အခန်း ၃၅၇
Vol. 36 Ch. 357
အခန်း (၃၅၇) ပြဿနာရှာတဲ့ ရှောင်ဟေး... ထူးဆန်းတဲ့ တိရစ္ဆာန် တစ်ကောင်ကို ကိုက်ချီလာတယ်
ပျော်ရွှင်စရာကောင်းသော တိုက်ရိုက်ထုတ်လွှင့်မှု ပြီးဆုံးသွားပြီးနောက် ရွှီယန်က မြစ်ကမ်းဘေးမှနေ၍ လယ်ယာခြံဝင်းသို့ ပြန်လာခဲ့သည်။
ယနေ့ သူက ဒရယ်ပြောက် အတော်များများကို တကယ် မြင်တွေ့ခဲ့ရသည်။
ရေဆာနေ၍ ဖြစ်လောက်မည်ဟု ခန့်မှန်းရသည်။
ဆောင်းရာသီတွင် ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေပြီး နေရာတိုင်းတွင် နှင်းများ ရှိနေသော်လည်း တိရစ္ဆာန်များအတွက် ရေသောက်စရာ နေရာ တကယ်ကို မရှိကြချေ။
တစ်ဖက်တွင်က ဉာဏ်ရည်ဉာဏ်သွေးကြောင့် ဖြစ်ပြီး နောက်တစ်ဖက်တွင်က ခန္ဓာကိုယ် ဖွဲ့စည်းပုံကြောင့် ဖြစ်သည်။
၎င်းတို့က ရေခဲနှင့် ရေသည် ပုံစံမတူသော်လည်း တူညီသော အရာဝတ္ထု ဖြစ်ကြောင်းကို နားမလည်နိုင်ကြပေ။
အရင်က ရွှီယန် အပြင်ဘက်တွင် ရေတစ်ပုံး ချထားပေးခဲ့စဉ်က လာရောက် သောက်သုံးကြသော တိရစ္ဆာန်ငယ်လေးများ အလွန် များပြားခဲ့သည်။
နိုင်ငံခြားမှ လယ်ယာခြံဝင်း ပိုင်ရှင်တစ်ယောက်က ဤကိစ္စကို သီးသန့် မှတ်တမ်းတင်ခဲ့ဖူးသည်။ သူက ရေကန်တစ်ခု ထားရှိပြီးနောက် ဗီဒီယိုရိုက်ကူး မှတ်တမ်းတင်ခဲ့ခြင်း ဖြစ်သည်။
ရလဒ်အနေဖြင့် ရှဉ့်များ လာရောက် ရေသောက်ကြသလို သမင်များလည်း လာရောက် သောက်သုံးကြသည်။ ထို့ပြင် ငှက်များက ရေသောက်ရုံသာမက ရေကန်ထဲတွင် ရေပါချိုးသွားကြသေးသည်။
ထို့ကြောင့် တုံးအသော ဒရယ်ပြောက်များက မြစ်ကမ်းဘေးသို့ ရေသောက်ရန် သွားချင်ခဲ့ကြသော်လည်း နောက်ဆုံးတွင်တော့ မြစ်ကမ်းဘေး၌ ပိတ်မိသွားခဲ့ခြင်း ဖြစ်လောက်ပေမည်။
ရွှီယန်လည်း ၎င်းတို့ကို အနည်းငယ်မျှသာ ကူညီပေးနိုင်ခဲ့သည်။
ဤသည်မှာ ဉာဏ်ရည် ပြဿနာဖြစ်သဖြင့် ကယ်တင်၍ ရနိုင်မည် မဟုတ်ချေ။
လယ်ယာခြံဝင်းသို့ ပြန်ရောက်သည်နှင့် လယ်ယာခြံဝင်းထဲရှိ တုံးအသော ဒရယ်ပြောက်လေးက ဝင်ပေါက်နှင့် မနီးမဝေး နေရာတွင် အူကြောင်ကြောင်ဖြင့် ရပ်နေဆဲဖြစ်သည်ကို မြင်တွေ့လိုက်ရသည်။
ဟက်စကီက ချက်ချင်း ပြေးသွားပြီး ၎င်းနှင့် နှုတ်ဆက်လေသည်။
ဒရယ်ပြောက်လေးက မေးလိုက်သည့်အလားပင်။
"အစ်ကိုကြီး... အပြင်သွားဆော့တာလား... ဘာတွေများ တွေ့ခဲ့လဲ"
ဟက်စကီက ပြန်ဖြေလိုက်သည်။
"မြစ်ထဲမှာ ပိတ်မိနေတဲ့ ငတုံးကောင် တချို့ကို တွေ့ခဲ့တယ်လေ"
ဒရယ်ပြောက်လေးက ထောက်ခံလိုက်သည်။
"ဒါဆို တော်တော်လေး တုံးတာပဲ"
ဟက်စကီက သဘောတူလိုက်သည်။
"ဟုတ်တယ်မလား"
ဤကောင်လေး နှစ်ကောင်က နေ့တိုင်း အူကြောင်ကြောင် နိုင်လှပြီး တကယ့်ကို ဝေါ့လုံ နှင့် ဖုန်းချူ အတွဲလေးပင် ဖြစ်သည်။
အခြား တိရစ္ဆာန်များက ၎င်းတို့နှင့် အတူ မဆော့ကစားချင်ကြချေ။
ဥပမာအားဖြင့် သမင်ပြောက်ငယ်လေး ဆိုလျှင် မြင်းမည်းလေး ကျင်းကျယ်... ရှောင်ဟေး တို့နှင့် အတူ သွားလာရသည်ကို ပို၍ သဘောကျပြီး တုံးအသော ဒရယ်ပြောက်နှင့် အတူ မဆော့ကစားချင်ပေ။
၎င်းက သူပါ လိုက်ပြီး တုံးအသွားမည်ကို ကြောက်ရွံ့နေပုံ ရသည်။
ရွှီယန်က တုံးအသော ဒရယ်ပြောက်လေးကို တစ်ခါတစ်ရံ အစားအစာများ ကျွေးတတ်ပြီး ဤကောင်လေးက အမြဲတမ်း အူကြောင်ကြောင် ပုံစံလေးသာ ဖြစ်နေတတ်သည်။
တစ်ခါတစ်ရံ ရွှီယန်က ၎င်းအတွက် အစားအစာ ထုပ်ပိုးမှုကို ခွာပေးနေချိန်တွင် ဤကောင်လေးက အနားသို့ တိုးလာပြီး ရွှီယန်၏ အင်္ကျီလက်စကို လာရောက် ကိုက်ဆွဲထားတတ်သည်။
ထိုအခါ ရွှီယန်လည်း မနေနိုင်ဘဲ လက်ကိုမြှောက်ကာ ၎င်းကို ရိုက်တော့မည့်ဟန် လုပ်ပြရလေသည်။
မည်သို့ပင်ဖြစ်စေ ဤအတိုင်း မွေးမြူထားရသည်မှာလည်း အတော်လေး ကောင်းမွန်လှပေသည်။
ဤရက်ပိုင်းအတွင်း ရာသီဥတုက တဖြည်းဖြည်း အေးလာသဖြင့် အချိန်အများစုကို အိမ်ထဲတွင်သာ ကုန်ဆုံးစေပြီး တစ်ခါတစ်ရံမှသာ တိရစ္ဆာန်များကို အစာကျွေးရန် အပြင်ထွက်လေ့ ရှိသည်။
လယ်ယာခြံဝင်းတွင် အလုပ်ကြီး နှစ်ခု ကျန်နေသေးသည်။
တစ်ခုမှာ ဘလူးဘယ်ရီများ မှည့်လာပြီဖြစ်ရာ ရွှီယန်က စာချုပ်ချုပ်ဆိုထားသော စီးပွားရေးလုပ်ဖော်ကိုင်ဖက်များကို ဆက်သွယ်ကာ တစ်စီးပြီးတစ်စီး တင်ပို့ရောင်းချရခြင်း ဖြစ်သည်။
အရက်ဝိုင်း အချို့လည်း မလွဲမသွေ ရှိလာတတ်ပြီး သောက်သင့်သည့် အချိန်တွင်လည်း အနည်းငယ် သွားရောက် သောက်သုံးရလေသည်။
ဘာပဲဖြစ်ဖြစ် သူက နာမည်အနည်းငယ် ရနေသော ဘလူးဘယ်ရီ ဘုရင်ကြီး တစ်ယောက် ဖြစ်နေပြီဖြစ်ရာ လယ်ယာခြံဝင်း၏ စီးပွားရေးက အလွန် ကောင်းမွန်စွာ ဖွံ့ဖြိုးတိုးတက်နေပြီ ဖြစ်သည်။
အခြား ကိစ္စတစ်ခုမှာ အာလူး စိုက်ပျိုးခြင်း ဖြစ်ပြီး ဆောင်းရာသီ အာလူးများကို စောစောစီးစီး စိုက်ပျိုးထားရမည် ဖြစ်သည်။
ကိစ္စများ အားလုံး ပြီးစီးသွားသောအခါ လယ်ယာခြံဝင်းက ချက်ချင်းပင် အတော်လေး တိတ်ဆိတ်သွားတော့သည်။
ငန်းကြီးများနှင့် ရွာဝက်များကိုလည်း အချို့ ရောင်းချလိုက်ပြီး တစ်စိတ်တစ်ပိုင်းကိုသာ ချန်ထားလိုက်သည်။
ရွှီယန်၏ နေ့စဉ်ဘဝမှာ အနည်းငယ် ပျင်းရိစရာ ကောင်းလာသလို ရှိလေသည်။
သေချာသည်ကတော့ တိရစ္ဆာန်များ များပြားသဖြင့် တိတ်တိတ်ဆိတ်ဆိတ် နေချင်လျှင်တောင် အလွယ်တကူ မရနိုင်ချေ။
ထိုနေ့ မွန်းလွဲပိုင်းတွင် ရွှီယန်က လယ်ယာခြံဝင်းထဲ၌ လမ်းလျှောက်နေလေသည်။
ထိုစဉ် လယ်ယာခြံဝင်း၏ ဝင်ပေါက်မှနေ၍ ရှောင်ဟေးက သူ့ဆီသို့ တည့်တည့်မတ်မတ် ပြေးလာသည်ကို အဝေးမှနေ၍ မြင်တွေ့လိုက်ရသည်။
၎င်း၏ ပုံစံကို ကြည့်ရသည်မှာ ကိစ္စတစ်ခုခု ရှိနေသည်မှာ သေချာလှသည်။
ရွှီယန်၏ အမြင်အာရုံကလည်း ကောင်းမွန်လှသဖြင့် ရှောင်ဟေး၏ ပါးစပ်ထဲတွင် အရှည်အတောင့်လိုက် တစ်ခုခုကို ကိုက်ချီလာကြောင်း အဝေးကတည်းက မြင်တွေ့လိုက်ရသည်။
"ဘာကိုက်ချီလာတာလဲ..."
"ချေးတုံးကြီးတော့ မဟုတ်လောက်ပါဘူးနော်..."
ရွှီယန် အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားရသည်။
ထိုအရာ လုံးဝ မဖြစ်ပါစေနှင့်ဟု ဆုတောင်းနေမိသည်။ မဟုတ်ပါက သူ တကယ်ကို သည်းခံနိုင်မည် မဟုတ်ချေ။
အနားသို့ ရောက်လာသောအခါ ရွှီယန်လည်း သေချာစွာ မြင်တွေ့လိုက်ရသည်။
ထိုအရာက ချေးတုံး မဟုတ်ဘဲ နူးညံ့ပျော့ပျောင်းနေသော တိရစ္ဆာန်ငယ်လေး တစ်ကောင် ဖြစ်နေလေသည်။
ရှောင်ဟေးက အလွန် ပျော်ရွှင်နေပုံရပြီး မျက်နှာပေါ်တွင်လည်း ဂုဏ်ယူဝင့်ကြွားနေသည့် အမူအရာများ အပြည့် ပါဝင်နေသည်။
မာလီနွိုက်ခွေး ယွမ်ပေါင် က ၎င်း၏ အနောက်မှ နောက်လိုက်ငယ်လေး တစ်ကောင်အလား လိုက်ပါလာခဲ့သည်။
ရွှီယန်က ထိုအရာမှာ မည်သည့်အကောင် ဖြစ်ကြောင်းကို ချက်ချင်းပင် သိရှိသွားတော့သည်။
"လခွမ်း... နှင်းခွေးလေးပါလား..."
"ရှောင်ဟေး... မြန်မြန် လွှတ်လိုက်စမ်း..."
"အဲဒါ ပထမအဆင့် ကာကွယ်စောင့်ရှောက်ရမယ့် တိရစ္ဆာန်ကွ... မင်း ပြဿနာ မရှာနဲ့နော်..."
ရွှီယန် အနည်းငယ် ထိတ်လန့်သွားရသည်။
နှင်းခွေး ဆိုသည်မှာ ချန်ပိုင်တောင်တန်း၏ နတ်သက်ဝင်နေသော သတ္တဝါလေးများ ဖြစ်ကြပြီး ကာကွယ်ရေးအဆင့်မှာလည်း အရှေ့မြောက်ကျား နှင့် တန်းတူပင် ဖြစ်သည်။
အကယ်၍ ရှောင်ဟေး ကိုက်လိုက်၍ ဒဏ်ရာရသွားပါက ကိစ္စက တကယ်ကို ရှင်းရခက်သွားမည် ဖြစ်သည်။
ရှောင်ဟေးက လမ်းတစ်လျှောက်လုံး ပျော်ပျော်ရွှင်ရွှင်ဖြင့် ပြေးလာခဲ့ပြီး အနားသို့ ရောက်သောအခါ နှင်းခွေးလေးကို ရွှီယန်၏ အရှေ့သို့ ပါးစပ်မှ ထွေးချလိုက်သည်။
ရွှီယန်က အခြေအနေကို ကြည့်ရှုရန် အမြန် လျှောက်သွားလိုက်သည်။
နှင်းခွေးလေးမှာ သိသိသာသာကို ထိတ်လန့်နေပြီး အနည်းငယ် ကြောက်ရွံ့တုန်လှုပ်နေပုံ ရသည်။
ရွှီယန်က ၎င်းကို လက်နှစ်ဖက်ဖြင့် ပင့်ချီကာ သေချာစွာ စစ်ဆေးကြည့်ရှုလိုက်သည်။
ရွှီယန်က သဘောကောင်းသည်ဟု ခံစားမိ၍လား မသိပေ။ နှင်းခွေးလေးက ချက်ချင်းပင် ရွှီယန်၏ လက်ဖဝါးထဲတွင် လှုပ်စိလှုပ်စိ လုပ်ကာ အဆက်မပြတ် အော်မြည်နေတော့သည်။
"ဘာဖြစ်လို့လဲ..."
"တော်တော် ဒေါသထွက်နေပါလား..."
"ရှောင်ဟေးက မင်းကို အနိုင်ကျင့်လို့လား..."
ရွှီယန်က နှင်းခွေးလေးမှာ လူကို မကြောက်ကြောင်း မြင်သောအခါ ရယ်မောရင်း မေးလိုက်သည်။
တချို့သော နှင်းခွေးများက လူကို မကြောက်တတ်ကြချေ။
အရင်တုန်းက လယ်ယာခြံဝင်း ပိုင်ရှင်တစ်ယောက်သည် ဆောင်းတွင်း၌ နှင်းခွေးများကို အစာကျွေးရင်း သံယောဇဉ် တွယ်သွားခဲ့ဖူးသည့် ဇာတ်လမ်းများပင် ရှိခဲ့ဖူးသည်။
သေချာသည်ကတော့ ရာသီဥတု ပူနွေးလာသည်နှင့် နှင်းခွေးများက ထွက်ခွာသွားကြမည်သာ ဖြစ်သည်။
ဤကောင်လေးများ၏ သားမွေးက အလွန် ထူထဲသဖြင့် အအေးဒဏ်ကို မကြောက်ကြသော်လည်း ဆောင်းတွင်းတွင် အရာအားလုံး ခြောက်ကပ်နေသဖြင့် အစာငတ်မည်ကိုတော့ ကြောက်ရွံ့ကြလေသည်။
"ရှောင်ဟေး... ဘာအခြေအနေလဲ... မင်းက ဘာလို့ သူ့ကို သွားကိုက်ရတာလဲ..."
ရွှီယန်က လှမ်းမေးလိုက်သည်။
ရှောင်ဟေးက ချက်ချင်းပင် အသံပေးကာ ဟောင်လိုက်လေသည်။
ရွှီယန်က အကြမ်းဖျင်း နားလည်လိုက်သည်မှာ နှင်းခွေးလေးက အစားအစာများ ခိုးစားနေသဖြင့် ရှောင်ဟေးက ဖမ်းဖိထားလိုက်ခြင်း ဖြစ်ကြောင်းပင်။
ဤနှင်းခွေးလေးက အဖိခံလိုက်ရသည်နှင့် တစ်ပြိုင်နက် ချက်ချင်း သေချင်ယောင် ဆောင်လိုက်တော့သည်။
သေချင်ယောင် ဆောင်ခြင်းကလည်း မြွေပါမျိုးရင်းဝင်များ၏ ကျွမ်းကျင်မှု တစ်ခုပင် ဖြစ်သည်။
သို့သော် ရှောင်ဟေးက ၎င်းကို လွှတ်ပေးရန် မရည်ရွယ်ဘဲ ပါးစပ်ဖြင့် ကိုက်ချီကာ ရွှီယန်၏ အရှေ့သို့ တောက်လျှောက် ပြေးလာပြီး ဂုဏ်ပြုခံရန် ရောက်လာခြင်း ဖြစ်သည်။
"မင်းဆိုလိုတာက သူက အပြင်မှာ ထားထားတဲ့ အသားခဲတွေကို ခိုးစားနေတယ်ပေါ့လေ..."
ရွှီယန်က ရှောင်ဟေး ကြည့်နေသည့် ဦးတည်ရာကို မြင်လိုက်ရသောအခါ ချက်ချင်းပင် အခြေအနေကို ရိပ်မိသွားတော့သည်။
ရှောင်ဟေးက အမြန် ခေါင်းညိတ်ပြလေသည်။
သို့သော် နှင်းခွေးလေးကတော့ ဤသို့ မတွေးထားကြောင်း သိသာလှသည်။ ၎င်းက လတ်ဆတ်သော အသားတုံးကြီး တစ်တုံးကို ရှာတွေ့လိုက်စဉ်မှာပင် ရှောင်ဟေး၏ တားဆီးခြင်းကို ခံလိုက်ရသည်ဟုသာ ထင်မှတ်နေခြင်း ဖြစ်သည်။
ထို့ကြောင့် ရင်ထဲတွင် အလွန် ဝမ်းနည်းပက်လက် ဖြစ်နေလေသည်။
ရွှီယန်က ရှောင်ဟေး၏ ဆရာကြီးမှန်း သိသွားသောအခါ ချက်ချင်းပင် အဆက်မပြတ် အော်မြည်ကာ တိုင်တောနေတော့သည်။
ဤအချိန်တွင် ရွှီယန်က ရှောင်ဟေးကို ကြည့်ကာ ချီးကျူးလိုက်သည်။
"ရှောင်ဟေး... မဆိုးဘူးကွ... အချိန်မီ တွေ့သွားတာပဲ... ညကျရင် မင်းကို ဝက်နံရိုး ကျွေးမယ်..."
ထိုစကားကို ကြားသောအခါ ရှောင်ဟေးက အမြီးလေး ရမ်းကာ ပျော်ရွှင်စွာ ဟောင်လိုက်လေသည်။
နှင်းခွေးလေး၏ မျက်နှာအမူအရာ ကတော့ အနည်းငယ် ပြောင်းလဲသွားတော့သည်။
'ဒုက္ခပါပဲ... တစ်ဖွဲ့တည်းတွေပါလား... ငါကတောင် တရားမျှတမှု ရှာပေးဖို့ လာတိုင်နေသေးတယ်...'
"ကဲပါ... အသား နည်းနည်းလေးများ ဘာအရေးလဲ... စောင့်နေဦး ငါ သွားယူပေးမယ်..."
ရွှီယန်က ဤနှင်းခွေးလေး အလွန် ချစ်စရာကောင်းသည်ကို မြင်သောအခါ မနေနိုင်ဘဲ ရယ်မောကာ ပြောလိုက်သည်။
သူက နှင်းခွေးလေးကို ပင့်ချီကာ ခြံဝင်းထဲသို့ တောက်လျှောက် ဝင်သွားလေသည်။
ခြံဝင်းထဲသို့ ဝင်ပြီးနောက် ရွှီယန်က အရင်ဆုံး စားစရာပန်းကန် တစ်လုံး ပြင်ဆင်လိုက်ပြီး အချိန်သိပ်မကြာခင်မှာပင် လတ်ဆတ်ပြီး အအေးပျယ်နေသော ဝက်သားတုံးကြီး တစ်တုံးကို ပန်းကန်ထဲသို့ ထည့်ပေးလိုက်သည်။
'ဒေါင်...'
ဝက်သားတုံးက ပန်းကန်ထဲသို့ ကျသွားပြီး ကြည်လင်သော အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။
ဤဝက်သားတုံး၏ အလေးချိန်က အနည်းဆုံး နှင်းခွေးလေး၏ အလေးချိန်ထက် နှစ်ဆခန့် ပို၍ လေးလံလှပေသည်။
နှင်းခွေးလေးမှာ သိသိသာသာကို မှင်တက်သွားပြီး ပန်းကန်ထဲရှိ ဝက်သားတုံးကြီးကို ကြည့်ကာ အူကြောင်ကြောင်ဖြင့် ငေးမောနေတော့သည်။
'ဒါ... ဒါက ငါ့အတွက်လား...'
ရွှီယန်က ပြုံးကာ ပြောလိုက်သည်။
"ဗိုက်ဆာနေပြီ မဟုတ်လား... စားလေ... ငါ့ဆီမှာ တခြားဟာ သိပ်မရှိပေမဲ့ စားစရာတွေကတော့ အများကြီးပဲ... လုံလောက်အောင် ကျွေးနိုင်တယ်ကွ..."
လယ်ယာခြံဝင်း ပိုင်ရှင်တစ်ယောက် အနေဖြင့် ရွှီယန် ပိုင်ဆိုင်သော အစားအသောက်များက အလွန် များပြားလှပြီး တကယ်ကို ပေါကြွယ်ဝလှပေသည်။
နှင်းခွေးလေးမှာ ဤကဲ့သို့သော မြင်ကွင်းမျိုးကို ဘယ်တုန်းကမှ မမြင်တွေ့ခဲ့ဖူးသဖြင့် မယုံတစ်ဝက် ယုံတစ်ဝက်ဖြင့် ပန်းကန်ထဲရှိ အသားတုံး အနားသို့ ကပ်သွားကာ အနံ့ခံကြည့်လိုက်သည်။ အသားအစစ် ဖြစ်ကြောင်း သေချာသွားသောအခါမှသာ တစ်ကိုက်ချင်းစီ စတင် စားသောက်တော့သည်။
၎င်းက စားနေရင်းဖြင့် ရွှီယန်ကိုလည်း အကြိမ်အနည်းငယ်မျှ လှမ်းကြည့်နေသေးသည်။
တကယ့် ဆရာကြီးနဲ့ သွားတွေ့တာပဲလေ။
နှင်းခွေးလေးမှာ ပျော်ရွှင်စွာ စားသောက်နေလေသည်။
ဘေးနားရှိ ရှောင်ဟေး က ဤမြင်ကွင်းကို ကြည့်ရင်း အနည်းငယ် ဇဝေဇဝါ ဖြစ်နေသည်။
'သူက သူခိုး မဟုတ်ဘူးလား... ဘယ်လိုလုပ် စားပွဲပေါ်တက်ပြီး ထမင်းစားခွင့် ရသွားတာလဲ...'
ရွှီယန်က သွားရောက်ကာ ရှောင်ဟေး၏ ခေါင်းကို ပွတ်သပ်ပေးရင်း နှစ်သိမ့်လိုက်သည်။
"ရှောင်ဟေး... ရုပ်ရည်ကို ကြည့်တဲ့ ခေတ်ကြီးမှာ သူ့လိုပုံစံမျိုးဆိုတော့ မွေးထားရမှာပေါ့ကွာ..."
"သူ ဒီမှာ ရှိနေလည်း လွှတ်ထားလိုက်ပါ..."
"အဆင်ပြေအောင် နေကြနော်..."
"မင်းကို ခွေးစာ နည်းနည်း ဆုချရဦးမယ်..."
ရွှီယန်က ခွေးလေးများအတွက် အစားအစာများ သွားရောက် ပြင်ဆင်ပေးလိုက်သည်။
ယနေ့ ကိစ္စက အတော်လေး ထူးဆန်းလှပေသည်။ ရှောင်ဟေးက နှင်းခွေး တစ်ကောင်ကို ကိုက်ချီ ပြန်လာခဲ့ခြင်းပင်။
အဓိက အချက်မှာ ဤနှင်းခွေးလေးက သတ္တိလည်း အလွန် ကောင်းနေခြင်းပင်။
အရင်က ရွှီယန် တောထဲတွင် နှင်းခွေးများနှင့် တွေ့ဆုံခဲ့ဖူးစဉ်က ထိုအကောင်လေးများ အားလုံးက လျင်မြန်စွာ ထွက်ပြေးသွားခဲ့ကြသည်။
အနားကပ်ခွင့်ပင် မပေးခဲ့ကြချေ။
မည်သို့ပင်ဖြစ်စေ ချန်ပိုင်တောင်တန်း၏ ပထမအဆင့် ကာကွယ်စောင့်ရှောက်ရမည့် တိရစ္ဆာန် ဖြစ်သလို အရှေ့မြောက်ဒေသ၏ ရတနာသုံးပါး ထဲမှ တစ်ခုလည်း ဖြစ်ပေသည်။
ယခု တွေ့ဆုံလိုက်ရသဖြင့် အလွန် ပျော်ရွှင်သွားမိသည်။
ရွှီယန်က ဘေးတွင် ထိုင်ကြည့်နေလေသည်။ နှင်းခွေးလေးမှာ အစကတည်းက ဗိုက်ဆာနေပြီ ဖြစ်ရာ ယခုတော့ ပျော်ရွှင်စွာဖြင့် အားရပါးရ စားသောက်နေတော့သည်။
၎င်းက စားနေရင်းဖြင့် ခေါင်းမော့ကာ အကြိမ်အနည်းငယ်မျှ လှမ်းကြည့်နေသေးသည်။
စားလို့ မကုန်နိုင်အောင်ပါပဲလား။
၎င်း၏ အလေးချိန်က ပေါင် အနည်းငယ်မျှသာ ရှိသော်လည်း ဤအသားတုံးကြီးက ဆယ်ပေါင်ခန့် ရှိမည်ဖြစ်ရာ အားကုန်သုံးပြီး ကိုက်မှသာ အသားများ ကွာကျလာမည် ဖြစ်သည်။
ဤသို့ဖြင့် အချိန်အကြာကြီး စားသောက်ပြီးနောက် နှင်းခွေးလေးမှာ ဗိုက်အပြည့်အဝ ဝသွားသော်လည်း အသားများက တစ်ဝက်ကျော်ခန့် ကျန်ရှိနေသေးသည်။
ပြန်သွားရမည် ဆိုလျှင်လည်း အသားများ အများကြီး ကျန်နေသေးသဖြင့် မခွဲခွာရက်နိုင်အောင် ဖြစ်နေရသည်။
မပြန်ဘဲ နေရမည် ဆိုလျှင်လည်း ဤနေရာက အနည်းငယ် သူစိမ်းဆန်နေပြန်သည်။
နှင်းခွေးလေး အနည်းငယ် တွေဝေသွားတော့သည်။
၎င်းက ပတ်ဝန်းကျင်ကို အကဲခတ် ကြည့်လိုက်ရာ ခွေးလေးများ အားလုံးက ထမင်းစားပြီးသွားကြပြီဖြစ်ပြီး ၎င်းတို့၏ အိမ်လေးများထဲတွင် အနားယူနေကြသည်။
အင်္ကျီဝတ်ထားသော ရက်ကွန်းလေး တစ်ကောင်ကလည်း ၎င်းကို စူးစမ်းချင်စိတ်ဖြင့် အကဲခတ်နေလေသည်။
ရွှီယန် ကလည်း အလွန် နူးညံ့သိမ်မွေ့သော ပုံစံမျိုး ဖြစ်နေသည်။
ဒီနေရာက ကြည့်ရတာ မဆိုးလှပါဘူး။
သို့သော် ဤကောင်လေးက အနည်းငယ် သတိထားတတ်သေးသဖြင့် စဉ်းစားပြီးနောက် ပြေးထွက်သွားတော့သည်။
နောက်တစ်ခါ ဗိုက်ဆာလာမှပဲ ထပ်စဉ်းစားရတော့မည်။
"နောက်လည်း လာခဲ့ဦးနော်..."
ရွှီယန်က ၎င်း ပြန်သွားမည်ကို မြင်သောအခါ လှမ်း၍ နှုတ်ဆက်လိုက်သည်။
နှင်းခွေးလေးက ရွှီယန်ကို နောက်လှည့်ကြည့်လိုက်ပြီးနောက် ဆက်လက် ပြေးသွားရာ မကြာခင်မှာပင် နှင်းပြင်ထဲ၌ ပျောက်ကွယ်သွားတော့သည်။
ရွှီယန် မနေနိုင်ဘဲ ပြုံးလိုက်မိသည်။
တော်တော်လေး စိတ်ဝင်စားစရာ ကောင်းသားပဲ။
လယ်ယာခြံဝင်းက တောင်ကြီးများနှင့် နီးကပ်နေသဖြင့် ထင်သည့်အတိုင်းပင် ထူးဆန်းသော ကိစ္စရပ်များနှင့် ကြုံတွေ့ရလေ့ ရှိပေသည်။
ဤကိစ္စက ဤမျှနှင့်ပင် ပြီးဆုံးသွားပြီဟု သူ ထင်မှတ်ထားခဲ့သော်လည်း နောက်တစ်နေ့ မွန်းလွဲပိုင်းတွင် နှင်းခွေးလေးက နံရံပေါ်၌ ထပ်မံ ပေါ်လာမည်ဟု မမျှော်လင့်ထားခဲ့ချေ။ ၎င်းက နှာခေါင်းလေးကို ပွတ်သပ်ကာ ရွှီယန်ကို စိုက်ကြည့်နေပြီး မျက်လုံးများထဲတွင် မျှော်လင့်နေသည့် အရိပ်အယောင်များ ပေါ်လွင်နေလေသည်။
"ထပ်ရောက်လာပြန်ပြီလား..."
ရွှီယန် ချက်ချင်းပင် ရယ်မောလိုက်တော့သည်။
သူက နှင်းခွေးလေးကို နှုတ်ဆက်ရန် ရည်ရွယ်လိုက်စဉ်မှာပင် မလှမ်းမကမ်းမှ ကြောင်စင်းကျားလေး ဆန်းပြောင် က ဒေါသတကြီးဖြင့် ပြေးလာနေသည်ကို မြင်တွေ့လိုက်ရသည်။
ရွှီယန် မြင်သောအခါ အမြန် တားဆီးလိုက်သည်။
"ဆန်းပြောင်... မလုပ်နဲ့..."
"ကိုယ့်လူတွေပဲဟ..."
ရွှီယန်၏ စကားကို ကြားသောအခါမှသာ ဆန်းပြောင် လည်း ရပ်တန့်သွားသော်လည်း နှင်းခွေးလေးကို ကြည့်နေသည့် မျက်လုံးများက အေးစက်နေဆဲပင်။
ဤအချိန်တွင် နှင်းခွေးလေး ကလည်း ဆန်းပြောင်ကို သတိထားမိသွားပြီး လန့်ဖြတ်ကာ နံရံပေါ်မှ ခုန်ဆင်းပြီး ခြံဝင်းထဲသို့ ဝင်ရောက်လာတော့သည်။
ထိုအသားပန်းကန် ကတော့ မရှိတော့ချေ။ အဘယ်ကြောင့်ဆိုသော် ရွှီယန်က ရှောင်ဟေးတို့ကို ကျွေးလိုက်သောကြောင့်ပင်။
သို့သော် လယ်ယာခြံဝင်း ပိုင်ရှင်တစ်ယောက် အနေဖြင့် အသား မရှားပါးလှချေ။
ထို့နောက် ရွှီယန်က ၎င်းအတွက် အစားအသောက်များ ထပ်မံ ပြင်ဆင်ရန် သွားလိုက်တော့သည်။