အခန်း ၃၅၁
Vol. 36 Ch. 351
အခန်း (၃၅၁) မေ့နေလိုက်တာ... မင်းလည်း ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ပဲလေ
ကြီးမားလှသော သမင်ကြီးများက ရွှီယန်၏ ဘေးမှ ဖြတ်လျှောက်သွားကြသည်။
၎င်းတို့က ရွှီယန်ကိုဖြစ်စေ ဝံပုလွေပေါက်လေးကိုဖြစ်စေ အနည်းငယ်မျှ ဂရုမစိုက်ကြချေ။
ရွှီယန်၏ ရှေ့မှနေ၍ ဖြည်းညင်းစွာ ဖြတ်လျှောက်သွားကြပြီးနောက် ရေကန်ဘေးတွင် အနားယူနေကြသည်။
၎င်းတို့က သဘာဝအတိုင်းပင် မကြောက်ရွံ့ကြပေ။
သဘာဝလောကတွင် ခန္ဓာကိုယ်အလေးချိန်က အင်အားကို ကိုယ်စားပြုလေ့ရှိသည်။
ကုန်းနေသတ္တဝါများထဲတွင် တိုက်ခိုက်ရေးစွမ်းရည် အမြင့်မားဆုံး တိရစ္ဆာန်မှာ ကျားလည်းမဟုတ်သလို ဝက်ဝံညိုလည်း မဟုတ်ဘဲ ဆင်သာလျှင် ဖြစ်သည်။
အလေးချိန် ပိုများလေ တိုက်ခိုက်နိုင်စွမ်း ပိုမြင့်လေပင်။
ဤသမင်ကြီးများက ဤမျှ ကြီးမားပြီး အလေးချိန်အားဖြင့် ပေါင် ၅၀၀ ကျော် ၆၀၀ ခန့် ရှိကြသည်။
ထို့ပြင် အုပ်စုလိုက် နေထိုင်ကြသဖြင့် ၎င်းတို့က မည်သည့် အန္တရာယ်ကိုမျှ မကြောက်ရွံ့ကြချေ။
"ဒီအရွယ်အစားက ကြီးလွန်းတယ်နော်..."
"အနီးကပ် မြင်ရမှပဲ ပိုပြီး ရှင်းရှင်းလင်းလင်း ခံစားရတော့တယ်..."
ရွှီယန်က ဘေးမှကြည့်ရင်း မနေနိုင်ဘဲ အံ့ဩတကြီး ရေရွတ်လိုက်သည်။
အင်တာနက်သုံးစွဲသူများက ပို၍ပင် အံ့အားသင့်နေကြသည်။
ယနေ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရသည်မှာ တကယ်ကို ဗဟုသုတ တိုးစေသည်။
ဤအကောင်မျိုးကို တိရစ္ဆာန်ရုံများတွင်ပင် မြင်တွေ့ရခဲလှပေသည်။
ရွှီယန်က သမင်ကြီးများကို ဓာတ်ပုံတစ်ပုံ ရိုက်ယူလိုက်သည်။
၎င်းတို့က ပထမအဆင့် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်များ ဖြစ်သဖြင့် ရွှီယန် နောက်ထပ် ရမှတ် ၅ မှတ် ရရှိသွားရာ လက်ရှိတွင် ၃၇ မှတ် ရှိသွားပြီ ဖြစ်သည်။
တာဝန်ပြီးမြောက်ရန် ပို၍ နီးကပ်လာခဲ့လေပြီ။
ဤသည်ကို တွေးမိသောအခါ ရွှီယန် အနည်းငယ် စိတ်လှုပ်ရှားလာသည်။
နောက်ပိုင်းလုပ်ရမည့် အရာများက ရိုးရှင်းသွားပြီ ဖြစ်သည်။
သူ့ထံတွင် ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် အသုံးပြုခွင့် အကြိမ်ရေများ ကျန်ရှိနေသေးသဖြင့် ပစ်မှတ်ထားသော တောရိုင်းတိရစ္ဆာန်များကို တိုက်ရိုက် ရှာဖွေနိုင်ပေသည်။
ရွှီယန်က အင်တာနက်ပေါ်ရှိ အချက်အလက်များကို ရှာဖွေကြည့်လိုက်သည်။
အတွင်းမွန်ဂိုလီးယား သစ်တောများထဲတွင် မည်သည့် ပထမအဆင့် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်များ ရှိနေသနည်း ဆိုသည်ကို အင်တာနက်တွင် ရှာလိုက်သည်နှင့် တွေ့နိုင်ပေသည်။
ရွှီယန်၏ အကြည့်များက တောကတိုးသမင် နှင့် တောခွေးဝံ တို့အပေါ်သို့ ကျရောက်သွားသည်။
ဤတစ်ကြိမ် တောတောင်ရှာဖွေရေး ခရီးစဉ်မှာ တောရိုင်းတိရစ္ဆာန်များကို မျက်မြင်တွေ့ရှိရသော အံ့မခန်း ခရီးစဉ်တစ်ခုပင် ဖြစ်သည်။
ရှားပါး တောရိုင်းတိရစ္ဆာန် မျိုးစုံကို မြင်တွေ့နိုင်သဖြင့် အတွေ့အကြုံက အလွန် ကောင်းမွန်လှပေသည်။
ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ကို ထုတ်ယူကာ တောကတိုးသမင်၏ တည်နေရာကို ရှာဖွေလိုက်သည်။
မကြာခင်မှာပင် မြေပုံပေါ်၌ တောကတိုးသမင်၏ တည်နေရာ ပေါ်ထွက်လာခဲ့သည်။
ထို့နောက် ရွှီယန်က ဝံပုလွေပေါက်လေးကို ခေါ်ဆောင်ကာ အဝေးရှိ တောကတိုးသမင်ထံသို့ ဦးတည် ထွက်ခွာသွားတော့သည်။
တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းမှာ အရင်တိုင်းပင် ကျယ်ပြောပြီး လှပနေဆဲပင်။
ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေသူ အလွန် များပြားလှပြီး အသက်အရွယ်စုံ ပါဝင်လေသည်။
ယနေ့က စနေတနင်္ဂနွေ အားလပ်ရက် ဖြစ်သဖြင့် တက္ကသိုလ်ကျောင်းသား အများစုမှာ တစ်နေ့လုံး အဆောင်ရှိ ကုတင်ပေါ်တွင် လှဲလျောင်းရင်း အချိန်ကုန်လေ့ရှိကြသည်။
အိမ်သာသွားရန်နှင့် ပါဆယ်မှာထားသော အစားအသောက် ယူရန်မှအပ နေရာမှပင် မထကြချေ။
သူတို့ အိပ်ရာနိုးလာပြီး ဘာလုပ်ရမှန်း မသိသည့်အခါ ဖုန်းထုတ်ကာ ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုလေ့ ရှိကြသည်။
နွေးထွေးသော စောင်ပုံထဲတွင် လှဲလျောင်းရင်း အခြားသူတစ်ယောက် တောတောင်ထဲ၌ စူးစမ်းရှာဖွေနေသည်ကို ကြည့်ရသည်မှာ တကယ်ကို သက်သောင့်သက်သာ ရှိလှသည်ဟု ဆိုရမည်။
ပျော်ရွှင်မှု နှစ်မျိုးကို တစ်ပြိုင်နက်တည်း ခံစားရသကဲ့သို့ပင်။
"စောစောက သမင်ကြီးတွေကို တွေ့လိုက်လား... အရမ်းကြီးတာပဲကွာ... ငါတောင် ကြောင်သွားတယ်..."
အဆောင်ထဲတွင် ကျောင်းသားတစ်ယောက်က အခန်းဖော်များနှင့် စကားစမြည် ပြောနေသည်။
"တွေ့တယ်... အစ်ကိုယန်က တကယ် ကြမ်းတာပဲ..."
"ဘယ်မှာလဲ... ဘာသမင်ကြီးလဲ... ဘယ်လောက်ကြီးလဲ ငါကြည့်မယ်... လခွမ်း... ဒီလောက်တောင် ကြီးတာလား..."
"အင်တာနက် တစ်ခွင်မှာ သူက နံပါတ်တစ်ပဲ... ဒါမျိုးမှ နာမည်မကြီးရင် မတရားဘူးပေါ့..."
အားလုံးက စိတ်လှုပ်ရှားစွာ ဆွေးနွေးနေကြပြီး ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှု အကြောင်းအရာကို အထူး စိတ်ဝင်စားနေကြသည်။
ဤအချိန်တွင် ရွှီယန်မှာ အခြားသော ပထမအဆင့် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်တစ်မျိုးကို စတင် ရှာဖွေနေပြီ ဖြစ်သည်။
သံလိုက်အိမ်မြှောင် ရှိနေသဖြင့် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်များကို ရှာဖွေရသည့် အခက်အခဲမှာ အတော်လေး နည်းပါးလှပေသည်။
သမင်ကြီးများကို ကြည့်ရှုပြီး တစ်နာရီခန့် အကြာတွင် ရွှီယန်က အခြား ပထမအဆင့် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန် တစ်မျိုးဖြစ်သော တောကတိုးသမင်ကို ဓာတ်ပုံရိုက်နိုင်ခဲ့သည်။
ရမှတ် ၅ မှတ် ထပ်ပေါင်းလိုက်ရာ လက်ရှိတွင် ၄၂ မှတ် ရှိသွားပြီ ဖြစ်သည်။
"ဒီနေ့ ကံတကယ် ကောင်းတာပဲ..."
"တောတွင်း ဓာတ်ပုံဆရာတွေဆို တောထဲမှာ လဝက်လောက် နေတာတောင် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန် တချို့တလေကိုတောင် တွေ့ချင်မှ တွေ့ရတာလေ..."
"ငါကတော့ အကုန်တွေ့နေရတယ်..."
"ဟိုဘက်ကို ကြည့်လိုက်... ပထမအဆင့် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန် တောကတိုးသမင် ပဲ..."
"အရင်တုန်းက ကျွန်တော် ကောက်ရခဲ့တဲ့ ကတိုးမွှေးကို မှတ်မိကြသေးလား... အဲဒါ သူတို့ဆီက ထွက်တာလေ..."
"အရင်တုန်းက ချန်ပိုင်တောင်တန်း အနက်ပိုင်းမှာ တောတောင်ရှာဖွေရေး သွားတုန်းက အမေနဲ့ ကွဲနေတဲ့ တောကတိုးသမင်ပေါက်လေး တစ်ကောင်နဲ့ တွေ့ဖူးသေးတယ်... သစ်တောဦးစီးဌာနကို အကြောင်းကြားပြီးတော့ အဲဒီသမင်ပေါက်လေးကို ခေါ်ပြီး သူ့အမေကို လိုက်ရှာပေးခဲ့ရတာ..."
ရွှီယန်က တောင်ကုန်းအနောက်တွင် ပုန်းအောင်းရင်း အဝေးရှိ သစ်တောထဲတွင် မြက်စားနေသော တောကတိုးသမင်ကို ကြည့်ကာ ပြောပြလိုက်သည်။
သူက ဆောင့်ကြောင့်ထိုင်လျက် ခန္ဓာကိုယ်ကို ဖုံးကွယ်ထားရာ သူ့ပုံစံကို မြင်သောအခါ ဝံပုလွေပေါက်လေးကလည်း စကားနားထောင်စွာဖြင့် ဝပ်ချလိုက်သည်။
ရွှီယန် ဘာလုပ်နေမှန်း ၎င်း မသိသော်လည်း ရွှီယန် လုပ်သမျှကို လိုက်လုပ်နေခြင်း ဖြစ်သည်။
တကယ်ကို လိမ္မာလှပေသည်။
အင်တာနက်သုံးစွဲသူများက အဝေးမှ တောကတိုးသမင်ကို မြင်သောအခါ ထပ်မံ၍ ကြောင်အမ်းအမ်း ဖြစ်သွားကြပြန်သည်။
'ဒါက ဘာကောင်ကြီးလဲ... ဘာလို့ ဒီလောက် သေးငယ်နေရတာလဲ... ပါးစပ်ထဲမှာလည်း အစွယ်တွေနဲ့ပါလား...'
တောကတိုးသမင်များ၏ ပခုံးအမြင့်မှာ ၄၀ စင်တီမီတာကျော်ခန့်သာ ရှိပြီး သာမန် ရွာခွေးတစ်ကောင်အရွယ်ခန့်သာ ရှိသဖြင့် ၎င်းတို့ကို အရွယ်အစား သေးငယ်သော သမင်များအဖြစ် နားလည်ထားနိုင်ပေသည်။
သို့သော် တောကတိုးသမင်၏ အထူးခြားဆုံး အချက်မှာ အထီးများ၏ အထက်အစွယ်များက အလွန် ဖွံ့ဖြိုးပြီး နှုတ်ခမ်းအပြင်ဘက်သို့ ထွက်နေကာ ပင်လယ်ခြင်္သေ့များနှင့်ပင် တူနေခြင်း ဖြစ်သည်။
လူတိုင်း အံ့ဩသွားကြသည်မှာလည်း မဆန်းချေ။
'စောစောကမှ နှစ်မီတာကျော်မြင့်တဲ့ သမင်ကြီးတွေကို တွေ့ခဲ့ရပြီး အခု ခဏလေး လမ်းလျှောက်လိုက်တာနဲ့ အရပ်ပုပု သမင်နဲ့တူတဲ့ သတ္တဝါကို ထပ်တွေ့ရပြန်တယ်... ပါးစပ်ထဲမှာလည်း အစွယ်တွေ ရှိနေသေးတယ်... တောနက်ကြီးထဲက တိရစ္ဆာန်တွေ အကုန်လုံးက ဒီလောက်တောင် ထူးဆန်းနေကြတာလား...'
ယခုအခါ တိုက်ရိုက်ထုတ်လွှင့်မှုထဲတွင် ပရိသတ်အသစ်များ အလွန် များပြားနေပြီဖြစ်ရာ လူအများစုမှာ ရွှီယန် အရင်က တောကတိုးသမင်နှင့် တွေ့ခဲ့ဖူးသည့် ကိစ္စကို မသိရှိကြချေ။
ထို့ကြောင့် တောကတိုးသမင်ကို ပထမဆုံးအကြိမ် မြင်တွေ့ရသောအခါ အားလုံးက အထူး အံ့အားသင့်နေကြခြင်း ဖြစ်သည်။
[ဒီအကောင်လေးက ရုပ်ထွက် တော်တော် ဆန်းတာပဲ...]
[ဒါ အရမ်းကို အံ့ဩစရာကောင်းတာပဲ...]
[လခွမ်း... ဒီလို တိရစ္ဆာန်မျိုးမှာတောင် အစွယ်တွေ ရှိတယ်လား... ဘာလုပ်ဖို့လဲ... သွေးစုပ်ဖို့လား...]
[ဒါကလည်း ပထမအဆင့် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ပဲလား... ရုပ်ရည် ပိုဆန်းလေ ကာကွယ်စောင့်ရှောက်ရေး အဆင့် ပိုမြင့်လေ ဆိုတာ တကယ်ပဲကိုး...]
မှတ်ချက်များက ချက်ချင်းပင် ဆက်တိုက် တက်လာတော့သည်။
ရွှီယန်က အဝေးမှ တောကတိုးသမင်ကို ကြည့်ရင်း မနေနိုင်ဘဲ သေချာစွာ အကဲခတ်နေမိသည်။
ဤတောကတိုးသမင်က တကယ်ကို တွေ့ရခဲလှပေသည်။
ခန္ဓာကိုယ် သေးငယ်ပြီး ပြေးလွှားရာတွင်လည်း လျင်မြန်လှသည်။
တောနက်ကြီးများထဲတွင်သာ နေထိုင်လေ့ရှိသဖြင့် ပုံမှန်အားဖြင့် တကယ်ကို မြင်တွေ့ရလေ့ မရှိချေ။
"သူတို့က တကယ်ကို ထူးခြားတယ်..."
"ကျွန်တော် သိထားသလောက်ဆိုရင် တောကတိုးသမင်တွေက ခွာရှိတဲ့ တိရစ္ဆာန်တွေထဲမှာ သစ်ပင်တက်တတ်တဲ့ အကောင် အနည်းငယ်ထဲက တစ်မျိုးပဲ..."
"သူ့ခန္ဓာကိုယ် သေးတာကို အထင်မသေးနဲ့နော်... တိမ်းစောင်းနေတဲ့ သစ်ပင်တွေကို သွက်သွက်လက်လက် တွယ်တက်နိုင်ပြီး သေးငယ်တဲ့ သစ်ကိုင်းတွေပေါ်မှာတောင် လမ်းလျှောက်သွားလာရင်း သစ်ရွက်တွေကို ခူးစားနိုင်တယ်..."
"သစ်ကိုင်းတွေပေါ်မှာလည်း ခုန်ပေါက်နိုင်သေးတယ်..."
"သာမန် ခွာရှိတဲ့ တိရစ္ဆာန်တွေဆို ဒီလိုမျိုး လုပ်နိုင်မှာ မဟုတ်ဘူး..."
ရွှီယန်က ဗဟုသုတများကို ရှင်းပြလိုက်ပြန်သည်။
'ဟင်...'
သူ၏ စကားကို ကြားသောအခါ တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ သုံးသိန်းကျော်သော အင်တာနက်သုံးစွဲသူများ အားလုံး အနည်းငယ် အံ့ဩမှင်တက်သွားကြသည်။
'နေပါဦး... ဒီအကောင်လေးက သစ်ပင်တက်တတ်တယ်လား... သူက ဘာကို အားပြုပြီး တက်တာလဲ...'
တကယ်တမ်းတွင်လည်း ပုံမှန်ပါပင်။
ကျောက်တောင်ဆိတ်များက ချောက်ကမ်းပါးများတွင် နေထိုင်ရသည်ကို နှစ်သက်သကဲ့သို့ တချို့သော တိရစ္ဆာန်များ၏ အပြုအမူများကို သာမန် ယုတ္တိဗေဒဖြင့် ဆုံးဖြတ်၍ မရနိုင်ချေ။
ဤအချိန်တွင် တောကတိုးသမင်က ၎င်းကို တစ်စုံတစ်ယောက် စောင့်ကြည့်နေကြောင်း သတိထားမိသွားပုံရသည်။
၎င်း၏ သတိထားတတ်သော ပင်ကိုယ်အသိစိတ်ကြောင့် ချက်ချင်း နောက်လှည့်ကာ ပြေးတော့သည်။
၎င်း၏ အမြန်နှုန်းက အလွန် မြန်ဆန်လှပြီး ခြေထောက်များကလည်း အလွန် ကျုံ့ဆန့်နိုင်စွမ်း ရှိလေသည်။
မကြာခင်မှာပင် သစ်တောအုပ်ထဲသို့ လျင်မြန်စွာ ခုန်ပေါက် ဝင်ရောက်သွားပြီး မျက်စိတစ်မှိတ်အတွင်း ပျောက်ကွယ်သွားတော့သည်။
ဤတိရစ္ဆာန်များကို တစ်ခဏမျှသာ မြင်တွေ့ရလေ့ရှိသည်။
ထပ်မံ မြင်တွေ့ရန်မှာ အလွန် ခက်ခဲလှပေသည်။
သစ်တောက အလွန် ကြီးမားကျယ်ဝန်းပြီး ၎င်းတို့က အလွန် သတိထားတတ်ကြသည်။
အမြဲတမ်း သတိကြီးစွာဖြင့် အသက်ရှင် နေထိုင်တတ်ကြသည်။
ရွှီယန်လည်း သက်ပြင်းချရုံသာ တတ်နိုင်တော့သည်။
အချိန် တဖြည်းဖြည်း နှောင်းလာသောအခါ ရွှီယန်က အစားအသောက် အနည်းငယ်ကို အလွယ်တကူ စားသောက်လိုက်ပြီး ဝံပုလွေပေါက်လေးကိုလည်း အမဲခြောက် အနည်းငယ် ကျွေးလိုက်ကာ အနားယူရန် နေရာတစ်ခု အရင်ရှာရန် ပြင်ဆင်လိုက်သည်။
မနက်ဖြန်လောက် ဆိုလျှင် နောက်ကြောင်းပြန်လှည့်၍ ရလောက်ပြီ ဖြစ်သည်။
သို့သော် တောခွေးဝံ၏ အတိအကျ တည်နေရာကိုတော့ ရှာကြည့်ရဦးမည် ဖြစ်သည်။
တောခွေးဝံ ဆိုသည်မှာ မြောက်ပိုင်း၏ ပျားစားခွေးတူဝက်တူ ဟုပင် ခေါ်ဆိုနိုင်ပြီး မြွေပါဝက်ဝံ ဟုလည်း ခေါ်ကြသည်။
ဤအကောင်က မြွေပါမျိုးရင်း တိရစ္ဆာန်များထဲတွင် နံပါတ်တစ် အကြမ်းဆုံး သားရဲပင် ဖြစ်သည်။
ကြောင်မျိုးရင်းတွင် အကြမ်းဆုံးက အရှေ့မြောက်ကျား ဖြစ်ပြီး ဝက်ဝံမျိုးရင်းတွင် အကြမ်းဆုံးက ဝင်ရိုးစွန်းဝက်ဝံ ဖြစ်သကဲ့သို့ တောခွေးဝံ ဆိုသည်မှာ မြွေပါမျိုးရင်း တိရစ္ဆာန်များ၏ ခေါင်းဆောင်ပင် ဖြစ်သည်။
အဓိက အသားစား မျိုးရင်းကြီး ရှစ်ခုထဲမှ တစ်ခုဖြစ်သော မြွေပါမျိုးရင်းဝင် တိရစ္ဆာန်ငယ်လေးများက တစ်ကောင်ချင်းစီတိုင်း အလွန် အစွမ်းထက်ကြသည်။
ချစ်စရာကောင်းသော ဖျံလေးများပင်လျှင် ထူးခြားလှပေသည်။
တောခွေးဝံ ဆိုသော အကောင်က ကျားသစ်ကွက်နှင့် တောဝံပုလွေများကိုပင် အခွင့်အရေးရလျှင် ရသလို သတ်ဖြတ်လေ့ ရှိသည်။
ပျားစားခွေးတူဝက်တူ၏ စရိုက်နှင့် တစ်ပုံစံတည်းပင် ဖြစ်သည်။
မည်သို့ပင်ဖြစ်စေ မွေးရာပါ အရည်အချင်း ကောင်းမွန်ပြီး သေရမည်ကိုလည်း မကြောက်ရွံ့ကြချေ။
ရွှီယန်က တည်နေရာကို ရှာဖွေကြည့်လိုက်ရာ တောခွေးဝံ၏ တည်နေရာကလည်း သိပ်မဝေးလှချေ။
သို့သော် ဤတစ်ကြိမ်တွင်တော့ တောခွေးဝံကို တိုက်ရိုက်ထုတ်လွှင့်မှုမှတစ်ဆင့် မပြသတော့ချေ။
ယနေ့ မြင်တွေ့ခဲ့ရသော ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်များက အလွန် များပြားနေပြီ ဖြစ်သည်။
ထိုကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်များက ကာကွယ်ရေးအဆင့် မြင့်မားသော်လည်း ကြီးမားသော စီးပွားရေးတန်ဖိုး မရှိသဖြင့် ခိုးဝှက်အမဲလိုက်ခံရနိုင်ခြေ အလွန် နည်းပါးလှပေသည်။
ကြိုးကြာဖြူ... သမင်ပြောက်... သမင်ကြီးများ ကဲ့သို့ပင် တကယ်တမ်းတွင် အရေအတွက် အတော်လေး များပြားသဖြင့် ထိုအကောင်များကို မည်သည့် ခိုးဝှက်အမဲလိုက်သူကမျှ လိုက်လံ မဖမ်းဆီးကြချေ။
သို့သော် တောခွေးဝံ၏ သားမွေးက အလွန် ကောင်းမွန်လွန်းပြီး စီးပွားရေးတန်ဖိုး မြင့်မားသဖြင့် ခိုးဝှက်အမဲလိုက်သူများ ရှိနေတတ်သည်။
ရွှီယန်ကလည်း ခိုးဝှက်အမဲလိုက်သူများ တွေ့ရှိသွားမည်ကို စိုးရိမ်သဖြင့် တောခွေးဝံကို ရှာတွေ့သောအခါ တိုက်ရိုက်ထုတ်လွှင့် မပြသခဲ့ချေ။
သူ့ဘာသာ အေးအေးဆေးဆေးပင် ဓာတ်ပုံရိုက်ယူလိုက်သည်။
ရမှတ် ၅ မှတ် ထပ်ပေါင်းလိုက်ရာ ယခုဆိုလျှင် ၄၇ မှတ် ဖြစ်သွားပြီ ဖြစ်သည်။
ထို့နောက် ရွှီယန်က လေကွယ်သည့် နေရာတစ်ခုကို ရှာကာ တဲထိုးပြီး အနားယူလိုက်သည်။
ရမှတ်က ၃ မှတ်လိုနေသေးသဖြင့် တာဝန်ပြီးမြောက်ရန် ရွှီယန်၏ စိတ်ထဲတွင် အမြဲတမ်း တွေးတောနေမိသည်။
ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန် တစ်ကောင်ကို ထပ်မံ ဓာတ်ပုံရိုက်နိုင်လိုက်ရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။
သူက တိုက်ရိုက်ထုတ်လွှင့်မှုကို ပိတ်လိုက်ပြီး တဲထဲတွင် ထိုင်ကာ မနက်ဖြန် မည်သည့်တိရစ္ဆာန်ကို ဓာတ်ပုံရိုက်ရမည်နည်း ဟု စဉ်းစားတွက်ချက်နေလေသည်။
ထိုအချိန်မှာပင် ဝံပုလွေပေါက်လေးက ရုတ်တရက် အနားသို့ ကပ်လာပြီး ရွှီယန်၏ အရှေ့တွင် ချစ်စရာကောင်းအောင် လုပ်ပြနေတော့သည်။
ရွှီယန်က ဝံပုလွေပေါက်လေးကို ကြည့်ရင်း ရုတ်တရက် အကြံတစ်ခု ရသွားသည်။
"ဟုတ်သားပဲ... မင်းက ဒုတိယအဆင့် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်လေ..."
"ငါ မေ့နေလိုက်တာ... မင်းကလည်း ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ပဲကိုး..."
ရွှီယန်မှာ မနေနိုင်ဘဲ စိတ်လှုပ်ရှားလာတော့သည်။
တာဝန်၏ လိုအပ်ချက်မှာ ဟူလွန်ပေ့အော် သစ်တောဒေသတွင် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန် မျိုးစုံကို ဓာတ်ပုံရိုက်ရန်သာ ဖြစ်ပြီး သူကိုယ်တိုင် မွေးထားသည့် အကောင် ဟုတ်မဟုတ် ဆိုသည်ကို မပြောထားချေ။
သတ်မှတ်ထားသော နယ်မြေအတွင်း ဓာတ်ပုံရိုက်နိုင်လျှင် ရပြီ ဖြစ်သည်။
တကယ်ကို မြည်းစီးပြီး မြည်းရှာနေမိခြင်းပင်။
ဝံပုလွေပေါက်လေးကိုပင် မေ့လုနီးပါး ဖြစ်သွားခဲ့ရသည်။
ဝံပုလွေပေါက်လေးက ရွှီယန် ဤမျှ စိတ်လှုပ်ရှားနေသည်ကို မြင်သောအခါ ခေါင်းလေးကို စောင်းကာ နားမလည်နိုင်အောင် ဖြစ်နေလေသည်။
"လာ ရှောင်လန်... သေချာ ရပ်နေ... မင်းကို ဓာတ်ပုံတစ်ပုံ ရိုက်ပေးမယ်..."
ရွှီယန်က ဖုန်းကို ကောက်ကိုင်လိုက်ပြီး ဝံပုလွေပေါက်လေးကို ဓာတ်ပုံတစ်ပုံ ရိုက်ယူလိုက်သည်။
ထင်သည့်အတိုင်းပင် သူက စနစ်၏ အချက်ပြစာသားကို ရရှိလိုက်လေသည်။
[ရမှတ် + ၃]
ဤသည်နှင့် ၅၀ မှတ် အပြည့် ရရှိသွားခဲ့လေပြီ။
အချိန်တို နှစ်ရက်အတွင်း တာဝန်ကို အောင်မြင်စွာ ပြီးမြောက်သွားခဲ့သည်။
ရွှီယန်က စက္ကန့်အနည်းငယ်ခန့် တိတ်တဆိတ် ကျေနပ်သွားမိသည်။
တကယ်ကို သူက အတော်လေး စွမ်းလှပေသည်။
[ရှားပါး ရတနာရှာဖွေရေး တာဝန် ပြီးမြောက်ပါပြီ]
[ဆုလာဘ် ရရှိပါသည် - ရှေးဟောင်း လက်ဖက်ပင် ၁ ပင်]
[ဆုလာဘ် ရရှိပါသည် - ရွှေချည်မျှင် နန်းမု သစ်သားစားပွဲ ၁ လုံး]
[ဆုလာဘ် ရရှိပါသည် - ကျပန်းစွမ်းရည် B-box ကျွမ်းကျင်မှု]
ရွှီယန်က ဖန်သားပြင်ပေါ်တွင် ပေါ်လာသော စနစ်၏ အချက်ပြစာသားကို ကြည့်လိုက်သည်။
အစကတော့ သူ့မျက်နှာပေါ်တွင် အပြုံးများ ပြည့်နှက်နေဆဲပင်။
ဆုလာဘ်အဖြစ် ရရှိသော စွမ်းရည်ကို မြင်လိုက်ရသောအခါ သူ၏ အပြုံးများက မျက်နှာပေါ်တွင် တောင့်တင်းသွားပြီးနောက် တဖြည်းဖြည်း ပျောက်ကွယ်သွားတော့သည်။
'B-box ဟုတ်လား... ပါးစပ်နဲ့ စည်းချက်တွေ ဖန်တီးပြီး ပွဲကို အသက်ဝင်အောင် လုပ်ရတဲ့ စွမ်းရည်လား... နေပါဦး... ငါက ဒီစွမ်းရည်ကို ဘာလုပ်ဖို့ သုံးရမှာလဲ...'
'တိုက်ရိုက်ထုတ်လွှင့်မှု စလိုက်တာနဲ့ ပရိသတ်တွေကို ညီအစ်ကိုတို့ ဒီနေ့တော့ ကျွန်တော် B-box လေး လုပ်ပြမယ် လို့ ပြောရမှာလား...'
ရွှီယန်က ဤကဲ့သို့သော အရာများအပေါ်တွင် ဘယ်တုန်းကမှ စိတ်ဝင်စားမှု မရှိခဲ့ချေ။
ယခု သူ သတိထားမိသည်မှာ စွမ်းရည်များ အများအပြား ရရှိလာသည်နှင့်အမျှ ကောင်းမွန်သော စွမ်းရည်များက တဖြည်းဖြည်း နည်းပါးလာခြင်းပင်။
'အသုံးမဝင်တဲ့ စွမ်းရည်တစ်ခု ထပ်တိုးလာပြန်ပြီပေါ့...'
ဤစွမ်းရည်က ရွှီယန်၏ စိတ်ထဲတွင် သိုးမွေးထိုးခြင်းနှင့် ဝံပုလွေအူခြင်း တို့နှင့် တစ်တန်းတည်းပင် ဖြစ်သည်။
'မောလိုက်တာ... ပျက်စီးသွားလိုက်ပါတော့...'
ရွှီယန်က သက်ပြင်းချလိုက်ပြီးနောက် ဝံပုလွေပေါက်လေးကို ပွတ်သပ်ကာ အိပ်ရာအိတ်ထဲသို့ ဝင်ရောက် အနားယူလိုက်တော့သည်။