အခန်း ၃၅၈
Vol. 36 Ch. 358
အခန်း (၃၅၈) ငြိမ်းချမ်းသော နေရာတစ်ခုသို့ ရောက်ရှိခြင်း... အဝေးမှ အနောက်ပိုင်းသဲကျွန်းစု
လယ်ယာခြံဝင်းက ဆောင်းခိုသော အခြေအနေသို့ လုံးဝ ရောက်ရှိသွားပြီ ဖြစ်သည်။
အစကတော့ အနည်းငယ် စိတ်ဝင်စားစရာ ကောင်းသေးသည်။ အခန်းထဲတွင် ဂိမ်းကစားပြီး အပြင်ထွက်၍ ခွေးများကို လမ်းလျှောက်ခိုင်းရုံသာ ဖြစ်သည်။
သို့သော် ရွှီယန်က အိမ်ထဲတွင်သာ အမြဲနေတတ်သူ မဟုတ်သဖြင့် အချိန်ကြာလာသောအခါ အနည်းငယ် ပျင်းရိလာလေသည်။
အိမ်ထဲတွင်သာ နေတတ်သော လူငယ်များ အတွက်တော့ သက်သောင့်သက်သာ ရှိသော ဂိမ်းခန်း တစ်ခန်းနှင့် ပိုက်ဆံ မပြတ်လပ်သရွေ့ အိမ်ထဲတွင် ခြောက်လခန့် အောင်းနေလျှင်တောင် ကိစ္စမရှိချေ။
သို့သော် ရွှီယန် အတွက်တော့ မဖြစ်နိုင်ချေ။
အလုပ်များ နည်းပါးလာသောအခါ အပြင်ထွက် လည်ပတ်ရန်သာ စဉ်းစားနေတော့သည်။
တစ်ဖက်တွင်က ရတနာရှာရန် ဖြစ်ပြီး နောက်တစ်ဖက်တွင်က ရှုခင်းများကို ကြည့်ရှုရန် ဖြစ်သည်။
ဤမျှ အေးခဲနေသော ဆောင်းတွင်းကြီးထဲတွင် အကောင်းဆုံး သွားရမည့် နေရာမှာ သေချာပေါက် ဟိုင်နန်ပြည်နယ် သို့မဟုတ် သြစတြေးလျ သို့ တိုက်ရိုက် သွားရောက်ခြင်းပင် ဖြစ်သည်။
နှမြောစရာကောင်းသည်မှာ ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင် က နိုင်ငံရပ်ခြား လုပ်ဆောင်ချက်များကို ဖွင့်မပေးရသေးသဖြင့် ပြည်တွင်းတွင်သာ ရတနာရှာဖွေနိုင်သေးခြင်းပင်။
ရွှီယန်က ရတနာရှာဖွေရေး သံလိုက်အိမ်မြှောင်ထဲရှိ မြေပုံကို ကြည့်ရှုလိုက်ရာ နေရာအများစုမှာ အပြာရောင် ဖြစ်နေပြီး ရတနာရှာဖွေရေး အဆင့် ပုံမှန် သာ ရှိကြောင်း သိလိုက်ရသည်။
တောင်တရုတ်ပင်လယ် ဒေသ တစ်ခုတည်းသာ ခရမ်းရောင် အမှတ်အသား ပြသနေပြီး ရတနာရှာဖွေရေး အဆင့် အရမ်းကောင်းတယ် ဟု ဆိုလိုခြင်း ဖြစ်သည်။
လွန်ခဲ့သော ရက်အနည်းငယ်က မြေပုံပေါ်တွင် ခရမ်းရောင် နေရာများ မရှိခဲ့သော်လည်း ယခုတော့ ပေါ်လာခဲ့ပြီ ဖြစ်သည်။
"ခရမ်းရောင် နေရာ ပေါ်လာပြီပဲ... တောင်တရုတ်ပင်လယ်မှာပေါ့... ဒါက တကယ်ကို အတော်ပဲ..."
ရွှီယန် ချက်ချင်းပင် စိတ်လှုပ်ရှားသွားတော့သည်။
နောက်ဆုံးတော့ သွားစရာ နေရာတစ်ခု ရရှိသွားပြီ ဖြစ်ပြီး ၎င်းက သူသွားချင်သော နေရာလည်း ဖြစ်နေပေသည်။
နေရာကို အတည်ပြုပြီးနောက် ရွှီယန်က တောင်ပိုင်းသို့ သွားရန် ပြင်ဆင်လိုက်သည်။
ထို့ကြောင့် သူက ရွှီဟုန်ရှန်း ထံသို့ ချက်ချင်း ဖုန်းဆက်လိုက်သည်။
"ဟယ်လို ဖေဖေ"
"အိမ်စောင့်ပေးရဦးမလို့လား... ဘယ်သွားမလို့လဲ..."
"တောင်ပိုင်းကို ခဏသွားမလို့ပါ... နေ့တိုင်း လယ်ယာခြံဝင်း ထဲမှာပဲ နေရတာ ပျင်းစရာ ကောင်းလွန်းလို့လေ..."
"ကောင်းပြီ... ဘယ်တော့ သွားမှာလဲ..."
"မနက်ဖြန်ပါ..."
"အေး... ဖေဖေ လာခဲ့မယ်..."
"ကျွန်တော် ညနေ အိမ်ပြန်လာခဲ့မယ်... အိမ်မှာပဲ ထမင်းစားမယ်နော်... ကြက်သားလေး ဘာလေး ချက်ထားလိုက်..."
"မေမေ့ကိုလည်း ပြောလိုက်ဦးမယ်..."
ရိုးရှင်းသော စကားပြောဆိုမှု အနည်းငယ် ပြုလုပ်ပြီးနောက် ရွှီယန်က ဖုန်းချလိုက်သည်။
သူ လယ်ယာခြံဝင်း မှ ထွက်သွားမည် ဆိုပါက ရွှီဟုန်ရှန်း ကို သေချာပေါက် လာစောင့်ခိုင်းရမည် ဖြစ်သည်။
ဤသည်မှာ လုပ်ရိုးလုပ်စဉ် တစ်ခုလိုပင် ဖြစ်နေပြီ ဖြစ်သည်။
လယ်ယာခြံဝင်း ထဲတွင် လူတစ်ယောက်တော့ သေချာပေါက် ရှိနေရမည် မဟုတ်ပါလော။
ရွှီဟုန်ရှန်း ကလည်း တစ်ခါတစ်ရံ လယ်ယာခြံဝင်း သို့ လာရောက်လေ့ရှိပြီး အလုပ်သမားများက သူ့ကို ခြံရှင်ကြီး ဟု ခေါ်ဝေါ်လေ့ရှိရာ သူ့အတွက် အတော်လေး ဇိမ်ကျလှပေသည်။
ရွှီယန် ကိုယ်တိုင်ကလည်း အောင်မြင်နေသူ တစ်ယောက်ဖြစ်သဖြင့် ဘဝကို သက်သောင့်သက်သာ ဖြတ်သန်းနိုင်ခြင်း ဖြစ်သည်။
ကိစ္စများ အားလုံး အတည်ဖြစ်သွားပြီးနောက် ရွှီယန်က ဗီဒီယိုတစ်ခု တင်ကာ ကြိုတင် ကြေညာလိုက်သေးသည်။
ဗီဒီယိုမှာ နှင်းခွေးလေး အကြောင်း ဖြစ်ပြီး မကြာသေးမီကမှ ၎င်းက သူ၏ လယ်ယာခြံဝင်း ထဲတွင် အခြေချသွားပြီဖြစ်ရာ ရွှီယန်က ၎င်း၏ ဗီဒီယိုကို ရိုက်ကူးထားခြင်း ဖြစ်သည်။
ထို့နောက် ခေါင်းစဉ်တွင် 'မနက်ဖြန် တောင်တရုတ်ပင်လယ်ကို ထွက်ခွာမယ်... သမုဒ္ဒရာကြီးကို စူးစမ်းရှာဖွေဖို့ ပြင်ဆင်ထားတယ်' ဟု ရေးသားလိုက်သည်။
ကြိုတင် ကြေညာချက်ကို မြင်သည်နှင့် တစ်ပြိုင်နက် အင်တာနက်သုံးစွဲသူများ က ချက်ချင်းပင် မျှော်လင့်ချက် ကြီးစွာဖြင့် စောင့်စားနေကြတော့သည်။
[မင်း တိုက်ရိုက်ထုတ်လွှင့်တော့မှာပေါ့...]
[တောင်တရုတ်ပင်လယ်က နေရာကောင်းပဲ... ရတနာသွားရှာမလို့လား...]
[လောင်ရွှီက ဒီတစ်ခေါက် တောမတက်တော့ဘဲ ပင်လယ်ထဲ ဆင်းတော့မှာလား...]
မှတ်ချက်များက ချက်ချင်းပင် အဆက်မပြတ် တက်လာတော့သည်။
ရွှီယန်က ကြိုတင် ကြေညာရုံမျှသာ ရည်ရွယ်ခဲ့သော်လည်း နောက်ပိုင်း ဖြစ်ပေါ်လာမည့် ကိစ္စရပ်များက သူထင်မှတ်ထားသည်ထက် ပိုမို ကြီးမားလာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ညဘက်တွင် ရွှီယန်က မိဘများနှင့် အတူ အိမ်၌ ထမင်းစားနေစဉ် ဟိုင်နန်ပြည်နယ် မှ ဖုန်းတစ်ကော ဝင်လာခဲ့သည်။
ဖုန်းဆက်လာသူမှာ ဟိုင်နန်ပြည်နယ် သုံးသဲကျွန်းစု ခရီးသွားလာရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး လီဖုန်း ဖြစ်ပြီး သူက ဒိုရင် ပလက်ဖောင်းရှိ တရားဝင် အကောင့်မှတစ်ဆင့် လူလွှတ်ကာ ရွှီယန်နှင့် ဆက်သွယ်ခဲ့ခြင်း ဖြစ်ကြောင်း ပြောပြလေသည်။
လီဖုန်း က ရွှီယန်သာ ဟိုင်နန်ပြည်နယ် သို့ လာရောက်မည်ဆိုပါက ၎င်းတို့အနေဖြင့် အထောက်အကူများ အပြည့်အဝ ပေးနိုင်ကြောင်းနှင့် ရွှီယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုတွင် အနောက်ပိုင်းသဲကျွန်းစု ၏ ခရီးသွားလာရေး လုပ်ငန်းအတွက် ကြော်ငြာပေးရန်သာ လိုအပ်ကြောင်း ပြောပြလေသည်။
အထူးသဖြင့် ကျွန်းအများအပြားကို ကြော်ငြာပေးရန် ဖြစ်သည်။
ဆန်းယာ နှင့် ဟိုင်ခို ကဲ့သို့သော နေရာများ ကတော့ သေချာပေါက် ကြော်ငြာရန် မလိုအပ်ချေ။ အဘယ်ကြောင့်ဆိုသော် ပထဝီဝင် အနေအထားအရ အလွန် ကောင်းမွန်သဖြင့် ခရီးသွားများ လုံးဝ မပြတ်လပ်သောကြောင့်ပင်။
ပြဿနာများစွာ ပေါ်ထွက်ခဲ့သော်လည်း ပထဝီဝင် အနေအထား ရှိနေသဖြင့် လူများက အဆက်မပြတ် သွားရောက်နေကြဦးမည်သာ ဖြစ်သည်။
ရွှီယန်က တစ်ဖက်မှ ပြောသည်ကို ကြားသောအခါ ဖုန်းကို ထုတ်ယူကာ တစ်ချက် ကြည့်လိုက်သည်။
ခရီးသွားလာရေး ဦးစီးဌာန ၏ တရားဝင် အကောင့်မှ တကယ်ပင် သီးသန့် မက်ဆေ့ချ် ပို့ထားကြောင်း တွေ့လိုက်ရသည်။
သူ့တွင် ယခုအခါ အလွန် ကြီးမားသော လူကြိုက်များမှု များပြားနေသော်လည်း တစ်ခါမှ အသုံးမချဖူးခဲ့ချေ။
"သိပ်တော့ မလိုအပ်လောက်ပါဘူး... ကျွန်တော် ကိုယ်တိုင် ငါးဖမ်းလှေ တစ်စင်း ငှားပြီး တောင်တရုတ်ပင်လယ်ကို ထွက်ပြီး ရှုခင်းကြည့်လို့ ရပါတယ်..."
ရွှီယန်က ဖုန်းထဲမှနေ၍ ပြန်ဖြေလိုက်သည်။
"အဲဒီလို မဟုတ်ဘူးဗျ... တောင်တရုတ်ပင်လယ်က နေရာတော်တော်များများကို ပိတ်ပင်ထားတာ... ခရီးသွား သင်္ဘောတွေ ဆိုရင်လည်း သတ်မှတ်ထားတဲ့ လမ်းကြောင်းအတိုင်းပဲ သွားရတာလေ..."
"ကမ်းခြေစောင့်တပ်ဖွဲ့ ကလည်း အမြဲတမ်း ကင်းလှည့်နေတာ..."
"ဒါပေမဲ့ ခင်ဗျား ကမ်းစပ်နားမှာပဲ ငါးဖမ်းလှေ ထွက်မယ်ဆိုရင်တော့ ပြဿနာ မရှိပါဘူး..."
လီဖုန်း က ဖုန်းထဲမှ ရှင်းပြလိုက်သည်။
ထို့နောက် သူက ထပ်မံ ဖြည့်စွက် ပြောဆိုလိုက်သည်။
"ခြံရှင်ရွှီ... ကျွန်တော်တို့ ပူးပေါင်းလုပ်ဆောင်မယ် ဆိုရင် တချို့နေရာတွေကို ကျွန်တော်တို့က ခေါ်သွားပေးလို့ ရတယ်လေ... ကြော်ငြာဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ဆိုတော့ ပိတ်ပင်ထားတဲ့ ပင်လယ်ပြင် တချို့ကိုတောင် သွားခွင့် ရနိုင်တယ်..."
"ဒီအရာတွေက အထူး လှုပ်ရှားမှုတွေ ဖြစ်လို့ ထိန်းချုပ်ထားတဲ့ နေရာတချို့ကို ဝင်ခွင့်ရနိုင်ပါတယ်..."
လီဖုန်း ဤသို့ ပြောသည်ကို ကြားသောအခါ ရွှီယန် လည်း စိတ်ဝင်စားသွားသည်။
ပြည်တွင်းတွင် သွားရောက်လည်ပတ်၍ ရသော လှပသည့် နေရာတိုင်း၌ လူများ အလွန် စည်ကားလေ့ ရှိသည်။
လူသူကင်းမဲ့သော ပင်လယ်ပြင်များသို့ သွားရောက်နိုင်မည် ဆိုပါက အလွန် ကောင်းမွန်လှပေမည်။
ထို့ကြောင့် ရွှီယန်က ပူးပေါင်းလုပ်ဆောင်မည့် ကိစ္စအချို့ကို မေးမြန်းကြည့်ရာ ကြီးကြီးမားမား ပြဿနာ မရှိဟု ထင်မြင်သဖြင့် သဘောတူလိုက်လေသည်။
ဖုန်းချပြီးနောက် သူက ထမင်းစားပွဲသို့ ပြန်လာခဲ့သည်။
"ဘာတွေ ပြောနေတာလဲ... ဒီလောက်တောင် ကြာတာ..."
ရွှီယန်၏ မိခင်က မေးလိုက်သည်။
"ဘာမှ မဟုတ်ပါဘူး... ဟိုင်နန်ပြည်နယ် ဘက်ကနေ ပူးပေါင်းလုပ်ဆောင်ဖို့ ဖုန်းဆက်လာလို့ပါ..."
ရွှီယန်က ရိုးရိုးရှင်းရှင်းသာ ပြန်ဖြေလိုက်သည်။
"ဟိုင်နန်ပြည်နယ် က လူတွေက မင်းဆီ လာရှာတာလား... မင်း အဆက်အသွယ်တွေက အဝေးကြီး ရောက်နေပါလား..."
ရွှီယန်၏ မိခင်က ထပ်ပြောလိုက်သည်။
"အင်း... အလုပ်တွေ နည်းနည်း များလို့ပါ..."
မိသားစုများ အတူတကွ စကားစမြည် ပြောဆိုနေကြသည်။ အရှေ့မြောက်ပိုင်း တောရွာလေး တစ်ရွာတွင် နေထိုင်ရသော်လည်း ဘဝက အတော်လေး ပျော်ရွှင်စရာ ကောင်းလှပေသည်။
ဒုတိယနေ့။
ရွှီယန်က ပစ္စည်းများကို သိမ်းဆည်းကာ တိရစ္ဆာန်လေးများကို နှုတ်ဆက်ပြီးနောက် လေဆိပ်သို့ သွားကာ တောင်တရုတ်ပင်လယ်သို့ သွားမည့် လေယာဉ်ကို စီးနင်းခဲ့သည်။
သူသွားမည့် နေရာက ဆန်းယာ မဟုတ်ဘဲ အနောက်ပိုင်းသဲကျွန်းစု ရှိ ယုံရှင်းကျွန်း သို့ ဖြစ်သည်။
ကျွန်းက မကြီးမားသော်လည်း ရှုခင်းများက အလွန် လှပလှပေသည်။
သုံးသဲကျွန်းစု ၏ အစိုးရရုံး ကလည်း ထိုနေရာတွင် တည်ရှိသည်။
အနောက်ပိုင်းသဲကျွန်းစု က ဤနေရာ၏ စီမံအုပ်ချုပ်မှု အောက်တွင် ရှိလေသည်။
ခရီးစဉ်ကလည်း မမြန်ဆန်လှချေ။ အရင်ဆုံး လေယာဉ်ဆင်းသက်ပြီးနောက် ခရီးသည်တင် သင်္ဘောဖြင့် ဆက်လက် သွားရောက်ရမည် ဖြစ်သည်။
ခရီးသည်တင် သင်္ဘောက အနည်းဆုံး ၁၂ နာရီခန့် ကြာမြင့်မည်ဖြစ်ပြီး ဈေးနှုန်းကလည်း အလွန် ကြီးမြင့်ကာ ယွမ် ထောင်ဂဏန်းကျော်အထိ ရှိလေသည်။
ထို့ကြောင့် ဤနေရာသို့ လာရောက်သူ အလွန် နည်းပါးခြင်း ဖြစ်သည်။
ထိုအကြောင်းကြောင့်ပင် ဤနေရာရှိ ပင်လယ်ပြင်က ပြည်တွင်းတွင် အသန့်ရှင်းဆုံး ပင်လယ်ပြင်များထဲမှ တစ်ခု ဖြစ်နေခြင်း ဖြစ်သည်။
ပင်လယ်ရေက အလွန် ကြည်လင်နေပြီး လှုပ်ရှားနေသော ပင်လယ်ဆားရောင် ဂျယ်လီ တစ်ခုအလားပင် ဖြစ်ကာ မြင်ကွင်းကလည်း အလွန် ရှင်းလင်းလှပေသည်။
တိုက်ရိုက်ထုတ်လွှင့်မှု ပြုလုပ်ရန် အလွန် သင့်တော်လှသည်။
ရွှီယန်က အရင်တုန်းက ရေကူးခြင်း... ရေငုပ်ခြင်း အစရှိသည့် ရေအောက် ကျွမ်းကျင်မှု အများအပြားကို ရရှိထားဖူးသည်။
ဤကဲ့သို့သော နေရာမျိုးသို့ လာရောက်ရာတွင်လည်း လွယ်ကူစွာ လုပ်ဆောင်နိုင်မည် ဖြစ်သည်။
သင်္ဘောပေါ် စတင် တက်ရောက်စဉ်က ရွှီယန် အတော်လေး အသစ်အဆန်း ဖြစ်နေသလို ခံစားရပြီး အထူးသဖြင့် အဆုံးအစမရှိ ကျယ်ပြောလှသော ပင်လယ်ကြီးကို မြင်တွေ့လိုက်ရသောအခါ အလွန် စိတ်လှုပ်ရှားသွားခဲ့သည်။
တောင်ပိုင်းသားများ နှင်းမမြင်ဖူးဘဲ ပထမဆုံးအကြိမ် နှင်းရှုခင်းကို မြင်တွေ့ရသည့် ခံစားချက်မျိုးပင် ဖြစ်သည်။
လူဆိုသည်က ဤသို့ပင် ဖြစ်သည်။ သိပ်မမြင်ဖူးသော အရာများကို မြင်တွေ့ရသောအခါ အမြဲတမ်း အသစ်အဆန်း ခံစားချက်မျိုး ရရှိတတ်ကြသည်။
ပင်လယ်ရေက ကျယ်ပြောလှပေသည်။
သို့သော် နာရီအနည်းငယ် ကြာပြီးနောက်တွင်တော့ ရွှီယန် ဤသို့ မတွေးနိုင်တော့ချေ။ အဘယ်ကြောင့်ဆိုသော် ခရီးက အလွန် ဝေးကွာပြီး လှိုင်းလေများလည်း ကြီးမားသဖြင့် သင်္ဘောပေါ်တွင် အလွန် လှုပ်ယမ်းနေသောကြောင့်ပင်။
ရွှီယန် လှိုင်းမူးသွားခဲ့ပြီ ဖြစ်သည်။
ဤခံစားချက်က လုံးဝ မသက်သာလှချေ။ ကုတင်ပေါ်တွင် လှဲလျောင်းနေရင်း လောကကြီး တစ်ခုလုံး ချာချာလည်နေသလို ခံစားရပြီး အစာအိမ်ထဲတွင်လည်း အဆက်မပြတ် မွှေနှောက်နေလေသည်။
[ပိုင်ရှင် တောင်တရုတ်ပင်လယ် အနက်ပိုင်းသို့ ဝင်ရောက်လာသည်ကို သိရှိရသဖြင့် ရတနာရှာဖွေရေး ဆုလာဘ် ရရှိပါသည်]
[ကျွမ်းကျင်မှု - လှိုင်းမူးခြင်းမှ ကင်းလွတ်ခွင့် - ပိုင်ရှင်သည် လှိုင်းမူးခြင်း အကျိုးသက်ရောက်မှုမှ ကင်းလွတ်သွားမည် ဖြစ်သည်]
[အသုံးအဆောင်ပစ္စည်း - ရေအောက် ဇီဝတု ငါး ကင်မရာ - တိုက်ရိုက်ထုတ်လွှင့်နိုင်သော ရေအောက် ကင်မရာ ဖြစ်ပြီး ရေအောက် မီတာ ၁၀၀ အနက်အထိ အသုံးပြုနိုင်သည်]
ဤအချိန်မှာပင် စနစ်ထံမှ အချက်ပြသံ ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။
စနစ်ကို အဆင့်မြှင့်တင်ထားသဖြင့် တစ်ခါတစ်ရံ မမျှော်လင့်ထားသော အံ့ဩစရာလေးများ ရရှိတတ်ခြင်း ဖြစ်သည်။
ကျော်ကြားမှုရမှတ်များ အများအပြား သုံးစွဲကာ အဆင့်မြှင့်တင်ထားရသဖြင့် နောက်ဆုံးတော့ အကျိုးကျေးဇူး ပြန်လည် ရရှိလာခဲ့ပြီ ဖြစ်သည်။
ထို့ပြင် အကျိုးကျေးဇူးက အလွန် ကောင်းမွန်လှပေသည်။
လှိုင်းမူးခြင်းမှ ကင်းလွတ်ခွင့် ကျွမ်းကျင်မှုကို ရရှိလိုက်သည်နှင့် တစ်ပြိုင်နက် ရွှီယန်၏ ခန္ဓာကိုယ် တစ်ခုလုံး ချက်ချင်း လန်းဆန်းသွားပြီး အစာအိမ်ကလည်း တည်ငြိမ်သွားကာ စိတ်တွေလည်း ကြည်လင်သွားတော့သည်။
စောစောက ခေါင်းတစ်ခုလုံး ရှုပ်ထွေးနေပြီး အဖျားတက်နေသလိုပင် ခံစားခဲ့ရသော်လည်း ယခုတော့ လုံးဝ သက်သာသွားခဲ့ပြီ ဖြစ်သည်။
"ဒီကျွမ်းကျင်မှုက တကယ်ကို မိုက်တာပဲ... တကယ် အသုံးဝင်တယ်ဟ"
"ဒီလို ပစ္စည်းကောင်းတွေလည်း ပါသေးတာကိုး"
ရွှီယန်က လှုပ်ယမ်းနေသော သင်္ဘောပေါ်တွင် လှဲလျောင်းနေရင်း စိတ်အခြေအနေ ချက်ချင်း ကောင်းမွန်သွားတော့သည်။
သူက ပင်လယ်ရှုခင်း ကြည့်ရန် လသာဆောင်သို့ပင် ထွက်သွားခဲ့သေးသည်။
အပြင်ဘက်တွင် နေရောင် ခြည်လင်းထိန်နေသော်လည်း ပင်လယ်လှိုင်းများက အလွန် ပြင်းထန်စွာ လှုပ်ခတ်နေသည်။
လှိုင်းလုံးများက သင်္ဘောကို အဆက်မပြတ် ရိုက်ခတ်နေပြီး အဖြူရောင် ရေမှုန်ရေမွှားများ နေရာအနှံ့ လွင့်စဉ်နေလေသည်။
လေပြင်းကြောင့် လှိုင်းလုံးအချို့ တစ်ခုနှင့်တစ်ခု ရိုက်ခတ်မိသောအခါ ရေမှုန်ရေမွှားများ ပို၍ပင် လွင့်စဉ်သွားကြတော့သည်။
ပတ်ဝန်းကျင် တစ်ခွင်လုံး အဆုံးအစမရှိ ကျယ်ပြောလှသော ပင်လယ်ကြီးသာ ဖြစ်ပြီး ပင်လယ်မှလွဲ၍ အခြား မည်သည့်အရာကိုမျှ မမြင်ရချေ။
သမုဒ္ဒရာ ဆိုသည်က တကယ်ကို ကြီးမားလှပေသည်။
အရင်က ရွှီယန်သည် တောင်တန်းကြီးများက အလွန် ကြီးမားသည်ဟု ထင်မှတ်ခဲ့ဖူးပြီး တောင်ပေါ်တွင် ရက်အတော်ကြာ လမ်းလျှောက်သော်လည်း အပြင်သို့ မရောက်နိုင်ဟု ခံစားခဲ့ရသည်။
သို့သော် သမုဒ္ဒရာကြီးနှင့် ယှဉ်လိုက်သောအခါ တောင်တန်းများက အလွန် သေးငယ်သွားသကဲ့သို့ ခံစားရလေသည်။
သို့သော် ဤနေရာက တကယ်ကို နွေးထွေးလှသည်။ မွန်းတည့်ချိန်တွင် ဆိုလျှင် အပေါ်ဝတ်အင်္ကျီပင် မလိုတော့ဘဲ လက်တိုအင်္ကျီ တစ်ထည်တည်းဖြင့်ပင် လုံလောက်နေပြီ ဖြစ်သည်။
ခရီးသည်တင် သင်္ဘောက ရှေ့သို့ တောက်လျှောက် မောင်းနှင်နေလေသည်။
နောက်ဆုံးတော့ ဒုတိယနေ့ နံနက် ၈ နာရီတွင် သင်္ဘောက ဆိပ်ကမ်းသို့ ဆိုက်ကပ်သွားခဲ့သည်။
ရွှီယန်က မျက်နှာသစ်ပြီးနောက် နံနက်စာ စားကာ ကုတင်ပေါ်မှ ဆင်းလာခဲ့သည်။
သူက ဖုန်းကြိုဆက်ထားပြီးဖြစ်ရာ လူငယ်လေး တစ်ယောက်က သူ့ကို သီးသန့် လာကြိုပြီး အနောက်ပိုင်းသဲကျွန်းစု တွင် ရှိနေစဉ်အတွင်း ခရီးစဉ်များကို စီစဉ်ပေးမည် ဖြစ်သည်။
လူငယ်လေး၏ နာမည်မှာ ယောင်ယွမ် ဖြစ်ပြီး အလွန် ထက်မြက်သူ တစ်ယောက် ဖြစ်သည်။ ယခုနှစ်မှသာ အနောက်ပိုင်းသဲကျွန်းစု ခရီးသွားလာရေး ဦးစီးဌာန သို့ အလုပ်ဝင်လာခြင်း ဖြစ်ပြီး အလုပ်အလုပ်နိုင်ဆုံး အချိန်လည်း ဖြစ်ပေသည်။
"ခြံရှင်ရွှီ... ဒီဘက်မှာပါ..."
ယောင်ယွမ် က ရွှီယန် ဆင်းလာသည်ကို မြင်သောအခါ အမြန် လက်ပြကာ နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ..."
ရွှီယန်က ခရီးဆောင်အိတ်ကို ဆွဲကာ သင်္ဘောပေါ်မှ ဆင်းပြီး လျှောက်သွားလိုက်သည်။
နွေးထွေးသော လေပြေက မျက်နှာကို လာရောက် တိုက်ခတ်သွားရာ ယခုအချိန်က ဒီဇင်ဘာလ ရောက်နေပြီဟုပင် ယုံကြည်နိုင်စရာ မရှိချေ။
ဤနေရာတွင် တကယ်ကို ဆောင်းရာသီ မရှိချေ။
ကုန်းတွင်းပိုင်းနှင့် အလွန် ဝေးကွာပြီး သင်္ဘောစီးလျှင်ပင် အချိန်အကြာကြီး ယူရသဖြင့် ဤနေရာကို ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ပြတ်တောက်နေသော နေရာဟုပင် ခေါ်ဆိုနိုင်ပေသည်။
"ခြံရှင်ရွှီ... ကျွန်တော်တို့ ခေါင်းဆောင်က ခင်ဗျားကို စောင့်နေပါတယ်... ကျွန်တော့်ကို သီးသန့် လာကြိုခိုင်းတာပါ..."
"တည်းခိုခန်း တွေလည်း အကုန် စီစဉ်ပြီးပါပြီ..."
ယောင်ယွမ် က ပြုံးကာ ရွှီယန်၏ ခရီးဆောင်အိတ်ကို လှမ်းယူရန် ပြင်လိုက်သည်။
ရွှီယန်က လက်ကာပြလိုက်ပြီး ယဉ်ကျေးစွာ ပြောလိုက်သည်။
"အဲဒီလောက် ဒုက္ခမခံပါနဲ့... ကျွန်တော် အပြင်မှာပဲ နေလိုက်ပါ့မယ်..."
"ကျွန်တော်က အပြင်ကို အမြဲတမ်း ထွက်ရမှာဆိုတော့ တည်းခိုခန်း တွေမှာ နေရတာ သိပ်အဆင်မပြေမှာ စိုးလို့ပါ..."
ယောင်ယွမ် က ချက်ချင်း ပြန်ဖြေလိုက်သည်။
"အဲဒါ ဘာမှ အဆင်မပြေစရာ မရှိပါဘူး... တည်းခိုခန်း တွေက ဟိုတယ်တွေနဲ့ အတူတူပါပဲ... ဝင်းထဲမှာ ရှိတာလည်း မဟုတ်ဘူး... ခင်ဗျား အပြင်ထွက်ချင်တဲ့ အချိန် ထွက်လို့ ရပါတယ်..."
"ပတ်ဝန်းကျင် အနေအထား ကလည်း အများကြီး ပိုကောင်းပါတယ်..."
"ကျွန်းက သိပ်မကြီးတော့ ဟိုတယ်တွေကလည်း သေးပြီး ဈေးလည်း အရမ်း ကြီးပါတယ်..."
"ကျွန်တော်တို့ရဲ့ တည်းခိုခန်း တွေက ဧည့်သည်တွေနဲ့ အဆင့်မြင့် ခေါင်းဆောင်တွေကို ဧည့်ခံဖို့ ထားတာပါ... ခင်ဗျားအတွက် စီစဉ်ပေးထားတာက ဌာနမှူးအဆင့်နဲ့ တန်းတူတဲ့ အခန်းကြီးပါ..."
"ခင်ဗျားသာ လိုက်ခဲ့ပါ..."
ယောင်ယွမ် ၏ စကားကို ကြားသောအခါ ရွှီယန် က အနည်းငယ် အနေရခက်သလို ခံစားလိုက်ရသည်။
သာမန် ပြည်သူများနှင့် အစိုးရဝန်ထမ်းများ ကြားတွင် ကွာခြားချက်များ ရှိနေဆဲပင်။
ထို့ပြင် အစိုးရ အဖွဲ့အစည်းများတွင် ရာထူးအဆင့်အတန်းများက အလွန် သေချာစွာ ခွဲခြားထားပြီး ရွှီယန် အတွက် ဌာနမှူးအဆင့် ဆိုသည်မှာ မည်သည့်အဆင့်မျိုး ဖြစ်ကြောင်းကိုတော့ သူ မသိချေ။
သို့သော် သွားရောက် ကြည့်ရှုသောအခါ တည်းခိုခန်း က တကယ်ကို မဆိုးလှကြောင်း တွေ့လိုက်ရသည်။
တည်းခိုခန်း ဟု ခေါ်သော်လည်း အဆင့်မြင့် ဟိုတယ် တစ်ခုနှင့်ပင် တူနေပေသည်။
သူ့အပြင် အခြားသော အလုပ်အဖွဲ့များလည်း ဤနေရာတွင် ရှိနေကြသည်။
သို့သော် အချင်းချင်း မည်သည့် အဆက်အသွယ်မှတော့ မရှိကြချေ။
ထို့နောက် ရွှီယန်က ခရီးသွားလာရေး ဦးစီးဌာနမှ လူများနှင့် သွားရောက် တွေ့ဆုံကာ သွားရမည့် နေရာများနှင့် ပူးပေါင်းလုပ်ဆောင်မည့် အသေးစိတ် အချက်အလက်များကို ဆွေးနွေးခဲ့သည်။
စားစရာ နေစရာနှင့် သွားလာရေး အားလုံးကို တာဝန်ယူပေးမည့်အပြင် အကျိုးအမြတ် လည်း ရရှိဦးမည် ဖြစ်သည်။
အစိုးရ စရိတ်ဖြင့် ခရီးသွားလာရသကဲ့သို့ပင် ဖြစ်နေတော့သည်။