အခန်း ၁၆၁
Vol. 17 Ch. 161
အခန်း ၁၆၁
“အဝါရောင်ကျောက်တုံးကြံ့...သူ့ကို ငါ့အတွက် သတ်ပစ်လိုက်စမ်း။”
ထိုလူပုလေးမှာ ယခင်နှစ်ယောက်ထက် ပိုမိုသတိကြီးသူဖြစ်ပြီး တိုက်ပွဲစသည်နှင့်တစ်ပြိုင်နက် သူ၏ မွေးရာပါစွမ်းရည်ကို ချက်ချင်း အသက်သွင်းလိုက်၏။
သူ၏ မွေးရာပါစွမ်းရည်မှာ သူ၏ သားရဲကို လေထဲတွင် ပျံဝဲစေနိုင်ခြင်း ဖြစ်သည်။ သူ၏ မွေးရာပါစွမ်းရည်၏ ပံ့ပိုးမှုကြောင့် ပုံမှန်အားဖြင့် အလွန်အမင်း လေးလံထုံထိုင်းသော အဝါရောင်ကျောက်တုံးကြံ့မှာ လေထဲသို့ ပျံတက်သွားခဲ့သည်။ ၎င်း၏ အရှိန်မှာ သာမန်ပျံသန်းတတ်သော သားရဲများနှင့် နှိုင်းယှဉ်နိုင်လောက်ပြီး ဟုတ်ဟုတ်ထက် အနည်းငယ်မျှသာ နှေးကွေးသည်။
ကာကွယ်ရေးနှင့် ခွန်အားကို အခြေခံထားသော သားရဲတစ်ကောင်အနေဖြင့် အရှိန်သည် အဝါရောင်ကျောက်တုံးကြံ့၏ အကြီးမားဆုံးသော အားနည်းချက်ပင်။ ထိုအားနည်းချက်ကို ဖုံးကွယ်ပေးနိုင်လိုက်သည်နှင့် ဤကောင်သည် လက်တွေ့တွင် ပြိုင်ဘက်ကင်းသွားတော့လေသည်။ ၎င်းသည် လမ်းတစ်လျှောက်တွင် ရူးသွပ်စွာ အရှိန်ပြင်းပြင်းဖြင့် တိုးဝင်တိုက်ခိုက်နေရုံတင်မကဘဲ ၎င်း၏ ကျောပေါ်ရှိ အဝါရောင်ကျောက်တောင်ပူစာများထံမှလည်း အဝါရောင်ကျောက်တုံးဗုံးများကို အဆက်မပြတ် ပစ်လွှတ်နေခဲ့သည်။
ဟုတ်ဟုတ်ပင်လျှင် ခဏတာအတွင်း မည်သို့မျှ မတတ်နိုင်ဘဲ ကမူးရှူးတိုးဖြင့်သာ ရှောင်တိမ်းနေခဲ့ရသည်။
“ကောင်လေး... ငါ ဟွမ်ထောင်ရဲ့ လက်ထဲမှာ သေရတာ မင်းအတွက် ဂုဏ်ယူစရာပဲ။”
လူပုလေး ဟွမ်ထောင်က လှောင်ပြုံးပြုံးရင်း သူ၏ သားရဲကို နောက်တစ်ကြိမ် တိုက်စစ်ဆင်ရန် ထပ်မံအမိန့်ပေးလိုက်သည်။
အဝါရောင်ကျောက်တုံးကြံ့က အော်ဟစ်လိုက်ပြီး မြေကမ္ဘာကျောက်တုံး လှောင်အိမ်ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။ ယခင်က ပစ်လွှတ်ထားသော အဝါရောင်ကျောက်တုံးများက စတင်စုစည်းလာခဲ့ပြီး ယင်းတို့က ဟုတ်ဟုတ်ကို ဝိုင်းရံပိတ်ဆို့တော့မည့်အလား ရှိနေခဲ့သည်။
ဤမြေအောက်ကမ္ဘာနေရာတွင် အဝါရောင်ကျောက်တုံးကြံ့သည် ပထဝီဝင်အနေအထားအရ အလွန် အသာစီးရနေ၏။ ၎င်း၏ အမျိုးမျိုးသော စွမ်းရည်များ၏ စုစည်းမှုမှာ များစွာ ပိုမိုမြန်ဆန်ပြီး ဟုတ်ဟုတ်အတွက် ရင်ဆိုင်ရရန် ပိုမိုခက်ခဲစေခဲ့သည်။
ထိုအဝါရောင်ကျောက်တုံးကြံ့ကို ကြည့်ရင်း ကျန်းဟန်လည်း ဖိအားကို မခံစားရဘဲ မနေနိုင်ခဲ့ချေ။ မျှော်လင့်ထားသည့်အတိုင်းပင် အခြားသူများကို လျှော့မတွက်သင့်ပေ။ ဤလူ၏ မွေးရာပါအထူးစွမ်းရည်နှင့် ဝါရောင်ကျောက်တုံးကြံ့တို့၏ ပေါင်းစပ်မှုမှာ အမှန်တကယ်ပင် ဖြေရှင်းရ ခက်ခဲလွန်းလှသည်။
ထိုအခိုက်အတန့်တွင် ဟုတ်ဟုတ်သည် ၎င်း၏ အရှိန်မြှင့်တင်မှု စွမ်းရည်ကို အသုံးပြုကာ မြေကမ္ဘာကျောက်တုံး လှောင်အိမ် မပိတ်ဆို့မီ အပြင်သို့ အပြေးအလွှား ခုန်ထွက်လိုက်ပြီး အဝါရောင်ကျောက်တုံးကြံ့ကို နှစ်ချက်မျှ ကုတ်ခြစ်လိုက်သည်။
“မူးးးးး.....”
အဝါရောင်ကျောက်တုံးကြံ့မှာ ဟုတ်ဟုတ်၏ တိုက်ခိုက်မှုကို လုံးဝ ကြောက်ရွံ့ခြင်းမရှိချေ။ ၎င်းသည် ခေါင်းကိုမော့ကာ အရှေ့သို့ တိုးဝင်တိုက်ခိုက်လိုက်၏။ သို့သော်လည်း ဟုတ်ဟုတ်မှာ သဘာဝအတိုင်း ပျံသန်းနိုင်သော သတ္တဝါဖြစ်ပြီး အဝါရောင်ကျောက်တုံးကြံ့ထက် များစွာ သာလွန်သော ပျံသန်းမှုစွမ်းရည်ကို အားကိုး၍ ထိုတိုးဝင်တိုက်ခိုက်မှုကို အလွယ်တကူ ရှောင်တိမ်းကာ ၎င်း၏ ခြေသည်းများဖြင့် ကြံ့၏ ကျောပြင်ကို ကုတ်ခြစ်လိုက်ပြန်သည်။
သို့သော်လည်း မြေကြီးနှင့် ကျောက်တုံးအစအန အနည်းငယ်သာ လွင့်စင်သွားပြီး အသားစ သို့မဟုတ် သွေးကွက်မျိုး မတွေ့ရချေ။ ဤအဝါရောင်ကျောတုံးကြံ့၏ ကာကွယ်ရေးမှာ အမှန်တကယ်ပင် ကြောက်မက်ဖွယ်ကောင်းလှသည်။ ဟုတ်ဟုတ်၏ ထက်မြက်သော ခြေသည်းများပင်လျှင် ထိုးဖောက်နိုင်ခြင်း မရှိချေ။
တိုက်ခိုက်မှု မအောင်မြင်သဖြင့် ကျန်းဟန်သည် ဟုတ်ဟုတ်၏ နည်းဗျူဟာကို ချက်ချင်းပြောင်းလဲစေပြီး လူပုလေး ဟွမ်ထောင်ဆီသို့ ပျံသန်းစေလိုက်သည်။ ၎င်း၏ အရှိန်အသာစီးရမှုကို အားကိုးကာ သားရဲထိန်းချုပ်သူကို အရင်ဆုံး အပြတ်ရှင်းရန် ကြံရွယ်လိုက်ခြင်း ဖြစ်သည်။ သားရဲထိန်းချုပ်သူ မရှိတော့ပါက ထိုအဝါရောင်ကျောက်တုံးကြံ့ကို ကိုင်တွယ်ရသည်မှာ များစွာ ပိုမိုလွယ်ကူသွားပေလိမ့်မည်။
“အဲဒီလှည့်ကွက်ကိုပဲ ထပ်သုံးဖို့ တွေးနေတာလား။ မြေကမ္ဘာကျောက်တုံး လှောင်အိမ်...။”
ဟွမ်ထောင်က လှောင်ပြုံးပြုံးလိုက်၏။ အဝါရောင်ကျောက်တုံးကြံ့ထံမှ ပစ်လွှတ်ထားသော မြေကြီးများနှင့် ကျောက်တုံးများသည် မြေကမ္ဘာကျောက်တုံး လှောင်အိမ်အဖြစ်သို့ လျင်မြန်စွာ ထပ်မံပေါင်းစပ်သွားပြန်သည်။
“ဟူး...”
ယခုတစ်ကြိမ်တွင်မူ ဟုတ်ဟုတ်သည် အားနာမနေတော့ဘဲ အရိပ်အလင်းဓား တစ်ဒါဇင်ကျော်ကို တိုက်ရိုက် ထုတ်လွှတ်လိုက်တော့သည်။
၎င်းကို မြင်လိုက်ရသည့်အခါ ဟွမ်ထောင်၏ မျက်နှာပေါ်မှ အပြုံးများ ပျောက်ကွယ်သွားခဲ့သည်။ သူသည် ထိုအရိပ်အလင်းဓားကို ပစ်မှတ်တစ်ခုတည်းကိုသာ တိုက်ခိုက်နိုင်သော စွမ်းရည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ ၎င်းက အဝန်းအဝိုင်းလိုက် တိုက်ခိုက်နိုင်သော စွမ်းရည်ဖြစ်နေလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။
“ဟမ့်... မင်း အဝါရောင်ကျောက်တုံးကြံ့ရဲ့ ကာကွယ်ရေးကို ဖောက်ထွက်နိုင်မယ်လို့ ငါမယုံဘူး။”
ဟွမ်ထောင်က နှာခေါင်းရှုံ့လိုက်၏။ လှောင်အိမ်အဖြစ် စုစည်းနေသော အဝါရောင်ကျောက်တုံးများသည် ပုံသဏ္ဌာန် ထပ်မံပြောင်းလဲသွားခဲ့ပြီး ထိုအလင်းဓားများကို ပိတ်ဆို့ရန်အတွက် အဝါရောင်ကျောက်ဒိုင်းအဖြစ်သို့ လျင်မြန်စွာ စုစည်းသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် အဝါရောင်ကျောက်တုံးကြံ့သည်လည်း အနောက်ဘက်မှနေ၍ အရှိန်ပြင်းပြင်းဖြင့် တိုးဝင်လာခဲ့ပြီး ဟုတ်ဟုတ်ကို ၎င်း၏ သခင်အား ထပ်မံတိုက်ခိုက်ခွင့် မရအောင် တားဆီးလိုက်သည်။
ယခုတစ်ကြိမ်တွင်မူ ဟုတ်ဟုတ်က အလင်းဓားများ၏ စွမ်းအားကို တမင်တကာ လျှော့ချထားခဲ့သဖြင့် ၎င်းတို့သည် အဝါရောင်ကျောက်ဒိုင်းကို ထိုးဖောက်နိုင်ခြင်း မရှိခဲ့ဘဲ အနောက်မှ တိုးဝင်လာသော အဝါရောင်ကျောက်တုံးကြံ့၏ မောင်းထုတ်ခြင်းကိုသာ ခံလိုက်ရသည်။
“ကောင်လေး... မင်းမှာ လှည့်ကွက်တွေ ကုန်သွားပြီ မဟုတ်လား။ ငါ့ရဲ့ စွမ်းအားအောက်မှာ သေသာ ပြင်ထားလိုက်တော့။”
အဝါရောင်ကျောက်ဒိုင်း ပျက်စီးမသွားသည်ကို မြင်လိုက်ရသောအခါ ဟွမ်ထောင် စိတ်အေးသွားခဲ့ပြီး သူ၏ မျက်နှာပေါ်တွင် အောင်နိုင်သူတစ်ဦး၏ အပြုံးတစ်ခု ဖြစ်ပေါ်လာခဲ့သည်။
“ဒီတစ်ကြိမ်တော့ သွေးစုန်း ရှုံးတော့မယ့်ပုံပဲ။ အဝါရောင်ကျောက်တုံးကြံ့နဲ့ ပျံဝဲနိုင်တဲ့ မွေးရာပါစွမ်းရည် ပေါင်းစပ်မှုက တကယ့်ကို ဖြေရှင်းရ ခက်ခဲလွန်းတယ်။ အဲဒီငှက်ကလည်း အမှောင်ဓာတ်ဖြစ်နေသေးတယ်။ ဟိုဘက်က သားရဲထိန်းချုပ်သူကိုလည်း သွားပြီး မတိုက်ခိုက်နိုင်ဘူးဆိုတော့ သေမယ့်ရက်ကို ထိုင်စောင့်နေရတော့မှာပဲ။”
“ဟုတ်တယ်။ အဲဒီအတိုင်း ဖြည်းဖြည်းချင်းပဲ သွေးအေးအေးနဲ့ အကြောလျှော့ပြီး တိုက်သွားရင် ရပြီ။ အဝါရောင်ကျောက်တုံးကြံ့ကသာ တစ်ချက်လောက် ထိအောင် တိုက်နိုင်ရင် အဲဒီငှက်ကြီးရဲ့ ခန္ဓာကိုယ်အနေအထားနဲ့ သေချာပေါက် တောင့်ခံနိုင်မှာ မဟုတ်ဘူး။”
ပရိသတ်များက ယခုတစ်ကြိမ်တွင် ကျန်းဟန်အတွက် မျှော်လင့်ချက်မရှိတော့ဟု ခံစားလိုက်ရပြီး သူ အခြေအနေကို ပြောင်းပြန်လှန်ပစ်နိုင်မည့် မည်သည့်မျှော်လင့်ချက်မျိုးကိုမျှ အမှန်တကယ် မမြင်တွေ့ခဲ့ကြချေ။
သို့သော်လည်း ကျန်းဟန်က ဘာမှမပြောဘဲ ဟုတ်ဟုတ်ကို ၎င်း၏ အရှိန်အသာစီးရမှုနှင့် ပျံသန်းမှုစွမ်းရည်များကို အားကိုး၍ ပြိုင်ဘက်ကို နောက်တစ်ကြိမ် ထပ်မံတိုက်ခိုက်ရန် အမိန့်ပေးလိုက်သည်။ သို့သော် အကြိမ်ကြိမ် ကြိုးစားသော်လည်း ပြိုင်ဘက်ကို ဒဏ်ရာရအောင် မလုပ်နိုင်ခဲ့ချေ။
နောက်တစ်ကြိမ်တွင် ဟုတ်ဟုတ်သည် အကွာအဝေးကို ထပ်ခွာလိုက်ပြီး ဟွမ်ထောင်ကို တိုက်ခိုက်လိုက်၏။ အရိပ်အလင်းဓား တစ်ဆယ်စင်း ဆက်တိုက် ပစ်လွှတ်ထွက်ခွာသွားခဲ့သည်။
“ဒီစွမ်းရည်ကို ထပ်သုံးပြန်ပြီလား။ မင်းမှာ တကယ်ပဲ လှည့်ကွက်တွေ ကုန်သွားပြီနဲ့ တူတယ်။”
ဟွမ်ထောင်က ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ကျန်းဟန်၏ မျက်နှာပေါ်မှ ကူကယ်ရာမဲ့နေသည့် ပုံစံကို သူ မြင်တွေ့လိုက်ရ၏။ အဝါရောင်ကျောက်တုံးကြံ့၏ ခံစစ်မှာ မြင့်မားလွန်းလှပြီး ကျန်းဟန်အနေဖြင့် သူ့ကိုသာ နောက်တစ်ကြိမ် လာရောက်တိုက်ခိုက်ရန် ကြိုးစားခြင်းမှတစ်ပါး အခြားရွေးချယ်စရာ မရှိတော့ချေ။
အဝါရောင်ကျောက်ဒိုင်းသည် နောက်တစ်ကြိမ် ပြန်လည်စုစည်းလာခဲ့ပြီး ယခင်ကထက် နှစ်ဆမျှ ပိုမိုထူထဲလာခဲ့သည်။ ဟွမ်ထောင်သည် အလွန်အမင်း သတိကြီးပြီး ကျန်းဟန်ကို မည်သည့်အခွင့်အရေးမျှ မပေးဘဲ သူ၏ မျက်နှာပေါ်တွင် ကျေနပ်ပီတိဖြစ်နေသော အပြုံးဖြင့် ကျန်းဟန်ကို ကြည့်လိုက်သည်။
“မင်း ကိုယ့်အသက်ကိုယ်ပဲ ပိုပြီး စိုးရိမ်လိုက်စမ်းပါ။”
ကျန်းဟန်က လှောင်ပြုံးဖြင့် ပြောလိုက်သည်။ အဝါရောင်ကျောက်ဒိုင်းနားသို့ ရောက်ခါနီးအချိန်မှာပင် မူလက အရိပ်အလင်းဓားများသည် ဟုတ်ဟုတ်၏ ထိန်းချုပ်မှုအောက်တွင် ရုတ်တရက် တစ်တန်းတည်းပုံစံသို့ ပြောင်းလဲသွား၏။ အလင်းဓား ငါးစင်း ကုန်ဆုံးသွားပြီးနောက် လမ်းကြောင်းတစ်ခု ပွင့်သွားခဲ့ပြီး ကျန်ရှိသော အရိပ်အလင်းဓားများသည် အဝါရောင်ကျောက်ဒိုင်းကို လျင်မြန်စွာ ဖြတ်သန်းသွားကာ ဟွမ်ထောင်ကို လျှပ်စီးကဲ့သို့သော အရှိန်ဖြင့် ချက်ချင်းပင် အသက်ပျောက်သွားစေခဲ့တော့သည်။
“မူးးးးး”
အဝါရောင်ကျောက်တုံးကြံ့သည် ဝမ်းနည်းပူဆွေးဖွယ် ဟိန်းဟောက်သံတစ်ချက် ထုတ်လွှတ်လိုက်ပြီး လေထဲမှ တိုက်ရိုက် ပြုတ်ကျလာကာ မြေပြင်ပေါ်တွင် တွင်းကြီးတစ်ခု ဖြစ်သွားသည်အထိ ပြင်းထန်စွာ ဆောင့်မိသွားတော့သည်။
“သေစမ်း... ဒီကောင်လေးက တော်တော်ဉာဏ်များတာပဲ။ သောက်ကျိုးနည်းအောင်ကို ကောက်ကျစ်လွန်းတယ်။”
“အဟုတ်ပဲ။ ပထမတစ်ကြိမ်တုန်းက ပြိုင်ဘက်ကို အထင်မှားသွားအောင် အဝါရောင်ကျောက်ဒိုင်းကို တမင်တကာ မထိုးဖောက်ခဲ့တာပဲ။ ပြီးတော့ ဒုတိယအကြိမ် ထပ်သုံးတဲ့အခါကျတော့ ပြိုင်ဘက်က သေချာပေါက် ဂရုမစိုက်တော့တဲ့အချိန်မှာ သတိမမူမိတဲ့အချက်ကို အမိအရဖမ်းပြီး တိုက်ရိုက် အနိုင်ယူသွားတာပဲ။”
“သိပ်ကို လက်ရဲဇက်ရဲနိုင်လွန်းတယ်။ အဲဒီဟွမ်ထောင်က ဒိုင်းရဲ့ခွန်အားကို ပိုပြီးတောင် ထူထဲအောင် လုပ်ထားတာကိုတောင် ဒီကောက်ကျစ်တဲ့ လှည့်ကွက်ကို မပိတ်ဆို့နိုင်ခဲ့ဘူး။”
ခဏတာ တိတ်ဆိတ်သွားပြီးနောက် ပွဲကြည့်စင်ကြီးတစ်ခုလုံးမှာ လှိုင်းတံပိုးကဲ့သို့ ပြင်းထန်သော ဝေဖန်ဆွေးနွေးသံများဖြင့် နောက်တစ်ကြိမ် ထပ်မံဆူညံပွက်လောရိုက်သွားခဲ့သည်။ ဤလူများသည် ကျန်းဟန်က အလွန်အမင်း လှည့်ပတ်ဉာဏ်များသူဖြစ်ပြီး ရိုးရှင်းစွာပင် ကောက်ကျစ်စဥ်းလဲကာ အရှက်မရှိသူဖြစ်ကြောင်း သဘောပေါက်သွားကြတော့သည်။
တစ်ချိန်တည်းမှာပင် အချို့သော လူကြီးလူကောင်းများနှင့် အမြော်အမြင်ရှိသူအချို့မှာမူ ကျန်းဟန်၏ တိုက်ခိုက်ရေးနည်းစနစ်များကြောင့် စိတ်ဝင်စားသွားခဲ့ကြပြီး ၎င်းတို့၏ မျက်လုံးများသည်လည်း တောက်ပလာခဲ့ကြသည်။ ဤကောင်လေးသည် အထင်ကြီးစရာကောင်းသော တိုက်ခိုက်ရေးစွမ်းရည် ရှိရုံတင်မကဘဲ လူသားတို့၏ သဘာဝ အားနည်းချက်များကို မည်သို့ အသုံးချရမည်ကိုပါ သိရှိထားသည်။ အကယ်၍ ဟာကွက်မရှိလျှင်ပင် သူက တမင်တကာ ဖန်တီးယူတတ်သည်။
“ဒီကောင်လေးကို ငါတို့ သေချာပေါက် ကာကွယ်ရမယ်။”
လင်းရှီက စားပွဲကို ရိုက်ရင်း ပြောလိုက်၏။ ကျန်းဟန်၏ ဤလှည့်ကွက်များသည် အလွန် ထက်မြက်ပြီး လက်တွေ့တွင် တစ်ခုတည်းသော ဖြေရှင်းချက်ဟုပင် ဆိုနိုင်သည်။
“ဒီမြူခိုးမျက်နှာဖုံးကို ဘယ်သူ ထုတ်ပေးခဲ့တာလဲဆိုတာ စစ်ဆေးပေးနိုင်မလား။ ဒီလူရဲ့ နောက်ကြောင်းကို စုံစမ်းပေး။ သူက အလားအလာရှိတဲ့ ပျိုးပင်ကောင်းတစ်ပင်ပဲ။ ငါတို့ သူ့ကို အဓိကထားပြီး ပျိုးထောင်ပေးလို့ရတယ်။”
ကျောက်စိမ်းလှေကားထစ်ပေါ်တွင် ထိုင်နေသော မျက်နှာတွင် အရေးအကြောင်းများဖြင့် ပြည့်နှက်နေသည့် သက်ကြီးရွယ်အိုတစ်ဦးက သူ၏ မုတ်ဆိတ်မွေးကို သပ်ရင်း ပြောလိုက်သည်။
“ဟုတ်ကဲ့ပါ...အကြီးအကဲယောင်။ကျွန်တော် လူတစ်ယောက်ကို ချက်ချင်း စစ်ဆေးခိုင်းလိုက်ပါ့မယ်။”
ပရိသတ်များထဲတွင်လည်း လူအများအပြားမှာ ကျန်းဟန်၏ တမူထူးခြားဆန်းကြယ်သော တိုက်ခိုက်ရေးနည်းစနစ်များကြောင့် အံ့ဩတုန်လှုပ်သွားခဲ့ကြရပြီး ဤကဲ့သို့သော တိုက်ပွဲဝင်ပုံစံမျိုးကို ပထမဆုံးအကြိမ် မြင်တွေ့ဖူးခြင်း ဖြစ်နေသည့်အလား ဖြစ်နေခဲ့ကြသည်။
သို့သော်လည်း ကျန်းဟန်၏ တိုက်ပွဲက မပြီးဆုံးသေးချေ။ ခဏမျှ အနားယူပြီးနောက် အခြားလူတစ်ဦး ကွင်းထဲသို့ ထပ်မံဝင်ရောက်လာခဲ့သည်။ သူတို့ စတင်သည်နှင့်တစ်ပြိုင်နက် ကျန်းဟန်သည် သူ၏ မဆင်မခြင် တိုက်ခိုက်တတ်သော နည်းဗျူဟာကို ထပ်မံအသုံးပြုခဲ့ပြီး လက်တွေ့တိုက်ပွဲတွင် နောက်တစ်ကြိမ် ထပ်မံအနိုင်ရရှိခဲ့သည်။
ဤကဲ့သို့ဖြင့် သူသည် ငါးပွဲဆက်တိုက် အနိုင်ရရှိခဲ့၏။ ယခုအချိန်တွင် ကျန်းဟန်သည် အလွန်အမင်း အားနည်းနေသည့် ပုံစံပေါက်နေပြီး ဟုတ်ဟုတ်၏ ဝိညာဉ်စွမ်းအားမှာလည်း ကုန်ဆုံးလုနီးပါး ဖြစ်နေပုံရသည်။
ထိုအခိုက်အတန့်တွင် သန်မာသော ပြိုင်ဘက်တစ်ဦး ရောက်ရှိလာခဲ့သည်။ ၎င်း၏ သားရဲမှာ ရွှေရောင်အကြေးခွံ ကင်းလိပ်ချောဖြစ်ပြီး ကြီးမားသော စက်ဝိုင်းပုံစံ ပါးစပ်ပေါက် ရှိသည်။ ၎င်း၏ တိုက်ခိုက်မှုများသည် အလွန် လျင်မြန်ပြင်းထန်ပြီး ရွှေရောင်တောက်ပသောဓား ၏ သက်ရောက်မှု ပါဝင်သဖြင့် ဟုတ်ဟုတ်ကို အလွန်ပင် ဒုက္ခရောက်စေခဲ့သည်။
အရေးကြီးဆုံးအချက်မှာ ဤသားရဲထိန်းချုပ်သူတွင် သတ္တုဒြပ်စင် မြှင့်တင်ခြင်းစွမ်းရည် ရှိနေသဖြင့် ရွှေရောင်တောက်ပသောဓား၏ စွမ်းအားကို နှစ်ဆအထိ ပိုမိုပြင်းထန်စေသည်။
နောက်ဆုံးတွင် ကျန်းဟန်သည် ဟုတ်ဟုတ်၏ သွေးအမျိုးအစား စွမ်းရည်ကို ထုတ်ဖော်လိုက်ရတော့သည်။ သူသည် အဝေးမှနေ၍ သွေးပြောင်းပြန်လှန်ခြင်းကို တိုက်ရိုက်လုပ်ဆောင်လိုက်ရာ ပြိုင်ဘက် သားရဲထိန်းချုပ်သူ၏ သွေးစီးဆင်းမှုကို ပြောင်းပြန်ဖြစ်သွားစေခဲ့သဖြင့် ၎င်းကို ပြင်းထန်စွာ ဒဏ်ရာရရှိသွားစေခဲ့ပြီး ၎င်း၏ မွေးရာပါစွမ်းရည်ကို ဆက်လက်မထိန်းသိမ်းနိုင်တော့ချေ။
၎င်းနှင့်အတူ ဟုတ်ဟုတ်သည် နောက်ဆုံးတွင် အနိုင်ရရှိသွားခဲ့သော်လည်း ပြိုင်ဘက်ကို မသတ်ဖြတ်ခဲ့ဘဲ ပြိုင်ဘက်က ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။ ကျန်းဟန်ကလည်း လိုက်လံဖမ်းဆီးရန် စိတ်မပါခဲ့ချေ။
ဟုတ်ဟုတ် ဒဏ်ရာရသွားသည်ကို မြင်လိုက်ရသဖြင့် အခြားလူတစ်ဦးက စိတ်မရှည်စွာဖြင့် ကွင်းထဲသို့ အပြေးအလွှား တက်လာခဲ့ပြန်သည်။ အဆုံးတွင် ကျန်းဟန်သည် လူဆယ်ဦး၏ လုယက်မှုပစ္စည်းများကို စုဆောင်းထားပြီးဖြစ်သည့်အပြင် တိုက်ခိုက်ရေးကွင်း၏ ဆက်တိုက်အနိုင်ရရှိမှု ဆုလာဘ်များနှင့် အခြားသားရဲများ၏ အလောင်းများကိုပါ ပေါင်းစပ်လိုက်ပါက စုစုပေါင်းတန်ဖိုးမှာ ခုနစ်သိန်းခန့် ရှိနေပြီ ဖြစ်သည်။ လူအများအပြားက ဤအရာများကို မက်မောနေကြခြင်း ဖြစ်သည်။
ထို့နောက်မှသာ သူတို့သည် ကျန်းဟန်၏ အခြေအနေမှာ သူတို့ စိတ်ကူးထားသည်ထက် များစွာ ပိုမိုကောင်းမွန်နေကြောင်း ရှာဖွေတွေ့ရှိသွားကြတော့သည်။ အမှန်တကယ်တော့ ဤအရာအားလုံးမှာ ကျန်းဟန်၏ ဟန်ဆောင်မှုမျှသာ ဖြစ်ပြီး သူသည် မည်သည့်ဒဏ်ရာကိုမျှ ပြင်းထန်စွာ မခံစားခဲ့ရချေ။
ဟုတ်ဟုတ်ပင်လျှင် သွေးရောင်ဒုဓလီပန်း သို့မဟုတ် သွေးနတ်ဆိုးစွမ်းရည်ကိုပင် မထုတ်သုံးရသေးချေ။ ဝိညာဉ်စွမ်းအား သန့်စင်မှုတစ်ခုကို ပြီးမြောက်အောင်မြင်ထားပြီး သွေးရောင်ဒုဓလီကို လေ့လာထားပြီးဖြစ်၍ ၎င်းအနေဖြင့် ခေါင်းဆောင်အဆင့်တွင် ပြိုင်ဘက်ရှာရန် ခက်ခဲနေပြီ ဖြစ်သည်။
အကယ်၍ သူသာ ဟန်မဆောင်ခဲ့ပါက ငါးပွဲ သို့မဟုတ် ခြောက်ပွဲအပြီးတွင် မည်သူမျှ ကွင်းထဲသို့ တက်ရဲကြတော့မည် မဟုတ်ချေ။ မတတ်နိုင်ပါချေ။ ကျန်းဟန်အနေဖြင့်လည်း ပိုက်ဆံရှာရဦးမည် မဟုတ်ပါလော။