မင်းပါးစပ်ကို သုံးပြီး သတ်မယ်
Vol. 81-85 Ch. 1228
ကောင်းကင်ထက်တွင် သွေးမြူခိုးနှစ်ခု ဖြစ်ပေါ်လာသည်။ တောင်ဘီလူး နှစ်ကောင်လုံး ရုတ်တရက် ပေါက်ကွဲကာ သေဆုံးသွားကြသည်။
“ဆယ်မိုင်တောင် ဝေးနေပြီကို လက်သီးတစ်ချက်တည်းနဲ့ သတ်နိုင်နေတုန်းလား၊ ဒါ … ဒါ ဘယ်လို ဖြစ်နိုင်မှာလဲ”
အလွန် ကြောက်လန့်စရာကောင်းသော တစ်စုံတစ်ရာကို မြင်လိုက်ရသကဲ့သို့ လူတိုင်း၏ စကားတွင် ထိတ်လန့် ကြောက်ရွံ့မှုများနှင့် ပြည့်နှက်နေသည်။
*သေသွားပြီ*
*သန်မာတဲ့ တောင်ဘီလူး အဖွဲ့ကြီးက ယဲ့ဖန်နဲ့ ရင်ဆိုင်ရပြီးတော့ အားလုံး သေသွားပြီ*
“အမေ သူက ဘယ်သူလဲဟင်”
ရှင်းရှင်းသည်လည်း တစ်ခုခု မှားနေကြောင်း သတိပြုမိကာ သူမမိခင်အား မယုံသင်္ကာဖြင့် မေးလိုက်မိသည်။
“အရူးမလေး သူက ယဲ့ဘုရင်လေ”
“ဟေးဟေး … မီးမီးမျက်နှာဖုံးက အရှင်ယဲ့ဘုရင်ကို တကယ် ဆင့်ခေါ်နိုင်တာပဲ”
ရှင်းရှင်းသည် ယဲ့ဖန်ရှေ့၌ သူမ ပြောခဲ့သော စကားများကို ပြန်စဉ်းစားမိပြီး မျက်နှာလေး ရဲတက်သွားသည်။ ရှင်းရှင်း၏ မိခင်သည် ငိုရမလား၊ ရယ်ရမလား မသိတော့ဘဲ သူမသမီး၏ ခေါင်းကိုဖိ၍ ဒူးထောက်ရန် ဖိအားပေး လိုက်သည်။
“မြန်မြန် အရှင်ယဲ့ဘုရင်ကို ဒူးထောက်လိုက်”
ယဲ့ဖန်ကြောင့်သာ မဟုတ်လျင် သူမသမီး အသားပြား ဖြစ်နေလောက်လေပြီ။
“ဘယ်သူရှိမလဲ၊ ဒီကောင်ကို အရေးယူ သတ်နိုင်မယ့်လူ ဘယ်သူ ရှိမလဲ”
“ကျော်ကြားတဲ့ နဂါးမြို့တော်က ဘယ်သူမှ မလုပ်နိုင်ကြဘူးလား”
“ဒီအရူးကို ကိုယ်တိုင် အပြစ်ပေးကြပါတော့၊ မဟုတ်ရင် နဂါးမြို့တော်တော့ လုံးဝ အရှက်ကွဲပြီ”
နဂါးမြို့တော်မှ လူများ လုံးဝ ရူးသွပ်နေကြသည်။ သူတို့ အားကိုးရသော တပ်ဖွဲ့က ချက်ချင်း ရှုံးနိမ့်သွားလိမ့်မည်ဟု ထင်မထားမိကြချေ။ ဤသို့ ဆက်ဖြစ်နေပါက သူတို့၏ နဂါးမြို့တော် လုံးဝ အရှက်ရရပေတော့မည်။ လက်ရှိအချိန်၌ နဂါးမြို့တော်မှ လူတိုင်း ယဲ့ဖန်ကို ကြောက်ရွံ့ကာ မုန်းတီးနေ၏။
“ယဲ့ဖန် မင်းကိုယ်မင်း ပြိုင်ဘက်ကင်းပြီ ထင်နေတာလား၊ ငါတို့ရဲ့ ခွေးသုတ်သင်ရေး စစ်ဆင်ပွဲ အဖွဲ့က ဒီတစ်ဖွဲ့တည်း မဟုတ်ဘူးကွ၊ မင်းတော့ သေပြီသာမှတ် ဟားဟားဟား”
ထိုအခိုက်တွင် အဝေးမှ အရိုးခေါင်း စစ်ဘုရင်၏ ရယ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။ သူ့မျက်နှာက တည်ငြိမ်၍ အေးစက်နေပြီး နဖူးကြောများ တွန့်နေသည်။
အနီရောင် ခန္ဓာကိုယ်ရှိပြီး ကျားကဲ့သို့ ခက်ထန်သည့် အနီရောင် မျက်လုံးများ ရှိသော အဘိုးအိုတစ်ယောက် ပေါ်လာသည်။ သူ၏ အရှိန်အဝါက နဂါးတစ်ကောင်၏ အရှိန်အဝါကဲ့သို့ ပြင်းထန်၍ ခန္ဓာကိုယ်တစ်ခုလုံးက တောက်ပနေသည်။
သူသည် ကောင်းကင်ယံ၌ ရပ်နေရာမှ စူးရှသော မျက်လုံးများဖြင့် ဖြည်းဖြည်းချင်း လျှောက်နေပုံက တစ်လောကလုံးကို တုန်လှုပ်စေသည်ဟု ထင်မှတ်ရသည်။
“မြေအောက် အလောင်းဘုရင်လား”
ထိုလူကိုမြင်ပြီးနောက် လူတိုင်း သွေးပျက်ကာ မျက်လုံးအိမ် ကျဉ်းမြောင်းလာ၏။ မြေအောက် အလောင်းဘုရင်သည် ကျုံးကျိုး အင်ပါယာ၌ နာမည်ကြီး မိစ္ဆာတစ်ကောင် ဖြစ်ပြီး ဘာကြောင့်မှန်း မသိဘဲ ဝိညာဉ် မရှိသော အလောင်းကောင် ဖြစ်အောင် လုပ်ခဲ့သည်ဟု ဆိုကြသည်။ နေနှင့်လတို့၏ စွမ်းအင်များကို စုပ်ယူပြီး ဝိညာဉ်မဲ့သော မိစ္ဆာကောင် ဖြစ်လာခဲ့သည်။
မြို့တစ်ခုမှ လူနှစ်သိန်းလုံး တစ်ညတည်းနှင့် အသတ်ခံရပြီး သက်ရှိအားလုံး အသွေးအသားနှင့် အရိုးများ မရှိတော့သည်အထိ ခြောက်သွေ့အောင် စုပ်ယူခံခဲ့ရသည်။
ဘုရင်သုံးပါးက သူ့ကို ဝိုင်းပိတ်၍ တိုက်ခိုက်ခဲ့သော်လည်း ထိုသုံးယောက်သာ သေသွားခဲ့လေသည်။ နောက်ပိုင်းတွင် သူသည် ဆရာတစ်ယောက်နှင့် ဆုံတွေ့ပြီး တာအိုလမ်းစဉ်ကို ကျင့်ကြံလျှောက်လှမ်းနိုင်ခဲ့သည်။
သူ လောကထဲမှ ပျောက်သွားသည်မှာ နှစ်ငါးရာကျော်ပြီ ဖြစ်ပြီး ယခု ပြန်ပေါ်လာသဖြင့် မယုံနိုင်စရာ ကောင်းလှသည်။
သူ အတိတ်က လုပ်ခဲ့သော အဖြစ်ဆိုးကြီးက ယခုအထိ ကြောက်စရာကောင်းနေဆဲပင်။ ထို့ကြောင့် သူ့ကို မြင်သည်နှင့် လူတိုင်းသည် ထိုညက အိပ်မက်ဆိုးကြီးကို ပြန်သတိရလာကြသည်။
“ငါ့ဆရာ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားရဲ့ ကိုယ်စား နတ်ဆိုးမိစ္ဆာ ယဲ့ဘုရင်ကို သတ်ပစ်ဖို့ မြေအောက် အလောင်းဘုရင် ရောက်လာပြီကွ”
မြေအောက် အလောင်းဘုရင်က ခံစားချက်ကင်းမဲ့စွာ ပြောလိုက်သော်လည်း သူ့စကားထဲတွင် ယဲ့ဖန်ကို အလွန် အထင်သေးသော အရိပ်အယောင်များ ပြည့်နှက်နေ၏။
*အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားလား*
လူတိုင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားကာ သေမတတ် ကြောက်လန့်သွားပြီး ထိတ်လန့်သော အမူအရာများ ဖြစ်ပေါ်လာသည်။ သူတို့ ကြားလိုက်ရသော စကားကို မယုံနိုင် ဖြစ်နေကြသည်။
အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားသည် အကျော်ဇေယျ ပုဂ္ဂိုလ်တစ်ယောက် ဖြစ်သည်။ သူသည် ကျုံးကျိုး အင်ပါယာ၏ ပြိုင်စံရှား ပုဂ္ဂိုလ် ဖြစ်လေသည်။ သူသည် ကျုံးကျိုး အင်ပါယာကို ကိုယ်စားပြု၍ ပြည်ပ၌ အကြိမ်ပေါင်းများစွာ ပြိုင်ပွဲဝင် တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲ တစ်ရာ့သုံးဆယ်ကျော်၌ နိုင်ငံခြား သိုင်းပညာရှင်များကို တိုက်ခိုက် အနိုင်ယူခဲ့ကာ တစ်ခါမှ ရှုံးပွဲမရှိခဲ့ပေ။
သူ တိုက်ခိုက်လိုက်တိုင်း တစ်ချက်တည်းဖြင့် အသတ်ခံရစမြဲပင်။ အလွန်အမင်း သန်မာ၍ လောကအား ထိတ်လန့် စေခဲ့သည်။
နှစ်ထောင်သောင်းချီ တည်ရှိခဲ့သော ကျုံးကျိုးအင်ပါယာ၏ သမိုင်းတစ်လျှောက်တွင် သူ့နည်းတူ စစ်နတ်ဘုရား နာမည် ခေါ်ထိုက်သည့်လူဟူ၍ ငါးယောက်သာ ရှိခဲ့သည်။ ထို့ကြောင့် မြေအောက် အလောင်းဘုရင်က အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရား၏ တပည့် ဖြစ်ကြောင်း သိလိုက်ရသောကြောင့် လူတိုင်း ထိတ်လန့်သွားရသည်။ သူ့ကို အသိဉာဏ်ရအောင် လုပ်ခဲ့သူကလည်း အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားပင်။
ထိုစဉ် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက ယဲ့မိသားစုနှင့် အလွန် ရင်းနှီးသော ဆက်ဆံရေး ရှိပုံရကြောင်း သူတို့ ရုတ်တရက် အမှတ်ရသွားပြီး အစောပိုင်းအချိန်များ၌ ယဲ့မိသားစု၏ အကူအညီကို ရခဲ့ဖူးသည်။ ထို့ကြောင့် အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက ယဲ့မိသားစုအတွက် ကူညီ၍ ဆန့်ကျင်သူများကို သုတ်သင်ပေးခြင်း ဖြစ်လေသည်။
သူ့စကားကိုကြားသော် ယဲ့ဖန်ကလည်း လှောင်ရယ်လိုက်သည်။
“ငါ့ကို လူလို့တောင် သဘောမထားဘူးပေါ့၊ အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားက တော်တော် တော်တာပဲ၊ သိပ်ကောင်းတယ်”
“ခွေးသုတ်သင်ခြင်း အဖွဲ့ဝင်တွေ ဒီရောက်လာပြီ၊ မင်း ကောင်းကောင်း သေချင်တယ်ဆိုရင် ချက်ချင်း ဒူးထောက်ပြီး လည်စင်းပေးစမ်း”
ကောင်းကင်ထံမှ ပြာတာတာ အသံ ထွက်ပေါ်လာသဖြင့် လူတိုင်း နေရခက်လာသည်။ အဝေးမှနေ၍ အနက်ရောင် ဝတ်စုံနှင့် မိစ္ဆာအိုကြီးတစ်ယောက်က အစိမ်းနက် မီးလျှံများ တောက်နေသော မျက်လုံးများဖြင့် စိုက်ကြည့်နေပြီး သူ့ကိုယ်မှ ရှေးဟောင်း စွမ်းအင်များ ပျံ့နှံ့လာသဖြင့် လူတိုင်း ပိုမိုသွေးပျက်လာသည်။ ရှေးခေတ်အချိန်ကတည်းက တည်ရှိခဲ့သော မိစ္ဆာအိုကြီးနှင့် တူလှသည်။
*ဟေးဖုန်းသခင်*
ရက်စက်မှုနှင့် ကျော်ကြားသော နောက်ဘုရင်တစ်ပါး ပေါ်လာပြန်သည်။
“ခွေးသုတ်သင်ရေး စစ်ဆင်ပွဲမှာ ယဲ့မိသားစုအတွက် ငါတို့ ယဲ့ခွေးကို သုတ်သင်ပစ်မယ်”
ခရမ်းရောင်ဝတ်စုံနှင့် အမျိုးသမီးတစ်ယောက်က အဆင့်ရှစ် ပန်းရုံများ ခြံရံ၍ လျှောက်လှမ်းလာသဖြင့် ပန်းနတ်သမီးနှင့် တူနေသည်။ သူမမျက်နှာက ကြော့မော့၍ ဆွဲဆောင်မှုရှိသော်လည်း ယဲ့ဖန်အား သတ်ဖြတ်ချင်စိတ် အပြည်ဖြင့် ကြည့်နေ၏။
“ခွေးသုတ်သင်ခြင်း စစ်ဆင်ရေးမှာ ပါတဲ့လူက ငါတို့ပဲ မဟုတ်ဘူး၊ အားလုံး ဖျင်အန်းမြို့ကို လာနေပြီ၊ ယဲ့ဖန် မင်းတော့ သေပြီပဲ”
“မင်းတင် သေမှာမဟုတ်ဘူး၊ မင်းနဲ့ ပတ်သတ်တဲ့လူတိုင်း သေရမယ်၊ ဆိုးဆိုးရွားရွား သေရမှာ”
“မင်းလို အရူးနောက်လိုက်ပြီး ယဲ့မိသားစုကို ဆန့်ကျင်တာက ဘယ်လောက် ရူးမိုက်ပြီး အဓိပ္ပာယ် မရှိလဲဆိုတာကို သူတို့ သိလာလိမ့်မယ်”
ဘုရင် တစ်ပါးပြီးတစ်ပါး ပေါ်လာပြီး နတ်ဘုရားသဖွယ် စွမ်းအင်မျိုး ထုတ်ဖော်နေကြသည်။ ဖန်သားပြင်ကို ဖြတ်၍ တစ်နိုင်ငံလုံးမှ လူများအားလုံး သူတို့ထံမှ ဖိအားကို ခံစားမိနေသည်။ သူတို့သည် အကြမ်းတမ်း အရက်စက်ဆုံး စကားလုံးများဖြင့် ဟစ်အော် ပြောဆိုနေကြသည်။
အဘယ်ကြောင့်ဆိုသော် ယဲ့ဖန်က သူတို့ကို ကြောက်လန့်အောင် လုပ်ခဲ့သည်။ ဤမျှ အသက်ငယ်ငယ်လေးနှင့် ကြောက်စရာကောင်းသော ခွန်အားမျိုး ရှိနေသဖြင့် သူတို့သာ သူ့ကို အသက်ဆက်ရှင်ခွင့် ပေးလိုက်လျင် နောင် မည်မျှ ကြီးထွားလာဦးမည်နည်း။
ဤသည်မှာ အမှန်တရားပင်။ သူတို့ သူ့ကို ကြောက်ကြသည်။ သူတို့ သူ့ကို ကြောက်သဖြင့် အဖွဲ့လိုက်သာ တိုက်ခိုက်ရဲပြီး သူ့အား ဖျက်ဆီးရဲကြသည်။
“ဒီကောင် မကြာခင် သူ့လုပ်ရပ်က ဘယ်လောက် မိုက်ရူးရဲဆန်လဲ သိလာမှာပါ၊ သူ့ခွန်အားက သန်မာလွန်းတယ် ဆိုပင်မယ့် ယဲ့မိသားစုက အင်အားကြီးရုံတင် မကဘူး၊ ကြီးမားပြီး ကြောက်စရာကောင်းတဲ့ အဆက်အသွယ်တွေ ရှိပြီးသား”
“ဟုတ်တယ်၊ ဒါက နာမည်ကြီးနဲ့ မြက်ပင်နဲ့ကြားက ခြားနားမှုပဲ၊ ဒီခြားနားမှုကို လူတစ်ယောက်တည်းက ပြောင်းလဲ မပစ်နိုင်ဘူး”
“ဒီလူက စနစ်တစ်ခုလုံးရဲ့ ရန်သူ ဖြစ်လာတော့ သေလမ်းပဲ ရှိတော့တာပဲ”
တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်ထဲ၌ နဂါးမြို့တော်မှ လူတစ်ချို့ လှောင်ရယ်နေကြသည်။ အဖွဲ့လိုက် တိုက်ခိုက်လျင် သူတို့ ယဲ့ဖန်ကို ဖိနှိပ်နိုင်၏။ ဘာမဟုတ်တဲ့ ယဲ့ဖန်က သူတို့ကို ဘယ်လိုလုပ် တိုက်ခိုက်မည်နည်း။
ယဲ့ဖန်က အလယ်ပိုင်းလွင်ပြင် စစ်နတ်ဘုရားနှင့် မြေအောက် အလောင်းဘုရင်တို့ကဲ့သို့သော ကြောက်စရာ ကောင်းသည့် ပုဂ္ဂိုလ်မျိုးကို ရန်စခဲ့မိသဖြင့် သေချာပေါက် သေရပေလိမ့်မည်။
သို့သော် အစမှအဆုံးတိုင် ယဲ့ဖန်၏ အမူအရာက ပြောင်းလဲခြင်း မရှိပေ။ ဘုရင်ဆယ်ပါးကျော်နှင့် ရင်ဆိုင်ရ သော်လည်း သူက သရော်ပြုံးသာ ပြုံးလိုက်သည်။
“ဘယ်သူလာလာ … လာတဲ့လူတိုင်း သေရမယ်လို့ ငါ ပြောခဲ့သားပဲ”
သူ၏ မောက်မာမှုကို လျှော့ချခြင်း မရှိသလို အစဉ်အမြဲ လွှမ်းမိုးချုပ်ကိုင်ဟန်ကို ပြသနေ၏။ ဤသည်မှာ နတ်ဆိုး ဧကရာဇ်၏ မာန်မာနပင်။ သို့သော် အခြားသူများ၏ အမြင်တွင် မထီမဲ့မြင် လုပ်နေသည်ဟုသာ မြင်လေသည်။
ထို့ကြောင့် အရိုးခေါင်း စစ်ဘုရင်က အပြုံးကြီးပြုံး၍ ရှေ့သို့တစ်လှမ်းတက်ကာ ပြောလိုက်သည်။
“ယဲ့ဖန် ခွေးသူခိုး ဒီနေ့ ငါ မင်းရဲ့သွေးကို သုံးပြီး သူတို့ကို ယဇ်ပူဇော် …”
သို့သော် သူ့စကား မဆုံးခင်မှာပင် ကြောက်စရာကောင်းသော အော်သံတစ်သံ ထွက်ပေါ်လာ၏။ ယဲ့ဖန်၏ အနောက်မှ ကြောက်စရာကောင်းသော နတ်ဆိုးတစ်ကောင် ပေါ်လာသည်ကို လူတိုင်း တွေ့လိုက်ရသည်။ ၎င်းသည် တောင်တစ်လုံးကဲ့သို့ ကြီးမားပြီး ကြောက်စရာကောင်းသော အရှိန်အဝါမျိုး ထွက်ပေါ်နေကာ ကောင်းကင်ဘုံကို ဖိအားပေးနိုင်သည့် ရက်စက်သော နတ်ဆိုးတစ်ကောင်နှင့် တူနေသည်။
လက်ရှိတွင် ထိုနတ်ဆိုးသည် လက်သီးကို ကျစ်ကျစ်ပါအောင်ဆုပ်ကာ ယဲ့ဖန်အနောက်မှနေ၍ ကောင်းကင်ကို မော့ကြည့်ကာ နေ၊ လနှင့် ကြယ်တာရာတို့အား ဖျက်ဆီးချင်နေသကဲ့သို့ ကျယ်လောင်စွာ ဟစ်အော်နေ၏။
ရုတ်ချည်းဆိုသလိုပင် အရပ်ဆယ်မျက်နှာမှ မြေဆီလွှာများ အက်ကွဲသွားပြီး သူ့ရှေ့မှ မိုးမျှော် အဆောက်အဦးများ ချက်ချင်း ပြာဖြစ်ကာ ပျောက်ကွယ်သွားသည်။
အရိုးခေါင်း စစ်ဘုရင်၏ လှောင်ပြောင်စကားများလည်း တိခနဲ ရပ်တန့်သွားပြီး တစ်ကိုယ်လုံး တစ်လက်မချင်းစီ အက်ကွဲကာ အရေပြားကွာကျ၍ အရိုးများသာ ကျန်ခဲ့လေသည်။
“အရိုးခေါင်း စစ်ဘုရင်က တကယ့်ကို အရိုးမာတာပဲ”
ယဲ့ဖန်က ရယ်ကျဲကျဲ ပြောလိုက်သော်လည်း သူ့အပြုံးက လူတိုင်းအား ကြောက်လန့်သွားစေသည်။
“ဒါက …”
လူတိုင်း အမူအရာ ပြောင်းလဲသွားသည်.
*ဘာဖြစ်တာလဲ*
*အော်သံနဲ့တင် အရိုးခေါင်း စစ်ဘုရင်ကို သတ်နိုင်တာလား*
ဘုရင်များအားလုံး ကြက်သီးထလာကြသည်။ သူတို့သည် ဘုရင်ဟူသော ဂုဏ်ပုဒ်ရလာရန် တစ်သက်လုံး တိုက်ခိုက်ပြီး အလောင်းများ ထောင်သောင်းချီကို နင်းခဲ့ပြီးမှ ပုလ္လင်ပေါ် တက်နိုင်ခဲ့သည်။
သို့သော် ယဲ့ဖန်ကဲ့သို့ ကြောက်စရာကောင်းသောသူအား တစ်ခါမှ မမြင်ခဲ့ဖူးပေ။ ဤသည်က သူတို့ ထင်ထားသည် ထက်ပင် ကျော်နေသေးသည်။
“ဒါ တာအိုသဘောတရား ပြောင်းလဲမှုပဲ၊ ရင်ထဲက လေးစားရတဲ့ နတ်ဘုရားကို မြင်နိုင်ထိနိုင်တဲ့ အသွင်ပြောင်းပြီး တိုက်ခိုက်တာ၊ ဒါပေမဲ့ လူ လေးစားတာက …”
ထိုအခိုက်တွင် မိစ္ဆာအိုကြီး ဟေးဖုန်း အလွန် ကြောက်လန့်နေပြီး သူ၏ ပြာတာတာ ဖြစ်နေသောအသံပင် မသိမသာ တုန်နေပြီး ချက်ချင်း ဆက်ပြောလိုက်သည်။
“သူ လေးစားတာက သူ့ကိုယ်သူပဲ …”
*ဘာ*
လူတိုင်း အုတ်အော်သောင်းနင်း ဖြစ်သွားပြီး ယဲ့ဖန်အနောက်မှ နတ်ဆိုးပေါ်သို့ အားလုံး အာရုံရောက်သွားကြပြီး ချက်ချင်း အမူအရာ ပြောင်းလဲသွားကြသည်။
*အဲ့နတ်ဆိုးရဲ့ ပုံစံက ပီပြင်ပြီးတော့ ယဲ့ဖန်ရဲ့ ပုံစံနဲ့ တူနေတာပဲ*
*နတ်ဘုရားတွေကို မလေးစားဘဲ မိုးမြေနဲ့ ပထဝီမြေကြီးကို မလေးမစားလုပ်တယ်၊ သူ့ကိုယ်သူပဲ လေးစား တာလား*
*သူက လောကကြီး ဖြစ်နေသလိုမျိုး၊ သူက နတ်ဆိုးဖြစ်နေသလိုမျိုးကြီး*
*အတင့်ရဲလွန်းတယ်*
လူတိုင်း ပါးစပ် အဟောင်းသား ဖြစ်သွားကြသည်။ ကျုံးကျိုး အင်ပါယာ တည်ထောင်ခဲ့သော နှစ်တစ်သိန်းအတွင်း ဤသို့သော ထူးဆန်းသည့် တည်ရှိမှုမျိုး တစ်ခါမှ မပေါ်ခဲ့ဖူးချေ။ သူတို့သည် သူတို့ ယုံကြည်ချင်သော အရာများကိုသာ ယုံကြည်၍ သူတို့ကိုယ်သူတို့သာ အသန်မာဆုံးဟု သတ်မှတ်ထားကြသည်။
*နတ်ဆိုး*
*မကောင်းဆိုးဝါး*
ထိုအခိုက်တွင် လူတိုင်း ဘာမှမပြောနိုင်ဘဲ ယဲ့ဖန်ကို မည်သို့ ဖော်ပြရမှန်း မသိတော့ချေ။ သို့သော် ထိုအခိုက်မှာပင် အနက်ရောင် အလင်းတန်းတစ်ခု ဖြတ်ပြေးသွားပြီး ဟေးဖုန်း၏ နဖူး၌ အပေါက်တစ်ပေါက် ဖြစ်ပေါ်ကာ သွေးများ စိမ့်ထွက်လာသည်။ သူ မျက်လုံးများ ပြူးနေသော်လည်း အသက်မရှိတော့ချေ။
*မြန်လွန်းတယ်*
ဤသည်မှာ သူ မသေခင် တွေးမိသည့် တစ်ခုတည်းသော အတွေးပင်။ ယဲ့ဖန်၏ တိုက်စစ်က လျင်မြန်၍ ရက်စက် လွန်းသည်။ သူ တုံ့ပြန်ချိန်ပင် မရလိုက်ဘဲ ချက်ချင်း သေသွားရသည်။
“ဝုန်း”
ကျယ်လောင်သောအသံနှင့်အတူ ဟေးဖုန်း၏ ဦးခေါင်း ပေါက်ကွဲသွားပြီး ခေါင်းပြတ်နေသော အလောင်းက မြေကြီးပေါ် ဘုန်းခနဲ လဲကျလာ၏။
ထို့နောက် အသက်အန္တရာယ် ခြိမ်းခြောက်သည့် နတ်ဆိုးအသံတစ်သံ ထွက်ပေါ်လာသည်။
“ခင်ဗျားတို့က အရေးမပါတာတွေ ပြောရတာ သဘောကျတယ်၊ အဲ့ဒါကြောင့် ကျုပ်က ပါးစပ်ကို သုံးပြီး ခင်ဗျားတို့ကို သတ်ပစ်မယ်”
ယဲ့ဖန် ပျက်ရယ်ပြုလိုက်ပြီးနောက် သူ့အနောက်မှ နတ်ဆိုးကြီးက လောကပင် တုန်ခါသွားလောက်သည့် အော်သံမျိုးဖြင့် ဟစ်အော်လာသည်။
“ဂါး”
ရုတ်တရက် လေဟာနယ် အက်ကွဲလာပြီး အနက်ရောင် တွင်းများ အများအပြား ဖြစ်ပေါ်လာကာ ပြင်းထန်သော အနက်ရောင် လေပွေများ တိုက်ခတ်လာ၏။
“ဒီကောင့်ကို အတူတူ သတ်ရအောင်”
ဘုရင်အားလုံး ချောက်ချားသွားသည်။ သူ အော်ဟစ်လိုက်သည်နှင့် အားလုံးက အကောင်းဆုံး တိုက်ကွက်များကို သုံးပြီး ယဲ့ဖန်ထံ ပြေးဝင်လာကြသည်။
“ဝုန်း ဝုန်း ဝုန်း”
ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာ၏။ သူတို့၏ တိုက်စစ်က ကြောက်စရာ ကောင်းလာပြီး ယဲ့ဖန်ထံသို့ အရှိန်ဖြင့် ကျရောက်လာသည်။
ဤသို့ပူးပေါင်း တိုက်ခိုက်မှုအောက်၌ ဖျင်အန်းတစ်မြို့လုံး ပြိုလဲပျက်စီးတော့မည်ဟု မည်သူမှ သံသယ မဝင်တော့ချေ။ ဘုရင်ကိုးပါး၏ ပူးပေါင်း တိုက်ခိုက်မှုက လောကကို ဖျက်ဆီးနိုင်သော စွမ်းအားဟုပင် ခေါ်နိုင် ပေသည်။