အခန်း ၁၃
Vol. 2 Ch. 13
အခန်း ၁၃ လူ့အသိုင်းအဝိုင်းထဲ ဝင်ရောက်လာရင် အင်အားရှိဖို့နဲ့ နောက်ခံရှိဖို့ လိုအပ်တယ်
"မင်း ဝယ်လာတာ အရမ်းများနေပြီ သူငယ်ချင်း..."
ရက်ဒ်က နံနက်စာငါးထုပ်ကို တောက်လျှောက် စားသောက်လိုက်ပြီး ကော်ဖီတစ်ငုံ သောက်လိုက်သည်။ ထို့နောက် မလှမ်းမကမ်းတွင် ရုံးစားပွဲကို သုတ်သင်ရှင်းလင်းနေသော ရိုအန်ကို လှမ်းပြောလိုက်သည်။
"ငါတို့ အမှတ်ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖွဲ့စည်းထားတာ သိပ်မကြာသေးဘူး... သြဂတ်စ်က အဖွဲ့ခေါင်းဆောင်ဖြစ်ပြီး ငါနဲ့ လေစီက ကွင်းဆင်းတာဝန်ယူရတဲ့ အကြီးတန်းစုံထောက်တွေပဲ... နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ပေးရတဲ့ ရုံးတွင်းစုံထောက်က ငါးယောက်ရှိတယ်... မင်းနဲ့ ကောင်မလေး အသစ်ကိုပါ ပေါင်းလိုက်ရင်တောင်မှ ငါတို့အဖွဲ့မှာ လူဆယ်ယောက်ပဲ ရှိတာ..."
အခြား စုံစမ်းစစ်ဆေးရေးအဖွဲ့များဆိုလျှင် လူအယောက်နှစ်ဆယ် အနည်းဆုံး ရှိကြစမြဲ ဖြစ်သည်။
"ငါလည်း ဒီနေ့မှ ပထမဆုံးအကြိမ် လာသတင်းပို့တာဆိုတော့ ဒီကိစ္စတွေကို မသိတာ ပုံမှန်ပါပဲ..."
ရိုအန်က သူ၏ ကိုယ်ပိုင် ရုံးစားပွဲကို ပြောင်စင်နေအောင် သုတ်သင်လိုက်ပြီး ကုလားထိုင်ပေါ်တွင် ဝင်ထိုင်လိုက်သည်။ ထို့နောက် ဟာလာဟင်းလင်း ဖြစ်နေသော ရုံးခန်းကြီးနှင့် ရှေ့ဘက်ရှိ နံရံကပ်နာရီကို လက်ညှိုးထိုးပြကာ နားမလည်ဟန်ဖြင့် မေးလိုက်သည်။
"အခု ရှစ်နာရီခွဲတောင် ရှိနေပြီ... ဘာလို့ ရုံးခန်းထဲမှာ ငါတို့နှစ်ယောက်တည်း ရှိနေရတာလဲ..."
"ဘာလို့လဲဆိုတော့ ကိုးနာရီမထိုးမချင်း သြဂတ်စ်က အလုပ်လာမှာ မဟုတ်လို့ပဲ... သူတောင် မလာသေးတာ ငါတို့လည်း အစောကြီး လာစရာအကြောင်းမှ မရှိတာ..."
ထိုသို့ ဖြေကြားလိုက်သူမှာ ရက်ဒ် မဟုတ်ပေ။ ရုံးခန်းတံခါး ပွင့်လာပြီးနောက် ပေါ့ပေါ့ပါးပါး အမျိုးသမီးဝတ်စုံကို ဝတ်ဆင်ထားကာ အချိုးအစားကျနလှပသော ခန္ဓာကိုယ်နှင့် အညိုရောင် ဆံပင်ရှည်ရှိသည့် လူဖြူအမျိုးသမီး တစ်ဦး ဝင်ရောက်လာခြင်း ဖြစ်သည်။ သူမ၏ မျက်လုံးများက အနည်းငယ် တွေဝေေ၀ဝါး ဖြစ်နေပုံရသည်။
စားပွဲပေါ်ရှိ နံနက်စာများကို မြင်လိုက်ရသောအခါ ထိုအမျိုးသမီး၏ မျက်လုံးများက အရောင်လက်သွားသည်။ သူမက တစ်ထုပ်ကို ကောက်ယူကာ ချက်ချင်းပင် စားသောက်လိုက်ပြီး မျက်လုံးများကို မှိတ်ထားလျက် ရိုအန်ကို ပြောလိုက်သည်။
"မင်းရဲ့ နံနက်စာအတွက် ကျေးဇူးပဲ ရိုအန်..."
ထိုအမျိုးသမီးမှာ စားသောက်ရင်းနှင့်ပင် စားပွဲပေါ်သို့ မှောက်ကာ အိပ်ပျော်သွားသည်ကို မြင်လိုက်ရသောအခါ ရိုအန်မှာ အလွန်အမင်း အံ့သြသွားသည်။ ဤသူသည်လည်း အမှတ်ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့မှ လူပင် ဟုတ်ပါလေစဟု တွေးမိသွားသည်။ ရိုအန်က ခေါင်းစောင်းကာ ရက်ဒ်ကို လှမ်းကြည့်လိုက်သည်။ ရက်ဒ်က ခေါင်းခါပြလိုက်ပြီး ရိုအန်၏ အနီးသို့ လျှောက်လာကာ တီးတိုး ရှင်းပြလိုက်သည်။
"သူက စောစောက ငါ မင်းကို ပြောပြနေတဲ့ အကြီးတန်းစုံထောက် လေစီပဲ... အမျိုးသမီးအချင်းချင်း သဘောကျတဲ့သူပေါ့... အခုပုံစံကို ကြည့်ရတာ မနေ့ညက မန်ဟက်တန်ရပ်ကွက်က အရက်ဘား တစ်ခုခုမှာ အပျော်အပါး သွားရှာလာတဲ့ပုံပဲ..."
ရိုအန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ခေါင်းစောင်းကာ မေးလိုက်သည်။
"မန်ဟက်တန်ရပ်ကွက်က အရက်ဘားတွေရဲ့ ကုန်ကျစရိတ်က နည်းတာမဟုတ်ဘူး... အကြီးတန်းစုံထောက် တစ်ယောက်ရဲ့ လစာကလည်း ဒီလောက်လေးပဲ ရှိတာ... သူ... ဘယ်ကနေ ပိုက်ဆံတွေ ရနေတာလဲ..."
ရိုအန်၏ စိတ်ထဲတွင် ပိုက်ဆံရှာရန်သာ စိတ်ကူးရှိပြီး အခြားကိစ္စများကို လုံးဝ ဂရုမစိုက်ပေ။
"အင်း..."
ရိုအန်၏ အမေးကို ကြားလိုက်ရသောအခါ ရက်ဒ်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် ရှုံ့မဲ့နေသော မျက်နှာထားဖြင့် ဖြေလိုက်သည်။
"လေစီ အပြင်ထွက်လည်ရင် တစ်ခါမှ ပိုက်ဆံ မကုန်ဖူးဘူး... အဲ့ဒီ မိန်းမတွေကပဲ သူ့အတွက် ပိုက်ဆံရှင်းပေးကြတာ..."
ထိုစကားကြောင့် ရိုအန်မှာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။ သူကိုယ်တိုင်လည်း ထိုနည်းလမ်းကို စမ်းကြည့်လျှင် အဆင်ပြေမည်လားဟု တွေးတောလိုက်မိသည်။
အချိန်က တဖြည်းဖြည်းနှင့် ရှစ်နာရီ ငါးဆယ်မိနစ်သို့ ရောက်ရှိလာသောအခါ ရုံးခန်းအတွင်းသို့ လူများ တဖွဲဖွဲ ဝင်ရောက်လာကြသည်။ နံနက်စာ လက်ဆောင်ကို ရရှိလိုက်သောကြောင့် အားလုံး၏ ရင်ထဲတွင် ရိုအန်အပေါ် နှစ်သက်သဘောကျမှုက ဆယ်ဆခန့် တိုးတက်သွားသည်။ ထို့နောက် ရိုအန်၏ အလွန်အမင်း ချောမောခန့်ညားနေသော မျက်နှာကို မြင်လိုက်ရချိန်တွင်တော့ နှစ်သက်သဘောကျမှုက အဆငါးဆယ်ခန့် ချက်ချင်း ခုန်တက်သွားတော့သည်။
ထို့ကြောင့် သြဂတ်စ်က မိုနာကို ခေါ်ဆောင်လျက် ရုံးခန်းနယ်မြေထဲသို့ ဝင်ရောက်လာချိန်တွင် အလွန်အမင်း အံ့သြသွားရသည်။ အဘယ်ကြောင့်ဆိုသော် ရုံးခန်းထဲရှိ လူအားလုံးက ရိုအန်နှင့် အလွန်တရာ ရင်းနှီးပျော်ရွှင်စွာ စကားပြောဆိုနေကြသည်ကို တွေ့လိုက်ရသောကြောင့် ဖြစ်သည်။ စားပွဲပေါ်တွင် အိပ်မောကျနေဆဲဖြစ်သော လေစီ တစ်ယောက်တည်းသာ ချွင်းချက် ဖြစ်လေသည်။
"ကြည့်ရတာ မင်းတို့အားလုံး ငါတို့ရဲ့ လူသစ်နံပါတ်တစ် ရိုအန်ကို သိသွားကြပြီထင်တယ်..."
သြဂတ်စ်က စားပွဲကို ခပ်ပြင်းပြင်း တစ်ချက်ပုတ်ကာ လေစီကို နှိုးလိုက်သည်။ ထို့နောက် ရုံးခန်း၏ အရှေ့ဆုံး နေရာတွင် ရပ်ကာ သူ၏ ညာဘက်ရှိ မိုနာကို လက်ညှိုးထိုးပြရင်း စကားစလိုက်သည်။
"ဒီဘက်ကတော့ ငါတို့ရဲ့ လူသစ်နံပါတ်နှစ် အမြဲတမ်းစုံထောက် မိုနာပဲ... နောက်ပိုင်းကျရင် အားလုံးပဲ အတူတူ လက်တွဲပြီး အလုပ်လုပ်သွားကြတာပေါ့..."
လက်ခုပ်သံများ တဖြောင်းဖြောင်း ထွက်ပေါ်လာသည်။
လက်ခုပ်တီးသံများ အဆုံးသတ်သွားပြီးနောက် သြဂတ်စ်က လက်ဝှေ့ယမ်းကာ ကျန်လူများကို မိမိတို့၏ အလုပ်များ ဆက်လုပ်ရန် အချက်ပြလိုက်သည်။ ထို့နောက် ရိုအန်နှင့် မိုနာတို့ နှစ်ယောက်ကို အဖွဲ့ခေါင်းဆောင်၏ ရုံးခန်းအတွင်းသို့ ခေါ်ဆောင်သွားလေသည်။
"ဒါက မင်းတို့နှစ်ယောက်အတွက် အမြဲတမ်းဝန်ထမ်းအဖြစ် အတည်ပြုတဲ့ စာရွက်စာတမ်းတွေပဲ..."
ရုံးစားပွဲ အနောက်ဘက်တွင် ဝင်ထိုင်လိုက်ပြီးနောက် သြဂတ်စ်က ဖိုင်တွဲနှစ်ခုကို သူတို့ နှစ်ယောက်ထံ ပစ်ပေးလိုက်သည်။ ထို့နောက် လက်မှတ်ရေးထိုးရန် အချက်ပြရင်း ဆက်ပြောလိုက်သည်။
"ပန်းခြံထဲက လူသတ်မှုကို ဖော်ထုတ်နိုင်ခဲ့တဲ့အတွက် နယူးယောက် သတင်းထောက်များအသင်းက ပေးတဲ့ ဆုကြေးငွေနဲ့ လူသတ်သမား ဖမ်းဆီးရမိတဲ့ ဆုကြေးငွေ စုစုပေါင်း ဒေါ်လာ ငါးသောင်းခွဲကို ဒီအပတ် ပိတ်ရက်ကျရင် မင်းတို့ရဲ့ လစာနဲ့အတူ တစ်ပေါင်းတည်း ထုတ်ပေးလိမ့်မယ်... အဲ့ဒီအချိန်ကျရင် ပိုက်ဆံကို ဘယ်လိုခွဲမလဲ ဆိုတာကို မင်းတို့နှစ်ယောက်ဘာသာ တိုင်ပင်ကြတော့..."
"ကျေးဇူးတင်ပါတယ် အရာရှိကြီး..."
ရိုအန်နှင့် မိုနာတို့က အချင်းချင်း အကြည့်ချင်း ဖလှယ်လိုက်ကြပြီး နှစ်ဦးစလုံး၏ မျက်လုံးများထဲတွင် ဝမ်းသာပျော်ရွှင်နေသည့် အရိပ်အယောင်များကို တွေ့မြင်လိုက်ရသည်။
ရိုအန် တစ်ယောက် အမြဲတမ်းဝန်ထမ်း ဖြစ်သွားသည့် သတင်းကို ကြားချိန်ကပင် ဤမျှလောက် မပျော်ရွှင်ခဲ့သည်ကို မြင်လိုက်ရသောအခါ သြဂတ်စ်က နှုတ်ခမ်းမဲ့လိုက်သည်။ ထို့နောက် စားပွဲအောက်မှ နောက်ထပ် ဖိုင်တွဲတစ်ခုကို ထုတ်ယူကာ စကားဆက်လိုက်သည်။
"မနေ့ညက ကွန်ရက်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို မှတ်တမ်းသွင်းနေတဲ့ အချိန်မှာ သူက လွန်ခဲ့တဲ့ နှစ်အနည်းငယ်က ဖြစ်ပွားခဲ့တဲ့ ပြည်နယ်လွှတ်တော်အမတ် လုပ်ကြံခံရတဲ့ အမှုနဲ့ ဆက်စပ်နေတာကို မထင်မှတ်ဘဲ တွေ့လိုက်ရတယ်... အဲ့ဒီ လွှတ်တော်အမတ်ကို သတ်ခဲ့တာလည်း သူပဲဖြစ်နေတယ်..."
ရိုအန်မှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားပြီးနောက် တစ်စုံတစ်ခုကို စဉ်းစားမိသွားဟန်ဖြင့် သူ၏ မျက်နှာပေါ်တွင် အံ့သြနေသည့် အမူအရာများ ပေါ်လွင်လာသည်။
"မင်းရဲ့ ဦးနှောက်က ငါ့လိုပဲ ဉာဏ်ကောင်းပြီး အလုပ်လုပ်တာ မြန်တယ်လို့ ငါ ပြောသားပဲ..."
သြဂတ်စ်က ခပ်ဟဟ ရယ်မောလိုက်ပြီး ဖိုင်တွဲကို ရိုအန်ထံ ကမ်းပေးရင်း ရှင်းပြလိုက်သည်။
"မှန်တယ်... လွှတ်တော်အမတ် လုပ်ကြံခံရတဲ့ အမှုမှာလည်း ဆုကြေးငွေ ရှိတယ်... အမေရိကန် ဒေါ်လာ ငါးသိန်း တိတိပဲ..."
"ဒေါ်လာ ငါးသိန်း..."
ဤသတင်းကို ကြားလိုက်ရသောအခါ မိုနာ၏ မျက်လုံးများက လက်နှိပ်ဓာတ်မီးများအလား အရောင်တလက်လက် တောက်လာတော့သည်။ သို့သော် ဤမျှ များပြားလှသော ဆုကြေးငွေ ပမာဏကို ကြားလိုက်ရချိန်တွင် ရိုအန်က ပို၍ပင် တည်ငြိမ်သွားသည်။ သူက ဖိုင်တွဲကို သြဂတ်စ်၏ ရုံးစားပွဲပေါ်သို့ ပြန်တင်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်သည်။
"ဒီပိုက်ဆံ ပမာဏက အရမ်းများလွန်းနေတယ်..."
ရုံးခန်းထဲတွင် တိတ်ဆိတ်မှုက ခေတ္တမျှ ကြီးစိုးသွားသည်။
ရိုအန်၏ စကားကို ကြားလိုက်ရပြီး သူ၏ မျက်နှာပေါ်ရှိ တည်ငြိမ်သော အပြုံးကိုပါ မြင်လိုက်ရသောအခါ သြဂတ်စ်၏ မျက်နှာပေါ်ရှိ အပြုံးများက ပို၍ တောက်ပလာသည်။ နောက်ဆုံးတွင် စားပွဲကို ခပ်ပြင်းပြင်း တစ်ချက် ရိုက်ချလိုက်သည်။
"သောက်ကျိုးနည်းပဲ... မင်းကို ငါ တဖြည်းဖြည်း ပိုပြီး သဘောကျလာပြီ ရိုအန်..."
"အရာရှိကြီး ကျွန်တော့်ကို လုံးဝ အနစ်နာခံခိုင်းမှာ မဟုတ်ဘူး ဆိုတာကို ကျွန်တော် ယုံကြည်ပါတယ်..."
ရိုအန်က သြဂတ်စ်ကို အနည်းငယ် မြှောက်ပင့် ပြောဆိုလိုက်ခြင်း ဖြစ်သည်။
ဘေးနားရှိ မိုနာ တစ်ယောက် ကြောင်အမ်းအမ်း ဖြစ်နေဆဲ ဖြစ်သည်ကို မြင်သောအခါ သြဂတ်စ်က ဖိုင်တွဲကို ကောက်ကိုင်လိုက်ပြီး ဖြည်းညင်းစွာ ရှင်းပြလိုက်သည်။
"ပြည်နယ်လွှတ်တော်အမတ် လုပ်ကြံခံရတဲ့ အမှုက ငါတို့ တာဝန်ယူရတဲ့ အမှု မဟုတ်ဘူး... ငါတို့က လူသတ်သမားကို ဖမ်းမိခဲ့တာ မှန်ပေမဲ့ အဲ့ဒီအမှုကို တာဝန်ယူခဲ့တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကလည်း ကြိုးပမ်းအားထုတ်မှုတွေ အများကြီး လုပ်ခဲ့ရတာပဲ... အထူးသဖြင့် အဲ့ဒီအချိန်တုန်းက အဖွဲ့ခေါင်းဆောင်ဆိုရင် အခုဆို ဝါရှင်တန် ဌာနချုပ်မှာ အုပ်ချုပ်ရေးမှူးတောင် ဖြစ်နေပြီ..."
ရိုအန်က ခေါင်းညိတ်ပြလိုက်သည်။ မိုနာက တိတ်ဆိတ်နေသော်လည်း ရိုအန် ခေါင်းညိတ်သည်ကို မြင်လိုက်ရသောအခါ သူမလည်း တုံ့ဆိုင်းတုံ့ဆိုင်းဖြင့် လိုက်၍ ခေါင်းညိတ်ပြလိုက်သည်။ ထိုသူနှစ်ဦးလုံး မိမိ၏ ဆိုလိုရင်းကို နားလည်သွားကြပြီ ဖြစ်ကြောင်း မြင်သောအခါ သြဂတ်စ်က အလွန် ကျေနပ်သွားပြီး ဆက်ပြောသည်။
"ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ငါတို့က လူသတ်သမားကို ဖမ်းမိခဲ့တာဆိုတော့ ပင်ပန်းရကျိုးတော့ နပ်ရမှာပေါ့... ဌာနခွဲမှူး ဗီရိုနီးစ်က အကြိမ်ကြိမ် စဉ်းစားသုံးသပ်ပြီးတဲ့နောက်မှာ လာမယ့်လကစပြီး ငါတို့ အမှတ်ငါး စုံစမ်းစစ်ဆေးရေး အဖွဲ့အတွက် အထူးရန်ပုံငွေ တစ်ခုကို သုံးလတိတိ ချထားပေးဖို့ ဆုံးဖြတ်လိုက်တယ်..."
မိုနာ၏ မျက်နှာထားက အနည်းငယ် စိုးရိမ်တကြီး ဖြစ်နေသော်လည်း ရိုအန်ကမူ ယခင်ကဲ့သို့ပင် တည်ငြိမ်နေဆဲ ဖြစ်သည်ကို မြင်လိုက်ရသောအခါ သြဂတ်စ်က ရိုအန်ကို ပို၍ပင် သဘောကျသွားပြီး ပြုံးကာ ပြောလိုက်သည်။
"မင်းတို့နှစ်ယောက်က လူသတ်သမား ကွန်ရက်ကို ဖမ်းဆီးနိုင်ခဲ့တဲ့ အဓိက စုံထောက်တွေ ဖြစ်တဲ့အတွက် ဆုကြေးငွေကို ဒီလကုန်မှာ ထုတ်ပေးလိမ့်မယ်... တစ်ယောက်ကို အမေရိကန် ဒေါ်လာ သုံးသောင်းစီ ရလိမ့်မယ်..."
ငါးသိန်းနှင့် သုံးသောင်းကြား ကွာဟချက်က အလွန် ကြီးမားလွန်းလှသဖြင့် မိုနာ၏ မျက်နှာမှာ ချက်ချင်း ညှိုးကျသွားတော့သည်။ သို့သော် ရိုအန်ကမူ အလွန် တည်ငြိမ်စွာပင် ခေါင်းညိတ်လိုက်ပြီး ပြုံးလျက် ဖြေလိုက်သည်။
"ကျေးဇူးတင်ပါတယ် အရာရှိကြီး... အရာရှိကြီး ကျွန်တော့်ကို အနစ်နာခံခိုင်းမှာ မဟုတ်ဘူး ဆိုတာကို ကျွန်တော် သိပြီးသားပါ..."
"ကဲ... ကိစ္စတွေ အကုန် ပြောပြီးပြီဆိုတော့ မင်းတို့ အပြင်ထွက်ကြတော့..."
သြဂတ်စ်က လက်ဝှေ့ယမ်းပြကာ ထိုနှစ်ဦးကို ရုံးခန်းထဲမှ ထွက်ခွာရန် အချက်ပြလိုက်သည်။ ထို့နောက် ရိုအန် ရုံးခန်းထဲမှ မထွက်ခွာမီ လေးနက်စွာ မှာကြားလိုက်သည်။
"အမှုတွေကို သေချာ အာရုံစိုက် ဖော်ထုတ်ပါ ရိုအန်... ဗီရိုနီးစ်က မင်းကို အရမ်း သဘောကျနေတာ... မင်းရဲ့ ရှေ့ရေးက ငါ့ထက် အများကြီး ပိုသာတယ်..."
"ဟုတ်ကဲ့ပါ အရာရှိကြီး... ကျေးဇူးတင်ပါတယ် အရာရှိကြီး..."
ရိုအန်၏ မျက်နှာပေါ်ရှိ အပြုံးများက ပို၍ပင် တောက်ပလာတော့သည်။
လူ့အသိုင်းအဝိုင်းထဲ ဝင်ရောက်လာပါက အင်အားရှိရန် လိုအပ်ပြီး နောက်ခံ အသိုင်းအဝိုင်းလည်း ကောင်းမွန်ရန် လိုအပ်လှသည်။ ထိုအရာနှစ်ခုလုံး မရှိလျှင် မည်သို့ လုပ်ရမည်နည်း။
သေချာပေါက် သြဇာအာဏာရှိသူ၏ ခြေသလုံးကို ဖက်တွယ်ထားရမည်သာ ဖြစ်သည်။ သူတို့နှစ်ဦး မိမိတို့၏ အလုပ်စားပွဲ အသီးသီးတွင် ပြန်လည် ဝင်ထိုင်လိုက်ကြသည်။ မိုနာက အချိန်အတော်ကြာအောင် စဉ်းစားတွေးတော နေပြီးနောက် ရုတ်တရက် လက်ခုပ် တစ်ချက် တီးလိုက်ရာ သူမ၏ ဘေးတွင် အိပ်ပျော်နေသော လေစီမှာ လန့်ဖျပ်သွားတော့သည်။
"ဘာဖြစ်လို့လဲ..."
လေစီက တွေဝေဝေဝါးဖြင့် မျက်လုံးဖွင့် ကြည့်လာသည်။ မိုနာက လေစီ ကိုယ်ပေါ်ရှိ ဝတ်စုံကို အလျင်အမြန် သပ်ရပ်အောင် ပြင်ဆင်ပေးလိုက်ပြီး တီးတိုး နှစ်သိမ့်လိုက်သည်။
"ဘာမှမဖြစ်ပါဘူး... ဘာမှမဖြစ်ပါဘူး... ပိုးကောင်လေး တစ်ကောင် တွေ့လိုက်လို့ပါ... နင် ဆက်အိပ်လိုက်ပါဦး..."
"အိုကေ..."
လေစီက ခေါင်းညိတ်လိုက်ပြီး မျက်နှာကို တစ်ဖက်သို့ လှည့်ကာ မျက်လုံးများကို ပြန်လည် မှိတ်ထားလိုက်သည်။ မိုနာက အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်ပြီး ရင်ထဲမှ လှုပ်ရှားနေမှုများကို ဖိနှိပ်ထားလိုက်သည်။ ထို့နောက် ရိုအန်၏ အနီးသို့ တဖြည်းဖြည်း တိုးကပ်သွားကာ တီးတိုး ပြောလိုက်သည်။
"ရိုအန်... ဒီည အတူတူ ထမင်းသွားစားကြရအောင်... ငါ ဒကာခံပါ့မယ်..."
ရိုအန်မှာ ခေတ္တမျှ စကားမပြောနိုင် ဖြစ်သွားသည်။
ရိုအန်က မိမိကို အံ့သြတကြီး ကြည့်လာပြီးနောက် သူ၏ မျက်လုံးများက တဖြည်းဖြည်း ထူးဆန်းလာသည်ကို မြင်လိုက်ရသောအခါ မိုနာက ချက်ချင်းပင် လက်နှစ်ဖက်ကို ရင်ဘတ်ရှေ့တွင် ကြက်ခြေခတ် ကာကွယ်လိုက်ပြီး လေးနက်စွာ ပြောလိုက်သည်။
"မဟုတ်ဘူးနော်... ကျေးဇူးတင်တဲ့ အနေနဲ့ ထမင်းကျွေးရုံ သက်သက်ပါ... ဒီရက်ပိုင်း ငါ့ခန္ဓာကိုယ် အခြေအနေ သိပ်မကောင်းလို့... အဲ့ဒီကိစ္စအတွက် အဆင်မပြေဘူး..."
"ခန္ဓာကိုယ် အခြေအနေ သိပ်မကောင်းဘူး ဟုတ်လား..."
ရိုအန်က ခေါင်းညိတ်လိုက်ပြီးနောက် ပြတ်သားစွာပင် ခေါင်းပြန်ခါလိုက်သည်။
"အဲ့ဒါဆိုလည်း မသွားတော့ဘူးလေ..."
ထိုစကားကြောင့် မိုနာ တစ်ယောက် ဆွံ့အသွားရတော့သည်။