အခန်း ၃၅၄
Vol. 36 Ch. 354
အခန်း (၃၅၄) ထိပ်တန်းအဆင့် မဲဖောက်ခြင်း ဆုလာဘ်နှင့် ဘာလုပ်ရမှန်းမသိဖြစ်နေသော ကျားသစ်နက်လေး လူးနား
ဆောင်းလယ်ကာလ၏ နှင်းများ ဖုံးလွှမ်းနေသော သစ်တောကြီးထဲတွင် ဖြစ်သည်။
တောနက်ကြီးထဲ၌ အရှေ့မြောက်ကျားထီး တစ်ကောင်က အစားမက်ကာ ကျားပေါက်လေးများ၏ အသားများကိုပါ လိုက်လုစားနေလေသည်။
ကျားမကြီးက ဒေါသထွက်သွားပြီး တစ်ချက်ဟိန်းဟောက်လိုက်ကာ မတ်တပ်ရပ်၍ ကျားထီးကို ပါးနှစ်ချက် ရိုက်ချလိုက်သည်။
ကျားထီးကလည်း မတ်တပ်ရပ်ကာ ကမန်းကတမ်း ပြန်လည်ခုခံသော်လည်း မယှဉ်နိုင်ခဲ့ချေ။
ထို့နောက် ကျားထီးမှာ သစ်ပင်ကြီးတစ်ပင်အောက်တွင် ဝမ်းနည်းပက်လက်ဖြင့် ဝပ်နေကာ မျက်နှာငယ်လေး ဖြစ်နေတော့သည်။
'ငါက တောတောင်ရဲ့ ဘုရင်ကွ'
တောင်စောင့်နတ်ငယ်လေးက ထိုအချိန်တွင် စိတ်ထဲမှနေ၍ ဟိန်းဟောက်နေလေသည်။
ကျားမကြီးက သူ့ကို တစ်ချက်ကြည့်လိုက်သည်။
'မင်းက တောတောင်ဘုရင် ဆိုတော့လည်း မင်းပဲ စွမ်းနိုင်တာပေါ့လေ'
တောင်စောင့်နတ်ငယ်လေးမှာ မြေကြီးပေါ်တွင် ဝပ်လျက် ပျင်းရိငြီးငွေ့နေသည်။
ထိုအချိန်တွင် မလှမ်းမကမ်းမှ ခြေသံအချို့ ထွက်ပေါ်လာသည်ကို ကြားလိုက်ရသည်။
သေချာကြည့်လိုက်သောအခါ ကျောပိုးအိတ်လွယ်ထားသော ရွှီယန် ရောက်လာခြင်း ဖြစ်ပေသည်။
ရွှီယန်ကို မြင်လိုက်ရသောအခါ တောင်စောင့်နတ်ငယ်လေးမှာ ကယ်တင်ရှင်ကို တွေ့လိုက်ရသည့်အလား ချက်ချင်းပင် ပြေးသွားကာ နှုတ်ဆက်လေတော့သည်။
ရွှီယန်က တောင်စောင့်နတ်ငယ်လေး ပြေးလာသည်ကို မြင်သောအခါ အနည်းငယ် အံ့ဩသွားသည်။
"ဒီနေ့မှ ဘာလို့ ဒီလောက်တောင် ရင်းနှီးပြနေတာလဲ... မိန်းမ အဟောက်ခံလိုက်ရလို့လား"
ရွှီယန်က အခြေအနေကို ရိပ်မိသွားပုံရသည်။
သူက ရှေ့သို့ ခြေလှမ်းအနည်းငယ် တိုးသွားပြီး ကျောပိုးအိတ်ကို ချကာ နို့ဘူးတစ်ဘူး ထုတ်၍ တောင်စောင့်နတ်ငယ်လေးကို ကမ်းပေးလိုက်သည်။
တောင်စောင့်နတ်ငယ်လေးက နို့ဘူးကို ဖက်ထားလိုက်ရာ စိတ်ညစ်နေသည်များ ပျောက်ကွယ်သွားပြီး မြေကြီးပေါ်တွင် ဝပ်ကာ ပျော်ရွှင်စွာ နို့စို့နေတော့သည်။
ဤကျားကြီးတွင် ဤဝါသနာတစ်ခုသာ ရှိလေသည်။ သို့မဟုတ်ပါက ရွှီယန်၏ အပိုင်ကိုင်ခြင်းကို ခံရမည် မဟုတ်ချေ။
ထိုအချိန်တွင် ကျားပေါက်လေး သုံးကောင်ကလည်း ရွှီယန် ရောက်လာသည်ကို မြင်သောအခါ တစ်ကောင်ပြီးတစ်ကောင် ပျော်ရွှင်စွာဖြင့် သူ့ထံသို့ ပြေးလာကြသည်။
ရွှီယန်နှင့်သာဆိုလျှင် နို့သောက်ရမည်ကို ၎င်းတို့ သိထားကြသည်။
ယနေ့ နှင်းသိပ်မကျသဖြင့် ကျားများကို အစားအသောက် လာပို့ပေးခြင်း ဖြစ်သည်။
ဆောင်းရာသီ ရောက်လာသောအခါ ကျားများအတွက် ရှင်သန်ရန် မလွယ်ကူလှချေ။
ဆောင်းတွင်း တောင်ပေါ်လမ်းများတွင် ကျားများ လမ်းလျှောက်ထွက်လာသည်ကို လူများ မကြာခဏ တွေ့ရတတ်ခြင်းမှာ သစ်တောထဲတွင် စားစရာ မရှိသဖြင့် ကျားများက အမဲလိုက်သည့် နယ်မြေကို ချဲ့ထွင်လာသောကြောင့် ဖြစ်သည်။
ထို့ကြောင့် ဆောင်းရာသီသည် ကျားများ အများဆုံး ထွက်ပေါ်လာတတ်သော အချိန်ပင် ဖြစ်သည်။
တွေ့ရှိပါက သေချာပေါက် ဂရုစိုက်ရမည် ဖြစ်သည်။
ရွှီယန်က ဤကျားပေါက်လေး သုံးကောင်ကို အမြဲတမ်း စိတ်ပူနေပြီး သေချာ ဂရုစိုက် မွေးမြူချင်နေသည်။
အနာဂတ်တွင် နောက်လိုက်ငယ်လေးများ အဖြစ် သိမ်းသွင်းနိုင်ကောင်း သိမ်းသွင်းနိုင်မည် မဟုတ်ပါလော။
သေချာသည်ကတော့ လူကောင်းကတ်ကို အသုံးမပြုထားသဖြင့် အနာဂတ်တွင် မည်သို့ဖြစ်လာမည် ဆိုသည်ကို ပြော၍မရနိုင်သေးချေ။
ကျားလေးများ ကြီးလာပါက လူကို မမှတ်မိတော့ခြင်းမျိုးလည်း ဖြစ်နိုင်ပေသည်။
ယခုတလော လယ်ယာခြံဝင်းတွင် အလုပ်သိပ်မများသဖြင့် ရွှီယန်က တစ်ခါတစ်ရံ အပြင်ထွက်၍ လမ်းလျှောက်လေ့ရှိပြီး ကျားများနှင့် အတူဆော့ကစားရသည်မှာ အတော်လေး စိတ်ဝင်စားစရာ ကောင်းလှသည်။
ကျားမကြီးက ရွှီယန်ကို မြင်သောအခါ အနားသို့ လာရောက် နှုတ်ဆက်လေသည်။
ကျားမကြီးက ရွှီယန်အပေါ် အတော်လေး ဖော်ရွေသော်လည်း ရွှီယန်မှာ ဖိအားအနည်းငယ်တော့ ရှိနေသေးသည်။
ဤကျားမကြီးက သာမန် ခွန်အားကြီးခြင်းမျိုး မဟုတ်ဘဲ အရှေ့မြောက်ကျားများထဲတွင်ပင် အတော်လေး ကြမ်းတမ်းသော အဆင့်တွင် ပါဝင်လေသည်။
ရွှီယန်က တိတ်တဆိတ် အံ့ဩနေမိသည်။
တောင်စောင့်နတ်ငယ်လေးကလည်း တကယ်ကို အစွမ်းထက်လှသည်။ အရင်က တောင်ထဲသွားတုန်းက ဤကျားမကြီးကို ဘယ်လိုများ သိမ်းသွင်းနိုင်ခဲ့သနည်း ဟု တွေးနေမိသည်။
ရွှီယန်က တောင်စောင့်နတ်ငယ်လေးကို တစ်ချက် လှမ်းကြည့်လိုက်ရာ သနားသလိုလို လေးစားသလိုလို ခံစားလိုက်ရသည်။
တောင်စောင့်နတ်ငယ်လေးက ရွှီယန် ကြည့်နေသည်ကို မြင်သောအခါ ဘာလုပ်ရမှန်း မသိသည့် အမူအရာကို ပြသလေသည်။
၎င်းမှာ အလိမ်ခံလိုက်ရခြင်းပင် ဖြစ်သည်။
အစကတော့ ကျားမကြီးကို နူးညံ့သိမ်မွေ့သော ကောင်မလေးဟု ထင်မှတ်ထားခဲ့သော်လည်း ကိစ္စပြီးသွားသောအခါ လုံးဝ ပြောင်းလဲသွားမည်ဟု ဘယ်သူက သိမည်နည်း။
အဟောက်ခံရလွန်းသဖြင့် အူကြောင်ကြောင်ပင် ဖြစ်နေရလေသည်။
ကံကောင်းသည်က ကျားမကြီးကလည်း ၎င်းကို သိပ်ပြီး သဘောမကျချေ။
ကျားပေါက်လေးများ အနည်းငယ် ကြီးလာပါက ကျားမကြီးက ကလေးများကို ခေါ်ဆောင်သွားမည် ဖြစ်သည်။
ထိုအခါကျလျှင် တောင်စောင့်နတ်ငယ်လေးလည်း လွတ်လပ်ခွင့် ပြန်လည် ရရှိတော့မည် ဖြစ်သည်။
တောင်ပေါ်မှ ရှုခင်းများက အရင်တိုင်းပင် သာယာလှပနေဆဲပင်။
ရွှီယန်က တောင်ပေါ်တွင် ကျားများနှင့် နှစ်နာရီခန့် အတူဆော့ကစားပြီးနောက် နို့ဘူးများကို သိမ်းဆည်းကာ လယ်ယာခြံဝင်းသို့ ပြန်လာခဲ့သည်။
ဤသည်မှာ သူ၏ နေ့စဉ်ဘဝ တစ်စိတ်တစ်ပိုင်းဟုပင် ဆိုနိုင်လေသည်။
သစ်တောကင်းလှည့်စောင့်ရှောက်သူ တစ်ယောက်ကဲ့သို့ပင်။
ထိုနေ့တွင် စိုက်ပျိုးရေးတက္ကသိုလ်မှ ပရော်ဖက်ဆာ လျိုပေါ်လျန်က လယ်ယာခြံဝင်းသို့ ရောက်လာပြီး ရွှီယန်နှင့် စကားစမြည် ပြောဆိုနေလေသည်။
"လောင်ရွှီရေ... ဒီနှစ် မြက်ခင်းတွေက အရမ်းဖြစ်ထွန်းပြီး အာဟာရတန်ဖိုးတွေလည်း ပိုတက်လာတယ်ဗျ... မင်း စိုက်ပျိုးရေးဘက်ကို ဆက်မလေ့လာတာ တကယ်နှမြောစရာပဲ... တစ်ဆက်ပြီးတစ်ဆက် မျိုးစပ်သွားမယ်ဆိုရင် သေချာပေါက် သီးနှံမျိုးစိတ်သစ်တွေ အများကြီး ထွက်လာမှာပဲ"
လျိုပေါ်လျန်က ရယ်မောကာ ချီးကျူးလိုက်သည်။
"ကျွန်တော် ဒီလို လယ်ယာခြံဝင်း ဖွင့်ထားတာလည်း အတူတူပါပဲဗျာ... သုတေသနတွေ လုပ်ရမယ်ဆိုရင် အရမ်း ပင်ပန်းလွန်းတယ်... စာတမ်းတွေ ရေးရမယ်... အစီရင်ခံစာတွေ ဖတ်ရမယ်... အဲဒါမျိုးတွေကို ကျွန်တော် တကယ် မကြိုက်တာပါ"
ရွှီယန်က လက်ခါပြလိုက်သည်။
တက္ကသိုလ်တက်စဉ်က ဘွဲ့ယူစာတမ်း ပြုစုရသည်ကိုပင် အတော်လေး ခေါင်းကိုက်ခဲ့ရသည်။
ဘွဲ့လွန်တက်ပါက ရေး၍မကုန်နိုင်သော စာတမ်းများ ရှိနေသေးသည်ဟု ကြားလိုက်ရသဖြင့် ဘွဲ့လွန်ဆက်တက်မည့် အတွေးကို ချက်ချင်း ဖျောက်ဖျက်ပစ်ခဲ့ခြင်း ဖြစ်သည်။
သူက တောင်ပေါ်တွင် နေရသည်ကိုသာ ပို၍ သဘောကျလေသည်။
"အခုတလော မင်းရဲ့ ပန်းသီးသစ်တော် တွေလည်း အတော်လေး အဆင်ပြေနေတယ်လို့ ကြားတယ်... ဒီသင်ခန်းစာက ကျွန်တော်တို့ ကျောင်းရဲ့ နာမည်ကြီး သင်ခန်းစာတစ်ခု ဖြစ်နေပြီ... အားလုံးက တော်တော်လေး ဆွေးနွေးနေကြတာဗျ"
လျိုပေါ်လျန်က ထပ်ပြောလိုက်သည်။
"နှစ်ဦးနှစ်ဖက် အကျိုးရှိတာပါပဲဗျာ... ကျောင်းသားတွေ ကိုင်းကူးထားတာ အတော်လေး ကောင်းတယ်... ကျွန်တော် သွားကြည့်လိုက်တော့ ပန်းသီးကိုင်း တော်တော်များများက ရှင်နေပြီ... နောက်နှစ်ကျရင် သေချာပေါက် အညွန့်ထွက်လာမှာပဲ"
သူတို့နှစ်ယောက်က စကားစမြည် ပြောဆိုနေကြသည်။
"နောက်နှစ်အတွက်ရော အစီအစဉ်သစ်တွေ ရှိသေးလား... မင်းရဲ့ မြေနေရာတွေက မနည်းဘူးနော်"
လျိုပေါ်လျန်က လယ်ယာခြံဝင်းကို တစ်ပတ်ခန့် ကြည့်ရှုလိုက်ပြီး မြေကွက်လပ်အချို့ ကျန်သေးသည်ကို တွေ့လိုက်ရသဖြင့် မေးလိုက်သည်။
"ဘာစိုက်ရမလဲ စဉ်းစားနေတုန်းပဲဗျ... နောက်နှစ်ကျရင် နေကြာနဲ့ မြေပဲ မစိုက်တော့ဘူးဆိုတော့ မြေကွက်လပ် နည်းနည်း ပိုထွက်လာပြီလေ... တဖြည်းဖြည်း နွေဦးပေါက်ရင် စပါးနည်းနည်း စိုက်ပြီး စပါးခင်းထဲမှာ ငါးနည်းနည်း မွေးမလို့ စိတ်ကူးထားတယ်... အချိန်နည်းနည်း ထပ်ကြာရင် မှန်လုံအိမ် ဆယ်လုံးလောက် ထပ်ဆောက်ဖို့လည်း ရည်ရွယ်ထားသေးတယ်... အဲဒီအခါကျရင် ဘလူးဘယ်ရီတွေ ပိုစိုက်လို့ ရပြီပေါ့... ပြီးတော့ တခြား သစ်သီးတွေ ထပ်စိုက်ဖို့လည်း စဉ်းစားထားသေးတယ်"
ရွှီယန်က သူ၏ အစီအစဉ်များကို ပြောပြလိုက်သည်။
လျိုပေါ်လျန်ကဲ့သို့ လူမျိုးနှင့်ဆိုလျှင် ရွှီယန်က ရင်ဘတ်ဖွင့်၍ စကားပြောဆိုနိုင်ပေသည်။
လျိုပေါ်လျန်က သဘောကောင်းသူ တစ်ယောက်ဖြစ်ပြီး သူနှင့် စကားပြောရသည်မှာ သက်သောင့်သက်သာ ရှိလှသည်။
"မင်း စိတ်ကူးက မဆိုးဘူးနော်... လုပ်ငန်း ထပ်ချဲ့ဦးမယ်ပေါ့... စိုက်ပျိုးရေး လုပ်တာ တကယ် အဆင်ပြေပါတယ်... ငါတို့လို နေရာမျိုးမှာ စိုက်ပျိုးရေးနဲ့ ပိုက်ဆံရှာဖို့ဆိုတာ တော်တော် ခက်တာဗျ"
လျိုပေါ်လျန်က ထောက်ခံပြောဆိုလိုက်သည်။
ထို့နောက် သူက သူလာရောက်ရသည့် အကြောင်းရင်းကို ပြောပြလိုက်သည်။
"အခုတလော ကျွန်တော် သုတေသန လမ်းကြောင်းသစ်တစ်ခုကို လေ့လာနေတယ်ဗျ... မြက်ခင်း သုတေသနကတော့ တော်တော်လေး ခရီးရောက်နေပြီ ဆိုတော့ ထပ်ပြီး မျိုးစပ်မယ် ဆိုရင်တောင် အကောင်းဆုံးထဲက အကောင်းဆုံးကို ထပ်ရွေးရတာမျိုးပဲ ဖြစ်နေမှာလေ... အဲဒီဘောင်ထဲကနေ ဖောက်ထွက်လို့ မရတော့ဘူး... အတားအဆီးတစ်ခု ရောက်နေသလိုပဲဗျာ... လက်ရှိ နည်းပညာနဲ့ကတော့ ဒီအတားအဆီးကို ကျော်ဖြတ်ဖို့ မလွယ်ဘူး... အဲဒါကြောင့် အချိန်ရတုန်းလေး တခြားဟာကို သုတေသန လုပ်ကြည့်မလို့... ခရမ်းချဉ်သီး မျိုးစပ်ဖို့ ပြင်ဆင်နေတယ်... သာမန် ရွာခံတွေ စိုက်တဲ့ ခရမ်းချဉ်သီး မျိုးပေါ့"
လျိုပေါ်လျန်က သူ၏ သုတေသန အကြောင်း တွေးတောရင်း ပြောလိုက်သည်။
"ခရမ်းချဉ်သီး ဟုတ်လား"
ရွှီယန်က စိတ်ဝင်စားသွားသည်။
"ဟုတ်တယ်ဗျ... အခု ခရမ်းချဉ်သီး ဈေးကွက် တစ်ခုလုံးက အသီးမာ ခရမ်းချဉ်သီး တွေချည်း နေရာယူထားတာလေ... အရင်တုန်းကလို ခရမ်းချဉ်သီးမျိုးက တော်တော်လေး ရှားသွားပြီ... ကျွန်တော် ငယ်ငယ်တုန်းကဆို ခြံထဲက ခရမ်းချဉ်သီးတွေက ဘယ်လောက် စားကောင်းလဲ... အခွံလည်း နူးညံ့တယ်... အရည်လည်း ရွှမ်းတယ်... တစ်ကိုက် ကိုက်လိုက်တာနဲ့ အရည်တွေ ပန်းထွက်လာတာမျိုး... အခုဟာတွေကတော့ စိုက်ပျိုးရ မြန်တယ်... အထွက်မြန်တယ်... အထားခံတယ် ဆိုတဲ့ အသီးမာတွေချည်းပဲ... သိပ်စားမကောင်းဘူး... ကျွန်တော်က နည်းနည်း နူးညံ့အိစက်တဲ့ အသီးမျိုးလေး မျိုးစပ်ကြည့်ချင်လို့"
လျိုပေါ်လျန်က ရွှီယန်ကို သူ၏ စိတ်ကူးများ ပြောပြနေလေသည်။
"ကျွန်တော့်ဘက်ကတော့ ပြဿနာ မရှိပါဘူးဗျာ... ကျွန်တော့်ဆီမှာ မြေနေရာ အကျယ်ကြီး ရှိတာပဲ... ခရမ်းချဉ်သီး အကောင်းစားလေးတွေ တကယ် စိုက်ချင်နေတာ... အချိန်တန်ရင် မှန်လုံအိမ် တစ်လုံး ဖယ်ထားပေးလို့လည်း ရပါတယ်... မှန်လုံအိမ်နဲ့ စိုက်ရင် ပိုကောင်းမှာပေါ့"
ရွှီယန်က လျိုပေါ်လျန်၏ ဆိုလိုရင်းကို နားလည်သွားသဖြင့် သဘောတူလိုက်သည်။
"အဲဒီလောက် မလိုပါဘူး... အပြင်မှာပဲ တိုက်ရိုက်စိုက်မယ်... ဒါမှ သဘာဝအတိုင်း လေ့လာလို့ ရမှာလေ"
သူတို့ နှစ်ယောက်က ချက်ချင်းပင် အပေးအယူ တည့်သွားကြတော့သည်။
ရွှီယန်နှင့် စိုက်ပျိုးရေးတက္ကသိုလ်တို့ ပူးပေါင်းလုပ်ဆောင်မှုများက အတော်လေး များပြားပြီး ပူးပေါင်းမှုတိုင်းကလည်း အလွန် အဆင်ပြေချောမွေ့လေသည်။
စိုက်ပျိုးရေးတက္ကသိုလ် ကလည်း သူ့ကို အများကြီး ကူညီပေးခဲ့သည်။
ဤသို့ စကားပြောဆိုပြီးနောက် နောက်နှစ်အတွက် အစီအစဉ်များကလည်း တဖြည်းဖြည်း ရှင်းလင်းလာခဲ့သည်။
လယ်ယာခြံဝင်းတွင် မှန်လုံအိမ် ဆယ်လုံး ထပ်ဆောက်ကာ မှန်လုံအိမ် နှစ်တန်း အဖြစ် ပုံဖော်ပြီး ဥယျာဉ်ခြံကြီး တစ်ခုအဖြစ် ဖန်တီးမည် ဖြစ်သည်။
အလယ်တွင် လမ်းဖောက်ပြီး ပန်းခြံထဲတွင် အသုံးပြုသော ရှုခင်းကြည့် ကားလေး နှစ်စီး ဝယ်ထားမည် ဖြစ်ရာ နောက်ပိုင်းတွင် အလုပ်သမားများက ကားမောင်းကာ မှန်လုံအိမ်များထဲသို့ ဝင်ရောက် စစ်ဆေးနိုင်မည် ဖြစ်သည်။
အပြင်ဘက်ရှိ လယ်ကွင်းများတွင်တော့ မြက်နှင့် အရောင်စုံ အာလူးများ စိုက်ပျိုးမည့်အပြင် စပါးများ စိုက်ပျိုးကာ စပါးခင်းထဲတွင် ငါးများ မွေးမြူမည် ဖြစ်သည်။
ထို့နောက် ရှားပါး ခရမ်းချဉ်သီး မျိုးစိတ်များကိုလည်း စိုက်ပျိုးဦးမည် ဖြစ်သည်။
သေချာသည်ကတော့ လယ်ယာခြံဝင်းရှိ လူများ စားသုံးရန်အတွက် ဟင်းသီးဟင်းရွက်ခြံလေး တစ်ခုလည်း ရှိနေဦးမည် ဖြစ်ပြီး ထိုအထဲတွင် လိုအပ်သည်များ အားလုံး ရှိနေမည် ဖြစ်သည်။
ဥပမာ သခွားသီး... ခရမ်းသီး... ဆလတ်ရွက်... မုန်ညင်းဖြူ... ကိုက်လန်... ဆလတ်ရိုး... ကြက်သွန်မြိတ်... နံနံပင်... ဟင်းနုနယ်... ငရုတ်သီး အစရှိသည်တို့ပင် ဖြစ်သည်။
ကိုယ်ပိုင်မြေပေါ်တွင် ကိုယ်ပိုင်မြေဆီလွှာဖြင့် စိုက်ချင်ရာကို စိုက်ပျိုးနိုင်ပေသည်။
လယ်ယာခြံဝင်း ပိုင်ရှင်တစ်ယောက် အနေဖြင့် လယ်ယာခြံဝင်း၏ အနာဂတ်ကို ပုံဖော်နေရသည်မှာ ရင်ထဲတွင် အတော်လေး ပီတိဖြစ်စရာ ကောင်းလှသည်။
မျက်စိရှေ့တွင်ပင် တဖြည်းဖြည်း ဖွံ့ဖြိုးတိုးတက်လာခဲ့ပြီ မဟုတ်ပါလော။
အဓိကကတော့ ပိုက်ဆံ မလိုတော့ခြင်းပင် ဖြစ်သည်။ ယခုအခါ အတော်လေး ကြွယ်ဝနေပြီ ဖြစ်သည်။
ခရမ်းချဉ်သီး စိုက်ပျိုးမည့် ကိစ္စက ဤသို့ဖြင့် အတည်ဖြစ်သွားခဲ့လေပြီ။
နောက်တစ်နေ့တွင် ရွှီယန်က ခွေးလေးများကို ခေါ်ကာ တောင်ပေါ်ရှိ ရေခဲအိုင်သို့ သွားရောက်၍ ငါးမျှားသည့် တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ခဲ့ပြီး ကျော်ကြားမှုရမှတ် အများအပြား ထပ်မံ ရရှိခဲ့ပြန်သည်။
ခွန်းလွန်တောင် မှ ရရှိခဲ့သည်များနှင့် ဟူလွန်ပေ့အော် သစ်တော မှ ရရှိခဲ့သည်များကို ပေါင်းလိုက်ပါက ယခုအခါ သူ၏ ကျော်ကြားမှုရမှတ် များက သန်း ၁၀ ဂဏန်းကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ယခုဆိုလျှင် ထိပ်တန်းအဆင့် မဲဖောက်ခြင်း တစ်ကြိမ် ပြုလုပ်နိုင်ပြီ ဖြစ်သည်။
လူသူကင်းမဲ့သော နေရာများသို့ သွားရောက် တိုက်ရိုက်ထုတ်လွှင့်ခြင်းကသာ ကျော်ကြားမှုရမှတ် အများဆုံး ရရှိနိုင်သည်ဟု ဆိုရမည်။
ဥပမာအားဖြင့် ခွန်းလွန်တောင် တုန်းကဆိုလျှင် ကျော်ကြားမှုရမှတ် တက်လာသည့် အမြန်နှုန်းက အလွန်ကို အံ့မခန်း ဖြစ်ခဲ့ရသည်။
ထိုနေ့ ညနေပိုင်းတွင် ရွှီယန်က ငါးပေါင်း စားပြီးနောက် အခန်းထဲသို့ ပြန်ဝင်ကာ ထိပ်တန်းအဆင့် မဲဖောက်ခြင်း ပြုလုပ်ရန် ရွေးချယ်လိုက်သည်။
နောက်ဆုံးတော့ စုဆောင်းထားသည်များ ပြည့်မီသွားခဲ့ပြီ ဖြစ်သည်။
'ပိုင်ရှင်သည် ထိပ်တန်းအဆင့် မဲဖောက်ခြင်းကို ရွေးချယ်လိုက်ပါပြီ... မဲဖောက်နေပါသည်...'
စနစ်၏ ရင်းနှီးနေသော အချက်ပြသံ ထွက်ပေါ်လာခဲ့သည်။
'ဂုဏ်ယူပါတယ်... ပိုင်ရှင် ထိပ်တန်းအဆင့် ဆုလာဘ် ရရှိပါသည်'
'ကျွမ်းကျင်မှု - သားရဲများနှင့် တိုက်ခိုက်ခြင်း နည်းစနစ်'
'ပိုင်ရှင်သည် သားရဲများနှင့် တိုက်ခိုက်ရာတွင် ကျွမ်းကျင်သွားမည်ဖြစ်ပြီး သားရဲများကို ရင်ဆိုင်ရမည့် နည်းလမ်းများကို သိရှိသွားမည် ဖြစ်သည်'
'မှတ်ချက် - ဤနည်းစနစ် ရှိနေသော်လည်း အလွယ်တကူ သွားရောက် မစမ်းသပ်ပါနှင့်'
ထိပ်တန်းအဆင့် ဆုလာဘ်မှာ ကျွမ်းကျင်မှု တစ်ခု ဖြစ်နေသည်။
သားရဲများနှင့် တိုက်ခိုက်သည့် ကျွမ်းကျင်မှုပင်။
"ဟာ... သားရဲတွေနဲ့ တိုက်ခိုက်ရမယ်... ဒီလို တိုက်ခိုက်ရေး နည်းစနစ်မျိုးလည်း ရှိသေးတာလား"
ရွှီယန် အတော်လေး အံ့ဩသွားသည်။
ဤကျွမ်းကျင်မှုကို ကမ္ဘာပေါ်တွင် တတ်ကျွမ်းသူ ရှိချင်မှပင် ရှိမည် ဖြစ်သည်။
သူက ကျွမ်းကျင်မှု၏ အာနိသင်များကို အကြမ်းဖျင်း လေ့လာကြည့်လိုက်သည်။
ဥပမာ ဝံပုလွေနှင့် တွေ့ဆုံပါက လက်ဗလာဖြင့် တိုက်ခိုက်မည် ဆိုလျှင် အနောက်ဘက်မှနေ၍ ဖိချထားရမည် ဖြစ်သည်။
အဘယ်ကြောင့်ဆိုသော် ဝံပုလွေများ၏ သွက်လက်မှုက သိပ်မမြင့်မားသောကြောင့်ပင်။
ကျားသစ်နှင့် တွေ့ပါက လည်ပင်းကို ဖိထားရမည် ဖြစ်ပြီး မျက်လုံးကို ကလော်ထုတ်ရမည် စသဖြင့် ဖြစ်သည်။
ဝက်ဝံမည်းနှင့် တွေ့ပါက ၎င်း၏ လက်သည်းများကို ရှောင်ရှားပြီး ပြန်လည် တိုက်ခိုက်ရန် အခွင့်အရေး ရှာရမည် ဖြစ်သည်။
အရှေ့မြောက်ကျား နှင့် တွေ့ပါကတော့ ပြေးနိုင်သလောက်သာ ပြေးရမည် ဖြစ်သည်။
ခွန်အား တစ်ခုတည်းကပင် အရာရာကို ဖိနှိပ်ထားနိုင်စွမ်း ရှိသည်။
မည်မျှပင် နည်းစနစ်ကောင်းများ ရှိနေပါစေ ကျားတစ်ကောင်၏ ခွန်အားက လူသားတစ်ယောက်နှင့် ယှဉ်နိုင်သည့် အရာ မဟုတ်ချေ။
ဤကျွမ်းကျင်မှုက မဆိုးလှဟု ဆိုရမည်။ အနည်းဆုံးတော့ မိမိကိုယ်ကိုယ် ကာကွယ်နိုင်စွမ်း အနည်းငယ် တိုးလာပြီ မဟုတ်ပါလော။
သို့သော် ထိပ်တန်းအဆင့် မဲဖောက်ခြင်း ဖြစ်သဖြင့် သူ၏ မျှော်လင့်ချက်ကို အပြည့်အဝ မဖြည့်ဆည်းပေးနိုင်သလိုတော့ ခံစားရသည်။
ရွှီယန်က ဆန်းယာ ရှိ ပင်လယ်ကမ်းခြေ ဗီလာ တစ်လုံးလောက် မဲပေါက်မည်ဟု မျှော်လင့်ထားခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ပင်လယ်ကမ်းခြေသို့ အပန်းဖြေသွားနိုင်ပြီ မဟုတ်ပါလော။
မည်သို့ပင်ဖြစ်စေ ဤမျှ အေးခဲနေသော ရာသီဥတုမျိုးတွင် ထိုဘက်၌ နွေးထွေးနေမည်သာ ဖြစ်သည်။
ကျွမ်းကျင်မှု ရရှိသွားပြီ ဖြစ်ရာ ရွှီယန်က ချက်ချင်းပင် စမ်းသပ်ကြည့်ချင်စိတ်များ ဖြစ်ပေါ်လာသဖြင့် နောက်တစ်နေ့တွင် တောနက်ထဲသို့ ဝင်ကာ ရှောင်ဟွာ ကို သွားရောက် ရှာဖွေလိုက်သည်။
"လာ ရှောင်ဟွာ... ပြေးလာခဲ့စမ်း"
ရွှီယန်က ရှောင်ဟွာ ကို လက်ယပ်ခေါ်လိုက်သည်။
ရှောင်ဟွာ က ရွှီယန်၏ အဓိပ္ပာယ်ကို နားလည်သွားပြီး ချက်ချင်းပင် ရွှီယန်ထံသို့ ခုန်အုပ်လာခဲ့သည်။
ရွှီယန်က သွက်လက်စွာ ရှောင်တိမ်းလိုက်ပြီး ဘေးဘက်မှနေ၍ ရှောင်ဟွာ ကို ပွေ့ဖက်ကာ မြေကြီးပေါ်သို့ တိုက်ရိုက် ဖိချလိုက်တော့သည်။
ဤအချိန်တွင် အရှိန်ဖြင့် ရှောင်ဟွာ ၏ ခေါင်းနှင့် လည်ပင်းကို အားပါပါ ဖိချထားမည် ဆိုပါက ၎င်းကို အလွယ်တကူ ထိန်းချုပ်နိုင်မည် ဖြစ်သည်။
ထို့နောက်တွင်တော့ နှစ်ဖက် အင်အားပြိုင်ပွဲသာ ဖြစ်တော့မည်။
သို့သော် ရွှီယန်နှင့် ရှောင်ဟွာ တို့က ဆော့ကစားနေခြင်းသာ ဖြစ်သဖြင့် သူက ရယ်မောလိုက်ပြီး ရှောင်ဟွာ ၏ ကျောပေါ်သို့ တိုက်ရိုက် မှောက်ချလိုက်သည်။
ရှောင်ဟွာ က ပျော်ရွှင်စွာဖြင့် ပါးစပ်ကို ဟကာ ကိုက်မည့် အမူအရာကို လုပ်ပြသော်လည်း အားအနည်းငယ်မျှ မသုံးဘဲ ပါးစပ်ကိုသာ အကျယ်ကြီး ဟထားလေသည်။
ဘေးနားရှိ ကျားသစ်နက်လေး လူးနား က ရှောင်ဟွာ ဤမျှ ပျော်ရွှင်နေသည်ကို မြင်သောအခါ ချက်ချင်းပင် ညင်သာစွာ ဟိန်းဟောက်လိုက်သည်။
၎င်း၏ ပုံစံက ဤသို့ ပြောနေသည့် အလားပင်။
'ငါက မင်းအတွက် ကလေးနှစ်ကောင်တောင် မွေးပေးထားတာကို မင်းက မင်းရဲ့ အစ်ကိုကြီးနဲ့ နေရတာ ပိုပျော်နေသလိုပဲနော်’