အခန်း ၃၅၃
Vol. 36 Ch. 353
အခန်း (၃၅၃) ရှေးဟောင်း လက်ဖက်ပင် တစ်ပင်ကို စိုက်ပျိုးခြင်း
ရွှီယန် လယ်ယာခြံဝင်းသို့ ပြန်ရောက်လာပြီးနောက် ရှေးဟောင်း လက်ဖက်ပင်ကို မည်သည့်နေရာတွင် စိုက်ပျိုးရမည်နည်းဟု စဉ်းစားတွက်ချက်နေလေသည်။
လက်ဖက်ရည် သောက်ခြင်းက ကောင်းမွန်လှသည်။ ယခုဆိုလျှင် အလုပ်အားနေပြီဖြစ်ရာ လက်ဖက်ရည်သောက်ရန် အချိန်ရနေပြီဖြစ်ပြီး သူ၏ လက်ဖက်ရည် အရသာခံနိုင်စွမ်းကလည်း အနည်းငယ် တိုးတက်လာခဲ့ပြီ ဖြစ်သည်။
လက်ဖက်ပင် ဆိုသည်မှာ တောင်ပေါ်တွင် စိုက်ပျိုးရမည်ဖြစ်ပြီး သင့်တော်သော နေရာတစ်ခုကိုလည်း ရွေးချယ်ရမည် ဖြစ်သည်။ ပြည်တွင်းတွင် တန်ဖိုးအကြီးဆုံး ရှေးဟောင်း လက်ဖက်ပင် တစ်ပင်ရှိပြီး ကျင်းရှို့ လက်ဖက်ဘုရင် ဟု ခေါ်ဆိုကြသည်။ ယူနန်ပြည်နယ်တွင် တည်ရှိကာ သက်တမ်းအားဖြင့် နှစ်ပေါင်း ၃၂၀၀ ရှိနေပြီဖြစ်ပြီး ကမ္ဘာပေါ်တွင် တွေ့ရှိရသမျှ အကြီးဆုံး ရှေးဟောင်း လက်ဖက်ပင်ကြီးပင် ဖြစ်သည်။
ရွှီယန် ရရှိထားသော ရှေးဟောင်း လက်ဖက်ပင်မှာ ထိုထိပ်တန်းအဆင့် လက်ဖက်ပင်ကြီးလောက် မမီသော်လည်း သက်တမ်းအားဖြင့် နှစ်တစ်ရာ နှစ်ရာခန့်တော့ ရှိနေပေသည်။ ၎င်းမှာ တာ့ဟုန်ဖောက် မျိုးစိတ်ဖြစ်ပြီး သေချာစိုက်ပျိုးကာ အညွန့်ထွက်လာမည့် အချိန်ကို စောင့်ဆိုင်းရမည် ဖြစ်သည်။ ထို့နောက်တွင်တော့ ကိုယ်တိုင် လက်ဖက်ခူးပြီး ကိုယ်တိုင် လှော်၍ သောက်သုံးနိုင်ပြီ ဖြစ်သည်။
သို့သော် ဤကဲ့သို့သော ပစ္စည်းကောင်းမျိုးကို တောင်ပေါ်တွင် သွားစိုက်ထားရန်က အနည်းငယ် စိတ်မချရချေ။ တစ်ယောက်ယောက်က လာရောက် ခူးယူသွားမည်ကို စိုးရိမ်ရသည်။ သာမန် ထင်းရှူးသီးများနှင့် ပန်းသီးသစ်တော်များက သိပ်ပြီး တန်ဖိုးမကြီးသဖြင့် မည်သူကမျှ အပင်ပန်းခံ သွားမခူးကြသလို နှစ်လုံး သုံးလုံးလောက် ခူးသွားပါကလည်း ကိစ္စမရှိပေ။
သို့သော် ဤထိပ်တန်းအဆင့် ရှေးဟောင်း လက်ဖက်ပင်မှ လက်ဖက်ခြောက်မှာ တစ်ဝက်ကီလိုကိုပင် ယွမ် ရာချီ၍ တန်ကြေးရှိလေသည်။ စိတ်သဘောထား မမှန်သူများသာ သိသွားပါက ညတွင်းချင်းပင် အကုန် အခိုးခံရနိုင်ချေ ရှိပေသည်။
'ခြံဝင်းထဲမှာပဲ စိုက်တာ ပိုကောင်းမယ်... ဒီဘက်က မြေဆီလွှာလည်း ကောင်းတော့ ငါကိုယ်တိုင်လည်း သေချာ ဂရုစိုက်နိုင်တာပေါ့...'
ရွှီယန်က ဆုံးဖြတ်ချက် ချလိုက်သည်။ သူက ဖုန်းရွှေ အကြောင်းကို အကြမ်းဖျင်း လေ့လာလိုက်ပြီး နေရာကို အတည်ပြုပြီးနောက် သစ်ပင်ပျိုးပင် ရောင်းချသူများကို ဆက်သွယ်လိုက်လေသည်။
သက်တမ်း နှစ်တစ်ရာ နှစ်ရာခန့်ရှိသော ရှေးဟောင်း လက်ဖက်ပင်များမှာ တောင်ပိုင်းဒေသတွင် အများအပြား ရှိပြီး မရှားပါးလှချေ။ သို့သော် ရွှီယန် ရရှိထားသော အပင်ကတော့ ကွာခြားလှသည်။ စနစ်၏ ညွှန်ပြချက်အရ ဤရှေးဟောင်း လက်ဖက်ပင်ကို ရွှီယန်၏ လယ်ယာခြံဝင်း အတွင်း၌ စိုက်ပျိုးပါက အရည်အသွေးက အလွန် ကောင်းမွန်သွားမည်ဟု ဆိုထားသောကြောင့်ပင်။ ထိပ်တန်းအဆင့် တာ့ဟုန်ဖောက် ဟုတောင် ဆိုနိုင်ပေသည်။
ကြီးမားသော ကုန်တင်ကားကြီးက ရှေးဟောင်း သစ်ပင်ကြီးကို တင်ဆောင်ကာ တောင်ပိုင်းမှ မြောက်ပိုင်းသို့ မောင်းနှင်လာခဲ့သည်။ သစ်ပင်၏ ရှင်သန်နိုင်စွမ်းက အလွန် အားကောင်းလှပြီး အေးချမ်းသော မြောက်ပိုင်းတွင်လည်း ကောင်းစွာ အံဝင်ခွင်ကျ ဖြစ်နိုင်ပေသည်။
နောက်နှစ် ရိတ်သိမ်းချိန် ရောက်လာပါက ရှေးဟောင်း လက်ဖက်ပင်၏ အခက်အလက်များပေါ်တွင် လက်ဖက်ရွက်များ ပြည့်နှက်နေမည် ဖြစ်သည်။ ထိုအချိန်ကျပါက ရွှီယန်လည်း သစ်ပင်အောက်တွင် ထိုင်ကာ လက်ဖက်ရည်ကို အေးအေးဆေးဆေး အရသာခံ သောက်သုံးနိုင်ပြီ ဖြစ်သည်။
ရှေးဟောင်း သစ်ပင်ကြီး လယ်ယာခြံဝင်းသို့ ရောက်လာသောအခါ အလုပ်သမားများနှင့် တိရစ္ဆာန်လေးများ အားလုံးက ဝိုင်းအုံကာ စိတ်ဝင်တစား လာရောက် ကြည့်ရှုကြလေသည်။
"ခြံရှင် ဘာပင်တွေ စိုက်မလို့လဲ မသိဘူး... တော်တော် ကြီးကျယ်နေတာပဲ..."
"သစ်သီးပင် နေမှာပါ... မက်မွန်ပင် စိုက်မလို့လား..."
"မက်မွန်ပင်တော့ သေချာပေါက် မဟုတ်ဘူး... မက်မွန်ပင်က ဒီလိုပုံစံ မဟုတ်ဘူးလေ..."
"အရမ်းကြီးတာပဲ... အလှစိုက်ဖို့များလား..."
လီဆန်း... မာဝန်... ဝမ်ဝူ နှင့် ကျိန့်ရှန်ချန် တို့က စကားစမြည် ပြောဆိုနေကြသည်။ လယ်ယာခြံဝင်းက ဤမျှသာ ကျယ်ဝန်းသဖြင့် အသစ်အဆန်း တစ်ခုခု ရှိလာပါက အားလုံး၏ အာရုံစိုက်မှုကို ခံရမည်မှာ သေချာလှပေသည်။
ထိုအချိန်မှာပင် တိရစ္ဆာန်လေးများ ကလည်း ဤသစ်ပင်ကြီးကို မျက်တောင်မခတ်တမ်း စိုက်ကြည့်နေကြသည်။ အထူးသဖြင့် ကြောင်စင်းကျားလေး ဆန်းပြောင်ပင် ဖြစ်သည်။ ၎င်းက သစ်ပင်ထိပ်ဖျားကို မော့ကြည့်ရင်း မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုနှင့် အံ့အားသင့်မှုများ ရောယှက်နေလေသည်။
၎င်း၏ ပုံစံက ဤသို့ တွေးတောနေသည့် အလားပင်။
'တော်တော်ကြီးတဲ့ ကြောင်တက်စရာ သစ်ပင်ကြီးပါလား...'
ဆန်းပြောင်က ဤသစ်ပင်ကြီးကို မျက်စိကျသွားခဲ့ပြီ ဖြစ်သည်။ ဤသစ်ပင်ကြီးကို ၎င်း၏ နယ်မြေအသစ် အဖြစ် သတ်မှတ်ရန် ရည်ရွယ်ထားပုံရသည်။
ရွှီယန်က မြေတူးစက်ကို ညွှန်ကြားကာ သူ သတ်မှတ်ထားသော နေရာတွင် တွင်းတူးခိုင်းလိုက်သည်။ ဤသစ်ပင်ကြီးကို ခြံဝင်းဘေးရှိ ကွက်လပ်ပြင်တွင် စိုက်ပျိုးမည် ဖြစ်သည်။ ဤကွက်လပ်က အတော်လေး ရှင်းလင်းနေပြီး ဘာမှ မရှိချေ။
သူ၏ အစီအစဉ်အရ သစ်ပင်၏ ပတ်လည်တွင် ခြံစည်းရိုး နိမ့်နိမ့်လေးများ ကာရံထားမည် ဖြစ်ရာ သစ်ပင်ကို ပို၍ ထူးခြားသွားစေမည် ဖြစ်သည်။ သစ်ပင်ကြီးက လယ်ယာခြံဝင်း၏ ရှုခင်းကိုလည်း ပိုမို လှပသွားစေနိုင်သည်။ ဤမျှ ကြီးမားသော သစ်ပင်ကြီးကို ပြောင်းရွှေ့စိုက်ပျိုးရသည့် ကုန်ကျစရိတ်က မနည်းလှသော်လည်း ကံကောင်းသည်မှာ ရွှီယန် ကိုယ်တိုင် ပိုက်ဆံစိုက်ထုတ်ရန် မလိုခြင်းပင်။
"ခြံရှင်... ဒါက ဘာအပင်လဲ..."
ဝမ်ဝူက ရွှီယန် ရောက်လာသည်ကို မြင်သောအခါ မနေနိုင်ဘဲ လှမ်းမေးလိုက်သည်။ အားလုံးကလည်း အထူး စိတ်ဝင်စားနေကြသည်။
"လက်ဖက်ပင် စိုက်တာပါ... လက်ဖက်ရည် သောက်ဖို့လေ..."
ရွှီယန်က တိုက်ရိုက်ပင် ပြန်ဖြေလိုက်သည်။
"လက်ဖက်ပင် ဟုတ်လား..."
"လက်ဖက်ရွက်တွေက သစ်ပင်ပေါ်မှာ ပေါက်တာလား... ကျွန်တော် အရင်က လက်ဖက်ခူးတဲ့ ဗီဒီယိုတွေ ကြည့်ဖူးသလောက်တော့ တောင်ပေါ်မှာ လက်ဖက်ခူးတဲ့ နေရာတွေက ချုံပုတ်တွေနဲ့ တူနေတာကို..."
အားလုံးက ဝိုင်းမေးလိုက်ကြပြန်သည်။
ရွှီယန်ကလည်း လက်ဖက်ပင် ကြီးထွားမှုနှင့် ပတ်သက်ပြီး အများကြီး နားလည်ထားခြင်း မရှိချေ။
"လက်ဖက်ရွက် အမျိုးအစား မတူရင် ခူးတဲ့နည်းလမ်းလည်း မတူဘူး ထင်တာပဲ... တချို့က မြေကြီးထဲကနေ ထွက်လာတဲ့ အညွန့်လေးတွေ ဖြစ်နိုင်သလို တချို့ကလည်း ချုံပုတ်တွေနဲ့ တူတာမျိုး နေမှာပေါ့..."
"ငါ့အပင်ကတော့ ရှေးဟောင်း လက်ဖက်ပင်ပဲ..."
"အချိန်တန်ရင် ကိုယ့်ဘာသာ လှော်ပြီး သောက်လို့ရပြီ... ဈေးက ဝယ်တာထက် အများကြီး ပိုကောင်းမှာ သေချာတယ်..."
ရွှီယန် ဤသို့ ပြောသည်ကို ကြားသောအခါ အားလုံးက ခေါင်းညိတ် ထောက်ခံလိုက်ကြသည်။ ခြံရှင် ရှာလာသော ပစ္စည်းများက သေချာပေါက် ပစ္စည်းကောင်းများသာ ဖြစ်မည် ဆိုသည်ကို အားလုံးက နားလည် လက်ခံထားကြပြီး ဖြစ်သည်။
လက်ဖက်ပင် စိုက်ပျိုးပြီးစီးသွားသောအခါ ရွှေချည်မျှင် နန်းမု သစ်သားစားပွဲလည်း ရောက်ရှိလာပြီ ဖြစ်ရာ ရွှီယန်က စာကြည့်ခန်းထဲတွင် ထားရှိလိုက်သည်။ ဤစားပွဲမျိုးက အလွန် တန်ဖိုးကြီးမားပြီး စုဆောင်းသိမ်းဆည်းရမည့် ပစ္စည်းတစ်ခု အနေဖြင့် ပို၍ သင့်တော်ပေသည်။
ရွှီယန် စာကြည့်ခန်းထဲတွင် ထားလိုက်ရသည့် အကြောင်းရင်းမှာ ထိုနေရာသို့ သူ သိပ်မသွားလေ့ မရှိသောကြောင့်ပင် ဖြစ်သည်။ ထိုနေရာတွင် စာအုပ်အချို့ကိုသာ စုဆောင်းထားခြင်း ဖြစ်သည်။ ရွှီယန်က ဂိမ်းခန်း... ဧည့်ခန်း နှင့် အိပ်ခန်း သို့သာ အများဆုံး သွားလေ့ရှိသည်။
ဤအရာများ အားလုံးမှာ ဟူလွန်ပေ့အော် သို့ တစ်ခေါက် သွားရောက်ခဲ့သည့် ဆုလာဘ်များပင် ဖြစ်သည်။ ထိုအတွေ့အကြုံများကို ပြန်လည် တွေးတောမိသောအခါ ရွှီယန် အတော်လေး ကျေနပ်မိသည်။ မည်သို့ပင်ဖြစ်စေ ရွှေဝါရောင် တောက်ပနေသော ဘုသစ်တောကြီးက တကယ်ကို လှပလွန်းလှသည် မဟုတ်ပါလော။
ကျေနပ်နေသည်မှာ ရွှီယန် တစ်ယောက်တည်း မဟုတ်ဘဲ ဟူလွန်ပေ့အော် ခရီးသွားလာရေး ဦးစီးဌာန ကလည်း အလွန် ကျေနပ်နေကြလေသည်။ ရွှီယန် ဤနေရာသို့ လာရောက်ပြီးနောက်ပိုင်း ရှုခင်းလာကြည့်သူများ ရုတ်တရက် အများအပြား ရောက်ရှိလာကြကြောင်းကို တာဝန်ရှိသူများက သတိထားမိသွားကြသည်။
ထိုသူများက သေချာပေါက် နေစရာ နေရာနှင့် စားသောက်စရာ နေရာများကို ရှာဖွေကြမည် ဖြစ်ရာ ဒေသတွင်း စီးပွားရေးကို အလွန် ဖွံ့ဖြိုးတိုးတက်လာစေခဲ့သည်။ ဤတစ်ပတ်အတွင်း လာရောက်သူ အရေအတွက်ကပင် အရင်တစ်လစာ အရေအတွက်ထက် ပိုများနေခဲ့သည်။
ထို့ပြင် တာဝန်ရှိသူများ၏ စုံစမ်းလေ့လာမှုများအရ အများစုမှာ ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုပြီးနောက် ရွှေရောင် ဘုသစ်တောကြီးနှင့် ရွှေရောင် မြစ်ပြင်ကြီးကို အလွန် လှပသည်ဟု ခံစားရသောကြောင့် ရောက်ရှိလာကြခြင်း ဖြစ်ကြောင်း သိရှိလိုက်ရသည်။ ဤဒေသက အလွန် ကြီးမားကျယ်ဝန်းလှပြီး သတ်မှတ်ထားသော ရှုခင်းကြည့် နေရာများ မရှိဘဲ ခရီးသွားများက နေရာအနှံ့ ပျံ့နှံ့နေကြသဖြင့် အတွေ့အကြုံကလည်း အလွန် ကောင်းမွန်လှပေသည်။ အားလုံးက ကျေနပ်နေကြသည့် အခြေအနေ တစ်ရပ်ပင် ဖြစ်သည်။
မသိမသာဖြင့် ရွှီယန်က ကောင်းမွန်သော သက်ရောက်မှု အချို့ကိုပါ သယ်ဆောင်လာခဲ့လေပြီ။
ရွှီယန် ကတော့ ထိုအရာများကို ဂရုမစိုက်အားချေ။
သူက လက်ရှိ ဝံပုလွေပေါက်လေး၏ ပြောင်းလဲမှုများကိုသာ အာရုံစိုက်နေမိသည်။
ဤကောင်လေးက တစ်ခုခု ထူးဆန်းနေပြီး နေ့တိုင်း နံနက်ခင်း ရောက်သည်နှင့် အင်အား ကုန်ခမ်းနေပုံ ပေါက်နေသည်။ နွေဦးရာသီ ရောက်ချိန်က ကြောင်စင်းကျားလေး ဆန်းပြောင်၏ ပုံစံမျိုးနှင့် အနည်းငယ် တူနေပေသည်။
နွေဦးရာသီတွင် ကြောင်မ အများအပြား သားတောင်းလေ့ရှိကြပြီး ဆန်းပြောင်က ညဘက်တိုင်း အပြင်သို့ ထွက်သွားကာ နံနက် အစောကြီးမှ ပြန်လာတတ်သည်။ ပြန်ရောက်သည်နှင့် ခြင်းတောင်းထဲတွင် အိပ်မောကျနေတတ်ပြီး ကြည့်လိုက်သည်နှင့်ပင် ပင်ပန်းနေမှန်း သိသာလှသည်။ ဝံပုလွေပေါက်လေးကလည်း ၎င်းနှင့် အနည်းငယ် တူနေပေသည်။
"အပြင်ထွက်ပြီး ကောင်မလေး သွားရှာနေတာလား..."
"ဒါလည်း မဖြစ်နိုင်ပါဘူး... မင်းက ခွေးမှ မဟုတ်တာ ဝံပုလွေ လေ... ဘယ်က မိန်းမ သွားရှာမှာလဲ..."
ရွှီယန်က ဝံပုလွေပေါက်လေး၏ ပုံစံကို ကြည့်ရင်း သံသယဝင်စွာဖြင့် မေးလိုက်သည်။
သူ၏ စကားကို ကြားသောအခါ ဘေးမှ ရှောင်ဟေးက လျှောက်လာပြီး ရွှီယန်ကို ခေါင်း နှစ်ချက်ခန့် ခါပြကာ တစ်ခုခု ပြောချင်နေသည့် အလားပင်။ ပြောချင်သည့် စကားများ အများကြီး ရှိသော်လည်း ထွက်လာသည့် အသံကတော့ ခွေးဟောင်သံသာ ဖြစ်လေသည်။
"ရှောင်ဟေး... ဘာဖြစ်လို့လဲ..."
"မင်း အခြေအနေကို သိနေတယ် မဟုတ်လား..."
ရွှီယန်က ရှောင်ဟေး၏ ပုံစံကို ကြည့်ရင်း ပြုံးကာ မေးလိုက်သည်။
ရှောင်ဟေးက ချက်ချင်းပင် အသံလေးပေးကာ ခေါင်းညိတ်ပြလေသည်။
"သူ ညဘက် အပြင် ခိုးထွက်ပြီး ဆော့တာ မဟုတ်လား..."
ရွှီယန်က ဝံပုလွေပေါက်လေးကို လက်ညှိုးထိုးပြကာ ရှောင်ဟေးကို မေးလိုက်သည်။
ရှောင်ဟေးက ချက်ချင်းပင် အမြန် ခေါင်းညိတ်ပြလိုက်ရာ ခေါင်းညိတ်ရသည်မှာ အလွန် မြန်ဆန်လွန်းလှသည်။
ဝံပုလွေပေါက်လေးက ဤမြင်ကွင်းကို မြင်သောအခါ မကျေမနပ်ဖြစ်သွားပြီး ချက်ချင်းပင် အူလိုက်တော့သည်။ ရွှီယန်က ၎င်း၏ ပါးစပ်ကို အလိုက်သင့် လှမ်းဆွဲထားလိုက်သည်။
"မင်းကောင်က ညဘက် ခိုးထွက်ပြီး ဝံပုလွေမလေး သွားရှာနေတာပေါ့လေ..."
"ဝံပုလွေမလေးက ဘယ်က ရောက်လာတာလဲ..."
ရွှီယန်က ရုတ်တရက် ထိုနေ့ညက ကိစ္စကို သတိရသွားသည်။ ညသန်းခေါင်ယံ အပြင်သို့ ပြေးထွက်သွားချိန်တွင် ဝံပုလွေ နှစ်ကောင် လယ်ယာခြံဝင်း ထဲသို့ ဝင်လာပြီး ပြန်ထွက်ပြေးသွားသည်ကို သူ မြင်တွေ့ခဲ့ရသည်။ အရာအားလုံးက ဆက်စပ်သွားခဲ့လေပြီ။
"မဖြစ်နိုင်တာ..."
"ဝံပုလွေမ တွေက ဝံပုလွေ ခေါင်းဆောင်နောက်ကို လိုက်ရမှာလေ..."
"အချိန်ကျရင် ဝံပုလွေပေါက်လေး ပါ လိုက်သွားရဦးမယ်..."
"ငါ့ကို ပြဿနာတွေ မရှာနဲ့နော်... လယ်ယာခြံဝင်း ထဲမှာ မြေခွေး မွေးလို့ရပေမဲ့ ဝံပုလွေတော့ မွေးလို့ မရဘူး..."
"အဲဒီအကောင်တွေက ငါ့ရဲ့ ငန်းတွေနဲ့ တောကြက်တွေကို စားပစ်လိမ့်မယ်..."
ရွှီယန်က လက်ကို လွှတ်လိုက်ပြီး ဝံပုလွေပေါက်လေးကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
ဝံပုလွေပေါက်လေးက ချက်ချင်းပင် အူကြောင်ကြောင် အပြုံးလေး ပြုံးပြလိုက်ပြီး နားရွက်များကို အနောက်သို့ လန်ချထားလိုက်ရာ နားရွက်များ ပျောက်ကွယ်သွားသကဲ့သို့ပင်။ မျက်လုံးလေး မှိတ်ကာ ရွှီယန်ကို အမှားဝန်ခံနေလေသည်။ ခွေးမျိုးရင်းဝင် တိရစ္ဆာန်များက ဤသို့ပင် ဖြစ်တတ်ကြသည်။ အမှားဝန်ခံချိန်တွင် နားရွက်များကို အနောက်သို့ လန်ချထားတတ်ကြရာ ကြည့်၍ပင် မရနိုင်တော့ချေ။
ရွှီယန်ကလည်း သူ၏ အတွေးကို အတည်ပြုလိုက်နိုင်သည်။ ထင်သည့်အတိုင်းပင် ဝံပုလွေပေါက်လေးက ညဘက်တွင် ဝံပုလွေမလေးကို သွားရှာနေခြင်း ဖြစ်သည်။ ထားလိုက်ပါတော့လေ... ဖြည်းဖြည်းချင်း ဖြေရှင်းရုံသာ ရှိတော့သည်။
ဝံပုလွေ ဆိုသည်က ဤနှစ်များအတွင်း တွေ့ရခဲလာပြီ ဖြစ်သည်။ ဝက်ဝံ... ကျားသစ်... တောကြောင်... မြေခွေး အစရှိသည်တို့က ပိုများပြားပြီး ဝံပုလွေက တကယ်ကို နည်းပါးလှသည်။ ဝံပုလွေအုပ် အဖြစ် ဖွဲ့စည်းနိုင်ခြင်း မရှိတော့ဘဲ သုံးကောင် ငါးကောင်ခန့်သာ သွားလာ လှုပ်ရှားနေကြတော့သည်။ မြက်ခင်းပြင် သို့မဟုတ် ကုန်းပြင်မြင့် ဒေသများတွင် ဆိုလျှင်တော့ ဝံပုလွေအုပ်များက အုပ်စုလိုက်ကြီး သွားလာလှုပ်ရှားတတ်ကြသည်။
ရွှီယန်က ဝံပုလွေပေါက်လေး၏ ကိစ္စကို ဆက်လက် ဝင်မပါတော့ချေ။ လယ်ယာခြံဝင်း ထဲရှိ တိရစ္ဆာန်များက တကယ်ကို ထူးခြားလှပေသည်။ ရွှီယန် ကိုယ်တိုင်နှင့် ပတ်သက်၍မူ ချစ်သူရှာရန် ကိစ္စက ခက်သည်ဟု ဆိုလျှင်လည်း ခက်ပြီး လွယ်သည်ဟု ဆိုလျှင်လည်း အလွန် လွယ်ကူလှပေသည်။
ယခုလက်ရှိ သူ၏ အကောင့် နောက်ကွယ်တွင် နာမည်ကြီး မိန်းကလေး ဘလော့ဂါ မည်မျှလောက်က သူ့ကို သီးသန့် မက်ဆေ့ချ် ပို့နေကြသည်ကိုပင် မသိနိုင်ချေ။ တချို့သော မိန်းကလေးများ ဆိုလျှင် ပြသ၍မရနိုင်သော ဗီဒီယိုများကိုပင် သူ့ထံသို့ သီးသန့် ပို့လာတတ်ကြသေးသည်။ အကောင့်ထဲ ဝင်ကြည့်လိုက်ပါကလည်း ပိုင်ရှင် အစစ်များသာ ဖြစ်နေတတ်သည်။
မတတ်နိုင်ချေ။ ယခုအခါ ရွှီယန်က ထိပ်တန်း အဆင့်တွင် ရှိနေပြီ မဟုတ်ပါလော။ အင်တာနက် အကျော်အမော် လောကတွင် မိန်းကလေး အများစုက နေ့စဉ်နှင့်အမျှ နာမည်ကျော်ကြားရန်သာ တွေးတောနေကြပြီး နာမည်ကျော်ကြားမှု အတွက် ဆိုလျှင် ဘာကိုမဆို စတေးရဲကြသည်။
သို့သော် ရွှီယန် ကတော့ ဤကဲ့သို့သော ကိစ္စမျိုးကို သွားရှုပ်၍ မရမှန်း သိထားပေသည်။ လှပသော မိန်းကလေးများက အမြဲတမ်း ရှုပ်ထွေးတတ်ကြပြီး သူ သဘောကျသော ပုံစံမျိုး မဟုတ်ချေ။ ရိုးရိုးအေးအေး နေတတ်သူကို ရှာဖွေခြင်းကသာ အကောင်းဆုံးပင်။ အချိန်တန်လျှင် ဖူးစာ ပါလာမည်သာ ဖြစ်သည်။
ပတ်ဝန်းကျင်မှ ကိစ္စများ အားလုံး တည်ငြိမ်သွားသောအခါ ရွှီယန်လည်း အလုပ်သမားများကို ခေါ်ယူကာ လယ်ယာခြံဝင်း အတွင်းရှိ ရှင်းလင်းရမည့် အရာများကို ရှင်းလင်းရင်း ဆောင်းတွင်းအတွက် ပြင်ဆင်နေလေသည်။ ယခုတော့ ဘလူးဘယ်ရီ သီးများ မှည့်လာမည့် အချိန်ကိုသာ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။
ဘလူးဘယ်ရီသီးများ မှည့်သွားသည်နှင့် ပိုက်ဆံ အမြောက်အမြား ဝင်လာမည် ဖြစ်ရာ ဒီနှစ်ကိုတော့ ဤသို့ဖြင့် အေးအေးချမ်းချမ်း ဖြတ်သန်းနိုင်ပြီ ဖြစ်သည်။ သာယာလှပသော နောက်ထပ် နှစ်တစ်နှစ်ပင် ဖြစ်သည်။ လယ်ယာခြံဝင်း ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ရွှီယန်၏ စီးပွားရေး အခြေအနေကလည်း အများကြီး တိုးတက်လာခဲ့ပြီ ဖြစ်သည်။ မြို့ကြီးပြကြီးများမှ သူဌေးကြီးများကို မမီသော်လည်း ဘဝလေးက အလွန် ပြည့်စုံ ကြွယ်ဝနေပြီ ဖြစ်သည်။
ထို့နောက် ရက်အနည်းငယ် ကြာသောအခါ အရှေ့မြောက်ဒေသတွင် နှင်းများ ကျဆင်းလာခဲ့ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချန်ပိုင်တောင်တန်း ကြီးက အဖြူရောင် ကမ္ဘာကြီးအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ လယ်ယာခြံဝင်း လည်း ငွေရောင် နှင်းများ ဖုံးလွှမ်းသွားပြီး ဖြူလွှလွှ မြင်ကွင်းကြီး ဖြစ်သွားခဲ့သည်။ ဆောင်းရာသီ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။
မြောက်ပိုင်းသားများက တောင်ပိုင်းသို့ ပြေးကာ ဆောင်းခိုရန် နွေးထွေးသော နေရာများကို ရှာဖွေကြသည်။ တောင်ပိုင်းသားများ ကတော့ မြောက်ပိုင်းသို့ လာရောက်ကာ နှင်းဆော့ခြင်း... နှင်းကြည့်ခြင်း... နှင်းအလှ ခံစားခြင်းများကို ပြုလုပ်ကြသည်။ မည်သို့ပင်ဖြစ်စေ အားလုံးက တစ်ဖက်လူ၏ ဘဝများကို ပို၍ စိတ်ဝင်စားစရာ ကောင်းသည်ဟု ထင်မှတ်နေတတ်ကြသည်။
ရွှီယန် ကတော့ အားလပ်သွားပြီ ဖြစ်သည်။ မွန်းလွဲပိုင်းတွင် ခွေးလေးများကို ခေါ်ကာ လမ်းလျှောက်ထွက်ပြီး မြေခွေးလေးများကို သွားကြည့်လေ့ ရှိသည်။ ကျန်သည့်အချိန်များတွင်တော့ ဂိမ်းကစားရင်း အချိန်ဖြုန်းလေသည်။ နေ့ရက်များက အတော်လေး အေးချမ်းလှပေသည်။
တောရွာလေး၏ ဘဝဆိုသည်မှာ မူလကတည်းက ကိစ္စကြီးကြီးမားမား မရှိသလို အလုပ်သွားလုပ်ရန်လည်း မလိုသဖြင့် နေ့စဉ်နေ့တိုင်း အားလပ်နေခြင်းပင်။ ဤသည်ကို အချိန်ဖြုန်းနေသည်ဟု မခေါ်ဘဲ ဘဝကို ခံစားနေသည်ဟု ခေါ်ဆိုရမည် ဖြစ်သည်။ ရွှီယန် အတွက်တော့ တကယ်ကို ဇိမ်ကျလှပေသည်။