← Chapters

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း ၃၅၅

Vol. 36 Ch. 355

အခန်း (၃၅၅) အပြန်လမ်းမှ မမျှော်လင့်ထားသော ကိစ္စနှင့် အသက်ရှင်နေသေးသော ဝက်ပန်းရောင်ကြီး

"မင်းတို့သုံးကောင် အတူတူ ဝင်လာခဲ့လိုက်..."

ရွှီယန်က သူ့ရှေ့ရှိ ရှောင်ဟွာနှင့် ကျားသစ်ပေါက်လေး နှစ်ကောင်ကို ကြည့်ကာ ပြုံးရွှင်စွာဖြင့် ပြောလိုက်သည်။

သူ၏စကားကို ကြားသောအခါ ကျားသစ်ပေါက်လေး နှစ်ကောင်က အော်သံလေးများ ပေးကာ ရွှီယန်ထံသို့ ခုန်အုပ်လာကြလေသည်။

ရွှီယန်၏ လက်လှုပ်ရှားမှုက အလွန်မြန်ဆန်လှသည်။

သူက အင်အားကို အလိုက်သင့် သုံးသည့် နည်းစနစ်ဖြင့် ကျားသစ်ပေါက်လေး နှစ်ကောင်ကို ဘေးသို့ လွယ်ကူစွာ ဖယ်ထုတ်ပစ်လိုက်သည်။

ရှောင်ဟွာကလည်း ရွှီယန်ထံသို့ ဆော့ကစားလိုသော သဘောဖြင့် ခုန်အုပ်လာခဲ့သည်။

ရွှီယန်က ရှောင်ဟွာ၏ ကိုယ်လုံးကို ဖက်ထားလိုက်ပြီး ခြေထောက်ကို အားပြုကာ တိုက်ရိုက်ပင် ခလုတ်တိုက် လှဲချလိုက်တော့သည်။

ဤလှုပ်ရှားမှု အဆက်အစပ်များက အလွန် ချောမွေ့သပ်ရပ်လှပေသည်။

ရှောင်ဟွာပင်လျှင် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။

ရွှီယန်က အရင်နှင့်မတူဘဲ ခန္ဓာကိုယ်လှုပ်ရှားမှုများ အများကြီး ပိုမိုသွက်လက်လာသည်ဟု ၎င်း ခံစားလိုက်ရသည်။

သာမန်ကာလျှံကာ ကစားစရာအရုပ် တစ်ရုပ်လို အကိုင်တွယ်ခံလိုက်ရသည့် ခံစားချက်မျိုးပင် ဖြစ်သည်။

ရွှီယန်ကိုယ်တိုင်လည်း အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မှတ်နေမိသည်။

ကျားသစ် လှုပ်ရှားလာသည်ကို မြင်လိုက်သည်နှင့် တစ်ပြိုင်နက် သူက အလိုက်သင့် တန်ပြန်ဖြေရှင်းမည့် နည်းလမ်းကို ချက်ချင်း လုပ်ဆောင်နိုင်ခဲ့သည်။

ဆော့ကစားနေခြင်း ဖြစ်သော်လည်း သူက တိရစ္ဆာန်များ၏ လှုပ်ရှားမှု အပြုအမူ အားလုံးကို လက်ခုပ်ထဲက ရေလို အကြွင်းမဲ့ နားလည်သဘောပေါက်နေပြီ ဖြစ်သည်။

ဤသည်မှာ ထိပ်တန်းအဆင့် မဲဖောက်ခြင်းမှ ရရှိခဲ့သော ကျွမ်းကျင်မှု၏ ကျေးဇူးပင် ဖြစ်သည်။

ယခုတော့ ရွှီယန်က ဤကျွမ်းကျင်မှု၏ အကျိုးကျေးဇူးကို တဖြည်းဖြည်းချင်း သတိထားမိလာခဲ့လေပြီ။

ကျားသစ် သုံးကောင်က နှင်းပြင်ထဲတွင် ဆက်လက် လုံးထွေးဆော့ကစားနေကြသည်။

ရှောင်ဟွာနှင့် လူးနားတို့က ရွှီယန်ကို ခင်မင်ကြသဖြင့် ကျားသစ်ပေါက်လေး နှစ်ကောင်ကလည်း ရွှီယန်ကို မိသားစုဝင် တစ်ယောက်လို သဘောထားကြလေသည်။

ရွှီယန်နှင့် ၎င်းတို့က အတော်လေး အဆင်ပြေပြေ ရှိလှပေသည်။

ဤကောင်လေး နှစ်ကောင်မှာ ယခုအခါ အတော်လေး ကြီးထွားလာခဲ့ပြီဖြစ်ရာ အရွယ်အစားမှာ ရွာခွေး တစ်ကောင်ထက်ပင် အနည်းငယ် ပိုကြီးနေပြီ ဖြစ်သည်။

ခန္ဓာကိုယ်ကလည်း အတော်လေး အားအင်ပြည့်ဝနေကြသည်။

ရွှီယန်က ၎င်းတို့နှင့် အတန်ကြာ ဆော့ကစားပြီးနောက် ကျားသစ်နက်လေး လူးနား၏ ခေါင်းကိုလည်း သွားရောက် ပွတ်သပ်ပေးလိုက်သေးသည်။

ဤအရာများ အားလုံး ပြီးစီးသွားသောအခါ ရွှီယန်က ပြန်လည် ထွက်ခွာရန် ပြင်ဆင်လိုက်သည်။

ရှောင်ဟွာက သူနှင့်အတူ ခဏမျှ လိုက်ပါလျှောက်လာပြီးနောက် ၎င်း၏ ခေါင်းကြီးဖြင့် ရွှီယန်၏ အနားသို့ လာရောက် ပွတ်သီးပွတ်သပ်လုပ်ကာ မခွဲခွာချင်သည့် အမူအရာကို ပြသနေလေသည်။

"ပြန်တော့လေ... ဒီလမ်းက သွားရတာ သိပ်အဆင်ပြေတာ မဟုတ်ဘူး..."

"မင်းတို့နှစ်ကောင် အစာရှာမရရင် လယ်ယာခြံဝင်းကိုသာ လာခဲ့..."

"ငါ့ဆီမှာ စားစရာတွေ အများကြီး ရှိတယ်..."

ရွှီယန်က ခရီးအတော်ဝေးဝေး ရောက်လာပြီဟု ထင်သဖြင့် ရှောင်ဟွာ၏ ခေါင်းကြီးကို ပွတ်သပ်ကာ တိုးညင်းစွာ ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ရှောင်ဟွာက ခြေလှမ်းရပ်တန့်သွားပြီး ရွှီယန်ကို စက္ကန့်အနည်းငယ်မျှ ကြည့်ကာ နောက်လှည့် ထွက်ခွာသွားတော့သည်။

ဤကျားသစ်က တကယ်ကို တခြားအကောင်များနှင့် မတူညီဘဲ ထူးခြားလှပေသည်။

ပုံမှန် ကျားသစ်များမှာ အလွန် ကြမ်းတမ်းသော အမဲလိုက် သတ္တဝါများ ဖြစ်ကြပြီး ညအမှောင်ထဲတွင် ရွာသူရွာသားများ၏ ခွေးများကို ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ကာ ကိုက်ချီ ထွက်ပြေးတတ်ကြရာ ခွေးများမှာ ပြန်လည် ခုခံရန်ပင် အခွင့်အရေး မရလိုက်ကြချေ။

သို့သော် ရှောင်ဟွာကတော့ အလွန် ချစ်စရာကောင်းပြီး ၎င်း၏ မျက်လုံးများထဲတွင် အူကြောင်ကြောင် နိုင်သည့် အရိပ်အယောင်များပင် ပါဝင်နေသေးသည်။

အတူတကွ နေထိုင်ရသည်မှာ အထူး သက်သောင့်သက်သာ ရှိလှပေသည်။

ရွှီယန်က ရှောင်ဟွာ ထွက်သွားသည်ကို ကြည့်ပြီးနောက် တောင်အောက်သို့ ဆက်လက် ဆင်းလာခဲ့သည်။

အေးအေးဆေးဆေး လမ်းလျှောက်ရင်း လယ်ယာခြံဝင်းသို့ ပြန်ရမည့် အချိန်ပင် ဖြစ်သည်။

ဤမျှ အေးခဲနေသော ရာသီဥတုတွင် အိမ်ထဲ၌ နေရသည်ကသာ အနွေးထွေးဆုံး ဖြစ်ပေသည်။

အိမ်ထဲတွင် နွေရာသီကဲ့သို့ ပူနွေးနေပြီး အနွေးခံ အင်္ကျီပါးလေးနှင့် ဘောင်းဘီရှည်လေး ဝတ်ထားသည်တောင် ပူအိုက်နေသလို ခံစားရကာ ရေခဲချောင်းလေး တစ်ချောင်းလောက် စားလိုက်ရပါမှ လန်းဆန်းသွားမည် ဖြစ်သည်။

မူလကတော့ အပြန်လမ်းတွင် အနည်းငယ် ပျင်းရိစရာ ကောင်းနေခဲ့ပြီး လမ်းတစ်လျှောက်လုံး မျက်စိတစ်ဆုံး ဖြူဖွေးနေသော နှင်းများကိုသာ မြင်တွေ့ခဲ့ရသည်။

သို့သော် ဤအချိန်မှာပင် မလှမ်းမကမ်းမှ ရုတ်ရုတ်သဲသဲ အသံအချို့ ထွက်ပေါ်လာခဲ့သည်။

ရွှီယန်က ချက်ချင်းပင် ထိုဘက်သို့ အနည်းငယ် လျှောက်သွားပြီး သေချာစွာ ကြည့်ရှုလိုက်သည်။

တစ်ချက် ကြည့်လိုက်ရုံဖြင့် အတော်လေး အံ့အားသင့်သွားရသည်။ အရွယ်ရောက်ပြီးသော ဝက်ပန်းရောင်ကြီး တစ်ကောင်က မြေကြီးကို အဆက်မပြတ် ထိုးဆွကာ အရသာရှိသော အစားအစာ တစ်ခုခုကို ရှာဖွေနေသည်ကို မြင်တွေ့လိုက်ရသောကြောင့်ပင်။

ထိုဝက်ပန်းရောင်ကြီး၏ ဘေးဘက်တွင် ထင်ရှားလှသော အသည်းပုံလေး တစ်ခု ရှိနေလေသည်။

"ဟင်... မိုက်တယ်ဟ..."

"မင်း အသက်ရှင်နေသေးတာလား..."

ရွှီယန်၏ မျက်နှာပေါ်တွင် အလွန်တရာ အံ့ဩမှင်တက်နေသည့် အမူအရာများ ပြည့်နှက်သွားတော့သည်။

ဤဝက်မှာ သူ၏ လယ်ယာခြံဝင်းထဲမှ ထွက်ပြေးသွားခဲ့ခြင်း ဖြစ်ပြီး ထိုအချိန်က သားရဲငယ်လေး တစ်ကောင်အလား အလွန် လျင်မြန်စွာ ပြေးထွက်သွားခဲ့ခြင်း ဖြစ်သည်။

ထို့နောက် ရွှီယန်က ၎င်းကို တစ်ကြိမ် နှစ်ကြိမ်ခန့် တွေ့ခဲ့ရသေးသော်လည်း နောက်ပိုင်းတွင်တော့ လုံးဝ ပြန်မတွေ့ရတော့ချေ။

ရွှီယန်က ၎င်း သေဆုံးသွားလောက်ပြီဟုပင် ထင်မှတ်နေခဲ့ခြင်း ဖြစ်သည်။

ကျားသစ်ကွက်... တောကြောင် နှင့် မြွေပါများကပင်လျှင် ဝက်ပေါက်လေးများကို ဖမ်းဆီးစားသောက်တတ်ကြသည် မဟုတ်ပါလော။

သို့သော် ရွှီယန် မမျှော်လင့်ထားသည်ကတော့ ဤမျှ အေးခဲနေသော ဆောင်းရာသီကြီးထဲတွင် သူနှင့် ဤဝက်ကြီးတို့ ထပ်မံ ဆုံတွေ့လိုက်ရခြင်းပင်။

ဝက်ပန်းရောင်ကြီး ကလည်း ရွှီယန်ကို မြင်သောအခါ သိသိသာသာပင် ကြောင်အမ်းအမ်း ဖြစ်သွားတော့သည်။

၎င်း၏ မျက်လုံးများထဲတွင်လည်း အံ့ဩမှင်တက်နေသည့် အရိပ်အယောင်များ ပါဝင်နေပြီး ပထမဆုံး တုံ့ပြန်မှုက ဤသို့ပင် ဖြစ်သည်။

'ဟင်...'

'မင်းက ဘယ်လိုလုပ် ထပ်ရောက်လာပြန်တာလဲ...'

နှင်းများ ဖုံးလွှမ်းနေသော ကမ္ဘာကြီးထဲတွင် လူတစ်ယောက်နှင့် ဝက်တစ်ကောင်တို့ တစ်ခဏမျှ အံ့အားသင့်စွာ ရပ်တန့်နေခဲ့ကြသည်။

နောက်တစ်စက္ကန့်မှာပင် ဝက်ပန်းရောင်ကြီးက နောက်လှည့်ကာ အသေအလဲ ပြေးတော့သည်။

"မပြေးနဲ့လေ..."

"ငါနဲ့ လယ်ယာခြံဝင်းကို လိုက်ခဲ့..."

"ငါ မင်းကို မစားပါဘူးကွာ..."

ရွှီယန်က ဤဝက်ကြီးကို အတော်လေး စိတ်ဝင်စားစရာကောင်းသည်ဟု ထင်မှတ်ကာ လယ်ယာခြံဝင်းသို့ ပြန်ဖမ်းသွားရန် စိတ်ကူးလိုက်သည်။

မူလကတည်းက အိမ်မွေးဝက် ဖြစ်ပြီး ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်လည်း မဟုတ်သဖြင့် ကြိုက်သလို စီမံခန့်ခွဲ၍ ရနိုင်ပေသည်။

ဝက်ပန်းရောင်ကြီးက အနည်းငယ်မျှပင် မရပ်တန့်ဘဲ ၎င်း၏ ပြေးလွှားသည့် လှုပ်ရှားမှုက အံ့ဩစရာ ကောင်းလောက်အောင် မြန်ဆန်နေကာ တောဝက်များနှင့်ပင် ယှဉ်နိုင်နေပြီ ဖြစ်သည်။

တောဝက်များ၏ အမြန်နှုန်းမှာ အလွန် မြန်ဆန်လှရာ သာမန်လူများက တကယ်ကို လိုက်မီနိုင်မည် မဟုတ်ချေ။

တောင်ပေါ်လမ်းက မူလကတည်းက ကြမ်းတမ်းနေပြီး မြေပြင်ကလည်း အနည်းငယ် ချော်နေသဖြင့် ရွှီယန်က ခပ်လှမ်းလှမ်းအထိ ပြေးလိုက်သွားသော်လည်း ဝက်ကြီးက တောင်စောင်းအတိုင်း လိမ့်ဆင်းသွားကာ အောက်သို့ရောက်သည်နှင့် ပြန်ထပြီး ဆက်ပြေးသွားသည်ကိုသာ မြင်တွေ့လိုက်ရတော့သည်။

ရွှီယန်က တောင်စောင်းပေါ်တွင် ရပ်လျက် ၎င်းကို အဝေးမှနေ၍ လှမ်းကြည့်နေလိုက်သည်။

"ဒီကောင်က ပိုပြီးတောင် မြန်လာပါလား... သူ့ကိုယ်သူ တောဝက်လို့များ ထင်နေတာလား မသိဘူး... တောဝက်ထက်တောင် ကြမ်းနေသလိုပဲ..."

ရွှီယန်က တွေးတောကာ ရေရွတ်လိုက်သည်။

ဝက်ပန်းရောင်ကြီးက တောင်စောင်းအောက်တွင် ရပ်လျက် ရွှီယန် လိုက်မလာတော့သည်ကို သတိထားမိသောအခါ ခပ်သုတ်သုတ် ပြေးထွက်သွားတော့သည်။

ဤရုတ်တရက် ဖြစ်ပေါ်လာသော မြင်ကွင်းလေးကြောင့် ရွှီယန်၏ အပြန်လမ်းခရီးတွင် ပို၍ စည်ကား သက်ဝင်သွားစေခဲ့သည်။

"ဆောင်းတွင်း အအေးဒဏ် ကြီးနေတဲ့ အချိန်မှာ မင်းရဲ့ သားရေကလည်း မထူဘဲနဲ့ အအေးပတ်ပြီး သေမှာကို မကြောက်ဘူးလား..."

"ငါက မင်းကို လယ်ယာခြံဝင်းဆီ ခေါ်သွားပေးမလို့ကို... ဘယ်လိုပဲဖြစ်ဖြစ် ဝက်ခြံက လေလုံတယ်လေ..."

ရွှီယန်က ဝက်ပန်းရောင်ကြီးကို လှမ်းကြည့်ကာ ပြောလိုက်သည်။

သူက ဤဝက်ကြီးကို အကူအညီ ပေးချင်နေမိသည်။ မည်သို့ပင်ဖြစ်စေ ဤမျှ ထူးခြားသော ကိုယ်ရည်ကိုယ်သွေး ရှိသည့် အကောင်မျိုးကို စားပစ်လိုက်ပါက နှမြောစရာ ကောင်းသည်ဟု ခံစားရသောကြောင့်ပင်။

သို့သော် ဝက်ပန်းရောင်ကြီးက ကျေးဇူးမတင်သည့်အပြင် ပြေးဖို့ကိုသာ တွေးနေသဖြင့် သူ့သဘောအတိုင်း လွှတ်ထားလိုက်ရုံသာ ရှိတော့သည်။

"ဆောင်းတွင်းဆိုရင် တောင်ပေါ်မှာ အအေးပတ်ပြီး သေလောက်တယ်..."

"ဒါပေမဲ့ ပြောလို့တော့ မရသေးဘူး... သင့်တော်တဲ့ လိုဏ်ဂူတစ်ခုခု ရှာတွေ့တာမျိုး ဒါမှမဟုတ် တခြား တောဝက်တွေနဲ့ စုဝေးပြီး အနွေးဓာတ် ယူတာမျိုးလည်း ဖြစ်နိုင်တာပဲ..."

"နောက်တစ်ခေါက် တွေ့ရင် သူ အသက်ရှင်နေပါသေးစေလို့ ဆုတောင်းရမှာပေါ့..."

ရွှီယန်က ဤသို့ ပြောလိုက်ပြီးနောက် လယ်ယာခြံဝင်း ရှိရာဘက်သို့ ဆက်လက် ခရီးဆက်လာခဲ့သည်။

ကိုယ်တိုင် လုပ်ကိုင်ခွင့်ရထားသော တောင်ကုန်းကို ဖြတ်သန်းသွားချိန်တွင် သူက တစ်ပတ်ခန့် လှည့်ပတ် ကြည့်ရှုလိုက်သေးသည်။

ဝက်ဝံမည်း နှစ်ကောင်စလုံးကို မတွေ့ရတော့ချေ။ မည်သည့်နေရာသို့ ဆောင်းခိုရန် ထွက်သွားကြသနည်း ဆိုသည်ကို မသိနိုင်ချေ။

ပန်းသီးသစ်တော် များ၏ ကြီးထွားမှုကလည်း မဆိုးလှချေ။ သစ်ကိုင်းများ အားလုံး အသက်ရှင်နေကြဆဲဖြစ်ရာ နောက်နှစ် အသီးသီးမည့် အချိန်ကိုသာ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။

နောက်နှစ်ကလည်း အလွန် မျှော်လင့်ချက် ရှိသော နောက်ထပ် နှစ်တစ်နှစ်ပင် ဖြစ်သည်။

ထို့နောက်တွင်တော့ ရွှီယန်က လယ်ယာခြံဝင်းသို့ ပြန်လည် အနားယူလိုက်တော့သည်။

ယခုအခါ ဘဝလေးက ပို၍ သာယာစိုပြည်လာပြီး အချိန်ကုန်ရသည်မှာလည်း အလွန် မြန်ဆန်လှပေသည်။

နှစ်ရက်ခန့် ကြာသောအခါ ရေခဲနှင့် နှင်းများက အတော်လေး အရည်ပျော်သွားခဲ့ပြီ ဖြစ်သည်။

ထိုနေ့ မွန်းလွဲပိုင်းတွင် ရွှီယန်က ခြံဝင်းထဲသို့ ရောက်လာသောအခါ ကြိုးကြာဖြူ နှစ်ကောင်က သူ၏ အရှေ့သို့ ပြေးလာပြီး တောင်ပံများကို စတင် ခတ်ပြနေကြသည်ကို မြင်တွေ့လိုက်ရသည်။

ဤကောင်လေး နှစ်ကောင်က ရွှီယန်ကို တစ်ခုခု ပြောချင်နေသည့် အလားပင်။

ရွှီယန် ကလည်း အခြေအနေကို ရိပ်မိလိုက်သည်။

သူက ဒရုန်းကို ထုတ်ယူကာ တိုက်ရိုက်ထုတ်လွှင့်မှုကို စတင်လိုက်သည်။

တစ်ဖက်တွင် ဤမြင်ကွင်းလေးက အလွန် အမှတ်တရ ဖြစ်စေမည်ဟု သူ ထင်မြင်သောကြောင့် ဖြစ်ပြီး နောက်တစ်ဖက်တွင်တော့ သစ်တောဦးစီးဌာန အတွက် သက်သေအထောက်အထား တစ်ခု ချန်ထားပေးရန် အတွက်လည်း ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ ချီကျိုင် ဆိုသည်မှာ သူ့ထံတွင် မွေးမြူထားသော တောရိုင်း ကြိုးကြာဖြူ တစ်ကောင် ဖြစ်ပြီး နိုင်ငံတော်၏ ပထမအဆင့် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန်ပင် မဟုတ်ပါလော။

လွှတ်ပေးမည် ဆိုပါကလည်း သေချာပေါက် အကြောင်းပြချက် တစ်ခု ရှိရမည်သာ ဖြစ်သည်။

မကြာခင်မှာပင် တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ လူဦးရေက လျင်မြန်စွာ မြင့်တက်လာခဲ့သည်။

[လောင်ရွှီ လိုက်ဖ်လွှင့်ပြီလား...]

[ဘယ်ရောက်သွားပြန်ပြီလဲ... ဒီတစ်ခေါက် လိုက်ဖ်လွှင့်တာ တော်တော်စောပါလား...]

[လယ်ယာခြံဝင်း ထဲမှာ ထင်တယ်နော်...]

[သူ့ရဲ့ လယ်ယာခြံဝင်းပါ... သူက ဒီနယ်မှာ နာမည်ကြီးတဲ့ လယ်ယာခြံဝင်း ပိုင်ရှင်လေ... တကယ့် သူဌေးကြီးကွ...]

မှတ်ချက်များကလည်း ဆက်တိုက် တက်လာတော့သည်။

ရွှီယန်က အားလုံးကို ရှင်းပြလိုက်သည်။

"ဒီနှစ်ကောင်က ကျွန်တော့် လယ်ယာခြံဝင်းထဲမှာ မွေးထားတဲ့ ကြိုးကြာဖြူ နှစ်ကောင်လေ... အရင်တုန်းကလည်း အားလုံးကို ပြဖူးပါတယ်... ချီကျိုင် နဲ့ ပါကျိုက် ပါ..."

"ချီကျိုင် က တောရိုင်း ကြိုးကြာဖြူ ဖြစ်ပြီး ပါကျိုက် ကတော့ မျိုးပွားမွေးမြူထားတာပါ... ဒါပေမဲ့ တကယ်တမ်းကျတော့ ဘာမှ မကွာခြားပါဘူး..."

"ကျွန်တော် သူတို့ကို အမြဲတမ်း သေချာ ဂရုစိုက် ပြုစုထားသလို ကြိုးကြာဖြူ မွေးမြူရေး စင်တာက လူတွေလည်း လာပြီး ပုံမှန် ကျန်းမာရေး စစ်ဆေးပေးကြပါတယ်..."

"ဒီနေ့ သူတို့နှစ်ကောင်ရဲ့ ပုံစံကို ကြည့်ရတာ ပျံသန်းထွက်ခွာဖို့ ပြင်ဆင်နေကြပုံပဲ..."

"ကျွန်တော်က ဒီမြင်ကွင်းလေးကို အတော်လေး အဓိပ္ပာယ်ရှိတယ်လို့ ခံစားရလို့ တိုက်ရိုက်ထုတ်လွှင့်ပြပြီး အမှတ်တရလေး တစ်ခု ချန်ထားချင်လို့ပါ..."

ရွှီယန်၏ စကားကို ကြားသောအခါ အားလုံးက ချက်ချင်းပင် အနည်းငယ် အံ့အားသင့်သွားကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှု မြင်ကွင်းထဲရှိ ကြိုးကြာဖြူများကို မြင်တွေ့လိုက်ရသောအခါ ပို၍ပင် အံ့ဩမှင်တက်သွားကြတော့သည်။

ကြိုးကြာဖြူ နှစ်ကောင်မှာ ယခုအခါ လုံးဝ အရွယ်ရောက်နေပြီ ဖြစ်ပြီး ၎င်းတို့၏ အမွေးအမျှင်များက ဖြူစင်သန့်ရှင်းနေကာ ခေါင်းပေါ်တွင် အနီကွက်လေးများ ရှိနေသဖြင့် ကြည့်ရသည်မှာ မြင့်မြတ်သန့်စင်ပြီး နတ်သက်ဝင်နေသည့် အလားပင် ဖြစ်သည်။

တကယ်ပင် ကြိုးကြာဖြူများက ကြီးလာလေ ပို၍ လှပလာလေပင် ဖြစ်သည်။

ထို့အပြင် ကြိုးကြာဖြူ နှစ်ကောင်၏ အနောက်တွင် ငန်းဖြူကြီး ပါကျိုက် ကလည်း တကောက်ကောက် လိုက်ပါလာနေဆဲပင်။

ပါကျိုက် က သူသည် ငန်းတစ်ကောင်သာ ဖြစ်ကြောင်းကို သတိမထားမိသေးချေ။

ယနေ့ မြင်ကွင်းကတော့ ၎င်းအတွက် အတော်လေး ရက်စက်လွန်းနေမည်မှာ သေချာလှသည်။

ထို့နောက် ကြိုးကြာဖြူ နှစ်ကောင်က ရွှီယန်၏ အရှေ့တွင် ကပြနေသည့်အလား တစ်ကောင်နှင့်တစ်ကောင် မှီတွယ်ကာ လည်ပင်းကို ဆန့်ထုတ်၍ တေးဆိုသကဲ့သို့ အဆက်မပြတ် အော်မြည်နေကြလေသည်။

အချိန်ခဏတိုင်းတွင် တောင်ပံများကို ဖြန့်ကားကာ လှပသော အကဟန်များကို ပြသနေကြသည်။

တိုက်ရိုက်ထုတ်လွှင့်မှုထဲမှ အင်တာနက်သုံးစွဲသူများ အားလုံး ငေးမောသွားကြတော့သည်။

[ဘုရားရေ... ဒီကြိုးကြာဖြူ နှစ်ကောင်က ကနေကြတာလား...]

[ဟုတ်ပုံရတယ်... အရမ်းကို လှလွန်းတယ်နော်...]

[သူတို့က လောင်ရွှီ ကို ကပြနေကြတာလား...]

[ဆရာကြီး ဆိုတာ ဒါမျိုးကို ခေါ်တာ... ဒီလို ဆက်ဆံခံရတဲ့အထိပဲကိုး...]

ဤမြင်ကွင်းကို လုံးဝ ပုံတူကူးချ၍ ရနိုင်မည် မဟုတ်ချေ။

လူသား တစ်ယောက်အတွက် ကပြနေသော ကြိုးကြာဖြူ နှစ်ကောင်ပင် ဖြစ်သည်။

တိုက်ရိုက်ထုတ်လွှင့်မှု လူဦးရေက ပိုပိုများပြားလာပြီး ကြိုးကြာဖြူ မွေးမြူရေး စင်တာမှ လူများပင်လျှင် ဤတိုက်ရိုက်ထုတ်လွှင့်မှုကို ဝင်ရောက် ကြည့်ရှုနေကြလေသည်။

"ကြိုးကြာဖြူ တွေက တကယ် ကနေကြတာပဲ... ဒီငှက်တွေက အရမ်း နတ်သက်ဝင်ပြီး အရမ်း ဉာဏ်ကောင်းကြတယ်... သူတို့က ရွှီယန်ကို ကျေးဇူးတင်နေကြတာပါ..."

မွေးမြူရေးစင်တာမှ သုတေသီ တစ်ယောက်က ဤမြင်ကွင်းကို ကြည့်ရင်း မယုံနိုင်စွာဖြင့် ပြောလိုက်သည်။

"ဒီမြင်ကွင်းက တကယ်ကို တွေ့ရခဲလှတယ်... ရွှီယန်က တကယ်ပဲ ဘယ်လိုများ လုပ်နိုင်ခဲ့တာလဲ... တောရိုင်းတိရစ္ဆာန်တွေက သူ့အပေါ် အရမ်းကို ရင်းနှီးပြနေကြတာပဲ..."

"သူ့ဆီမှာ တကယ်ကို နည်းလမ်းကောင်း ရှိနေတာပဲ..."

လူများက ဤမြင်ကွင်းကို ကြည့်ရင်း အံ့ဩနေကြလေသည်။

နတ်သက်ဝင်နေသော ကြိုးကြာဖြူ နှစ်ကောင်၏ အကအခုန်က အလွန် သာယာလှပလှပေသည်။

ရွှီယန်က ဤမြင်ကွင်းကို ကြည့်ရင်း မနေနိုင်ဘဲ ရယ်မောလိုက်ပြီးနောက် ၎င်းတို့ကို ပြောလိုက်သည်။

"ထွက်သွားတော့မလို့လား... ငါက မင်းတို့ ဒီမှာ ဆောင်းခိုကြတော့မလို့ ထင်နေတာ..."

"အခု နည်းနည်း အေးနေပြီဆိုတော့ တောင်ပိုင်းကို ပျံသွားဖို့ အချိန်မီပါဦးမလား..."

"အရမ်း အန္တရာယ် မများလွန်းဘူးလား..."

ကြိုးကြာဖြူ နှစ်ကောင်ကတော့ တောင်ပံများကို ဖြန့်ကားကာ ဆက်လက် ကပြနေဆဲပင်။

မိနစ်အနည်းငယ် ကြာပြီးနောက် ၎င်းတို့၏ အကအခုန်များ ရပ်တန့်သွားပြီး ရွှီယန်ကို အတူတကွ လှမ်းကြည့်လိုက်ကြရာ စက္ကန့် သုံးဆယ်ခန့် ကြာမြင့်သွားခဲ့သည်။

ထို့နောက်တွင်တော့ ၎င်းတို့က တောင်ပံများကို ခတ်ကာ တိုက်ရိုက် ပျံတက်သွားကြတော့သည်။

ငန်းဖြူကြီး ပါကျိုက် က ၎င်းတို့၏ အနောက်မှ နောက်လိုက်ငယ်လေး တစ်ကောင်အလား အမြဲတမ်း လိုက်ပါနေခဲ့သည်။

အင်တာနက်သုံးစွဲသူများ ကလည်း စောစောစီးစီး ကတည်းက ၎င်းကို သတိထားမိနေကြပြီ ဖြစ်သည်။

အားလုံးက ၎င်း၏ ပုံစံကို ကြည့်ရင်း မနေနိုင်ဘဲ ရယ်မောလိုက်ကြသည်။

[ဒီငန်းကြီးက ဘယ်လိုဖြစ်နေတာလဲ... ကြိုးကြာဖြူတွေ ပျံသလို ဘာလို့ လိုက်လုပ်နေတာလဲ...]

[အရမ်း ရယ်ရတာပဲ...]

[ဟားဟားဟား... တကယ်ကို ရယ်ရတယ်နော်...]

[သူကရော ကြိုးကြာဖြူတွေနဲ့ အတူတူ လိုက်ပျံသွားမလို့လား...]

ဤအချိန်တွင် ကြိုးကြာဖြူ နှစ်ကောင်က ကောင်းကင်ယံသို့ ပျံတက်သွားပြီး အဝေးသို့ တောက်လျှောက် ပျံသန်းသွားကြတော့သည်။

၎င်းတို့၏ ပျံသန်းသည့် ဟန်ပန်များကလည်း အလွန် လှပလှပေသည်။ တောင်ပံခတ်သည့် လှုပ်ရှားမှုက မမြန်ဆန်သော်လည်း အလွန် အားပါလှပေသည်။

"လမ်းခရီး ဘေးကင်းပါစေကွာ..."

ရွှီယန်က ၎င်းတို့ နှစ်ကောင်ကို လက်ပြကာ နှုတ်ဆက်လိုက်သည်။

ဤအချိန်မှာပင် ဆွေးမြေ့ဖွယ်ရာ ငန်းအော်သံ တစ်ခု ထွက်ပေါ်လာခဲ့သည်။

ပါကျိုက် က တောင်ပံများကို အားကုန်ခတ်ရင်း ကြိုးကြာဖြူ နှစ်ကောင် ပျံသန်းသွားသည့် ဦးတည်ရာဘက်သို့ အရှိန်ပြင်းပြင်းဖြင့် ပြေးလွှားနေသည်ကို မြင်တွေ့လိုက်ရသည်။

၎င်း၏ ပုံစံက အလွန် စိတ်ပူပန်နေပုံရပြီး ဤသို့ ပြောနေသည့် အလားပင်။

'ယန်ဇီ... မင်းမရှိရင် ငါ ဘယ်လိုလုပ် အသက်ရှင်ရမှာလဲ ယန်ဇီရ...'

'ငါ့ကိုလည်း စောင့်ကြပါဦးဟ...'

ပါကျိုက် က အကွာအဝေး အနည်းငယ်မျှ ပျံတက်သွားနိုင်သော်လည်း ထိုအကွာအဝေးမျှသာ ဖြစ်လေသည်။

ထို့နောက် မြေကြီးပေါ်သို့ ပြန်ကျလာခဲ့သည်။

ထို့နောက် ၎င်းက ဆက်လက် ပျံတက်နိုင်ရန် ကြိုးစားသော်လည်း အောင်မြင်မှု မရရှိဘဲ မြေကြီးပေါ်သို့ ဖရိုဖရဲ ပြုတ်ကျသွားတော့သည်။

အင်တာနက်သုံးစွဲသူများ က ဤမြင်ကွင်းကို မြင်သောအခါ ချက်ချင်းပင် အသံထွက်ကာ ရယ်မောလိုက်ကြတော့သည်။

သို့သော် ရွှီယန် ကတော့ အနည်းငယ် ရင်နာသွားသလို ခံစားလိုက်ရသည်။

"ဒီကောင်လေးက တကယ်ကို ပျံချင်နေတာပဲ..."

"မတတ်နိုင်ဘူးလေ... မင်းက ငန်းတစ်ကောင်ပဲ ဖြစ်နေတာကိုး..."

"မင်းဒီလောက် ကြိုးစားနေတာကို တွေ့ရတော့လည်း မင်းကို သေချာ ဂရုစိုက် မွေးထားပေးပါ့မယ်လေ..."

"နောက်နှစ် ကြိုးကြာဖြူတွေ ပြန်လာရင် မင်း သူတို့နဲ့ အတူတူ ပြန်ဆော့လို့ ရမှာပါ..."

ရွှီယန်က သက်ပြင်းချကာ ပြောလိုက်သည်။

All Chapters