး ရိုအန်၏ ပခုံးကို အားပါးတရ ပုတ်ကာ ပြောလိုက်သည်။

"စိတ်ချပါ... အမှတ် ငါး စုံစမ်းစစ်ဆေးရေး အဖွဲ့က လူတိုင်းက မနေ့က မင်း တစ်ယောက်တည်း လူဆယ်ယောက်ကို ယှဉ်ချခဲ့တာရယ်၊ ရှစ်နာရီအတွင်း အမှုဖော်ထုတ်နိုင်ခဲ့တာရယ်ကို သိပြီးသားပါ... မျက်စိမပါတဲ့ ကောင်တွေကလွဲရင် ဘယ်သူကမှ မင်းကို အနိုင်ကျင့်မှာ မဟုတ်ပါဘူး"

"မဟုတ်ပါဘူး... ကျွန်တော်က တစ်ယောက်ယောက် အနိုင်ကျင့်လာမှာကို ကြောက်နေတာ မဟုတ်ပါဘူး"

ရိုအန်က ခေါင်းခါလိုက်ပြီး လက်နှစ်ဖက်ကို ဖြန့်ကားပြလိုက်သည်။

"ကျွန်တော် စဉ်းစားနေတာက... သြဂတ်စ်ရဲ့ ဝါဒဖြန့်မှုတွေကြောင့် ကျွန်တော့်ကို မမြင်ဖူးဘဲ သြဂတ်စ်ကိုပဲ မြင်ဖူးတဲ့ သူတွေရဲ့ စိတ်ထဲမှာ ကျွန်တော်က ဘယ်လို ပုံစံမျိုး ဖြစ်နေမလဲ ဆိုတာကိုပါပဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ လူဖြူ အမျိုးသားကြီးက ထပ်မံ၍ ဟားတိုက် ရယ်မောလိုက်ပြန်သည်။ ထို့နောက် ရိုအန်၏ ပခုံးကို ပုတ်ကာ ပြောလိုက်သည်။

"ငါ့နာမည်က ရက်ဒ်လေ စမစ် လို့ခေါ်တယ်... အမှတ် ငါး စုံစမ်းစစ်ဆေးရေး အဖွဲ့ရဲ့ အကြီးတန်း စုံထောက် တစ်ယောက်ပေါ့... နောက်ဆိုရင် ငါ့ကို ရက်ဒ် လို့ပဲ ခေါ်ပါ"

စကားဆုံးသည်နှင့် ရက်ဒ်က နံနက်စာ ထည့်ထားသော အိတ်ကို ဆွဲယူလိုက်ပြီး နောက်ထပ် နံနက်စာ သုံးထုပ်ကို ဆွဲထုတ်ကာ ဆက်လက် စားသောက်နေတော့သည်။

"...”

All Chapters