← Chapters

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅

Vol. 2 Ch. 15

အခန်း ၁၅ အမှုသစ်

အမှုနှစ်ခု၏ အကြမ်းဖျင်း အချက်အလက်များကို ရှင်းပြပြီးနောက် သြဂတ်စ်က သူ၏ဘေးရှိ အဖြူရောင် ဘုတ်ပြားကို ခပ်ပြင်းပြင်း တစ်ချက် ပုတ်ကာ လေးနက်သော မျက်နှာထားဖြင့် ဆိုသည်။

"ကွင်းဆက် လူသတ်မှုက အချိန်ကာလ အတော်လေး ကွာဟနေလို့ ဖော်ထုတ်ရ ခက်ခဲလိမ့်မယ်... ဒါကြောင့် အဲ့ဒီအမှုကို နောက်မှ ထားလိုက်မယ်... အမျိုးသမီး သူဌေးကြီး ပြန်ပေးဆွဲခံရတဲ့ အမှုက ဒီမနက်မှ ဖြစ်သွားတာဆိုတော့ ပြန်ပေးဆွဲခံရသူကို ကယ်တင်ဖို့အတွက် ပထမဆုံး နှစ်ဆယ့်လေးနာရီက ရွှေရောင်အချိန်ပဲ... ဒီကနေ့အတွင်းမှာ သူ့ကို ရှာဖွေပြီး ကယ်တင်နိုင်အောင် ငါတို့ အစွမ်းကုန် ကြိုးစားရမယ်..."

ပုံမှန် လုပ်ထုံးလုပ်နည်းများအရ ဆိုလျှင် အဖွဲ့ခေါင်းဆောင်က လူတိုင်းအား စုံစမ်းစစ်ဆေးရေး တာဝန်များကို ခွဲဝေပေးရမည့် အချိန်ဖြစ်သည်။ သို့သော်... သြဂတ်စ်က ရိုအန်ကို ကြည့်ကာ လေးနက်သော လေသံဖြင့် မေးလိုက်သည်။

"ရိုအန်... မင်းမှာ ဘယ်လို အကြံဉာဏ်မျိုး ရှိလဲ..."

"..."

ရိုအန်မှာ အနည်းငယ် စကားမဆိုနိုင် ဖြစ်သွားရသည်။ သို့သော် ဤကဲ့သို့သော သူဌေးများ ပြန်ပေးဆွဲခံရပြီးနောက် ကယ်တင်ခံရပါက ကယ်တင်ပေးခဲ့သော စုံထောက်များအား ကျေးဇူးဆပ်သည့် အနေဖြင့် ငွေကြေး အမြောက်အမြား ပေးလေ့ရှိကြောင်း တွေးမိသွားသောအခါ ရိုအန်က လုံးဝ တုံ့ဆိုင်းမနေတော့ပေ။ ဖိုင်တွဲထဲရှိ ကိုယ်ရေးအချက်အလက်များကို လက်ညှိုးထိုးပြကာ ရှင်းပြလိုက်သည်။

"ပြန်ပေးဆွဲခံရသူ ဆာဘီနာ ကိတ် က ငယ်ရွယ်တဲ့ အမျိုးသမီး သူဌေးကြီး တစ်ယောက်ပဲ... မိဘနှစ်ပါးစလုံး ကွယ်လွန်သွားပြီးတဲ့နောက်မှာ သူက အမေရိကန် ဒေါ်လာ သန်းသုံးဆယ်တန်တဲ့ ပိုင်ဆိုင်မှုတွေကို အမွေရခဲ့တယ်... ဒီပိုက်ဆံတွေက လူတစ်ယောက်ကို မကောင်းတဲ့ အကြံအစည်တွေ ပေါ်လာစေဖို့ အလုံအလောက် တွန်းအားပေးနိုင်တယ်... လင်မယား နှစ်ယောက်ထဲက တစ်ယောက်ယောက် တစ်ခုခု ဖြစ်သွားရင် ကျန်တဲ့တစ်ယောက်က သေချာပေါက် ကင်းလွတ်ခွင့် ရမှာမဟုတ်ဘူး... ဒါကြောင့် အခုချက်ချင်း အခင်းဖြစ်ပွားရာ နေရာကို သွားဖို့ ကျွန်တော် အကြံပြုချင်တယ်... အခင်းဖြစ်ပွားရာ နေရာက သဲလွန်စတွေကို ရှာဖွေရုံသာမက သူ့ယောကျ်ား ဒါရင်း ကိုပါ သေချာ စစ်ဆေးမေးမြန်းရမယ်..."

"အိုကေ..."

သြဂတ်စ်က ခေါင်းညိတ်လိုက်ပြီး ရိုအန်၏ ခွဲခြမ်းစိတ်ဖြာမှုကို အလွန် ကျေနပ်သွားသည်။ ထို့နောက် လူတိုင်းကို တာဝန် အသီးသီး ခွဲဝေပေးလိုက်သည်။

"ရိုအန် နဲ့ လေစီ... မင်းတို့နှစ်ယောက် အခုချက်ချင်း အခင်းဖြစ်ပွားရာ နေရာကို သွားကြ... မိုနာ... မင်းက ဆာဘီနာ ကိတ် ရဲ့ ယောကျ်ား ဒါရင်း ရဲ့ အလုပ်အကိုင် အခြေအနေကို ကွန်ပျူတာကနေ ရှာဖွေပေး... ကျန်တဲ့သူတွေက ရုံးခန်းထဲမှာနေပြီး ရိုအန်ဆီက တောင်းဆိုလာမယ့် အချက်အလက်တွေကို ရှာဖွေဖို့ အသင့်ပြင်ထားကြ..."

ဤနေရာသို့ ရောက်သောအခါ သြဂတ်စ်က အမိန့်ကို စောင့်ဆိုင်းနေသော ရက်ဒ်ကို တစ်ချက် ကြည့်လိုက်ပြီး ခေတ္တမျှ တိတ်ဆိတ်နေပြီးနောက် တီးတိုး ပြောလိုက်သည်။

"ရက်ဒ်... မင်းက ကွင်းဆက် လူသတ်မှုနဲ့ ပတ်သက်ပြီး နယူးဂျာစီ ရဲတပ်ဖွဲ့နဲ့ သွားချိတ်ဆက်လိုက်... သတင်းအချက်အလက်တွေ များများ တောင်းခဲ့ပြီး အမှုကို စုံစမ်းစစ်ဆေးနေတဲ့ ပုံစံမျိုး သေချာပေါက် လုပ်ထားရမယ်..."

"ဟုတ်ကဲ့ပါ အရာရှိကြီး..."

ရိုအန်မှာ ဘာပြောရမှန်းမသိအောင် ဖြစ်သွားရသည်။

'ပုံစံလုပ်ထားရမယ် ဆိုတာက ဘာသဘောလဲ...'

လူတိုင်းက အလုပ်ရှုပ်သွားကြပြီး ရိုအန်က လေစီနှင့်အတူ အခင်းဖြစ်ပွားရာ နေရာသို့ ထွက်ခွာရန် ပြင်ဆင်နေစဉ်မှာပင် သြဂတ်စ်က သူ့ကို ရုံးခန်းထဲသို့ ရုတ်တရက် ခေါ်သွားခဲ့သည်။ ထိုသူနှစ်ဦး ထိုင်လိုက်ပြီးနောက် သြဂတ်စ်က စကားစလိုက်သည်။

"ရိုအန်... ဒီပြန်ပေးဆွဲမှုက မင်းအတွက် အရမ်းကို အရေးကြီးတယ်..."

ရိုအန်က ခေါင်းညိတ်လိုက်သည်။ အမျိုးသမီး သူဌေးကြီးက အလွန် ချမ်းသာပြီး သူမကို ကယ်တင်နိုင်ပါက မိမိအနေဖြင့် ကျေးဇူးတင်ဆုငွေ အများအပြား ရနိုင်မည်မှာ အသေအချာပင် ဖြစ်သည်။ ထို့ကြောင့် တကယ်ပင် အရေးကြီးလှသည်။

သြဂတ်စ်က ဆက်ပြောသည်။

"မင်းက ဒီအလုပ်သင် စုံထောက် အသုတ်ထဲမှာ အမြဲတမ်း စုံထောက်အဖြစ် ပထမဆုံး အတည်ပြုခံရသူ ဖြစ်နေတယ်... မင်းကို မနာလိုတဲ့လူတွေ အများကြီး ရှိတယ်... ဒါပေမဲ့ သူတို့က ဖွင့်မပြောရဲကြဘူး... ဘာလို့လဲဆိုတော့ မင်းက မိုနာကို ခေါ်သွားပြီး သေနတ်ပစ်လူသတ်မှုရဲ့ တရားခံကို ဖမ်းနိုင်ခဲ့လို့ပဲ..."

ရိုအန်က ခေါင်းမော့ကြည့်လိုက်ရာ သြဂတ်စ် ပြောလိုရင်းကို သဘောပေါက်သွားသည်။

"အမှတ် တစ် အဖွဲ့ခေါင်းဆောင် ဘရိုဆန် က ဝါရှင်တန် ဌာနချုပ်မှာ သင်တန်းသွားတက်နေတယ်... သူက စုံစမ်းစစ်ဆေးရေး အဖွဲ့ခေါင်းဆောင် နေရာမှာ နှစ်အတော်ကြာ လုပ်ခဲ့ပြီးပြီဆိုတော့ ဒီတစ်ခေါက် ပြန်လာရင် ရာထူးတိုးဖို့ ရာခိုင်နှုန်း တော်တော်လေး များနေတယ်... သူက ငါ့ရဲ့ တိုက်ရိုက် အထက်လူကြီး မဖြစ်လာနိုင်ပေမဲ့... တခြားဌာနက အထက်လူကြီး ဆိုတာလည်း အထက်လူကြီးပါပဲ..."

သြဂတ်စ်က ကော်ဖီတစ်ငုံ သောက်လိုက်ပြီး ဆက်ပြောသည်။

"မင်း တလောက ထိုးကြိတ်ခဲ့တဲ့ ဖစ်ရှာ က ဘရိုဆန် ရဲ့ တူပဲ... အခု သူက မင်းကို အမြင်ကပ်နေတယ်..."

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်က အင်အားကြီးသူ၏ အကာအကွယ်ကို ချက်ချင်း တောင်းဆိုလိုက်သည်။

"အရာရှိကြီး ကျွန်တော့်ကို ကူညီမှ ရမယ်နော်..."

"သေချာတာပေါ့..."

သြဂတ်စ်က ခေါင်းညိတ်ကာ ပြုံးလျက် ဆိုသည်။

"စိတ်ချပါ... ဘရိုဆန် က မင်းကို တိုက်ရိုက် အရေးယူမှာ မဟုတ်ပါဘူး... ဗီရိုနီးစ် က ရှိနေသေးတယ်လေ..."

သြဂတ်စ် စကား၏ အဓိပ္ပာယ်ကို ရိုအန် နားလည်သွားသည်။

စစ်သားက စစ်သားအချင်းချင်း၊ ဗိုလ်က ဗိုလ်အချင်းချင်း ရင်ဆိုင်ရမည်သာ ဖြစ်သည်။ သူများ၏ တပည့်ကို တိုက်ရိုက် ဝင်ရောက် အရေးယူခြင်းက တပည့်ဖြစ်သူကို အပြစ်ပေးခြင်း မဟုတ်ဘဲ အထက်လူကြီး၏ မျက်နှာကို ဖြတ်ရိုက်ခြင်းပင် ဖြစ်သည်။

တူတစ်ယောက်အတွက်နှင့် ထိုမျှလောက် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရန် မတန်ပေ။

ဤသို့ တွေးမိပြီးနောက် ရိုအန်မှာ သိသိသာသာကို သက်သာရာ ရသွားသည်။ ထို့နောက် သြဂတ်စ်က ဆက်ပြောသည်။

"ဒါကြောင့် ဒီပြန်ပေးဆွဲမှုကို မင်း အစွမ်းကုန် ကြိုးစားရမယ်... အမှုကို ဖော်ထုတ်နိုင်ရင် အကောင်းဆုံးပဲ... တကယ်လို့ မဖော်ထုတ်နိုင်ခဲ့ရင်တောင်မှ အမှုကို စုံစမ်းစစ်ဆေးတဲ့ လုပ်ငန်းစဉ်မှာ မူဝါဒနဲ့ မညီညွတ်တဲ့ အမှားအယွင်းတွေ လုံးဝ မလုပ်မိစေနဲ့... တချို့လူတွေအတွက် အပြစ်ရှာစရာ အကြောင်းပြချက် မဖြစ်စေနဲ့..."

ရိုအန်က သဘောပေါက်ကြောင်း ခေါင်းညိတ်ပြလိုက်သည်။

"အရမ်းကောင်းတယ်..."

သြဂတ်စ်က ရိုအန်ကဲ့သို့ ဉာဏ်ကောင်းသော သူများကို အလွန် သဘောကျလှသည်။ ရိုအန် ရုံးခန်းထဲမှ မထွက်ခွာမီ နောက်ဆုံး အနေဖြင့် မှာကြားလိုက်သည်။

"တကယ်လို့ အမှုကို စုံစမ်းစစ်ဆေးတဲ့ လုပ်ငန်းစဉ်မှာ တရားခံကို ဖမ်းဖို့ မဖြစ်နိုင်တော့ဘူးလို့ သေချာသွားရင် ငါ့ကို ချက်ချင်း ဆက်သွယ်လိုက်... မင်းရဲ့ အမှုကို လွှဲယူဖို့ ရက်ဒ် ကို ငါ လွှတ်ပေးမယ်... နားလည်လား..."

"ဟုတ်ကဲ့ပါ... ကျေးဇူးတင်ပါတယ် အရာရှိကြီး..."

ရိုအန်မှာ ချက်ချင်း သဘောပေါက်သွားသည်။ ကွင်းဆက် လူသတ်မှုကို ကိုင်တွယ်ဖြေရှင်းရန် ရက်ဒ်ကဲ့သို့သော ကြမ်းတမ်းသည့် လူကြီးကို လွှတ်လိုက်ခြင်းက နောက်ဆုတ်ရန် ပြင်ဆင်ထားခြင်း ဖြစ်ကြောင်း သိလိုက်ရသည်။

ဤသို့ တွေးမိပြီးနောက် သြဂတ်စ် အပေါ်ထားရှိသော ရိုအန်၏ အမြင်က အနည်းငယ် ပြောင်းလဲသွားသည်။ မှုခင်းတရားစီရင်ရေးဌာန၏ အုပ်ချုပ်ရေးမှူးဟောင်း ဖြစ်သည့်အတိုင်း လှည့်ကွက်များနှင့် နည်းဗျူဟာများစွာ ရှိနေသည်မှာ အံ့သြစရာ မဟုတ်ပေ။

ရုံးခန်းထဲတွင် နိုကီယာဖုန်းဖြင့် မိုနာကို ဖုန်းဆက်ကာ အဝေးမှ ဆက်သွယ်ရေး စနစ်များ ပြဿနာ မရှိကြောင်း အတည်ပြုလိုက်သည်။ ထို့နောက် ရိုအန်က လေစီကို ခေါင်းညိတ်ပြပြီး သူတို့နှစ်ဦး အတူတကွ လက်နက်တိုက်ဆီသို့ ထွက်လာခဲ့ကြသည်။

မိုနာကဲ့သို့ပင် ကျည်ကာအင်္ကျီ တစ်ထည်နှင့် ဂလော့ခ် ဆယ့်ကိုး သေနတ်တစ်လက်ကို ယူလာသော လေစီက ရိုအန်ကို ကြောင်အမ်းအမ်းဖြင့် ကြည့်နေသည်။

စစ်ဆင်ရေး ဝတ်စုံ၊ နည်းဗျူဟာသုံး ဦးထုပ်၊ ကျည်ကာအင်္ကျီ၊ မီးခိုးဗုံး သုံးလုံး၊ အသံဖမ်းဗုံး ဆယ်လုံး၊ ဂလော့ခ် ဆယ့်ရှစ် အော်တိုပစ် လက်နက်ငယ် နှစ်လက်၊ ကျည်ပိုဆံ့သော ကျည်အိမ်အရှည် ငါးခု...

"ရိုအန်..."

လေစီ၏ နှုတ်ခမ်းထောင့်များ လှုပ်ခတ်သွားပြီး မယုံကြည်နိုင်စွာဖြင့် ပြောလိုက်သည်။

"ငါတို့က ပြန်ပေးဆွဲမှု တစ်ခုကို သွားစုံစမ်းမှာပါ... စစ်မြေပြင်ကို သွားမှာ မဟုတ်ပါဘူး..."

ရိုအန်က ခေါင်းညိတ်လိုက်သည်။

"သေချာပေါက် စစ်မြေပြင်ကို သွားမှာ မဟုတ်ဘူးလေ... တကယ်လို့ စစ်မြေပြင်ကို သွားမှာဆိုရင် ငါက ရိုင်ဖယ်သေနတ် မပါဘဲ လက်နက်ငယ်လေးပဲ ယူသွားပါ့မလား..."

"..."

"အိုကေ... သွားကြစို့..."

လက်နက် ကိရိယာများကို သပ်ရပ်စွာ ပြင်ဆင်ပြီးနောက် ရိုအန်က ခြေထောက်ကို ခါယမ်းလိုက်ပြီး လက်နက်တိုက်ထဲမှ ခြေလှမ်းကျဲကြီးများဖြင့် ထွက်လာခဲ့သည်။

"နယူးယောက်မြို့ကြီးက မလုံခြုံဘူး... ငါက အမြဲတမ်း လုံခြုံမှု ကင်းမဲ့နေသလို ခံစားရတတ်တဲ့ လူစားမျိုးလေ..."

လေစီမှာ ဘာပြောရမှန်းမသိ ဖြစ်သွားရသည်။

——

ဂရင်းဝစ်ချ် ရပ်ကွက်ရှိ စံအိမ် တစ်လုံးအတွင်း။

အပြည့်အဝ လက်နက်တပ်ဆင်ထားသော ရိုအန်ကို မြင်လိုက်ရသောအခါ အခင်းဖြစ်ပွားရာ နေရာကို စောင့်ကြပ်နေသည့် ဂရင်းဝစ်ချ် ရဲတပ်ဖွဲ့မှ ရဲအရာရှိမှာ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားသည်။ သို့သော် လေစီ၏ အလျင်စလို ပြောဆိုမှုကြောင့် အသိစိတ် ပြန်ဝင်လာပြီး ထိုသူနှစ်ဦးကို အခင်းဖြစ်ပွားရာ နေရာဆီသို့ ခေါ်ဆောင်သွားလေသည်။

"မီးဖိုချောင် တံခါးမကြီးက အတင်းအကျပ် ဖျက်ဆီးခံထားရတယ်... တံခါးဘောင်တွေက တော်တော်လေး ပျက်စီးနေတယ်..."

ထိပ်ပြောင်ပြောင်နှင့် လူလတ်ပိုင်းအရွယ် လူဖြူ ရဲအရာရှိ တစ်ဦးက မီးဖိုချောင်ထဲသို့ ဝင်လာပြီး ကြမ်းပြင်ကို လက်ညှိုးထိုးပြရင်း ရိုအန်နှင့် လေစီတို့ကို ရှင်းပြလေသည်။

"တံခါးဝမှာ သွေးကွက် တစ်ကွက် ရှိတယ်... ဒါပေမဲ့ သွေးထွက်တာ သိပ်မများဘူး... လူသေလောက်တဲ့ အထိတော့ မဖြစ်နိုင်ဘူးလို့ ထင်ရတယ်..."

ရိုအန်က မီးဖိုချောင် ကြမ်းပြင်ပေါ်တွင် ဆောင့်ကြောင့်ထိုင်လိုက်ပြီး လက်ဝါးနှစ်ဖက်စာခန့် ကျယ်ဝန်းသော သွေးကွက်ကို အကဲခတ်လိုက်သည်။ ထို့နောက် ဘေးဘက်ရှိ ထမင်းစားစားပွဲကို လှည့်ကြည့်လိုက်ရာ စားပွဲခြေထောက်တွင် မထင်မရှား ပွတ်တိုက်ထားသော အရာတစ်ခုကို တွေ့လိုက်ရသည်။ ထို့ကြောင့် ရိုအန်က မတ်တပ်ရပ်ကာ လေစီနှင့် ရဲအရာရှိကို ပြောလိုက်သည်။

"နစ်နာသူက အနောက်ဘက်ကနေ ခေါင်းကို ရိုက်နှက်ခံလိုက်ရပြီး ပွဲချင်းပြီး မေ့မြောသွားတာ ဖြစ်နိုင်တယ်... လူသတ်သမားက နစ်နာသူကို နေရာရွှေ့ပြောင်းတဲ့ အချိန်မှာ နစ်နာသူရဲ့ ဖိနပ်က ထမင်းစားစားပွဲကို မတော်တဆ သွားပွတ်မိတာ ဖြစ်မယ်..."

ရဲအရာရှိမှာ အံ့သြသွားသည်။

'တစ်ချက်ကြည့်ရုံနဲ့ ဒီလောက်တောင် အများကြီး သိနိုင်တာလား...'

လေစီက ထမင်းစားစားပွဲ၏ ခြေထောက်ကို ငုံ့ကြည့်လိုက်သော်လည်း ဘာမှမပြောပေ။ ၎င်းကို မြင်သောအခါ ရိုအန်က ရဲအရာရှိကို လှည့်ကြည့်ကာ မေးလိုက်သည်။

"ရဲအရာရှိ... ခွင့်လွှတ်ပါ... ဒီအိမ်ရှင်တွေက ဒီလောက် ချမ်းသာနေတာကို သူတို့အိမ်မှာ လုံခြုံရေး ကင်မရာဖြစ်ဖြစ် လုံခြုံရေး စနစ်ဖြစ်ဖြစ် မတပ်ထားကြဘူးလား..."

ထိပ်ပြောင်ရဲအရာရှိက ပခုံးတွန့်ပြလိုက်ပြီး သူ၏ လေသံတွင် အနည်းငယ် မနာလိုဖြစ်နေသည့် အရိပ်အယောင်များ ပါဝင်နေသည်။

"ဒီစံအိမ်ကို သူတို့က ဒီအပတ်မှ ဂရင်းဝစ်ချ် ရပ်ကွက်မှာ ဝယ်ထားကြတာ... မင်္ဂလာနှစ်ပတ်လည် ဟန်းနီးမွန်း ထွက်ဖို့အတွက်ပေါ့... ဒါကြောင့် အဲ့ဒီပစ္စည်းတွေကို တပ်ဆင်ဖို့ အချိန်မရလိုက်သေးဘူး... သူတို့လင်မယားရဲ့ သူငယ်ချင်းတွေ ပြောစကားအရဆိုရင် သူတို့ နှစ်ယောက်ရဲ့ သံယောဇဉ်က တော်တော်လေး ခိုင်မာတယ်တဲ့... ကလေး မရှိပေမဲ့ နှစ်တိုင်း ကမ္ဘာပေါ်က တစ်နေရာရာမှာ မင်္ဂလာနှစ်ပတ်လည် ဟန်းနီးမွန်း သွားထွက်လေ့ ရှိတယ်တဲ့လေ..."

ထိုစကားကို ကြားလိုက်ရသောအခါ ရိုအန်က ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက် တီးတိုး မေးလိုက်သည်။

"ရဲအရာရှိ... ရိုင်းတယ်လို့ မထင်ပါနဲ့... ဒီစံအိမ်က ခန့်မှန်းခြေ ဒေါ်လာ ဘယ်လောက်လောက် တန်မလဲ..."

ထိပ်ပြောင်ရဲအရာရှိက ရိုအန်ကို တစ်ချက် ကြည့်လိုက်ရာ မိမိမျက်လုံးထဲတွင် ဖြစ်ပေါ်နေသည့် မနာလိုမှုမျိုး တစ်ဖက်လူ၏ မျက်လုံးထဲတွင်လည်း ဖြစ်ပေါ်နေကြောင်း တွေ့လိုက်ရသည်။ ထို့ကြောင့် ပခုံးတွန့်ပြရင်း တီးတိုး ဖြေလိုက်သည်။

"ဘေးက စံအိမ်က ဒေါ်လာ ရှစ်သန်းနဲ့ အရောင်းတင်ထားတယ်..."

"သောက်ကျိုးနည်းပဲ..."

ရိုအန်က တီးတိုး ကျိန်ဆဲလိုက်ပြီး စိတ်ထဲမှနေ၍ ပြန်ပေးဆွဲခံရသူကို ကယ်တင်နိုင်ပါက ရရှိမည့် ဆုကြေးငွေကို ပို၍ မြှင့်တင် တွက်ချက်လိုက်သည်။

'ဒီတစ်ခေါက်တော့ ကျေးဇူးတင်ဆုငွေ များများ ရအောင် လုပ်မှဖြစ်မယ်...'

မလှမ်းမကမ်းရှိ စံအိမ်၏ တံခါးမကြီး ပွင့်လာပြီး ကားတစ်စီး ဝင်ရောက်လာသံကို ကြားလိုက်ရသောအခါ ရိုအန်နှင့် လေစီတို့က ထိုနေရာသို့ လျှောက်သွားလိုက်ကြသည်။ ပျောက်ဆုံးနေသူ၏ ခင်ပွန်း ဒါရင်းကို စစ်ဆေးမေးမြန်းရန် ပြင်ဆင်လိုက်ကြသည်။

စံအိမ်၏ စာကြည့်ခန်း အတွင်းတွင် သူတို့အားလုံး ထိုင်လိုက်ကြသည်။

"ဒီကနေ့ ဖြစ်သွားတဲ့ အခြေအနေကို အကြမ်းဖျင်း ပြောပြပေးပါ မစ္စတာ ဒါရင်း..."

လေစီက မှတ်စုစာအုပ် တစ်အုပ်ကို ထုတ်ယူကာ မှတ်တမ်းတင်ရန် ပြင်ဆင်လိုက်သည်။ ရိုအန်ကမူ ဘေးတွင် ထိုင်ကာ ဒါရင်း စကားပြောနေစဉ် သူ၏ အမူအရာကို သေချာစွာ အကဲခတ်နေသည်။

ဒါရင်းသည် သပ်ရပ်စွာ ဝတ်ဆင်ထားပြီး ရိုးသားအေးချမ်းသည့် အသွင်အပြင်ရှိသော လူလတ်ပိုင်း လူဖြူ အမျိုးသား တစ်ဦး ဖြစ်သည်။ သို့သော် သူ၏ အသွင်အပြင်က တက်ကြွ လန်းဆန်းနေပုံ ပေါက်သည်။ လေစီ၏ စကားကို ကြားသောအခါ သူက ချက်ချင်း ဖြေလိုက်သည်။

"ဒီမနက် ခြောက်နာရီလောက်မှာ ကျွန်တော် ပြန်ရောက်လာတယ်... အိမ်ထဲ ဝင်ဝင်ချင်းမှာပဲ ဝင်ပေါက် ဖိနပ်ချွတ် နေရာမှာ ဆာဘီနာရဲ့ ဖိနပ်နဲ့ လက်ဆွဲအိတ်ကို တွေ့လိုက်ရတယ်... သူက အရင်ကဆို လက်ဆွဲအိတ်ကို ဝင်ပေါက်မှာ ဘယ်တော့မှ မထားတတ်ဘူး... အဲ့ဒီအချိန်ကတည်းက ကျွန်တော် တစ်ခုခု မှားနေပြီလို့ ခံစားလိုက်ရတယ်... ထမင်းစားခန်းထဲ ဝင်သွားပြီး သွေးကွက်ကို မြင်လိုက်ရတော့ ချက်ချင်းပဲ ရဲကို ဖုန်းဆက် တိုင်လိုက်တာပါ..."

"အိုကေ..."

လေစီက မှတ်စုစာအုပ်ပေါ်တွင် အကြမ်းဖျင်း မှတ်သားလိုက်ပြီးနောက် မော့ကြည့်ကာ ဆက်လက် မေးမြန်းလိုက်သည်။

"ရဲတွေ ပြောတာကတော့ မနေ့ညက ရှင့်အိမ်မှာ မရှိဘူး... ခရီးထွက်သွားတယ် ဆိုပဲ... အဲ့ဒီအချိန်တုန်းက ရှင် ဘယ်မှာ ခရီးသွားနေတာလဲ... ဘယ်ဟိုတယ်မှာ တည်းခိုခဲ့လဲ..."

"မင်း ဘာကို ဆိုလိုတာလဲ..."

လေစီ၏ စကားကို ကြားလိုက်ရသောအခါ ဒါရင်း၏ မျက်နှာက ချက်ချင်းဆိုသလို မည်းမှောင်သွားတော့သည်။

"ဒီကိစ္စကို ငါ လုပ်တာလို့ မင်း ထင်နေတာလား…”

All Chapters