အခန်း ၁၆၃
Vol. 17 Ch. 163
အခန်း ၁၆၃
“ဖူး...။”
ကျန်းဟန်သည် သွေးတစ်လုပ် ထွေးထုတ်လိုက်ပြီး ဖြူဖျော့နေသော မျက်နှာဖြင့် သူ့ကို လာရောက်စုဆောင်းသည့် လူအချို့ကို ကြည့်ကာ ပြောလိုက်သည်။
“ကျုပ် တကယ် စိတ်မကောင်းပါဘူး။ ကျုပ်ရဲ့ ဒဏ်ရာက အရမ်းပြင်းထန်လွန်းတယ်။ ခင်ဗျားတို့ရဲ့ ဖိတ်ခေါ်မှုတွေအတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျုပ်ကို စဉ်းစားဖို့ အချိန်နည်းနည်းလောက် ပေးပါ။”
“...”
ကျန်းဟန်ကို စုဆောင်းရန် ရောက်နေကြသူများမှာ ချက်ချင်းပင် ဆွံ့အသွားကြတော့သည်။
‘မင်းက ဒီလိုအချိန်မျိုးမှာတောင် သရုပ်ဆောင်နေတုန်းပဲလားကွ။’
သို့သော်လည်း သူတို့အားလုံး ဘာမှမတတ်နိုင်ကြချေ။ ကျန်းဟန်သည် စုဆောင်းရန် အလွန်ထိုက်တန်သူ ဖြစ်ပြီး အကယ်၍ ယခုအချိန်တွင် သူ့ကို စိတ်ဆိုးအောင်လုပ်မိပါက အခြားမိသားစုများကို အခွင့်ကောင်းပေးလိုက်သလို ဖြစ်သွားပေလိမ့်မည်။
ပုံမှန်အားဖြင့် စိုးမိုးဗိုလ်ကျတတ်သော ချူးမိသားစုပင်လျှင် မည်သည့် အတင်းအကြပ် လုပ်ဆောင်မှုမျိုးကိုမျှ မလုပ်ရဲဘဲ ကျန်းဟန်၏ စိန်ခေါ်မှုပြီးဆုံးမည့်အချိန်ကို စောင့်ဆိုင်းရင်း ယာယီ ထွက်ခွာသွားရုံသာ တတ်နိုင်ခဲ့ကြသည်။
ဒါကလည်း ကျန်းဟန်၏ လိမ္မာပါးနပ်မှုပင် ဖြစ်သည်။ အမှန်စင်စစ် သူသည် မည်သည့်မိသားစုထံသို့မျှ မသွားချင်သော်လည်း ယခုအချိန်တွင် တိုက်ရိုက်ငြင်းပယ်၍မရသလို တစ်ခုခုကို ချက်ချင်းရွေးချယ်၍လည်း မဖြစ်သေးပေ။
သူသည် ထိုမိသားစုအားလုံးကို သူတို့တွင် အခွင့်အရေးရှိသည်ဟု ခံစားရအောင်သာ လုပ်နိုင်ပြီး သူ အမှန်တကယ် စဉ်းစားနေသည်ဟု ယုံကြည်စေကာ စိန်ခေါ်မှုကို အောင်မြင်စွာ ပြီးဆုံးအောင် လုပ်ဆောင်ရမည်ဖြစ်သည်။
အကယ်၍ သူ ဇွတ်တရွတ်လုပ်မိပါက ထိုလူများသည် သူ့ကို တိုက်ရိုက်မသတ်နိုင်သည့်တိုင် သူ့ကို စိန်ခေါ်ရန် လူများကို ဆက်တိုက်လွှတ်နေနိုင်သေးသည်။ အကယ်၍ သူတို့က သူ့ကို စိန်ခေါ်မှု မပြီးဆုံးအောင် တားဆီးထားပါက သူသည် ဤဖျော်ဖြေရေးကွင်းတွင် ဆက်ရှိနေရမည်ဖြစ်ပြီး ယင်းက အချိန်များစွာ ဖြုန်းတီးရာရောက်မည့်အပြင် မမျှော်မှန်းနိုင်သော အန္တရာယ်များကိုပင် ဖြစ်ပေါ်စေနိုင်သည်။
သူ၏ ဝှက်ဖဲအားလုံး ပေါ်သွားပါက ဟုဟုတ်ဟုတ်ကို အနိုင်ယူရန် မဖြစ်နိုင်သည်တော့ မဟုတ်ပေ။ ၎င်းကို အထိရောက်ဆုံး တန်ပြန်တိုက်ခိုက်နိုင်သည့် သားရဲအချို့ ရှိနေသေးသည်။
နောက်ဆုံးအချိန်ပိုင်းလေး ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။
မန်နေဂျာ ဖုန်းချီသည် ဖျော်ဖြေရေးကွင်း၏ အလယ်ဗဟိုသို့ ရောက်ရှိလာခဲ့သည်။ သူက ရွှေရောင်အမည်ကတ်ပြားတစ်ခုကို ကျန်းဟန်ထံသို့ အပြုံးတစ်ခုဖြင့် ကမ်းပေးလိုက်၏။
“ဂုဏ်ယူပါတယ် မစ္စတာ သွေးစုန်း။ မင်းက ငါတို့ ဖျော်ဖြေရေးကွင်းရဲ့ သမိုင်းမှာ အသေခံတိုက်ပွဲကို ပြီးဆုံးအောင် တိုက်ခိုက်နိုင်ခဲ့တဲ့ ပဉ္စမမြောက် သူရဲကောင်း ဖြစ်လာပါပြီ။ ဒါက မင်းနဲ့ ထိုက်တန်တဲ့ တံဆိပ်ပါ။”
ကျန်းဟန်သည် ရွှေရောင်အမည်ကတ်ပြားကို ယူကာ စစ်ဆေးကြည့်လိုက်သည်။ ၎င်းမှာ မိကျောင်းလိပ် ပုံသဏ္ဌာန်ရှိသော လက်ဝါးခန့် ဒိုင်းတစ်ခု ဖြစ်သည်။ ဒိုင်း၏အရှေ့ဘက်တွင် ဓားပုံစံများ ရှိပြီး အနောက်ဘက်တွင်မူ ကျန်းဟန်၏အမည်၊ စိန်ခေါ်မှုစည်းမျဉ်းများ၊ အနိုင်ယူခဲ့သော လူဦးရေနှင့် ဤမှောင်ခိုဈေးကွက်၏ တံဆိပ်တို့ ပါရှိသည်။
“ကျေးဇူးတင်ပါတယ်။”
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်သည်။ သူ၏ အကြည့်မှာ ဖျော်ဖြေရေးကွင်း၏ အစွန်းရှိ တိုက်ပွဲဆုလာဘ်များဆီသို့ ရောက်ရှိသွားခဲ့သည်။ သူ့အတွက်တော့ ဤတံဆိပ်မှာ မရှိမဖြစ် လိုအပ်သောအရာမဟုတ်ဘဲ ငွေကြေးကသာ သူ၏ တစ်ခုတည်းသော ရည်မှန်းချက်ဖြစ်သည်။
“ဒီဆုကြေးတွေကလည်း သဘာဝအတိုင်း မင်းအပိုင်ပါပဲ။ ဖျော်ဖြေရေးကွင်း အောင်ပွဲခံဆုကြေးတွေ အပါအဝင်ဆိုရင် စုစုပေါင်း ၁.၅ သန်းခန့် ရှိပါတယ်။ မင်းအနေနဲ့ ဒီပစ္စည်းတွေကိုပဲ ယူမလား။ ဒါမှမဟုတ် မင်းအတွက် မိုးကြိုးဝိညာဉ်ပုံဆောင်ခဲတွေနဲ့ လဲလှယ်ပေးရမလား “
ဖုန်းချီက ပြုံးကာ ထပ်ပြောလိုက်သည်။
“ဒါဆို ကျေးဇူးတင်ပါတယ်။ ကျုပ်အတွက် မိုးကြိုးဝိညာဉ်သလင်းကျောက်တွေနဲ့ပဲ လဲပေးပါ။ ဘယ်လောက် ရနိုင်မလဲ။”
“မင်းက ငါတို့ရဲ့ VIP ဖြစ်တဲ့အတွက် သဘာဝအတိုင်း ဈေးကွက်ပေါက်ဈေးအတိုင်း လဲလှယ်ပေးမှာပါ။ အဆင့် ၃ မိုးကြိုးဝိညာဉ်ပုံဆောင်ခဲ ၃၀၀ ဆိုရင်ရော ဘယ်လိုလဲ။”
“ပြဿနာမရှိပါဘူး။ ကျေးဇူးတင်ပါတယ်။”
ကျန်းဟန်က ခေါင်းညိတ်လိုက်သည်။ အဆင့် ၃ မိုးကြိုးဝိညာဉ်ပုံဆောင်ခဲ တစ်တုံး၏ ဈေးကွက်ပေါက်ဈေးမှာ တစ်တုံးလျှင် ယွမ် ၅၀၀၀ ဖြစ်သည်။
“တကယ်တော့ ဒီစည်းစိမ်ဥစ္စာတွေနဲ့ ယှဉ်ရင် မင်းအနေနဲ့ ဒီသံမဏိသွေးတံဆိပ်ကို ပိုပြီး ဂရုစိုက်သင့်တယ်။ ဘာလို့လဲဆိုတော့ ဒါက မှောင်ခိုဈေးကွက်တိုင်းမှာ အသုံးဝင်လို့ပဲ။ ဒါရှိရင် မင်းဟာ မှောင်ခိုဈေးကွက်ထဲ ဝင်တဲ့အခါတိုင်း VIP ဖြစ်မှာဖြစ်ပြီး မှောင်ခိုဈေးကွက်အားလုံး ပူးပေါင်းပြီး နှစ်စဉ်ကျင်းပတဲ့ သံမဏိသွေးပြိုင်ပွဲမှာ ပါဝင်ဖို့အတွက်လည်း အသုံးပြုနိုင်တယ်။”
ကျန်းဟန်က တံဆိပ်အပေါ် စိတ်မဝင်စားဟန် ပြနေသည်ကို မြင်သောအခါ ဖုန်းချီက ရှင်းပြလိုက်သည်။
“သံမဏိသွေးရောင် ပြိုင်ပွဲလား။”
ကျန်းဟန် အနည်းငယ် ဝေခွဲမရဖြစ်သွား၏။ သူ ဤအကြောင်းကို မသိခဲ့ပေ။
“ဟုတ်တယ်။ သံမဏိသွေးပြိုင်ပွဲကို နှစ်စဉ် နွေဦးပွဲတော်အပြီးမှာ ပစိဖိတ်သမုဒ္ဒရာထဲက သံမဏိသွေး မှောင်ခိုဈေးကွက်မှာ ကျင်းပတယ်။ အနိုင်ရသူက သံမဏိသွေး မှောင်ခိုဈေးကွက်ရဲ့ အမြဲတမ်း VIP ဖြစ်လာနိုင်ရုံတင်မကဘဲ သူတို့ရဲ့ စိတ်စွမ်းအင် ကျင့်ကြံမှုကို မြန်ဆန်စေဖို့ သံမဏိသွေး အနှစ်သာရရေကန်ကိုလည်း အသုံးပြုခွင့်ရလိမ့်မယ်။ ပြီးတော့ သံမဏိသွေး မှောင်ခိုဈေးကွက်ကနေ သူတို့အလိုရှိတဲ့ ပစ္စည်းတစ်ခုကို အခမဲ့ ရှာဖွေပေးတာမျိုးလည်း ခံစားခွင့်ရဦးမယ်။ ပြီးတော့ ဒီသံမဏိသွေးတံဆိပ်က အဲဒီပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ တစ်ခုတည်းသော သက်သေအထောက်အထားပဲ။”
ဖုန်းချီက ရှင်းပြလိုက်သည်။ မှောင်ခိုဈေးကွက်သည် အမှန်စင်စစ် နှစ်ပေါင်းတစ်ရာကျော်ကတည်းက တည်ရှိခဲ့ခြင်း ဖြစ်သည်။ အထူးသဖြင့် ထိုစဉ်က အခြေအနေများ ရှုပ်ထွေးပွေလီနေချိန်တွင် မှောင်ခိုဈေးကွက်များသည် ပို၍ပင် ဥပဒေမဲ့ လုပ်ဆောင်ခဲ့ကြပြီး စည်းစိမ်ဥစ္စာများ စုပုံရာနှင့် ခိုးရာပါပစ္စည်းများကို တရားမဝင် လဲလှယ်ရောင်းချရာ နေရာကြီးများ ဖြစ်ခဲ့သည်ဟု ဆိုနိုင်သည်။ သံမဏိသွေး မှောင်ခိုဈေးကွက်မှာ သားရဲထိန်းချုပ်သူခေတ်၏ ပထမဆုံးနှင့် အကြီးမားဆုံး မှောင်ခိုဈေးကွက် ဖြစ်ခဲ့သည်။
ကမ္ဘာ့အစီအစဉ်တကျဖြစ်မှုမှာ တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာပြီး မှောင်ခိုဈေးကွက် အများစုမှာ မြေအောက်သို့ ရောက်ရှိသွားခဲ့သော်လည်း သံမဏိသွေး မှောင်ခိုဈေးကွက်မှာမူ မည်သည့်နိုင်ငံ သို့မဟုတ် သားရဲထိန်းချုပ်ခြင်းမဟာမိတ်အဖွဲ့၏ စီရင်ပိုင်ခွင့်အောက်သို့မျှ မကျရောက်သွားခဲ့ဘဲ ပစိဖိတ်သမုဒ္ဒရာပေါ်တွင် လွတ်လပ်စွာ ဆက်လက်တည်ရှိနေဆဲ ဖြစ်သည်။
ဤသို့ဖြစ်ရခြင်း၏ အကြီးမားဆုံးအကြောင်းရင်းမှာ သံမဏိသွေး မှောင်ခိုဈေးကွက် တည်ရှိရာကျွန်းသည် သက်ရှိ သံမဏိသွေး မိကျောင်းလိပ်ကြီးတစ်ကောင် ဖြစ်နေသောကြောင့်ပင်။ ထို သံမဏိသွေး မိကျောင်းလိပ်မှာ ဝိညာဉ်စွမ်းအားများ ပြန်လည်နိုးထလာပြီး သားရဲထိန်းချုပ်သူခေတ် စတင်ရောက်ရှိခါစကတည်းက ဗီဇပြောင်းလဲမှု ဖြစ်ပေါ်ခဲ့သည့် သတ္တဝါကြီး ဖြစ်သည်။
“နားလည်ပါပြီ။ ဒါဆိုရင်တော့ ကျုပ် ဒါကို သေသေချာချာ သိမ်းထားရမှာပဲ။”
ကျန်းဟန်က တံဆိပ်ကို သိမ်းဆည်းလိုက်သည်။ ၎င်းမှာ သူ လုံးဝမသိခဲ့သည့် အချက်အလက်တစ်ခု ဖြစ်သည်။ ထို့နောက် သူက ပြုံးလိုက်၏။
“ခင်ဗျားတို့ ကျုပ်ကို လာပြီးစုဆောင်းတာက ဒီသံမဏိသွေး မှောင်ခိုဈေးကွက်ကြောင့်ပဲ ဟုတ်တယ်မလား။”
“မင်း သိနေတယ်လို့ ငါ ထင်ထားတာ။ ဒါက တကယ်ကို ရည်မှန်းချက်တွေထဲက တစ်ခုပဲ။ အင်အားစုအများအပြားက သံမဏိသွေး မှောင်ခိုဈေးကွက်ကို စိတ်ဝင်စားကြတယ်။ ဘာလို့လဲဆိုတော့ အဲဒီမှာ လျှို့ဝှက်ချက်တွေ အများကြီးရှိနေလို့ပဲ။”
ဖုန်းချီက ကျန်းဟန်ကို အံ့ဩတုန်လှုပ်စွာ ကြည့်လိုက်မိသည်။ ကျန်းဟန်သည် ဤတံဆိပ်ကို ရည်ရွယ်ပြီး လာခဲ့ခြင်းဟု သူ ထင်မှတ်ထားခဲ့သော်လည်း ဒီကောင်လေးက တကယ်တမ်း ပိုက်ဆံရဖို့သက်သက်အတွက်သာ လာခဲ့ခြင်း ဖြစ်နေသည်ကို မည်သူ သိနိုင်မည်နည်း။
“ငါ့ရဲ့ ရိုးသားမှုကို ထောက်ထားပြီး မင်း လင်းမိသားစုရဲ့ တောင်းဆိုမှုကို လက်ခံဖို့ ဆန္ဒရှိရဲ့လား။ မင်းသာ သဘောတူမယ်ဆိုရင် ငါ့ရဲ့ရာထူးကို မင်းကိုလွှဲပေးပြီး ဒီဖျော်ဖြေရေးကွင်းရဲ့ မန်နေဂျာအသစ် ဖြစ်လာစေဖို့ ငါတို့ ပြင်ဆင်ထားတယ်။ အခုကစပြီး မင်းအနေနဲ့ အရင်းအမြစ်တွေနဲ့ ငွေကြေးအတွက် စိတ်ပူစရာ လိုတော့မှာမဟုတ်ဘူး။ ဒါတင်မကသေးဘူး။ မင်းကို လူ့အဖွဲ့အစည်းက အလိုရှိနေတာမျိုးရှိရင်လည်း ငါတို့က ကြားဝင်ပြီး ဖြေရှင်းပေးနိုင်ပါတယ်။”
ဖန်းချီသည် စကားပြောရင်း ရယ်မောလျက် ဆွဲဆောင်မှုရှိသော ငါးစာတစ်ခုကို ပစ်ချလိုက်သည်။
ယင်းက ကျန်းဟန်ကို အနည်းငယ် စိတ်လှုပ်ရှားသွားစေခဲ့သည်။ လင်းမိသားစုက သူ့ကို သိမ်းသွင်းဖို့အတွက် အမှန်တကယ် အစွမ်းကုန် ကြိုးစားနေခြင်းပင်။ သူတို့အနေဖြင့် သူ၏ သံမဏိသွေးတံဆိပ်ကို အလွန်အမင်း လိုအပ်နေပုံရသည်။
“လင်းဝေယွဲ့က မင်းတို့ လန်းမိသားစုကလား။”
ကျန်းဟန်က ထပ်မံမေးမြန်းလိုက်သည်။
“ဟုတ်တယ်။ သူက ငါတို့ လင်းမိသားစုရဲ့ အခုမျိုးဆက် ထိပ်တန်းပုဂ္ဂိုလ်တွေထဲက တစ်ယောက်ပဲ။ မစ္စတာ သွေးစုန်း... မင်း သူ့ကို သဘောကျနေတာတော့ မဟုတ်ပါဘူးနော်။ အဲဒါဆိုရင်တော့ လိုက်ရတာ နည်းနည်းခက်လိမ့်မယ်။”
ထိုစကားကို ကြားသောအခါ ဖုန်းချီသည် ကျန်းဟန် ဘာတွေးနေသည်ကို အပြည့်အဝ နားမလည်နိုင်တော့ပေ။ အကယ်၍ ကျန်းဟန်သာ လင်းဝေယွဲ့ကို စိတ်ဝင်စားနေခြင်း ဖြစ်ပါက သူသည် အနာဂတ်တွင် အနည်းဆုံး အဆင့် ၅ ဘွဲ့ရ သားရဲထိန်းချုပ်သူ ဖြစ်မလာသရွေ့ ယင်းက မဖြစ်နိုင်သလောက်ပင်။
သန်မာသူတစ်ယောက်ကို သိမ်းသွင်းရန်အတွက် မိသားစုမှ အမျိုးသမီးအဖွဲ့ဝင်တစ်ဦးကို စနစ်တကျ စွန့်လွှတ်ရခြင်းမှာ ထိုက်တန်သော်လည်း လက်ရှိ ကျန်းဟန်မှာမူ ထိုမျှအထိ အဆင့်မမှီသေးပေ။ သူ၏ တစ်ခုတည်းသော တန်ဖိုးမှာ သံမဏိသွေး ပြိုင်ပွဲတွင် ပါဝင်ခွင့်ရခြင်းသာ ဖြစ်သည်။
“ခင်ဗျား အတွေးလွန်နေပြီ။ ကျုပ်က မေးကြည့်ရုံသက်သက်ပဲ။ လင်းမိသားစုအကြောင်းလည်း ကျုပ် ဘာမှမသိဘူး။”
ကျန်းဟန်က လက်ခါပြလိုက်သည်။
“ခင်ဗျားကမ်းလှမ်းတဲ့ အခြေအနေတွေက တကယ်ကို ဆွဲဆောင်မှုရှိပါတယ်။ ကျုပ်လည်း သေသေချာချာ စဉ်းစားကြည့်ပါ့မယ်။ ဒါပေမဲ့ အခု ကျုပ် အပြင်းအထန် ဒဏ်ရာရထားလို့ အရင်ဆုံး အနားယူဖို့ လိုအပ်နေတယ်။”
ကျန်းဟန်၏ စကားကို ကြားသောအခါ ဖုန်းချီ၏ မျက်နှာအမူအရာမှာ အနည်းငယ် အေးစက်သွားခဲ့သည်။
“အနားယူဖို့နဲ့ ကုသမှုခံယူဖို့အတွက်ဆိုရင်တော့ မင်းသာ သဘောတူမယ်ဆိုရင် ငါတို့ အခုချက်ချင်း ကျွမ်းကျင်သူတွေ စီစဉ်ပေးနိုင်တယ်။”
ဖုန်းချီက ထပ်ပြောလိုက်သည်။
“ကျုက် ရသင့်ရထိုက်တဲ့ ဆုကြေးတွေကို အရင်ဆုံး ယူချင်တယ်။”
ကျန်းဟန်က ခေါင်းခါလိုက်ဆဲပင်။
“ကျုပ် စဉ်းစားမယ်လို့ ပြောပြီးပြီပဲ။ ဒါကြောင့် ကျုပ် သေသေချာချာ စဉ်းစားပေးမယ်။”
“မစ္စတာ သွေးစုန်း... တချို့အချိန်တွေမှာ ဈေးကောင်းရဖို့ အချိန်ဆွဲနေခြင်းရဲ့ ရလဒ်က ဘာမှမရဘဲ လက်ဗလာနဲ့ ပြီးဆုံးသွားတာမျိုး ဖြစ်တတ်တယ်။ အကျိုးဆက်ကလည်း ကောင်းမှာမဟုတ်ဘူး။”
ဤစကားမှာ ခြိမ်းခြောက်မှုတစ်ခု ဖြစ်နေပြီဖြစ်သည်။
“ဒါဆိုရင် ကျုပ် သဘောမတူရင် ကျုပ်ရဲ့ ဆုကြေးတွေကိုတောင် ရမှာမဟုတ်ဘူးလို့ ဆိုလိုတာလား။”
ကျန်းဟန်က နှာခေါင်းရှုံ့လိုက်ပြီး တင်းမာသော လေသံဖြင့် ပြန်ပြောလိုက်သည်။
“အဲဒီလိုဆိုရင်တော့ ကျုပ် အခြားသူတစ်ယောက်ကိုပဲ ရှာရတော့မှာပေါ့။ ဒီဖျော်ဖြေရေးကွင်းက ခင်ဗျားတို့ လင်းမိသားစု တစ်စုတည်း ပိုင်တာမှ မဟုတ်တာ။”
“အထင်မလွဲပါနဲ့။ ဆုကြေးတွေကို ဒီကို ချက်ချင်း ယူလာပေးပါ့မယ်။ ငါ ဒီလိုပြောရတာက မင်း ကိုယ့်ကိုယ်ကိုယ် ဖျက်ဆီးမယ့်လမ်းကို မရွေးမိဖို့ မျှော်လင့်လို့ပါ။ ချူးမိသားစုပဲဖြစ်ဖြစ်၊ ဟန်မိသားစုပဲဖြစ်ဖြစ် ဘယ်သူကမှ မင်းကို ဒီလောက်အထိ လွတ်လပ်ခွင့် ပေးမှာမဟုတ်ဘူး။ ဒါတင်မကသေးဘူး။ နောက်ဆုံးမှာ သံမဏိသွေး မှောင်ခိုဈေးကွက်ကို သွားဖို့အတွက် မင်း ငါတို့ရဲ့ အကူအညီကို လိုအပ်လိမ့်မယ်။ မင်းတစ်ယောက်တည်းနဲ့ အဲဒီကို ဘယ်လိုမှ ရောက်နိုင်မှာမဟုတ်ဘူး။”
ဖုန်းချီ၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြန်လည်ပြေလျော့သွားခဲ့သည်။
ကျန်းဟန်က ခေါင်းညိတ်ပြလိုက်ပြီး သူ သေသေချာချာ စဉ်းစားမည်ဖြစ်ကြောင်း ထပ်မံပြသလိုက်၏။
“ငါတို့ လင်းမိသားစုက မင်းအပေါ် ဘယ်လောက်အထိ ကောင်းလဲဆိုတာ မကြာခင် မင်း သိလာရမှာပါ။”
ဖုန်းချီက ကျန်းဟန်ထံသို့ အဆင့် ၃ မိုးကြိုးဝိညာဉ်ပုံဆောင်ခဲ ၃၀၀ ကို ကမ်းပေးလိုက်သည်။ ကျန်းဟန်အနေဖြင့် သူတို့လင်းမိသားစု၏ အခြေအနေများ မည်မျှအထိ အခွင့်ထူးခံရသည်ကို နှိုင်းယှဉ်ကြည့်ပြီး သိရှိနားလည်ရရန် သူ မျှော်လင့်နေမိသည်။
ကျန်းဟန်သည် သေတ္တာကိုယူပြီး ထိုနေရာတွင်ပင် ဖွင့်ကြည့်လိုက်၏။ အထဲတွင် သေသပ်စွာ စီရီထားသော ခရမ်းရောင် ခြောက်ထောင့်ပုံသဏ္ဌာန် ပုံဆောင်ခဲ ၃၀၀ ရှိပြီး တစ်တုံးစီတွင် အကြမ်းဖျင်းအားဖြင့် အလေးချိန် အောင်စတစ်ဝက်ခန့် ရှိသည်။ ဝိညာဉ်စွမ်းအားပုံဆောင်ခဲများသည် ဤကဲ့သို့ ခြောက်ထောင့်ပုံသဏ္ဌာန်အဖြစ် နို့ခဲကဲ့သို့ အလိုအလျောက် ခဲသွားလေ့ရှိပြီး အရှေ့တည့်တည့်မှ ကြည့်လျှင် ဘန်ဇင်း၏ ဓာတုဗေဒပုံသေနည်းနှင့် အလွန်ဆင်တူသည်။
ပစ္စည်းများကို ရရှိပြီးနောက် ကျန်းဟန် ချက်ချင်း ထွက်ခွာရန် ပြင်ဆင်လိုက်သည်။
“ဒါက ငါတို့ လင်းမိသားစုရဲ့ ဖိတ်ခေါ်စာပါ။ မင်း သေသေချာချာ စဉ်းစားပြီးသွားရင် ဒီအပေါ်မှာရှိတဲ့ ဆက်သွယ်ရန်အချက်အလက်ကနေတစ်ဆင့် ငါ့ကို အချိန်မရွေး ဆက်သွယ်နိုင်ပါတယ်။ သုံးရက်အတွင်းမှာတော့ ငါ အခုကတိပေးခဲ့တဲ့ အခြေအနေတွေက ပြောင်းလဲသွားမှာမဟုတ်ဘူး။”
ဖုန်းချီတစ်ယောက် ကူကယ်ရာမဲ့နေဟန်ဖြင့် ပြောလိုက်ရတော့သည်။