← Chapters

အင်ပါယာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ခြင်း

Vol. 81-85 Ch. 1229

အင်ပါယာတစ်ခုလုံး ရုတ်ရုတ်သဲသဲ ဖြစ်ခြင်း

Vol. 81-85 Ch. 1229

သို့သော် ဖြစ်ပေါ်လာသည့် မြင်ကွင်းက လူတိုင်း မမျှော်လင့်သော မြင်ကွင်း ဖြစ်နေ၏။ ဘုရင်ကိုးပါး၏ တိုက်ခိုက်မှုက ယဲ့ဖန်ပေါ်သို့ အရှိန်ဖြင့် ကျရောက်လာသည်။ သို့သော် ယဲ့ဖန်က ပြောင်းလဲခြင်းမရှိဘဲ သွေးဆာသော အပြုံးမျိုး ပြုံးနေသည်။ အနက်ရောင် လေပွေက ကောင်းကင်ထက်မှနေ၍ ထိုတိုက်စစ်ထံ ကျရောက်လာသည်။

“ဝုန်း ဝုန်း ဝုန်း”

ထိုအခါ အနက်ရောင်လေပွေနှင့် ထိပ်တိုက်တွေ့သည်နှင့် တိုက်ခိုက်မှုအားလုံးက ပျက်စီးကာ ပျောက်ကွယ် သွားလေသည်။ ပင်လယ်ထဲ့သို့ ရွှံ့စက်ကျသွားသကဲ့သို့ အစအနမရှိအောင် ပျောက်ကွယ်သွားသည်။

“ရီချီတုံရှန်းဟဲ၊ ရှီရှန်းစွေ့ရီယွဲ့”

ဘုရင်များ မျက်မှောင်ကြုတ်သွားပြီး ကြောက်လွန်းသဖြင့် အသက်ပင် မရှူနိုင်တော့ဘဲ နဖူးမှ ချွေးစေးများ စီးကျ လာသည်။ လူတိုင်း၏ မျက်နှာ၌ ကြောက်လန့်စိတ်များ ထင်ဟပ်နေသည်။ ရီချီတုံရှန်းဟဲ၊ ရှီရှန်းစွေ့ရီယွဲ့သည် ဒဏ္ဍာရီလာ နတ်ဘုရားများ၏ နည်းလမ်း ဖြစ်သည်။

*ဒီကောင်က ဒါကို သုံးနိုင်တယ်ဆိုတော့ သူက နတ်ဘုရား ဖြစ်နေတာလား*

*ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ*

အနက်ရောင် လေပွေသည် ဒေါသတကြီးဖြင့် ဘုရင်များထံ တိုက်ခတ်လာသဖြင့် ဘုရင်နှစ်ပါး တစ်စစီ ဖြစ်သွားလေသည်။

“ချီးပဲ၊ ယီး … ယီးပဲကွာ”

ကျန်လူများအားလုံးသည် ဤသည်ကိုမြင်ပြီး အလန့်တကြား အော်ဟစ်လိုက်မိသည်။ အကယ်၍ သူတို့သာ ဘုရင်များ ဖြစ်နေခဲ့ပါက တစ်ခါမှ မခံစားဖူးသည့် အကြောက်တရားကို ခံစားရမှာပင်။

*ငါတို့ရှေ့က လူက လူသား မဟုတ်ဘူး*

တစ်ချိန်တည်းမှာပင် တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်တစ်ခုလုံး ထပ်မံ၍ တိတ်ဆိတ်သွားပြန်သည်။ နဂါးမြို့တော်မှ လူတိုင်း အအေးလှိုင်း ဖြတ်သွားသည်ဟု ထင်မှတ်ရသည်အထိ အေးစိမ့်လာကြသည်။ သူတို့ ယခင်က အရှက်ခွဲခဲ့ သော်လည်း ယခု သူတို့ ပြန်ကြောက်လန့်နေရသည်။

*မိစ္ဆာ*

*ဒီလူက မိစ္ဆာပဲ*

*နှစ်ထောင်သောင်းချီ သက်တမ်းရှိတဲ့ မိစ္ဆာအိုကြီးက လူပုံစံ ပြောင်းထားတာ*

*အဲ့လိုမှမဟုတ်ရင် ဘယ်လိုလုပ် ဒီလောက်ထိ ကြောက်ဖို့ကောင်းနေမှာလဲ*

လူတိုင်း မယုံနိုင်သော အကြည့်များ ဖြစ်လာကြသည်။

*ဒီနတ်ဆိုးက ကြောက်စရာ ကောင်းလွန်းတယ်၊ အော်သံတစ်သံနဲ့တင် ဘုရင်တစ်ပါးကို သတ်နိုင်တာ၊ သူသာ အစွမ်းကုန် လုပ်လာမယ်ဆိုရင် ကျုံးကျိုး အင်ပါယာတစ်ခုလုံး အလွယ်တကူ ပျက်စီးသွားမှာလား*

“အားလုံးပဲ ကိုယ့်အစွမ်းကို ဖုံးမထားနဲ့တော့၊ အစွမ်းကုန် သုံးကြ၊ မဟုတ်ရင် ငါတို့ပြဿနာက … ကြီးလာလိမ့်မယ်”

မြေအောက် အလောင်းဘုရင် ခြောက်ခြားသွားပြီး အသားကုန် အော်ဟစ်လိုက်သည်။ ယခင်က သူတို့ ယဲ့ဖန်ကို သတ်နိုင်လိမ့်မည်ဟု ထင်ထားသဖြင့် ဘာကိုမှ မကြောက်ခဲ့ပေ။ သို့သော် ယခု သူတို့အသက်အတွက် တိုက်ခိုက်ရ ပေတော့မည်။ သူသည်သာမက ကျန်ဘုရင်များလည်း ထိုသို့ ခံစားနေရသည်။

ရုတ်တရက် အမျိုးစုံသော ဥပဒေသများ၊ သိုင်းကျမ်းများ၊ မှော်လက်နက်များ အစရှိသည့် စွမ်းအင်အားလုံးကို ထုတ်သုံး၍ စွမ်းအင် ကွန်ရက်အဖြစ် ဖွဲ့စည်းနေကြသည်။

ဘုရင်များအားလုံး အားကုန် ကြိုးစားနေကြပြီး ခေါင်းမွေးထောင်သည်အထိ ကြောက်လန့်နေ၏။ သူတို့ အစွမ်းကုန် မတိုက်လျင် သူတို့ သေသွားပေလိမ့်မည်။ တစ်ဖက်လူသည် မကောင်းဆိုးဝါးသာ ဖြစ်လေသည်။

ဆယ်မိုင်ပတ်လည်မှ အရာအားလုံး ပြာဖြစ်သွားသည်။ ပြင်းထန်သော အဖျက်စွမ်းအင်က ယဲ့ဖန်အပေါ် ကျရောက်လာသည်။

“ခွေးက နံရံကို ခုန်တက်ချင်တယ်ပေါ့လေ”

ယဲ့ဖန်က အထင်သေးသလို ပြုံးလိုက်ပြီး မျက်လုံး၌ ရက်စက်သော အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။

“ဒါပေမဲ့ ငါက မင်းတို့ ခုန်မတက်နိုင်တဲ့နံရံ ဖြစ်နေဦးမှာပဲ”

ထိုအခိုက်တွင် ဘေးအန္တရာယ် ကျရောက်လာပြီး ကျုံးကျိုး အင်ပါယာတစ်ခုလုံး တုန်လှုပ် ကြောက်လန့်သွားရမည့် မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာ၏။

ယဲ့ဖန်၏ အနောက်မှနေ၍ အမှောင်ထုက ဆူနာမီရေလှိုင်းသဖွယ် ထွက်ပေါ်လာပြီး ကောင်းကင်ကို ဖုံးလွှမ်းကာ အရှေ့ဘက်သို့ လွှမ်းခြုံလာလေသည်။

ဖျင်အန်းတစ်မြို့လုံးကို ဤအမှောင်ထုက ဖုံးလွှမ်းသွားကြောင်း လူတိုင်း ရှင်းလင်းစွာ မြင်လိုက်ရသည်။ ငရဲသို့ ရောက်သွားသလိုပင်။

“ရွှစ် ရွှစ်”

မြေအောက် အလောင်းဘုရင်၏ ခန္ဓာကိုယ်က ပြတ်တောက်သွားပြီး ရှစ်ပိုင်းတိတိ ပြတ်တောက်သွားလေသည်။ ခန္ဓာကိုယ် ကြံ့ခိုင်လွန်းသည်ဟူသော သူ၏ ခန္ဓာကိုယ်က နူးညံ့လွန်းနေသလိုပင်။

နှစ်လိုဖွယ်ကောင်းသော အမျိုးသမီးသည်လည်း တုန်ယင်သွားသည် မျက်လုံးများ ရီဝေကာ အမူအရာက စိတ်မနှံ့သလို ဖြစ်နေ၏။ ထို့နောက် သူမ၏ ဒွာရခုနစ်ပေါက်မှ သွေးများ စိမ့်ထွက်လာပြီး တုပ်တုပ်မှ မလှုပ်တော့ချေ။

ထို့အတူ ကျန်ဘုရင်များတွင်လည်း သွေးအိုင်အဖြစ် ပြောင်းလဲသွားသူက ပြောင်းလဲသွားသလို ပြာဖြစ်သွား သူများလည်း ရှိပေသည်။

“ဒါ လုံးဝ မဖြစ်နိုင်ဘူး၊ ဒါ လုံးဝ မဖြစ်နိုင်ဘူး”

တိုက်ရိုက် ထုတ်လွှင့်ခြင်း ဖိုရမ်၌ ဆူညံပွက်လောရိုက်နေ၏။ မြေအောက် အလောင်းဘုရင်၏ ခန္ဓာကိုယ်က ဖျက်ဆီးမရသလို သူ၏ ခံစစ်ကလည်း ကြောက်စရာကောင်းသည်။ သို့သော်ငြားလည်း သူသည် ရှစ်ပိုင်း အပိုင်းခံ လိုက်ရလေသည်။ နှစ်လိုဖွယ်ကောင်းသော အမျိုးသမီးသည်လည်း စိတ်ဖောက်ကာ ထင်ယောင်ထင်မှားနှင့် သေဆုံး သွားသည်။

*သူတို့က သူတို့ခေတ်တွေမှာ အတော်ဆုံးတွေ မဟုတ်ဘူးလား*

*ဘယ်သူ လာလာ သေရမယ်ဆိုတာ လိမ်နေတာ မဟုတ်ဘူးပဲ*

*ထွက်ပြေးရမယ်*

လက်ရှိအချိန်၌ ဘုရင်များအားလုံး၏ စိတ်ထဲတွင် ထိုအတွေးတစ်ခုတည်းသာ ရှိနေသောကြောင့် အလျင်အမြန် ထွက်ပြေးကြသည်။

*ဖျင်အန်းမြို့က ထွက်ပြေးရမယ်၊ ဒီနတ်ဆိုးလက်က ပြေးရမယ်*

*ဒီလိုမိစ္ဆာမျိုးကို ရန်စမိတာ ငါတို့ ရူးနေလို့ ဖြစ်မယ်*

*ဒါ မနိုင်နိုင်တဲ့ တိုက်ပွဲတစ်ခုပဲ*

အသက်ရှင်နေသေးသော ဘုရင်များသည် ရုတ်တရက် ငှက်များသဖွယ် တကွဲတပြားစီ အရပ်မျက်နှာအနှံ့သို့ ထွက်ပြေး ကြလေသည်။ သူတို့ တစ်ဘဝလုံး ဖျင်အန်းမြို့သို့ ဘယ်သောအခါမှ ထပ်ခြေမချတော့ဟု ကျိန်ဆို လိုက်မိသည်။

*ကြောက်စရာကောင်းလိုက်တာ*

*ဒီလိုမြို့လေးမှာ နတ်ဆိုးဆန်တဲ့လူ ရှိနေမယ်လို့ ထင်ထားမိဘူး*

တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်တွင်း၌ ရှိနေသော ဆယ်သန်းကျော်သော ကြည့်ရှုသူများသည်လည်း လက်ရှိတွင် တိတ်ဆိတ် ငြိမ်သက်နေကာ သူတို့၏ နှလုံးခုန်သံကိုပင် ပြန်ကြားရလုနီးပါး ဖြစ်နေကြသည်။

ဘုရင်ဆယ်ယောက်ကျော်၊ ဂိုဏ်းကြီးဂိုဏ်းသေး နှစ်ဆယ်အပြင် အင်အားကြီးသော တောင်ဘီလူးတို့အားလုံး ရှင်းလင်း ခံလိုက်ရလေပြီ။

ဤသို့သော ခွန်အားမျိုးက မည်သည့်နေရာရောက်ရောက် တုန်လှုပ်ဖွယ်ကောင်းသော စစ်ပွဲမျိုး ဖြစ်စေနိုင်သလို ပြိုင်ဘက်ကင်း၍ မခုခံနိုင်ပေ။ သို့သော် ဖျင်အန်းမြို့တွင်တော့ အရာအားလုံး ပျက်စီးသွားလေပြီ။

ယဲ့ဘုရင်က ကျူးကျော်သူများကို သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် သတ်ခဲ့သည်။ ဘုရင်များအား ပုရွက်ဆိတ်များကို သတ်သကဲ့သို့ သတ်ဖြတ်ခဲ့သည်။

ယနေ့တစ်နေ့တည်းနှင့် ကျုံးကျိုး အင်ပါယာတစ်ခုလုံး လူတစ်ယောက်ကို မှတ်မိသွားကြသည်။ ငရဲမှ ထွက်လာသည်ဟု ထင်မှတ်ရသော လူတစ်ယောက်၊ သွေးဆာ၍ ရက်စက်သော နတ်ဆိုးတစ်ကောင်ဖြစ်သော ယဲ့ဘုရင်။

“ငါ့သားသတ်ကွင်းကို လာချင်တိုင်းလာ ထွက်သွားချင်တိုင်း ထွက်သွားလို့ရလား”

ယဲ့ဖန်က မျက်မှောင်ကြုတ်ကာ အော်လိုက်သည်။

“မင်းလာရင် သေကိုသေရမယ်*

လေပြင်းမုန်တိုင်းများ တိုက်ခတ်လာပြီး သူ့အရှေ့မှ ဘုရင်များထံသို့ တိုးဝှေ့ တိုက်ခတ်လာ၏။ ထိုအခိုက်တွင် ဖျင်အန်းတစ်မြို့လုံးအား အမှောင်ထုက ဝါးမျိုသွားသည်။

တိုက်ရိုက်ထုတ်လွှင့်ခြင်း ဖိုရမ်တစ်ခုလုံး မည်းမှောင်သွားပြီး ဘာအသံကိုမှ မကြားရတော့သလို ပုံရိပ်များကလည်း လှုပ်ရှားမှု မရှိတော့ချေ။

အချိန် အတော်ကြာသော် အမှောင်ထု ပျောက်ကွယ်သွားသည်။ ဘုရင်များစွာတို့၏ ပုံရိပ်များ ပြန်ပေါ်လာ၏။ သို့သော် သူတို့သည် ခန္ဓာကိုယ်ထဲမှ အသွေးအသားများ ခြောက်သွေ့ကာ မမ်မီအလောင်းများကဲ့သို့ ဖြစ်နေ ကြသည်။

ယဲ့ဖန်ကမူ တစ်ကိုယ်လုံး ကြည်လင်တောက်ပ၍ အနက်ရောင် အလင်းများ ဖြာထွက်ကာ အရှိန်အဝါက ပိုမို ပြင်းထန် လာသည်။ သူ့မျက်လုံးများက တောက်ပနေပြီး ဥပဒေများစွာ စီးဝင်နေ၏။

*ဝါးမျိုလိုက်တာ*

*ဒီဘုရင်တွေအားလုံးကို ယဲ့ဘုရင်က ဝါးမျိုလိုက်တာ*

“ယုတ်ညံ့တဲ့နတ်ဆိုး၊ ဒီကောင်က ယုတ်ညံ့တဲ့ နတ်ဆိုးပဲ”

“ဒီလိုလူစားမျိုးက လောကမှာ ဆက်ရှိနေရင် အန္တရာယ်ပဲ၊ သူ သေသင့်တယ်၊ ချီးပဲ”

“ကျုံးကျိုး အင်ပါယာက တစ်နိုင်ငံလုံးရဲ့ အင်အားကိုသုံးပြီး ဒီနတ်ဆိုးကို သတ်သင့်တယ်၊ သူ အသက်ရှင်နေသေးရင် ကပ်ဆိုက်လိမ့်မယ်”

နဂါးမြို့တော်မှ လူတိုင်း ကျယ်လောင်စွာ ဟစ်အော်ကြသည်။ သူတို့ အလွန်အမင်း ကြောက်ရွံ့နေကြလေသည်။

ဤသို့သော နတ်ဆိုးတစ်ကောင်က တစ်နေ့ နဂါးမြို့တော်သို့ ခြေချလာလျင် နဂါးမြို့တော် ဘာဖြစ်သွား နိုင်မည်နည်း။ သူတို့ တွေးမကြည့်ဝံ့ပေ။ ယခု အင်ပါယာက နိုင်ငံအင်အားကိုသုံး၍ ယဲ့ဖန်ကို ဖိနှိပ်ပါစေဟုသာ ဆုတောင်းနေမိသည်။

လက်ရှိအချိန်တွင် ဖန့်ယွင်နှင့် အခြားသူများသည် စိတ်လှုပ်ရှားလွန်းသဖြင့် ပြောစရာစကားပင် မဲ့နေကြသည်။ ယဲ့ဖန်က သန်မာ၍ ကြောက်စရာကောင်းကြောင်း ယခင်က သူတို့ ကြားရုံမျှသာ ကြားဖူးကြသော်လည်း ယခု သူတို့ မျက်လုံးနှင့် တပ်အပ် မြင်တွေ့လိုက်ရသည်။ သူတို့၏ စောင့်ရှောက်သူသည် ကောင်းကင်ဘုံကို ဆန့်ကျင်နိုင်သည့် တကယ့်နတ်ဆိုးပင်။

ထိုစဉ် ယဲ့ဖန်က ကင်မရာဘက်လှည့်၍ ကြောက်စရာကောင်းသော အပြုံးမျိုး ပြုံးကာ ပြောလိုက်သည်။

“ယဲ့မိသားစုက ငါတို့ ဖျင်အန်းမြို့ကို သုံးရက် အချိန်ပေးခဲ့တယ်၊ အခု ငါကလည်း မင်းတို့ နဂါးမြို့တော်ကို အချိန် သုံးရက် ပြန်ပေးမယ်”

“သုံးရက်နေရင် ငါကိုယ်တိုင် နဂါးမြို့တော်ကို လာခဲ့မယ်၊ ဒီနေ့ ဖျင်အန်းမြို့မှာ ဖြစ်ခဲ့သမျှအတွက် ငါ အဆတစ်ရာမက ပြန်ပေးဆပ်ခိုင်းမယ်”

ပြင်းထန်၍ ကြောက်စရာကောင်းသော လူသတ်လိုသည့် အရှိန်အဝါများ ထွက်ပေါ်လာ၏။ ထိုအခါ နဂါးမြို့တော်မှ လူတိုင်း မျက်နှာ ပြာနှမ်းသွားကြသည်။ တစ်ချို့ဆိုလျင် ထိုင်ခုံမှပင် ပြုတ်ကျသွားသေးသည်။ သူတို့၏ ရင်ထဲ၌ ပြောမပြတတ်သော ထိတ်လန့်မှုကို ခံစားမိနေကြသည်။

*ဒီနတ်ဆိုးက နဂါးမြို့တော်ကို ကိုယ်တိုင် လာမလို့လား*

*ယဲ့မိသားစုက သူတို့ကို တားနိုင်ပါ့မလား*

ထိုအခိုက်တွင် သူတို့အားလုံး ယခင်ကဲ့သို့ ယုံကြည်ချက် မရှိတော့ဘဲ မပြုံးနိုင်ကြတော့ချေ။ ယဲ့ဖန်၏ ရက်စက်သော အပြုအမူကြောင့် လုံးဝ ထိတ်လန့်နေ၏။

ယဲ့ဖန်တစ်ယောက်တည်းနှင့် ဘုရင်များ ဦးဆောင်သည့် တပ်ဖွဲ့မှ လူတိုင်းကို တားဆီး၍ စက္ကန့်ပိုင်းအတွင်း သတ်ပစ်နိုင်လိမ့်မည်ဟု သူတို့ တစ်ခါမှ မထင်ထားမိချေ။ မည်သူမှ ဖျင်အန်းမြို့မှနေ၍ ပြန်ထွက်မပြေးနိုင်ခဲ့ပေ။

“ထွက်ပြေး၊ မင်းတို့ အားကုန်သုံးပြီး ထွက်ပြေး”

ယဲ့ဖန်က အပြုံးကြီးပြုံး၍ သေဒဏ်ချမှတ်လိုက်သကဲ့သို့ ပြောဆိုလိုက်ပြီးနောက် ကင်မရာကို ဖျက်ဆီးလိုက်သည်။

နဂါးမြို့တော်တစ်ခုလုံး သေမတတ် ချောက်ချားသွားကြသည်။ သူတို့ ပေးဆပ်ရမည့် တန်ကြေးက … အစုလိုက် အပြုံလိုက် အသတ်ခံရခြင်းပင်။

“မြန်မြန် မြန်မြန်ထုပ်ပိုးကြ၊ ငါတို့ ဒီည နဂါးမြို့တော်ကနေ ထွက်ကြမယ်၊ အရှေ့ဘက်ကို သွားမယ်၊ မဟုတ်သေးဘူး အနောက်ဘက်၊ မဟုတ်သေးပါဘူး၊ နိုင်ငံခြားကိုပဲ သွားကြစို့ကွာ”

“အမေ အဖေ့ကို ပစ္စည်းတွေ ထုပ်ပိုးဖို့ ပြောလိုက်ပါ၊ ကျွန်တော် အခု အိမ်ပြန်လာခဲ့မယ်၊ ဒီည ကျွန်တော်တို့ နဂါးမြို့တော်က ထွက်ကြမယ်၊ ဘာလို့လဲ ဟုတ်လား၊ ဘာလို့လဲဆို‌တော့ နဂါးမြို့တော်က ဇာတ်သိမ်းပြီ၊ ကျွန်တော်တို့ မထွက်သွားရင် ကျွန်တော်တို့ပါ ပွဲသိမ်းသွားလိမ့်မယ်”

“လောင်ချန် မင်း အရင်က ငါ့အိမ်ကို သဘောကျခဲ့တယ် မဟုတ်လား၊ ငါ မင်းကို သုံးသန်းနဲ့ မဝယ်ခိုင်းဘူး၊ တစ်သန်းနဲ့ပဲဝယ်၊ ဘာ မင်း မလိုချင်ဘူး ဟုတ်လား၊ မင်းအိမ်ကို ငါ့အတွက် အလကား ပေးမယ် ဟုတ်လား၊ ယီးပဲ”

နဂါးမြို့တော်တစ်ခုလုံး ဆူညံပွက်လောရိုက်နေ၏။ နဂါးမြို့တော်မှ လူများသည် အပူမိလောင် ဖင်ပူနေကြသည်။ ထို့နောက် ကျုံးကျိုး အင်ပါယာ၏ သတင်းခေါင်းစဉ်များသည် အသစ်များ တစ်ခုပြီး တစ်ခု တက်နေ၏။

ဘုရင်များ၏ ဆိုးဆိုးရွားရွား သေဆုံးသွားသော ဓာတ်ပုံများက ဖိုရမ်များမှနေ၍ ကျုံးကျိုး အင်ပါယာတစ်ခုလုံးသို့ ချက်ချင်း ပျံ့နှံ့သွားပြီး ကျုံးကျိုး အင်ပါယာတစ်ခုလုံးအား အုတ်အုတ်ကျက်ကျက် ဖြစ်သွားစေသည်။

“ဖျင်အန်းမြို့က နတ်ဆိုးမြို့တော် ဖြစ်သွားပြီ၊ မြို့ထဲကို လာတဲ့လူတိုင်း သေလိမ့်မယ်”

“မြတ်စွာဘုရား၊ ခန္ဓာကိုယ် ကြံ့ခိုင်တဲ့ မြေအောက် အလောင်းဘုရင်က ဘယ်လိုလုပ် အလွယ်တကူ ခုတ်ပိုင်းခံ လိုက်ရတာလဲ၊ ကြောက်စရာ ကောင်းလိုက်တာ”

“ဘုရင်တွေအားလုံးရဲ့ ခန္ဓာကိုယ်က စုပ်ယူခံလိုက်ရတယ်၊ လုံးဝကို ဖျက်ဆီးခံလိုက်ရတာပဲ”

“ဘုရင် ဆယ့်ခြောက်ပါး၊ နဂါးအသွင်ပြောင်းခြင်းအဆင့် သုံးဆယ့်ခြောက်ယောက်နဲ့ မရေတွက်နိုင်တဲ့ ဈာန်ဝင်စားခြင်း အဆင့်တွေ ပါတဲ့ တပ်ဖွဲ့တစ်ခုလုံး ရှင်းလင်းခံလိုက်ရတာပဲ”

အဖွဲ့အစည်းတိုင်း ဝမ်းနည်းပက်လက် ဖြစ်သွားကြသည်။ အဘယ်ကြောင့်ဆိုသော် တပ်ဖွဲ့တစ်ခုလုံးကို သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် ရှင်းလင်းနိုင်သည့် ကြောက်စရာကောင်းသော ပုဂ္ဂိုလ်မျိုးအား သူတို့ တစ်ခါမှ မမြင်ဖူး သောကြောင့်ပင်။

သို့သော် ပို၍ကြောက်လန့်ဖွယ်ကောင်းသော သတင်းက ဆက်လက်၍ ထွက်ပေါ်လာနေသေးသည်။

“သုံးရက်နေရင် နဂါးမြို့တော်ကို သွေးနဲ့ဆေးမယ်လို့ ယဲ့ဘုရင်က ပြောခဲ့တယ်၊ နဂါးမြို့တော်က ပွက်လောရိုက် နေပြီ၊ ငါတော့ ယဲ့မိသားစုကို ယုံကြည်မှု မရှိတော့ဘူး”

“ယုံကြည်ချက် ပြိုလဲသွားပြီ၊ ဆက်တိုက် ရှုံးလာတာကြောင့် ယဲ့မိသားစု ဆက်ကျော်ကြားဖို့ ခက်သွားပြီ၊ ဒါမှမဟုတ် နောက်ဆက်တွဲတွေက မတွေးဝံ့စရာပဲ”

“တစ်နိုင်ငံလုံး အုတ်အော်သောင်းတင်း ဖြစ်နေပြီ၊ အားလုံးရဲ့ အာရုံက နဂါးမြို့တော်ကို ရောက်နေတာ၊ သုံးရက်နေရင် ယဲ့ဘုရင်ရဲ့ စွမ်းဆောင်မှုကို သိချင်နေတာ”

“ကျုံးကျိုး အင်ပါယာထဲက အသန်မာဆုံးလူ၊ အရက်စက်ဆုံး နတ်ဆိုး”

လက်ရှိတွင် ကျုံးကျိုး အင်ပါယာတစ်ခုလုံး၌ ယဲ့ဘုရင်ကို မသိသူ မရှိတော့သလို နိုင်ငံခြား မီဒီယာများကပါ ဆက်တိုက် သတင်းများ တင်နေကြသည်။

“ယဲ့ဘုရင်၊ အရှေ့ဘက်က နတ်ဆိုး၊ တစ်လောကလုံး ဒုက္ခရောက်ပြီ၊ ဘုရင်တွေက သူ့ရှေ့မှာ ပုရွက်ဆိတ်လိုပဲ တစ်ချက်တည်းနဲ့ သုတ်သင်ခံရတယ်”

ထူးခြားဆန်းကြယ်သော အဖွဲ့အစည်းအတွင်း၌ အဘိုးအိုတစ်ယောက်သည် သူ့ရှေ့မှ တင်ပြချက်များကို ကြည့်ပြီး မျက်မှောင်ကြုတ်နေသည်။ အချိန်အတော်ကြာပြီးမှ သူ သက်ပြင်းချလိုက်သည်။

“လှုပ်ရှားဖို့ အချိန်တန်ပြီ”

All Chapters