← Chapters

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄

Vol. 2 Ch. 14

အခန်း ၁၄ ထူးခြားဆန်းပြားသော လူစွမ်းကောင်းများ စုဝေးရာ

အမှတ်ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့သို့ ရောက်ရှိလာသော ပထမဆုံးနေ့တွင် ရိုအန်က ဘာတစ်ခုမှ မလုပ်ရပေ။ မိမိ၏ ရုံးစားပွဲတွင် ထိုင်ကာ တစ်နေ့လုံး ကွန်ပျူတာပွတ်နေပြီးနောက် အချိန်တန်သောအခါ အလုပ်ဆင်းခဲ့သည်။

ဒုတိယနေ့ နံနက် ကိုးနာရီအချိန်။ တကယ်ကို လုပ်စရာအလုပ် မရှိတော့သဖြင့် ရိုအန်က ခေါင်းကို ခါယမ်းလိုက်သည်။ ဘေးဘက်သို့ လှမ်းကြည့်လိုက်ရာ မိုနာက အွန်လိုင်းတွင် စကားပြောနေပြီး ရက်ဒ်ကမူ ရုံးခန်းထဲတွင် မရှိဘဲ ဘယ်ရောက်နေမှန်း မသိပေ။ လေစီ တစ်ယောက်တည်းသာ အိပ်ရာမှ ခုလေးတင် နိုးလာပုံရပြီး အစားအသောက်များကို စားသောက်နေသည်။ ထို့ကြောင့် ရိုအန်က သူ၏ ကုလားထိုင်ကို လေစီ၏ အနီးသို့ ရွှေ့လိုက်ပြီး မေးလိုက်သည်။

"လေစီ... ငါတို့ ဒီတစ်ပတ်လုံး ဒီလိုပဲ နေသွားရမှာလား..."

"ဘာကို ဆိုလိုတာလဲ..."

လေစီက အိပ်ရာမှ ခုလေးတင် နိုးလာသေးသဖြင့် အနည်းငယ် တွေဝေနေသေးသည်။ ရိုအန်၏ မေးခွန်းကို ကြားပြီးနောက် အတန်ကြာ စဉ်းစားလိုက်မှသာ ဆိုလိုရင်းကို နားလည်သွားပြီး ခေါင်းစောင်းကာ ပြန်ဖြေလိုက်သည်။

"မင်းက ဒီတစ်ပတ်လုံး အလုပ်မရှိဘူးလို့ ပြောချင်တာလား... သေချာပေါက် မဟုတ်ဘူးလေ..."

ထို့နောက် လေစီက စကားလမ်းကြောင်း လွှဲလိုက်ပြီး ပလုတ်ပလောင်း စားသောက်ရင်း ဆက်ပြောသည်။

"ငါတို့ လာမယ့် နှစ်လလုံးလုံး အလုပ်မရှိတာ..."

"ဘာ..."

လေစီ၏ စကားကြောင့် ရိုအန်မှာ လုံးဝ ကြောင်အမ်းအမ်း ဖြစ်သွားရပြီး အလျင်အမြန် မေးလိုက်သည်။

"ဘာဖြစ်လို့လဲ..."

"ငါတို့ အမှတ်ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့က ဖွဲ့စည်းထားတာ သိပ်မကြာသေးဘူးလေ... ဘယ်သူကမှ ငါတို့ဆီ အမှုတွေ လာမလွှဲကြဘူး..."

လေစီက ဒိုးနတ် အထုပ်ငယ် တစ်ထုပ်ကို စားသုံးပြီးနောက် ဒုတိယ တစ်ထုပ်ကို စတင် ဖောက်လိုက်သည်။

"နေဦး... အဲ့ဒီလိုလည်း မဟုတ်သေးဘူး... လွန်ခဲ့တဲ့ သုံးလတုန်းက နယူးယောက်ရဲတပ်ဖွဲ့က ငါတို့ အမှတ်ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ဆီကို အမှုတချို့ လွှဲပြောင်းပေးခဲ့ဖူးတယ်... ဒါပေမဲ့ သတ်မှတ်ထားတဲ့ အချိန်အတွင်းမှာ ငါတို့တစ်ယောက်မှ အမှုကို အောင်မြင်အောင် မဖော်ထုတ်နိုင်ခဲ့ကြဘူး... အဲ့ဒါနဲ့ပဲ ဌာနခွဲမှူး ဗီရိုနီးစ်က အဲ့ဒီအမှုတွေကို ပြန်ရုပ်သိမ်းသွားပြီး တခြား စုံစမ်းစစ်ဆေးရေးအဖွဲ့တွေကို လွှဲပေးလိုက်တော့တာပဲ..."

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်မှာ ခေတ္တမျှ ဆွံ့အသွားရသည်။ ထို့နောက် မော့ကြည့်ကာ မေးလိုက်သည်။

"အဲ့ဒါဆို တခြား စုံစမ်းစစ်ဆေးရေးအဖွဲ့တွေက အဲ့ဒီအမှုတွေကို ဖော်ထုတ်နိုင်သွားကြလား..."

လေစီက သဘာဝကျကျပင် ခေါင်းညိတ်ပြလိုက်ပြီး ဖြေသည်။

"ဖော်ထုတ်နိုင်သွားတာပေါ့..."

ရိုအန်မှာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားသည်။

'သောက်ကျိုးနည်း ငါ ဘယ်လို နေရာမျိုးကိုများ ရောက်လာခဲ့မိတာလဲ...'

ရိုအန်၏ မျက်နှာပေါ်ရှိ ရှုံ့မဲ့သွားသော အမူအရာကို မြင်လိုက်ရသောအခါ လေစီက နှစ်သိမ့်သည့်အနေဖြင့် သူ၏ ပခုံးကို ပုတ်ကာ မေးလိုက်သည်။

"သြဂတ်စ်က ဘာလို့ မင်းကို အမှတ်ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ဆီ ခေါ်လာတယ်လို့ မင်း ထင်လဲ..."

ရိုအန်၏ စိတ်ထဲတွင် အဖြေက ရှိနှင့်ပြီးသား ဖြစ်သည်။

"မင်းက ရုပ်ချောတဲ့အပြင် အမှုဖော်ထုတ်နိုင်စွမ်း ရှိလို့လေ..."

'ငါ ထင်တဲ့အတိုင်းပဲ...'

ရိုအန်က စိတ်ထဲမှ ရေရွတ်လိုက်သည်။

လေစီက ဒုတိယ ဒိုးနတ်ထုပ်ကို စားသုံးပြီးနောက် တတိယ တစ်ထုပ်ကို ထပ်မံ ဖောက်လိုက်သည်။ တစ်ချိန်တည်းမှာပင် အမှတ်ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ရှိ အဖွဲ့ဝင် တစ်ဦးချင်းစီ၏ အကြောင်းကို ရိုအန်အား မိတ်ဆက်ပေးနေလေသည်။

"ရက်ဒ်က အထူးစစ်ဆင်ရေးတပ်ဖွဲ့ကနေ ဆင်းလာတာ... သေနတ်ပစ်စွမ်းရည်... လက်ပန်းတိုက်ခိုက်မှု... ရှာဖွေကယ်ဆယ်ရေး... လက်နက် ကိုင်တွယ်မှု... အားလုံးက ထိပ်တန်း အဆင့်တွေချည်းပဲ... ဒါပေမဲ့ သူက အမှုမဖော်ထုတ်တတ်ဘူး..."

ရိုအန် တစ်ယောက် စကားမဆိုနိုင် ဖြစ်သွားရသည်။

"ငါ လေစီက ထောက်လှမ်းရေးဌာနကနေ လာတာ... သတင်းအချက်အလက် စုံစမ်းတာ... အသွင်ယူ ထောက်လှမ်းတာ... နောက်ယောင်ခံလိုက်တာ... အားလုံးကို ကျွမ်းကျင်တယ်... ဒါပေမဲ့ အမှုဖော်ထုတ်တဲ့ နေရာမှာတော့ စာမေးဖွဲ့စရာ မရှိဘူး..."

ရိုအန်က ဆက်လက်၍ တိတ်ဆိတ်နေလိုက်သည်။

"မင်းရဲ့ အနောက်ဘက်မှာ ထိုင်နေတဲ့ နည်းပညာဝန်ထမ်းတွေကလည်း အက်ဖ်ဘီအိုင် မှတ်တမ်းခန်းမှာ နှစ်အတော်ကြာ အလုပ်လုပ်ခဲ့တဲ့ ဝါရင့်တွေချည်းပဲ... သံသယရှိသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ရှာခိုင်းရင် ဘယ်စုံစမ်းစစ်ဆေးရေး အဖွဲ့ထက်မဆို သေချာပေါက် ပိုမြန်တယ်..."

ရိုအန်၏ မျက်နှာက ပို၍ ထူးဆန်းလာပြီး ဖြည့်စွက် ပြောလိုက်သည်။

"ဒါပေမဲ့ သူတို့လည်း အမှု မဖော်ထုတ်တတ်ကြဘူးမလား..."

"မှန်တယ်..."

လေစီက ရိုအန်၏ ပခုံးကို ပုတ်လိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။

"ဒါကြောင့် ငါတို့အဖွဲ့ကို ဦးဆောင်ပြီး အမှုဖော်ထုတ်ပေးနိုင်မယ့် လူတစ်ယောက် လိုအပ်နေတာပေါ့..."

ရိုအန်မှာ အသက်ရှူမှားမတတ် ဖြစ်သွားရပြီး အသက်ပြင်းပြင်း တစ်ချက် ရှူသွင်းလိုက်မှသာ အနည်းငယ် သက်သာသွားသည်။ ကောင်းသည့်ဘက်မှ တွေးကြည့်လျှင် အနည်းဆုံးတော့ ဤအဖွဲ့က မိမိကို လိုအပ်နေပြီး မိမိသည် ဤအဖွဲ့အတွက် မရှိမဖြစ် အရေးပါသော အဖွဲ့ဝင် တစ်ဦး ဖြစ်နေသည်ဟု မှတ်ယူလိုက်သည်။

သို့သော် အတွေးတစ်ချက် ပြောင်းသွားပြီးနောက် ရိုအန်က လေစီကို ဆက်လက် မေးမြန်းလိုက်သည်။

"အဲ့ဒါဆို အဖွဲ့ခေါင်းဆောင် သြဂတ်စ်ကရော... သူ အရင်က ဘာလုပ်ခဲ့လဲဆိုတာ မင်း သိလား..."

"သေချာပေါက် သိတာပေါ့..."

လေစီက ခေါင်းညိတ်ပြလိုက်ပြီး ရှင်းပြသည်။

"သြဂတ်စ်က အရင်တုန်းက မှုခင်းတရားစီရင်ရေးဌာနမှာ အုပ်ချုပ်ရေးမှူး လုပ်ခဲ့တာလေ..."

ရိုအန်က ခေါင်းညိတ်လိုက်ပြီး ချက်ချင်း သဘောပေါက်သွားသည်။

"ဒါဆို သြဂတ်စ်ကလည်း အမှုမဖော်ထုတ်တတ်ဘူးပေါ့..."

"မှန်တယ်..."

ဤသတင်းအချက်အလက် အားလုံးကို သိရှိသွားပြီးနောက် ရိုအန်က မေးစေ့ကို ပွတ်သပ်ရင်း မေးလိုက်သည်။

"အဲ့ဒါဆိုရင် ဘာမှ အလွဲအချော် မရှိခဲ့ဘူးဆိုရင်... နောက်ပိုင်း ငါတို့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဆီ ရောက်လာမယ့် အမှုတွေကို ငါကပဲ ဦးဆောင်ပြီး ဖော်ထုတ်ရတော့မှာပေါ့... ဟုတ်လား..."

လေစီက စက္ကန့်အနည်းငယ်မျှ စဉ်းစားလိုက်ပြီးနောက် ခေါင်းညိတ်ပြလိုက်သည်။

"အဲ့ဒီလို ဖြစ်သင့်တယ်..."

ရိုအန်က ဆက်လက် မေးခွန်းထုတ်လိုက်သည်။

"ငါကပဲ မင်းတို့ကို ဦးဆောင်ပြီး အမှုဖော်ထုတ်ရမယ်ဆိုရင်... သြဂတ်စ် ဆိုတဲ့ အဖွဲ့ခေါင်းဆောင်က ဘာလုပ်ဖို့ ထားတာလဲ... အမှုဖော်ထုတ်နိုင်တဲ့ အချိန်အထိ ထိုင်စောင့်နေပြီးတော့ ဂုဏ်ပြုခံဖို့ သက်သက်ပဲလား..."

"သေချာပေါက် မဟုတ်ဘူးလေ..."

ရိုအန်၏ စကားကို ကြားလိုက်ရသောအခါ လေစီက ချက်ချင်း မျက်လုံးပြူးသွားပြီး လေးနက်စွာ ရှင်းပြလိုက်သည်။

"သြဂတ်စ်က ပြဿနာတက်ရင် ခေါင်းခံပေးဖို့နဲ့ အထက်လူကြီးတွေရဲ့ ဒေါသကို ရင်ဆိုင်ပေးဖို့ တာဝန်ယူရတာလေ..."

"လေစီ... မင်းက ဘာဖြစ်လို့ ဒီအဖွဲ့ကို အပို့ခံလိုက်ရတာလဲ..."

"ဘာလို့လဲဆိုတော့ ငါက အထက်လူကြီးကို ဆဲဆိုခဲ့လို့လေ..."

"မင်းနဲ့ လိုက်ဖက်ပါတယ်..."

မိမိ၏ ရုံးစားပွဲသို့ ပြန်ရောက်လာပြီးနောက် ရိုအန်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ မိုနာက ကွန်ပျူတာပေါ်တွင် လက်နှစ်ဖက်ဖြင့် ကီးဘုတ်ကို တဖြောက်ဖြောက် ရိုက်နှိပ်နေပြီး ပရိုဂရမ် တစ်ခုခုကို ထိုးဖောက် ဝင်ရောက်နေပုံရသည်ကို မြင်လိုက်ရသောအခါ သက်ပြင်းချလိုက်မိသည်။

'အမှတ်ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့က တကယ့်ကို ထူးခြားဆန်းပြားတဲ့ လူစွမ်းကောင်းတွေ စုဝေးနေတဲ့ နေရာပဲ...'

ရိုအန် တစ်ယောက် အမှတ်ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့မှ ရက်အနည်းငယ်ခန့် ခေတ္တထွက်ခွာပြီး အပြင်တွင် ပိုက်ဆံရှာရန် ကိုယ်ပိုင်အလုပ်များ လုပ်သင့်မလုပ်သင့် စဉ်းစားနေစဉ်မှာပင် အဖွဲ့ခေါင်းဆောင် သြဂတ်စ်က ဗိုက်ရွှဲကြီးဖြင့် ရုံးခန်း၏ အရှေ့ဆုံး နေရာသို့ လျှောက်လာပြီး လက်ခုပ်တီးကာ အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။

"အားလုံးပဲ အာရုံစိုက်ကြစမ်း... ဒီတစ်ခေါက် ငါတို့ အမှတ်ငါး စုံစမ်းစစ်ဆေးရေးအဖွဲ့ဆီကို အမှုနှစ်ခု ရောက်လာပြီ... ပျောက်ဆုံး ပြန်ပေးဆွဲမှု တစ်ခုနဲ့ ကွင်းဆက် လူသတ်မှု တစ်ခုပဲ..."

၂၀၀၅ ခုနှစ်၏ အမေရိကန်နိုင်ငံတွင် နောင်ခေတ်များကဲ့သို့ မျက်နှာပြင်ကျယ် မြင်ကွင်းများ ခေတ်မစားသေးပေ။ ထို့ကြောင့် ရုံးခန်း၏ အရှေ့ဆုံးတွင် ကြီးမားသော ဖြူဘုတ်ပြား အချို့ကိုသာ ထောင်ထားလေ့ရှိသည်။ သြဂတ်စ်က အဖြူရောင် ဘုတ်ပြားတစ်ခုကို အလွယ်တကူ ဆွဲယူလိုက်ပြီး ထိုအမှုနှစ်ခု၏ ယာယီအမည်များကို စတင် ရေးသားလိုက်သည်။

"အမျိုးသမီး သူဌေးကြီး ပျောက်ဆုံး ပြန်ပေးဆွဲမှု" နှင့် "ရေကန်တွင်း အမျိုးသမီး ရုပ်အလောင်း ကွင်းဆက် လူသတ်မှု"

ရုံးခန်းအတွင်းသို့ ပြန်လည် ဝင်ရောက်လာသော ရက်ဒ်က အမှုတွဲ ဖိုင်များကို လူတိုင်းထံ ဝေငှပေးလိုက်သည်။ ထိုအထဲတွင် ရိုအန် ရရှိသော အချက်အလက်များက အပြည့်စုံဆုံး ဖြစ်နေလေသည်။ ရိုအန်မှာ စကားမဆိုနိုင် ဖြစ်သွားရပြန်သည်။

အမှုရောက်လာပြီဖြစ်သဖြင့် မကြည့်ဘဲ နေ၍မရတော့ပေ။ အမှု၏ အရေးပေါ် အခြေအနေအရ ရိုအန်က ပထမဆုံး ပျောက်ဆုံး ပြန်ပေးဆွဲမှုကို စတင် စစ်ဆေးကြည့်လိုက်သည်။ ဝက်ဝံကြီး တစ်ကောင်အလား ခန္ဓာကိုယ် ထွားကျိုင်းလှသော ရက်ဒ်က လူတိုင်းကို စတင် ရှင်းပြလေသည်။

"နစ်နာသူ နာမည်က ဆာဘီနာ ကိတ် တဲ့... အသက်က သုံးဆယ့်ခြောက်နှစ်... ကွန်နက်တီကတ် ပြည်နယ်က သူ့ရဲ့ စံအိမ်ထဲမှာ ပျောက်ဆုံးသွားတာပဲ... အမှုဖြစ်ပွားတဲ့ အချိန်က မနေ့ည သူ အိမ်ပြန်ရောက်တဲ့ အချိန်ကနေ ဒီမနက် ရှစ်နာရီ အတွင်းလောက်မှာ ဖြစ်နိုင်တယ်... ဒီမနက် သူ့ယောကျ်ား ဒါရင်း ခရီးထွက်ရာကနေ အိမ်ပြန်ရောက်လာတော့ အိမ်ထဲကို လူဝင်ထားတဲ့ လက္ခဏာတွေ တွေ့ရပြီး မိန်းမဖြစ်သူလည်း ပျောက်ဆုံးနေတာကို သိလိုက်ရတယ်... ဒါပေမဲ့ သူ့မိန်းမရဲ့ ဖုန်းနဲ့ ပိုက်ဆံအိတ်ကတော့ ဝင်ပေါက်က ဖိနပ်ချွတ် နေရာမှာ ကျန်နေခဲ့တယ်..."

လူတိုင်းက မိမိတို့ လက်ထဲရှိ အချက်အလက်များကို ဖတ်ရှုပြီးစီးသွားသည်ကို မြင်သောအခါ သြဂတ်စ်က ဘုတ်ပြားကို ခေါက်ကာ လူတိုင်း၏ အာရုံစိုက်မှုကို ဆွဲယူလိုက်ပြီး လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။

"နောက်ထပ် ခိုင်မာတဲ့ သက်သေအထောက်အထား မတွေ့ရမချင်း... သူ အသက်ရှင်နေသေးတယ်လို့ပဲ ငါတို့ သတ်မှတ်ရမယ်... ဂရင်းဝစ်ချ် ရဲတပ်ဖွဲ့က ရဲတွေကတော့ ဒါဟာ ပြန်ပေးဆွဲမှု တစ်ခုလို့ ယူဆထားကြတယ်... ဒါပေမဲ့ ဒီလိုကိစ္စမျိုးက သူတို့ဆီမှာ သိပ်ဖြစ်လေ့ဖြစ်ထ မရှိတဲ့အတွက် ငါတို့ဆီကနေ အကူအညီ လာတောင်းခံတာပဲ..."

ဂရင်းဝစ်ချ် ရွာလေးသည် လောင်းအိုင်းလန်း ရေလက်ကြားတွင် တည်ရှိပြီး နယူးယောက်မြို့၏ အရံမြို့ငယ်လေး တစ်ခု ဖြစ်သည်။ နယူးယောက် ပြည်နယ်အနီးရှိ အဆင့်အမြင့်ဆုံး ဒေသများထဲမှ တစ်ခုဖြစ်ပြီး လူနေမှုအဆင့်အတန်း အလွန် မြင့်မားလှသည်။ ဤနေရာတွင် နာမည်ကျော် ပုဂ္ဂိုလ်များ၊ အနုပညာရှင်များနှင့် ဂီတပညာရှင်များစွာ မွေးဖွားခဲ့ဖူးသည်။

အခြားသူများက မိမိတို့၏ သံသယများကို မမေးမြန်းရသေးမီမှာပင် သြဂတ်စ်က ဖိုင်တွဲ တစ်ခုထဲမှ အခင်းဖြစ်ပွားရာ နေရာ၏ ဓာတ်ပုံ အချို့ကို ထုတ်ယူကာ အခြား အဖြူရောင် ဘုတ်ပြားတစ်ခုပေါ်တွင် ကပ်လိုက်ရင်း တစ်ပြိုင်နက်တည်း ရှင်းပြလိုက်သည်။

"ကွင်းဆက် လူသတ်မှု ဆိုတာ ပြစ်မှုကျူးလွန်သူ တစ်ယောက် ဒါမှမဟုတ် အများအပြားက မတူညီတဲ့ အဖြစ်အပျက်တွေမှာ နစ်နာသူ နှစ်ယောက် ဒါမှမဟုတ် အဲ့ဒီထက်ပိုပြီး တရားမဝင် သတ်ဖြတ်တာကို ခေါ်တာပဲ... ဒီမနက် ငါးနာရီ အချိန်မှာ တောတွင်း ငါးမျှားသူ တစ်ယောက်က နယူးယောက်နဲ့ နယူးဂျာစီ ပြည်နယ် နယ်စပ်က ရေကန်ထဲမှာ အမျိုးသမီး ရုပ်အလောင်း တစ်လောင်းကို မတော်တဆ တွေ့ရှိခဲ့တယ်... ရေငုပ်သမားတွေက ကန်အောက်ခြေကို ဆင်းပြီး စစ်ဆေးကြည့်တော့ နောက်ထပ် အမျိုးသမီး ရုပ်အလောင်း သုံးလောင်းကို ထပ်တွေ့ခဲ့ရပြန်တယ်..."

"ပထမဆုံး နစ်နာသူက လင်ဒါ ချီပို တဲ့... အိမ်ထောင်ရှိတယ်... အသက်က နှစ်ဆယ့်ရှစ်နှစ်... လွန်ခဲ့တဲ့ ရှစ်လတုန်းက သူ့ယောကျ်ား ကိုယ်တိုင် ပျောက်ဆုံးကြောင်း တိုင်ကြားထားတာ... မှုခင်းဆေးပညာ စစ်ဆေးချက်အရ သူ ပျောက်ဆုံးပြီး သိပ်မကြာခင်မှာပဲ အသတ်ခံလိုက်ရတယ် ဆိုတာ အတည်ပြုနိုင်ခဲ့တယ်..."

"ဒုတိယ နစ်နာသူက ဘီထရစ် လီယွန်... အိမ်ထောင်ရှိတယ်... အသက် သုံးဆယ့်လေးနှစ်... လွန်ခဲ့တဲ့ နှစ်လက ပျောက်ဆုံးသွားခဲ့တာ..."

"တတိယ နစ်နာသူက နာတာလီ ကာလိုင်း... အိမ်ထောင်ရှိတယ်... အသက် နှစ်ဆယ့်ငါးနှစ်... လွန်ခဲ့တဲ့ တစ်လက ပျောက်ဆုံးသွားတာ..."

"စတုတ္ထနစ်နာသူက တာမာရာ တယ်ရီ... အိမ်ထောင်ရှိတယ်... အသက် သုံးဆယ်... လွန်ခဲ့တဲ့ နှစ်ပတ်က ပျောက်ဆုံးသွားတာ…”

All Chapters