အခန်း ၁၆၂
Vol. 17 Ch. 162
အခန်း ၁၆၂
ကျန်းဟန်၏ ခြေရင်းတွင် နောက်ထပ် လူခြောက်ယောက် လဲကျသွားခဲ့ပြီး ဖြစ်ကာ ဤနေရာတွင် စုပုံနေသော ဆုကြေးငွေမှာလည်း တစ်သန်းကျော်သွားခဲ့ပြီ ဖြစ်သည်။
ထို့အပြင် ယခုအချိန်တွင် ကျန်းဟန်သည် ပို၍ပင် ပြင်းထန်စွာ ဒဏ်ရာရနေပုံပေါ်ပြီး ဟုတ်ဟုတ်မှာလည်း သွေးစိမ့်ထွက်နေခဲ့သည်။
“သေစမ်း... ဒီကောင် တကယ် အားကုန်သွားတာလား။ ဒါမှမဟုတ် ဟန်ဆောင်နေတာလား။”
ပွဲကြည့်စင်ပေါ်မှ လူများမှာ ဆွံ့အနေကြပြီဖြစ်သည်။
“ဒီကောင် သေချာပေါက် ဟန်ဆောင်နေတာပဲ။ သူက သားကောင်တစ်ကောင် အစာလာဟပ်မယ့်အချိန်ကိုပဲ စောင့်နေတာ။ တောက်... လူတစ်ဒါဇင်ကျော်တောင် သေသွားပြီ။ သူကတော့ ပြင်းပြင်းထန်ထန် ဒဏ်ရာရနေတုန်းပဲ။ သူ ဘာလို့ အခုထိ လဲမကျသေးတာလဲ။”
“အတိအကျပဲ။ ဒီကောင်လေးက သေချာပေါက် သူ့ရဲ့ ခွန်အားအစစ်အမှန်ကို ဖုံးကွယ်ထားတုန်းပဲ။”
ပရိသတ်များသည် ယခုအချိန်တွင် ကျန်းဟန်ကို လုံးဝမယုံကြည်ကြတော့ချေ။ သူက သရုပ်ဆောင်လွန်းလှ၏။
“ဟမ့် မင်း တကယ်ပဲ အားကုန်သွားတာလားဆိုတာ ငါ ကြည့်ရသေးတာပေါ့။”
မကြာမီမှာပင် တစ်စုံတစ်ယောက် စင်မြင့်ပေါ်သို့ ထပ်မံတက်လာခဲ့ပြန်သည်။ ကျန်းဟန်က ဟန်ဆောင်နေခြင်း ဖြစ်နိုင်သော်လည်း တကယ် အားကုန်နေခဲ့ရင်ကော။
ဆုကြေးငွေမှာ တစ်သန်းကျော်အထိ စုပုံနေပြီဖြစ်သည်။ စည်းစိမ်ဥစ္စာက လူ့စိတ်ကို လှုပ်ခတ်စေနိုင်သဖြင့် စွန့်စားချင်ကြသူများ အမြဲတမ်း ရှိနေတတ်ကြသည်။
ယခုတစ်ကြိမ် တက်လာသူ၏ အမည်မှာ ကျောက်ယန်ဖြစ်သည်။ သူ၏ သားရဲမှာ တိုင်ရန်နိုဆောရပ်စ် ရက်စ် (Tyrannosaurus Rex) အသေးစားလေးနှင့် တူသော ဗယ်လိုစီရပ်ပတာ (Velociraptor) တစ်ကောင် ဖြစ်ပြီး အနောက်တိုင်း နဂါးသွေးမျိုးဆက် အနည်းငယ် ပါရှိသော်လည်း နဂါးအဖြစ် မည်သည့်အခါမျှ အသွင်မပြောင်းလဲနိုင်သော အမျိုးအစားမျိုး ဖြစ်သည်။
ဤဗယ်လိုစီရပ်ပတာမှာ မီးအမျိုးအစားဖြစ်ပြီး ကျောက်ယန်၏ ပါရမီမှာ မီးတောက်များ သောင်းကျန်းခြင်းဖြစ်ရာ မီးတောက်များ၏ စွမ်းအားကို အလွန်ပင် ကြီးမားစေသည်။ တိုက်ခိုက်မှု အနည်းငယ်အကြာတွင် ဟုတ်ဟုတ်မှာ ဆက်၍မတောင့်ခံနိုင်တော့ပေ။
“မျှော်လင့်ထားတဲ့အတိုင်းပဲ...သူ အားကုန်နေပြီ။ ဟမ့်... ငါ့ကို လှည့်စားဖို့ ကြိုးစားနေတာပဲ။”
ကျောက်ယန်က လှောင်ပြုံး ပြုံးလိုက်၏။ ကျန်းဟန်သည် သူ၏ ဗယ်လိုစီရပ်ပတာကို ဘာမှမလုပ်နိုင်တော့ကြောင်း သူ တွက်ချက်ထားပြီးသား ဖြစ်သည်။ သေချာပေါက်ပင်...ပြင်းထန်သော မီးတောက်များ၏ ထိုးစစ်အောက်တွင် ထိုငှက်ဖြူကြီးမှာ ထွက်ပြေးရုံမှတစ်ပါး အခြားမရှိတော့ပေ။
“မင်း ဝမ်းသာတာ စောလွန်းနေပြီ။”
ကျန်းဟန်၏ နှုတ်ခမ်းထောင့်၌ အဓိပ္ပာယ်ပါသော အပြုံးတစ်ခု ဖြစ်ပေါ်လာ၏။ နောက်အခိုက်အတန့်တွင် ဟုတ်ဟုတ်သည် သွေးအရိပ် ဆယ်ခုကို ထုတ်လွှတ်လိုက်တော့သည်။ အချို့က ကျောက်ယန်ထံသို့လည်းကောင်း၊ အချို့က ဗယ်လိုစီရပ်ပတာထံသို့လည်းကောင်း ပျံသန်းသွားကြသည်။
“ဟမ့်... ဒီလှည့်ကွက်ကို ထပ်သုံးတာလား။ ငါ့ကို အရင်က ငတုံးတွေလို ထင်နေတာလား။”
ကျောက်ယန်က မထီမဲ့မြင်ပြုသော လေသံဖြင့် နှာခေါင်းရှုံ့လိုက်၏။
ချက်ချင်းဆိုသလိုပင် ဗယ်လိုစီရပ်ပတာသည် မီးလျှံမှုတ်ထုတ်ခြင်းကို အသုံးပြုကာ သွေးအရိပ်အားလုံးကို မီးတောက်ထဲတွင် လွှမ်းခြုံပစ်လိုက်သည်။ မီးတောက်များ၏ ဝန်းရံခြင်း ခံလိုက်ရပြီးနောက် သွေးအရိပ်များသည် ဆက်တိုက်ဆိုသလို ကျုံ့ဝင်ကာ အားနည်းသွားပြီး နောက်ဆုံးတွင် ပုံရိပ်ယောင်ငါးခုသာ ဗယ်လိုစီရပ်ပတာ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်သွားခဲ့သည်။
“မင်း သေနေ့စေ့ပြီ။ အရိပ်အလင်းဓား....။”
နောက်တစ်ခဏ၌ ဟုတ်ဟုတ်သည် ကျောက်ယန်ကို ပစ်မှတ်ထားကာ အရိပ်အလင်းဓားကို ထပ်မံအသုံးပြုလိုက်ပြီး ၎င်းကိုယ်တိုင်လည်း ကျောက်ယန်ထံသို့ ပြေးဝင်သွားခဲ့သည်။
“ကိုယ့်ကိုယ်ကိုယ် အထင်ကြီးလွန်းနေတာပဲ။ ဗယ်လိုစီရပ်ပတာ...အဲကောင်ကို သတ်ပစ်စမ်း။”
ကျောက်ယန်၏ အသံမဆုံးသေးမီမှာပင် ဗယ်လိုစီရပ်ပတာသည် ရုတ်တရက် အသံနက်ကြီးဖြင့် အော်ဟစ်လိုက်၏။ ၎င်း၏ မီးတောက်ကဲ့သို့ နီရဲနေသော အရေပြားအောက်တွင် လောက်ကောင်များ တွန့်လိမ်လှုပ်ရှားနေသကဲ့သို့ မြင်တွေ့နေရသည်။ ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံးမှ မီးလျှံများစွာ ပေါက်ကွဲထွက်လာပြီး ကျောက်ယန်ကို ကယ်တင်ရန်အတွက် ပါးစပ်ကိုဟကာ မီးများ မှုတ်ထုတ်လိုက်တော့သည်။
ကျောက်ယန်သည် သူ၏သားရဲ အဆိပ်သင့်သွားသဖြင့် အရေးပေါ် ကုသမှုလိုအပ်နေပြီဖြစ်ကြောင်း သိလိုက်သော်လည်း သူ၏ အခြားသားရဲတစ်ကောင်မှာ ပွဲမစတင်မီကတည်းက ကွင်းပြင်ပတွင် အစောင့်အရှောက်ဖြင့် ထားရှိခဲ့ခြင်းဖြစ်၍ ယခုအချိန်တွင် ကွင်းထဲသို့ ခေါ်ဆောင်လာ၍ မရနိုင်တော့ပေ။
နောက်ဆုံးတွင် ဗယ်လိုစီရပ်ပတာသည် မီးလျှံမှုတ်ထုတ်ခြင်းဖြင့် ကျောက်ယန်ကို ကယ်တင်နိုင်ခဲ့သော်လည်း နောက်အခိုက်တွင်မူ ၎င်း၏ အရေပြားကို သွေးရောင်စုံ ပန်းပွင့်များက ဖောက်ထွက်လာခဲ့သည်။ စက္ကန့်ပိုင်းအတွင်းမှာပင် ဗယ်လိုစီရပ်ပတာ၏ ကြီးမားသော ခန္ဓာကိုယ်တစ်ခုလုံးမှာ သွေးရောင်ဒုဓလီပန်းများဖြင့် ဖုံးလွှမ်းသွားတော့သည်။
ဝုန်းခနဲ အသံနှင့်အတူ ဗယ်လိုစီရပ်ပတာသည် လဲကျကာ လုံးဝသေဆုံးသွားခဲ့ပြီး ခဏချင်းအတွင်းမှာပင် အရိုးစုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။ သွေးရောင်ဒုဓလီပန်းများသည်လည်း ဖျော်ဖြေရေးကွင်းတစ်ခုလုံးသို့ လွင့်ပျံသွားခဲ့သည်။
တစ်ချိန်တည်းမှာပင် ကျောက်ယန်လည်း သေဆုံးသွားခဲ့သည်။ သူသည် ဟုတ်ဟုတ်၏ ခြေသည်းတစ်ခုဖြင့် နင်းခြေခြင်းကို ခံလိုက်ရခြင်းဖြစ်သည်။
“ဒါ ဘာစွမ်းရည်လဲ။ ကြောက်စရာကောင်းလိုက်တာ။”
ပွဲကြည့်စင်ပေါ်ရှိ လူအများအပြားမှာ အံ့ဩတုန်လှုပ်စွာဖြင့် အသက်ရှူမှားသွားကြ၏။ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံထားသော သွေးရောင်ဒုဓလီပန်းများက သူတို့ကို မကြုံစဖူး ဖိအားတစ်ခုကို ပေးစွမ်းနေပြီး ဤကြောက်မက်ဖွယ်ကောင်းသော စွမ်းရည်ကြောင့် သူတို့မှာ ကြောက်လန့်တကြားဖြစ်သွားကြတော့သည်။
“ကောင်းကင်ဘုံ...ဒီကောင်မှာ ဒီလိုမျိုး လှည့်ကွက်သစ်တွေ ဘယ်လောက်တောင် ကျန်နေသေးတာလဲ။”
“သူက ငါတို့ကို မျှားခေါ်နေတာ... သေချာပေါက် မျှားခေါ်နေတာပဲ။”
“တောက်... ဒီကောင်လေးက အစကတည်းက အားနည်းသလို ဟန်ဆောင်ပြီး ရည်ရွယ်ချက်ရှိရှိ လုပ်နေတာပဲ။ သူ့သားရဲက အရမ်းတော်လွန်းတယ်။ ဘယ်သူမှ သူ့ကို အနိုင်မယူနိုင်ဘူး။”
ပွဲကြည့်စင်သည် ရှုပ်ထွေးသွားပြီး ကျန်းဟန်၏ ခွန်အားအပေါ် ယခင်ကထက် ပိုမိုသံသယဝင်လာကြတော့သည်။
ယခုအချိန်တွင် ကျန်းဟန်မှာ နားနေဆဲဖြစ်ပြီး အရင်ကထက်ပင် ပိုမို၍ ပင်ပန်းနွမ်းနယ်နေဟန်ဖြင့် မကြာမီ ရှုံးနိမ့်တော့မည့်သူကဲ့သို့ ဖြစ်နေသည်။
ဆယ်မိနစ် ကြာသွား၏။ ကျန်းဟန်မှာ နှစ်ကြိမ်တိုင်တိုင် ရုန်းကန်ပြပြီးနောက် ယိုင်နဲ့နဲ့ဖြင့် ထရပ်လိုက်ရာ သူ၏မျက်လုံးများ၌ အားနည်းနေဟန် အရိပ်အယောင်များ ထွက်ပေါ်နေခဲ့သည်။
“နောက်ထပ် စိန်ခေါ်မယ့်သူကို ကြိုဆိုလိုက်ကြရအောင်။”
အစီအစဉ်တင်ဆက်သူသည် ကျန်းဟန်ကို ကြည့်ကာ နှုတ်ခမ်းများ တွန့်လိမ်သွား၏။ သူစိတ်ထဲတွင်တော့ ‘ဒီကောင် သရုပ်ဆောင်တာ သိပ်တော်တာပဲ’ ဟု တွေးနေမိသည်။
“ကျွန်တော် အရှုံးပေးတယ်။ ကျွန်တော် အရှုံးပေးတယ်။”
“ကျွန်တော်လည်း အရှုံးပေးတယ်။”
ခဏချင်းအတွင်းမှာပင် စာရင်းပေးသွင်းထားသူများအားလုံး အရှုံးပေးသွားခဲ့ကြသည်။ ကျန်းဟန် နောက်ဆုံးအသက်ရှူသံတစ်ချက်သာ ကျန်တော့သည့်တိုင် သူတို့ ထပ်မံတက်မသွားတော့ရန် ဆုံးဖြတ်လိုက်ကြ၏။ သည်ကောင်လေးက တကယ်ကို ထူးဆန်းလွန်းလှသည်။
“ပရိသတ်ထဲမှာ စိန်ခေါ်ချင်သူ ရှိသေးလား။ ဆုကြေးငွေ စုစုပေါင်းတန်ဖိုးက ၁.၂ သန်းအထိ ရောက်ရှိသွားပါပြီ။ သွေးစုန်းက တကယ့်ကို အားကုန်နေပါပြီ။ စမ်းသပ်ကြည့်ဖို့ သတ္တိရှိတဲ့ သူရဲကောင်း မရှိတော့ဘူးလား။”
အစီအစဉ်တင်ဆက်သူက ထပ်မံမေးမြန်းလိုက်သော်လည်း ပွဲကြည့်စင်မှာ တိတ်ဆိတ်နေ၏။ လူတိုင်းက ‘ငါတို့ကို အရူးတွေလို့ ထင်နေတာလား’ ဟု ပြောနေသည့်အလား မျက်လုံးများသာ လှိမ့်ပြလိုက်ကြသည်။
ဒီကောင်လေး အားကုန်နေတာ ဘယ်လောက်ကြာသွားပြီလဲ။ ဒါပေမဲ့ သူက အခုထိ ရပ်တည်နေတုန်းပဲ။ အမြတ်ထုတ်လို့ရမယ် ထင်ပြီး တက်သွားတဲ့ကောင်တွေရဲ့ အလောင်းတောင် အေးစက်သွားပြီ။ ငါတို့ ထပ်ပြီး အလှည့်စားမခံတော့ဘူးကွ။
ရတနာတွေက ကောင်းတယ်။ ပိုက်ဆံတွေကလည်း ပေါတယ်။ ဒါပေမဲ့ ဒါတွေကို ယူဖို့ ကိုယ့်အသက် ရှိနေဖို့လည်း လိုသေးတယ်။
ငွေရှုံးသွားသူများပင် မဝင်ရဲကြတော့ပေ။ ထိုသူမှာ အလွန်ရက်စက်လွန်းလှသည်။ အထူးသဖြင့် ထိုသူသည် သူ့၏ ပါရမီစွမ်းရည်ကိုပင် မသုံးရသေးကြောင်း လူအများ သတိထားမိလိုက်ကြသဖြင့် ဒီကောင်လေးမှာ ဟန်ဆောင်နေခြင်းသာဖြစ်ကြောင်း သူတို့အားလုံး ခံစားလိုက်ရသည်။
“နောက်ထပ် သုံးနာရီအတွင်း ဘယ်သူမှ စိန်မခေါ်တော့ဘူးဆိုရင် သွေးစုန်းရဲ့ သေခြင်းရှင်ခြင်းတိုက်ပွဲကို အောင်မြင်စွာ ပြီးဆုံးတယ်လို့ သတ်မှတ်မှာဖြစ်ပြီး သူဟာ ကျွန်တော်တို့ သတ်ဖြတ်ခြင်းဖျော်ဖြေရေးကွင်းရဲ့ သမိုင်းမှာ အသေခံတိုက်ပွဲကို အောင်မြင်စွာ ပြီးဆုံးတဲ့ ပဉ္စမမြောက် သူရဲကောင်း ဖြစ်လာပါလိမ့်မယ်။”
အများပြည်သူ ကြေညာချက်ကာလ စတင်သည်နှင့် လူများမှာ တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ မည်သူမျှ စိန်ခေါ်ရန် မရောက်လာကြတော့ပေ။
ကျန်းဟန်မှာမူ သတ်ဖြတ်ခြင်းဖျော်ဖြေရေးကွင်း၏ အလယ်ဗဟိုတွင် ထိုင်နေခဲ့သည်။ ဤအခြေအနေကို မြင်သောအခါ သူသည် သွေးတစ်လုပ် ထွေးထုတ်လိုက်ပြီး အရှုံးပေးသွားသူများကို ကြည့်ကာ ပြောလိုက်၏။
“ကျုပ်အသက်ကို ချမ်းသာပေးကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။”
“သောက်ကျိုးနည်း... မြန်မြန်ထွက်သွားကြဟေ့။ ဒီကောင် ငါတို့ကို ထပ်ပြီးတော့ လှည့်စားဖို့ ကြိုးစားနေတာပဲ။”
ထိုသို့ပြောပြီးနောက် လူများမှာ ထရပ်ကာ ထွက်ပြေးသွားကြတော့သည်။
နာရီဝက် ကြာပြီးနောက် သတ်ဖြတ်ခြင်းဖျော်ဖြေရေးကွင်းသည် အရင်ကထက်ပင် ပိုမိုဆိတ်သုဉ်းသွားသော်လည်း သွေးစုန်းဟု လူသိများသော ထိုရက်စက်သည့်လူအကြောင်း သတင်းစကားများမှာမူ ပျံ့နှံ့သွားခဲ့ပြီဖြစ်သည်။ မှောင်ခိုဈေးကွက်မှ လူများစွာမှာ ကျန်းဟန်၏ နောက်ကြောင်းကို စုံစမ်းနေကြပြီး သတင်းအချက်အလက်အချို့ ရယူလိုကြသည်။
သို့သော် သူတို့ အချည်းနှီးသာ ဖြစ်ခဲ့ရ၏။ ကျန်းဟန်သည် အစွန်းအစတစ်ခုမျှ ချန်မထားခဲ့ပေ။ သူ၏ နာမည်မှာ အတုဖြစ်ရုံသာမက သူ၏ ရုပ်ရည်နှင့် အသံမှာလည်း အတုဖြစ်သည်။ သူ၏ သားရဲ၏ ပုံပန်းသဏ္ဌာန်မှာပင် အတုဖြစ်သည်။
စိန်ခေါ်သူ မရှိတော့သဖြင့် ကျန်းဟန်မှာ စိတ်တည်ငြိမ် အနေအထားဖြင့်သာ ထိုင်နေလိုက်သည်။ ဟုတ်ဟုတ်မှာလည်း အနီးတွင် ပြန်လည်ကုသနေ၏။ ၎င်းမှာ ဝိညာဉ်စွမ်းအားကို ပြန်လည်ဖြည့်တင်းရန် ဆေးဝါးများကို ဆက်တိုက်စားသုံးခဲ့ရသဖြင့် ၎င်း၏ သားရဲအမြုတေမှာလည်း အတော်လေး ထိခိုက်နေခဲ့လေသည်။
ပထမတစ်နာရီအတွင်း မည်သူမျှ မစိန်ခေါ်သရွေ့ နောက်ပိုင်းတွင်လည်း မည်သူမျှ ရှိတော့မည်မဟုတ်ပေ။ အကြောင်းမှာ ထိုအချိန်တွင် ကျန်းဟန်မှာ ပြန်လည်ကောင်းမွန်လာပြီဖြစ်ပြီး သူ့ကို တိုက်ခိုက်ရမည့် ကုန်ကျစရိတ်မှာ အလွန်များပြားလွန်းမည် ဖြစ်သောကြောင့်ပင်။
အများပြည်သူ ကြေညာချက်ကာလ မကုန်ဆုံးမီ တစ်နာရီခန့် အလိုတွင် ကျန်းဟန်ကို စုဆောင်းရန် လူများ တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာကြသည်။
“သွေးစုန်း ကျုပ် လင်းမိသားစုကို ကိုယ်စားပြုပြီး ခင်ဗျားကို စုဆောင်းချင်ပါတယ်။ လင်းမိသားစုနောက်ကို လိုက်မယ်ဆိုရင် ကျုပ်တို့က ခင်ဗျားရဲ့ ကျင့်ကြံခြင်း အရင်းအမြစ်တွေကို အာမခံပေးရုံတင်မကဘူး တိုင်ပင်ဆွေးနွေးနိုင်တဲ့ မွေးမြူရေးပညာရှင်တွေလည်း ရရှိလိမ့်မယ်။ ပြီးတော့ ခင်ဗျားရဲ့ နာမည်ပျက်ကို ဖယ်ရှားပေးပြီး လူ့အဖွဲ့အစည်းထဲကို ပြန်ဝင်နိုင်အောင်လည်း နည်းလမ်းရှာပေးမယ်။”
ကျန်းဟန်ကို လာရောက်စုဆောင်းသူမှာ လင်းမိသားစုကို ကိုယ်စားပြုသည့် မန်နေဂျာ ဖုန်းချီဖြစ်သည်။
“မင်း ငါတို့ ချူး မိသားစုကိုလည်း စဉ်းစားကြည့်လို့ရတယ်။ ငါတို့က ကန်မြို့မှာ အကြီးဆုံး မိသားစုပဲ။ ချူးမိသားစုက အရည်အချင်းကို အရာအားလုံးထက် တန်ဖိုးထားတယ်။ မင်းရဲ့ ကျွမ်းကျင်မှုတွေနဲ့ဆိုရင် ဒီမှာ အရမ်းကောင်းကောင်း ဖွံ့ဖြိုးတိုးတက်နိုင်ပါတယ်။ အချိန်တန်ရင် လူကြီးလူကောင်းတစ်ယောက် ဖြစ်လာဖို့ဆိုတာ မဖြစ်နိုင်တာ မဟုတ်ဘူး။”
“ငါတို့ ဟန်မိသားစုက ပြည်နယ်မြို့တော်က အဓိကမိသားစုဖြစ်တဲ့ ချင်းမိသားစုနဲ့ ဆက်သွယ်မှုရှိတယ်။ ငါတို့ သားရဲသုတေသနဌာန အတော်များများနဲ့လည်း ပူးပေါင်းဆောင်ရွက်နေတယ်။ ဒီမှာဆိုရင် မင်းရဲ့ သားရဲတွေရဲ့ ကြီးထွားမှု ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်။”
ကန်မြို့ရှိ အဓိကမိသားစုကြီး သုံးခုစလုံးသည် ကျန်းဟန်ထံသို့ စုဆောင်းရေး ကမ်းလှမ်းချက်များကို ထုတ်ပြန်လိုက်ကြ၏။ ထို့အပြင် ကျန်းဟန်ကို စုဆောင်းလို၍ နောက်မှ ချောင်းကြည့်နေသော အခြားသူများလည်း ရှိနေသေးသည်။
ဤတိုက်ပွဲတွင် ကျန်းဟန်သည် သူ၏ အံ့အားသင့်ဖွယ် တိုက်ခိုက်နိုင်စွမ်းဖြင့် လူတိုင်း၏ လေးစားမှုနှင့် အသိအမှတ်ပြုမှုကို ရရှိသွားခဲ့ပြီဖြစ်သည်။