ထွက်မပြေးနဲ့ သေလိုက်တော့
Vol. 81-85 Ch. 1227
“ဝှီး”
ချက်ချင်းဆိုသလိုပင် ဆူးချွန်ပါသော တင်းပုတ် ခုနစ်ခု၊ ရှစ်ခုက ယဲ့ဖန်ပေါ်သို့ ပြိုင်တူ ကျရောက်လာသည်။ လွှဲယမ်းလိုက်သည့် အားက လေးလံ ပြင်းထန်သဖြင့် လေတိုးသံများ ပြင်းထန်လာလေသည်။ ဤသို့သော ဖိအားမျိုးက လောကကိုပင် စုတ်ဖြဲနိုင်လောက်သည်။
သို့သော် ယဲ့ဖန်က လှောင်ရယ်လေသည်။
“တောင်ဘီလူးဆိုတော့ ဘာဖြစ်လဲ၊ ယဲ့ဘုရင်ရဲ့ သားသတ်ကွင်းထဲကို လာတဲ့လူတိုင်း သေရမှာပဲ”
ရုတ်ချည်းဆိုသလိုပင် နတ်ဆိုးစွမ်းအင်လှိုင်းများက တစ်ဟုန်ထိုး ထွက်ပေါ်လာပြီး လူ့လောကထဲ၌ ငရဲခန်း ထွက်ပေါ်လာ သကဲ့သို့သော ရက်စက် ကြမ်းကြုတ်သော အရှိန်အဝါမျိုး ထွက်ပေါ်လာသဖြင့် လူတိုင်း တုန်လှုပ် သွားကြသည်။
ယဲ့ဖန်သည် နတ်ဆိုးတစ်ကောင်ကဲ့သို့ ရက်စက် ကြမ်းကြုတ်သော အရှိန်အဝါများ ထုတ်လွှတ်နေသည်။ ထို့နောက် မြေဆီလွှာ ပျက်စီး၍ ကောင်းကင်ယံ အက်ကွဲကာ နတ်ဆိုးမီးလျှံများ လွှမ်းခြုံလာသည်ကို လူတိုင်း တွေ့လိုက် ရသည်။ နေရာတိုင်း၌ ပျက်စီးခြင်းများနှင့် ပြည့်လာပြီး နှိပ်စက်ခံရသဖြင့် ဟစ်အော်နေသော သရဲတစ္ဆေများကို တွေ့နေရသဖြင့် အလွန်အမင်း ကြောက်လန့်စရာ ကောင်းလှသည်။ ဤမြင်ကွင်းက ငရဲမှ မြင်ကွင်းတစ်ခုလိုပင်။
*ဒီကောင် … သူက ငရဲကလား၊ ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*
တိုက်ရိုက် ထုတ်လွှင့်ခြင်း ဖိုရမ်ထဲမှ ဤမြင်ကွင်းကို မြင်လိုက်ရသည့် လူတိုင်း မတုန်လှုပ်ဘဲ မနေနိုင်တော့ချေ။
*ဒီလူက တကယ်ပဲ နတ်ဆိုးတစ်ကောင်လား*
“နတ်ဆိုးဖြစ်နေရင်တောင်မှ တစ်ဖက်က တောင်ဘီလူးတွေလေ၊ သူတို့က စစ်မြေပြင်မှ အသန်မာဆုံး စစ်သည်တော်တွေ၊ သူတို့မျိုးနွယ်က တိုက်ပွဲမှာ ဘယ်တော့မှ မရှုူံးဖူးဘူး”
“မြို့ကိုသိမ်းပြီး အားလုံးကို တိုက်ခိုက်တာ ကောင်းတယ်ကွာ၊ တောင်ဘီလူးတိုင်းက စစ်ဘုရင်တွေပဲ၊ တစ်ကောင်ချင်းစီက တိုက်ပွဲ အခြေအနေကို ပြောင်းလဲပစ်နိုင်တာ၊ အဖွဲ့လိုက်ဆို ပြောမနေပါနဲ့တော့၊ အဲ့ကောင်တော့ သေပြီပဲ”
“အရူး ခန္ဓာကိုယ် ကြံ့ခိုင်သန်မာပါတယ်ဆိုတဲ့ အရိုးခေါင်း စစ်ဘုရင်တောင် တောင်ဘီလူး အဖွဲ့လိုက်ကို မတိုက်ရဲတာ၊ သူက သေလမ်းရှာနေတာပဲ”
တိုက်ရိုက် ထုတ်လွှင့်ခြင်း ဖိုရမ်ထဲမှ လူတိုင်းသည် ပြက်လုံးတစ်ခုကို ကြည့်နေသကဲ့သို့ အထင်သေးသောဟန်ဖြင့် ကြည့်လာကြသည်။
ချွန်းယန်အဆင့် သိုင်းပညာရှင်များအားလုံးထဲတွင် အရိုးခေါင်း စစ်ဘုရင်၏ အဖွဲ့သာလျင် အရဲရင့်ဆုံးနှင့် အတိုက်အခိုက် အတော်ဆုံးဟု ပြောနိုင်ပေသည်။
တောင်ဘီလူးတစ်ဖွဲ့က ဟွိုင်အန်း စီရင်စုတစ်ခုလုံးကို စိစိညက်ညက် ကြေသွားအောင် လုပ်နိုင်သည်။ ယဲ့ဖန်က သူတစ်ယောက်တည်းဖြင့် တောင်ဘီလူးများကို စိန်ခေါ်သည့်အပြင် ရူးကြောင်ကြောင် စကားများ ပြောလိုက် သေးသည်။ ယဲ့ဖန် စိစိညက်ညက် ကြေသွားမည့် အချိန်ကို သူတို့ စောင့်မျှော်နေလိုက်သည်။
“”ဝုန်း”
တင်းပုတ်များ ပြိုင်တူကျဆင်းလာသောအခါ မိုးမျှော်တိုက် ဆယ်ခုမက ပြိုလဲပျက်စီးသွားသည်။ မြေကြီးပေါ် တွင်လည်း အက်ကြောင်းရာများက တရစပ် ပျံ့နှံ့လာသည်။ ၎င်းတို့၏ ဖိအားကြောင့် ပထဝီမြေကြီးပင် အက်ကွဲ ပျက်စီးလာရသည်။
တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်ထဲ၌ အော်ဟစ်အားပေးသံများ ညံနေသည်။ တောင်ဘီလူးများသည် ကြောက်စရာ ကောင်းလွန်းလှပြီး သူတို့၏ စုပေါင်းခွန်အားအောက်၌ မြို့တံတိုင်းပင် ခံနိုင်ရည် ရှိမည် မဟုတ်ပါ။
မီတာတစ်ရာမျှ နက်သော တွင်းချိုင့်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ဤမြင်ကွင်းကိုကြည့်ပြီး နဂါးမြို့တော်မှ လူများ သွေးဆူလာ၏။
“ဟားဟားဟား အရူးပဲ၊ သူ ခုနလေးတင် လာတဲ့လူတိုင်း သေရမယ်လို့ အော်ဟစ်နေတာ၊ အခုတော့ သူပဲ အသားပြား ဖြစ်တော့မယ်၊ ဟီဟီဟိ”
“အသားပြား၊ ငါတော့ အသားပြား ဖြစ်မယ် မထင်ဘူး၊ အရိုးတောင် ရှာမရတော့လို့ လေနဲ့အတူ ပါသွားမယ်လို့ ငါ ထင်တယ်”
နောက်ဆုံးတော့ ဒီမောက်မာတဲ့ကောင်ကို တစ်ယောက်ယောက်က အပြစ်ပေးတော့မှာပဲ၊ ငါတို့ နဂါးမြို့တော်မှာ အဲ့လိုလုပ်နိုင်မယ့်လူ မရှိဘူးလို့ ထင်နေတာ”
တထောင်းထောင်းထနေသော ဖုန်မှုန့်များကို ကြည့်ပြီး လူတိုင်း လှောင်ပြောင် သရော်နေကြသည်။ သူတို့စိတ်ထဲတွင် ယဲ့ဖန် သေချာပေါက် သေပြီဟု ထင်နေကြလေသည်။
တောင်ဘီလူးများသည် သူတို့၏ ကြီးမားသော ခွန်အားကြောင့် ကျော်ကြားကြသည်။ တောင်ဘီလူးများ အတူတူ တိုက်ခိုက်လာလျင် စစ်မြေပြင်မှ သန်းချီသော သိုင်းပညာရှင်များ၏ ခွန်အားနှင့်ပင် ယှဉ်နိုင်ကြ၏။ ချွန်းယန်အဆင့် သိုင်းပညာရှင်တောင်မှ မနည်း ရှောင်တိမ်းရသဖြင့် သူတို့သည် အလွန် ကြောက်စရာ ကောင်းလှပေသည်။
သို့သော် ရှေ့ဆက် ဖြစ်ပေါ်လာသည့် မြင်ကွင်းက သူတို့အား ချောက်ချားသွားစေသည်.
“ဂျွတ်”
တစ်ခုခု အက်ကွဲပျက်စီးသွားသကဲ့သို့သော အက်သံတစ်သံ ထွက်ပေါ်လာ၏။
“ဂျွတ် ဂျွတ်”
အက်ကွဲသံများသည် ခုနစ်ခု၊ ရှစ်ခုရှိသည့် တင်းပုတ်များထံမှ ဆက်တိုက် ထွက်ပေါ်လာခြင်း ဖြစ်ပြီး တင်းပုတ်များ အားလုံး၌ ပင့်ကူမျှင်ကဲ့သို့သော အက်ရာများဖြင့် ပြည့်နှက်လာသည်။
“ဝုန်း”
တင်းပုတ်များအားလုံး ပေါက်ကွဲသွားပြီး ဘာမှမကျန်တော့ပေ။ ထိုအခါ လှောင်ပြောင် သရော်သံများ ရုတ်ချည်းဆိုသလို ရပ်တန့်သွားကြသည်။ လူတိုင်း ကြက်သေ သေသွားပြီးနောက် ဆူညံသံများ ဖြစ်ပေါ်လာသည်။
*ယဲ့ဖန်ရဲ့ ခန္ဓာကိုယ်က ဘာနဲ့ လုပ်ထားတာလဲ၊ ဒဏ္ဍာရီလာ သူတော်စင် သံမဏိတွေနဲ့ လုပ်ထားတာလား*
*တောင်ဘီလူး ခုနစ်ကောင်၊ ရှစ်ကောင် အတူတူ တိုက်တာတောင် မသတ်နိုင်ဘဲ သူတို့လက်နက်တွေပဲ ပျက် စီးသွားတာလား*
*ဒါ ဘယ်လိုဖြစ်ရတာလဲ*
တစ်ခဏအတွင်း ဖန်သားပြင် အပြင်ဘက်နှင့် အတွင်းဘက်တွင်ပါ အော်ဟစ်သံများ ထွက်ပေါ်လာသည်။ လူတိုင်း ကိုယ့်မျက်လုံးကိုယ် မယုံနိုင်ကြချေ။
“ဘယ်လိုလုပ် မင်းခန္ဓာကိုယ်က ငါတို့ထက် ပိုသန်မာရတာလဲ”
တောင်ဘီလူးများလည်း နားဝေတိမ်တောင် ဖြစ်နေကြသည်။ ဤတင်းပုတ်သည် အထူးကုန်ကြမ်းများဖြင့် ပြုလုပ်ထားခြင်း ဖြစ်ပြီး သူတို့တောင်မှ မဖျက်ဆီးနိုင်ပါ။ သို့ရာတွင် ဤသို့သော တင်းပုတ်များဖြင့် ပြိုင်တူ တိုက်ခိုက်လာသော်လည်း ယဲ့ဖန်ကြောင့် ပျက်စီးသွားသည်တဲ့လား။
ယဲ့ဖန်က အပြုံးကြီး ပြုံးလိုက်သည်။
“မင်းတို့က တရှန်ရဲ့ သားတော်တွေ ဆိုပင်မယ့် … ငါက ငရဲဘုံရဲ့ အရှင်သခင်လေ”
ထို့နောက် သူ လက်ဝါးဖြန့်၍ ရှေ့သို့ ရိုက်ချလိုက်သည်။ ထိုအခါ သူ့ရှေ့မှ တောင်ဘီလူး တစ်ကောင်၏ ခန္ဓာကိုယ်က ဆတ်ခနဲ တုန်သွားပြီး အားလုံး၏ အံ့ဩနေသော အကြည့်အောက်မှာပင် သူ၏ ခန္ဓာကိုယ်က နှစ်ခြမ်း ပြတ်ထွက် သွားသည်။
“ဝှစ်”
သွေးများနှင့် ကိုယ်တွင်းအင်္ဂါများ ပန်းထွက်လာပြီး လမ်းတစ်ခုလုံးတွင် ပြန့်ကျဲသွားသည်။ တစ်တန်မျှ အလေးချိန်ရှိသော နှလုံးက မြေကြီးပေါ် ပြုတ်ကျလာချိန်တွင် ဖုန်များပင် ထသွားရသည်။
*လက်ဝါးတစ်ချက်တည်းနဲ့ ခုတ်ပစ်တာလား*
လူတိုင်း ယဲ့ဖန်ကို ထိတ်လန့်တကြားနှင့် မယုံသင်္ကာ ကြည့်နေကြသည်။
*ဒါ ဘယ်လိုနည်းလမ်းကြီးလဲ*
ဤကြောက်စရာကောင်းသော မြင်ကွင်းက တောင်ဘီလူးများပင် ကြက်သေ သေသွားရသည်။ သူတို့ ထပ်၍ မမောက်မာရဲတော့ဘဲ နောက်သို့ ခြေလှမ်းအနည်းမျှဆုတ်၍ ကြောက်လန့်တကြား အော်ဟစ်လာသည်။
“မဖြစ်နိုင်ဘူး၊ ဒီမြေပေါ်မှာ မင်းလို ကြောက်စရာကောင်းတဲ့ မျိုးစိတ်မျိုး ဘယ်လိုလုပ် ရှိနိုင်မှာလဲ”
သူတို့အမြင်တွင် ဤသေးငယ်သော လူသားများအား ပုရွက်ဆိတ်ကို နင်းသကဲ့သို့ နင်းသတ်နိုင်သည်ဟု မှတ်ယူ ထားသည်။ သို့သော် သူတို့ရှေ့မှ ဤလူက သူတို့အားလုံးကို သေအောင် လုပ်နိုင်နေ၏။
ယဲ့ဖန်က နတ်ဆိုးသဖွယ် ကြောက်စရာကောင်းသော အပြုံးမျိုး ပြုံးလိုက်သည်။
“ဝေးဝေးပြေးလေ၊ ငါ မင်းတို့ကို တစ်မိနစ် အချိန်ပေးမယ်”
သူ့ပုံစံက အလွန်အမင်း မောက်မာလွန်းသည်။ ဤဧရာမ ဘီလူးများကို လုံးဝ မတူမတန်ဟန် ဆက်ဆံနေခြင်း ဖြစ်လေသည်။
သို့သော် ယခုအခါ၌ မည်သူမှ သူ့ကို လုပ်နိုင်စွမ်းမရှိဟု သံသယ မဝင်တော့ချေ။ ယဲ့ဖန်သည် သူ မည်မျှကြောက်စရာ ကောင်းသော လူဖြစ်ကြောင်းကို လုပ်ရပ်ဖြင့် သတ်သေပြနေသည် မဟုတ်ပါလော။
“မင်းကများ ငါတို့ တောင်ဘီလူးမျိုးနွယ်ကို စော်ကားရဲတယ်ပေါ့လေ၊ ငါ မင်းကို သတ်ပစ်မယ်ကွ”
အမွေးထူသော ဘီလူးတစ်ကောင်က ဒေါသတကြီး အော်ဟစ်လိုက်ပြီး ယဲ့ဖန်ကို လက်သီးဖြင့် ထိုးနှက်လေသည်။ သူတို့ တောင်ဘီလူးမျိုးနွယ်များသည် တစ်ခါမှ အထင်သေးမခံရပေ။ သို့ရာတွင် ယဲ့ဖန်က သူတို့ကို လှောင်ချင်ဟန်ဖြင့် ထွက်ပြေးခိုင်းနေသည်။ ဤသည်မှာ အကြီးအကျယ် အရှက်ခွဲခံရခြင်းပင်။
“မင်းတို့ မပြေးဘူးဆိုလည်း သေလိုက်တော့”
ယဲ့ဖန်က အသာပြုံး၍ ယင်ကောင်ကို ရိုက်ထုတ်သကဲ့သို့ လက်ဆန့်၍ ရိုက်လိုက်သည်။ သို့သော် ထိုရိုက်ချက်က လေထုအား အက်ကွဲပျက်စီးသွားစေသည်။
“ဝုန်း”
ထိုအသံနှင့်အတူ တောင်ဘီလူးသည် အစကတည်းက မရှိခဲ့သကဲ့သို့ နေရာမှာ ချက်ချင်း ပျောက်ကွယ် သွားလေသည်။ သူ၏ အနောက်မှ အဆောက်အဦးတွင် သွေးများ ပေကျံနေသည်။
“ဟမ်”
တောင်ဘီလူးများအားလုံး နားဝေတိမ်တောင် ဖြစ်သွားကြသည်။ သူတို့ တောင်ဘီလူးများသည် ဤမျှ သန်မာသော ရန်သူမျိုးနှင့် တစ်ခါမှ မကြုံဖူးသည့်အပြင် တစ်ခါမှ ပြန်တိုက်နိုင်သည့် အခွင့်အရေးမျိုး မရလိုက်သည်မျိုးလည်း မဖြစ်ဖူးချေ။
“၅၉, ၅၈,၅၇ …”
ထိုအခိုက်တွင် ယဲ့ဖန်က တဖြည်းဖြည်း လမ်းလျှောက်၍ ရေတွက်လာသည်။ သူ့မျက်နှာပေါ်မှ လှောင်ပြုံးက ပီပြင်သထက် ပီပြင်လာ၏။
တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်တွင်း၌ ယဲ့ဖန်၏ မျက်နှာကို ဝါးထားသော်လည်း လူတိုင်း ထိုအပြုံး၏ ကြောက်စရာ ကောင်းပုံကို ခံစားမိနေသေးသည်။
“၅၆, ၅၅,၅၄”
ထိုအခိုက်တွင် ဖျင်အန်းမြို့မှ လူတိုင်းသည်လည်း မာန်ပါပါဖြင့် ကြွေးကြော်နေကြပြီး ယဲ့ဖန်၏ ခြေလှမ်းအတိုင်း နောက်မှ တစ်လှမ်းချင်း လှမ်းကာ လိုက်လာကြသည်။
သူတို့၏ မျက်နှာတွင် ဝမ်းသာ၍ လေးစားအားကိုးစိတ်များ ပေါ်နေ၏။ ဤကျူးကျော်သူများကို ယဲ့ဖန်နှင့်အတူ မောင်းထုတ်ချင် နေသည့်ပုံပင်။
ယခင်က သူတို့သည် ဤဘီလူးများ၏ လိုက်ဖမ်းခြင်း ခံရကာ ထွက်ပြေးခဲ့ရသည်။ သို့သော် ယခု ယဲ့ဖန်က သူတို့ကို တူညီသော နည်းလမ်းဖြင့် ပြန်လည် လှောင်ပြောင်နေသည်။ တောင်ဘီလူးများသည်လည်း ဤသည်ကို ရိပ်မိပြီး အလွန် ဒေါသထွက်နေကြသည်။
သူတို့ ခြေထောက်တစ်ဖက်တည်းဖြင့် နင်းသတ်နိုင်ပြီး သူတို့ နှိပ်စက်သတ်ဖြတ်ခဲ့သော လူသားများက ပြန်နှင်ထုတ် နေသဖြင့် သူတို့ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေနိုင်မည်နည်း။
“သတ်ကွာ”
ကျန်နေသော တောင်ဘီလူး ငါးကောင်က ပြိုင်တူ ရှေ့တက်၍ အားကုန်သုံးကာ လက်သီးနှင့် ခြေထောက်များ ကိုသုံး၍ ယဲ့ဖန်ကို တိုက်ခိုက်လာ၏။
သူတို့၏ ခြေထောက်များ အောက်သို့ နိမ့်ဆင်းလာတော့မည့်အချိန်၌ ပြင်းထန်ကြောက်ရွံ့ဖွယ်ကောင်းသော စွမ်းအင်လှိုင်းသုံးခု ပျံ့လွင့်လာသည်။
“ဝုန်း ဝုန်း ဝုန်း”
ကျယ်လောင်သော အသံသုံးသံနှင့်အတူ တောင်ဘီလူး သုံးကောင်၏ ခန္ဓာကိုယ်များ ရုတ်တရက် တောင့်တင်း သွားပြီးနောက် ချက်ချင်း ပေါက်ကွဲသွားလေသည်။ သူတို့၏ သွေးများနှင့် အသားစများက ဘေးသို့ လွင့်စဉ်လာသည်။
ကောင်းကင်မျ သွေးမိုး ရွာသကဲ့သို့ သွေးများ ပန်းထွက်ကာ ကြီးမားသော ကိုယ်တွင်းအင်္ဂါများ လွင့်ထွက်လာသဖြင့် လောကပေါ်သို့ ကြေးချွတ်သန့်စင်ဘုံ ရောက်လာလေသလားဟု ထင်မှတ်မှားရသည်။
ယဲ့ဖန်သည် အလွန် ရက်စက်ကြမ်းကြုတ်လှသည်။ ဘေးဘက်၌ ရှိနေသော တောင်ဘီလူး နှစ်ကောင်သည် တစ်ကိုယ်လုံး အေးစိမ့်သွားပြီး တုန်တုန်ယင်ယင်နှင့် မြေကြီးပေါ် လဲကျသွားသည်။
*လက်သီးတစ်ချက်နဲ့ တောင်ဘီလူး တစ်ကောင်ကို သတ်နိုင်တယ်*
*လက်သီးငါးချက်ဆို ငါးကောင်ကို သတ်နိုင်တယ်*
*ဒီလူသားလေးက သူ့ကိုယ် သေးသေးလေးထဲမှာ လောကကိုပါ ဖျက်ဆီးနိုင်တဲ့ စွမ်းအားမျိုးကို ဖုံးကွယ်ထားတဲ့ပုံပဲ*
ထိုအခိုက်တွင် သူတို့သည် ကြောက်ရွံ့ခြင်းဟူသော စကားလုံး၏ အဓိပ္ပာယ်ကို နက်နက်ရှိုင်းရှိုင်း နားလည် သွားကြသည်။ သူတို့၏ ရဲရင့်၍ ပြိုင်ဘက်ကင်းသည်ဟူသော ခံစားချက်က ယခုအချိန်တွင် ပျောက်ကွယ် သွားလေသည်။
သူတို့၏ ကျောပြင်၌ ချွေးစေးများဖြင့် ရွှဲစိုနေ၏။ သူတို့က ဤလူသားများကို ပုရွက်ဆိတ်သဖွယ် သတ်မှတ် ထားသော်လည်း ထိုလူသားများ၏ အမြင်၌ သူတို့သာ ပုရွက်ဆိတ် ဖြစ်နေသည် မဟုတ်ပါလော။
“ထွက်ပြေးရမယ်၊ အရိုးခေါင်း စစ်ဘုရင်ကို ပြန်သတင်းပို့ပြီး ငါတို့အတွက် လက်စားချေခိုင်းရမယ်”
ဘီလူးတစ်ကောင်က ကြောက်လန့်တကြား အော်လိုက်ပြီး ကျန်နှစ်ကောင်က ပြိုင်တူ နောက်လှည့်ပြေးလေသည်။ သူတို့ အမှန်တကယ် ကြောက်လန့်နေကြသည်။ သူတို့ မည်မျှ ကြိုးစားပါသော်ငြားလည်း သေခြင်းဟူသည့် အဆုံးသတ် တစ်ခုတည်းကသာ စောင့်ကြိုနေ၏။
သူတို့၏ တောင်ဘီလူးဘုရင်နှင့် အရိုးခေါင်း စစ်ဘုရင်တို့ကိုသာ သတင်းပို့နိုင်မှသာလျင် တောင်ဘီလူး အားလုံးကို ဦးဆောင်၍ ဤလူကို သတ်နိုင်ပေလိမ့်မည်။
လက်ရှိတွင် သူတို့လုပ်နိုင်သည့် အရာဟူ၍ သေခြင်းတရားသာ ရှိလေသည်။ သူတို့ မရပ်မနား ထွက်ပြေး နေကြသည်။
“ဒုန်း ဒုန်း ဒုန်း”
မြေဆီလွှာ တုန်ခါနေပြီး တောင်တန်းများ လှုပ်ခါနေ၏။ တောင်ဘီလူးနှစ်ကောင်သည် အားကုန်သုံး၍ နောက်ကျတဲ့ ခြေထောက် သစ္စာဖောက်ဟူ၍ နှလုံးသွင်းကာ သုတ်ခြေတင် ပြေးနေကြသည်။
ဤသို့သော ဖိအားအရှိန်အဝါမျိုးကို သူတို့ အရိုးခေါင်း စစ်ဘုရင်ထံ၌သာ ခံစားခဲ့ဖူးသည်။ ထို့ကြောင့် သူတို့ ခွန်အားမဲ့သလို ခံစားမိနေ၏။
“မြန်မြန် မြန်မြန်လုပ်”
ယဲ့ဖန်က သူတို့အနောက်မှနေ၍ ဆော်ဩနေသည်။ သူ့အသံ၌ ရက်စက်၍ သွေးဆာသော အငွေ့အသက်များ ပြည့်နှက်နေပြီး သွေးနံ့ရသော ငါးမန်းတစ်ကောင်လိုပင်။
“မြန်မြန် မြန်မြန်ပြေးကြလေ”
သူ့အနောက်မှ ဖျင်အန်းမြို့မှ လူများကလည်း အော်ဟစ်လာပြီး လှောင်ပြုံးများ ပြုံးနေကြသည်။ ထိုတောင်ဘီလူး နှစ်ကောင် ဘာဖြစ်လာမလဲ ဆိုသည်ကို သူတို့ ခန့်မှန်းမိပြီးသားပင်။ ထို့ကြောင့် သူတို့ အားပါးတရ ရယ်မောမိကြသည်။ သူတို့ကို တောင်ဘီလူးများ လိုက်သတ်ခဲ့စဉ်က ရယ်ခဲ့သော ရယ်သံနှင့် တစ်ထေရာတည်းပင်။
ထိုတောင်ဘီလူး နှစ်ကောင်၏ မျက်နှာများ မည်းမှောင်နေပြီး အလွန် အရှက်ရနေကြသည်။ သိ့သော် သူတို့ ပြန်လှည့်ကြည့်ရဲသည့် သတ္တိမရှိပေ။ ထိုနတ်ဆိုးနှင့် ရင်ဆိုင်ရဲသည့် သတ္တိမရှိပါ။
“ဒုန်း”
သို့သော် ထိုအခိုက်တွင် ပြင်းထန်သော နတ်ဆိုးစွမ်းအင်က ထိုတောင်ဘီလူးနှစ်ကောင်ထံ တိုးဝှေ့လာသည်။